Chapter 177
Viewers 29k

🌱Arc 5 - [ဖျော်ဖြေရေးနယ်ပယ်တွင် လယ်စိုက်ခြင်း ]


Ch 177

ရှောင်ပိုင်ရဲ့ ရှေ့နာမည်က 'ပိုင်' မဟုတ်ဘူး (၁)



စွေ့ချီချောင်း၏ မျက်နှာထက်တွင် ရှက်ရွံ့နေသော အမူအရာတစ်ခု ရှားရှားပါးပါးရှိနေသည်။ သူ့စိတ်ထဲရှက်သွား၍ ကျန်းထန်ဝေ့၏ရှေ့တွင် မည်သည်ကိုမှ ဂရုမစိုက်သည့် မျက်နှာထားဖြင့် ဆက်မနေနိုင်တော့ပေ။ စွေ့ချီချောင်း ယခုပြောလိုက်သည့်အရာမှာ နာကျင်စရာကောင်းလွန်းလှပေသည်။ ရှောင်ပိုင်၏ရှေ့နာမည်က 'ပိုင်' မဟုတ်သည်မှာ သာမန်ပင်ဖြစ်သည်။ 


အဘယ့်ကြောင့်ဆိုသော် 'ရှောင်ပိုင်' ဟူသည့်အမည်မှာ စွေ့ချီချောင်းက ကျန်းထန်ဝေ့ကို ပေးအပ်ခဲ့သည့်နာမည် ဖြစ်သောကြောင့်ပင်။ စွေ့ချီချောင်း ဤအမှားမျိုး ပြုလုပ်သွားမိခြင်းမှာ ကျန်းထန်ဝေ့၏ ကိုယ်ရေးအချက်အလက်များကို မဖတ်ခဲ့မိသောကြောင့်ဖြစ်သည်။ သူတို့နှစ်ယောက်က အချိန်ကြာမြင့်စွာ အတူတကွ ရှိနေခဲ့ကြသောကြောင့် သူ့စိတ်ထဲတွင် ရှောင်ပိုင်၏ရှေ့နာမည်ကို 'ပိုင်' ဟု ထင်သွားခဲ့ခြင်းပင်။


" တောင်းပန်ပါတယ်..."

စွေ့ချီချောင်းက တီးတိုးဆိုလိုက်သည်။


ကျန်းထန်ဝေ့က ဒေါသကြောင့် သေလုမျောပါးဖြစ်နေခဲ့သည်။ သို့ရာတွင် သူက ရင့်ကျက်သူတစ်ယောက်ဖြစ်ကြောင်း ပြသရန်အတွက် သူ့ဒေါသကို မနည်းထိန်းချုပ်ထားလိုက်ပြီး ပြောလာသည်။ 

" LJJက မင်းကို မပြောပြထားဘူးလား... ကျွန်တော့်နာမည်အရင်းကို ရုပ်သေးရုပ်မှာ သုံးမိလို့ ပထမဆုံးအကြိမ် ဖမ်းမိတော့မလို ဖြစ်သွားသေးတယ်လေ..."


" ထန်ဝေ့လား..."

၎င်းက ရှောင်ပိုင်၏ နာမည်အရင်း ဖြစ်နေရခြင်းကြောင့် စွေ့ချီချောင်း အံ့အားသင့်သွားမိသည်။ 


ကျန်းထန်ဝေ့က အပြင်လောကတွင် သူ့နာမည်ကို အခေါ်ခံလိုက်ရသောအခါ သူ့နားရွက်များ အနည်းငယ်ပူထူသွားသော်လည်း စိတ်ထဲတွင် သက်တောင့်သက်သာဖြစ်သွားသည်ဟု ခံစားလိုက်ရသည်။

" အင်း..."


စွေ့ချီချောင်းက ဤနေရာတွင် ကြာကြာမနေနိုင်သည်ဖြစ်ရာ အချိန်ကို တွက်ဆပြီးနောက် ရှောင်ပိုင်ကို ပြောလိုက်သည်။

" ထန်ဝေ့... LJJက ဒါရိုက်တာလင်းက ဒီနေရာမှာရှိနေတယ်... သူက မင်းရဲ့ ကိုယ်ရေးအချက်အလက်တွေအကြောင်းကို ဖတ်ထားပြီးပြီဆိုတော့ မင်းကို အချိန်မရွေး မှတ်မိသွားနိုင်တယ်... အရင်ဆုံး မြန်မြန်ထွက်သွားလိုက်တာ ပိုကောင်းမယ်ထင်တယ်..."


သူ့လေသံက အလွန်ရိုးသားပေသည်။ လင်းလင်းက ထိုနေရာတွင် အမှန်တကယ်ရှိနေပေသည်။ သူမက စင်မြင့်ကို အဆက်မပြတ် စောင့်ကြည့်နေခြင်း မဟုတ်သော်လည်း သူမအတွက် ရှောင်ပိုင်ကို မှတ်မိသွားရန်က လွယ်ကူပေသည်။ အဘယ့်ကြောင့်ဆိုသော် ရှောင်ပိုင်က လူအုပ်ထဲရောနေလျှင်လည်း သတိမပြုလွယ်သည့် ပုံပန်းသွင်ပြင် မဟုတ်သောကြောင့်ဖြစ်သည်။ 


ကျန်းထန်ဝေ့က ထွက်မသွားချင်သေးပေ။ သူက စွေ့ချီချောင်းကိုတွေ့ရန် လာခဲ့ခြင်းဖြစ်သော်လည်း ထိုလူက သူ့ကို အဝေးသို့နှင်ထုတ်နေပြန်သည်။ 

" ဒါဆိုရင် ဒီည ကျွန်တော်နဲ့ dateလုပ်ပါ..."


စွေ့ချီချောင်း: "......"


ရှောင်ပိုင်က အနည်းငယ်ရယ်ရသည်ဟု စွေ့ချီချောင်းတွေးလိုက်မိသည်။ 

ရှောင်ပိုင်က ငါ့ကိုချိန်းတွေ့ဖို့ခေါ်ရတဲ့အထိ အရွယ်ရောက်နေပြီလား...


" ကျွန်တော် ဒီဆလပ်ရွက်ကို ကိုယ်တိုင်စိုက်ထားတာ..."

ကျန်းထန်ဝေ့က သူ့လက်ထဲမှ ဆလပ်ရွက်ကိုလက်ညှိုးထိုးပြလိုက်ပြီး မကျေမနပ်ဖြင့် ပြောလိုက်သည်။

" ကျွန်တော် မင်းကိုတွေ့ဖို့အတွက် လွန်ခဲ့တဲ့ လဝက်လောက်တည်းက အာကာသယာဉ်စီးပြီး ခရီးထွက်ခဲ့ရတာ... ကျွန်တော်က ဆူနူတာဂလက်ဆီမှာနေတာ..."


စွေ့ချီချောင်းက ဇဝေဇဝါဖြင့် ပြောလိုက်သည်။

" ငါတို့ ဆက်သွယ်ဖို့လိပ်စာတွေ လဲထားရင်ရတာပဲ..."


ရှောင်ပိုင်၏စိတ်အခြေအနေက မတည်ငြိမ်ဆဲဖြစ်သည်ကို သူသိထား၍ သူ့ကို dateလုပ်ရန် ခေါ်သည့်ကိစ္စကိုလည်း ယုံကြည်မရဟု တွေးထားလိုက်သည်။ ရှောင်ပိုင်၏ သူ့အပေါ်စွဲလန်းမှုကို စွေ့ချီချောင်းက ဖြေဖျောက်ပစ်ချင်နေသည်။ ရှောင်ပိုင်က သူ့ကို မိတ်ဆွေတစ်ယောက်အဖြစ် တွေ့ဆုံရန် မေးမြန်းလာပြီဖြစ်ရာ စွေ့ချီချောင်းက ၎င်းမှာ LJJ၏ဆာဗာများထဲသို့ သူ ထပ်မံ၍ ခိုးမဝင်အောင် ဖျောင်းဖျပြောဆိုရမည့် ပြီးပြည့်စုံသည့် အခွင့်အရေးဟု တွေးထားလိုက်သည်။ 


မည်သို့ပင်ဆိုစေကာမူ သူက ရှောင်ပိုင်နှင့် ချိန်းတွေ့ရန် အခွင့်အလမ်းမှာ မနီးစပ်လှပေ။


ကျန်းထန်ဝေ့က ငတုံးမဟုတ်ပေ။ စွေ့ချီချောင်းက သူ့ကို အရူးလုပ်နေသည့်အပြင် သူကိုယ်တိုင်ကလည်း စွေ့ချီချောင်းအား စိတ်အနှောင့်အယှက် မပေးနိုင်သည်ကို သိနေ၍ ပြောလိုက်သည်။ 

" ရပါတယ်... မင်းရဲ့ networkလိပ်စာကို ကျွန်တော့်လက်ပေါ် ရေးပေးလိုက်ပါ... ကျွန်တော် လောလောဆယ် နေစရာ မရှိသေးဘူးဆိုတော့ အပြင်မှာပဲ စောင့်နေမှာ... ကျွန်တော့်ကို သေချာပေါက် ဆက်သွယ်ရမယ်နော်..."


" မင်းမှာ ဘာလို့ နေစရာမရှိတာလဲ... ဒီနေ့မှ ရောက်လာတာလား..."

စွေ့ချီချောင်းက လိပ်စာကို ရေးပေးနေစဉ် မေးလိုကိသည်။


" မင်းနဲ့တွေ့ဖို့လာမှတော့ အခန်းကိုပြန်အပ်ခဲ့ရတာပေါ့... ဒီနေရာတစ်ဝိုက်မှာ နေစရာအခန်းရှာဖို့က ခက်တယ်..."

ရှောင်ပိုင်က ရိုးသားစွာပြောလိုက်သည်။


"....."

စွေ့ချီချောင်းက နားလည်ရခက်စွာဖြင့် ပြောလိုက်သည်။

" ငါကလည်း LJJမှာနေတာ... ငါ့ကိုယ်ပိုင်အိမ် ရှိတယ်ဆိုရင်တောင် မင်းကိုခေါ်လို့မဖြစ်ဘူး..."


ရှောင်ပိုင်က သူ့ကို မှုန်ကုပ်ကုပ်ဖြင့်ကြည့်ပြီး ပြောလိုက်သည်။

" ကျွန်တော့်ကို မခေါ်လောက်ဘူးဆိုတာ အခုလေးတင် သဘောပေါက်လိုက်ပါတယ်..."


စွေ့ချီချောင်းက ကျန်းထန်ဝေ့ စိတ်ကူးထားသည်ထက် များစွာအေးစက်နေခဲ့သည်။ 


စွေ့ချီချောင်းက ရှောင်ပိုင်ကဲ့သို့ လူများနှင့် အဆက်အဆံမရှိသည်မှာ အလွန်ကြာခဲ့ပြီဖြစ်၍ သူ့စိတ်ထဲတွင် အနည်းငယ်ထူးဆန်းသည်ဟု ခံစားနေရခြင်းသာဖြစ်သည်။ ၎င်းမှာ ရှောင်ပိုင်က ပုံရိပ်ယောင်နယ်မြေများတွင် နေခဲ့စဉ်ကထက် စွေ့ချီချောင်း၏ သူ့အပေါ်ဆက်ဆံပုံက အေးစက်သည်ဟု တွေးထင်နေသည်နှင့် အလားသဏ္ဍာန်တူပေသည်။ စွေ့ချီချောင်းကိုယ်တိုင်ကလည်း ရှောင်ပိုင်မှာ ပုံရိပ်ယောင်နယ်မြေတွင် နေထိုင်ခဲ့စဉ်ကထက်ပို၍ ကလေးဆန်သည်ဟု ထင်နေမိသည်။ 


" ဟုတ်ပါပြီ ဒါဆို မြန်မြန်သွားတော့..."

အချိန်နီးလာပြီဖြစ်၍ စွေ့ချီချောင်းက ရှောင်ပိုင်ကိုပြောပြီး ထွက်သွားတော့သည်။


တံခါးနားသို့ရောက်၍ စွေ့ချီချောင်း လှည့်ကြည့်လိုက်သောအခါ ရှောင်ပိုင်က နံရံတွင်မှီပြီး သူ့ကိုလှမ်းကြည့်နေသည်ကို မြင်လိုက်ရသည်။ ရှောင်ပိုင်၏ ငယ်ရွယ်နုပျိုမှုနှင့်အတူ သူ့အပေါ် ပုံမှန်မဟုတ်သည့် စွဲလန်းမှုကိုပါ စွေ့ချီချောင်း ခံစားလိုက်ရပေသည်။ ၎င်းက ဆွဲဆောင်မှုမရှိခြင်း မဟုတ်သော်လည်း စွေ့ချီချောင်းအတွက်မူ ထိုသို့ ငယ်ရွယ်ပြီး စိတ်ကူးယဉ်ဆန်သော ခံစားချက်များနှင့် ဝေးကွာနေခဲ့သည်မှာ အလွန်ကြာပြီဟု ခံစားနေရသောကြောင့်ဖြစ်သည်။ 


ရှောင်ပိုင်က သူ့ကိုတစ်ချက်ကြည့်ပြီး "သိပါပြီ" ဟူသည့်သဘောမျိုးဖြင့် လက်အမူအရာတစ်ခု လုပ်ပြလိုက်သည်။ သူ ခြေလှမ်းအနည်းငယ်လှမ်းပြီး ထွက်ပေါက်ဘက်ကို လျှောက်သွားလိုက်သည်။


စွေ့ချီချောင်းကလည်း စင်မြင့်ပေါ်တက်သွားလိုက်သည်။


လူတစ်ယောက်ပျောက်သွားသည်ကို မည်သူမှ သတိမထားမိသည့်ပုံပင်။ အစီအစဉ်မှူးက အာလုံးကို ယနေ့ပွဲ၏ နောက်တစ်ပိုင်းသို့ ခေါ်ဆောင်သွားလိုက်သည်။ ယနေ့တွင် စွေ့ချီချောင်းက ပုံရိပ်ယောင် ပရိုဂျက်ရှင်းမှ ပရိသတ်များနှင့် အပြန်အလှန်ဆက်သွယ်ရမည့် activities အချို့တွင် ပါဝင်ရမည့်ဖြစ်သည်။ Activities ပြီးဆုံးသွားသည့်နောက်တွင် ပရိသတ်များက ပြန်ထိုင်လိုက်ကြသည်။ စွေ့ချီချောင်းက ပရိသတ်သုံးထောင်အနက်မှ သူ့ကို မေးခွန်းမေးရန်အတွက် ကံထူးရှင်အချို့ကို ရွေးချယ်ရမည်ဖြစ်သည်။ 


" နံပါတ် ၃၈၆..."

စွေ့ချီချောင်းက နံပါတ်ကို ကြေညာလိုက်သည်။


ဒါရိုက်တာက ထိုလက်မှတ်နံပတ်ကို ကိုင်ဆောင်ထားသည့် ပရိသတ်၏ ပုံရိပ်ယောင်ကို ကြီးမားအောင် ပြုလုပ်လိုက်သည်။ ထို့နောက် မျက်နှာပြင်၏ brightnessကို ထိန်းညှိကာ မိုက်မှ အသံကိုမြှင့်ပေးလိုက်သည်။


" ၃၈၆ဆိုတော့ ကျွန်မ ပေါ့..."

ပရိသတ်နံပါတ်၃၈၆က မိန်းကလေးငယ်လေးတစ်ယောက်ဖြစ်သည်။ သူမက နံပါတ်ကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေပြီး ပြောလိုက်သည်။

" ကျွန်မ အခု မေးခွန်းတွေ မေးလို့ရပြီပေါ့နော်...အင်း ကျွန်မမေးချင်တာက စွေ့... အရှင်စွေ့... ထန်ဝေ့နဲ့ ယင်းကျန်းမှာဆို ဘယ်သူ့ကို ပိုသဘောကျလဲဟင်... တကယ်လို့ သူတို့နှစ်ယောက်လုံး ဒီနေရာမှာ ရှိနေတယ်ပဲထားပါတော့ နှစ်ယောက်ထဲကတစ်ယောက်ကို ရွေးရမယ်ဆိုရင် ဘယ်သူ့ကိုရွေးမှာလဲ..."


ထိုမေးခွန်းကြောင့် အုတ်အော်သောင်းနင်း ဖြစ်သွားရပေသည်။ ပထမဆုံးမေးခွန်းတည်းကပင် ပရိသတ်က အုံးအုံးကျက်ကျက် ဖြစ်လာနေ၏။ စွေ့ချီချောင်းက ထိုမိန်းကလေး၏ အလွန်စိတ်လှုပ်ရှားနေသော အမူအရာကိုကြည့်ပြီး သူမက စွေ့ချီချောင်းပရိုဂရမ်၏ "အချစ်ဇာတ်လမ်း" ကို သိချင်နေခြင်းလား၊ ပြဿနာ ရှာလိုခြင်းလားကို မသေချာတော့ပေ။ 


ထန်ဝေ့နှင့် ယင်းကျန်းဟူသော အမည်များကိုကြားသည့်အခါ ဤနေရာမှ ပရိသတ်အချို့၏ မျက်နှာများထက်တွင် သဘာဝမကျသော အမူအရာအချို့ ဖြစ်သွားသည်ကို မြင်ရရန် မခက်ခဲလှပေ။ သူတို့က တီးတိုးပြောနေကြသည်။

" သူ ဘာလို့ ရွေးနေဦးမှာလဲ... သူက မြေနေရာများများပိုင်ထားတဲ့သူကိုပဲ ရွေးလိမ့်မယ်လို့ ငါတို့ပြောဖူးတယ်မလား..."


" သူတို့နှစ်ယောက်လုံးကိုရွေးပြီး အတင်းအကြပ် လယ်စိုက်ခိုင်းလိုက်ရင် ရတယ်လေ... ရွေးနေစရာတောင် မလိုပါဘူး..."


စွေ့ချီချောင်းက ယခုလေးတင်မှ ရှောင်ပိုင်နှင့် တွေ့ခဲ့ခြင်းဖြစ်သည်။ ထိုမေးခွန်းကိုကြားသောအခါ သူ့မျက်နှာအမူအရာက အနည်းငယ် သဘာဝမကျဖြစ်သွားသော်လည်း ပရိသတ်အားလုံးကမူ ထိုသို့ဖြစ်ရခြင်းမှာ သူနှင့် ထိုလူနှစ်ယောက်အကြားမှ ဆက်ဆံရေးကြောင့်ဟု ထင်လိုက်ကြပေသည်။


အစီအစဉ်မှူးက ပြုံးပြီးပြောလိုက်သည်။

" အရှင်စွေ့တဲ့လား... ဒါ အလယ်ခေတ်ပုံရိပ်ယောင်နယ်မြေကလူတွေ ချီချောင်းကို ခေါ်တဲ့ပုံစံပဲ...ထန်ဝေ့နဲ့ ယင်းကျန်းတို့ကလည်း ကျင့်ကြံရေးလောက ပုံရိပ်ယောင်နယ်မြေကလူတွေပဲ သူတို့တွေလည်း တော်တော်နာမည်ကြီးကြတယ်နော်..."


ထိုနေရာမှလူအားလုံးက ဝူးဝူး ဝါးဝါးအော်ဟစ်ကုန်ကြသည်။


ဟုတ်တယ် ဟုတ်တယ် သူတို့နှစ်ယောက်က နာမည်ကြီးပါတယ်...

သို့ရာတွင် ပရိသတ်များက အချို့သော အကြောင်းပြချက်များကြောင့် မကျေမနပ်ဖြစ်သွားခြင်းပင်။


အစီအစဉ်မှူးက ဆက်ပြောလာသည်။

" ကျွန်တော်လည်း ဒါကိုတော့သိချင်တယ်... ချီချောင်းရေ တကယ်လို့ သူတို့နှစ်ယောက်ကို အပြင်မှာ တွေ့မယ်ဆိုရင် ဘယ်သူ့ကို ပိုသဘောကျလောက်လဲ..."


စွေ့ချီချောင်းက ခြောက်ကပ်ကပ်ဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

" သူတို့တွေက ပုံစံချင်းတူတယ်လို့ မထင်ဘူးလား..."


အားလုံးက စွေ့ချီချောင်းပြောသည်က မှန်ကန်သည်ဟု တွေးနေမိသည်။

ဟုတ်သားပဲ... ထန်ဝေ့နဲ့ ယင်းကျန်းက စိတ်နေသဘောထားချင်းလည်း တော်တော်လေးဆင်တယ်...ဒါပေမဲ့ သူတို့နှစ်ယောက်ကို ယှဉ်ကြည့်ရမယ်ဆိုရင်တော့ ယင်းကျန်းက ပိုပြီးရဲတင်းတယ်...


အစီအစဉ်မှူးက သူဆိုလိုချင်သည်ကို သဘောပေါက်ပြီး ပြောလိုက်သည်။

" ဒါဆိုရင် ချီချောင်းက အကြိုက်တူတယ်ပဲ ပြောရမှာပေါ့... အဲဒါဆို အရင်တွေ့တဲ့သူကိုပဲ သဘောကျမှာမျိုးလား... မင်းက open relationship မျိုးကို ထောက်ခံတဲ့သူမျိုးတော့ မဟုတ်ဘူးမလား..."


စွေ့ချီချောင်းက ခဏတာ တိတ်ဆိတ်သွားပြီး တဖြည်းဖြည်းချင်း ပြန်ဖြေလိုက်သည်။

" ပုံရိပ်ယောင်နယ်မြေထဲမှာ ဖြစ်ခဲ့တာတွေကို အဲမှာပဲ ထားခဲ့လိုက်ပါမယ်... တကယ့်လက်တွေ့ကတော့ ပုံရိပ်ယောင်ထဲမှာ ဖြသ်ခဲ့တာနဲ့ မတူလောက်ဘူးလေ... ကျွန်တော် နှစ်ယောက်လုံးကို မရွေးတာလည်း ဖြစ်နိုင်ပါတယ်..."


ရှောင်ပိုင်က ပရိုဂရမ်ကိုကြည့်နေကြောင်းသိ၍ သူက အစီအစဉ်မှူးကို ထိုသို့ပြန်ဖြေခဲ့ခြင်းဖြစ်သည်။


အမှန်တွင်မူ သူက မှတ်ဉာဏ်တုလေယာဉ်ပေါ်‌တွင် တွေ့ကြုံခဲ့ရသည်များက အစစ်အမှန်နှင့်တူသောကြောင့် အလွန်သဘောကျခဲ့ခြင်းဖြစ်သည်။ သို့သော် သူ ပြောခဲ့သည်ကလည်း မှားယွင်းမနေပေ။ သူက ပုံရိပ်ယောင်နယ်မြေတွင် ရှောင်ပိုင်နှင့် မည်သည့်ဆက်ဆံရေးမျိုးမှ မရှိခဲ့ချေ။ 


အစီအစဉ်မှူးနှင့် ပရိသတ်များကမူ သူပြောလိုက်သည်ကို အဓိပ္ပါယ်တလွဲ သဘောပေါက်သွားကြသည်။


အရှင်စွေ့က ပုံရိပ်ယောင်နယ်မြေမှာ အကြာကြီး လယ်စိုက်ခဲ့ရတာကိုး... သူက အဲ့လူနှစ်ယောက်လုံးနဲ့ dateနေတာရော မဖြစ်နိုင်ဘူးလား... ဒါဆိုရင်တော့ ငါတို့တွေ အရှင်စွေ့ဆီကနေ အများကြီး မျှော်လင့်မိသလို ဖြစ်သွားပြီ...ငါတို့တွေ သူ့ရဲ့ အကျပ်အတည်းကို သဘောပေါက်သင့်တယ်... သူက နန်းဆောင်သုံးခုနဲ့ ခြံဝင်း၆ခုရှိတာ မဟုတ်ဘဲ လက်တွဲဖော် နှစ်ယောက်ပဲ ရှိခဲ့တာလေ...သူက လက်တွဲဖော်တစ်ယောက်ကို တခြားတစ်ယောက်မသေခင် တွဲခဲ့ပြီးတော့... ပထမလက်တွဲဖော်သေသွားတာနဲ့ နောက်တစ်ယောက်နဲ့ တွဲလိုက်တာပေါ့... အဲဒါကြောင့်မို့ သူ့ကို ဖြောင့်မတ်တယ်လို့ ယူဆလို့ရပါတယ်လေ...


ထိုအချိန်တွင် အစီအစဉ်မှူးက လင်းလင်း၏ အချက်ပြမှုကို လက်ခံရရှိလိုက်သည်။ ထို့ကြောင့် အစီအစဉ်မှူးက ဤမေးခွန်းကို မေးနေခြင်းအား ရပ်တန့်လိုက်တော့သည်။


စွေ့ချီချောင်းက နောက်ထပ်နံပါတ်တစ်ခုကို မဲနှိုက်လိုက်သည်။ ဤတစ်ကြိမ်တွင်မူ ပရိသတ်ဘက်က မေးလာသည်။ 

" ကျွန်တော်က အသေးစားစိုက်ပျိုးရေးကုမ္ပဏီတစ်ခုရဲ့ ခေါင်းဆောင်ပါ... အခုလက်ရှိ စိုက်ပျိုးရေးဈေးကွက်ရဲ့ ပြောင်းလဲမှုတွေကို ရင်ဆိုင်နိုင်ဖို့ဆိုရင် အနာဂတ်မှာ ဘာတွေလုပ်ထားသင့်တယ်ဆိုတာကို မေးချင်ပါတယ်..."


ဖာ့ခ်... ငါ နည်းနည်းတောင် စိတ်ရှုပ်လာပြီ... စွေ့ချီချောင်းရဲ့ပရိသတ်တွေထဲမှာ စိုက်ပျိုးရေးပညာရှင်တွေ ရှိနေတာက မထူးဆန်းပေမယ့် ပရိသတ်တွေ့ဆုံပွဲအချိန်ကြီးမှာ ဒီလူမေးခွန်းမျိုးမေးတာတော့ ထူးဆန်းလွန်းပါတယ်...


နေပါဦး... ဒီလိုအကြောင်းကြောင့်များ အဲ့လူက စွေ့ချီချောင်းရဲ့ပရိသတ် ဖြစ်သွားတာများလား...ပြီးတော့ အဲ့လူက ပရိသတ်တွေ့ဆုံပွဲအထိတောင်လာပြီး စွေ့ချီချောင်းကို မေးခွန်းတွေမေးနေပြီ...


စွေ့ချီချောင်းက ဤကိစ္စကို ထိုပရိသတ်နှင့် အလေးအနက် ဆွေးနွေးခဲ့သည်။ တစ်ဖက်လူ၏ အထူးပြုစီးပွားရေးကိုလည်း သူ မေးနမြန်းခဲ့ပေသည်။ ထိုလူက အပင်စိုက်ပျိုးရေးစနစ် သုတေသနလုပ်သည့်စီးပွားရေးလုပ်ကိုင်ပြီး မိသားစုများ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် နည်းလမ်းများကို အထူးပြုကြောင်း သိလိုက်ရသောအခါ သူ၏ နားလည်မှာအပေါ် အခြေခံ၍ ကိုယ်ပိုင်ထင်မြင်ချက်များ ပေးခဲ့သည်။ 


ထို့နောက်တွင် ကိစ္စအားလုံးက အထိန်းအကွပ်မဲ့သွားခဲ့သည်။ အားလုံးက ပြင်ဆင်ပြီးမှ ရောက်လာသူများဖြစ်ကြောင်း အစီအစဉ်မှူးက မသိခဲ့ပေ။ ရှေ့မှလူက စွေ့ချီချောင်းကို စိုက်ပျိုးရေးနယ်ပယ်နှင့် ပတ်သက်သည့်မေးခွန်းများ မေးပြီးသည့်နောက်တွင် ကျန်ရှိသည့်ပရိသတ်များကလည်း သူတို့ပြင်ဆင်လာသော မေးခွန်းများကို သတိရကုန်ကြသည်။ နောက်ပိုင်းတွင် စိုက်ပျိုးရေးနယ်ပယ်မှ ကျွမ်းကျင်သူများစွာက စွေ့ချီချောင်းကို ပရော်ဖက်ရှင်နယ်ကျသည့် မေးခွန်းပေါင်းစုံ မေးမြန်းကြတော့သည်။


အစပိုင်းတွင်မူ အစီအစဉ်မှူးက စကားအချို့ ပြောဆိုနိုင်သေးသည်။ သို့ရာတွင် နောက်ပိုင်း၌ သူတို့အမေးအဖြေပြုလုပ်နေသည့် အကြောင်းအရာများကို တစ်ခုမှ နားမလည်တော့၍ ဆွံအစွာဖြင့် ပါးစပ်ပိတ်နေရတော့သည်။ ကံကောင်းသည်မှာ ပရိသတ်အားလုံးက စိုက်ပျိုးရေးနှင့်ဆိုင်သည့်မေးခွန်းများ မမေးသောကြောင့်ပင်။ ရံဖန်ရံခါတွင်မူ အချို့သော ပရိသတ်များက " ကိုယ့်ရဲ့အစီအစဉ် ကိုယ်ပြန်ကြည့်ဖြစ်သေးလား" နှင့် "ဘယ်သရုပ်ဆောင်ကို သဘောကျလဲ" ဟူသော မေးခွန်းများ မေးတတ်သေးသည်။ 


....


နောက်ဆုံးတွင် စွေ့ချီချောင်းက ယနေ့ပေးလိုက်သော သစ်စေ့များကို သူ၏ အသီးအရွက်များမှ ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း ပရိသတ်များကို ပြောလိုက်သည်။ ထို့နောက်တွင် ပရိသတ်တွေ့ဆုံပွဲကို ပျော်ရွှင်စွာဖြင့် အဆုံးသတ်လိုက်လေ၏။


" အရမ်းကိုကောင်းတဲ့ တင်ဆက်မှုပဲ..."

လင်းလင်းက လက်ခုပ်တီးလျက် သူ့အနားသို့ရောက်လာသည်။ 

" ပြီးတော့ တော်တော်လေးစိတ်ဝင်စားစရာ ကောင်းတာတစ်ခုကို ကျွန်မ တွေ့ထားသေးတယ်..."


စွေ့ချီချောင်း: " ဟင်..."


" ကျွန်မ အခုတော့ မပြောဘဲ ချန်ထားလိုက်ဦးမယ် မနက်ဖြန်ကျ သိရမှာပါ..."

လင်းလင်းက သူ့ကို မျက်စိတစ်ဖက်မှိတ်ပြလိုက်သည်။

" ကောင်းပြီ မိတ်ကပ်တွေဖျက်ပြီးတော့ အနားယူလို့ ရပါပြီ..."


စွေ့ချီချောင်းက သူ့ကို LJJက စီစဉ်ပေးထားသော အိမ်ပုံစံ အဆောင်သို့ ပြန်လာခဲ့သည်။ သူ အိမ်နေရင်းအဝတ်အစားများလဲပြီး သူ့အသီးအရွက်အချို့ကိုယူကာ အချက်အပြုတ်စက်ထဲထည့်လိုက်လေသည်။ ယနေ့တွင် သူကိုယ်တိုင်ချက်ပြုတ်စားရန် စိတ်မပါနေပေ။ 


စွေ့ချီချောင်း ဆိုဖာကိုမှီပြီး အချက်အပြုတ်စက်က ချက်နေသည်ကို စောင့်ဆိုင်းနေလိုက်သည်။ အခန်းထဲတွင် ရုတ်တရက် အသံတစ်သံ ထွက်ပေါ်လာပေသည်။


" ပြီးသွားပြီလား..."



စွေ့ချီချောင်း နောက်လှည့်ကြည့်လိုက်သောအခါ ရှောင်ပိုင်က သူ့ခြေတံရှည်ကြီးများကိုဆန့်၍ ဆိုဖာပေါ်‌တွင် ထိုင်ပြီး ပေါင်မုန့်စားနေသည်ကို တွေ့လိုက်ရသည်။ ရှောင်ပိုင်ကို ပထမဆုံးတွေ့ချိန်၌ သူ အခန်းထဲကို ခိုးဝင်လာသည်ဟု ထင်လိုက်မိသော်လည်း ဂရုတစိုက်ကြည့်လိုက်သောအခါ သူ့ခန္ဓာကိုယ်ထောင့်မှ အပြာရောင် အလင်းဖျော့ဖျော့ကို မြင်လိုက်ရ၍ ၎င်းက ပုံရိပ်ယောင်တစ်ခုသာဖြစ်ကြောင်း သိလိုက်သည်။


စွေ့ချီချောင်းကို ရှောင်ပိုင်ကို သူ့dataအား access လုပ်ခွင့်မပြုထားပေ။ သို့ဖြစ်၍ ရှောင်ပိုင်က ချိုးဖောက်ဝင်လာသည်မှာ သိသာထင်ရှားပေသည်။ ရှောင်ပိုင်က စွေ့ချီချောင်း မည်သည့်နေရာတွင်နေသည်အား သိနေရုံသာမက သူ၏ network addressကိုပါသိနေ၍ ဤသို့ပြုလုပ်နိုင်ခြင်းကို အလွန်ထူးဆန်းသည်ဟု ထင်မနေတော့ပေ။


" ဒါ နည်းနည်းဝောာ့ မရိုင်းဘူးလား..."

စွေ့ချီချောင်းက ပြောလိုက်သည်။


" ကျွန်တော့်ကို မဆက်သွယ်ဘူးလေ..."

ကျန်းထန်ဝေ့၏စိတ်ထဲတွင် မှားယွင်းနေသည်ဟု ခံစားလိုက်ရပေသည်။

" ကျွန်တော့်ကို ghostသွားတာများလား..."


စွေ့ချီချောင်းက သူ့ကိုခွန်းတုံ့ပြန်လိုက်သည်။

" ငါမင်းကို ပြောပါဦးမယ် ပရိသတ်တွေ့ဆုံပွဲပြီးသွားတာ မိနစ် ၂၀ပဲရှိသေးတယ်လေ... ငါ ဒီကို ပြန်လာတဲ့လမ်းမှာ ကြာတဲ့အချိန်ကိုလည်း ထည့်တွက်လိုက်ပါဦး..."


ကျန်းထန်ဝေ့: " ဟုတ်လား... ဒါပေမဲ့ ကျွန်တော့်စိတ်ထဲ အရမ်းကြာနေပြီလို့ ထင်နေတာ..."


စွေ့ချီချောင်း "....."


" အဲ့လောက်ကြီးအထိ စိတ်ညစ်ပြနေစရာ မလိုပါဘူး ဟုတ်ပြီလား..."

ကျန်းထန်ဝေ့က ပေါင်မုန့်ကိုကိုက်စားလိုက်ပြီးနောက် ပြောလာသည်။ 

" ဒါတွေအကုန်လုံးက မင်းရဲ့အမှားတွေပဲ... တကယ်လို့ မင်းသာ ကျွန်တော့်ကိုမဖမ်းထားတဲ့အပြင် အထပ်ထပ်အခါခါ မနှိပ်စက်ဘူး၊ ကောင်းကောင်းမဆက်ဆံဘူး၊ ခဏခဏမရယ်ပြဘူးဆိုရင် ကျွန်တော့်ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေက ဒီလောက်ကြီးအပြောင်းအလဲဖြစ်ပြီး မင်းကို ကြိုက်မိမှာ မဟုတ်ဘူး..."


၎င်းက စွေ့ချီချောင်း၏ တွေးခေါ်ပုံကို တိုက်ခိုက်ရန်အတွက် ကျန်းထန်ဝေ့၏ နောက်ဆုံးကြိုးစားမှုရလဒ်ဖြစ်သည်။ အကယ်၍ သူ့ထံတွင် Stockholm Syndrome အမှန်တကယ်ရှိနေပါက စွေ့ချီချောင်းက ထိုကိစ္စအတွက် အမှန်ပင် တာဝန်ရှိပေသည်။


🌲🌲🌲


အခေါ်အဝေါ်လေးတွေအကြောင်း နည်းနည်းပြောပြချင်လို့ပါ၊ အရင် ပုံရိပ်ယောင်နယ်မြေမှာကတော့ ထန်ဝေ့နဲ့ ချီချောင်းစကားပြောတာကို မင်းနဲ့ ငါပဲ ရေးထားတာပါ၊ 


ထန်ဝေ့က အပြင်လောကမှာ စွေ့ချီချောင်းထက် အသက်ကြီးရင်ကြီး မဟုတ်ရင် ရွယ်တူလောက်ပဲလို့ ထင်ထားပေမယ့် အခုကျ ၁၇နှစ် ၁၈နှစ် အရွယ်ကောင်လေးဖြစ်နေတော့ စွေ့ချီချောင်းဘက်က ပြောတာကိုတော့ "မင်း ငါ" ပဲရေးထားပါတယ်


ထန်ဝေ့ဘက်က ပြောရင်ကျ သူက အပြင်လောကမှာ အသက်ပိုငယ်နေတဲ့အပြင် မဝံ့မရဲပုံစံလေးဆိုတော့ "ကျွန်တော်" လို့ သုံးနှုန်းလိုက်ပါတယ်၊ ပုံမှန်ဆိုရင် "ကျွန်တော်" ၊ "ခင်ဗျား" လို့ သုံးရမှာဆိုပေမယ့် ထန်ဝေ့ဘက်က စွေ့ချီချောင်းကို အရမ်းရင့်သီးအောင် မပြောတဲ့အပြင် အရင် ပုံရိပ်ယောင်နယ်မြေထဲမှာတုန်းကလည်း "မင်း" လို့ပဲ ခေါ်တာဆိုတော့ " ခင်ဗျား" နဲ့ "မင်း" လို့ပဲ သုံးလိုက်ပါတယ်၊ မြင်ရတာ တစ်မျိုးဖြစ်နေမှာစိုးလို့ စာအရှည်ကြီးနဲ့ ရှင်းပြလိုက်တာပါ🥺