Chapter 226
Viewers 22k

Volume 11 : ဓာတုဗေဒဌာန


Chapter 226 (ဓာတုဓာတ်ပြုမှု ၀၁)

ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် ကန်တင်းသို့ အတူတူရောက်လာကြပြီး အားလုံးနှင့် မနက်စာစားရန် တွေ့ဆုံကြသည်။

လင်းမန့်လော်သည် လူနှစ်ယောက်ကြားက လေထုမူမမှန်တာကို ပြင်းပြင်းထန်ထန် သတိပြုမိပြီး သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် ရှေ့သို့ တိုးကာ မေးလိုက်သည်။ "ရှင်းဝမ်၊ နင်အဆင်မပြေဖြစ်နေတာလား။ နင့်မျက်နှာက ကြည့်လို့မကောင်းဘူး။"

ယွဲ့ရှင်းဝမ်က ချောင်းဟန့်ပြီး အလျင်အမြန် ပြောလိုက်သည်။ ကျွန်တော် မနေ့ညက အိမ်မက်ဆိုးတွေမက်ပြီး ကောင်းကောင်းအိပ်မပျော်လို့ပါ။ စီနီယာအစ်မ စိတ်မပူပါနဲ့။ အားလုံး မြန်မြန်စားပြီး စားပြီးရင် သင်တန်းရွေးချယ်ရေးစင်တာကို သွားရအောင်။"

သူအဆင်ပြေတာကြောင့် ကျောင်းသားများသည် မေးခွန်းတွေသိပ်မမေးတော့ဘဲ စားသောက်ဖို့ ကန်တင်းကိုသွားရန် တန်းစီကြသည်။

ပုံမှန်အားဖြင့် 183 သုတေသနအဖွဲ့သည် ထမင်းစားသောအခါ ယွဲ့ရှင်းဝမ်နှင့် ကျန်းဖျင်စစ်တို့သည် အတူထိုင်လေ့ရှိကြပြီး တစ်ခါတစ်ရံ အသံတိုးတိုးဖြင့်ပြောကာ တစ်ခါတစ်ရံ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးနေတတ်သည်။ သို့သော် ယနေ့တွင် ယွဲ့ရှင်းဝမ်သည် ခယ်ရှောင်ပင်းနှင့်အတူ နံနက်စာစားနေစဉ်တွင် သူနှင့် ကျန်းဖျင်စစ်သည် စကားတစ်ခွန်းမှ မပြောဘဲ ကျန်းဖျင်စစ်သည်လည်း ဘာမှမဖြစ်သကဲ့သို့ တည်ငြိမ်နေခဲ့သည်။

ဒီမနက်အကြောင်းအရာက ရှင်းဝမ်ကို သတိလက်လွတ်ဖြစ်သွားစေကြောင်း သူသိသည်။ နားမလည်သော ပြဿနာတစ်ခုနှင့် ကြုံတွေ့ရသောအခါတွင် ၎င်းကို ခေတ္တရှောင်ရန်မှာ လူသားများအတွက် သာမာန် တုံ့ပြန်မှုတစ်ခုဖြစ်သည်။ ပြီးတော့ သူလည်း အရင်ဆုံးဘာလုပ်သင့်သလဲဆိုတာကို အချိန်အကြာကြီး စဉ်းစားပြီးမှ နားလည်သဘောပေါက်ခဲ့သည်။

သူတို့က သူငယ်ချင်းအဆင့်မှ ချစ်သူအဖြစ်ကို လက်ခံရန် ယွဲ့ရှင်းဝမ်ကို နာရီဝက်အတွင်း နားလည်သဘောပေါက်စေခြင်းက စိတ်ကူးယဉ်ရုံမျှသာဖြစ်သည်။

ထို့ကြောင့် ယွဲ့ရှင်းဝမ်သည် သူနှင့် မျက်လုံးချင်းမဆုံမိဘဲ စကားပြောဖို့တောင် ရှက်ရွံ့သွားခဲ့ပြီး ဒါက ကျန်းဖျင်စစ် မျှော်မှန်းထားသည့်အတိုင်းပင်။ သူက ရှင်းဝမ်ကို ဆုံးဖြတ်ချက်ချဖို့ အတင်းအကျပ်မလုပ်ဘဲ ရှင်းဝမ်ကို ဖြည်းဖြည်းချင်း နားလည်သဘောပေါက်စေရန် အချိန်ယူခိုင်းလိုက်သည်။

ဘာပဲဖြစ်ဖြစ် ရှင်းဝမ်က ဒီစာကြည့်တိုက်ကနေ မလွတ်မြောက်နိုင်ဘူး၊ သူ့ကို ရှောင်လွှဲဖို့ နည်းလမ်းမရှိဘူး။

ကျန်းဖျင်စစ်သည် မနက်စာ အေးအေးဆေးဆေး ဓာတ်လှေကားကိုတက်သောအခါ လူ 12 ယောက်ကို အုပ်စုနှစ်စုခွဲပြီး ကျန်းဖျင်စစ်က တမင်နှေးကွေးကာ ယွဲ့ရှင်းဝမ်ကို ပထမအုပ်စုဖြစ်သော ခယ်ရှောင်ပင်းနှင့် အခြားသူဆီ သွားခိုင်းပြီး သူက ဒုတိယအုပ်စုကို သွားခဲ့သည်။

ရှင်းဝမ်နှင့် အခြားသူများ ‌ဓာတ်လှေကား တက်သွားတာကိုစောင့်ပြီးနောက် လျှိုကျောက်ချင်းသည် လျှို့ဝှက်ဆန်းကြယ်စွာ ရောက်ရှိလာပြီး မေးခဲ့သည်။ "မင်းနဲ့ ရှင်းဝမ်က ရန်ဖြစ်ထားတာလား။"

ကျန်းဖျင်စစ်က မျက်ခုံးပင့်လိုက်သည်။ "မဟုတ်ပါဘူး၊ စီနီယာအစ်ကိုက ဘာကြောင့်ဒီလိုထင်ရတာလဲ။"

လျှိုကျောက်ချင်းက သူ့ခေါင်းကို ကုတ်လိုက်ပြီး ခြောက်ကပ်ကပ်အပြုံးဖြင့် ဆိုသည်။ "ပုံမှန်အားဖြင့် မင်းတို့နှစ်ယောက်အတူတူ စားတဲ့အခါ ရှင်းဝမ်က စကားအများကြီးပြောပြီး မင်းတို့တွေ စကားပြောတဲ့အခါ ဘယ်သူမှ ကြားဖြတ်လို့မရဘူး။ ဒီနေ့တော့ ထူးထူးဆန်းဆန်း ရှင်းဝမ်က ‌ခယ်ရှောင်ပင်းနဲ့ စကားပြောနေပြီး သူကမင်းကို ဂရုမစိုက်သလိုပဲ။"

ကျန်းဖျင်စစ်၏နှုတ်ခမ်းထောင့်များက အနည်းငယ် ကြွတက်လာသည်။ "ရှင်းဝမ်နဲ့ ကျွန်တော်က အိပ်ဆောင်ထဲမှာ စကားတွေပြောခဲ့ပြီးပါပြီ။"

လျှိုကျောက်ချင်းက သက်ပြင်းတစ်ချက်ချကာ တိုးတိုးပြောသည်။ "မင်းတို့တွေ မရန်ဖြစ်ဘူးဆိုရင်လည်း ကောင်းပါတယ်။ မင်းတို့နှစ်ယောက်က 183 အဖွဲ့ရဲ့ ကျောရိုးပဲ၊ မင်းတို့ပြောစရာရှိရင် သေချာဆွေးနွေးပြီး ရန်မဖြစ်ကြနဲ့။"

ကျန်းဖျင်စစ်က ဆိုသည်။ "စိတ်မပူပါနဲ့၊ ကျွန်တော်တို့ ဒါကို ကောင်းကောင်းသိပြီး အားလုံးရဲ့ စာမေးပွဲတွေကို ထိခိုက်စေမှာ မဟုတ်ဘူး။"

ဓာတ်လှေကားသည် "ဒင်း" အသံဖြင့်ဖွင့်လိုက်ရာ လူတိုင်း ဓာတ်လှေကားထဲသို့ လျှောက်သွားကာ သူတို့၏ ဓာတ်လှေကားသည် အထပ်အသစ်တစ်ခုကို သော့ဖွင့်ထားတာ တွေ့လိုက်ရသည်။

1 ထပ်: ဆေးပညာဌာန

2 ထပ်: သင်္ချာဌာန

3 ထပ်: ဗိသုကာဌာန

4 ထပ်: ဇီဝသိပ္ပံဌာန

5 ထပ်: အများသူငါစိတ်ကြိုက်သင်တန်းများ

6 ထပ်: ဥပဒေဌာန

7 ထပ်: ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန 

8 ထပ်: ပထဝီဝင်ဌာန

9 ထပ်: အနုပညာဌာန

10 ထပ်: အမည်မသိ (အသစ်)

လျှိုကျောက်ချင်းက ချက်ချင်း အပြစ်တင်သည်။ "ဘာကို 'အမည်မသိ'လဲ၊ ဒီစာကြည့်တိုက်စနစ်က ချို့ယွင်းနေတာလား။"

လန်ယာရုန်က မနေနိုင်ဘဲ သက်ပြင်းချလိုက်သည်။ "မျက်စိတစ်မှိတ်အတွင်း ငါ 10 ထပ်ရောက်သွားပြီ အရမ်းမြန်တာပဲ။ စာကြည့်တိုက်မှာ အထပ်ဘယ်နှစ်ထပ်ရှိလဲတော့ ငါမသိဘူး။ မနေ့က ငါ credit မှတ်တွေ ရေတွက်ခဲ့တာ ငါတို့ ဘွဲ့ရဖို့ credit 30 လိုသေးတယ်။ 'အမည်မသိ'ဆိုတာက 10 ထပ်ကို မရောက်မချင်း သော့ခတ်ထားတာဖြစ်နိုင်တယ်။"

ချင်မြောင်က ပြောလိုက်သည်။ "ဌာနတစ်ခုအတွက် credit 8~10 မှတ် စည်းမျဉ်းအရ နောက်ထပ် 3 ထပ်နဲ့ ဌာန 3 သုံးကျန်သေးတယ်လို့ ဆိုလိုတာမလား။"

ချင်လုက ကြောင်သွားသည်။ တက္ကသိုလ်မှာ ဌာန 13 ခုနဲ့အထက် ရှိတာမဟုတ်ဘူးလား။ ဘာသာရပ်အရေအတွက်က ရာနဲ့ချီရှိပြီး အနည်းဆုံးတော့ ကျောင်းသားတွေအများအပြားရှိတဲ့ လူမှုရေးဘာသာရပ်များဌာန၊ ဓာတုဗေဒဌာန၊ သိပ္ပံနှင့်နည်းပညာဌာန၊ စီးပွားရေးဌာန၊ နိုင်ငံခြားဘာသာစကားဌာနတွေကို အခုထိ ငါတို့မကြုံရသေးဘူး… စာကြည့်တိုက်က သင်တန်းတွေကို ဘယ်လိုခွဲပေးမလဲမသိဘူး။"

ချင်မြောင်က ဆိုသည်။ "ဌာနတွေအားလုံးကို ထည့်လိုက်ရင် credit အရမ်းများသွားလိမ့်မယ်။ နောက်ထပ် အထပ်တွေက ဌာနတွေကို ရွေးချယ်ခွင့်ပေးနိုင်တယ်လို့ ငါထင်တယ်။ ဒါက 10 ထပ်မှာ 'အမည်မသိ'လို့တပ်ထားရတဲ့ အကြောင်းရင်းဖြစ်နိုင်တယ်။"

စကားပြောပြီးတာနဲ့ ဓာတ်လှေကားက "ဒင်း"အသံဖြင့် ရပ်သွားသည်။

ကျန်းဖျင်စစ်နှင့် သူ့အဖွဲ့ဟာ ဓာတ်လှေကားထဲက ထွက်လာပြီး ယွဲ့ရှင်းဝမ် ဦးဆောင်သော လူခြောက်ယောက်က တံခါးဝမှာ စောင့်နေတာကို တွေ့လိုက်ရသည်။

အခြားအထပ်များနှင့်မတူဘဲ 10 ထပ်ရှိ သင်တန်းရွေးချယ်ရေးခန်းမတွင် ကြီးမားသော LCD ဖန်သားပြင်တစ်ခု ပေါ်လာပြီး စာသားအနည်းငယ်နှင့် မြားနှစ်စင်းကို ပြသထားသည်—

[စာကြည့်တိုက် 10 ထပ်မှ ကြိုဆိုပါသည်။]

[ကြိုးကြိုးစားစား လုပ်ဆောင်ပြီးနောက် 9 ထပ်အောက်ရှိ ဌာနများအားလုံးကို ကျော်ဖြတ်နိုင်ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။ အကယ်၍ သင်သည် 9 ထပ်အောက်သင်တန်းများ ပြီးဆုံးပါက သင်၏ လက်ရှိ မသင်မနေရ သင်တန်းများ credit 68 မှတ် ဖြစ်သင့်သည်။ သင်ရွေးချယ်ထားသော စိတ်ကြိုက်/အများသူငါစိတ်ကြိုက်သင်တန်းများတွင်လည်း ပါဝင်ခဲ့လျှင် သင့် credit 70 ကျော်သင့်သည်။ credit 100 ပြည့်ပြီး စာကြည့်တိုက်ကနေဘွဲ့ရဖို့ နီးကပ်လာပါပြီ။]

[နောက်တစ်ခုက စာကြည့်တိုက်သည် သင့်အား ရွေးချယ်ပိုင်ခွင့်ကို ပေးလိမ့်မည်။]

[10 ထပ်တွင် ဌာနသုံးခုပါဝင်သည်: ဓာတုဗေဒဌာန၊ စီးပွားရေးဌာနနှင့် နိုင်ငံခြားဘာသာစကားဌာန]

[သင်သည် ဌာနများထဲမှ တစ်ခုကို ရွေးချယ်နိုင်ပြီး မသင်မနေရသင်တန်းများကို ဖြေဆိုနိုင်ပါသည်။ ဌာနတစ်ခုထဲရှိ သင်တန်းများ ပြီးဆုံးသရွေ့ စာကြည့်တိုက်သည် သင့်အား 10 ထပ်ကို အောင်သွားပြီဟုယူဆကာ သင့်အတွက် 11 ထပ်ကို ဖွင့်ပေးလိမ့်မည်။]

[10 ထပ်နှင့်အထက်သည် ဌာနများကို ကိုယ်တိုင်ရွေးချယ်ခွင့်ပေးပြီး သုတေသနအဖွဲ့တစ်ခုစီသည် မိမိတို့၏ကိုယ်ပိုင်အားသာချက်များအပေါ်အခြေခံ၍ ကျွမ်းကျင်သောဌာနကို ရွေးချယ်နိုင်သည်။ 10 ထပ်နှင့်အထက် သင်တန်းကို ကျရှုံးပါက 1 ထပ်ကိုပြန်သွားပြီး credit မှတ် အားလုံးကို ရှင်းလင်းကာ 0 ကနေ ပြန်စရမည်။]

[ဌာနတစ်ခုကို ရွေးချယ်ပြီးနောက် သင်သည် ထိုဌာန၏ သင်တန်းရွေးချယ်ရေးစင်တာသို့ ဝင်ရောက်ရလိမ့်မည်။]

ဖန်သားပြင်ကြီးပေါ်ရှိ သတိပေးချက်များကို ဖတ်ပြီးနောက် လူတိုင်းသည် ဝမ်းသာသောအမူအရာပြကာ ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ပြောလိုက်သည်။ "စာကြည့်တိုက်က နောက်ဆုံးတော့ ကောင်းတာလေးတစ်ခုကို လုပ်ခဲ့ပြီ။ ငါပြောသားပဲ၊ တက္ကသိုလ်မှာ ဒီလောက်ဘာသာရပ်တွေအများကြီးနဲ့ ဘာသာရပ်အားလုံးရဲ့သင်တန်းတွေကို ငါတို့ဘယ်လိုလုပ်ပြီးအောင် လုပ်နိုင်မှာလဲ၊ ငါတို့တွေ စာကြည့်တိုက်မှာ တစ်နှစ်လောက်နေမယ်ဆိုရင်တောင် ထွက်သွားနိုင်မှာ မဟုတ်ဘူး။"

ယွဲ့ရှင်းဝမ်လည်း 10 ထပ်နှင့် အထက်ကို ကိုယ်တိုင်ရွေးရမည်ဟု မထင်ထားဘဲ ၎င်းသည် အချိန်များစွာ သက်သာစေပြီး credit များ ပြည့်လျှံနေသည့်ပြဿနာကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ လက်ရှိတွင် သူတို့၏ သုတေသနအဖွဲ့ 183 က လူအများစုသည် credit 70 ရှိပြီး ဘွဲ့ရဖို့အတွက် credit 30 လိုသေးသည်။

ယွဲ့ရှင်းဝမ်က သူ့အဖွဲ့ဝင်တွေကို ပြန်ကြည့်ကာ မေးလိုက်သည်။ "သုံးခုထဲကတစ်ခုကို ရွေးမယ်၊ ဘယ်ဌာနကို မင်းတို့ရွေးချင်လဲ။"

လျှိုကျောက်ချင်းက ပြုံးပြီး ပြောသည်။ "ပြောစရာလိုသေးလို့လား။ ငါတို့မှာ ရှင်းယန်ရှိနေတာပဲ၊ ဒီတော့ ဓာတုဗေဒဌာနကို ငါတို့သွားမှာပေါ့။"

ခယ်ရှောင်ပင်းက ခေါင်းငြိမ့်သဘောတူသည်။ "ဓာတုဗေဒဌာနကို သွားရအောင်။ စီးပွားရေးဌာနနဲ့ နိုင်ငံခြားဘာသာစကားဌာနကို သွားမယ်ဆိုရင် X အဖွဲ့ဝင် ရှာနေရဦးမယ်။ ဓာတုဗေဒဌာနကို ငါတို့တက်ရင် X အဖွဲ့ဝင်မလိုဘဲ ရှင်းယန်ရဲ့ ပရော်ဖက်ရှင်နယ်အဆင့်ကို ငါယုံတယ်။"

အားလုံးက ရှင်းယန်ကို အာရုံစိုက်လာကြသည်။

ရှင်းယန်သည် အမြဲတမ်း အေးစက်ပြီး ပေါင်းသင်းရန် ခဲယဉ်းသည်။ ပုံမှန်အားဖြင့် သူသည် စကားအနည်းငယ်သာပြောပြီး သူ့အတန်းဖော်များအားလုံးက 'လမင်းကိုဝန်းရံနေသောကြယ်များ'ကဲ့သို့ သူ့ကို ကြည့်နေတာကို မြင်သောအခါ ခဏတာ ရှက်ရွံ့သွားသည်။ သူက ပေါ့ပေါ့ပါးပါး ချောင်းဟန့်ပြီး ပြောလိုက်သည်။ "ငါ့ကိုယုံကြည်ပေးလို့ ကျေးဇူးပါ၊ ဒါဆို… ဓာတုဗေဒဌာနကို သွားရအောင်၊ ငါအကောင်းဆုံးလုပ်ဆောင်ပါ့မယ်။"

ယွဲ့ရှင်းဝမ်သည် ဓာတုဗေဒဌာနကို ရိုးရှင်းစွာ နှိပ်လိုက်သည်။

သူ့ရှေ့ရှိ LCD ဖန်သားပြင်သည် လမ်းကြောင်းတစ်ခုဖွင့်ပေးကာ ယွဲ့ရှင်းဝမ်သည် အားလုံးကို ဓာတုဗေဒဌာန၏ လမ်းကြောင်းတစ်ခုဆီ ဦးဆောင်ခေါ်သွားကာ ပတ်ပတ်လည်တွင် နှင်းဖြူနံရံများဖြင့် ဝန်းရံထားပြီး နှစ်ဖက်စလုံးတွင် ချောမွေ့သပ်ရပ်သော ဖန်ကိရိယာများစွာရှိသည်။ တချို့သော ကိရိယာအုပ်စုများအောက်တွင် အရက်မီးခွက်သည် တောက်လောင်နေပြီး ဖန်ပုလင်းတွင် အမည်မသိအရည်တချို့ပါရှိကာ ပွက်ပွက်ဆူနေသည်။

လျှိုကျောက်ချင်းက ပြောလိုက်သည်။ "ဓာတုဗေဒဌာနရဲ့ သင်တန်းရွေးချယ်ရေးစင်တာကညဓာတုဗေဒဓာတ်ခွဲခန်းလား။"

လူတိုင်း ရှေ့သို့ ခြေလှမ်းအနည်းငယ်လှမ်းလိုက်သည်နှင့် သူတို့ဘေးရှိ စမ်းသပ်စားပွဲများပေါ်တွင် အနီ၊ လိမ္မော်၊ အဝါ၊ အစိမ်း၊ စိမ်းပြာ၊ အပြာ၊ ခရမ်းရောင် အပါအဝင် လှပသော သက်တံကဲ့သို့ ရောင်စုံအရည်များကို တွေ့လိုက်ရသည်။

ချင်လုက စိတ်လှုပ်ရှားစွာ ပြောသည်။ "ဓာတုဗေဒဌာနက မှော်ပညာလို တကယ့်ကို မှော်ဆန်တဲ့ ဘာသာရပ်တစ်ခုပဲ။"

ခယ်ရှောင်ပင်းက သိချင်စွာ ပြောသည်။ "ရှင်းယန်၊ အဲဒီပုလင်းတွေထဲမှာ ဘာဆေးပါလဲ မင်းသိလား။"

ထိုဆေးများကို မြင်လိုက်ရတော့ ရှင်းယန်၏ အေးစက်နေသော မျက်လုံးများသည် ရုတ်တရက် အသွင်သဏ္ဌာန် ပေါ်လာပြီး သူသည် လျှောက်သွားပြီး ပြောခဲ့သည်။ "ဒါက chromium nitrate nonahydrate၊ စိမ်းနုရောင်အမှုန့်ဖြစ်ပြီး ရေမှာ အလွယ်တကူ ပျော်ဝင်စေတယ်… ဒါက ရောစပ်ထားတဲ့ potassium permanganate၊ ဒါက copper sulfate၊ လိမ္မော်‌ရောင်ပုလင်းက potassium dichromate ဖြစ်နိုင်ပြီး အဆိပ်သင့်မှုအဆင့်မြင့်မားပြီးတော့ ကင်ဆာဖြစ်နိုင်တဲ့ အားကောင်းတဲ့ဓာတ်ပေါင်းပစ္စည်းကို သယ်ဆောင်ထားတယ်။"

ရှင်းယန်သည် ဤဆေးများ၏အမည်များကို အသေးစိတ်ဖော်ပြသောအခါ လူတိုင်းက လက်မထောင်ပြခဲ့ကြသည်။

ယွဲ့ရှင်းဝမ်က ပြုံးပြီး ပြောသည်။ "ရှင်းယန်က အများအားဖြင့် ဓာတ်ခွဲခန်းထဲမှာပဲ တစ်ချိန်လုံးနေပြီး ဓာတုဗေဒပစ္စည်း အမျိုးအစားအားလုံးကို သိပုံရတယ်နော်။"

ခယ်ရှောင်ပင်းက ပြောလာသည်။ "ငါက အဆောင်ထဲမှာနေပြီး ရှင်းယန်က ဓာတ်ခွဲခန်းထဲမှာ သိပ္ပံပညာရှင်အရူးလိုပဲ တစ်လလောက် အပြင်မထွက်ဘဲနေနိုင်တယ်။ ငါ သူ့ကို တစ်ခေါက်တွေ့တုန်းက မှတ်မိသေးတယ်၊ သူ့လက်တွေက သရဲတစ္ဆေလို ဖြူဖွေးနေပြီး ငါမေးလိုက်တော့ သူက လက်အိတ်ဝတ်ထားတာကြာနေတာကြောင့်မှန်း သိလိုက်ရတယ်…"

ရှင်းယန်သည် ခယ်ရှောင်ပင်းကို ကြည့်လိုက်ရာ တစ်ဖက်လူက ချက်ချင်း ပါးစပ်ပိတ်လိုက်ပြီး မျက်လုံးများကျဉ်းမြောင်းသည်အထိ ပြုံးပြလိုက်သည်။ "ငါမင်းကို ချီးကျူးတာပါ။ မင်းက စမ်းသပ်မှုတွေလုပ်ရတာကို အလေးအနက်ထားတယ်ဆိုတာ ဒါကပြသနေတာပဲ၊ ငါက အလေးအနက်ထားတဲ့ လူတွေကို အလေးစားဆုံးပဲ။"

ရှင်းယန်သည် ခယ်ရှောင်ပင်း၏ သက်တံဖားခြင်းကို လျစ်လျူရှုပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ "သင်တန်းသွားရွေးရအောင်။"

ယွဲ့ရှင်းဝမ်သည် သင်တန်းရွေးချယ်ရေးစင်တာရှိ တဘက်လက်ဆီသို့ အားလုံးကို ခေါ်သွားခဲ့သည်။

အားလုံးကို အံ့အားသင့်သွားစေတာက ဓာတုဗေဒဌာနသည် သင်တန်းတစ်ခုပဲ စီစဉ်ပေးထားသည်...

တနင်္လာနေ့မှသောကြာနေ့အထိ၊ နံနက် 8:00 နှင့် 2:00 နာရီတွင် ထပ်တလဲလဲမသင်မနေရသင်တန်း "ဓာတုဓာတ်ပြုမှု" credit 6 မှတ်တန်ရှိသည်။ အခြားအချိန်များတွင် "ဓာတ်ကူပစ္စည်း" နှင့် "အရည်ပျော်ခြင်းနှင့် ပျစ်ခဲခြင်း"ကဲ့သို့ စိတ်ကြိုက်သင်တန်းများရှိပြီး အကြောင်းအရာက ဘာလဲဆိုတာ သူတို့မသိဘူး။

ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို မသိစိတ်ဖြင့် ကြည့်လိုက်မိပြီး တစ်ဖက်လူ၏အကြည့်နဲ့ သွားဆုံရာ သူ့နားရွက်များ ပူလာပြီး အမြန်ရှောင်လိုက်သည်။

လခွမ်း၊ ငါဘာလို့ သူ့ကို ထပ်ကြည့်မိလိုက်တာလဲ။ ဒီအကျင့်ဆိုးကို တကယ်ပြောင်းလို့မရဘူး။

ထို့ကြောင့် ယွဲ့ရှင်းဝမ်သည် ခယ်ရှောင်ပင်းအား "ချစ်ခင်သော" အကြည့်ဖြင့် ကြည့်ကာ ပြောလိုက်သည်။ "credit 6 မှတ်၊ ဒီသင်တန်းက အရမ်းခက်ခဲပုံရတယ်။"

ရွှီယိရှန်း၏မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ "လောလောဆယ်မှာ ငါတို့ တွေ့ခဲ့ရတဲ့ credit 6 မှတ်တွေက ဇီဝသိပ္ပံဌာနရဲ့ "မျိုးရိုးဗီဇသန္ဓေပြောင်းလဲခြင်း"နဲ့ သင်္ချာဌာနရဲ့ "သေခြင်းကုဒ်"တို့ပဲ။ ပထမတစ်ခုက ရှင်သန်ခြင်းသင်တန်းဖြစ်ပြီး ဒုတိယတစ်ခုက ကျိုးကြောင်းဆင်ခြင်ခြင်းသင်တန်းပဲ၊ နှစ်ခုစလုံးက ကျော်ဖြတ်ဖို့ ခက်တယ်။"

ရှင်းယန်က ပြောလိုက်သည်။ "ဓာတုဗေဒတုံ့ပြန်မှု၊ ငါ့မှာ ဝမ်းတွင်းအသိရှိတယ်၊ ဒါက ကျိုးကြောင်းဆင်ခြင်ခြင်းနဲ့ ရှင်သန်ခြင်းပေါင်းထားတာ ဖြစ်နိုင်တယ်။"

ကျန်းဖျင်စစ်က ပေါ့ပါးစွာ ဆိုသည်။ "ဘာပဲဖြစ်ဖြစ် ငါတို့မှာ အခြားသွားစရာမရှိဘူး၊ ရှင်းဝမ် ဒီသင်တန်းကို ရွေးလိုက်ပါ။"

ယွဲ့ရှင်းဝမ်သည် ခေါင်းငြိမ့်ပြီး သင်တန်းရွေးချယ်ရေးခလုတ်ကို နှိပ်ရန် လက်ဆန့်လိုက်သည်။

ရင်းနှီးသော အချက်အလက်တစ်ခု ထွက်ပေါ်လာသည်—

[မသင်မနေရသင်တန်း: ဓာတုဓာတ်ပြုမှု]

[ဌာန: ဓာတုဗေဒဌာန]

[Credit: 6 မှတ်]

[စာမေးပွဲခန်းစည်းမျဥ်းများ: စာမေးပွဲခန်းတွင် အများဆုံးလူအရေအတွက်မှာ 12 ဦး (X အဖွဲ့ဝင်များမပါဝင်ပါ)]

[သင်တန်းဖော်ပြချက်: ဓာတုဗေဒတုံ့ပြန်မှု ဆိုသည်မှာ မော်လီကျူးများက အက်တမ်များအဖြစ် ကွဲသွားသည့် ဖြစ်စဉ်ကို ရည်ညွှန်းပြီး အက်တမ်များကို မော်လီကျူးအသစ်များအဖြစ် ပြန်လည်ဖွဲ့စည်းကာ ပေါင်းစပ်ထားသည်။]

[စာမေးပွဲလိုအပ်ချက်: ပဟေဠိကိုဖြေရှင်းပြီး ဓာတုစက်ရုံကနေ အသက်ရှင်လျက်ထွက်ပါ။]

[မှတ်ချက်: အဖွဲ့တွင် ဓာတုဗေဒဌာနနှင့်ပတ်သက်သော ဘာသာရပ်များဖြင့် အဖွဲ့ဝင်များရှိရန် အကြံပြုထားသည်။]

[သင်တန်းရွေးချယ်ရေးကို အတည်ပြုပါ: Yes/No]

ပဟေဠိကိုဖြေရှင်းပြီး ဓာတုစက်ရုံကနေ အသက်ရှင်လျက်ထွက်ပါ…

ယွဲ့ရှင်းဝမ်သည် ဤစာကြောင်းကိုမြင်သောအခါ ကျောရိုးတလျှောက် အေးစိမ့်သွားသည်။ ရှင်းယန်ထင်တာမှန်ပုံရသည်။ ဒီတစ်ခေါက် ဓာတုဗေဒဌာနတွင် မသင်မနေရသင်တန်းတစ်ခုသာရှိပြီး ၎င်းသည် ကျိုးကြောင်းဆင်ခြင်ခြင်းနှင့် ရှင်သန်ခြင်းပေါင်းထားတာဖြစ်နိုင်သည်။

#TK