Chapter 21
Viewers 4k

Chapter 21


ဖောက် ဖောက် ဖောက် ! ထိုအသံနဲ့အတူ ပြိုင်ပွဲကိုစတင်လိုက်၏။ သတ္တုဘောင်များဟာ ရုတ်တရက်ရွေ့လျားသွားပြီး လေ့ကျင့်ရေးကွင်းဘေး၌ ကျောက်ကမ်းပါးပေါ်လာလေသည်။ သတ္တုဘောင်တွေအားလုံးဟာ လူတစ်ယောက်စာသာကျယ်ပြီး အစွန်းတိုင်းမှာ လက်တစ်လုံးစာလောက်ထူသည့်ကြိုးတွေကိုချထားသည်။


ကောင်လေးတွေရော၊ကောင်မလေးတွေရော အားလုံးဟာ တစ်ယောက်ကိုတစ်ယောက်ကြည့်လာကြသည်။ ဒီကြိုး၏နောက်ကွယ်က အကြောင်းအရာကို သိနိုင်လောက်သည်အထိ အားလုံးကဉာဏ်ထက်ပြီးသားဖြစ်ကြသည်။ သူတို့မျက်နှာတွေအားလုံး ဖြူစုတ်သွားကြသည်။


ရွှီမော့ကအခန်းတွင်းမှထွက်လာသည်။ လူအားလုံးဟာ လေ့ကျင့်ရေးကွင်းထဲ၌ပဲရှိနေသေးတာကို သူမြင်လိုက်ရပြီးနောက် အော်ကာပြောလိုက်တော့သည်။ 

“မင်းတို့ဘာကြည့်နေကြတာလဲ? မြန်မြန်မထွက်ခွာကြသေးဘူးလား?”


လူငယ်လေးတစ်ယောက်တံတွေးမျိုချလိုက်သည်။ ကြောက်ရွံ့စွာဖြင့် သူမေးလိုက်ကာ “ဆရာမော့… ကျွန်တို့အဲ့အောက်ကို..………ဒီကနေ ဆင်းရမှာလား?”


ရွှီမော့မျက်နှာဟာ မဲမှောင်သွားသည်။ “အသုံးမကျတဲ့ကောင်၊ မင်းတို့အတွက် ငါ နဂါးသားရေကြိုးကိုချပေးထားတာ အလှကြည့်ဖို့များထင်နေလား?”


မိန်းကလေးတစ်ယောက်က ကျောက်ကမ်းပါးအစွန်းနားကိုသွားတာ အောက်သို့ငုံ့ကြည့်လိုက်သည်။ အောက်မှာရှိသည့် ချွန်ထက်နေသောကျောက်တုံးကျောက်ခဲတွေကို ဒီလောက်အမြင့်ကနေ ကြည့်လိုက်ရင်ပင် မူးဝေသွားစေသည်။ သူမကနောက်သို့ဆုတ်ကာ ပြောလိုက်သည်။ “ဆရာမော့ ကျွန်မတို့ တောင်ပေါ်ကနေ လှေကားနဲ့ပဲဆင်း…………”


“ဘာကိစ္စလှေကားကနေဆင်းရမှာလဲ!” ရွှီမော့ကဒေါသထွက်စွာ အော်ပြောလေသည်။ “မင်းတို့တွေအားလုံးက အလကားသက်သက်အချိန်ဖြုန်းနေကြတာပဲ။ နဂါးသားရေကြိုးကိုအသုံးပြူပြီး အောက်ကိုဘယ်လိုဆင်းရလဲ မင်းတို့မသိဘူးလား? ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့အားလုံးက တတိယချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ပြီးသားလေ! ဒီလာက်အမြင့်လေးကို ဘာလာကြောက်နေတာလဲ?”


ရွှီမော့အဆူခံလိုက်သောကြောင့် ကောင်မလေးဟာ ခေါင်းငုံ့ပြီး သူမအောက်နှုတ်ခမ်းကိုကိုက်ကာ တိတ်သွားတော့သည်။ ဒါပေမယ့် သူမထိုအမြင့်ကိုမြင်လိုက်ချိန် လူတွေကိုမူးဝေစေတာကြောင့် သူမဘယ်လိုမှမတတ်နိုင်ဘဲ အနောက်ကိုအနည်းငယ် ပြန်ဆုတ်လိုက်ရသည်။ 


“မြန်မြန်လုပ်ကြ၊ အချိန်ဖြုန်းမနေနဲ့၊ အောက်ကိုမဆင်းတဲ့သူတွေ မနက်ဖြန်ဒီလေ့ကျင့်ရေးကွင်းကို မလာခဲ့နဲ့!” မျက်နှာထားတင်းတင်းဖြင့် ရွှီမော့၏ဆူသံကြောင့် အားလုံးဟာအကြောက်တရားတွေဖြင့် တိတ်သွားကြတော့သည်။


ဒီလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်ရဖို့ဆိုရင် သူတို့တွေဟာရွှီမိသားစုကဖြစ်ရမည်ဖြစ်ပြီး စွမ်းရည်တွေကလည်း အတော်အသင့်ကောင်းမွန်ရမည်။ ကျင့်ကြံသူလူဦးရေအရေအတွက်က ကျင့်ကြံခြင်းမိသားစု၏စွမ်းအင်ကိုဖော်ပြသည်။ အကယ်၍ ရွှီမော့နှင်ထုတ်ခြင်းကိုသူတို့ခံရပါက သူတို့၏ကျင့်ကြံခြင်းလမ်းစဉ်ကို လျော့ခိုင်းတာနှင့်အတူတူပင်ဖြစ်သည်။ သူတို့တွေစိတ်မပါဘူးဆိုရင်တောင် သူတို့မိဘတွေကတော့ ခွင့်ပြုမှာမဟုတ်ဘူး။


လေ့ကျင့်ရေးကွင်းကို ဝင်ခွင့်ရတာဟာ ဂုဏ်ရှိသလို လေ့ကျင့်ရေးကွင်းကနေ နှင်ထုတ်ခံရတာကလည်း အလွန်အမင်း ရှက်စရာကောင်းပေသည်။ ထိုအရာက သူတို့အိမ်ရဲ့မိသားစုဂုဏ်ကို ဖျက်စီးတာနှင့်အတူတူပင်ဖြစ်သည်။


အများစုဟာတုံ့ဆိုင်းနေကြပြီး တချို့တွေကတော့ သတ္တိရှိစွာ သတ္တုဘောင်နားကို လျှောက်သွားကြသည်။ 


ရွှီမော့ပြောသလိုပဲ မနေ့တနေ့ကမှဝင်လာသည့်ရွှီဇီရုန်ကလွဲရင် ကျန်သည့်လူအားလုံးဟာ အနည်းဆုံးတော့ တတိယချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိကြသည်။ ကြိုးနဲ့ကျောက်ကမ်းပါးကနေ ဆင်းတာလောက်တော့ သူတို့အတွက် ဘာအန္တရာယ်မှမရှိပေ။ ဒီလိုပုံစံအားလုံးကို လေ့ကျင့်ရေးကွင်းမှာ သူတို့အားလုံးလေ့ကျင့်ဖူးပြီးသားဖြစ်သည်။ ဒါပေမယ့် ချောက်ကမ်းပါးအောက်ကအမြင့်ကို ပထမဆုံးအကြိမ်မြင်ဖူးတာဆိုတော့ ကြောက်စိတ်ကတော့ရှိကြလေသည်။


ပထမဆုံးတစ်ယောက် ဆင်းသွားပြီးနောက်မှာတော့ ဒုတိယတစ်ယောက်ကဆက်လက်၍ ဆင်းလေသည်။ နဂါးသားရေကြိုးနဲ့ ဆင်းသွားကြသည့် ရှေ့ကသုံးလေးယောက်က ဘာဒဏ်ရာမှမရတာကိုမြင်ကြတော့ အခြားလူတွေကလည်း ဆင်းဖို့ပြင်ဆင်ကြတော့သည်။


နဂါးသားရေကြိုးကို တစ်ချက်ကြည့်ပြီးနောက် ရွှီဇီရုန်အား ရွှီဇီယန်လှည့်ကြည့်လိုက်သည်။ သူ့စိုးရိမ်စိတ်ကတော့ပျောက်မသွားဘူး။ အားလုံးတွေးကြသလိုပဲ ရွှီဇီရုန်ကမနေ့တနေ့ကမှ ကျင့်ကြံခြင်းလမ်းစဉ်ထဲဝင်လာတာဖြစ်သည်။ သူ့ခန္ဓာကိုယ်ထဲမှာကလည်း စိတ်ဝိညာဉ်စွမ်းအင်တွေက အများကြီးရှိသေးမှာမဟုတ်သေးဘူး။ သူ့ကိုဒီနဂါးသားရေကြိုးဖြင့် ဆင်းခိုင်းဖို့ကဘယ်လိုမှမဖြစ်နိုင်ပါ။ မဆင်းပြန်ရင်လည်း ရွှီမိသားစုရဲ့စည်းကမ်းဖောက်ဖျက်ရာကြအုန်းမည်။


ရွှီဇီရုန်ကလေ့ကျင့်ရေးကွင်းကို အလယ်လောက်ကနေ စပြီးဝင်တယ်ဆိုပေမယ့် ထိုနေရာသို့ဝင်တာနဲ့ အားလုံးနှင့်တန်းတူစည်းကမ်းလိုက်နာရလိမ့်မည်။ ရွှီဇီယန်ဟာရွှီဇီရုန်အတွက်ဆိုရင် ဘယ်လိုအခြေအနေမျိုးပဲဖြစ်ဖြစ် သူအကောင်းမွန်ဆုံးပြုလုပ်ပေးမှာဖြစ်ပြီး သူ့အတွက်လိမ်လည်လှည့်ဖျားဖို့ပဲဖြစ်ဖြစ် ဘာမဆိုလုပ်ပေးမှာဖြစ်ပေမယ့် ဒီတစ်ချိန်တော့ ရွှီဇီရုန်ကို ကျောက်ကမ်းပါးပေါ်ကနေ တစ်ယောက်တည်းဆင်းဖို့ သူလုံးဝခွင့်မပြုနိုင်ဘူး။ 


“ဇီရုန် အကယ်၍ မင်းကြောက်လို့ရှိရင် ကိုကို,ကိုတင်းတင်းဖတ်ထားပြီး မျက်လုံးကိုမှိတ်ထားနော်… ဟုတ်ပြီလား?” ရွှီဇီယန်ကအသံတိုးတိုးဖြစ်ပြောလိုက်သည်။ အခုအချိန်မှာ သူအခြားအစီအစဉ်တွေကို ဘာမှစဉ်းစားမရတော့တာကြောင့် ဇီရုန်ကို သူကိုယ်တိုင်ပဲအောက်ချပေးရလိမ့်မည်။ လူနှစ်ယောက်ရဲ့အလေးချိန်ဆိုတော့ နည်းနည်းတော့ အရဲစွန့်ရာကျပေမယ့် သေချာတွေးဆပြီးနောက် ဒီလိုလုပ်တာက အန္တရာယ်သိပ်မရှိဘူးဆိုတာကို ယုံကြည်လိုက်သည်။


ရွှီဇီရုန်ကရွှီဇီယန်အားကြည့်ကာ ခေါင်းညိတ်လိုက်သည်။ 

“ကျွန်တော်သိပါပြီ ကိုကို”


“လိမ်မာလိုက်တဲ့ကလေး၊ မင်းဘာမှတွေးနေစရာမလိုဘူးနော်။ ဒီအတိုင်း မင်းရဲ့ကိုကို,ကို ဖတ်ထားရင်ရပြီ။” ရွှီဇီယန်ဟာရွှီဇီရုန်လက်ကိုကိုင်ကာ သတ္တုဘောင်ဘက်သို့ ဦးဆောင်၍သွားလေသည်။ သူတို့အရှေ့ကနေလူတစ်ဝက်လောက်က ဆင်းသွားကြပြီဖြစ်ပြီး လူအနည်းငယ်လောက်သာ ကျန်တော့ပေမယ့် ရွှီမော့ကတော့ကြည့်မြဲတိုင်းသာကြည့်နေလေသည်။ 


ရွှီဇီယန်ကသူ့ဆေးအိတ်ထဲမှာရှိသည့် ကြိုးကိုထုတ်ယူကာ သူ့ကိုယ်သူချည်ပြီးနောက် ရွှီဇီရုန်ကိုလည်းချည်လိုက်လေသည်။ သူဒီလိုမျိုးစည်းကမ်းကို လက်တစ်လုံးခြားလုပ်တာ ရွှီမော့ကတမင်မမြင်ချင်ယောင်ဆောင်ထားခြင်းဖြစ်သည်။ နောက်ပြီးတာ့ ရွှီဇီရုန်ကဒီကိုရောက်တာ ရက်အနည်းငယ်သာရှိသေးသည်။ ဒီလိုရှစ်နှစ်အရွယ်ကလေးကို အောက်ဆင်းခိုင်းမယ်ဆိုရင် အန္တရာယ်ကြုံနိုင်ပြီး အဆင်ပြေမည်မဟုတ်ချေ။


ရွှီဇီရုန်ကရွှီဇီယန်ကို တင်းကြပ်စွာဖတ်ထားလိုက်၏။ ဆယ်ကျော်သက်အရွယ်၏ခန္ဓာကိုယ်က အနည်းငယ်နွေးထွေးသလို ခံစားရသည်။ သူဟာသွေးပင်လယ်နှလုံးကျင့်စဉ်ကိုကျင့်လို့လားတော့မသိဘူး။ သူ၏ခန္ဓာကိုယ်အပူချိန်က အနည်းငယ်လျော့သည်။ ထိုအကြောင်းကို သူသိပ်ပြီးအလေးမထားပေမယ့် ရွှီဇီယန်ကိုသူဖတ်လိုက်သည့်အချိန်၌ ရေနွေးပူလိုမျိုးထူးခြားသည့်ခံစားချက်၊နွေးထွေးမှုကို သူခံစားလိုက်ရသည်။


အဲ့ဒါကအရမ်းလည်းသက်သောင့်သက်သာရှိပြီးတော့ အရမ်းလည်းနွေးထွေးသည်။ ပြီးတော့ သူ၏ကျောပြင်ကို ပွေ့ဖက်လာသည့်လက်မောင်းက သိပ်တော့မသန်မာပေမယ့် လွတ်ချမည့်အရိပ်အယောင်မျိုးမရှိဘဲခိုင်ခံ့နေသည်။ 


ရွှီဇီယန်က သူ့ကိုလွှတ်ချမှာမဟုတ်ဘူးဆိုတာ ရွှီဇီ

ရုန်သိသည်။ ရွှီဇီယန်ဘာလို့ဒီပုံစံမျိုးဖြစ်နေရတာလဲဆိုတာ သူသေချာမသိပေမယ့် သူယုံကြည်မိနေတုန်းပဲဖြစ်သည်!


“တင်းတင်းဖတ်ထား!” ရွှီဇီယန်ကအသံတိုးတိုးဖြင့်ပြောလိုက်သည်။ နဂါးသားရေကြိုးကို သူ့ခါးမှာချည်လိုက်ပြီး ကျောက်ကမ်းပါးပေါ်ကနေ သူခုန်ချလိုက်တော့သည်။


ဒီအမြင့်လောက်ကတော့ ရွှီဇီရုန်မကြောက်ပေမယ့် အောက်ဘက်ကိုလျင်မြန်စွာဆင်းနေတာကြောင့် သူ့မျက်လုံးတွေကိုပျော်ရွှင်စွာမှိတ်ထားလိုက်သည်။


လက်မောင်းတွေကို ရွှီဇီယန်ရဲ့ခါးနားမှာ ထားလိုက်ပြီး သူတင်းတင်းကြပ်ကြပ်ဖက်လိုက်သည်။ သူကရွှီဇီယန်နဲ့နီးကပ်သွားပြီး တစ်ဖက်လူ၏နှလုံးခုန်သံကိုတောင် သူကြားနေရသည်။ ဒုတ် ဒုတ်နဲ့ ထိုအသံက သန်မာတယ်၊ စွမ်းအားကြီးတယ်၊ ဖြတ်လတ်တက်ကြွတယ်…………ထိုအသံကလူတွေကို ဆွဲဆောင်နိုင်သည်။


“ဟုတ်ပြီ၊ ငါတို့ရောက်ပြီ၊ အမ်………ဇီရုန် ဘာလုပ်နေတာလဲ?” နဂါးသားရေကြိုးအကူအညီနဲ့ အောက်ကိုဆင်းရတာဆိုတော့ သိပ်ပြီးတော့အချိန်မကြာပေ။ ရွှီဇီယန်မြေပြင်ပေါ်ပြန်ရောက်သည့်အချိန် လူနှစ်ယောက်စာအလေးချိန်ကြောင့် အနည်းငယ်ယိုင်သွားတာကလွဲရင် သူဘာမှမခံစားရပါ။ ဒဏ်ရာသေးသေးတောင်မှ မရခဲ့ဘူး။


တစ်ခုပဲ………


ဇီရုန်ကဘာလုပ်နေတာလဲ?


ရွီဇီယန်အနည်းငယ် စဉ်းစားလို့မရဖြစ်သွားသည်။ ကလေးငယ်က သူ့ခါးကိုတင်းကြပ်စွာဖက်ထားပြီး သူ့ရင်ဘတ်ထဲတွင်မျက်နှာကိုမြှုပ်ထားကာ သူ့ပုံစံကပျော်ရွှင်နေသလိုနဲ့တူသည်။ အကယ်၍ ဒီပုံစံကခေတ်မှာဖြစ်နေပြီး ရွှီဇီရုန်ကလည်း မိန်းကလေးတစ်ယောက်သာဖြစ်နေပါက ရွှီဇီယန်ဟာ တစ်ဖက်မိန်းကလေးကိုချိုသာသည့်စကားတွေပြောနေလို့ မိန်းကလေးကရှက်ပြီး ပြုလုပ်နေသည့်အပြုအမူနဲ့တူနေသည်။ ဒါပေမယ့် အခုဒီပုံစံကြီးက လုံးဝကိုမှားယွင်းနေပြီလေ………ဒီတော့ ရွှီဇီရုန်ကဘာလုပ်နေတာလဲ?


“ကျွန်တော်တို့အောက်ရောက်သွားပြီလား?” ရွှီဇီရုန် သူ့ခံစားချက်တွေကို ပြန်စုစည်းလို့ရသွားပြီးနောက် သူ့မျက်လုံးတွေဖွင့်လာတော့သည်။ သူကပ်နေတာကို မသိသလိုခပ်ခွာခွာနေလိုက်ပြီး သူ့မျက်နှာကအနည်းငယ်အံ့ဩသည့် ပုံစံဖန်တီးလိုက်သည်။ “ဒီတော့ကျွန်တော်တို့ အောက်ကိုရောက်လာပြီလား? တော်တော်မြန်တာပဲနော်!”


ထိုအရာကိုမြင်တော့ ရွှီဇီယန်ကဘာမှဆက်မတွေးတော့ချေ။ အဲ့ဒီနောက် နောက်ဆင်းမည့်လူအတွက် နေရာရစေရန် ရွှီဇီရုန်ကိုခေါ်ကာ ရှေ့သို့လျှောက်သွားလေသည်။


ရွှီဇီရုန်အနည်းငယ်အဆင်မပြေသလို ခံစားနေရသည်။ ဒီလိုသန်မာသည့်နှလုံးသားရှိတော့ အကယ်၍ သူသာရွှီဇီယန်ကိုသတ်လိုက်ပြီး သူ့သွေးကိုသာအသုံးပြုလိုက်ရင် မျက်စိတစ်မှိတ်အတွင်း ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို သုံးဆင့်လောက်တက်သွားနိုင်သည်……….ကံမကောင်းချင်တော့ သူရွှီမိသားစုဆီမှာ ခပ်ကြာကြာနေရဦးမည်။ အကယ်၍ ရွှီဇီယန်၏အကာအကွယ်သာမရှိပါက သူ့အတွက်ပြဿနာအနည်းငယ်ရှိနိုင်သည်။


'အဖေ' ဆိုသည့်စကားလုံးက သူ့အတွက်ဘာအဓိပ္ပါယ်မှမရှိပေမယ့် ရွှီဇီယန်သာဒီအတိုင်းကြီးသေသွားရင် ထိုလူကြီး၏မျှော်လင့်ချက်တွေက ရွှီဇီရုန်ဆီရောက်လာမယ်တဲ့လား။ ထိုအစား သူကရွှီဇီယန်ကိုသတ်ပြီး လက်စဖျောက်လိုက်တယ်လို့တောင် သံသယဝင်ခံရဦးမည်။


သူ၏လိုချင်တပ်မက်နေသည့်အကြည့်တွေကို ပြန်ရုတ်သိမ်းလိုက်ပြီး ရွှီဇီရုန်ဟာသူ့စိတ်ထဲက အရိုင်းဆန်နေသည့်ခံစားချက်တွေကို ဖိနှိပ်လိုက်သည်။ တကယ်ပါပဲ………သူသာဂရုတစိုက်မလုပ်ရင် သူ့ဒေါသတွေပေါက်ကွဲထွက်သွားလိမ့်မည်။ နောက်ဆုံးအကြိမ်ကလည်း သူအတင်းဖိနှိပ်ထားခဲ့တာကြောင့် အကယ်၍ သူထွက်ပေါက်မရှာရင် တစ်နေ့မဟုတ်တစ်နေ့တော့ မမျှော်လင့်ဘဲ သူဒေါသပေါက်ထွက်ပြီးပေါ်သွားလိမ့်မည်။


ထားလိုက်ပါတော့၊ အခုဒီနေရာမှာလည်း သူ့ဒေါသအတွက်ထွက်ပေါက်ရှာဖို့ အခွင့်အရေးရှိသေးတာပဲ။ ဘာလိုပဲဖြစ်ဖြစ် ဒီတောအုပ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်ရှိသည့်တောကောင်တွေလည်း တော်တော်များများရှိသည်။ ရွှီဇီယန်ဆီကနေခဏလောက်လစ်ပြီး အဆင့်နိမ့်တောကောင် ဒါမှမဟုတ် သာမန်တောကောင်ကို ဖမ်းလိုက်ရင် သူ့အတွက်ဘာပြဿနာမှ ဖြစ်နိုင်လိမ့်မည်မဟုတ်ချေ။


“အခုသွားကြစို့။ ငါတို့ဒီတည့်တည့်အတိုင်းသွားမယ်။” ကောင်မလေးတစ်ယောက်နဲ့ သူမ၏အဖော်ကောင်လေးနှစ်ယောက်တို့ဟာ နဂါးသားရေကြိုးအကူအညီဖြင့် အောက်သို့ဆင်းလာကြသည်။ ရွှီဇီယန်ဟာ သူတို့အားစောင့်နေတာမြင်လိုက်တော့ သူတို့အားလုံးနောက်တစ်ခါ အံ့ဩသွားရသည်။


ဘာကြောင့်လဲဆိုတော့ ရွှီဇီယန်ကသူ့သဘောနဲ့သူ သူတို့အသင်းထဲဝင်ခဲ့ပြီး ကောင်မလေးတစ်ယောက်က ဦးဆောင်တာကိုလည်း ဘာမှမပြောချေ။


ထိုကောင်မလေး၏နာမည်က ရွှီဇီကျင်းဖြစ်သည်။ သူမအနောက်ကနေလိုက်ပါလာသည့် ကောင်လေးနှစ်ယောက်တော့ ရွှီဇီရွယ်နဲ့ရွှီဇီလော်တို့ဖြစ်ကြသည်။


သူတို့သုံးယောက်၏ပုံစံကတော့ စကားအလွန်နည်းကြသည်။ ရွှီဇီကျင်းကမိန်းကလေးဖြစ်တယ်ဆိုပေမယ့် သူတို့သုံးယောက်စလုံးဟာ အချင်းချင်းစကားလည်းသိပ်မပြောကြပေ။ သူတို့သုံးယောက်လုံးဟာ သာမန်စွမ်းရည်၊ သာမန်သွေးကြောတွေသာရှိကြတာကြောင့် ရွှီမိသားစုအတွက် အရေးပါသည့်လူတွေအထဲမှာတော့မပါပေမယ့် သူ့နေရာနဲ့သူကြိုးစားကြသည်။


ရွှီမိသားစုက ဘယ်လိုပဲစည်းလုံးတယ်ပြောပြော၊ မျိုးနွယ်စုခွဲမိသားစုအချင်းချင်းကြားမှာ အပြိုင်အဆိုင်တော့ရှိကြသည်။ အဲ့ဒီအတွက် အိမ်ထောင်စု၏ကလေးတွေက ထိုသို့သောအပြိုင်အဆိုင်တွေကြောင့် ပိုပြီးတော့ပေါ်လွင်ထင်ရှားကြသည်။


လေ့ကျင့်ရေးကွင်းမှာ သေးငယ်သည့်အဖွဲ့တွေ၊ အစုတွေများစွာရှိပေမယ့် သူတို့သုံးယောက်ကတော့ ဘယ်သူနဲ့မဖွဲ့ဘဲ သီးသန့်နေကြတာကြောင့် သုံးယောက်သားစုမိပြီးအဖွဲ့ဖွဲ့မိသွားခြင်းဖြစ်သည်။ သူတို့တွေက ပုံမှန်အတိုင်း အခြားလူတွေနဲ့ ရောရောနှောနှောမနေချင်ရုံပါ။


ဆန့်ကျင်ဘက်အနေနဲ့ ရွှီဇီယန်ကတော့ သူတို့ပုံစံတွေကို သဘောကျသည်။ နောက်ပြီးတော့ အခြားကလေးတွေကလည်း အသက်တွေကငယ်ငယ်လေးပဲ ရှိကြသေးတာဆိုတော့ သိပ်ပြီးတော့အမြော်အမြင်မရှိကြဘူး။ ကျင့်ကြံခြင်းလောကမှာ ရွှီမိသားစုကိုဟုတ်လှပြီဆိုပြီး သူတို့တွေထင်နေကြတာကြောင့် ဒီလိုငယ်ရွယ်သည့်အချိန်မှာပင် သူတို့ဆီတော်သည့်လူတွေလာအောင်ဆွဲခေါ်ကြသည်။ ဒါပေမယ့် ဒီသုံးယောက်ကတော့ထူးခြားသည်။ သူတို့တွေက အခြားလူအသစ်တွေကိုလည်းမခေါ်ဘူး။ ထို့အပြင် ကျင့်ကြံခြင်းနဲ့ပတ်သက်သည့်အကြံဉာဏ်တွေကိုလည်း သူတို့တွေကပေးလေ့ရှိသည်။ အဖွဲ့အင်အားကြီးရင် ဘယ်လိုထောင်ချောက်၊ ဘယ်လိုတိုက်ခိုက်မှုမျိုးကိုမဆို ရင်ဆိုင်နိုင်လိမ့်မည်ဟု တွေးထားကြပုံရသည်။


လူငါးယောက်ဟာ အလျင်အမြန်ပင် တောအုပ်ထဲသို့လျှောက်လာကြသည်။ တောအုပ်အစွန်အဖျားနားမှာ ပြင်ဆင်ထားသည့် တောကောင်တွေက သိပ်ပြီးတော့စွမ်းအားမကြီးကြပေ။ သူတို့ငါးယောက်မှာ ရွှီဇီရုန်ကလွဲရင် အနည်းဆုံးစတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိတာကြောင့် သူတို့တွေအချိန်ဖြုန်းနေလို့မဖြစ်ဘူး။


သူတို့တောအုပ်ထဲကိုဝင်လိုက်တာနဲ့ သူတို့အားလုံးဟာ စိတ်ဝိညာဉ်အရှိန်အဝါတွေကို လွှတ်ထားကြသည်။ သူတို့၏စွမ်းအားနဲ့ဆိုရင် စတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်ထက်နိမ့်သည့်ဘယ်တောကောင်မှ သူတို့အနားမကပ်ရဲပါ။


တောကောင်တွေရဲ့အနှောင့်အယှက်တွေမရှိတာကြောင့် တောအုပ်ထဲကိုအလျင်အမြန်သွားရန် အရှိန်မြင့်လိုက်သည်။ ဒါပေမယ့် ဘာမှဆိုဖြစ်လာနိုင်သည့်အတွက် ရွှီဇီကျင်းက လုံလောက်အောင် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ထားသည်။


ဘယ်နားမှာဘာရှိလည်းဆိုတာမသိတာကြောင့် သူမကတောအုပ်ပတ်ပတ်လည်က မြေပုံကိုဝယ်ယူထားသည်။ ထပ်ပြောရရင် သူမကဘယ်အရာကိုပဲလုပ်လုပ် အလွန်အမှားကင်းသည့်သူဖြစ်တာကြောင့် ဒီလိုလှုပ်ရှားမှုမျိုးတွေမှာ တောကောင်တွေတော်တော်များများရရှိလေ့ရှိသည်။


“ရှူး!” ရွှီဇီယန်၏စွမ်းရည်က သန်မာဆုံးဖြစ်တာကြောင့် သူ၏ဘေးပတ်ပတ်လည်ကို သေချာစောင့်ကြည့်လေ့ရှိသည်။ မနီးမဝေးကနေ ခြေသံကိုကြားလိုက်တာကြောင့် သူကချက်ချင်းသတိအနေအထားဖြစ်သွားသည်။


သူအချက်ပြလိုက်သည်နှင့် ရွှီဇီကျင်းနဲ့အခြားနှစ်ယောက်ကလည်း သတိအနေအထားပုံစံဖြစ်သွားကြသည်။


ရွှီဇီယန်က သူ၏အဖွဲ့သားတွေကို မှန်မှန်ကန်ကန်ရွေးနိုင်လိုက်လို့ သူ့ကိုယ်သူချီးမွမ်းလိုက်သည်။ အဖွဲ့သားတွေဆိုတာ တစ်ယောက်နဲ့တစ်ယောက် မှီခိုရမည်။ အကယ်၍ သူသာခပ်တုံးတုံးအဖွဲ့သားတွေကို ရွေးချယ်မိပါက ရွှီဇီယန်အခုချိန်ငိုနေရလောက်ပြီ။


“ဘယ်သူလဲ?!”။ရွှီဇီကျင်းကကျယ်လှောင်စွာအော်လိုက်သည်။


ခြေသံကရုတ်တရက်ရပ်သွားလေသည်။ ခပ်လှမ်းလှမ်းမှာရှိသည့်သစ်ပင်ကအနည်းငယ်လှုပ်ခါသွားပြီး စုတ်ပြတ်သပ်နေသည့် ကောင်လေးတစ်ယောက် ထွက်လာတော့သည်။


#TK