Chapter 77
Viewers 4k

♎️Chapter 77



"ငါသိချင်နေတာလေ..."

 သူ စောင်၏ထောင့်စွန်းကိုကိုင်ကာပြောလိုက်လေ၏။


"မင်းဘယ်လိုလုပ် ငါ့ကိုချစ်မိသွားတာလဲလို့..."


သူအိုမီဂါဖြစ်သွားမှ သူ့ကိုသဘောကျသွားတာများလား...


ထိုမေးခွန်းကိုမူ ဖုယွမ်ကျိုးမမေးဖြစ်ခဲ့ပေ။ ရှဲ့လင်ပြောမည့်စကားကိုသာအရင်နားထောင်ချင်ခဲ့သည်။


တိတ်ဆိတ်မှုက ခဏကြာစိုးမိုးထားပြီးနောက် ရှဲ့လင်ကပြန်ပြောလာခဲ့၏။


 "လွန်ခဲ့တဲ့ဆယ်နှစ်ကပေါ့..."


လွန်ခဲ့သောဆယ်နှစ်....

ထိုစဥ်က သူတို့သည် ခုနစ်နှစ်၊ ရှစ်နှစ်ခန့်သာရှိကြဦးမည်။ ဘယ်လိုလုပ် ရှဲ့လင်ကသူ့အား ဤမျှအစောကြီး သဘောကျနေခဲ့ပါသနည်း။


ဖုယွမ်ကျိုးမှာ မှင်သက်သွားခဲ့၏။ အဖြေကသူမျှော်လင့်ထားသည်ထက် ပိုသာလွန်နေခဲ့သည်။ သူသိထားသလောက်ဆိုပါက ဒုတိယလိင်အမျိုးအစားကို အသက်ဆယ့်သုံးနှစ်ဆယ့်လေးနှစ်မှ ခွဲခြားကြသည်။ မဟုတ်လျှင် သူ့ခန္ဓာကိုယ်ကတစ်ခုခုမှားနေသည်ပင်ဖြစ်ရမည်။


"ငါတို့ဘယ်အချိန်က လိင်ခွဲထားတာလဲ..." 

သေချာမှုရှိအောင် ဖုယွမ်ကျိုးက နောက်ထပ်တစ်မျိုးပြောင်းမေးလိုက်၏။


"ကိုယ်တို့ တစ်နှစ်တည်းမှာပဲ အတူတူလိင်ခွဲခဲ့ကြတာလေ..ကိုယ်ကဆယ့်လေးနှစ်...မင်းကဆယ့်သုံးနှစ်ပေါ့..." 

ရှဲ့လင်က သူ့ဆံပင်လေးများကိုလှမ်းထိလာရင်း သူ့စိတ်အားဖောက်ထွင်းမြင်နေရသလိုပြောလာသည်။ 


"ကိုယ်မင်းကိုသဘောကျတာက လိင်နဲ့မဆိုင်ပါဘူး..."


ဖုယွမ်ကျိုး အနည်းငယ်ခန့်အရှက်ရသွားခဲ့သည် ရှဲ့လင်သည် ယခင်ကလည်းထိုစကားကိုပြောခဲ့ဖူး၏။ ရှဲ့လင် သူ့ကိုမလိမ်နိုင်မှန်းသိသော်လည်း အရင်ဘဝက သူတို့နှစ်ယောက်သည် သူငယ်ချင်းများသာဖြစ်ခဲ့ကြပြီး ထိုအချက်ကငြင်းစရာမရှိပေ။


သည်ဘဝတွင် ရှဲ့လင်သူ့အားသဘောကျသွားခဲ့လျှင်ပင် လိင်နဲ့ဆိုင်တော့မည်မဟုတ်သည့်တိုင် ABO လိင်ခွဲခြားမှုအပေါ်တွင် မူတည်နိုင်သေးသည်။ ယခုဘဝတွင် သူတို့သည် လိင်အမျိုးအစားကို အပြန်အလှန်ဖွင့်ဟထားကြ၏၊ ယခင်ဘဝကနှင့်မတူတော့သည့်အချက်မှာ သူတစ်ယောက်တည်းကသာပြန်လည်မွေးဖွားလာခြင်းဖြစ်လေသည်။


ဒါကြောင့် ရှဲ့လင်ကသူ့ကိုကြိုက်တာလား။ဖုယွမ်ကျိုးက ထိုသို့မေးမိပြီး တူညီသည့်မေးခွန်းအမျိုးအစားကိုသာထပ်မေးလိုက်မိပြန်သည်။ 


"မင်းကိုပုံမှန်အတိုင်းပဲချစ်မိသွားတာပါ..."

 ရှဲ့လင်ကလည်း ထိုအတိုင်းပြန်ဖြေလာခဲ့သည်။


ဖုယွမ်ကျိုးမျက်နှာလေးသည်ကား ရှဲ့လင်၏ရေခဲပမာ အေးစက်စက်မျက်နှာနှင့်မတူဘဲ ရှက်လွန်း၍နီရဲသွားရသည်။ ထိုသူသည် အချစ်အကြောင်းပြောရာတွင် မည်သူ့ကိုမှမရှုံးခဲ့ဖူးသော်လည်း သူ့အသံကသာမန်ကိစ္စတစ်ရပ်ကိုပြောနေသလို တည်ငြိမ်နေလေ၏။


ရှဲ့လင်: "ကိုယ်မင်းနဲ့အတူရှိနေရတာကို အသားကျနေပြီ...မွေးကတည်းကကိုယ်တို့တွေမခွဲခဲ့ဖူးဘူးလေ...လွန်ခဲ့တဲ့ဆယ်နှစ် နွေရာသီအားလပ်ရက်အထိပေါ့...အဲဒီတုန်းကမင်းကိုယ့်ကိုတစ်လလောက်ပစ်ထားခဲ့တာ...အဲဒီတစ်ချိန်ကပဲ မင်းကိုယ့်ကိုပထမဆုံးအနေနဲ့ အကြာကြီးထားရစ်ခဲ့တာလေ..."


လွန်ခဲ့သောဆယ်နှစ် နွေရာသီအားလပ်ရက်အကြောင်းပြောမှ ဖုယွမ်ကျိုးပြန်မှတ်မိသွားခဲ့သည်။ ထိုနွေရာသီအားလပ်ရက်က သူ့အတွက် အင်မတန်နက်ရှိုင်းသည့်အမှတ်တရတစ်ခုကို ဖန်တီးပေးခဲ့၏။ သူနှင့်ရှဲ့လင်တို့မှာ တစ်လခန့်ကွဲကွာခဲ့ရပြီး နှစ်ယောက်လုံးကောလိပ်မတက်ခင်အထိ အချိန်အကြာဆုံးခွဲခွာမှုလည်းဖြစ်ခဲ့သည်။


လွန်ခဲ့သည့်ဆယ်နှစ် နွေရာသီအချိန်က သူ့အဘိုးဖြစ်သူမှာ အတော်လေးနေမကောင်းဖြစ်ခဲ့၏။ မာမားဖုကသူ့အား သူမမိဘအိမ်ကိုခေါ်သွားခဲ့သောကြောင့် ထိုသူနှင့်နောက်ဆုံးအချိန်ကုန်ခဲ့ရလေသည်။


အဘိုးက အသေအချာကုသလျှင်ပင် အပြည့်အဝပြန်ကောင်းလာမည်မဟုတ်တော့ကြောင်း ဆေးရုံကပြောထားခဲ့သောကြောင့် ၎င်းကိုအိမ်တွင်သာအနားယူစေခဲ့သည်။ ထိုအချိန်က အဘိုးသည်အခြားနေရာတွင်နေထိုင်ဆဲဖြစ်လေရာ လက်ရှိအိမ်နှင့်ဝေးနေခဲ့သည်။ မာမားဖုကဂရုစိုက်ပေးနေပြီး လဝက်အကြာတွင်ပင် အဘိုးဖြစ်သူကဆုံးပါးသွားခဲ့ပြီး နောက်ပိုင်းကိစ္စများကို သူ့အဖေကစီစဥ်ပေးခဲ့သည်။ မိတ်ဆွေအရင်းအချာများကလည်းရောက်လာကြကာ အဘွားဖြစ်သူကိုကူညီပြီးနှစ်သိမ့်ပေးခဲ့ကြသည်၊ ထို့နောက် အဘွားကိုအိမ်ပြန်မပို့ပေးခင် ဈာပနကိစ္စတို့ကိုတပါတည်းစီစဥ်ပေးခဲ့ကြ၏။


ထိုအချိန်က ဖုယွမ်ကျိုးသည် ငယ်ရွယ်သေးလင့်ကစား သေခြင်းနှင့်ရှင်ခြင်းကို အတန်သင့်နားလည်နေခဲ့ပြီ။ သူ့အဘိုးကသူ့အား အလွန်ချစ်ခဲ့ပြီး ၎င်းသေဆုံးသွားသည့်အခါ ဖုယွမ်ကျိုးကိုအလွန်တရာစိတ်ထိခိုက်စေခဲ့၏။ သို့ထိတိုင် သူ့အမေရှေ့တွင်မငိုချင်သောကြောင့် ညတိုင်းအိပ်ရာထဲတွင် ခေါင်းအုံးအောက်သို့ဝင်ကာကျိတ်ငိုခဲ့ရ၏။ တစ်နေ့တွင် သူလုံးဝစိတ်မထိန်းထားနိုင်တော့၍ ရှဲ့လင်ထံဖုန်းခေါ်ခဲ့လေသည်။


"အဘွားအိမ်က ရွာထဲမှာ..တိုင်ကလည်းမမိဘူး...ငါ့မှာမင်းကိုဖုန်းခေါ်ဖို့အပြင်ထွက်ရသေးတယ်...".


ဖုယွမ်ကျိုးသည် အတိတ်ကိုပြန်သတိရသွားခဲ့၏။ လွန်ခဲ့သည့်ဆယ်နှစ်က သူတို့သည် ကလေးအရွယ်သာရှိကြသေးသော်လည်း ဖုန်းကိုင်နေကြပြီ။ သူသည်ဖုန်းထဲမှရှဲ့လင်ကို ငိုယိုရင်းပြောနေခဲ့၏၊ ငြိမ်သက်နေသည်မှာ သူ့အသံကိုပင်မကြားရသည်အထိ။ သို့သော်လည်း ရှဲ့လင်ကသူ့အားနှစ်သိမ့်ပေးနေခဲ့သည်။ သူပြောသည့်စကားတို့ကိုနားလည်ပြီး နားထောင်ပေးနေခဲ့သည်။


"အဲဒါကြောင့် မင်းနောက်နေ့ကျတော့ ငါ့ဆီရောက်လာတာပေါ့..." 

သူရှဲ့လင်ကိုလှည့်ကြည့်လိုက်သည်။ 


"မင်းဟာမင်းရထားစီးပြီးရောက်လာတယ်...ဘယ်သူ့ကိုမှလည်းပြောမလာခဲ့ဘူး..မင်းခိုးကြောင်ခိုးဝှက်နဲ့လာတော့...မင်းအဖေနဲ့အမေကစိတ်ဆိုးကြရောလေ...မင်းတစ်ပတ်လောက်အိမ်ထဲမှာအပိတ်ခံလိုက်ရတာ.."


ရှဲ့လင်သည်ငယ်စဥ်တည်းက အမြဲ "အခြားကလေးများ" ထက် စံနှုန်းသတ်မှတ်ချက်ဖြင့်ကြီးပြင်းလာခဲ့ရသည်။ သူလုပ်ဆောင်ခဲ့သည့်အရာတိုင်းက ဖြစ်​မြောက်ရသည်သာ။ သူကအသက်ရှစ်နှစ်သာရှိသေးသော်လည်း မြို့ထဲမှတစ်ယောက်တည်းထွက်လာရဲသည်။၎င်းကအန္တရာယ်များလွန်းပြီး ဖုယွမ်ကျိုးပင်ပြန်တွေးတိုင်း ကျောချမ်းနေရဆဲပင်။


ထိုအချိန်တည်းက ဖုယွမ်ကျိုးသည် ရှဲ့လင်ကသူ့အားဘယ်သောအခါမှ ထားရစ်ခဲ့မည်မဟုတ်ဟုယူဆပြီး ထိုသူကိုမှီခိုလာခဲ့သည်။ သို့ဖြစ်၍ ယခင်ဘဝက ရှဲ့လင်နှင့်သူလမ်းခွဲခဲ့ရသည့်အခါ သူအင်မတန်ကြောက်ရွံ့နေခဲ့၏။ သူ့ကိုရှဲ့လင်ကမလိုချင်တော့သည့်နေ့မျိုးရောက်လာမည်ဟု မထင်ထားခဲ့သည့်အပြင် သူ့ဘက်မှ ရှဲ့လင်အသည်းနှလုံးကိုလည်းခွဲပစ်ခဲ့သေး၏။


ထိုအကြောင်းတွေးကြည့်လိုက်သည့်အခါ ဖုယွမ်ကျိုးမှာ မဆိုသလောက်လေးစိတ်ဓာတ်ကျသွားခဲ့သည်၊ ၎င်းကရှဲ့လင်အမှားမဟုတ်ဘဲ သူ့အမှားသာ။ ရှဲ့လင်အားဆုံးရှုံးလိုက်ရသည့်အကြောင်းအရင်းကိုသူကိုယ်တိုင်သာသိခဲ့၏။


ရှဲ့လင်: "မင်းဖုန်းထဲမှာ တော်တော်ငိုနေခဲ့တာ..ကိုယ်ကဘယ်လိုလုပ်စိတ်ချနိုင်ပါ့မလဲ..."


လက်တွေ့ဘဝတွင်လည်း အိမ်ပြန်မလာခင်တည်းက မာမားဖုက အဘိုးဖြစ်သူ၏အခြေအနေကို ဖုယွမ်ကျိုးအားပြောပြခဲ့သည်။ သူလည်း အဘိုးကဤမျှနေမကောင်းဖြစ်နေလိမ့်မည်ဟုမထင်ထားခဲ့ပေ။ ရွာကိုသွားသည့်အခါ ကစားနိုင်ရန် သူသည် ရှဲ့လင်ကိုအတူခေါ်သွားချင်ခဲ့သော်လည်း ရှဲ့လင်က နွေရာသီကျောင်းပိတ်ရက်အတွင်း သင်တန်းအများအပြားတက်နေရသောကြောင့် မလိုက်နိုင်ခဲ့ပေ။ ရက်နည်းနည်းကြာလျှင်ပြန်လာနိုင်လိမ့်မည်ဟုတွေးထားခဲ့သည့်တိုင် မမျှော်လင့်ဘဲ တစ်လခန့်နေခဲ့ရလေသည်။


သို့တစေ လဝက်အကြာ၌ သူလုံးဝသည်းမခံနိုင်တော့သောကြောင့် ငိုယိုပြီးရှဲ့လင်ကိုဖုန်းခေါ်ခဲ့သည်။ ရှဲ့လင်က အားလုံးကိုထားရစ်ခဲ့ပြီးသူ့ထံရောက်လာခဲ့၏။


တောရွာလေးက အင်မတန်ဝေးလံသည့်နေရာတွင်ရှိနေခဲ့သည်။ ရှဲ့လင်က ဘူတာကိုရောက်လာပြီဖြစ်ကြောင်းပြောလာသည့်အခါ သူလုံးဝမယုံနိုင်ခဲ့ပေ။ ရှဲ့လင် သည်နေရာကိုတစ်ယောက်တည်းရောက်လာသည့်ပုံစံလေးအား သူပုံဖော်၍မရနိုင်အောင်ဖြစ်ခဲ့သည်။


ထိုအချိန်ကဖြစ်ခဲ့သမျှတို့ကိုပြန်တွေးကြည့်လိုက်တိုင်း ဖုယွမ်ကျိုးမှာ ရင်ဖိုပြီးစိတ်လှုပ်ရှားရဆဲ။ သို့သော် မထင်မှတ်ဘဲစကားလမ်းကြောင်း လွဲသွားသည်ကိုသူရုတ်တရက်သတိထားမိလိုက်သည်။ သူ့ကို ရှဲ့လင်ကဘာလို့သဘောကျရတာလဲ။ ပုံမှန်ဆိုရင် သဘောကျရမှာကသူပဲမဟုတ်လား။ဘာလို့ပြောင်းပြန်ဖြစ်နေတာလဲ။


သူ၏စိတ်ရှုပ်ထွေးနေသည့်မျက်နှာကို ရှဲ့လင်ကမမြင်သေးဘဲဆက်ပြောနေလေသည်။ 

"ကိုယ်မင်းဆီကိုလာခဲ့တယ်..ပြီးတော့ မင်းကလည်းကိုယ့်ဆီလာခဲ့တယ်...မင်းအိမ်ကနေဘူတာအထိပြေးလာတယ်..ဗွက်အိုင်ထဲလဲလာတယ်..ဒူးလည်းပြဲသွားတယ်..ဖိနပ်တစ်ဖက်တောင်ပျောက်သွားသေးတယ်..ဒါလည်းမင်းရောက်လာတာပဲလေ..."


"အဲဒီတုန်းက တော်တော်လေးရှက်စရာကောင်းခဲ့တာ..." 

ဖုယွမ်ကျိုး ရှက်သွားခဲ့လေ၏။ 


"ငါကမင်းလမ်းရှာမတွေ့မှာကိုပဲစိုးရိမ်တာ...အဲဒီတုန်းက GPS တွေကကောင်းသေးတာမဟုတ်ဘူးလေ...ပြီးတော့ မြေပုံလည်းရှိတာမဟုတ်ဘူး...အမေနဲ့တခြားလူတွေကလည်းအလုပ်ရှုပ်နေကြတာ...ဒီတော့ ငါပဲမင်းကိုလာခေါ်ရတော့တာပေါ့..."


ရှဲ့လင် တဘက်ကို မ လိုက်သည့်အခါ ဖုယွမ်ကျိုး၏ခြေတံအစုံကပေါ်လာခဲ့သည်။ ဖုယွမ်ကျိုးခြေထောက်တို့က ရှည်ပြီးဖြူဖွေးသည့်တိုင် အနီးကပ်ကြည့်မည်ဆိုလျှင် ဒူးခေါင်းမှ အနာရွတ်ကိုမြင်ရနိုင်၏။ ၎င်းသည်ကား ရှဲ့လင်ကိုသွားခေါ်စဥ်က ရခဲ့သည့်ဒဏ်ရာပင်။


ရှဲ့လင်ကမျက်လွှာချပြီး သူ့ဒူးခေါင်းမှဒဏ်ရာလေးကို အားမပါစွာဖိကြည့်နေသည်။ ဖုယွမ်ကျိုးမှာ မသိမသာတုန်ယင်သွားရကာ ခြေထောက်တို့ကိုပြန်ကျုံ့လိုက်ပြီး ခပ်တည်တည်​ပြောလိုက်လေ၏။ 


"အဲဒီတုန်းက ငါဘယ်လောက်သနားစရာကောင်းနေလဲဆိုတာ မင်းမှတ်မိသေးလား..အဲဒီပုံစံကိုမြင်ပြီးချစ်မိသွားတာလို့တော့မပြောနဲ့နော်.."


"အင်း..."


သို့တစေ ရှဲ့လင်ကမူ တကယ်ကြီး ပြန်ဖြေခဲ့သည်။


ဖုယွမ်ကျိုးမှာ ပါးစပ်အဟောင်းသား။


 "တကယ်ကြီးလား...မင်း..."


"မင်းကရုပ်ဆိုးနေတာလေ..." 

ရှဲ့လင်က သူ့မျက်လုံးတို့ကိုစေ့စေ့ကြည့်လာခဲ့သည်။ 

"မင်းခန္ဓာကိုယ်က ရွှံ့တွေရောသွေးတွေပါပေနေတာ..ကိုယ့်ကိုလည်းတွေ့ရော ချက်ချင်းပြုံးပြလာပြီး ခဏနေတော့ ငိုတော့တာပဲ...ကိုယ်လည်းမင်းကိုဖက်ထားပေးချင်ပါတယ်..ဒါပေမဲ့မင်းက ရွှံ့တွေမပေစေချင်ဘူးဆိုပြီးတွန်းထုတ်နေခဲ့တာ..."


ဖုယွမ်ကျိုးက အသေးစိတ်မမှတ်မိတော့သော်လည်း တကယ်ကိုရုပ်ဆိုးပြီး သနားစရာကောင်းနေခဲ့သည်မှာအသေအချာပင်။ ရှဲ့လင်အကြိုက်ကဒီလိုကြီးတဲ့လား။


ရှဲ့လင်: "အဲဒီတော့မှ မင်းကကိုယ်မပါဘဲမလုပ်နိုင်ဘူးဆိုတာကို နားလည်သွားတာပဲ...မင်းကကိုယ်မရှိလို့မရဘူးလေ..."


ယင်းကို သူမငြင်းနိုင်ပေ။ ဒီလိုဆိုရင်တောင် ရှဲ့လင်သူ့ကိုကြိုက်တာနဲ့ဘာဆိုင်လို့လဲ။


ရှဲ့လင်က ဖြည်းဖြည်းချင်းပြောလာပြန်၏။ 


"ပြီးတော့ ကိုယ်လည်းမင်းမရှိဘဲ မနေနိုင်တော့ဘူးဆိုတာသိသွားခဲ့တယ်..."


ဖုယွမ်ကျိုး သူ့အားထားရစ်ခဲ့သည့်လကနေ့ရက်များမှာ အရှည်ကြာဆုံးဖြစ်ခဲ့ပုံရသည်။


ဤအချိန်လေးတွင်တော့  ဖုယွမ်ကျိုးအသံကိုဖုန်းထဲမှကြားရသော်လည်း သူ့အတွက်မလုံလောက်သေးပေ။ သူ့အတွက် ထိုအသံလေးနှင့်မရောင့်ရဲနိုင်ဘဲ ဖုယွမ်ကျိုးကိုလူကိုယ်တိုင်တွေ့ချင်နေမိသည်။


သူသည်ကား ပီယာနိုသင်တန်းတွင်လည်း စိတ်မငြိမ်သောကြောင့် အလွဲလွဲအချော်ချော်ဖြစ်ခဲ့ရ၏။ ဆရာကဒေါသထွက်နေခဲ့ပြီး သူ့အတွေးတို့ကိုမေးမြန်းနေခဲ့သည်၊ သူဘာများတွေးနိုင်မည်နည်း။ ဖုယွမ်ကျိုးအကြောင်းမှလွဲပြီး အခြားတွေးစရာမရှိတော့ပေ။


သူထိုကောင်လေးကိုလွမ်းနေမိသည်။


သူဖုယွမ်ကျိုး၏အပြုံးလေးများကိုလွမ်းမိသည်။ မျက်လုံးတောက်တောက်လေးများကိုလွမ်းမိသည်။ နူးညံ့နွေးထွေးသည့်လက်ချောင်းများ သူ့ခန္ဓာကိုယ်ပေါ်မှရေချိုးဆပ်ပြာရည်နံ့တို့နှင့် တက်ကြွပျော်ရွှင်နေသည့်အရိပ်လေးများ။


လူကြီးများကမူ သူ့ကိုတည်ငြိမ်ရင့်ကျက်မှုကြောင့် ချီးကျုးခဲ့ကြသည်။ သူကအသက်ငယ်သော်ငြား အမှီအခိုကင်းပြီးကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်သည်၊ သို့ထိတိုင် ယင်းကအရေးမကြီးပေ။ ဖုယွမ်ကျိုးမရှိလျှင် သူစိတ်အားငယ်ပြီး အထီးကျန်နေတတ်သည်။


ညနေပိုင်း အတန်းပြီးသွားသည်နှင့် ဖုယွမ်ကျိုးအိမ်ကိုလမ်းလျှောက်သွားပြီး ရယ်လိုက်မိသည်။


သူ ထိုကောင်လေးကို မတရားသတိရမိနေသည်၊၊ ထို့ကြောင့် ထိုသူ၏ငိုသံကိုဖုန်းထဲမှကြားလိုက်ရသည့်အခါ တွေဝေနေခြင်းမရှိဘဲ အိမ်မှထွက်လာခဲ့သည်။ တခါမှမစီးဖူးသည့်ရထားကို ညကြီးအချိန်မတော်စီးသွားပြီး ဖုယွမ်ကျိုးထံအရောက်သွားခဲ့သည်။


သည့်နောက် သူဖုန်းဆက်ပြီးဖုယွမ်ကျိုးကိုလာခေါ်ခိုင်းခဲ့သည်။ သူကမူ ဘူတာရုံ၏အုတ်တံတိုင်းအနားတွင် မတ်တပ်ရပ်နေခဲ့၏။ ရာသီဥတုကပူလွန်းသည်။ မိုးအသည်းအထန်ရွာပြီးသည့်နောက် နေအပူရှိန်က ရေစက်လေးများကိုအငွေ့ပြန်စေပြီး မြေကြီးပေါ်တွင် ရေအိုင်လေးများအဖြစ်ကျန်နေခဲ့သည်၊ တိုက်ခတ်လာသည့်လေက စိုထိုင်းနေ၏။ ဖုယွမ်ကျိုး မလာနိုင်လောက်ဟုသူထင်ထားခဲ့သည်။ ထိုအချိန်မှာပင် ပေတိပေစုတ်နှင့်ကောင်လေးတစ်ယောက် သူ့ထံပြေးလာနေသည်ကိုမြင်လိုက်ရသည်။


ထိုကောင်ငယ်လေးက သူပြောခဲ့သည်ထက်ပင် ကြည့်ရဆိုးနေခဲ့သည်။ သူ မျက်နှာတွင်ရွှံ့များပေနေသည့်တိုင် အဖြူနှင့်အမည်းရောစပ်ထားသည့်မျက်လုံးလေးများကမူ တောက်ပနေလေ၏။ သူ့အားတွေ့လိုက်သည်နှင့် ထိုကောင်လေးမှာအပျော်လွန်သွားပြီး မျက်လုံးများလန်သွားသည်အထိငိုလာလေသည်။ ဖုယွမ်ကျိုးမှာ သူ့အချစ်ဆုံးသူငယ်ချင်းကိုမြင်တွေ့လိုက်ရသောကြောင့် ဝမ်းနည်းသွားရပြန်၏။ မကြာခင်မှာပင် ထိုငိုကြွေးသံကပိုကျယ်လောင်လာရပြီး ၎င်းကစတင်အော်ငိုလေတော့သည်။ သူ့ တကိုယ်လုံးမှာ ရွှံ့များနှင့်ဖုံးနေသောကြောင့် ကို့ရို့ကားယားဖြစ်နေပြီး တဖက်ကိုရွှံ့များပေသွားမည်စိုးရိမ်သောကြောင့် ဖက်လည်းမဖက်ရဲခဲ့ပေ။


သို့တိုင် ရှဲ့လင်ကမူ အနည်းငယ်ပင်တုံ့ဆိုင်းမနေဘဲ သူ့ကိုဆွဲယူပြီးပွေ့ဖက်ခဲ့၏။


သွေးနှင့်မြက်ပင်တို့၏ရနံ့မှာ ရနေကျ ရေချိုးဆပ်ပြာဂျယ်အနံ့ကိုဖုံးသွားခဲ့သည်။ ကောင်လေးကသူ့အား နီရဲနေသည့်မျက်လုံးများဖြင့်ကြည့်နေခဲ့သည်။ မျက်တောင်လေးများက တဆတ်ဆတ်လှုပ်နေကာ နှာခေါင်းတရှုံ့ရှုံ့ဖြင့် သူညစ်ပတ်နေသည့်အကြောင်းပြောလာရှာ၏၊  သူကမူလွှတ်မပေးဘဲ ပိုပြီးတင်းနေအောင်ဖက်ထားခဲ့လေသည်။


ထိုအခိုက်အတန့်မှာပင် သူဖုယွမ်ကျိုးမရှိဘဲမနေနိုင်မှန်း နားလည်သွားခဲ့ရသည်။


သူ၏အပြင်ပန်းပုံစံကအေးစက်နေလင့်ကစား ဖုယွမ်ကျိုးတစ်ယောက်တည်းကသာ သူ့အားအသက်ရှူဝစေခဲ့သည်။


ထိုအခိုက်အတန့်မှာပင် တောက်ပနေဆဲလူတစ်ယောက်ကိုသူနှစ်သက်ခဲ့သည်၊၊ ၎င်းက နည်းနည်းလေးနူးညံ့ပြီရှက်တတ်သည်။ သူ့ကိုကြည့်လာသည့်မျက်လုံးလေးများက ချစ်ခြင်းများဖြင့် အရောင်လက်နေတတ်၏။


ဖုယွမ်ကျိုးအနားတွင်ရှိနေသည့်အချိန်တိုင်း သူအမြဲရင်ခုန်နေတတ်သည်။


ရှဲ့လင် မျက်လုံးမှိတ်လိုက်ပြီး ဖုယွမ်ကျိုးကိုပွေ့ဖက်ကာ ၎င်း၏နှုတ်ခမ်းတို့ကို နူးညံ့စွာဖြင့်နမ်းရှိုက်လိုက်လေ၏။


......


ရေပူစမ်းအပြင်ဘက်သို့ လမ်းလျှောက်ထွက်လာသည်အထိ ဖုယွမ်ကျိုးမျက်နှာပူနေမှုမှာ လျော့မသွားခဲ့ပေ။ နမ်းရုံနှင့်မပြီးမှန်းသိနေခဲ့သော်လည်း ကံကောင်းစွာဖြင့် သူတို့ ပုံမှန်မဟုတ်သည့်လုပ်ရပ်မျိုး မလုပ်ခဲ့ကြပေ။


သူမကြိုက်၍မဟုတ်။ ရှဲ့လင်ဖြစ်နေ၍ ပိုကောင်းသည်ဟုပြော၍ရသည်။ သူအင်မတန်သဘောကျလင့်ကစား ပြန်ရောက်သည့်အချိန်တွင် သတိအပြည့်နှင့်လျို့ဝှက်ထားရမည်။ စကားတစ်လုံးပင် အပြင်ပေါက်ကြားသွား၍မဖြစ်ပေ။ မဟုတ်လျှင် အန်တီရှဲ့က ရှဲ့လင်ကိုစိတ်ဆိုးသွားလိမ့်မည်။


ပြန်ကြသည့်အခါ သူတို့သည် အခြားလမ်းကြောင်းမှပတ်လာခဲ့ကြ၏။ ဟောခန်းထဲတွင် ပီယာနိုတစ်လုံးရှိပြီး အခြားလူများမရှိပေ။ ဖုယွမ်ကျိုးက ၎င်းအနားကိုသွားကာ တစ်လုံးစနှစ်လုံးစတီးကြည့်သည်။ ရုတ်တရက် သူသတိရမိသွားသည့်အရာရှိ၍ ရှဲ့လင်ကိုပျော်နေသည့်မျက်နှာဖြင့်ပြောလိုက်လေ၏။ 


"မင်းပီယာနိုတီးတာကိုမမြင်ရတာ အတော်ကြာပြီပဲ...ငါ့အတွက်လာတီးပေးပါလား..."


"အိုကေ..."


ရှဲ့လင်က ခေါင်းညိတ်ပြပြီး ပီယာနိုရှေ့တည့်တည့်တွင်ထိုင်လိုက်သည်။ ကီးဘုတ်ပေါ်တွင်လက်တင်ကြည့်ပြီး ရိုးရှင်းသည့်သံစဥ်အချို့ကိုစမ်းတီးကြည့်လိုက်၏။


ဖုယွမ်ကျိုးမှာ သူ့တီးလုံးကိုကြားပြီးမှင်သက်သွားမိသည်။ တီးလုံးကအင်မတန်တိုသော်လည်း သူ့အတွက် အကြိမ်ပေါင်းမရေမတွက်နိုင်အောင်ကြားခဲ့ရသောကြောင့် ရင်းနှီးနေပြီးသားပင်။ ထို့ကြောင့် သံစဥ်ကြားလိုက်ရသည်နှင့်တပြိုင်နက် သူမှတ်မိသွားခဲ့၏။ ယင်းမှာ ယခင်ဘဝကဆယ့်ရှစ်နှစ်ပြည့်မွေးနေ့၌ ရှဲ့လင်မှ သူ့အတွက် ရေးပေးခဲ့သည့် သီချင်းပင်။


သူ့မွေးနေ့က အေပရယ်လတွင်ကျရောက်မည်ဖြစ်ပြီး အတော်လေးလိုသေးသည်။ ရှဲ့လင်သည် လက်ရှိအချိန်တည်းက သူ့အတွက် ရေးထားခဲ့သည်လား? ဖြစ်နိုင်ပေသည်။ ဤသီချင်းက ရက်နည်းနည်းဖြင့်ရေး၍မပြီးနိုင်။ အကြိမ်ကြိမ်ပြန်ပြီး သံစဥ်ညှိပေးရန်လည်းလိုသေးသည်။


"မင်းဘာသီချင်းနားထောင်ချင်လဲ..."

 ရှဲ့လင်ကမေးလာလေသည်။


ဖုယွမ်ကျိုးက မတွေးတတ်သလိုလုပ်နေပြီးမှပြောလိုက်၏။ 

"ငါ့အထင်တော့ ဒီသီချင်းကအတော်လေးကောင်းတယ်..ငါနည်းနည်းနားထောင်ချင်သေးတယ်..."


ရှဲ့လင်က တုံ့ကနဲရပ်သွားပြီးမှပြောလာခဲ့သည်။ 

"ဒါကအပြီးမသတ်ရသေးဘူး..."


"အပြီးမသတ်ရသေးဘူး" 

ဖုယွမ်ကျိုးကား သိချင်လာရလေပြီ။

 "မင်းရေးထားတာလား..."


"အင်း..." ရှဲ့လင်ကပြန်ဖြေလာလေ၏။


"ဘယ်သူ့အတွက် ရေးထားတာလဲ..." 

ဖုယွမ်ကျိုးက ရှဲ့လင်ဘေးတွင် ခပ်ပြုံးပြုံးဝင်ထိုင်ပြီး မေးထောက်ကာမေးလိုက်လေ၏။ 


"ငါ့အတွက်လား..."


ရှဲ့လင်က သူ့အားချက်ချင်းမဖြေချင်သလို တိတ်ဆိတ်နေလေသည်။ Surprise လုပ်မည့်အစီအစဥ်က ပျက်စီးသွားလင့်ကစား ဖုယွမ်ကျိုးက သူ့အနားတွင် ဝေ့လည်ကြောင်ပတ်လုပ်နေသောကြောင့် နောက်ဆုံးခေါင်းညိတ်ပြလိုက်ရသည်။ 

"အင်း..."


"မြန်မြန်လေး...ငါ့ကိုတီးပြ!" 

ဖုယွမ်ကျိုးက သူ့အင်္ကျီလက်အစကိုဆွဲလှုပ်နေလေသည်။

 "ငါနားထောင်ချင်တယ်..."


"ဒါကမပြီးသေးဘူးလေ..ပြည့်စုံသေးတာမဟုတ်ဘူး..."


"ငါကြိုက်တယ်...နားထောင်မယ်...တီးပြလို့.." 

ဖုယွမ်ကျိုးက သူ့လှည့်ကွက်တို့ကိုစသုံးလာပြန်ပြီ။


ရှဲ့လင်မှာ အနည်းငယ်ကယ်ရာမဲ့နေသော်လည်း သူဖြစ်ချင်သည့်အတိုင်း တီးပြလာပါ၏၊ ပီယာနိုပြိုင်ပွဲမဝင်ခဲ့သောကြောင့် အပြီးအထိမရေးခဲ့သည်မှာအမှန်ပင်။ ထိုသူမှာ ခဲရာခဲဆစ်တီးနေရပြီး သံစဥ်မှာ ယခင်ကနှင့်မတူတော့သော်လည်း ဖုယွမ်ကျိုးကမူ မျှော်လင့်တကြီးဖြင့်နားထောင်နေဆဲ။


"တကယ်ကောင်းတယ်..."


သံစဥ်အဆုံးတွင် သူတို့နှစ်ယောက်အနောက်မှ လက်ခုပ်သံထွက်လာခဲ့၏။ လှည့်ကြည့်လိုက်သည့်အခါ ပြုံးနေသည့်မျက်နှာဖြင့် အစ်မချန်။


"မင်းကဒီသီချင်းကို ယွမ်ကျိုးအတွက် တီးပေးထားတာပေါ့..." 

အစ်မချန်က အပြုံးလေးဖြင့်မေးလာခဲ့၏။ 

"သီချင်းကိုနာမည်ပေးပြီးပြီလား.."


နာမည်မရှိဘူး...ရေးပြီးသွားလည်းရှိမှာမဟုတ်ဘူး...


ဖုယွမ်ကျိုးမှာ စိတ်ထဲမှတွေးလိုက်လင့်ကစား မထင်မှတ်ဘဲရှဲ့လင်ကပြောလာခဲ့သည်။


" "အချစ်" လို့ပဲခေါ်ရအောင်..."


♎️