Chapter 20
Viewers 4k

Chapter 20


"အာ………ငါ့ကိုမနှောင့်ယှက်စမ်းပါနဲ့ ဇီယွိရာ… အစ်ကိုခဏလောက် အိပ်‌ဦးမယ်…" ရွှီဇီယန်ကတွန့်လိမ်နေပြီး ဝိုးတိုးဝါးတားအသံဖြင့် ပြန်ပြောသည်။


ဇီယွိ?


ရွှီဇီရုန်၏မျက်လုံးတွေ အနည်းငယ် တွန့်ချိုးသွားသည်။ ရွှီမိသားစု၌ ဇီယွိဆိုသည့်နာမည်နဲ့လူကတစ်ယောက်ပဲရှိပြီး ထိုသူကလည်းမျိုးနွယ်စုခွဲမိသားစုကဖြစ်သည်။ ထပ်ပြောရရင် ဇီယွိဆိုသည့်လူကလည်း အသက်နှစ်ဆယ်ရှိနေပြီဖြစ်တာကြောင့် ရွှီဇီယန်ကသူ့ကိုယ်သူ 'အစ်ကို' ဆိုပြီး ပြောဖို့ဆိုတာမဖြစ်နိုင်ပေ။


သူ့စိတ်ထဲ၌ တိတ်တဆိတ်သံသယအဖြစ်သာ မှတ်ယူထားလိုက်တော့သည်။ ရွှီဇီရုန်ထပ်ပြီးတော့ စောင်ကိုဆွဲကာနိုးလေသည်။ "ကိုကိုအခုမထရင် ကျွန်တော်တို့နောက်ကျတော့လိမ့်မယ်! ကိုကိုက ကျွန်တော်ရဲ့ပထမဆုံးလက်တွေ့ပြိုင်ပွဲကို နောက်ကျစေချင်လို့လား?"


"အာ..........ဟုတ်သားပဲ………ဇီယွိကျောင်းနောက်ကျလို့မဖြစ်ဘူး!" ရွှီဇီယန်ဟာ သူ့စောင်ထဲကထွက်ကာ ထထိုင်လိုက်သည်။ သူပုံစံကအိပ်ချင်မူးတူးပုံစံဖြစ်နေပြီး သူ့ဆံပင်တွေကလည်း ကြက်မွေးပုံစံလို ရှုပ်ပွနေသည်။


ရွှီဇီရုန်တိတ်တဆိတ် သူ၏မှတ်စုစာအုပ်လေးထဲမှာ 'ကျောင်း' ဆိုသည့်စကားလုံးကို မှတ်ထားလိုက်ပြန်သည်။


"အမ်………ဒီတော့ ဇီရုန်ပေါ့ အာ…" ရွှီဇီယန်နောက်ဆုံးမှ အိပ်ချင်စိတ်တွေ ပျောက်သွားတော့သည်။ ရွှီဇီရုန်၏ဝိုင်းစက်နေသောမျက်လုံးတွေကို မြင်လိုက်ရပြီး အိုးမလံအုံပွင့်သွားသောကြောင့် သူဟာကုတင်ပေါ်ကနေဆင်းလာတော့သည်။


သူအရင်ကပြောခဲ့သလိုပဲ သူသေချာပေါက် ဒီညီ‌ငယ်လေးကိုဂရုစိုက်မှာလို့ပြောခဲ့ပေမယ့် အခုတော့ဒီညီငယ်လေးကပဲ သူ့ကိုမနက်တိုင်း ကုတင်ပေါ်ကနေလာနိုးနေရသည်။ ရှက်စရာကောင်းလိုက်တာ………………(≧▽≦)


သမ်းဝေလိုက်ရင်း ရွှီဇီယန်အဝတ်အစားတွေယူကာ သူ့ကိုယ်သူဝတ်ဆင်လိုက်သည်။ သူ့ဘေးမှာတော့ရွှီဇီရုန်က 'ဇီယွိ'ဆိုသည့်စကားလုံးကို အရေးတကြီးတွေးတောနေသည်။


'ဇီယွိ'ဆိုသည့်လူပုဂ္ဂိုလ်ကို သူရအောင်ရှာမယ်ဆိုရင် ရွှီဇီယန်ကဘာလို့ဒီလောက်ပြောင်းလဲသွားတယ်ဆိုသည့်အချက်ကို သူတွေ့ရလိမ့်မည်။


ရွှီဇီယန်၏အမူအရာက သွက်လက်မြန်ဆန်ပြီးသပ်ရပ်ပေသည်။ သူကအချိန်ခဏလေးအတွင်းမှာပင် ပြင်ဆင်လို့ပြီးသွားသည်။


သူတို့နှစ်ယောက်အပြင်သို့ထွက်လာချိန် လော့ရှီကတံခါးဘေးမှာမထသေးဘဲ ဒူးထောက်လျက်ရှိနေသေးသည်။ သူမဟာ ရွှီဇီယန်ကိုလည်းမြင်လိုက်ရော သူမအောက်နှုတ်ခမ်းကိုအသာလေးကိုက်လိုက်ပြီး သူမမှားသွားသည့်အမူအရာမျိုးကို သူမမျက်နှာ၌ဖော်ပြလိုက်သည်။


သူ့တံခါးဘေးမှာဒူးထောက်နေသည့် လော့ရှီကိုလည်းတွေ့ရော ရွှီဇီယန်အနည်းငယ်တုံ့ဆိုင်းသွားသည်။ "ဒီမှာဘာလုပ်နေတာလဲ?" ဒီလော့ရှီကဉာဏ်ပြေးတာကို သူမှတ်မိသေးသည်။ အဲဒါကို သူမကဘာလို့ဒီလိုဖြစ်နေရတာလဲ?


"သခင်လေး…………အဲ့ဒါအားလုံးက ဒီအစေခံမရဲ့အမှားတွေပါ… ကျွန်မ သခင်လေးဇီရုန်ကို ဒေါသထွက်အောင်လုပ်မိလိုက်တယ်…" လော့ရှီကအလျင်အမြန်ရှင်းပြလေသည်။


ရွှီဇီရုန်၏နှုတ်ခမ်းထောင့်က အမည်ဖော်မရသည့်အပြုံးကိုချိတ်ဆွဲလိုက်သည်။ ဒီကိစ္စကို ရွှီဇီယန် ဘယ်လိုကိုင်တွယ်မလဲဆိုတာ သူကြည့်ချင်သေးသည်။


"ဇီရုန်ကိုဒေါသထွက်အောင်လုပ်တယ်… ဟုတ်လား?" ရွှီဇီယန်အနည်းငယ် အံ့ဩသွားသည်။ ရွှီဇီရုန်ကအခုမှ ရွှီမိသားစုကို ရောက်တာမကြာသေးဘူး။ ပြီးတော့ သူကသူစိမ်းတွေကိုလည်းကြောက်သေးတာကို အဲလိုမျိုးကလေးက အခြားလူကြောင့်ဒေါသထွက်မယ်တဲ့လား။ သူဘယ်လောက်ထိ ချစ်စရာကောင်းလည်းဆိုတာ ပြောမနေနဲ့တော့။ ဒါကြောင့် သူဒေါသထွက်တယ်ဆိုတာ မဖြစ်နိုင်ပါ။ လော့ရှီက ဘာတွေများပြောလိုက်လို့ ဇီရုန်ကဒေါသထွက်သွားတာလည်းဆိုတာကို ရွှီဇီယန်အတွက်တွေးဖို့အလွန်ခက်ခဲသည်။


လော့ရှီကိုတစ်ချက်ကြည့်ပြီး သူပြောလိုက်သည်က "အဲ့လိုဆိုရင်လည်း အိမ်တော်ထိန်းကို မင်းဒီနေ့ကစပြီး လျှို့ရှန်အဆောင်ကနေ ပြောင်းရမယ်ဆိုတာကို သွားပြောလိုက်…"


လော့ရှီမျက်လုံးတွေပြူးကျယ်သွားပြီး မယုံနိုင်စွာ ရွှီဇီယန်အား စိုက်ကြည့်လိုက်သည်။


အကြောင်းအရင်းကတော့ သူမဘက်ကနေ အရင်လက်ဦးမှုယူပြီး ဖြစ်ပျက်သွားသည့်အကြောင်းအရာကို ဘာရည်ရွယ်ချက်မှမရှိသလိုပုံစံဖြင့် တိုင်တန်းမယ်ပေါ့။ ဒါပေမယ့် သခင်လေးကဘာရှင်းပြချက်မှမပေးဘဲ သူမကို လျှို့ရှန်အဆောင်က‌နေပြောင်းဖို့ပြောလိုက်သည်။ အရင်တုန်းက လော့ချီ ဒီနေရာကနေ ပြောင်းသွားရတော့ သူမဂုဏ်သိက္ခာဟာ အောက်သို့ထိုးဆင်းသွားပြီး အဝတ်လျှော်နေရာမှာအလုပ်လုပ်နေရသည်။ အကယ်၍ လော့ရှီလည်းပြောင်းခံရပါက……………


ထိုအကြောင်းကို သူမတွေးလိုက်ပြီး လော့ရှီမျက်နှာဟာ ဖြူစုတ်သွားသည်။ သူမခန္ဓာကိုယ်ဟာယိမ်းယိုင်လာပြီး မူးမေ့မလိုဖြစ်သွားသည်။


ရွှီဇီရုန် အလွန်အံ့ဩသွားသည်။ ရွှီဇီယန်က အကြောင်းအရာတွေကိုလျစ်လျူရှုပြီး လော့ရှီကိုချက်ချင်းအပြစ်ပေးလိမ့်မယ်လို့ သူဘယ်တုန်းကမှ မထင်ထားခဲ့မိ‌ပေ။


လျှို့ရှန်အဆောင်မှာ လော့ချီပြီးရင် လော့ရှီကဒုတိယနေရာမှာရှိတယ်ဆိုတာကို သူသေချာမှတ်မိသေးသည်။ ဒါပေမယ့် လော့ချီကလည်းပြောင်းသွားရပြီး အခုလော့ရှီကလည်း လျှို့ရှန့်အဆောင်ကနေ အဝေးကိုနှင်ထုတ်ခံလိုက်ရပြီဖြစ်သည်။ ဒီကိစ္စနှစ်ခုကိုကြည့်ပြီး ဒီရွှီဇီယန်နဲ့ အရင်ဘဝကရွှီဇီယန်က အလွန်ကိုကြီးမားသည့်ကွာဟမှုတွေရှိပြီး မတူညီသည့်လူနှစ်ယောက်ပုံစံဖြစ်နေသည်။ ရွှီဇီရုန် ထိုသံသယဖြစ်စရာအကြောင်းအရာတွေကို ဘယ်လိုမှစဉ်းစားမရတော့ပေ။


"သခင်လေး…………" လော့ရှီဟာရှင်းပြရန် သူမပါးစပ်ဟလိုက်သည်။


ဒါပေမယ့် ရွှီဇီယန်ကတော့ သူမပြောမယ့်အကြောင်းတွေကိုစိတ်ဝင်စားမှုမရှိပေ။ လော့ရှီ၏အပြုအမူနဲ့ လုပ်ဆောင်ပုံတွေကြောင့် အရင်ဘဝတုန်းရွှီဇီယန်နဲ့ သူမကျူးလွန်ခဲ့ဖူးသည်ဆိုတာကို သူသေချာမှတ်မိသေးသည်။ ဒါပေမယ့် ဒီဘဝမှာတော့ သူမကဘာမှမလုပ်ရသေးတာကြောင့် ပုံမှန်အတိုင်းပဲ သူကတော့ သူမ‌အပေါ်တိမ်းညွတ်တော့မှာမဟုတ်ပေ။


ဒါပေမယ့် အခုတော့ သူမက ရွှီဇီရုန်အပေါ်အမှားကျူးလွန်တာကြောင့် ထိုအရာကရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ၊ ရွှီဇီယန်ကတော့ သူမကိုလျှို့ရှန်အဆောင်မှာ ဆက်မနေခိုင်းစေချင်တော့ပေ။ သူ၏အရင်ဘဝက မှတ်ဉာဏ်ထဲက အတွေ့အကြုံတွေကိုယူပြီး ရွှီဇီရုန်ကိုမကွေးအောင်လုပ်ရမည်၊ ပြီးတော့ ရွှီဇီရုန်ကိုကလေးဘဝတုန်းက အနိုင်ကျင့်ခဲ့သည့်သူတွေနဲ့ ခပ်ဝေးဝေးနေခိုင်းရမည်။


မူလဘဝက ရွှီဇီရုန်ကိုအနိုင်ကျင့်ခဲ့သည့်လူတွေဟာ ရွှီဇီယန်၏စေခိုင်း‌မှုကြောင့်သာဖြစ်သည်။ အခုတော့ ရွှီဇီရုန်အပေါ်ထားသည့် သူ၏သဘောထားတွေက ပြောင်းလဲသွားလေပြီ။ ဒါကြောင့် အခြားလူတွေ၏ သဘောထားတွေကလည်း ပြောင်းလဲမှာအမှန်ပင်။ အနိုင်ကျင့်ခဲ့ကြသည့် လူတွေကလည်း သူတို့မျက်လုံးထဲမှာ ရွှီဇီရုန်ကိုသဘောမကျသလိုဘဲ ကြည့်နေမှာ၊ အခြားဘာမှလုပ်လို့ရမှာမဟုတ်ချေ။


ရွှီဇီယန်က မြေပြင်ပေါ်မှာလဲကျနေသည့် လော့ရှီကိုလျစ်လျူကာ ရွှီဇီရုန်နဲ့အတူ ရွှင်ပျစွာထွက်သွားတော့သည်။ ဒီလောကကြီးမှာ အားနည်းသည့်လူတွေက အားကြီးသည့်လူတွေ နင်းချေတာခံရမှာအမှန်ပင်။ ဒါပေမယ့် လူအားလုံးကို လိုက်ကာကွယ်ပေးဖို့ဆိုတာ သူ့အတွက်မဖြစ်နိုင်ပေ။ ဒါကြောင့် သူကာကွယ်ချင်သည့်တစ်ယောက်တည်းသောလူကိုပဲ သူ့အနားမှာထားမှာဖြစ်သည်။


လေ့ကျင့်ရေးကွင်းဆီသို့ သွားရာလမ်းတစ်လျှောက်တွင် ရွှီဇီယန်က သူ့မှတ်ဉာဏ်ထဲကနေဆင်ခြင်သုံးသပ်ပြီး သိသင့်သည့်အကြောင်းအရာတွေကို ရွှီဇီရုန်အားပြော‌ပြလေသည်။ ဒီနေ့ပြိုင်ပွဲမှာ ရွှီဇီယန်လည်း အကောင်းဆုံးလုပ်ဆောင်ရမည်။ အဲဒီနောက်မှာတော့ ယခု သူက အရင်ရွှီဇီယန်၏မှတ်ဉာဏ်ကို အသုံးပြုနေတယ်ဆိုပေမယ့် အရင်ရွှီဇီယန်အတိုင်းတော့ အရာအားလုံးကို သူလုပ်နိုင်မဟုတ်ချေ။


ရွှီဇီရုန်က ရွှီဇီယန်အလေးအနက်ပြောသမျှကို အပြုံးလေးဖြင့် နားထောင်လေသည်။ ထိုအချိန်မှာ သူ့စိတ်ထဲ၌ခံစားနေရသည့်ခံစားချက်ကို သူမရှင်းပြနိုင်ချေ။ 


ရွှီဇီယန် သူ့ကိုပြောပြနေသည့် အကြောင်းအရာတွေက အခုလက်ရှိသူ့အတွက် ဘာမှအကျုံးမဝင်ဘူး။ အကယ်၍ သူသာ တကယ့်ရှစ်နှစ်အရွယ်ကလေးတစ်ယောက်သာ ဖြစ်နေပါက ရွှီဇီယန်ပြောသမျှက သူသိထားသင့်သည့်အကြောင်းအရာများဖြစ်သည်။


အကယ်၍ သူသာ အရင်ရွှီဇီယန်ဖြစ်နေပါက ဟန်ဆောင်သက်သက်သာဖြစ်ပြီး အခွင့်အရေးကိုအသုံးချကာ ပြိုင်ပွဲအတွင်း၌ ရွှီဇီရုန်ကို တောအုပ်ထဲမှာတိတ်တဆိတ်ပစ်ထား၍ ရပေသည်။ ပြီးတော့ တောကောင်တွေများပြားသည့်တောအုပ်ကြီးထဲမှာ ဘာမဆိုဖြစ်သွားနိုင်သည်။ ဒါပေမယ့် ရွှီဇီယန်က သူ့ကိုအတည်ပေါက်ကြီး သိထားရမည့်အရာတွေကို အသေးစိတ်ရှင်းပြနေတော့ သူ့အား တောအုပ်ထဲမှာ ပစ်ထားဖို့အစီအစဉ်မရှိလောက်ဟု ရွှီဇီရုန်ယုံကြည်လိုက်တော့သည်။


သူ့စိတ်ထဲမှာ သက်ပြင်းအနည်းငယ်ချလိုက်ပြီး ဒီရွှီဇီယန်ကို ရွှီဇီရုန် ဘယ်လိုမှ နားမလည်နိုင်တော့ပေ။


"အားလုံးသေချာမှတ်မိရဲ့လား?"


"ကျွန်တော်မှတ်မိပါတယ်…" ရွှီဇီရုန်က လိမ်မာပြီးထက်မြက်သည့်အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ "ကျွန်တော် ကိုကိုနောက်ကနေ ထပ်ကြပ်မခွာလိုက်ရမယ်…"


"အင်း… လိမ်မာတယ်… နောက်ပြီးတော့ မင်းပိုလုံခြုံအောင် ငါအခြားလူတွေကို ရှာလိုက်ဦးမယ်…" ရွှီဇီယန်က ရွှီဇီရုန်ပုခုံးကိုပုတ်ကာ ပြောလိုက်သည်။


လူနှစ်ယောက်က ကျောက်တုံးလှေကားတွေပေါ် တစ်ထစ်ချင်းတက်လာကြပြီး လျင်လျင်မြန်မြန်ပင် တောင်ထိပ်သို့ရောက်သွားတော့သည်။ လေ့ကျင့်ရေးကွင်း၏မြေကွက်လပ်၌ ရွှီမိသားစု၏ကလေးတွေ ဒါဇင်လောက်က သူ့အဖွဲ့နှင့်သူ စုဝေးနေကြသည်။ ကြည့်ရသလောက်တော့ တော်တော်များများက အသင်းဖွဲ့ပြီးသွားကြပြီဖြစ်မည်။


ရွှီဇီယန်ရောက်လာတော့ လူတော်တော်များများ မကြည့်ဘဲမနေနိုင်ကြပေ။ ရွှီဇီယန်က ယခုဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ရောက်ထားပြီဆိုတာကို လူတိုင်းကသိထားကြသည်။ အကယ်၍ သူတို့တွေသာ သူနဲ့အတူသွားပူးပေါင်းလိုက်ရင် ပိုပြီးတော့လုံခြုံပြီး စိုးရိမ်မှုလည်း လျော့နည်းလိမ့်မည်။


ရွှီဇီယန်သည် ကျော်ကြားပြီး ဘယ်အသင်းမဆို သူ့ကို လက်ခံမယ်ဆိုတာသိပေမယ့် သာမန်အသင်းမျိုးကိုတော့ သူမရွေးချင်ပေ။


အားလုံးကိုဂရုတစိုက်ကြည့်နေပြီး သူ့မှတ်ဉာဏ်ထဲကအကြောင်းအရာနဲ့သုံးသပ်ကြည့်ကာ ထောင့်နားမှာရပ်နေသည့်လူသုံးယောက်ကို အလျင်အမြန်ပင် သူ‌ရှာတွေ့သွားသည်။


သူက ရွှီဇီရုန်ကိုခေါ်သွားပြီး ထိုနေရာသို့လျှောက်သွားကာ ကောင်မလေးက သူမမေးခင်မှာပင် လှည့်ကြည့်လာသည်။ 

"ငါတို့တွေ… မင်းတို့အဖွဲ့နဲ့ ပူးပေါင်းလို့ရမလား?"


ကောင်မလေးကသူမခေါင်းကို ငုံ့ပြီးကြည့်လာတာကြောင့် ရုတ်တရက် ရွှီဇီရုန်မျက်ခုံးလှုပ်သွားသည်။


"နင်ကငါတို့နဲ့ပူးပေါင်းချင်လို့လား?" ကောင်မလေး၏အမူအရာကအေးစက်နေပြီး ရွှီဇီယန်ကိုစေ့စေ့စပ်စပ်ကြည့်ကာ မေးလိုက်သည်။


သူ့ကိုသုံးသပ်တာလောက်ကတော့ ရွှီဇီယန်လက်ခံပေသည်။ ဒီမိန်းကလေးလည်း အံ့ဩသွားလိမ့်မည်ဆိုတာ သူသိသည်။ ပြီးတော့ အရင်ရွှီဇီယန်နဲ့ ဒီကောင်မလေးက ပြိုင်ဘက်တွေ၊ ဘယ်လိုကိစ္စမျိုးပဲရှိရှိ အရင်ရွှီဇီယန်က သူမနဲ့အသင်းဖွဲ့မှာမဟုတ်ပေ။


ဒါပေမယ့် အခုကရွှီဇီယန်ကတော့မတူဘူး။ သူကအရွယ်ရောက်ပြီးသားလူတစ်ယောက် ဆယ်ကျော်သက်အရွယ်ကြားက မနာလိုမှုတွေအတွက်နဲ့ တော်သည့်အဖွဲ့ကို သူလက်မလွတ်နိုင်‌ပေ။ ပြီးတော့ အရင်ရွှီဇီယန်က သူမအားအမြဲတမ်းအထင်သေးသည့်အကြည့်နဲ့ ကြည့်တာကို တွေးမိလိုက်သည်။ ဘာကြောင့်လဲဆိုတော့ သူက ရွှီမိသားစု၏မျှော်လင့်ချက်လို့ သူ့ကိုယ်သူတွေးထင်ထားသည်။ ဒါကြောင့် သူဟာ ကမ္ဘာကြီးကို အလင်းပေးနေသည့်နေမင်းကြီးလိုမျိုး အားလုံးက သူ့ကိုဆက်ဆံရမည်ဟု ယုံကြည်ထားသည်။ ဒီမိန်းကလေးက သူ၏ကျင့်စဉ်အဆင့်ထက်နိမ့်ပေမယ့် အခြားကလေးတွေလိုမျိုး သူ့အားကပ်ဖားလေ့မရှိတာကြောင့် သူမအနားမှာနေရတာ သူအလွန်ကိုစိတ်မသက်သာသလိုခံစားရသည်။


အခု ရွှီဇီယန်ကတော့ chūnibyō(လူပျိုဖော်ဝင်ချိန်)ခံစားချက်လည်းမရှိသလို၊ သူ့ခန္ဓာကိုယ်ကသာ ကလေးအရွယ်ဖြစ်နေတာ၊ သူ့စိတ်ကအရွယ်ရောက်ပြီးသားဖြစ်တာကြောင့် ဒီလိုကလေးဆန်သည့်အရာတွေ လုပ်မှာမဟုတ်ပေ။


သူတို့ကို သူ့အဖွဲ့သားအဖြစ်ရွေးရတာက သိသိသာသာကို သူတို့တွေက သန်မာနေလို့ပဲဖြစ်သည်။ အဖွဲ့၏အင်အားတောင့်ရင် ရွှီဇီရုန်ပိုပြီးဘေးကင်းလိမ့်မည်။


"ဘာလဲ? မင်းတို့က ငါတို့ကို မပူးပေါင်းစေချင်ဘူးလား?" ရွှီဇီယန်က သူ့မျက်ခုံးကိုပင့်လိုက်ပြီး ဆွပေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။


မိန်းကလေး၏မျက်နှာကမဲ့သွား၏။ "ငါတို့က နင့်ကိုဝင်စေချင်ပါတယ်… ဘာကိစ္စကြောင့်မဝင်စေချင်ရမှာလဲ? ဒါပေမယ့်…………" ရွှီဇီရုန်ဘက်ကိုကြည့်ကာ သူ‌မလေ့သံပြောင်းလဲသွားသည်။ "သာမန်မိန်းမတစ်ယောက်ရဲ့ကလေးကိုတော့ ငါတို့မလိုအပ်ဘူး…"


ရွှီဇီရုန်၏မျက်နှာဟာ မည်းမှောင်သွားသည်။ ဒီလိုလေသံမျိုးပြောသည့် ဒီမိန်းကလေးကို သူမုန်းသည်။


တစ်ဖက်မှာတော့ ရွှီဇီယန်အမူအရာက လေးတွဲ့သွားသည်။ "နှစ်ယောက်စလုံးကိုဝင်ခိုင်းမှရမယ်… မဟုတ်ရင် ငါတို့အခြားအသင်းပဲသွားရှာလိုက်တော့မယ်… ငါ့ရဲ့ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်နဲ့ဆိုရင် အခြားအသင်းကိုရှာဖို့လည်း ဘယ်လောက်မှစိုးရိမ်စရာရှိမှာ မဟုတ်လောက်ဘူးလို့ငါထင်တယ်…"


ကောင်မလေးက ရွှီဇီရုန်ကိုအကြိမ်အနည်းငယ်လောက် စိုက်ကြည့်ပြီး သူမအနောက်က ကောင်လေးနှစ်ယောက်ဘက်လှည့်ကာ တိုင်ပင်လေသည်။ နောက်ဆုံးတော့ သူမသဘောတူလိုက်သည်။ "ပထမဆုံးအနေနဲ့ နင့်ရဲ့ညီကိုနင်ကိုယ်တိုင်ပဲကာကွယ်ရမယ်…"


"ကိစ္စမရှိဘူး…"


"ငါတို့တွေရဲ့ဝေစုတွေကိုလေးပုံပုံပြီး နင်တို့နှစ်ယောက်ပေါင်းတစ်ပုံပဲယူရမယ်…"


"အဲဒါလည်းအဆင်ပြေတယ်…"


"ညှိနှိုင်းလို့အဆင်ပြေသွားပြီဆိုတော့…" ကောင်မလေးကသက်ပြင်းတစ်ချက်ချလိုက်ရင်း ဆိုသည် "ငါတို့ရဲ့အသင်းကနေ ကြိုဆိုပါတယ်…"


ရွှီဇီယန်ခပ်ရေးရေးပြုံးလိုက်သည်။ ထက်မြက်ပြီးပြက်သားသည့်လူတွေကို သူသဘောကျသည်။ သူတို့နဲ့အလုပ်လုပ်ရတာက အချိန်မကုန်၊လူမပင်ပန်းပေ။


အစကနေအဆုံး ဘယ်သူမှရွှီဇီရုန်၏ထင်မြင်ချက်ကို မမေးသွားပေ။ ဟုတ်တာပေါ့၊ သူ၏ကျင့်စဉ်အဆင့်က နိမ့်သေးတာဆိုတော့ သူထင်မြင်ချက်တွေကလည်း ဘာမှအရေးမပါ၊၊အရာဝင်မှာမဟုတ်ပေ။


ရွှီဇီရုန်ကတော့ အရှက်ရတယ်လို့ မခံစားရပေ။ လူတစ်ယောက်ကို ကျင့်ကြံခြင်းအဆင့်နဲ့ တန်ဖိုးဖြတ်ကြတာဆိုတော့ သူ့အနေနဲ့ အခုဘာအဆင့်မှမရှိဘူးလို့ထင်ကြမှာ အမှန်ပင်ဖြစ်သည်။


မကြာခင်မှာပဲ လေ့ကျင့်ရေးကွင်း၏ ဟင်းလင်းပြင်အရှေ့က စင်မြင့်ပေါ်သို့ ရွှီမော့တက်လာတော့သည်။ သူ့အနားမှာရှိသည့် ရွှီမိသားစု၏ ရာချီနေသောကလေးတွေကို ကြည့်လိုက်ရင်း သူကအသံကျယ်ကျယ်ဖြင့် ကြေညာလိုက်တော့သည်။ 

"ဒီပြိုင်ပွဲက တောအုပ်ရဲ့အစွန်းအဖျားနားအထိ သတ်မှတ်ထားပါတယ်… မြစ်နဲ့ပိုင်းခြားထားတာမို့ ဒုတိယဧရိယာနယ်မြေကို ခွင့်မပြုဘဲမဝင်ပါနဲ့… တစ်ယောက်ချင်းစီတိုင်းဟာ မင်းတို့ကိုယ်မှာချိတ်ဆွဲဖို့ အကာအကွယ်ကျောက်စိမ်းပြားတွေယူရပါမယ်… မမျှော်လင့်ဘဲ မင်းတို့ကျင့်စဉ်ထက်မြင့်တဲ့တောကောင်နဲ့ကြုံလာပါက မင်းတို့ရဲ့ကျောက်စိမ်းပြားကိုချိုးလိုက်ပါ… အဲဒီမှာဆရာတစ်ယောက်ယောက်က မင်းကိုလာကယ်မှာဆိုပေမယ့် မင်းပြိုင်ပွဲကနေထုတ်ပယ်ခံရမှာပါ… ဒီနေ့နေမဝင်ခင်အထိ မင်းကျင့်စဉ်အဆင့်နဲ့ တူညီတဲ့တောကောင်အရေအတွက်ကို ယူလာရမှာဖြစ်တယ်… မင်းတို့ရဲ့ကျင့်စဉ်ထက်ပိုတဲ့ တောကောင်အရေအတွက်အပိုကို ဖမ်းလာခဲ့မယ်ဆိုရင် အဲဒါတွေကိုရောင်းပြီး မင်းတို့ရဲ့ဝေစုထဲထည့်ပေးပါ့မယ်…"


ပြောပြီးသည်နှင့် ကျင့်စဉ်နိမ့်သောကလေးတွေကို တစ်ချက်ကြည့်လိုက်ကာ "စွမ်းအင်အလုံအလောက်မရှိဘူးဆိုရင် တောနက်ထဲကိုမသွားပါနဲ့… ကျင့်စဉ်နိမ့်တဲ့တောကောင်တွေလည်း တောအုပ်ရဲ့အစွန်းအဖျားနားမှာ ရှိကြပါတယ်… တကယ်လို့ တစ်‌စုံတစ်ယောက်သာတုံးအပြီး မမျှော်လင့်ဘဲ စွမ်းအားကြီးတဲ့တောကောင်နဲ့တွေ့ခဲ့ရင် ကျောက်စိမ်းပြားကိုလည်း ချိုးဖို့မမှီ‌တော့ဘူးဆိုရင် မင်းတို့အလကားသေရရုံပဲရှိမယ်…"


သူ၏စကားလုံးတွေဟာ လူအားလုံးကိုဖမ်းစားသွားစဉ်မှာပင် ရွှီမော့ကစင်မြင့်ပေါ်ကနေဆင်းကာ အခန်းတစ်ခုဆီဝင်သွားပြီး ပြိုင်ပွဲကိုစတင်ကျင်းပလိုက်တော့သည်။


#TK