Chapter 227
Viewers 22k

Volume 11 : ဓာတုဗေဒဌာန


Chapter 227 (ဓာတုဓာတ်ပြုမှု ၀၂)

သင်တန်းကိုအောင်မြင်စွာရွေးချယ်ပြီးနောက် လူတိုင်းသည် စောင့်ဆိုင်းရန် စာသင်ခန်းထဲသို့လာခဲ့ကြသည်။ စာမေးပွဲမစတင်မီ မိနစ်အနည်းငယ်လိုသေးပြီး ခယ်ရှောင်ပင်းက မနေနိုင်ဘဲ ညည်းညူလိုက်သည်။ "ဒီသင်တန်းက ငါတို့ကို ပဟေဠိတွေ ဖြေရှင်းခိုင်းပြီး ဓာတုစက်ရုံကနေ အသက်ရှင်လျက်ထွက်ဖို့ ပြောထားတယ်။ ဒီစာမေးပွဲရဲ့ တည်နေရာက ဓာတုစက်ရုံများလား။ အသက်ရှင်လျက်ထွက်ရမယ်၊ ဒါက… နည်းနည်း ‌ကြောက်စရာကောင်းတယ်။"

ကျန်းရှောင်နျန်က စိတ်ပူစွာ ဆိုသည်။ "ဓာတုစက်ရုံထဲမှာ အဆိပ်သင့်စေတဲ့ ဓာတုပစ္စည်းတွေ အများကြီးရှိမှာလား။ ဆာလဖျူရစ်အက်စစ်လိုမျိုးလေ။"

သူတို့နှစ်ယောက်ကြား စကားဝိုင်းသည် ယွဲ့ရှင်းဝမ်ကို ထူးဆန်းသော ရောင်စုံပူဖောင်းတွေပါသည့် ဓာတုရေကန်ကို တွေးမိသွားစေသည်။ တစ်ယောက်ယောက်သာ အမှတ်တမဲ့ ပြုတ်ကျခဲ့မယ်ဆိုရင် သူ့ခန္ဓာကိုယ်မှာ အစအနပင်မကျန်လောက်ပေ။

ဓာတုဗေဒဘာသာရပ်သည် အလွန်အန္တရာယ်များသော ဘာသာရပ်တစ်ခုဖြစ်သည်။

ဒါကိုတွေးပြီး ယွဲ့ရှင်းဝမ်က ချက်ချင်းသတိပေးသည်။ "အားလုံး သတိထားကြပါ။ ငါတို့ ဓာတုစက်ရုံထဲကို ဝင်ပြီးရင် စာကြည့်တိုက်က ငါတို့ကိာ လူခွဲလိုက်ရင် အရင်ဆုံး လျှောက်မသွားဘဲ ခယ်ရှောင်ပင်းက ရှောင်ထူကို အသုံးပြုပြီး 'တစ်စုံတစ်ယောက်ကိုရှာမယ်'စွမ်းရည်ကို ဖွင့်လိုက်ပါ။ နောက်ပြီး ဓာတုစက်ရုံလိုနေရာမျိုးက အစားအစာတွေကို အရမ်းမဲ့မစားနဲ့။ အရောင်မရှိ၊ အနံ့မရှိတဲ့ အဆိပ်အတောက်တွေ များလွန်းတဲ့အတွက်ကို ရေကိုမသောက်ကြနဲ့၊ ငါတို့ ပိုပြီးသတိထားရမယ်။"

လူတိုင်းက သူတို့နားလည်မှုကို ဖော်ပြဖို့ ခေါင်းငြိမ့်ပြကြသည်။

ရှင်းယန်က အေးဆေးတည်ငြိမ်စွာပြောသည်။ "ဟုတ်တယ်။ ပိုပြီးသတိထားတာ ကောင်းတယ်၊ စားပွဲပေါ်က ကိရိယာတွေ၊ စမ်းသပ်ပြွန်ထဲက ဆေးတွေကို မကိုင်နဲ့။"

နံပါတ်စဉ်သည် လျင်မြန်စွာ လျော့လာပြီး မျက်စိတစ်မှိတ်အတွင်း မနက် 8:00 နာရီရောက်လာကာ ဓာတုဗေဒဌာန၏ စာမေးပွဲခန်းကို ဖွင့်ခဲ့သည်။

လူတိုင်းသည် သူတို့အရှေ့က မှောင်သွားတယ်လို့ ခံစားလိုက်ရပြီး မျက်လုံးပြန်ဖွင့်လိုက်သောအခါ ထူးဆန်းသော အခန်းတစ်ခုထဲမှာ ပေါ်လာသည်။ ယွဲ့ရှင်းဝမ်သည် ပတ်ဝန်းကျင်ကို သတိထားပြီး ကြည့်ကာ ခေါင်းကို မော့လိုက်သည်နှင့် ရင်းနှီးသော မျက်လုံးတစ်စုံကို တွေ့လိုက်ရသည်။

ကျန်းဖျင်စစ်: "..."

ယွဲ့ရှင်းဝမ်: "..."

ဒါက အနေခက်လိုက်တာ။

စာကြည့်တိုက်က ဘာဖြစ်နေတာလဲ၊ ဘာလို့ သူတို့နှစ်ယောက်ကို တစ်ခန်းတည်း ထားထားရတာလဲ။

မနက်ခင်းတွင် ထူးဆန်းသော စကားစမြည်ပြောပြီးကတည်းက ယွဲ့ရှင်းဝမ်သည် ကျန်းဖျင်စစ်ကို တမင်တကာ ရှောင်နေခဲ့ပြီး ကျန်းဖျင်စစ် သဘောကျနေသောလူက ယောင်္ကျားလေးဖြစ်တယ်လို့ ပြောခဲ့တာကြောင့် ယွဲ့ရှင်းဝမ်သည် ခဏတာ စိတ်ရှုပ်နေပြီး ဘယ်လိုတုံ့ပြန်ရမှန်း မသိဖြစ်နေသည်။

အခု သူတို့နှစ်ယောက်သည် တစ်ခန်းထဲမှာ အတူတူရှိနေပြီး တစ်ယောက်ကိုတစ်ယောက် ငေးကြည့်ကာ ရှောင်ဖို့နည်းလမ်းမရှိပေ။

ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲမှာ စာကြည့်တိုက်ကို ကြိမ်ဖန်များစွာ ကျိန်ဆဲလိုက်ပြီး တိတ်ဆိတ်မှုကို သတ္တိရှိရှိ ဖြိုခွင်းလိုက်သည်။ "အဟမ်း၊ အခြားလူတွေကို အရင်ရှာရအောင်။"

ကျန်းဖျင်စစ်သည် ပတ်ဝန်းကျင်ကို အေးဆေးတည်ငြိမ်စွာကြည့်ကာ တိုးတိုးလေးပြောသည်။ "ဒီပတ်ဝန်းကျင်က စားပွဲသုံးလုံးပါတဲ့ ရုံးခန်းတစ်ခုလိုပါပဲ၊ ဒါပေမဲ့ လောလောဆယ်တော့ အခန်းထဲမှာ ငါတို့နှစ်ယောက်ပဲရှိတယ်၊ အခြားကျောင်းသားတွေ ဘယ်မှာလဲ ငါတို့မသိဘူး။"

သူသည် အကြောင်းအရာကို လုံးဝမဖော်ပြဘဲ စာမေးပွဲခန်းထဲသို့ အမြန်ဝင်ကာ တတိယစားပွဲသို့ လျှောက်သွားပြီး စားပွဲပေါ်ရှိ စာရွက်စာတမ်းများကို ဂရုတစိုက်လှန်လှောကြည့်ကာ ပြောသည်။ "အဖွဲ့ခေါင်းဆောင် ရှောင်းဝမ်ဟွေ့ပဲ၊ သူက ဇာတ်ကွက်အတွက် အရေးပါတဲ့လူတစ်ယောက်ဖြစ်မယ်ထင်တယ်။"

ယခု သူတို့သည် စာမေးပွဲခန်းထဲတွင် ရှိနေသောကြောင့် စိတ်ပိုင်းဆိုင်ရာပြဿနာများသည် အဖွဲ့အပေါ် သက်ရောက်မှုရှိလို့မရပေ။ ကျန်းဖျင်စစ်၏ လေးနက်သောအကြည့်ကြောင့် ယွဲ့ရှင်းဝမ်သည် စိတ်ထဲတွင် ဖရိုဖရဲဖြစ်နေသော အတွေးများကို အမြန်မောင်းထုတ်လိုက်သည်။ သူက ချတ်ချန်နယ်မှာ စာရိုက်ခဲ့သည်။ "အားလုံး ကိုယ့်ရဲ့တည်နေရာကို တင်ပြကြပါ။"

ခယ်ရှောင်ပင်း: "ငါ ဓာတ်ခွဲခန်းမှာ ရောက်နေတာ။"

ရှင်းယန်: "ငါက ခယ်ရှောင်ပင်းနဲ့ အတူရှိနေတယ်၊ ပြီးတော့ စာကြည့်တိုက်က ငါတို့ကို သိပ္ပံသုတေသီတွေအဖြစ် သတ်မှတ်ပေးထားတယ်။"

လျှိုကျောက်ချင်းက တည်နေရာကို အမြန်တင်ပြခဲ့သည်။ "ငါနဲ့ ကျိုဖုန်း ရောက်နေတဲ့နေရာက ထုတ်လုပ်ရေးအလုပ်ရုံဖြစ်နိုင်တယ်။ အထဲနှာ စက်တွေလည်ပတ်နေပြီး သပ်ရပ်တဲ့စမ်းသပ်ပြွန်တွေကို ရွေ့လျားစက်ခါးပတ်ပေါ်မှာ ပို့ဆောင်နေတယ်။ စမ်းသပ်ပြွန်တွေထဲမှာ အကြည်ရောင်အရည်တွေရှိတယ်၊ အဲဒါက ဘာလဲ ငါမသိဘူး။"

ရွှီယိရှန်း: "ငါက ရှောင်နျန်နဲ့အတူရှိတယ်၊ ပတ်ဝန်းကျင်က အိပ်ဆောင်ဖြစ်နေတာကို ငါမြင်ရပြီး ကုတင်နှစ်လုံး၊ သီးသန့်ရေချိုးခန်းနဲ့ လူတစ်ယောက်စီအတွက် ရိုးရိုးဗီရိုတစ်လုံးပါတယ်။"

လန်ယာရုန်: "မိန်းကလေး လေးယောက်က ရုံးမှာရှိနေပြီး စာကြည့်တိုက်က ငါတို့ကို ပေးအပ်တဲ့ အထောက်အထားက ထောက်ပံ့‌ပို့ဆောင်ရေး မန်နေဂျာတွေ ဖြစ်မယ်ထင်တယ်။"

ယွဲ့ရှင်းဝမ်သည် သူ့အတန်းဖော်များထံမှ အချက်အလက်များကို ကြည့်ရင်း သူ တုံ့ဆိုင်းနေပြီး ကျန်းဖျင်စစ်နှင့် ဆွေးနွေးခဲ့သည်။ "စာကြည့်တိုက်က အားလုံးအတွက် အထောက်အထားတွေ စီစဉ်ပေးထားတာကြောင့် အလုပ်ချိန်အတွင်းမှာ ခွင့်ပြုချက်မရှိဘဲ အားလုံးထွက်သွားဖို့ဆိုတာ မလွယ်ဘူး။ ရှောင်ခယ်က အဖွဲ့ဝင်တွေရဲ့ ကိုဩဒီနိတ်တွေကို ရှာနိုင်လောက်တယ်မလား။"

ကျန်းဖျင်စစ်က ခေါင်းငြိမ့်ပြီး သုတေသနအဖွဲ့တွင် စာရိုက်ခဲ့သည်။ "ခယ်ရှောင်ပင်း၊ မင်းက ငါတို့အဖွဲ့ဝင်တွေရဲ့ ကိုဩဒီနိတ်တွေကို အတည်ပြုပြီး ငါ့ကို အချက်အလက်ပို့ပေးပါ။"

ခယ်ရှောင်ပင်းက ချက်ချင်း ပြန်ဖြေသည်။ "ကောင်းပြီ။"

သူသည် ရှောင်ထူကို ဆင့်ခေါ်ပြီး 'သူငယ်ချင်းတစ်ယောက်ကိုရှာမယ်' ထောက်လှမ်းရေးလုပ်ဆောင်ချက်ကိုဖွင့်ပြီး မကြာခင်မှာ ရှောင်ထူ၏ဖန်သားပြင်မှာ အစိမ်းရောင် ကိုဩဒီနိတ်အမှတ် 11 ခုပေါ်လာသည်။ ဓာတ်ခွဲခန်းတွင်ရှိသော ရှင်းယန်ကတော့ သူနဲ့ အနီးကပ်ဆုံး ကိုဩဒီနိတ်ဖြစ်ပြီး အခြားကိုဩဒီနိတ်များကို နေရာအနှံ့ ဖြန့်ကျက်ထားသည်။

ခယ်ရှောင်ပင်းသည် သြဒီနိတ်တစ်ခုစီ၏တည်နေရာကိုဆုံးဖြတ်ရန် ရှောင်ထူအား လျင်မြန်စွာတောင်းဆိုခဲ့ပြီး အချက်အလက်များကို သုတေသနအဖွဲ့ထံသို့ တိုက်ရိုက်ပေးပို့ခဲ့သည်။
 
ကျန်းဖျင်စစ်သည် ခယ်ရှောင်ပင်း၏ အချက်အလက်ကို တစ်ချက်ကြည့်လိုက်ကာ ညာလက်ဖြင့် ကာတီဆီယန်သြဒီနိတ်စနစ်ကို ဆွဲကာ ရလဒ်ကို လျင်မြန်စွာ တွက်ချက်ခဲ့သည်။ "ကိုဩဒီနိတ်တွေနဲ့ မြေပြင်ကြား အကွာအဝေးကို အခြေခံပြီး ခယ်ရှောင်ပင်းနဲ့ ရှင်းယန်တို့က ဓာတ်ခွဲခန်းအဆောက်အဦးရဲ့ ငါးထပ်မှာရှိနေတယ်၊ ရှင်းဝမ်နဲ့ ငါက ရုံးခန်းအဆောက်အအဦးရဲ့ သုံးထပ်မှာရှိပြီး စီနီယာအစ်မလန်နဲ့ အခြားမိန်းကလေးသုံးယောက်က ရုံးခန်းအဆောက်အဦးရဲ့ နှစ်ထပ်မှာရှိတယ်။ စီနီယာအစ်ကိုလျှိုနဲ့ စီနီယာအစ်ကိုကျိုတို့က ကျွန်တော်တို့နဲ့ မီတာ 50 အကွာ အခြားအဆောက်အဦးရဲ့ ပထမထပ်က ထုတ်လုပ်ရေးအလုပ်ရုံမှာ ရှိနေတယ်။ ရှောင်နျန်နဲ့ စီနီယာအစ်ကိုရွှီတို့က ရှင်းယန်နဲ့ မီတာ 30 ဝေးတဲ့ သုံးထပ်က ဝန်ထမ်းအဆောင်မှာ ရှိနေတယ်။ ဒီအဆောက်အဦးလေးခုကို ပုံမှန်မဟုတ်တဲ့ အနားမပြိုင်စတုဂံပုံစံ ဖွဲ့စည်းတည်ဆောက်ထားတယ်။"

ရှင်းယန်: "ဓာတုစက်ရုံတွေ ဆောက်တဲ့အခါ ဘုံသဘောအရ ထုတ်လုပ်ရေးအလုပ်ရုံကို ရေအရင်းအမြစ်နဲ့ မိလ္လာတွေကို စွန့်ပစ်ရာမှာ အဆင်ပြေချောမွေ့စေဖို့အတွက် ရေနဲ့နီးတဲ့ နေရာမှာ ဆောက်သင့်တယ်။ ‌ဓာတုစက်ရုံတွေက အများအားဖြင့် မြို့ရဲ့အစွန်အဖျားမှာ တည်ရှိပြီး အနီးနားမှား မြစ်တစ်စင်းရှိနိုင်တယ်။"

ယွဲ့ရှင်းဝမ်က အနီးကပ်လိုက်၍ ပြောခဲ့သည်။ "အဲဒါရဲ့ဘေးမှာ အိပ်ဆောင်တစ်ခုရှိတယ်၊ ဒီနေရာက အရမ်းကြီးမားတဲ့ ဓာတုစက်ရုံလို့ ထင်ရပြီး စာမေးပွဲပြီးတဲ့အထိ ငါတို့ ဒီမှာပဲနေရလောက်တယ်။"

သုတေသနအဖွဲ့ ချတ်ချန်နယ်သည် စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။

လန်ယာရုန်: "ငါတို့က ထောက်ပံ့ပို့ဆောင်ရေးဌာနမှာ ရှိနေပြီး စက်ရုံတစ်ခုလုံးမှာရှိတဲ့ ဝန်ထမ်းတွေအားလုံးရဲ့ အချက်အလက်တွေကို စစ်ဆေးနိုင်တယ်။"

လျှိုကျောက်ချင်းက ခပ်မြန်မြန် စာရိုက်ခဲ့သည်။ "အလုပ်ရုံဒါရိုက်တာက စစ်ဆေးဖို့ လာခဲ့တယ်။ ကျိုဖုန်းနဲ့ ငါက ခဏလောက်တော့ ထွက်သွားလို့မရသေးဘူး။ ဒီလိုသရဲတစ္ဆေနေရာမျိုးမှာ ဘာဖြစ်မလဲ ငါမသိဘူး၊ ဘာပဲဖြစ်ဖြစ် ဒီသပ်ရပ်တဲ့စမ်းသပ်ပြွန်တွေကို ကြည့်လိုက်မိတာ ငါ့စိတ်ထဲမှာ မနေနိုင်ဘဲ ကြက်သီးထလာတယ်။"

ရှင်းယန်က အေးဆေးတည်ငြိမ်စွာပြောသည်။ "ဓာတုစက်ရုံတွေက ပစ္စည်းမျိုးစုံကို ထုတ်လုပ်တယ်။ စီနီယာအစ်ကိုရဲ့ ဖော်ပြချက်အရ စမ်းသပ်ပြွန်တွေမှာ အကြည်ရောင်ဆေးရည်တွေနဲ့ ပြည့်နေတယ်ဆိုတော့ အဲဒါက ဆေးဝါးအမျိုးအစားစက်ရုံဖြစ်နိုင်တယ်။ အဲဒါက ဘာဆေးလဲဆိုတာ ရှာနိုင်လား။"

လျှိုကျောက်ချင်းက ခေါင်းယမ်းလိုက်သည်။ "စမ်းသပ်ပြွန်တွေမှာ တံဆိပ်တွေ မပါဘူး။ ငါတို့ရောက်နေတဲ့ အလုပ်ရုံက စမ်းသပ်ပြွန်တွေထဲကို ဓာတုပစ္စည်းတွေဖြည့်ပေးဖို့အတွက်ပဲ တာဝန်ရှိတာ။ နောက်လာမဲ့အလုပ်ရုံက တံဆိပ်ရိုက်ခြင်းနဲ့ ထုပ်ပိုးခြင်းတို့ကို လုပ်ဆောင်လောက်တယ်။"

ယွဲ့ရှင်းဝမ်က မေးသည်။ "ရှင်းယန်၊ မင်းက ဓာတ်ခွဲခန်းထဲမှာမလား။ မင်း ငါတို့ရဲ့သိပ္ပံသုတေသနဆိုင်ရာ အကြောင်းအရာတွေကနေ အချက်အလက်တွေကို ရှာနိုင်လား။"

ရှင်းယန်က အလျင်အမြန် စာရိုက်ခဲ့သည်။ "ငါ့ရဲ့ရုံးကွန်ပျူတာမှာ ဓာတုဓာတ်ပြုမှုညီမျှခြင်းတွေနဲ့ ဆေးပုံသေနည်းတွေ အများကြီးရှိတယ်၊ ဒီဆေးရဲ့ မော်လီကျူးဖွဲ့စည်းပုံက အရမ်းရှုပ်ထွေးတယ်၊ ငါ ခွဲခြမ်းစိတ်ဖြာနေတုန်း ခဏစောင့်ပါ။"

ခယ်ရှောင်ပင်း နောက်ပြန်လှည့်ကြည့်လိုက်တော့ ရှင်းယန်သည် သန့်ရှင်းသပ်ရပ်သော ကုတ်အင်္ကျီအဖြူဝတ်ထားကာ သူ့စားပွဲခုံတွင်ထိုင်ပြီး ကွန်ပျူတာဖန်သားပြင်ကို စိုက်ကြည့်နေသည်။ သူ့ညာဘက်က မောက်စ်ကို နှိပ်ပြီး အချက်အလက်ဖတ်ဖို့ စာမျက်နှာအောက်ကို အမြန်လျှောချနေတာ တွေ့လိုက်ရသည်။
 
ခယ်ရှောင်ပင်းသည် ရှင်းယန်က အလေးအနက်ထားပြီး အလုပ်လုပ်တာကို ပထမဆုံးမြင်ဖူးပြီး သူ၏ဘေးတိုက်အနေအထားက တော်တော်ချောသည်။

သူသည် အေးစက်သောပင်ကိုယ်စရိုက်ရှိပြီး အလုပ်လုပ်သောအခါတွင် ပို၍ပင် လေးနက်မှုရှိကာ 'ပြင်ပကမ္ဘာနှင့် သီးခြားခွဲထွက်ခြင်း:'အခြေအနေသို့ လုံးလုံးဝင်ရောက်သွားသည်။ ခယ်ရှောင်ပင်းသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေမည်ကို စိုးရိမ်သောကြောင့် အသက်တောင်မရှူရဲဘဲ ရှောင်ထူ၏ခေါင်းပေါ်က အလင်းရောင်ကိုတောင် ပိတ်လိုက်သည်။

ခဏအကြာတွင် ရှင်းယန်သည် ရုတ်တရက် မျက်မှောင်ကြုတ်ကာ ပြောခဲ့သည်။ "သုတေသနအချက်အလက်ထဲမှာ ဆိုဒီယမ် ဆိုင်ယာနိုက်အကြောင်း အချက်အလက်တွေ ပေါ်လာတယ်။"

ယွဲ့ရှင်းဝမ်က အံ့အားသင့်သွားသည်။ "ဆိုက်ယာနိုက်လား။ ဒီဓာတုပစ္စည်းက အဆိပ်သင့်နိုင်ခြေအရမ်းမြင့်တယ်ဆိုတာ ငါမှတ်မိတယ်။"

ရှင်းယန်က အမြန်စာရိုက်ခဲ့သည်။ "ဒါပေမဲ့ သီအိုရီအရပြောရရင် ပုံမှန်ဓာတုစက်ရုံတွေက ဆိုဒီယမ်ဆိုင်ယာနိုက်ကို အကြီးစားထုတ်လုပ်မှာ မဟုတ်ဘူး။ ဒီအဆိပ်ပြင်းတဲ့ပစ္စည်းတွေကို နိုင်ငံတော်က တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတယ်။ အချက်အလက်ထဲမှာ ဓာတ်ပြုမှုညီမျှခြင်းတစ်ခုကို တွေ့ခဲ့တယ်၊ ဆိုဒီယမ်ဆိုင်ယာနိုက်နဲ့ ဖာရော့စ်ဆာလဖိတ်က ဆိုဒီယမ်ဖာရိုဆာလဖိတ်၊ အင်အော်ဂဲနစ်ဒြပ်ပေါင်းတစ်ခုကို ဖွဲ့စည်းပြီး ဆေးဝါးတွေမှာအသုံးပြုတဲ့ အရေးကြီးကုန်ကြမ်းတွေထဲကတစ်ခုဖြစ်ပြီး ဆောင်းရာသီမှာ နှင်းတွေကိုအရည်ပျော်စေဖို့လည်း အသုံးပြုနိုင်ပြီး ဆားတွေ စုပုံခြင်းက ကာကွယ်ဖို့ စားပွဲတင်ဆားထဲကို ထည့်နိုင်တယ်။ ဒီအရာက အဆိပ်မရှိဘူး။"

ဆောင်းရာသီ၌ လမ်းများပေါ်မှာ ဆီးနှင်းများဖုံးလွှမ်းနေချိန်တွင် ယွဲ့ရှင်းဝမ်သည် နှင်းများနှင့် ရေခဲများ အရည်ပျော်စေရန် ဓာတုပစ္စည်းများ ဖြန်းနေသောလူများကို မထင်မှတ်ဘဲ တွေ့ဖူးသည်။ အလွန်အဆိပ်ပြင်းသော ဆိုဒီယမ်ဆိုင်ယာနိုက်ကို ဓာတုဓာတ်ပြုမှုပြီးနောက် ထွက်လာသည့်အရာက အလွန်အသုံးဝင်လိမ့်မည်ဟု သူမထင်ထားပေ။

အဲဒါကြောင့် ဓာတုဗေဒက အံ့သြစရာပင်ဖြစ်သည်။ အဆိပ်သင့်သောအရာများသည် ဓာတုဓာတ်ပြုခြင်းအားဖြင့် လူသားများအတွက် များစွာအကျိုးရှိသော အဆိပ်မရှိသော ဓာတုပစ္စည်းများအဖြစ်သို့ ပြောင်းလဲနိုင်သော်လည်း အဆိပ်မရှိသော ဓာတုပစ္စည်းများသည် ဓာတ်ပြုပြီးနောက် အလွန်အဆိပ်သင့်သော ဓာတုပစ္စည်းများအဖြစ်သို့ ပြောင်းလဲသွားနိုင်သည်။

ကွန်ပျူတာပေါ်ရှိ ရှင်းယန်၏အချက်အလက်များအရ ယွဲ့ရှင်းဝမ်က ကောက်ချက်ချသည်။ "တစ်နည်းအားဖြင့်ပြောရရင် ဒီဓာတုစက်ရုံက ဆေးဝါးတစ်မျိုးမျိုး အမြောက်အမြားထုတ်လုပ်နေပြီး ကုန်ကြမ်းတွေထဲမှာ ဆိုဒီယမ်ဆိုင်ယာနိုက် ပေါ်လာနိုင်ဖွယ်ရှိတယ်။ ဆိုဒီယမ်ဆိုင်ယာနိုက်ကို အသုံးပြုခြင်းက ဓာတ်ပြုပြီးနောက် အဆိက်အတောက်မရိတဲ့ ဆိုဒီယမ်ဖာရိုဆိုက်ယာနိုက်ကို ထုတ်လုပ်ဖို့ပဲ။ ဆေးဝါးအတွက် ကုန်ကြမ်းအနေနဲ့ပေါ့။"

ရှင်းယန်: "ဒီရှင်းပြချက်က ပိုကျိုးကြောင်းဆီလျော်လိမ့်မယ်။ ငါလည်း အခြားဓာတုဓာတ်ပြုမှု ပုံသေနည်းတွေကို ကြည့်နေတယ်၊ နောက်ဆုံး ဆေးဝါးရဲ့ မော်လီကျူးဖွဲ့စည်းပုံအရ ငါအရင်က မြင်ဖူးတဲ့ ကင်ဆာဆေးတစ်မျိုးနဲ့ နည်းနည်းဆင်တူတယ်၊ ဒါပေမဲ့ ငါလုံးဝမသေချာဘူး။"

ယွဲ့ရှင်းဝမ်က ခွဲခြမ်းစိတ်ဖြာခဲ့သည်။ "ဒါ့အပြင် ဘယ်ဆေးကို ဖန်တီးတယ်ဆိုတာက သော့ချက်မဖြစ်နိုင်ဘူး။ သင်တန်းလိုအပ်ချက်တွေက ပဟေဠိတွေကို ဖြေရှင်းဖို့ ပြောထားတဲ့အတွက်ကြောင့် ဒီဓာတုစက်ရုံမှာ လူတွေသေသွားတာ ဒါမှမဟုတ် တစ်ယောက်ယောက်က အသတ်ခံရတော့မှာမျိုး ဖြစ်နိုင်တယ်၊ ဓာတုစက်ရုံမှာ လူတစ်ယောက်ကိုသတ်ဖို့ အလွယ်ဆုံးနည်းလမ်းက ဓာတုပစ္စည်းတွေကို အသုံးပြုဖို့ပဲ။ ဒီအဆိပ်ဆိုဒီယမ်ဆိုင်ယာနိုက်ကို အာရုံစိုက်ဖို့ လိုအပ်တယ်။"

လင်းမန့်လော်က စကားဝိုင်းတွင် ပါဝင်လာသည်။ "စီနီယာအစ်မလန်နဲ့ ငါက ဆေးဝါးခွင့်ပြုချက်နဲ့ ဂိုဒေါင်စီမံခန့်ခွဲရေးအတွက် တာဝန်ရှိတယ်။ ငါတို့ ဒီနေရာမှာ သဲလွန်စတချို့ရနိုင်တယ်။"

ယွဲ့ရှင်းဝမ်က ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။ "ဒီလိုလုပ်ရအောင်။ အားလုံး အချက်အလက်တွေ စုဆောင်းပြီး အနီးနားပတ်ဝန်းကျင်ကို ရှာဖွေကြည့်ရအောင်။ ဒီဓာတုစက်ရုံမှာ အစားအသောက်နဲ့ နေရာထိုင်ခင်းတွေရှိလို့ ညနေအလုပ်ကထွက်ပြီး အိပ်ဆောင်မှာ ငါတို့ သေချာပေါက် ဆုံလိမ့်မယ်။ အဲဒီအချိန်မှ ငါတို့ အချက်အလက်တွေဖလှယ်ကြမယ်။"

အခြားကျောင်းသားများက မြန်မြန်ဆန်ဆန် စာရိုက်ခဲ့သည်။ "နားလည်ပြီ။"

ယွဲ့ရှင်းဝမ်သည် ချတ်ချန်နယ်ကို ပိတ်လိုက်ပြီး ကျန်းဖျင်စစ်ကို ပြန်ကြည့်သည်။ တစ်ဖက်လူက တွေးတောနေသလိုမျိုး မျက်မှောင်ကြုတ်နေသည်။ ယွဲ့ရှင်းဝမ်သည် သူ့စိတ်ထဲက အဆင်မပြေမှုတွေကို လျစ်လျူရှုပြီး အစပြုကာ ပြောခဲ့သည်။ "ငါတို့… အပြင်သွားကြည့်ရအောင်။ စုံစမ်းဖို့ အိမ်သာသွားချင်ယောင်ဆောင်ကြတာပေါ့။"

ကျန်းဖျင်စစ်က ခေါင်းငြိမ့်လိုက်သည်။ "ကောင်းပြီ။"

နှစ်ယောက်သား ဘေးချင်းကပ်လျက် တံခါးပေါက်မှ ထွက်လာကြသည်။

စင်္ကြံရှိအလင်းသည် အလွန်စူးရှပြီး နေ့ခင်းကြောင်တောင်တွင် လေအေးပေးစက် အပူချိန်သည် အလွန်နိမ့်နေတာကြောင့်လားမသိပေမဲ့ ယွဲ့ရှင်းဝမ်ထွက်လာသည်နှင့် တစ်စုံတစ်ယောက်က သူ့ကို အနောက်ကနေ စိုက်ကြည့်နေသလို ကျောရိုးတလျှောက် ထူးဆန်းသော အေးစက်မှုကို ခံစားလိုက်ရသည်။ 

သူ ရုတ်တရက် လှည့်ကြည့်လိုက်တော့ ရှည်လျားပြီး လွတ်နေသော စင်္ကြံကို မြင်လိုက်ရသည်။

ဤစင်္ကြံ၏ဘယ်ဘက်တွင် တံခါးရှိပြီး ညာဘက်တွင်ပြတင်းပေါက်တစ်ခုရှိသည်။ ဤအချိန်တွင် ပြတင်းပေါက်အပြင်ဘက်မှာ နေရောင်တောက်ပနေပြီး ပြတင်းပေါက်မှနေ၍ မဝေးသောနေရာတွင်ရှိသော ထုတ်လုပ်ရေးအလုပ်ရုံကိုရှင်းလင်းစွာမြင်နိုင်သည်။ မြင့်မားသော မီးခိုးခေါင်းတိုင်သည် လေထဲသို့ ဓာတ်ငွေ့များ ထုတ်လွတ်ပြီး ထူထဲသော အဖြူရောင်မြူခိုးများ ဖြစ်ပေါ်လာသည်။

ကျန်းဖျင်စစ်က တိုးတိုးပြောသည်။ "အဖြူရောင်မြူခိုးတွေ၊ အဲဒါက ပြုပြင်ထားတဲ့ ရေငွေ့နဲ့တူတယ်။ ဒီဓာတုစက်ရုံက မြို့အစွန်မှာ တည်ဆောက်ထားပြီး လေထုညစ်ညမ်းမှု အန္တရာယ်ကို ဖုံးကွယ်ထားသလားဆိုတာ အခု သိရပြီ။

ယွဲ့ရှင်းဝမ်က ကျန်းဖျင်စစ်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ "စင်္ကြံပတ်ပတ်လည်က ဓာတုစက်ရုံရဲ့ အသေးစိတ်မြေပုံကို အရင်ဆွဲရအောင်၊ ငါတို့ပြဿနာကြုံရင် ချက်ချင်းလွတ်မြောက်နိုင်တယ်။"

ကျန်းဖျင်စစ်က ထောက်ခံသည်။ "အင်း၊ ငါလည်း ဒီလိုပဲထင်တယ်။"

ထို့အပြင် သင်တန်းလိုအပ်ချက်များမှာ "ရှင်သန်ခြင်း" ဟူသော စကားလုံးကို ဖော်ပြထားသည်။ ဓာတုစက်ရုံများတွင် ဆေးဝါးနှင့် ပတ်သက်သည့် လူသတ်မှုများအပြင် "ဓာတ်ပြုမှုပေါက်ကွဲခြင်း" ကဲ့သို့သော မတော်တဆမှုများလည်း ရှိနိုင်သည်။ အကျဥ်းချုပ်ပြောရလျှင် ကြိုတင်ပြင်ဆင်ထားတာက ပို၍သေချာပါသည်။

နှစ်ယောက်သား အပြန်အလှန်နားလည်မှုဖြင့် ကြည့်လိုက်ကြပြီး ရှေ့သို့ အမြန်လျှောက်သွားကြသည်။

ထိုအချိန်တွင် ရုံးခန်းအတွင်းရှိ ဝန်ထမ်းများ၏ အချက်အလက်များကို စစ်ဆေးနေသော လန်ယာရုန်သည် ပြဿနာတစ်ခုကို တွေ့ရှိသဖြင့် အံ့အားသင့်သွားသည်။ သူမနှင့် လင်းမန့်လော်တို့သည် ဝန်ထမ်းစာရင်းကို ဂရုတစိုက် စစ်ဆေးပြီးနောက် လင်းမန့်လော်က အလျင်အမြန် စာရိုက်ခဲ့သည်။ "ဓာတုစက်ရုံကနေ လွန်ခဲ့တဲ့လက ဝန်ထမ်းသုံးယောက် နှုတ်ထွက်ခဲ့တာကို စီနီယာအစ်မလန်နဲ့ ငါတွေ့ရှိခဲ့တယ်။ အငြိမ်းစားယူတဲ့အရွယ်မှာ ကိုယ့်အလုပ်ကနေ ရုတ်တရက် နှုတ်ထွက်ပြီး အိပ်ပြန်တာက ပုံမှန်ပဲလား။"

#TK