👻Chapter 39
သွေးနီလရဲ့ သမန်းဝံပုလွေ သတ်ဖြတ်ခြင်း (17)
ချူဟွိုက်က နောက်ဆုံး လိုချင်သည့် အဖြေကို ရသွားပြီ ဖြစ်သည်။
သူက ချက်ချင်းပင် ပျင်းတိပျင်းရွဲ ပုံစံပြလာရင်း စိတ်ဝင်စားမှု ပြည့်နေသော မျက်လုံးတစ်စုံကို ဖော်ထားပြီး မျက်နှာကို လက်နှင့် အုပ်လာသည်။
“ယောက်ျားရေ..." ချူဟွိုက်က အလန့်တကြား အော်ဟစ်လိုက်သည်။
" မင်းလိမ်တာကို ငါက နှစ်ခါခံနေမယ်လို့ ထင်နေတာလား" ဆံပင်ဝါဝါနှင့်လူက လှောင်ပြောင်လိုက်သည်။
ချူဟွိုက်ကလည်း သူ့ကို စိုက်ကြည့်ပေးလိုက်သည်။
ဘန်း...
ဆံပင်ဝါဝါနှင့်လူ၏ မျက်လုံးအစုံ ပြူးကျယ်သွားသည်။
မယုံနိုင်သည့် မျက်လုံးများနှင့် ထိုလူက ရင်ဘတ်ရှိ အပေါက်ရာကို အလိုလို ခေါင်းငုံ့ကြည့်မိသည်။
သွေးက တစိမ့်စိမ့် စီးကျနေ၍ သူ့အင်္ကျီနှင့် လက်ထဲက ကြိုးပါ စိုရွှဲလာသည်။
ဆံပင်ဝါဝါနှင့်လူက လဲကျသွားသည်။
ချူဟွိုက်က ထိုလူ့ဆီ လျှောက်သွားပြီး ကန်ထည့်လိုက်သည်။ " ငါ့ယောကျ်ား လာမှာပါလို့ ပြောသားပဲ။ ရှင်မှ မယုံခဲ့တာ"
ထို့နောက် ချူဟွိုက်က ကျင်းထျန်းယိ၏ လက်မောင်းထဲ ပြေးဝင်လိုက်သည်။
မူစန်းက နွေးနေဆဲပင်။ ကျင်းထျန်းယိက ပြောလာသည် " သုံးရတာ အရမ်းလွယ်တာပဲ"
သူက ချူဟွိုက်ကို ပွေ့ဖက်လာသည်။
ချူဟွိုက်က မကျေနပ်သလို ပြောလာသည် " ရှင်သာ အချိန်မီပေါ်မလာရင် သူက ကျွန်မကို လည်ပင်းညှစ်သတ်တော့မလို့" သူက လက်နှင့် အမူအရာ လုပ်ပြလာသည်။
" ကြိုးထူထူကြီးက မြွေကြီးလိုမျိုး ကျွန်မရဲ့ ဖြူဖြူသွယ်သွယ် လည်ပင်းလေးကို ပတ်လာတော့မှာ။ ပြီးတော့ ကျွန်မ ရှင့်ကို ထပ်တွေ့နိုင်တော့မှာ မဟုတ်ဘူး"
ဖြစ်စဥ်တစ်ခုလုံး မျက်မြင်တွေ့ထားသော ကျင်းထျန်းယိ "......"
သူ၏စိတ်က အနည်းငယ် ရှုပ်ထွေးသွားရသည်။
ချူဟွိုက်၏ မျက်နှာက ရုတ်တရက်
မည်းမှောင်သွားပြီး ကျင်းထျန်းယိလက်များကို ခါချလိုက်ရင်း သူ့ပေါ်မှ ခုန်ဆင်းကာ စိတ်ရှည်ရှည်ထားပြီး မေးလာသည်
" ...ရှင် အလောင်းကို ဒီလက်တွေနဲ့ ရွှေ့ခဲ့တာ မဟုတ်လား"
ကျင်းထျန်းယိက ပြုံးပြလာသည် " အင်း..." သူက ရိုးသားသလို အကြည့်လေးနှင့် ပြောလာသည် "...မင်းကိုယ်တိုင်ပဲ ဝင်လာခဲ့ပြီးတော့..."
ချူဟွိုက်"....."
လော်မင် ထွက်လာသည့်အချိန် ဖက်နေကြသည့် နှစ်ယောက်ကို တွေ့လိုက်၍ မျက်မှောင်ကြုပ်မိသွားသည်။
"အဲ့ဒီ လူဝကြီးက ဘယ်လိုသေသွားခဲ့တာလဲ" ချူဟွိုက်က အလုပ်ကိစ္စကို အမှတ်ရလာသည် " သူ့ကိုယ်ပေါ်မှာ ဒဏ်ရာတစ်ခုခုရှိလား"
“သူ့ရဲ့ သေဆုံးမှုက အရမ်းထူးဆန်းတယ်။ ပြီးတော့ ကျန်းချွမ်ဖန့် သေသွားတာနဲ့ တော်တော်လေး ဆင်နေတယ်။ သူ့ကိုယ်ပေါ်မှာတော့ သေစေလောက်တဲ့ ဒဏ်ရာ ရှိမနေဘူး"
"ရှင်ပြောတာ နားထောင်ရတာ သူ့မှာ တစ်ခြားဒဏ်ရာ ရှိနေလို့လား" ချူဟွိုက်က မေးလာသည်။
ကျင်းထျန်းယိက အသံထွက်လာပြီး ပြောရန်ပြင်လိုက်စဥ် လော်မင်က 'ငါတို့လို ယောကျ်ားသားတွေပဲ နားလည်တယ် ' ဆိုသည့် ပုံစံနှင့် သူ့ကို အရူးလို မျက်လုံးမှိတ်ပြလာသည်။
လော်မင်က ချူကျောင်း သိသွားမည်စိုး၍ အမြန် ရှေ့ကို လျှောက်လာသည်။
ကျင်းထျန်းယိနှင့် ချူဟွိုက်က နောက်က လျှောက်လာကြသည်။
ချူဟွိုက်က သိချင်စိတ် တာစူနေ၍ ကျင်းထျန်းယိကို ပြန်မေးလာသည်။
" မင်း တကယ် သိချင်တာလား" ကျင်းထျန်းယိက မျက်ခုံးပင့်ရင်း မေးလာသည်။
"အင်း" ချူဟွိုက်က ခေါင်းတဆတ်ဆတ် ငြိမ့်ပြလာသည်။
ကျင်းထျန်းယိက အလောင်းထိထားသည့် လက်နှင့် ချူဟွိုက်လက်ကောက်ဝတ်ကို ဆုပ်ကိုင်လာသည်။ ချူဟွိုက်က တစ်ဖက်လူ၏ လက်ကြီးကို အလိုလို ခါထုတ်ပစ်ချင်မိသည်။
သို့သော်လည်း ကျင်းထျန်းယိက သူ့လက်ကို ကိုင်ထားရင်း နေရာတစ်ခုဆီ ရွေ့ဆင်းသွားပြီး ပြုံးပြလာသည်။
“သူက ဒီနေရာမှာ နေမကောင်းဖြစ်နေတာ" ကျင်းထျန်းယိ၏ မျက်နှာအမူအရာက မပြောင်းလဲပဲ ပြောလာသည်။ သူက ရှေ့ကလူကို ကြည့်နေရင်း အံတင်းတင်းကြိတ်ထားပြီး မျက်လုံးများကလည်း ကြယ်များအားလုံးကို သိုဝှက်ထားသည့် နဂါးငွေ့တန်းတမျှ နက်ရှိုင်းနေသည်။
ချူဟွိုက်၏ ဦးနှောက်က ပေါက်ကွဲသွားလေသည်။ သူ၏ မျက်နှာက နီစွေးလာပြီး အသက်ရှူရခက်လာသည်။
သူက အာရုံစုစည်းလိုက်ရင်း မျက်တောင် ပုတ်ခတ်ပုတ်ခတ် လုပ်ကာ အားတင်းပြီး တည်ငြိမ်အောင် ကြိုးစားလိုက်ရင်း ရှက်ရှက်နှင့် လက်ပြန်ရုတ်လိုက်သည်။ ထို့နောက် ချူဟွိုက်က အလိုလို တံတွေးသီးသွားရသည်။
ဖာခ့်... ဒီ သားရဲအိုကြီးကတော့...
သူက ကိစ္စတို့က လမ်းကြောင်းမှားသွားမှန်း သိလိုက်ပြီ ဖြစ်သည်။ ထို့ပြင် သူသာ ကျင်းထျန်းယိကို လမ်းရှာပြီး ချန်မထားမိခဲ့လျှင် ထိုလူက ခဏခဏ စနောက်နေတော့မည် ဖြစ်သည်။
" မင်းတို့ မြန်မြန် မလျှောက်နိုင်ဘူးလား" လော်မင်က ရှေ့က စိတ်မရှည်သလို တိုက်တွန်းလာသည်။
လော်မင်က နောက်လှည့်ကြည့်လာ၍ ချူဟွိုက်က အနည်းငယ် အပြစ်ရှိသလို ခံစားရသည်။ ထို့ကြောင့် ကျင်းထျန်းယိကို အမြန် ဆွဲခေါ်လိုက်ပြီး ခေါင်းငုံ့ထားလျက် ရှေ့ကို လျှောက်သွားလိုက်သည်။
ဤသို့ အစခံလိုက်ရ၍ သူ လုပ်ရမည့် အလုပ်ကိုပင် မေ့လျော့သွားသည်။
ချူဟွိုက်က လော်မင့်နောက်ကျောဆီမှ ခေါ်လာသည်။
" ကျွန်မ ထင်တာတော့ အခန်းထဲကလူက ဇစ်မြစ်ဖော်တဲ့ နေရာမှာ ရှုံးသွားလို့ သရဲက အသက်နုတ်သွားတာ ဖြစ်မယ်။ တကယ်တော့ ကျန်းချွမ်ဖန့်ကလည်း အဲ့လို သေသွားတာပဲလေ..." ချူဟွိုက်က ဆိုလာသည်။
ကျင်းထျန်းယိက ခေါင်းညိမ့်ပြလာသည်။ တစ်ခုခုကို အမှတ်ရသွားသလို လော်မင်က မေးလာသည်
" ချူကျောင်း။ မင်းက တကယ်ကြီး နတ်ဘုရားပေါ့"
“ဟုတ်တယ်" ချူကျောင်းက လော်မင့်ကို ဖုံးကွယ်ထားရန် မလိုအပ်တော့ဟု ထင်မိသည်။
"ဝိုး...။ သရဲ နှစ်ယောက်နဲ့ နတ်ဘုရား တစ်ယောက်" လော်မင်က ဆွံ့အသွားရသည်။
"အို့ ဟုတ်တယ်။ ဆံပင်ဝါဝါနဲ့လူ ပြောသွားတာ ကောင်းကင်မှာ သွေးနီလကြီး သာနေတယ်တဲ့"
ချူဟွိက်က မျက်နှာတည်သွားသည်။
လော်မင်က အံ့သြသွားရသည်။ သူက ကောင်းကင်ကို မော့ကြည့်လိုက်ရင်း လှောင်ရယ်လာသည်
" မင်းဘာတွေ လာနောက်..."
စကားစရပ်သွားရင်း သူ့မျက်နှာက အရောင်ပြောင်းသွားသည်။
ကျင်းထျန်းယိက သူ့ကို ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်၏ လျှို့ဝှက်ချက်ကို ရှင်းပြထားပြီးပြီ ဖြစ်သည်။
လော်မင်က အသိပြန်ဝင်လာရင်း တံတွေးမြိုချလိုက်ပြီး မျက်လုံးအကြည့်တို့ အားနည်းလာသည်
" မင်းပြောချင်တာ...အဖြူရောင်လဆိုတာ တကယ် မရှိပဲ အမြဲတမ်း သွေးနီလကြီးပဲ သာနေခဲ့တာလား..."
“သရဲအဖွဲ့က ပြိုင်ပွဲဝင်တွေကတော့ ဒါ သွေးနီလသာနေတဲ့အချိန်ကြီးလို့ ထင်နေကြမှာပေါ့။ ဒါကြောင့် သူတို့က ဆက်ပြီး သတ်နေကြတာ။ သာမန်လူတွေနဲ့ နတ်ဘုရားကတော့ အဖြူရောင်လ သာနေတာပဲလို့ တွေးပြီး သတိ သိပ်မထားကြတော့တာပေါ့"
“ကျင်းထျန်းယိနဲ့ ငါကလည်း သရဲပဲလေ။ ဒါပေမယ့် ဘာလို့ ငါတို့က သွေးနီလအစား အဖြူရောင်လကို မြင်ရတာလဲ"
ချူဟွိုက် " သရဲတွေ သာမန်လူတွေ နတ်ဘုရားရယ်လို့ တိတိကျကျ ပြောလို့မရဘူး။ ကွာခြားချက်က လူသတ်ချင်တဲ့သူနဲ့ မသတ်ချင်တဲ့သူပဲ။ ရှင်က သရဲဖြစ်ပြီး ကျွန်မက နတ်ဘုရား ဖြစ်နေပေမယ့် ကျွန်မတို့ကို တစ်ဖွဲ့တည်းလို့ ယူဆလို့ရတယ်"
စုန့်ချန်က 'လ' ဆိုသည့် စာလုံးကို ရေးသွားခဲ့သည်။[t/n 月 က တရုတ်ဘာသာစကားမှာ လလို့ အဓိပ္ပါယ်ရပါတယ်]
လ ဖြစ်ဖို့များသည်။ သူမ သေသွားသည့်အချိန် ကောင်းကင်ကို မော့ကြည့်လိုက်ရာ လကို မြင်သွားခြင်း ဖြစ်မည်။
သူမက သွေးနီလကို မြင်သွားတာပဲ ဖြစ်ရမယ်။
ဒီခန့်မှန်းချက်သာ မှန်နေရင် အမှန်တရားကလည်း ပေါ်ထွက်လာတော့မှာပဲ။
ရူးသွပ်ဖွယ် သွေးနီလရောင် မြို့တော်တွင် အဖြူရောင်လက တစ်ခါမှ မပေါ်ခဲ့ပဲ တစ်ချိန်လုံး သွေးနီလကြီးသာ ရှိနေခဲ့သည်။
ဒါဆို သူတို့က ဘာလို့ အဖြူရောင်လကြီးကို မြင်ရတာလဲ။
ပုံရိပ်ယောင်တွေ ရှိနေလို့လား၊ ဒါမှမဟုတ် သူတို့ မျက်စိကပဲ...။
ချူဟွိုက်ရင်ထဲ တင်းကျပ်လာသည်။
သူက ထိုနှစ်များက မြို့တော်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်တစ်ခုလုံးကို အစဖော်နိုင်တော့မည်နှင့်တူသည်။
ညမှောင်လာသည်နှင့် မြို့သူမြို့သားများက အိမ်တွင် ညစာစားကြမည် ဖြစ်ပြီး အဖြူရောင်လက သွေးနီလကြီးအဖြစ် ပြောင်းသွားမှန်း သတိထားမိကြမည့်ဟန်မတူချေ။
နောက်တွင် ဂိမ်းစတင်လာခဲ့သည်။
……
ကျင်းထျန်းယိက အချိန်တစ်ခုထိ အသံတိတ်နေပြီးမှ ကြောက်စရာကောင်းသည့် မေးခွန်းကို မေးလာသည်
"ဒါဆို အခုက ဘယ်အချိန်ရှိပြီလဲ"
ဆံပင်ဝါဝါနဲ့လူက သွေးနီလသာနေတဲ့အချိန်လို့ တွေးနေရင် သူရဲ့ အချိန်သတ်မှတ်ချက်က သူတို့နဲ့ ကွဲပြားလိမ့်မယ်။
ချူဟွိုက်က နာရီကို တစ်ချက်ကြည့်လိုက်ရာ ၁၀နာရီ ၄၃မိနစ် ရှိနေပြီ ဖြစ်သည်။ နောက်ထပ် သွေးနီလ မထွက်ခင် ဆယ့်ခုနစ် မိနစ် ကျန်နေသေးသည်။
ဒါပေမယ့် ဆံပင်ဝါဝါနဲ့လူရဲ့ အချိန်ကြည့်ပုံမျိုးနဲ့ဆို အခုက သွေးနီလသာနေတဲ့အချိန် ဖြစ်နိုင်တယ်။
ဒါဆို အခုချိန်က ၁၁နာရီကနေ ၁၂နာရီတွင်း ဖြစ်နိုင်တာပေါ့။
မဟုတ်ရင် ၂နာရီကနေ ၃နာရီတွင်း...
၅နာရီကနေ ၆နာရီများလား...
ချူဟွိုက်၏ မျက်ဝန်းအိမ်က ချက်ချင်း ကြီးမား(ပြူး)သွားသည်။
ချူဟွိုက်က ကျင်းထျန်းယိ၏ အင်္ကျီလက်ကို အလိုလို ဆွဲလိုက်မိသည်။
"ရှင် သတိထားမိလား။ ၆နာရီကတည်းကဆို အနည်းဆုံး လေးနာရီလောက် ကြာသွားပြီကို အဖြူရောင်လကြီးက သာနေတုန်းပဲ"
သူ၏ အသံက အနည်းငယ် တုန်ယင်နေသည်။
လော်မင်က မျက်ခုံးကျုံ့လိုက်ရင်း သူ့မျက်နှာက တည်တင်းလာသည်။
ပတ်ပတ်လည်က တိတ်ဆိတ်နေ၍ လေတိုးသံကိုပင် ကြားနေရသည်။ ငွေရောင် အလင်းတန်းက ကျင်းထျန်းယိ မျက်နှာပေါ် အရိပ်ကျနေ၍ သူ့မျက်နှာရှိ အပေါက်သေးသေးလေးများကို မြင်နေရသည်။
ချူဟွိုက်က နှုတ်ခမ်းတင်းတင်းစေ့ပြီး သူဝတ်ထားသည့် ကျင်းထျန်းယိ၏ အဝတ်အစားများကို ညွှန်ပြလာရင်း စကားဆိုလာသည် " ကျွန်မက ကျန်းမာရေး မကောင်းတာကြောင့် ဘေးပတ်လည်က အပူချိန်နဲ့ပတ်သတ်ပြီး အာရုံခံနိုင်စွမ်းပြင်းတယ်။ ခုနတုန်းက ကျွန်မ အဝတ်အစားတွေ ဝတ်ထားတာတောင် အေးနေတုန်းပဲ။ ဒါပေမယ့် အခုက အရမ်းပူလာသလို ခံစားရတယ်"
“ကျွန်မ ပြောချင်တာကို သဘောပေါက်ရဲ့လား" ချူဟွိုက်၏ အကြည့်က မှန်းဆ၍မရသလို ဖြစ်နေပုံပေါ်သည်။
လော်မင့်လို ဘာမှ မခံစားတတ်သည့်သူပင် မသက်မသာ ခံစားလာရ၍ သူက တိုက်တွန်းလာသည် " မင်း။ ရှင်းရှင်းလင်းလင်း ပြောကွ"
ကျင်းထျန်းယိက ချူဟွိုက်ကိုယ်စား တိုတိုတုတ်တုတ် ရှင်းပြလာသည် " သဘာဝအတိုင်းဆိုရင် ညအချိန်မှာဆို သန်းခေါင်ယံအကျော် နှစ်နာရီပတ်လည်အချိန်က အအေးဆုံးအချိန်ပဲ"
လော်မင်၏ မျက်နှာက တစ်စက္ကန့်မျှ ငြိမ်သွားရင်း နောက်ဆုံး တစ်ခုခု နားလည်သွားပုံရသည်။
သူက လက်သီးတင်းတင်းဆုပ်ပြီး ခက်ခက်ခဲခဲ မေးလာသည် " မင်းပြောချင်တာက လက်ရှိအချိန်က မနက် ၂နာရီလောက်မှာ ဖြစ်နေသင့်တာလား..."
ချူဟွိုက်က မျက်လွှာချလိုက်သည် " ကျွန်မလည်း မသိတော့ဘူး"
လော်မင်က လက်ကနာရီကို တစ်ချက်ကြည့်လိုက်သည်။ သူ့လက်က နာရီတွင် သန်းခေါင်ယံအချိန်ကို တစ်စက္ကန့်ပင် မကျော်သေးချေ။
ယခင်က ချူဟွိုက်က သူ့နာရီကို ကြည့်လိုက်စဥ် ၁၀နာရီ မိနစ်၄၀ ရှိနေသော်လည်း ယခုတွင် ၁၀နာရီ ၄၃မိနစ် ရှိနေပြီဖြစ်သည်။ တစ်နည်းဆိုရလျှင် ထိုလူ၏ အချိန်သတ်မှတ်ချက်က ချူဟွိုက်တို့နှင့်အတူတူ ဖြစ်သည်။
လော်မင်က နှာမှုတ်လိုက်သည်။ သူက လက်ကနာရီကို ဆွဲချွတ်လိုက်ပြီး မြေကြီးပေါ် ပစ်ပေါက်လိုက်ကာ ခြေထောက်နှင့်ပါ တက်နင်းပစ်လိုက်သည်။
နာရီကျိုးသည့်အသံ တကျွတ်ကျွတ်က ကျောက်သင်ပုန်းပေါ် သံရိုက်နေသည့်အသံနှင့်ပင် တူနေသည်။
အချိန်ကိုသာ သတိထားပြီး မကြည့်မိပဲ ပေါ့ပေါ့ဆဆ နေခဲ့လျှင် သူတိုစိတ်က အလှည့်စားခံရတော့မည် ဖြစ်သည်။
ထင်မှတ်မထားသည့်အချိန်တွင် ဖုန်းအားကုန်သွားသည်နှင့်တူသည်။ သူတို့က သတိမထားပဲ ပျော်ပျော်ကြီး စကားကောင်းနေကြစဥ် အချိန်က နှေးနှေးလေး ရွေ့နေဟန်ရှိပြီး အချိန် တော်တော်ကြာပြောပြီးသည်နှင့် ဖုန်းခေါ်ဆိုမှု ရုတ်တရက် ပြတ်တောက်သွားသလို ခံစားချက်မျိုးပင်။
အခု သူတို့က အချိန်က ပြဿနာ ဖြစ်နေမှန်း သိသွားကြပြီ ဖြစ်သည်။
" ကျွန်မတို့ သွားသင့်တယ်" ချူဟွိုက်က ဆိုလာသည်။
" မင်း ဘာဆက်လုပ်ဖို့ စဥ်းစားထားလဲ" လော်မင်က တည်ငြိမ်အောင် ကြိုးစားလိုက်ရသည်။
"ပြိုင်ပွဲဝင်တွေကို ရှာဖို့ နည်းလမ်းစဥ်းစားကြည့်ရင်းနဲ့ အသက်ရှင်ဖို့ နည်းလမ်းကို သိသွားသလိုပဲ" ချူဟွိုက်နှင့် ကျင်းထျန်းယိတို့ တစ်ယောက်ကို တစ်ယောက် ကြည့်မိသွားသည်။ သူတို့အကြည့်ချင်းဆုံသွားသည့် တစ်ခဏ အချင်းချင်း ခေါင်းညိမ့်ပြလာသည်။
ကျင်းထျန်းယိ၏ မျက်လုံးများက တော်တော်လေး ဆွဲဆောင်မှု ရှိနေသည်။
သုံးယောက်သား အမြန် လမ်းဖြတ်ကူးလိုက်ကြသည်။
"အစ်ကိုကျင်း။ အစ်ကိုကျင်းက နေရာရှာစွမ်းရည်ကိုသုံး" ချူဟွိုက်က လော်မင့်ကို စောင်းကြည့်လိုက်ရင်း " ရှင်က ဆင့်ခေါ်ခြင်းစွမ်းရည်ကိုသုံး"
“ဘာ...။ ချူကျောင်း...မင်း စိတ်မမှန်တော့ဘူးလား" လော်မင်၏အသံက ဟိန်းထွက်လာသည်။
ချူကျောင်းက ဆင့်ခေါ်ခြင်းနှင့် နေရာရှာစွမ်းရည်ဆိုသည့် စွမ်းရည် နှစ်ခုကြားက ဆက်စပ်မှုကို အရင်က ရှင်းပြထားပြီးပြီ ဖြစ်သည်။ ကျင်းထျန်းယိက လူရှာရန်အတွက် သူ့စွမ်းရည်ကို သုံးလို့ရသော်လည်း သူက ဆင့်ခေါ်ခြင်းစွမ်းရည်ကို သုံးပြီး သရဲများ ဆင့်ခေါ်လိုက်လျှင် သူတို့အုံလာသည်နှင့် ဒုက္ခရောက်တော့မည် မဟုတ်ပါလား။
ချူဟွိုက်က သူ့ကို စွေကြည့်လာသည်။
လော်မင်က တစ်ဖက်လူ ပြောလိုက်သည့် အရာကြောင့် မေ့လဲမတတ် ဖြစ်သွားခဲ့ရသည်။
" နေရာရှာတဲ့ စွမ်းရည်နဲ့ ဆင့်ခေါ်ခြင်း စွမ်းရည် နှစ်မျိုးလုံးက လူသတ်ဖို့ မဟုတ်ပဲ လူရှာပြီး အတူတူ အသက်ရှင်ကြဖို့ ဆိုတာမျိုးရော ဖြစ်နိုင်တယ်လို့ မတွေးခဲ့မိဘူးလား"
ရှေ့ကို လျှောက်သွားလိုက်ရင်း ချူဟွိုက်က လော်မင့်ကို ရှင်းပြလိုက်သည်။
" ပထမအချက်အနေနဲ့ ကျွန်မတို့က ဒီဖြစ်ရပ်ထဲကို တစ်နေရာစီ ဝင်လာကြရတာလေ။ ဒုတိယတစ်ချက် မြို့ရဲ့ ဖွဲ့စည်းပုံက တော်တော်လေး တူနေတယ်၊ တစ်အိမ်နဲ့တစ်အိမ်ကလည်း အကွာအဝေး တူတူပဲ၊ ဘာမှမကွာဘူး။ ရည်ရွယ်ချက်က ကျွန်မတို့ အချင်းချင်း ပြန်စုမိသွားမှာ စိုးလို့ပဲ။ ကျွန်မတို့အားလုံး သိပါတယ် ၊ သရဲတွေ ရှိနေတော့ သရဲလိုက်ခံရတဲ့အခါ သာမန်လူတွေလိုမျိုး ပုန်းရမယ်ဆိုတာ...ဟုတ်တယ်ဟုတ်"
👻