Chapter 30
Viewers 4k

Chapter 30


ရွှီဇီယန်ဟာ သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်စာအုပ်ကို ယူပြီးထွက်လာတာကို မြင်လိုက်တာကြောင့် လောင်လော်၏ပုံစံဟာ အလွန်အံ့ဩသွားသည်။ ရွှီဇီယန်ကရွှီဇီရုန်ကို ဒီလောက်အထိချစ်လိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး။ ရွှီဇီယန်ကဒီလောက်အခက်အခဲအများကြီး ကျော်ဖြတ်ပြီးမှ ရသည့်ဒီလိုအခွင့်အရေးမျိုးကို ရွှီဇီရုန်အားပေးလိုက်တာပေါ့။


ဒါပေမယ့် လောင်လော်၏အမူအရာက အလျင်အမြန်ပင် ပုံမှန်ပြန်ဖြစ်သွားသည်။ သူဒီမှာရှိနေရသည့် တစ်ခုတည်းသော အကြောင်းအရင်းကတော့ ရွှီမိသားစု၏ကျင့်စဉ်စာအုပ်တွေကို စောင့်ရှောင်ဖို့ပဲဖြစ်သည်။ ဒီလူငယ်လေးတွေရဲ့ အရေးကိစ္စတွေက သူနဲ့ဘာမှမသက်ဆိုင်ပေ။


ရွှီမော့ကရွှီဇီယန်အား ခပ်စိမ်းစိမ်းအကြည့်ဖြင့် ကြည့်လိုက်သည်။ သူဘယ်လောက်ပဲစဉ်းစားစဉ်းစား သူဘယ်လိုမှနားမလည်နိုင်ဘူး။ မာနကြီးပြီး အာဏာရှင်ဆန်သည့် သခင်လေးက ဘယ်ရောက်သွားတာလဲ? အရင်ကရွှီဇီယန်က ဒီအဆင့်ကိုမရောက်‌‌သေးဘူးဆိုပေမယ့် သူဘယ်သူ့အတွက်မှစဉ်းစားပေးလေ့မရှိဘူး အခုတော့ သူကဒီလိုအခွင့်အရေးကို သဘောထားကြီးစွာ လက်လွတ်လိုက်တယ်ဆိုတာက………ဘယ်လိုမှမတွေးတတ်အောင် ဖြစ်နေပြီ။ ဒါကြောင့် ရွှီမော့ကရွှီဇီယန်ကို ကြက်သီးမွှေးညင်းထလောက်အောင် ကြောက်စရာကောင်းသည့် ပုံစံဖြင့်ကြည့်နေပြီး ရွှီဇီရုန်ကတော့ သူ့လက်ချောင်းလေးတွေဖြင့် အရေးအကြောင်းပေါ်နေသည့် သူ၏နားထင်ကြောကို နှိပ်နေလေသည်။


ရွှီဇီရုန်၏ကျန်သည့်လက်တစ်ဖက်ကတော့ တည်ငြိမ်လျက်ရှိသည်။ ရွှီဇီယန်၏အင်အားပြင်းသည့် မိုးကြိုးလျှပ်စစ်စွမ်းအင်ကို မြင့်တင်ဖို့ ရွှီဇီယန်က ကျောက်စိမ်းရောင်စာအုပ်ကို ရွေးလိမ့်မယ်လို့ သူသေချာပေါက်တွေးခဲ့သည်။ 


ဒါပေမယ့်………


ရွှီဇီရုန်၏အကြည့်တွေက အနည်းငယ်မဲမှောင်သွားသည်။ ဖြစ်နိုင်တာက လောင်လော်၏စစ်ဆေးခြင်း ခံရမှာမလို့ ဖုံးကွယ်ထားတာဆိုရင် ကြည့်ရတာတော့ သူရဲ့'ကိုကို'ဖြစ်သူဆီမှာ သူမသိသေးသည့် လျှို့ဝှက်ချက်များစွာ ရှိနေဦးမည်။


သူအမှတ်မထင်ရွှီဇီရုန်ကို သူဘယ်လိုလုပ်ဆောင်ခဲ့လည်းဆိုတာ ပြောမိတော့မလိုဖြစ်သွားပြီး ရွှီဇီရုန်အားအဓိပ္ပါယ်ပါသည့် အကြည့်ဖြင့်သာ ရွှီဇီယန်ပျော်ရွှင်စွာ ကြည့်လိုက်သည်။ ထို့နောက်မှာတော့ သူတို့နှစ်ယောက်ဟာ လျှို့ရှန်အဆောင်သို့ ပြန်လာခဲ့တော့သည်။ 


သူတို့နှစ်ယောက်က အခုလက်ရှိမှာ အတူတူနေနေကြပြီး ရွှီဇီရုန်ကသူ့အား ကျောက်စိမ်းရောင်စာအုပ်၏ နေရာကိုလာပြောပြတာဆိုတော့ ရွှီဇီယန်အနေနဲ့ ထိုအကြောင်းတွေကို ပြောပြလိုက်လည်း ကိစ္စမရှိပေ။ အဆာင်ကိုရောက်ပြီး သိပ်မကြာခင် သူကရွှီဇီရုန်အား သူ့အခန်းထဲသို့ခေါ်သွားကာ သူဒီစာအုပ်အား ဘယ်လိုအပြင်သို့ ထုတ်ယူခဲ့လဲဆိုတာ———ရွှီဇီရုန်ဘယ်လိုများ သဘောပေါက်သွားမလဲ?


သူကျောက်စိမ်းရောင်စာအုပ်ကြီးအား ရွှီဇီရုန်အရှေ့မှာ လေထဲကနေမထုတ်ပြချင်ဘူး သူဘယ်လိုလုပ်ရမလဲ?


“ကိုကို ဘာဖြစ်လို့လဲ?” ရွှီဇီရုန်ကမသိချင် ‌ဟန်ဆောင်လိုက်ကာ သူ့ကိုကိုအား မေးလိုက်သည်။


ရွှီဇီရုန်ကရွှီဇီယန်၏အမူအရာကို ကြည့်ကာ တစ်ဖက်လူက ကျောက်စိမ်းရောင်စာအုပ်အား အပြင်သို့ဘယ်လိုထုတ်ရမလဲဆိုတာ အခက်အခဲဖြစ်နေပုံပေါ်သည်ကို သူရိပ်မိလိုက်သည်။ ရွှေအမြုတေကျင့်ကြံသူကိုတောင် လှည့်စားနိုင်ခဲ့တာဆိုတော့ ရွှီဇီယန်ကပေါ်တင်ကြီးတော့ ထုတ်ပြချင်မှာမဟုတ်ဘူးဆိုတာ သူတွေးစရာတောင်မလိုပေ။


ဘယ်လိုပဲဖြစ်ဖြစ် ရွှီဇီရုန်ကတော့ ရွှီဇီယန်ကို လက်လွှတ်မှာမဟုတ်ဘူး။ ရွှီဇီယန်၏ခန္ဓာကိုယ်ကို သူမထိန်းချုပ်နိုင်တော့ပဲ ရှာမတွေ့တော့ဘူးဆိုရင်တောင် ဒီ'ကိုကို'နဲ့ လက်ရှိအခြေအနေပုံစံမျိုးကို သူမျှော်လင့်တောင့်တနေဦးမှာပဲ။ ဒါကြောင့် ဘာခွင့်ပြုချက်မှာ ရမယ်မထင်နဲ့!


ရွှီဇီရုန်က အပြစ်ကင်းစင်သည့် ပုံစံဟန်ဆောင်လိုက်ပြီး တစ်ဖက်လူအား စိုက်ကြည့်နေလေသည်။ ထပ်ပြောရရင် သူ၏မက်မွန်သီးလို မည်းနက်နေသည့် မျက်လုံးတစ်စုံက တောက်ပလျက်ရှိပြီး သူစိုက်ကြည့်နေသည့် ရွှီဇီယန်အား ထိုစာအုပ်ကို သူ့ညီဖြစ်သူဆီကနေ ဖုံးကွယ်ဖို့ ရှက်ရွံ့သလိုဖြစ်အောင်လုပ်ဆောင်လေသည်။


ရွှီဇီယန်နှစ်ခါလောက် ချောင်းဟန့်လိုက်ပြီး ခဏလောက်တွေးလိုက်သည်။ “ဇီရုန်လေး တစ်စုံတစ်ယောက် မျက်လှည့်ပြတာကို အရင်ကမြင်ဖူးလား?”


ရွှီဇီရုန်: ………


ရွှီဇီယန်ကသူ့အား 'သူမမြင်ဖူးဘူးလို့ ပြောပါစေ'ဆိုသည့်အကြည့်ဖြင့် သူ့အားစိုက်ကြည့်နေလေသည်။ အဲ့ဒါကြောင့် ရွှီဇီရုန်ကလည်း အလိုက်အထိုက်နေပေးလိုက်ပြီး သူမပီမသပြောလိုက်သည်။

“ကျွန်တော်မမြင်ဖူးဘူး”


“ဒါဆိုကောင်းတာပေါ့! ကိုကိုမင်းကို တစ်ခုလုပ်ပြမယ် ဟုတ်ပြီလား? ပထမဆုံး မင်းရဲ့မျက်လုံး‌တွေကိုမှိတ်ထားလိုက်” ရွှီဇီယန်ကသူ့ညီလေးဖြစ်သူ၏ စကားကြောင့် အလွန်ကျေနပ်သွားသည်။ လိမ်မာတဲ့ကလေးရှိတာ အရမ်းကောင်းတာပဲ! ဇီရုန်က ဟိုလူလိမ်ဇီယွိထက်စာရင် အများကြီးပိုချစ်ဖို့ကောင်းတယ်!


ရွှီဇီရုန်: ………


ရွှီဇီယန်သူ့အားကြည့်နေသည့်ပုံစံက ကလေးကလားဆန်ဆန် ပြုလုပ်မည့် ရည်ရွယ်ချက်မျိုး ရှိထားတာ အလွန်သိသာတာကြောင့် ရွှီဇီရုန် ပြန်လည်ချေပဖို့ အင်အားမရှိသလိုဖြစ်သွားသည်။


ဘာမျက်လှည့်ပြမှာလဲ……ဒီလိုသေးငယ်သည့် ဟာသဆန်ဆန်လှည့်ကွက်နဲ့များ အမတမသေမျိုးကျင့်ကြံခြင်းအဆင့်ထိရောက်လုနီးနီး ဖြစ်ခဲ့သည့်သူ့ကို လာနောက်နေ‌ရအောင် မင်းကငါ့ကိုတမင်အရှက်ကွဲတာလား?


(တစ်စုံတစ်ခုအား မှတ်စုစာအုပ်ထဲမှာ ပြန်ရေးမှတ်လိုက်ပြန်သည်။)


ရွှီဇီရုန်ဘာမှမတတ်နိုင်ပဲ သူလက်ဖြင့် မျက်လုံးအုပ်ထားလိုက်သည်။ လက်နဲ့အုပ်ထားလို့ မမြင်ရဘူးဆိုပေမယ့် ခိုးကြည့်လို့တော့ ရပေသည်။ ပြီးတော့ မကြာခင် သူလက်ချောင်းကြားထဲကနေ သူ့မျက်လုံးတွေကလည်း တောက်ပလာလိမ့်မည်။


ရွှီဇီယန်: ………


လိမ်ညာတဲ့အလုပ်မျိုး ငါညီငယ်လေးက လုပ်မှာမဟုတ်ဘူး!!!


သူကတိတ်တဆိတ် သူ့ပါးစပ်ထဲက သွေးတွေကိုမြိုချလိုက်ပြီးနောက် ရွှီဇီယန်မျက်နှာဟာ တောင့်တင်းနေပြီး သူ့လက်တွေကို ရွှီဇီရုန်ပခုံးပေါ်တင်လိုက်ကာ……ထို့နောက်မှာတော့ သူကရွှီဇီရုန်အား တစ်ဖက်သို့ လှည့်လိုက်သည်။


ရွှီဇီရုန်: ……..ကိုကိုရယ် ဒီလိုလုပ်ဖို့ ဆုံးဖြတ်လိုက်တာ တကယ်ရော အဆင်ပြေပါ့မလား??!!!


ရွှီဇီရုန်မမျှော်လင့်ပဲ ဝတ္ထုစာအုပ်ကြီးကို တွေ့သွားမှာ ရွှီဇီယန်အလွန်ရှက်ပါသည်။ သူ့လိုရင့်ကျက်နေသည့် ကိုကိုတစ်ယောက်အနေနဲ့ ရှစ်နှစ်အရွယ်ကလေးတစ်ယောက်ရှေ့မှာ ရှက်နေရလိမ့်မယ်လို့ သူတစ်ခါမှမထင်ခဲ့မိဘူး………


“ရပြီ” ရွှီဇီရုန်နောက်လှည့်လိုက်သည့်အချိန်၌ ရွှီဇီယန် ကျောက်စိမ်းရောင်စာအုပ်အား ထုတ်ထားပြီးဖြစ်သည်။ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီကျောက်စိမ်းရောင်စာအုပ်ကို ထုတ်လိုက်တာ ရိုးရှင်းပြီးတော့ အလွန်မြန်ဆန်လွန်းလှသည်။ ထိုစာအုပ်က ရုတ်တရက်ကြီး လေထဲကနေ ပေါ်လာတာနဲ့တူပေ‌သည်။


ဒါဆိုရင် ရွှီဇီယန်ကရှေးကလူတွေ သုံးကြသည့်မျက်လှည့်ပညာတွေ တစ်ဖက်လူအား ယုံကြည်အောင် လိမ်ညာသည့်လှည့်ကွက်တွေကို သုံးလိုက်တာဖြစ်မည်။ ‌နောက်ပြီးတော့ ရွှီဇီရုန်က ကလေးဘဝထဲက ကျင့်ကြံခြင်းကိုပဲ လေ့ကျင့်ခဲ့တာမလို့ သူထိုအရာကို သိပ်မသိပေ။ ဒါပေမယ့် သူ့ညီလေးဖြစ်သူက အနေအေးပေမယ့် ဒီလိုမျက်လှည့်မျိုးကို သဘောကျတာပဲလို့ ရွှီဇီယန်အားမထင်သွားစေချင်ဘူး။


ရွှီဇီရုန်၏ပုံစံအရ တစ်ဖက်လူက သူ့အားလိမ်နေလားမလိမ်ဘူးလားဆိုတာ သိနိုင်မှာမဟုတ်ဘူး။ အကယ်၍ အနာဂတ်မှာ သူသာသတိပြုမိသွားပါက သူစိတ်ဒဏ်ရာရသွားလိမ့်မည်။


ဒါကြောင့် ရွှီဇီယန်ကရွှီဇီရုန်အား အလိမ်အညာကိုပြောမယ့်အစား အခြားနည်းလမ်းတစ်ခုကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ အကယ်၍ ရွှီဇီရုန် အနာဂတ်မှာ ထိုအကြောင်းကို သိသွားရင်လည်း အများဆုံးသူကိုယ်သူ ရှက်စိတ်ဝင်တာလောက်ပဲ ရှိလိမ့်မည်။


သူဒီကျောက်စိမ်းရောင်စာအုပ်ထဲက အချက်အလက်တွေကိုရခဲ့တာက ရွှီဇီရုန်နှင့် သူတွေ့ခဲ့လို့ပဲဖြစ်သည်။ ဒီလိုရှစ်နှစ်အရွယ်ကလေးက ဒီလိုအချက်အလက်တွေပါသည့်စာအုပ်အား ဝေခွဲပေးနိုင်လိမ့်မယ်လို့ ရွှီဇီယန်မထင်ထားခဲ့မိဘူး။ သူကဒီစာအုပ်ထဲက အကြောင်းအရာတွေကို သူငယ်ချင်းတစ်ယောက်အနေဖြင့် မျှဝေပေးချင်လေသည်။


ရွှီမိသားစုမှာသူနေထိုင်နေပေမယ့် မိသားစုတစ်ခုလုံးမှာ သူ့အတွက်သူငယ်ချင်းကောင်းလို့ ခေါ်နိုင်မည့် သူတစ်ယောက်မျှမရှိပေ။ ရွှီဇီယန်အနားမှာ ခစားနေကြသည့် အရင်တုန်းက ကလေးတွေကလည်း လွန်ခဲ့သည့်တစ်လမှစ၍ သူ့ကိုစိမ်းကားသွားကြသည်။ ပြီးတော့ ကျန်နေသေးသည့်ကလေးတွေကလည်း ‌ကလေးငယ်ငယ်လေးတွေသာ ဖြစ်သည်။ ရင့်ကျက်ပြီးသားလူကြီးတစ်ယောက်အနေနဲ့ စကားပြောဖို့ တစ်ယောက်ယောက်ကို လိုက်ရှာနေရတာက သူ့အတွက်အလွန်ခက်ခဲလှသည်။


ရွှီဇီရုန်ဆီမှ အကြံဉာဏ်ရဖို့ ရွှီဇီယန် မတောင်းဆိုလိုက်တော့ပေ။ သူ့ရဲ့လျှို့ဝှက်ချက်အချို့ကို ပြောပြဖို့ တစ်စုံတစ်ယောက်ကို သူလိုအပ်နေသည်။ ပြီးတော့ သူ့မျှော်လင့်ချက်တွေ အားလုံးကလည်း ရွှီဇီရုန်နဲ့ကိုက်ညီပေသည်။ သူကရှစ်နှစ်အရွယ်သာ ရှိသေးပေမယ့် ရွှီဇီရုန်က ရင့်ကျက်သည့်လူတစ်ယောက်လိုမျိုး ပြုမူဆက်ဆံ‌တတ်သည်။ ထို့အပြင် သူ့ပုံစံက ချစ်စရာကောင်းပြီးတော့ တော်လည်းတော်သည်။ သူကညီငယ်လေးတစ်ယောက်အနေနဲ့ ရွှီဇီယန်ကို'အစ်ကို'တစ်ယောက်လိုလည်း သဘောထားလေ့ရှိသည်။ ဒီလိုအချက်တွေကြောင့် ရွှီဇီယန်၏ရင်ဖွင့်ဖော်အဖြစ် အကောင်းဆုံးရွေးချယ်လိုက်တော့သည်။


သူကျောက်စိမ်းရောင်စာအုပ်ကို ထုတ်ပြီးနောက် ရွှီဇီယန်ကျင့်ကြံခြင်းအစီအစဉ်ကို စတင်လိုက်သည်။ ဒီခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုက အလွန်ကိုအံ့ဩစရာကောင်းပေသည်။ သူစာကြည့်တိုက်မှာတုန်းက အနည်းငယ်သာ ချောင်းကြည့်ခဲ့‌တာဖြစ်ပေမယ့် သူ့အတွက်တော့ စွမ်းအားထုတ်ဖို့ လုံလောက်ပေသည်။ စာကြည့်တိုက်မှာတုန်းက စစ်ဆေးဖို့ သိပ်ပြီးအဆင်မပြေခဲ့ပေ။ ဒါပေမယ့် အခုချိန်ကလည်း မနောက်ကျသေးတာကြောင့် သေချာသဘောပေါက်အောင် ရွှီဇီယန်ထုတ်သုံးကြည့်ရမည်။


သူတို့ညီအကိုနှစ်ယောက်က အလွန်နီးကပ်နေပြီး သူတို့ရဲ့ပခုံးတွေကလည်း ထိကပ်နေလေသည်။ ရွှီဇီယန်၏ဝိညာဉ် စာအုပ်ထဲသို့ ဝင်သွားသည်နှင့် သူ့ဘေးနားက ရွှီဇီရုန်၏အော်သံကို ကြားလိုက်ရသည်။


“ဘာဖြစ်တာလဲ?” ရွှီဇီယန်မျက်လုံးဖွင့်ဖွင့်ချင်း ရုတ်တရက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။ ရွှီဇီရုန်၏ ဘယ်ဘက်လက်မောင်းက အင်္ကျီက လောင်ကျွမ်းသွားပြီး ဖြူဖွေးသည့်အသားအရည်လေးက လစ်ဟာပြနေလေသည်။


ရွှီဇီရုန်အနည်းငယ်မျှ တွေဝေသွားသည်။ ထိုအချိန်က ရွှီဇီယန်ဘာမှမလုပ်ခဲ့ဘူး။ ဒါပေမယ့် ကျောက်စိမ်းရောင်စာအုပ်က ရုတ်တရက် လျှပ်စီးကြောင်းပစ်လွှင့်လိုက်သည်။ သူ့ရဲ့တုံ့ပြန်ပုံ မြန်ဆန်လိုက်လို့ပေါ့ မဟုတ်လျှင် သူ၏အင်္ကျီလေးပဲ လောင်ကျွမ်းသွားမှာ မဟုတ်ပေ။ ရွှီဇီရုန်၏လက်မောင်းတစ်ဖက်ပါ ဒဏ်ရာရသွားမည်ကို စိုးရိမ်မိသည်။


သူကရွှီဇီယန်အား အဖြစ်အပျက်တွေကို ပြောလိုက်ပြီးနောက် တစ်ဖက်လူက ချက်ချင်းရောက်လာပြီး စိုးရိမ်နေသည့် အကြည့်မျိုးဖြင့် လာကြည့်လေသည်။ လျှပ်စစ်၏ပင်ကိုသဘာဝကျင့်စဉ်အရ သန်မာပြီးအင်အားကြီးတယ်ဆိုတာ သူသိပေမယ့် သူကျင့်ကြံခြင်းကျင့်စဉ်အား လုပ်ဆောင်နေစဉ် ဘေးမှာရှိနေသည့်သူကို လျှို့ဝှက်လက်နက်နဲ့ တိုက်ခိုက်လိမ့်မယ်လို့ သူတစ်ခါမျှမကြားဖူးဘူး။


“ဘာမှမဖြစ်ပါဘူး ကိုကို ကျွန်တော်ထွက်သွားမှ အဆင်ပြေလောက်မယ်ထင်တယ်” ရွှီဇီရုန်အလေးအနက်ထားကာ ပြောလိုက်သည်။


အခြားဘာအကြံဉာဏ်မှ မရှိတာနဲ့ ရွှီဇီယန် သဘောတူလိုက်ရတော့သည်။ ထိုအကြံဉာဏ်က ရွှီဇီရုန်၏ဆန္ဒဆိုတာ ရွှီဇီယန်မသိပေ။ အစကတော့ ရွှီဇီယန်ကျင့်ကြံတာနဲ့ ပတ်သက်ပြီး ရှောင်နေလို့မရတော့ သူစိတ်ညစ်နေသေးပေမယ့် ဒီလိုအခွင့်အရေးမျိုး ရသွားလိမ့်မယ်လို့ သူမထင်ထားခဲ့မိဘူး။ ရွှီဇီရုန်ကသဘောကြီးစွာ ဟန်ဆောင်လိုက်ပြီး ဒီနေရာ၌ ရွှီဇီယန်အားကျင့်စဉ်ကျင့်‌ရန် ပေးလိုက်ပြီး ရွှီဇီယန်၏အပြစ်ရှိနေသည့် စိတ်ကြောင့် သူ၏အလိုဆန္ဒကလည်း ပြည့်ဝသွားတော့သည်။ သူထိုအခွင့်အရေးကို ယူပြီးတော့ တောင်အနောက်ဘက်သွားပြီး သူ့ဟာသူလေ့ကျင့်လို့ရပေသည်။


ခါတိုင်းဆိုရင် ရွှီဇီယန်ဘေးနားမှာ သူကအမြဲလိုလိုရှိနေရသည်။ ပြီးတော့ သူတို့နှစ်ယောက်မတွေ့တာက အိပ်ချိန်လောက်ပဲ ရှိတာကြောင့် သွေးပင်လယ်နှလုံးကျင့်စဉ်အားကျင့်ဖို့ ရွှီဇီရုန်မှာ အချိန်မရှိပေ။ ဒါပေမယ့် အခုတော့ အားလုံးပြောင်းလဲပြီ။ ရွှီဇီရုန်အခုဆိုရင် တောအုပ်ထဲသွားပြီး လွတ်လပ်စွာ အမဲလိုက်လို့ရပြီ။


ရွှီဇီယန်အတွက် စာလေးချန်ထားပြီးနောက် ပျော်ရွှင်စွာ တောင်အနောက်ဘက်သို့ ရွှီဇီရုန် ထွက်သွားတော့သည်။ သူကတောင်တန်းရဲ့ တောအုပ်အစွန်းအဖျားနေရာကို ရွေးလိုက်ပြီး ထိုင်လိုက်လေသည်။ ထိုအထဲမှာရှိသည့်တောကောင်တွေ၏ကျင့်စဉ်က ပထမနဲ့ဒုတိယချီစွမ်းအင်စုဆောင်းမှုအဆင့်လောက် သာရှိကြပြီး အမြင့်ဆုံးရှိမှ တတိယချီစွမ်းအင်စုဆောင်းမှုအဆင့်သာရှိသည်။ သူ့ရဲ့'ဒုတိယချီစွမ်းအင်စုဆောင်းမှုအဆင့်'အတွက်ဆိုရင်တော့ ပြည့်စုံပေလိမ့်မည်။


တကယ်တော့ သူဦးတည်ထားသည့်နေရာက သူ့ကိုကြီးကြီးမားမား ပြောင်းလဲပေးနိုင်တာမျိုး မရှိပေ။ သူကအခုရွှီဇီယန်နဲ့ အတူမရှိတာကြောင့် တောနက်ပိုင်းသွားဖို့ သူ့မှာအခွင့်အရေးမရှိချေ။ သူကပိုသန်မာသည့်တောကောင်ရဲ့ သွေးအနှစ်သာရကို ရချင်တယ်ဆိုရင်တောင် လက်ရှိသူ၏ကျင့်စဉ်ကို ဒုတိယချီစွမ်းအင်စုဆောင်းမှုအဆင့်အဖြစ် ရွှီဇီရုန် ဟန်ဆောင်ထားရမည်။ အကယ်၍ သူစွမ်းအားထုတ်သုံးတာ များသွားပါက ပြဿနာတတ်သွားလိမ့်မည်။ 


ဒါကြောင့် ရွှီဇီရုန်က အောင်မြင်ဖို့ တောကောင်အရေအတွက်ကို အသုံးပြုဖို့ရည်ရွယ်ထားခြင်း ဖြစ်သည်။ ဒီတောင်တန်းနားမှာ ရှိနေသည့် အဆင့်နိမ့်ကျင့်စဉ်တောကောင်တွေကတော့ ကံဆိုးမိုးမှောင်ကျတယ်လို့သာ မှတ်လိုက်ကြတော့။ တောင်တစ်ခုလုံး နှင်းမုန်တိုင်းတိုက်ပြီး ဘာမှမရှိအောင် ပြောင်သွားသလို ရွှီဇီရုန်ရှင်းလင်းလိုက်လေသည်…….


အဆင့်နိမ့်တောကောင်တွေ၏ သွေးအနှစ်သာရက ရွှီဇီရုန်အတွက် သိပ်ပြီးအထောက်အကူ မဖြစ်တာကြောင့် ထိုအရာတွေကို သန့်စင်ပြီးမှ အသုံးပြုလေသည်။ အစကတော့ သူတောင်နားကတောကောင်တွေကို သတ်ပြီးရသည့် သွေးအနှစ်သာရက လက်တစ်ဆုပ်စာရှိပေမယ့် ရွှီဇီရုန်သန့်စင်‌လိုက်တော့ တစ်စက်လောက်သာကျန်တော့သည်။


သူ့လက်ချောင်းပေါ်က သွေးတစ်စက်ကို လှည့်ရင်း ကြည့်လိုက်ကာ ရွှီဇီရုန်မျက်မှောင်ကြုတ်သွားသည်။ သူတောကောင်တွေအများကြီးကို သတ်ဖြတ်တာမျိုး သူခဏခဏလုပ်လို့မရပေ။ မဟုတ်လျှင် ရွှီမိသားစုကရိပ်မိသွားလိမ့်မည်။


ဒါက အချိန်တိုတိုနဲ့ အကျိုးရှိတာလား………


သူ၏မျက်ခုံးတွေဟာ ပိုပိုပြီးတွန့်လာပြီး ရွှီဇီရုန်သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။ သူရဲ့အစီအစဉ်က သွေးအနှစ်သာရကို အသုံးပြုပြီး ကျင့်စဉ်မြန်မြန်တတ်ဖို့ပဲဖြစ်သည်။ အခုတော့ အဲ့ဒါတွေက မဖြစ်နိုင်တော့ဘူး။ သူရွှေအမြုတေအဆင့်ကျင့်ကြံသူကို မတိုက်ခိုက်နိုင်မှတော့ ဒီလိုအဆင့်နိမ့်မှာ နေနေတာပဲ ပိုကောင်းပေသည်။


တကယ်တော့ သူ့ရဲ့လက်ရှိကျင့်စဉ်အဆင့်အနေနဲ့ ရွှီမိသားစုဆီကနေထွက်သွားပြီးတော့ သူ့ဟာသူကျင့်ကြံလို့ရပေသည်။ သူသန်မာလာသည့်အခါ ရွှီမိသားစုဆီလာပြီး အားလုံးကို ပြန်သုတ်သင်ပစ်လို့ရသည်။ ဒါပေမယ့် သူတွန့်ဆုတ်နေမိသည့် အကြောင်းပြချက်က သူ၏ကိုကိုဖြစ်သူ ရွှီဇီယန်နဲ့ ခွဲခွာရမယ်ဆိုသည့် အတွေးကြီးကို သူအရမ်းမုန်းသည်။


သူ၏သူငယ်ချင်းလိုပေါင်းသင်းလို့ရသည့် ကိုကိုဖြစ်သူရယ် လေးစားစရာကောင်းညီငယ်လေးဖြစ်သူ သူရယ် သူတို့နှစ်ယောက်ထဲသာဆိုရင် ဒီလိုနေ့ရက်တွေအားလုံးက အရမ်းကောင်းမွန်ပြီးတော့ ကျေနပ်စရာကောင်းမှာပဲလို့ ရွှီဇီရုန်ခံစားရသည်။ ရွှီမိသားစုကအခြားလူတွေကတော့ အလွန်စိတ်တိုစရာကောင်းလှသည်။ သူ့ကိုကို၏မျက်နှာကိုထောက်လို့ ရွှီဇီရုန် ထိုလူတွေ၏အပြုအမူတွေကို သည်းခံနေတာဖြစ်သည်။


သက်ပြင်းအနည်းငယ်ချလိုက်ကာ ဖြတ်သွားသည့်တောကောင်အား ရွှီဇီရုန်ဖမ်းလိုက်ပြီး တစ်စစီဖြစ်သွားအောင် လုပ်လိုက်လေသည်။ ထိုသို့လုပ်ပြီးမှ သူဒေါသထွက်နေသည့် စိတ်တွေ အနည်းငယ် လျော့ကျသွားတော့သည်။


ထားလိုက်ပါတော့ ကျင့်ကြံတာက နှစ်အနည်းငယ်တော့ယူရမှာပေါ့။ သူသည်းခံပြီး စောင့်ဆိုင်းနိုင်ပါသေးသည်။ နောက်သုံးနှစ်ဆိုရင် သူ့ကိုကိုက လျှိုကွမ်းဂိုဏ်းကို သွားတော့မှာဖြစ်သည်။ အရင်ဘဝတုန်းကတော့ ရွှီဇီယန်ထွက်သွား‌ပြီးနောက် ရွှီဇီရုန်လည်းလွတ်လပ်သွားပြီး ရွှီမိသားစုဆီက‌နေ ထွက်သွားတော့သည်။ ဒါပေမယ့် ဒီ‌ဘဝမှာတော့ သူ့ကိုကိုဆီကနေ သူထွက်သွားမှာမဟုတ်ဘူး။


အဲ့ဒါလည်းကောင်းတာပဲ။ အကယ်၍ သူစွမ်းအားကြီးလာပါက သူ့ကိုကိုနဲ့အတူ လျှိုကွမ်းဂိုဏ်းကို မဝင်နိုင်မှာကို ရွှီဇီရုန်အနေနဲ့စိတ်ပူစရာမလိုတော့ဘူး။ သူ့ကိုကိုအနားမှာ နေရင် သူ့စွမ်းရည်အားလုံးက နှောင့်နှေးနေပေမယ့် ရွှီဇီရုန်တိတ်ဆိတ်စွာ သည်းခံနေလိုက်တော့သည်။


ကံအား‌လျော်စွာဖြင့် သူ့အရင်ဘဝတုန်းက ရွှီဇီရုန်မှာ ဘာမှမရှိခဲ့ပေ။ တစ်ခုတည်းသော ရှိခဲ့သည့်အရာကတော့ သူ၏သည်းခံနိုင်စိတ်ပဲ ဖြစ်သည်။ သူ၏ကိုကိုကသာ သူတွေ့ဆုံခဲ့သည့် နှစ်ဘဝလုံးမှာ သူ့အားနွေးထွေးသည့် ခံစားချက်မျိုးဖြစ်ပေါ်အောင် လုပ်နိုင်သည့် တစ်ဦးတည်းသောလူတစ်ယောက်သာဖြစ်သည်။ ဒီလူအတွက် အချို့အရာတွေကို လက်လျော့လိုက်ဖို့ဆိုရင်လည်း ရွှီဇီရုန်လိုလိုလားလား လုပ်ရဲပေသည်။ 


ဒါပေမယ့် သူ့ကိုကိုကတော့ အဖိုးအခပေးရမှာပေါ့။


အဖိုးအခတွေ ဘာပေးရမလဲဆိုတာကလား? အနာဂတ်ရောက်မှ ထိုအကြောင်းကိုဆွေးနွေး ကြတာပေါ့………


သူကိုယ်ပေါ်က သွေးအနှစ်သာရတွေကို သန့်စင်ပြီးနောက် ရွှီဇီရုန်လျှို့ရှန်အဆောင်သို့ ပြန်သွားတော့သည်။ သူကသူ့ရဲ့ကျင့်စဉ်ကို ဖြေးဖြေးချင်းကျင့်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး ဖြစ်တာကြောင့် သူ့အတွက် သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်ကို ပိုပြီးအာရုံစိုက်ရင် ပိုကောင်းပေလိမ့်မည်။ သွေးပင်လယ်နှလုံးကျင့်စဉ်၏အဆင့်ကလည်း ရွှီဇီယန်၏ကျင့်စဉ်အဆင့်တက်နှုန်းထက် သိပ်ပြီးမနိမ့်ကျပေ။ အကယ်၍ သူသွေးပင်လယ်နှလုံးကျင့်စဉ်ကို ကျင့်နေတာကို ဖုံးကွယ်ချင်ရင် ရွှီဇီရုန် အခြားကျင့်စဉ်တစ်ခုကိုကျင့်ကာ ဖုံးကွယ်ရလိမ့်မည်။


အရင်ကတော့ သူကဂရုမစိုက်စွာ သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ဒါပေမယ့် အခုတွေးကြည့်လိုက်မှ သစ်သားဒြပ်စင်အထောက်အပံ့ကျင့်စဉ်က သူ့အတွက်အကောင်းဆုံး ရွေးချယ်မှုပင်ဖြစ်ပေသည်။


သူလျှို့ရှန်အဆောင်ကို ပြန်ရောက်တော့ ရွှီဇီယန်ကလေ့ကျင့်ဆဲသာ ဖြစ်သည်။ သူကလတ်တလောကမှ သူ့အခန်းနားကို ဘယ်သူမှမလာရ အမိန့်ကိုထုတ်ထားတာ ဖြစ်သည်။ ရွှီဇီရုန် ထိုအရာကိုမြင်လိုက်ပြီး သူကလည်း ထိုနေရာသို့ သွားရှာမနေတော့ပေ။ ထို့အစား သူတို့အဆောင်အနောက်မှာ ရှိသည့် လေ့ကျင့်ရေးကွင်းလေးထဲသွားတာ ထောင့်နားမှာထိုင်ပြီးတော့ သူတတ်မြောက်ထားတာ မကြာသေးသည့် 'သိုဝှက်ထားသောသစ်သား၏အချိုးကျရောစပ်မှု'ကျင့်စဉ်ကို စတင်လေ့‌ကျင့်လေသည်။


ထိုအချိန်၌ပင် ရွှီဇီယန်၏အခန်းထဲ၌ ခရမ်းရောင်လျှပ်စစ်အမျှင်လေးတွေဟာ သူ့အခန်းတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ရွှီဇီယန်က လျှပ်စစ်မုန်တိုင်းအလယ်မှာ ရပ်နေတာတောင် ဘာဒဏ်ရာမှမရရှိပေ။ ဒါပေမယ့် တချို့အချိန်တွေမှာတော့ သူ့မျက်နှာက နာကျင်မှုကို ဖော်ပြ‌လေ့ရှိ‌နေသည်။


ရည်းမှန်းချက်ကိုယ်စီဖြင့် သူတို့၏စွမ်းအင်တွေအားလုံးကို ကျင့်ကြံခြင်းမှာပဲ မြှုပ်နှံထားကြလေသည်။ လူတွေက သူတို့ကိုယ်သူတို့ နားမလည်တာ ဖြစ်ကောင်း ဖြစ်နိုင်ပေမယ့် သူတို့ရဲ့ခိုင်ခံသည့် လှုံ့ဆော်မှုတွေကတော့ ရွှီမိသားစုအိမ်တော်တစ်ခုလုံးကို ရိုက်ခတ်သွားလေသည်…………


Original Author's Note : 

နောက်အပိုင်းဆိုရင် သူတို့နှစ်ယောက် အသက်အနည်းငယ် ကြီးလာပါတော့မယ်!!!……ခဏလေးဘဲ စောင့်နေကြပါ။→_→


#TK