Chapter 22
Viewers 4k

Chapter 22


“ရွှီဇီရှင်း? နင်ဒီမှာဘာလုပ်နေရတာလဲ?” ရွှီဇီကျင်းအံ့ဩစွာမေးလိုက်၏။ ချုံပုတ်အနောက်၌ပုန်းနေပြီး ထွက်လာသည့်လူက အမှန်တကယ်တော့ ရွှီမိသားစုကကလေးဖြစ်နေသည်။


ရွှီဇီရှင်းဟာ စတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်ပဲ ရောက်သေးတယ်ဆိုပေမယ့် သူကအလွန်သတ္တိရှိသည်။ သူဟာနဂါးသားရေကြိုးကိုအသုံးပြုပြီး ပထမဆုံးအောက်ကိုဆင်းခဲ့သူဖြစ်သည်။


သူတို့အနားကို တိတ်တဆိတ်ချဉ်းကပ်လာနိုင်သည့် သူ့ရဲ့စွမ်းရည်ကိုတော့မအံ့ဩတော့ပါ။ အားလုံးတွေးမရနိုင်အောင်ဖြစ်နေတာကတော့ ယခုလက်ရှိ သူ၏အခြေအနေက လုံးဝကိုစုတ်ပြတ်သပ်နေလို့ပင်။


ရွှီဇီရှင်းကစိတ်အားငယ်စွာပြန်ဖြေလေသည်။ 

“ငါအရမ်းကံဆိုးသွားခဲ့လို့ပါ။ ငါတောအုပ်ထဲကိုဝင်ဝင်ချင်း မျက်လုံးနီနကျယ်ကောင်အုပ်စုကြီးနဲ့ မမျှော်လင့်ဘဲတွေ့လိုက်ရတယ်။ အဲ့ဒါကြောင့် ငါဒီနေရာထိရောက်အောင် ပြေးလာရတာ။ အကယ်၍ ငါသာနှစ်ခြမ်းကွဲမြက်ပင်တွေကို မတွေ့ဘူးဆိုရင် သူတို့ကိုက်ဖြတ်စားသောက်တာ ငါခံနေရလောက်ပြီ။”


မျက်လုံးနီနကျယ်ကောင်တွေဆိုတာက အဆင့်နိမ့်တောကောင်တွေသာဖြစ်သည်။ သူတို့ကတစ်ကောင်ချင်းဆိုရင် အင်အားမကြီးတာကြောင့် အုပ်စုလိုက်နေလေ့ရှိကြသည်။ ကျင့်ကြံသူတွေ အားနည်းသည်ဖြစ်စေ၊ အားကြီးသည်ဖြစ်စေ၊ မျက်လုံးနီနကျယ်ကောင်တွေကတော့ အလွန်ကိုစိတ်အနှောင့်အယှက်ပေးကြသည်။ နောက်ပြီးတော့ နှစ်ခြမ်းကွဲမြက်ပင်၌ ထူးခြားသည့်အနံ့ရှိသည်။ မျက်လုံးနီနကျယ်ကောင်တွေဟာ ထိုအနံ့ကိုမခံနိုင်သောကြောင့် ရွှီဇီရှင်းကလွတ်မြောက်လာခြင်းဖြစ်သည်။


သူဘာမှတောင်မလုပ်ရသေးခင်မှာပင် သူဟာအလိုက်ခံရပြီး ဖရိုဖရဲဖြစ်နေတာကြောင့် ရွှီဇီရှင်းအခြေအနေကသိပ်မကောင်းပါ။ သူဟာ ရွှီဇီယန်နဲ့အခြားသူတွေကို နှုတ်ဆက်စကားပြောပြီး သူ့အဖွဲ့ကိုရှာရန်ထွက်သွားတော့သည်။


“နင့်မှာဘာအကြံဉာဏ်ရှိလဲ?” ရွှီဇီကျင်းက ရွှီဇီယန်ဘက်လှည့်ကာကြည့်လိုက်ရင်း သူမအသံက နည်းနည်းလေးတော့ အမိန့်သံပါနေသည်။


ရွှီဇီယန်မျက်ခုံးက အနည်းငယ်ပင့်သွားသည်။ 

“နှစ်ခြမ်းကွဲမြက်ပင်တွေက ကျောက်မာကြောင်တွေ အကြိုက်ဆုံးအစားအစာမလား။ မင်းခဏကထုတ်လိုက်တဲ့မြေပုံမှာ ကျောက်မာကြွက်တွေ အမဲလိုက်တဲ့နေရာကိုရေးထားတာ ငါတွေ့လိုက်တယ်။ မင်း‌ရောဘယ်လိုလဲ?”


ထိုစကားကိုကြားပြီးနောက် ရွှီဇီကျင်းအနည်းငယ် ရယ်မောလိုက်သည်။ သူမအမြဲတမ်းထင်နေခဲ့မိတာက ရွှီဇီယန်ဟာအလိုလိုက်ခံထားရသည့် သခင်လေးတစ်ယောက်သာဖြစ်ပြီး သာမန်လူတွေ၏နာကျင်ခံစားမှုတွေကို နားလည်မှာမဟုတ်ဘူးပေါ့။ ပုံမှန်ဆိုလျှင် သူမဟာသူနဲ့သိပ်ပြီးတော့ အဆက်အဆံမရှိပေမယ့် ကောလဟာလတွေတော့ကြားဖူးသည်။ ဆရာကြီးလုပ်တယ်၊ အပေါ်စီးကနေပြောဆိုဆက်ဆံတယ်၊ သောင်းကျန်းတယ်၊ ဒဲ့တိုးပြောလေ့ရှိတယ်၊ အစရှိသဖြင့်ပေါ့။ ဒီနေ့သူတို့တွေ ပြောဆိုဆက်ဆံကြည့်လိုက်တော့ အဲ့လောက်လည်းမဟုတ်ဘူးဆိုတာ တွေ့လိုက်ရသည်။


လေ့ကျင့်ရေးကွင်းမှာ ကျော်ကြားသည့်တပည့်တစ်ယောက်အနေနဲ့ ရွှီဇီကျင်းအနိုင်လိုချင်စိတ်သိပ်မရှိချေ။ သူမ၏နှုတ်ခမ်းထောင့်ဟာ အနည်းငယ်ကော့တက်သွားပြီး တမင်စိတ်ကိုဆွသလို မေးလိုက်လေသည်။ “နင်ကကြောက်လို့လား?”


ရွှီဇီယန်ခပ်ရေးရေးပြုံးလိုက်ပြီး သူဘာမှတော့မတုံ့ပြန်လိုက်ပေ။ သူကရွှီဇီရုန်လက်ကိုဆွဲကာ ခဏကရွှီ‌ဇီရှင်းပထမဆုံးပေါ်လာသည့်နေရာသို့ လျှောက်သွားလေသည်။ 


ရွှီဇီကျင်းကလက်ဟန်အမူအရာဖြင့် ရွှီညီအကိုနှစ်ယောက်အနောက်ကိုလိုက်ရန် ကျန်နှစ်ယောက်ကိုအချက်ပြလိုက်သည်။ ထိုသစ်ပင်ကြီး၌ အမှတ်အသားချန်ခဲ့ဖို့လည်း သူမ,မမေ့ပေ။


ရွှီဇီရှင်းပြောခဲ့သည့်နေရာနဲ့ သူတို့ရှိနေသည့်နေရာက သိပ်တော့မဝေးပေ။ ပြီးတော့ မီတာနှစ်ရာလောက်မှာရှိသည့် နှစ်ခြမ်းကွဲမြက်တွေအစုလိုက်ကို ရွှီဇီယန်မြင်လိုက်သည်။ စိမ်းလန်းစိုပြေနေသည့် နှစ်ခြမ်းကွဲမြက်တွေက အလွန်ကိုကြီးထွားနေကြပြီး ဓားသွားနဲ့တောင်တူသေးသည်။ အရှေ့ဆက်တိုးလိုက်တိုင်း လေထဲ၌ပျံ့နှံ့နေသည့် ရနံ့ကိုပိုပိုပြီးရလာသည်။ 


အပင်တစ်ဝိုက်အနားကို သေချာကြည့်ရှုနေပြီး မကြာခင်မှာပင် ခြေရာကွက်ကို ရွှီဇီယန်ရှာတွေ့သွားသည်။ သူခန့်မှန်းတာမမှားဘူးဆိုရင် ဒီခြေရာကကျောက်မာကြောင်၏ခြေရာပဲဖြစ်ရမည်။


ကျောက်မာကြောင်တွေက ကျောက်တုံးအမျိုးမျိူးကိုရှာစားပေမယ့် ဒီနှစ်ခြမ်းကွဲမြက်တွေမှာရှိသည့် ထူးခြားသောအာဟာရဓာတ်ကိုလည်း သူတို့ကလိုအပ်ကြသည်။ ကျောက်မာကြောင်တိုင်းဟာ နေ့တိုင်းနှစ်ခြမ်းကွဲမြက်ကို လိုအပ်သည့်ပမာဏအထိ စားကြရသည်။ ယေဘုယျအားဖြင့် နှစ်ခြမ်းကွဲမြက်တွေရှိသည့်နေရာတိုင်း၌ ကျောက်မာကြောင်တွေရှိတတ်ကြသည်။


ဒီနှစ်ခြမ်းကွဲမြက်ပင်တွေက အလွန်ထူထပ်ပြီးတော့ မြေဧရိယာကလည်းကျယ်ဝန်းသည်။ နောက်ပြီးတော့ ဘေးမှာကလည်း သစ်ပင်တွေ၊အပင်တွေက ဝန်းရံထားကြသေးသည်။ အကယ်၍ သူတို့တွေတစ်ဖက်ထဲ၌သာနေလိုက်ပါက ကျောက်မာကြောင်ထွက်ပြေးသွားနိုင်သည်။


ကျောက်မာကြောင်တွေဟာ စတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိ တောကောင်များသာဖြစ်ကြပြီး စတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိ အခြားတောကောင်များထက် အလျင်မြန်ဆုံးဖြစ်သည်။


သူတို့ငါးယောက်အနက် ရွှီဇီရွယ်နဲ့ရွှီဇီလော်ကလည်း စတုတ္ထချီစွမ်းအင်စုဆောင်းမှုအဆင့်မှာရှိကြသည်။ သူတို့နှစ်ယောက်သာ ကျောက်မာကြောင်နှစ်ကောင်လောက်ကို ဖမ်းနိုင်ရင် သူတို့လုပ်ရမည့်အလုပ်က တစ်ဝက်လောက်ပြီးသွားပြီဖြစ်သည်။


နောက်ပြီးတော့ ကျောက်မာကြောင်၏အမွှေးတွေက အလွန်လှသည်။ အကယ်သူတို့ပြိုင်ပွဲမဟုတ်ဘဲ ထိုအကောင်တွေကိုသူတို့ရောင်းရင်တောင် အမြတ်တော်တော်ရနိုင်သည်။


နှစ်ခြမ်းကွဲမြက်တွေ၏ပတ်ပတ်လည် ထောင့်လေးထောင့်၌ သူတို့ငါးယောက်ဟာ နေရာယူထားကြသည်။ ကျောက်မာကြောင်တွေ အတောင်မရှိသ၍ ဒီကိုလာသည့်အကောင်တိုင်း လွှတ်မြောက်ဖို့အခွင့်အရေးရှိမှာမဟုတ်ဘူး။


သူ၏ပထမဆုံးအမဲလိုက်ခြင်းဖြစ်တာကြောင့် ရွှီဇီယန်စိတ်မလှုပ်ရှားဘဲမနေနိုင်ပေ။ ဒါက သူ၏ပထမဆုံးရန်သူနဲ့ ထိပ်တိုက်ရင်ဆိုင်တာဖြစ်လို့ တစ်ခုခုများဖြစ်သွားမလား…………


မဖြစ်နိုင်ဘူး! အဲ့လိုမျိုးလုံးဝအဖြစ်မခံနိုင်ဘူး!


ရွှီဇီယန်လက်သီးဆုပ်လိုက်တာကို မြင်လိုက်သည့်ရွှီဇီရုန်က နားမလည်သလိုဖြင့် ဘေးနားကနေသူ့စိုက်ကြည့်လို့နေသည်။ သူ၏ညီငယ်လေးအရှေ့မှာ အစ်ကိုတစ်ယောက်အနေနဲ့ မားမားမတ်မတ်ရပ်တည်ရမည်။ ပြီးတော့ ဒီလောကကြီးတစ်ခုလုံးမှာ သူ့အစ်ကိုကအတော်ဆုံးလို့ ထင်သွားလုပ်ရမည်!!


ရွှီဇီယန်တိုက်ခိုက်လိုစိတ်ပြင်းပြနေသည့် ပုံစံကိုကြည့်ပြီး ရွှီဇီရုန်ဘယ်လိုမှမတွေးတတ်တော့ပါ။ ဒါကကျောက်မာကြောင်အနည်းငယ်လေးပဲမဟုတ်ဘူးလား။ ရွှီဇီယန်၏စွမ်းရည်နဲ့ဆိုရင် ဒါကဘာပြဿနာမှမရှိတာကို သူကဘာလို့အဲ့လောက်အထိ အသည်းအသန်ဖြစ်နေရတာလဲ?


“တောကောင်တွေပေါ်လာလို့ရှိရင် မင်းအသံမထွက်နဲ့နော်၊ နားလည်လား? ဒီနေ့အတွက်က ဒီအတိုင်းလိုက်ကြည့်နေရုံပဲ။ မင်းဒီ‌မှာရှိနေရတာက မင်းကိုခံနိုင်ရည်ပိုရှိပြီး အတွေ့အကြုံရသွားစေချင်လို့ပဲ။” ရွှီဇီယန်အလေးအနက်ပြောလိုက်၏။


ရွှီဇီရုန်ကလည်း သူနားလည်ကြောင်းကို ခေါင်းညိတ်ပြလိုက်ပေမယ့် သူ့စိတ်ထဲမှာတော့ အလွန်အံ့ဩနေမိသည်။ သွေးမိစ္ဆာသခင်က ချီစွမ်းအင်စုဆောင်းမှုအဆင့်လောက်သာရှိသည့် တောကောင်တွေနဲ့တိုက်တာကို သူကကြည့်ရမယ်တဲ့လား? အဲ့ဒါသူ့ကိုစော်ကားလိုက်တာပဲ!


(မှတ်စုစာအုပ်လေးထဲ၌ တိတ်တဆိတ်ထပ် ရေးမှတ်လိုက်ပြန်သည်………)


ရွှီဇီယန်ကမြေပြင်မှာထိုင်ချလိုက်ပြီး သူ၏အာရုံခံနိုင်စွမ်းတွေကို အမြင့်ဆုံးသို့တိုးမြင့်လိုက်သည်။ လက်ရှိမှာသူ၏ခန္ဓာကိုယ်နဲ့ စိတ်ဝိညာဉ်ကိုခွာနိုင်သည်အထိ သိပ်ပြီးမကျွမ်းကျင်သေးပေမယ့် ဒီလိုပုံစံကစိတ်ဝိညာဉ်စွမ်းအင်ကို ပိုမိုလွယ်ကူစွာအသုံးပြုနိုင်ပေသည်။ 


သူကလက်သီးကိုဆုပ်ချီ၊ ဖြန့်ချီလုပ်နေပြီး သူ့အင်္ကျီ၌လက်ကိုသုတ်လိုက်သည်။ သူ့လက်ကချွေးတွေဟာ သူ့အားစိတ်မသက်မသာဖြစ်စေပေမယ့် သူ့လက်ကချွေးထွက်နေတာကိုသာ သူ့ညီမြင်သွားရင် စိတ်လှုပ်ရှားနေတာကိုသိသွားပြီး အရှက်ရမှာလည်းစိုးရိမ်သေးသည်။ 


အမှန်တကယ်တော့ ရွှီဇီယန်၏အပြုအမူတစ်ခုချင်းစီကို ရွှီဇီရုန်ကမှတ်စုစာအုပ်လေးထဲ၌ ချရေးထားပြီးဖြစ်သည်။ သူ့အတွက်ကတော့ ဒီလိုအမဲလိုက်တာလောက်တော့ ကလေးကစားတာလောက်ပဲရှိသည်။ မကြာခင်သေတော့မည့် သားကောင်ကိုအာရုံစိုက်မည့်အစား သူ၏အာရုံတွေဟာ 'ထူးဆန်းသော'ရွှီဇီယန်၏ကိုယ်ပေါ်၌သာရှိ‌လို့နေသည်။ 


“သူတို့ရောက်လာကြပြီ။” ရွှီဇီယန်ပြောလိုက်သည့်စကားကို ရွှီဇီရုန်ကလည်းသူ့စိတ်ထဲကနေတစ်ချိန်ထဲပြောလိုက်သည်ကို ဘယ်သူမှမသိကြပေ။


ခဏလောက်အကြာမှာတော့ သူတို့နဲ့ဘယ်လောက်မှမဝေးသည့်အကိုင်းအခက်လေး‌ဟာ အနည်းငယ်လှုပ်ခါသွားသည်။ ထိုနောက်မှာတော့ နက်ပြာရောင်ကြောင်ဟာ ထွက်လာတော့သည်။


ကျောင်မာကြောင်က အလွန်ကိုသတိရှိကြတာကြောင့် ရုတ်တရက်ကြီး မခုန်ထွက်လာကြပါ။ သူတို့တွေက ပတ်ဝန်းကျင်ကိုလည်း တစ်ခါတစ်ခါလေ့လာကြည့်ရှုကြသေးသည်။


ကျောက်မာကြောင်သိသွားမည်ကိုစိုးရိမ်လာပြီး ရွှီဇီယန်အသက်တောင်မရှူရဲတော့ပေ။ သူ့မျက်လုံးတွေက သူ၏ပစ်မှတ်ကိုပဲသေချာစိုက်ကြည့်နေပြီး သူ့မျက်နှာဟာထူးခြားစွာတင်းမာနေသည်။


ထိုအရာကိုကြည့်ရင်း ရွှီဇီရုန်အနည်းငယ်အံ့အားသင့်သွားသည်။ ဒီရွှီဇီယန်နဲ့ သူပထမဆုံးတွေ့သည့်အချိန်မှစ၍ ဒီလူဟာသူ့အပေါ်နွေးထွေးစွာဆက်ဆံလေ့ရှိသည်။ တစ်ဖက်လူကဒီလောက်ထိ ထိတ်လန့်နေသည့်ပုံစံမျိုးကို သူ့အတွက်ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။


ကျောက်မာကြောင်က ထိုနေရာကိုအနည်းငယ်လောက်စောင့်ကြည့်နေပြီး ရန်သူအရိပ်အယောင်မတွေ့တော့မှ ကြောင်တစ်ကောင်လို ရှေ့သို့ခုန်မလိုလုပ်လိုက်သည်။ ဒါပေမယ့် ကျောက်မာကြောင်ကတကယ်တော့မခုန်ခဲ့ပါ။


ရွှီဇီယန် သူစိတ်ထဲ၌ ကျိန်ဆဲလိုက်သည်။ ဘယ်လိုတောင် ကလိမ်ကကျစ်ကြသည့်တောကောင်လဲ။ အကယ်၍ သူနိုင်ဖို့မသေချာဘူးဆိုရင် ‌ဒီတောကောာင်ကို မီးနဲ့မှုတ်ဖို့ဆုံးဖြတ်လိုက်သည်။ 


ဘယ်သူမှစောင့်မ‌နေဘူးလို့ ကျောက်‌မာကြောင်ကယုံကြည်သွားပြီး နှစ်ခြမ်းကွဲမြက်တွေကို စိုက်ကြည့်နေရင်း နီရဲနေသည့်လျှာနဲ့ သူ့နှုတ်ခမ်းကိုသပ်လိုက်သည်။


သူကညင်သာစွာ မြေပြင်ပေါ်သို့ ခုန်ဆင်းလိုက်သည်။ ကျောက်မာကြောင်ကနှာရှုံ့သွားပြီး အနည်းငယ်တုံ့ဆိုင်းသွားပေမယ့် သူဟာနှစ်ခြမ်းကွဲမြက်ကို အလွန်စားချင်နေပြီဖြစ်သောကြောင့် နှစ်ခြမ်းကွဲမြက်ပင်နားသို့ တ‌ဖြည်းဖြည်းနီးကပ်လာလေသည်။


ကျောက်မာကြောင်က ရွှီဇီယန်ပုန်းနေသည့်နေရာနှင့် တဖြည်းဖြည်းနီးလာပြီးနောက် ခြေလှမ်းတွေကနှေးကွေးသွားပြန်လေသည်။ သူဟာလေထဲကအနံ့တွေကိုရှူကြည့်ပေမယ့် နှစ်ခြမ်းကွဲမြက်ပင်၏အနံ့တွေကပြင်းတာကြောင့် သူတို့၏အနံ့တွေကိုဖုံးကွယ်ထားလို့ရပေသည်။


လက်ရှိနေရာမှာပင် အချိန်ကြာကြာတုံ့ဆိုင်းနေပြီးနောက် ကျောက်မာကြောင်ကရှေ့သို့ ဖြည်းဖြည်းချင်းတိုးလာသည်။


ထိုအချိန်မှာပင် သူသွားနေသည့်နေရာနဲ့ မလှမ်းမကမ်းကနေ အသံတိုးတိုးကိုကြားလိုက်ရသည်။ ကျောက်မာကြောင်ဟာ ရုတ်တရက်နောက်လှည့်ကာ ထွက်ပြေးလေတော့သည်။


ဒါပေမယ့် အဲ့ဒါကနောက်ကျသွားပြီ။


ရွှီဇီယန်ဟာ မိုးကြိုးစွမ်းအားကိုလွှတ်ချလိုက်ပြီး ရုတ်တရက် ကျောက်မာကြောင်၏ကိုယ်ဟာအတွင်းရောအပြင်ရော အသားကင်သလိုဖြစ်သွားပြီး မီးသွေးခဲလိုဖြစ်သွားတော့သည်…………


ရွှီဇီရုန်: ……………


“ဘာဖြစ်လို့လဲ?” ရွှီဇီရုန်ကသူ့အားခပ်စိမ်းစိမ်းအကြည့်နဲ့ စိုက်ကြည့်နေတာကြောင့် ရွှီဇီယန်ကနားမလည်စွာမေးလိုက်သည်။


“ကိုကို…………တန်ဖိုးအကြီးဆုံးက ကျောက်မာကြောင်ရဲ့အမွှေးတွေလေ”


“ငါသိပါတယ် အာ……” ရွှီဇီယန်ခေါင်းညိတ်လိုက်ပြီးနောက်မှ သူသဘောပေါက်သွား၏။ 

မီးသွေးခဲလိုမာတောင့်နေသည့်အရာကို သူကြည့်လိုက်ရင်း : …………


ရွှီဇီရုန်တိတ်တဆိတ် သူ၏ခေါင်းကိုလှည့်လိုက်ပြီး ကျောပေးကာ သူ့ပခုံးတွေအနည်းငယ်တုန်နေသည်။ ဒီအချိန်က သူရယ်ဖို့မသင့်တော်ဘူးဆိုတာ သိပေမယ့် ဒီကိုကို၏တုံးအလွန်းသည့်အမူအရာကိုကြည့်ပြီး သူ၏ရယ်ချင်စိတ်ကို လုံးဝမချုပ်တည်းထားနိုင်တော့ပါ။


သူသွေးမိစ္ဆာသခင်ဖြစ်ပြီးကတည်းက ရွှီဇီရုန်ဒီလိုမျိုးမရယ်ရတာ နှစ်ပေါင်းတော်တော်ကြာခဲ့ပြီဖြစ်သည်။ ဒီလူတစ်ယောက်တည်းကပဲ သူ့ကိုရယ်ရအောင်လုပ်နိုင်တာ‌ဆိုတော့ ဖြစ်နိုင်ရင် သူ့ကိုမသတ်ဘဲအရှင်ထားလိုက်တာ ပိုကောင်းလိမ့်မည်။


“အဟန့်… အဟန့်… ကိုကိုလက်ကနေချော်ထွက်တာ။” ရွှီဇီယန်မျက်နှာအလွန်ရှက်နေပြီး သူ့စိတ်တွေလည်းအလွန်ရှုပ်ထွေးနေသည်။ သူ၏အရပ်မြင့်မားမှု၊ စွမ်းအားကြီးမှု၊ ခန့်ညားပြီးတော့ပေါ်လွှင်မှုတွေ၊ အား…………အားလုံးတော့ ရေစုန်မျှောကုန်ပါပြီ။


“အဲ့ဒါကအဆင်ပြေပါတယ်။ ကိုကိုစွမ်းအားကြီးတာကျွန်တော်သိပါတယ်။” ရွှီဇီရုန်ကနူးညံ့စွာသူ့ကိုပြောလာသည်။


ရွှီဇီယန်၏မျက်နှာဟာ အနည်းငယ်အဆင်ပြေသွား၏။ လိမ်မာသည့်ညီလေးရှိတာ ပျော်စရာကောင်းတာပဲ။ ဒီကလေးကသူ့အသက်အရွယ်လေးနဲ့ ဇီယွိထက်တောင်ပိုသိတတ်သေးသည်။


ကျန်သုံးယောက်ကလည်း ရွှီဇီယန်ဘက်ကနေအသံကြားလို့ ထွက်လာကြသည်။ မြေပြင်ပေါ်၌ မီးသွေးတုံးလို့မဲတူးနေတာကို တွေ့လိုက်ရပြီး သုံးယောက်စလုံး၏မျက်နှာဟာ မဲမှောင်သွားကြသည်။


ရွှီဇီကျင်းကအဓိပ္ပါယ်ပါသည့်အကြည့်ဖြင့် ရွှီဇီယန်ကိုကြည့်လိုက်ရင်း “ငါတို့ဝေစုခွဲတဲ့ကိစ္စကို မကျေနပ်ရင်လည်း အစကတည်းကပြောလေ။”


ရွှီဇီယန်ကသူ့မျက်နှာကိုမပြဝံ့၍ မျက်နှာလွှဲလိုက်သည်။ သူကသူ့ပါးသူပွတ်ကာ ရိုးသားစွာပြောသည်။

“ငါတမင်သက်သက်လုပ်တာမဟုတ်ပါဘူး။”


ရွှီဇီကျင်းကပေါ့ပေါ့ပါးပါး ပြန်လည်တုံ့ပြန်လာသည်။ “နင်ဘယ်လိုပဲပြောပြော ဒီတစ်ကောင်စာကို နင်ရမယ့်ဝေစုထဲက နုတ်ပေးရမယ်။”


ရွှီဇီယန်ကလည်းတုံ့ဆိုင်းခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။ ဒါကသူ့အမှားဖြစ်တာကြောင့် သူမစကားကို သူမချေပတော့ပါ။


“ဟုတ်ပြီ၊ ထွက်လာခဲ့ကြတော့။” ရွှီဇီကျင်းက ရွှီဇီယန်၏ကိစ္စကိုဖြေရှင်းပြီးနောက် သူမသည်သစ်ပင်အကြီးကြီးဘက်သို့လှည့်ကာ စကားကိုဖြေးညင်းစွာပြောလိုက်သည်။ 


အလျင်အမြန်ပင် သစ်ပင်အနောက်မှလူတစ်စုကထွက်လာကြပြီး ခေါင်းဆောင်လုပ်သည့်ယောင်္ကျားက အသက်ဆယ့်ငါး၊ဆယ့်ခြောက်ဝန်းကျင်သာရှိဦးမည်။ ထိုဆယ်ကျော်သက်လေးဟာ အထက်စီးဆန်သည့်အပြုအမူမျိုးရှိပြီး သူ့အကြည့်တွေဟာရွှီဇီကျင်းကိုကြည့်နေပြီး သူတို့ကိုအထင်သေးသောအကြည့်တွေဖြင့်ကြည့်နေလေသည်။ 


ရွှီဇီယန်ထက်သုံးဆလောက် လေဘဝင်ဟပ်နေသလို့ သူါမျက်နှာထက်၌ထင်ထင်ရှားရှားရေးထားသလိုပါပဲ : 'အသုံးမကျလိုက်တဲ့ သိုးမျက်နှာနဲ့သေနာကောင်ရဲ့!'


ရွှီဇီယန်သူ့မေးစေ့သူပွတ်လိုက်မိသည်။ ရွှီဇီယွိဟာသူ့အားပေါက်ကရတွေ အရမ်းသင်ပေးလွန်းသည်။ အဲ့ကလေးကအင်တာနက်ပေါ်ကနေ ဘာစာအုပ်တွေမှန်းမသိဘူးဖတ်တာ။ ပြီးတော့ သူပျင်းလာပြီဆိုရင် ရွှီဇီယန်ကိုလာလာပြီးပြောပြလေ့ရှိသည်။ အခုပဲကြည့်လိုက်တော့ ဒီလိုမကောင်းသည့်အသုံးအနှုန်းကိုလူတွေအရှေ့၌ သူ‌ထုတ်ပြောမိတော့မလို့။


ဘယ်လိုပဲဖြစ်ဖြစ်…………အဲ့စကားသာထုတ်ပြောကြည့်လိုက်ရင် တော်တော်ရယ်စရာကောင်းမှာပဲနော်။


#TK