Chapter 31
Viewers 4k

Chapter 31


အချိန်ကရေလိုပဲ အစဉ်မပြတ် စီးဆင်းလျက်ရှိသည်။ အဲ့လိုနဲ့ သုံးနှစ်ဆိုသည့် အချိန်ကာလဟာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားတော့သည်။ ထိုမျက်စိတစ်မှိတ်လောက် အချိန်ကုန်ဆုံးသွားပြီးနောက် လျှိုကွမ်းဂိုဏ်း၏ တပည့်အသစ် လက်ခံမည့်နေ့သို့ နီးကပ်လာတော့သည်။


ရွှီမိသားစုကလည်း လျှိုကွမ်းဂိုဏ်းနဲ့ မိတ်ဖွဲ့ထားတာဖြစ်ပြီး အသင့်တော်ဆုံးသူတွေကို မရွေးဘဲ သူတို့ကလေးတွေအား ဒီတိုင်းကြီး ပို့လိုက်လို့မဖြစ်ပေ။ ဒါပေမယ့် ရွှီဇီယန်၏သဘာဝစွမ်းရည်ကတော့ အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့ ပြဿနာမရှိပေ။ အကယ်၍သူသာကံကောင်းရင် အကြီးအကဲတစ်ယောက်ယောက်၏လက်အောက် ဒါမှမဟုတ် ဂိုဏ်းချုပ်၏လက်အောက်၌ တပည့်ဖြစ်ချင် ဖြစ်နိုင်လိမ့်မည်။ 


ရွှီဇီယန်၏အလွန်အံ့အားသင့်စရာကောင်းသည့် ဇွဲလုံ့လနဲ့မွေးရာပါအရည်အချင်းကြောင့် သူဟာသုံးနှစ်အတွင်း ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို အောင်မြင်ပြီးသွားပြီဖြစ်သည်။ သူက‌မိုးကြိုးကောင်းကင်စိတ်ဝိညာဉ်သွေးကြောကို ပိုင်ဆိုင်ထားသော်လည်း သူ၏‌အောင်မြင်မှုတွေဟာ အသက်၁၅နှစ်အရွယ်ထဲနဲ့ သူဘယ်လောက်ထိ ကြိုးစားတယ်ဆိုတာ သက်သေပြနိုင်ပေသည်။ 


ဂိုဏ်းတိုင်းအားလုံးဟာ တပည့်တွေကို ပြင်းပြင်းထန်ထန် ‌လေ့ကျင့်ပေးကြသည်။ သူတို့တွေက မွေးရာပါအရည်အချင်းလည်းရှိပြီး အခက်အခဲတွေကို ကျော်လွှားနိုင်မည့် ရွှီဇီယန်လို့လူမျိုးကို အလိုရှိကြသည်။


ဒါပေမယ့် သုံးနှစ်ဆိုသည့်အချိန်အတွင်း၌ ရွှီဇီယန်တိုးတက်လာတာကလည်း အံ့ဩစရာကောင်းသလို ရွှီဇီရုန်၏ကျင့်စဉ်တက်နှုန်းကလည်း လူတိုင်းကို အံ့အားသင့်သွားစေသည်။


အဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့်သို့ ရောက်သွားပြီဖြစ်ပြီး ချီစွမ်းအင်စုဆောင်းမှုအဆင့်ပြီးဆုံးဖို့ နှစ်ဆင့်မျှသာ လိုတော့ပေသည်။ ထို့အပြင် ရွှီဇီရုန်က ကလေးတစ်ယောက်သာဖြစ်ပြီး လွန်ခဲ့သည့်သုံးနှစ်ကမှ ကျင့်ကြံခြင်းလမ်းစဉ်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်သည်။ 


ရွှီဇီရုန်၏ စွမ်းရည်ကို မြင်လိုက်ရပြီး ရွှီရှောင် နောင်တရသလို ခံစားလိုက်ရသည်။ အကယ်၍ သူသာရွှီဇီရုန်ကို စောစောပြန်ခေါ်လာပါက တပည့်အသစ်လက်ခံဖို့ ရွှီမိသားစုကနေ ချီစွမ်းအင်စုဆောင်းမှုအဆင့်ပြီးသွားသူ နှစ်ယောက်ဖြစ်သွားလိမ့်မည် မဟုတ်ဘူးလား?


အဲ့ဒီအပြင် ရွှီရှောင်အတွက် နောင်တရစရာ‌ နောက်တစ်ချက်တော့ သူလျစ်လျူရှုထားလို့ထင်ပါရဲ့။ ရွှီဇီရုန်က သူနဲ့ပတ်သက်ပြီး ခပ်စိမ်းစိမ်းသာရှိနေသည်။ သူတို့နှစ်ယောက် ပထမဆုံးတွေ့စဉ်အခါက ရွှီဇီရုန် သူအား'အဖေ'လို့ တစ်ကြိမ်မျှသာ ခေါ်ဆိုခဲ့သည်။ သူတို့နှစ်ယောက်၏ ဆက်ဆံရေးက သူစိမ်းနှစ်ယောက်ပုံစံထက်တော့ သာပေသည်။


ရွှီရှောင် ရွှီဇီရုန်အား သဘောမကျပေ။ ရွှီဇီရုန်က သူ့သားဖြစ်နေပေမယ့် တစ်ဖက်သူ၏မျက်လုံးက လျှို့ဝှက်နက်နဲနေတာကို သူမြင်လိုက်ရတိုင်း သူအမြဲတမ်း မတွေးတတ်တော့အောင် စိတ်မကြည်မသာဖြစ်‌လာလေသည်။ အဲ့ဒီမျက်လုံးတစ်စုံက အလွန်မည်းမှောင်ပြီးတော့ နက်နဲလှသည်။ ရွှီဇီရုန်က ဒီအဖေဖြစ်သူ သူ့အား မုန်းနေသည်လို့ ရွှီရှောင်အမြဲတမ်း အထင်မှားသလို ခံစားနေရသည်။


ကံအားလျော်စွာ ဒီကလေးက သူအပါအဝင် ရွှီမိသားစုကဘယ်သူနဲ့မျှ အဆက်အဆံသိပ်မလုပ်ပေမယ့် ရွှီဇီရုန်က သူ့ရဲ့အစ်ကိုဖြစ်သူအနားကိုတော့ ကပ်ရတာအရမ်းနှစ်သက်လေသည်။ တစ်စုံတစ်ယောက်သာ မကန်းဘူးဆိုရင် ဒီညီအကိုနှစ်ယောက်ရဲ့ ရင်းနှီးမှုက ညီအကိုအရင်းဆိုတာထက် ပိုနေသည်ကို မြင်သည့်သူတိုင်းသိနိုင်ပေသည်။ 


ရွှီဇီယန်ကထိုကောင်စုတ်လေးအပေါ် ကောင်းနေတာကို ရွှီရှောင် မကျေမနပ်ဖြစ်မိသည်။ ရွှီဇီယန်ကရွှီဇီရုန်အပေါ် အရမ်းကောင်းပေးနေတော့ ရွှီရှောင်ဆိုသည့် သူတို့အဖေဖြစ်သူက အနည်းငယ်တော့ စိတ်မသက်မသာဖြစ်ရတာပေါ့။


ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ်ပါလေ ရွှီဇီရုန်က ရွှီမိသားစု၏ကလေးဖြစ်သည်။ သူ့အနေနဲ့ ရွှီမိသားစုကို ဒုက္ခပေးဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။ ထို့အပြင် ထိုကောင်စုတ်လေးက ရွှီဇီယန်အပေါ်ကို အလွန်မှီခိုအားထားသည်။ ဒါကြောင့် သူတို့နှစ်ယောက်အား လျှိုကွမ်းဂိုဏ်းသို့ပို့ရန် ရွှီရှောင် ဘာစိတ်မချမှုမှ မဖြစ်တော့ပေ။


တကယ်တော့ ရွှီရှောင်၏ အတွေးအခေါ်တွေကလည်း မှန်ကန်မှုရှိပေသည်။ ရွှီဇီယန်က ရွှီရှောင်၏မကောင်းသည့်အကျင့်ဆိုးတွေနဲ့ စီမံခန့်ခွဲတာကို အထင်သေးပေမယ့် အခြားသူတွေကို ပြုစုပျိုးထောင်သည့်နေရာမှာတော့ သူကအမှန်တကယ် အလေးအနက်ထားလေသည်။ ရွှီမိသားစုအတွက် သူ့အတွေးအမြင်တွေကတော့ လက်ရှိမိသားစုဟာ သူဝိညာဉ်မကူးပြောင်းခင်က မိသားစုလောက် ရင်းရင်းနှီးနှီးမရှိပေမယ့် သူတို့ကိုတော့ သူမမုန်းပေ။


ယခုအခါမှာ ရွှီဇီယန်က ရွှီမိသားစု၏ အသိအမှတ်ပြုခြင်းနဲ့ ထောက်ခံမှုကို အစကတည်းက လက်ခံရရှိထားသူဖြစ်သည်။ ရွှီမိသားစုက သူ့အားသစ္စာမဖောက်သည့် ကာလပတ်လုံး ရွှီမိသားစုတိုးတက်ကြီးပွားဖို့ သူလုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်ပြီး ကာကွယ်ပေးမှာဖြစ်သည်။


လျှိုကွမ်းဂိုဏ်း၏တပည့်ခေါ်ဖို့ ရက်ကလည်း နီးနေပြီဆိုတော့ ရွှီရှောင်နဲ့မျိုးနွယ်စုခွဲရဲ့အကြီးအကဲတွေက အစည်းအဝေးထိုင်ကြပြီး လက်ရှိလေ့ကျင့်ကွင်း၌ လေ့ကျင့်နေကြသည့် ကလေးဆယ်ယောက်ကို ရွေးချယ်ကြသည်။ အဲ့ဒီလူဆယ်ယောက်အား လျှိုကွမ်းဂိုဏ်းသို့ ပို့လိမ့်မည်။


ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်းကတော့ လျှိုကွမ်းဂိုဏ်းကို ဝင်ခွင့်မရပေ။ အခြားလူတွေထက် ရွှီဇီယန်နဲ့ရွှီဇီရုန်တို့ကိုကတော့ အနာဂတ်မှာ လျှိုကွမ်းဂိုဏ်း၏တပည့်ဖြစ်ဖို့ အစကတည်းကသတ်မှတ်ထားပြီးသား ဖြစ်သည်။ အခြားလူတွေကိုကတော့ အခြားဂိုဏ်းတွေကို တပည့်အဖြစ်ဝင်ရောက်နိုင်ဖို့ သူတို့အတွက်ကြိုးစားဖို့ အခွင့်အရေးရနိုင်သည်။


ဥပမာပြောရရင် ရင့်ရွဲ့တောင်ကြားဟာ အမျိုးသမီးတပည့်တွကိုသာ လက်ခံကြသည်၊ ဒါမှမဟုတ် ယွီရှို့ဂိုဏ်းက စိတ်ဝိညာဉ်စွမ်းအင်တောကောင်တွေကို ထိန်းချုပ်ရာမှာ အလွန်တော်ကြသည်။


ရွှီမိသားစုဟာ ပို့ဆောင်ဖို့အတွက် ပြင်ဆင်ထားသည့် တပည့်တွေက ၁၂နှစ်ယောက်ရှိသည်။ တပည့်၁၀ယောက်နဲ့ အဖွဲ့ခေါင်းဆောင်၂‌ယောက် ပါဝင်သည်။ ခေါင်းဆောင်ကတော့ ထုံးစံအတိုင်း ရွှီမော့ဖြစ်ပြီးတော့ သူကလွန်ခဲ့နှစ်က အခြေခံကျင့်ကြံခြင်းအဆင့်သို့ တက်ရောက်နိုင်ခဲ့လေသည်။ သူကလောင်လော်၏ အာရုံစိုက်မှုကိုရရှိပြီး မျက်နှာသာပေးလိမ့်မယ်လို့ ဘယ်သူထင်ထားခဲ့မှာလဲ။ ထို့နောက်မှာတော့ လောင်လော်ကသူ့အား အကြံဉာဏ်တစ်ချို့ပေးခဲ့ပြီး ရွှီမော့ကလည်း အခြေခံကျင့်ကြံခြင်းအဆင့်ကို အောင်မြင်စွာ တက်ရောက်နိုင်သွားလေသည်။


ရွှီ‌မော့၏လက်ထောက် ခေါင်းဆောင်ကတော့ စကားနည်းသည့် အသက်အလယ်အလတ်လူကြီးတစ်ယောက်သာ ဖြစ်သည်။ သူ၏စွမ်းအားနဲ့ ကျင့်စဉ်အဆင့်ကတော့ ရွှီမော့ထက် ပိုမြင့်ပေသည်။ ဒါ‌ပမယ့် သူကလူတွေကို စိတ်ဝင်စားမှုမရှိပေ။ ဒါကြောင့် ဒီအဖွဲ့၏ ခေါင်းဆောင်နေရာက ရွှီမော့ခေါင်းပေါ်သို့ ကျလာတော့သည်။


ရွှမ်းယွိနယ်မြေမှာ တစ်ဆင့်ပို့ပေးသည့်အစီအစဉ်က အမြန်ဆုံးနဲ့အဆင်ပြေဆုံး ခရီးသွားနိုင်သည့် နည်းလမ်းကိုပြင်ဆင်ထားသည်။ မျက်စိတစ်မှိတ်အတွင်း မိုင်ပေါင်းထောင်ချီရောက်နိုင်သည်။ ရွှီမိသားစု၏နယ်မြေက အနည်းငယ်အစွန်အဖျားဘက်မှာ တည်ရှိနေတာကြောင့် တစ်ဆင့်ပို့ပေးသည့်အစီအစဉ်ဖြင့် သူတို့သွားရပေမည်။ တစ်ဆင့်ပို့ပေးသည့်အစီအစဉ်ကို အသုံးပြုဖို့က အလွန်အဖိုးအခပေးရတာကြောင့် လိုအပ်မှသာအသုံးပြုကြသည်။ ပုံမှန်မိသားစုက အဆင့်နိမ့်ကျင့်ကြံသူတွေဟာ ထိုအရာကို အသုံးမပြုနိုင်ကြပေ။


ထိုအရာအတွက် ရွှီရှောင်ကနှမြောမနေဘဲ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေကို ပေးကာ ထိုလူ၁၂ယောက်အား ပို့လွှတ်လိုက်တော့သည်။ ရွှီမိသားစုက ကျင့်ကြံခြင်းအဆင့်မြင့်ထဲမှာ မပါပေမယ့် ဒီလိုအခြေအနေမျိုးအတွက်တော့ တွန့်တိုမနေပေ။


ရွှမ်းယွိ‌နယ်မြေအတွင်းမှာ လျှိုကွမ်းဂိုဏ်းက အကောင်းဆုံးနဲ့ ဩဇာအရှိန်အဝါအရှိဆုံး ဂိုဏ်းတစ်ခုအဖြစ်ပါဝင်ပေသည်။ ထိုနေရာမှာ ကျင့်ကြံသူတစ်သောင်းလောက်ဟာ တပည့်စာရင်းဝင်ဖို့အတွက် ကြိုးစားကြရသည်။ ထိုအထဲကမှ ငါးဆယ်ရာခိုင်နှုန်းအထက်လောက်က ဖြုတ်ချခံရသည်။ ကျန်ရှိနေသည့် လူတွေထဲကမှ လေးဆယ်ရာခိုင်နှုန်းလောက်ဟာ အပြင်ဂိုဏ်းတပည့်အဖြစ် ရွေးချယ်ခံရသည်။


အပြင်ဂိုဏ်းတပည့်နဲ့ အတွင်းဂိုဏ်တပည့်တွေဟာ တောင်နဲ့မြောက်လို့ ဝင်ရိုးစွန်းနှစ်ခုပမာ အလွန်ကိုခြားနားကြသည်လို့ ပြောရင်မမှားနိုင်ပေ။ ဒါကြောင့် ဂိုဏ်း၏တံခါးဝကိုရောက်တာနဲ့ ရွှီဇီယန်ကို အထင်အမြင်သေးပြီး လှောင်ရယ်ကြမှာမျိုး ရွှီရှောင်မလိုချင်ပေ။


သူတို့အဖွဲ့ဟာ နောက်ဆုံးတော့ ရောက်သွားကြလေသည့်။ နေရာရွေ့ပြောင်းတာ ရပ်သွားပြီးနောက် သူတို့အဖွဲ့တွေဟာ နောက်ဆုံးတော့ လျှိုကွမ်းဂိုဏ်း၏ ထိန်းချုပ်မှုအောက်မှာ ရှိသည့် ဖာအန့်မြို့သို့ ရောက်ရှိသွားတော့သည်။


ဖာအန့်မြို့ကအရမ်းကြီးပြီး မော့ရှင်းမြို့ထက် အနည်းဆုံး ဆယ်ဆလောက်တော့ ကြီးပေလိမ့်မည်။ တောက်ပြောင်မှုတွေ၊ လမ်းအကျယ်ကြီးတွေ၊ တံတားပေါ်မှာ လူတွေအပြည့် သွားလာလှုပ်ရှားနေကြတာတွေ၊ ပြီးတော့ တဖိတ်ဖိတ်တောက်ပြောင်နေသည့် ဆိုင်တွေက နေရာတစ်ခုလုံးမှာ ပြည့်နက်နေပြီး မော့ရှင်းမြို့မှာ နေလာကြသည့် သူတို့လိုတပည့်သားတွေ အတွက်ကတော့ ဒီလိုအရောင်အသွေးစုံလင်လှသည့် ဖာအန့်မြို့ကြီးအား မြင်လိုက်ရပြီးနောက် သူတို့မျက်လုံးတွေက ယောက်ယက်ခတ်သွားတော့သည်။


ရွှီဇီယန်ကတော့ ဒီလိုပုံစံမျိုးတွေကို ခေတ်ဘက်မှာလည်း တွေ့မြင်ဖူးတာကြောင့် ဖာအန့်မြို့ကိုမော့ရှင်းမြို့နဲ့ နှိုင်းယှဉ်ပေမယ့်လည်း သူကတော့ဘာမှမဖြစ်ပေ။ ရွှီဇီရုန်ကလည်း ခံစားချက်မရှိသည့် အမူအရာသာဖြစ်နေသည်။ သူ့အရင်ဘဝတုန်းက ဖာအန့်မြို့ကို သူမြင်တွေ့ထားဖူးတာကြောင့် သူ့အနေနဲ့ နည်းနည်းလေးမျှ စိတ်လှုပ်ရှားမှု မရှိပေ။


ရွှီမိသားစု၏လူ၁၂ယောက်ဟာ တစ်ဆင့်ပို့ပေးသည့်အစီအစဉ်ကနေ လမ်းလျှောက်လာပြီးနောက် ဖာအန့်မြို့ပေါ် မျက်စိကျနေတာကြောင့် သူတို့အဖွဲ့ဖြစ်သည့် ဒုတိယအဖွဲ့ဟာ အဖွဲ့ကွဲသွားတော့သည်။ အစမှာတော့ ဒီလိုပုံစံမျိုးတွေက အသေးအဖွဲ့ကိစ္စသာဖြစ်သည်။ ဒါပေမယ့် သူတို့ကတော့ အမြဲတမ်း နားဝင်မချိုသည့် အသံကို ကြားနေရစမြဲဖြစ်သည်………


“မင်းတို့အဖွဲ့တွေကတော့ အခုမှမြို့‌ပါ်ရောက်ဖူးတဲ့လူအတွေလိုပဲ လမ်းကိုမပိတ်နဲ့လေ” အားလုံးအနောက်ကနေ ကျယ်လောင်လှသည့် အသံကိုကြားလိုက်ရပြီး တစ်ယောက်ယောက်ကတော့ ကံဆိုးမှုတွေကို သယ်ဆောင်လာတယ်ထင်ပါရဲ့။


ရွှီဇီယန်နောက်လှည့်ကာ တစ်ချက်ကြည့်လိုက်သည်။ တစ်ဆင့်ပို့ပေးသည့်အစီအစဉ်ကနေ အနည်းငယ် ဝေးသည့်အကွာအဝေးမှာ ရပ်နေကြပြီး ကျင့်ကြံသူဆယ်ယောက်စလုံးက ရွှေရောင်ဝတ်ရုံတွေကို ဝတ်ဆင်ထားကြသည်။ 


သူတို့တွေရဲ့ခေါင်းဆောင်လုပ်သူက ရွှီဇီယန်အသက်လောက်သာ ရှိဦးမည်။ ထိုလူ၏အကြည့်တွေက အလွန်အေးစက်နေပြီး သူ့ရဲ့အကြည့်တွေက ရွှီဇီယန်နဲ့သူရဲ့အဖွဲ့ကို အရာမဝင်သလို ကြည့်နေလေသည်။


စကားပြောလိုက်သည့် အသက်အလယ်အလတ်လူကြီးက ထိုဆယ်ကျော်သက်နားမှာ ရပ်နေလေသည်။ ရွှီဇီယန် ထိုသူ၏ကျင့်စဉ်အဆင့်ကို မသိပေမယ့် အသံကျယ်ကျယ်နဲ့ထိုလူက သူ့အားအလွန်အလေးထား ဆက်ဆံတာကြောင့် ရွှီဇီယန် ထိုသူ၏အဆင့်အတန်းကို ကောက်ချက်ချနိုင်သည်………


“မင်းဘာကြည့်တာလဲ။ ငါမင်းတို့ကို ပြောနေတာ။” ထိုအသက်အလယ်အလတ်လူကြီး၏ အသံက အထက်စီးဆန်ပေသည်။

“ငါတို့သခင်လေးအတွက် လမ်းမြန်မြန်ဖယ်ပေးစမ်း။ ငါတို့သခင်လေးရဲ့အချိန်တွေကို မင်းတွေဖြုန်းနေကြတယ်ဆိုတာ နားမလည်ကြဘူးလား?”


ရွှီဇီယန်အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ ဒီလူ၏အထက်စီးဆန်သည့် အပြုအမူကို သူသဘောမကျပေ။ ဒါပေမယ့် သူ့မိသားစုကွယ်ရာမှာ ပြဿနာရှာတာကတော့ မှားယွင်းတာကြောင့် ရွှီဇီယန်သူ့နှာခေါင်းကိုပွတ်ကာ ဘေးသို့ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။


ထိုအရာကိုမြင်တော့ အခြားသော ရွှီမိသားစုကတပည့်တွေကလည်း ‌သူ့အနောက်မှလိုက်ကာ ‌ထိုလမ်းပေါ်ကနေ ခြေလှမ်းအနည်းငယ် ဆုတ်ပေးလိုက်သည်။ ရွှေရောင်ဝတ်ရုံဝတ်ဆင်ထားသည့် ထိုအဖွဲ့ဟာ အရှက်မရှိစွာပေါ်ပေါ်ထင်ထင် ရွှီမိသားစုအဖွဲ့ အရှေ့ကနေ လျှောက်သွားကြသည်။ 


ဒီလိုလူတွေနဲ့ ထပ်ပြီးပြန်ဆုံတွေ့နိုင်မယ်ဆိုတာ ဘယ်သူမှမသိတာမို့ ရွှီဇီယန်ကလည်း ဘာမှဂရုမစိုက်ပေ။ ဒါပေမယ့် အဖြစ်အပျက်ဟာ အရမ်းကို တိုက်ဆိုင်လွန်းလှသည်။ လျှိုကွမ်းဂိုဏ်း၏တပည့်အဖြစ် လက်ခံကြသည့်နေရာသို့ ရောက်သွားသည့်အချိန်၌ ရွှေရောင်ဝတ်ရုံနဲ့အဖွဲ့ကို နောက်တစ်ကြိမ် ပြန်ဆုံကြပြန်သည်။


တချို့လူတွေ သူတို့အဖွဲ့တွေကို သက်ဆိုင်ရာနေရာသို့ ပို့ပေးလိုက်ပြီးဖြစ်တာကြောင့် သူတို့အဖွဲ့ဟာ တစ်ဖြည်းဖြည်း လူနည်းလာပေမယ့် ထိုအေးစက်စက်အကြည်နဲ့ကောင်လေးရယ် မိန်းမစိုးတို့ နှစ်ယောက်ကတော့ ထိုနေရာမှာ ရှိနေတုန်းဖြစ်သည်။ 


ရွှီဇီယန်သူတို့အားလုံးကို မသိပေ။ လူတစ်ယောက်က သူ့အားလျှိုကွမ်းဂိုဏ်း၏ တပည့်ဖြစ်နိုင်၊မဖြစ်နိုင်ကို ဆုံးဖြတ်ရန်အတွက် လာပြောသည်။ ဒါကြောင့် ရွှီဇီရုန်အား စကားနည်းသည့်အသက်အလယ်အလတ်လူကြီးထံ အပ်ထားခဲ့တော့သည်။


ဒီနေရာမှာ တန်းစီကြသည့်လူတွေက အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့အတွက် အထူးပြုလုပ်ထားတာဖြစ်သည်။ လူတိုင်းဟာ သူတို့၏စွမ်းရည်‌အပေါ် အလွန်ယုံကြည်မှု ရှိကြသည်။ ဒါပေမယ့် ရွှီဇီယန်လိုမျိုး မွေးရာပါစွမ်းရည်ကတော့ လူနည်းစုသာရှိပြီး ဒါကြောင့် ထိုနေရာမှာ တန်းစီကြသည့်လူတွေက သိပ်မရှိကြပေ။ ဒါကြောင့် သူအလှည့်စာရင်းသွင်းရန် သိပ်ပြီးတော့မကြာတော့ပေ။ 


ထိုအေးစက်စက်အကြည့်နဲ့ကောင်လေးရယ် မိန်းမစိုးရယ်ကလည်း ထိုနေရာသို့ ဝင်လာကြသည်။ သူတို့တွေက ရွှီဇီယန်၏အနောက် ၇ယောက် ၈ယောက်လောက်မှ ရှိပေသည်။


အေးစက်စက်နိုင်ပြီး အထက်စီးဆန်သည့် ဆယ်ကျော်သက်က ထိုအတန်းက နေရာနဲ့ ဘယ်လောက်မှ မကွာဝေးလှဘူးဆိုတာ မြင်သွားပြီး သူမျက်လုံးအနည်းငယ်ကျုံ့သွားသည်။ အဲ့ဒါကိုမြင်တော့ မိန်းမစိုးက ချက်ချင်းပင် ဘေးပတ်လည်လည်ကို ကြည့်လိုက်သည်။ ရွှီဇီယန်အားသူမြင်လိုက်ပြီးနောက် သူ့မျက်လုံးတွေက အလွန်အံ့ဩသည့်ပုံစံဖြစ်သွားပြီး ထိုနေရာသို့ လျှောက်သွားလေသည်။


“မင်း ဟုတ်တယ် မင်းပဲ၊ မြို့ပေါ်ရောက်ဖူးတဲ့လူအလေး၊ မင်းရဲ့နေရာကို ငါတို့သခင်လေးနဲ့ လဲပေးစမ်း။ ဒီမှာစိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံး ဆယ်တုံး ငါတို့သခင်လေးက ဆုချတာ။” အသက်အလယ်အလတ်မိန်းမစိုးက ကျယ်လောင်သည့်အသံဖြင့် ရွှီဇီယန်အား ညွှန်ပြကာ ပြောလိုက်သည်။


ရွှီဇီယန်သူ့အား ဂရုမစိုက်သည့် အကြည့်ဖြင့်ကြည့်ကာ မျက်နှာသေဖြင့် သူစကားတစ်ခွန်းမျှမပြောပေ။


“မင်း ငါပြောတာ မကြားဘူးလား?” မိန်းမစိုး၏မျက်နှာဟာ အနည်းငယ်မဲ့သွားသည်။ 

“မင်းနားကန်း‌နေတာလား၊ ဒါမှမဟုတ် တစ်ခုခုလိုချင်လို့လား? အိုး ငါသိပြီ၊ ပေးလိုက်တဲ့ စိတ်ဝိညာဉ်စွမ်းအင်ကျောက်တုံးတွေက မလောက်လို့လား။ ဒါဆို ငါတို့မင်းကို နှစ်ခုထပ်ပေးမယ်။ အဲ့ဒါဆို လောက်ပြီလား?” 

မိန်းမစိုးက သူ့အိတ်ထဲကနေ စိတ်ဝိညာဉ်ကျောက်တုံး နှစ်ခုအားထုတ်ကာ သူ့လက်ထဲသို့ ထည့်လာသည်။ သူ့ရဲ့နေရာကို သူတို့အား စိတ်ဝိညာဉ်ကျောက်တုံး အနည်းငယ်အတွက်နဲ့ ပေးလိမ့်မယ်လို့ ထင်နေပြီး သူ့မျက်နှာက ရွှီဇီယန်အား အထင်သေးလှောင်ပြောင်နေသည့် အကြည့်ဖြင့်ကြည့်နေသည်။


ရွှီဇီယန်ဟာ အနည်းငယ် ဒေါသထွက်နေသည့်ပုံစံဖြင့် ကြည့်လိုက်သည်။ တစ်ဆင့်ပို့ပေးသည့်အစီအစဉ်မှာတုန်းက သူအလျော့ပေးခဲ့တာကတော့ သူတို့တကယ်မှားနေလို့ပဲဖြစ်သည်။ ဒါပေမယ့် ဒီလူတွေက သူကိုနူးညံ့ပြီး အလွယ်တကူအနိုင်ကျင့်ရမယ်လို့ ထင်နေရင်တော့ မှားသွားလိမ့်မည်။


“ထွက်သွားစမ်း!”


“လူငယ်လေး မင်း ဘာစကားပြောတာလဲ?!” မိန်းမစိုး၏သွင်ပြင်ဟာ ပြောင်းလဲသွားပြီး ရွှီဇီယန်အား စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။


“ငါ မင်းကို ထွက်သွားလို့ပြောတာ မင်း ငါပြောတာမကြားဘူးလား? ‌ဒါမှမဟုတ် မင်းနားကန်းနေတာလား?” ရွှီဇီယန်ကထေ့ငေါ့စွာပြုံးကာ ပြောလိုက်သည်။


သူလူတစ်ယောက်ကို တစ်ခါမှ ဒီလောက်အထိ ဒေါသမထွက်ဖူးဘူး။ အကယ်၍ သူမှားတယ်ဆိုရင် သူဝန်ခံလိမ့်မည်။ ဒါပေမယ့် တစ်ယောက်ယောက်က သူ့ကိုအဓိပ္ပါယ်မရှိတာတွေ လာပြောရင်တော့ သူကလည်း အဓိပ္ပါယ်မရှိတာတွေ ပြန်ပြောမှာပဲ။


“အရမ်းကောင်းတယ် ဝိုး! မင်းကအရမ်းသတ္တိရှိတာပဲ၊ မင်းကများ ငါ့ကိုအော်ရဲတယ်!” မိန်းမစိုးက အလွန်မုန်းတီးနေသည့် လေသံဖြင့် “ငါဘယ်သူလဲ မင်းသိရဲ့လား?”


ရွှီဇီယန်ကတော့ သူ့အား အဖက်တောင် မလုပ်တော့ပေ။ ခွေးတစ်ကောင်က လူတွေအား ဘယ်လိုဟောင်ရမလဲဆိုတာပဲ သိကြတာကို သူဝိညာဉ်မကူးပြောင်းခင်က အကြိမ်တော်တော်များများသူကြုံဖူးသည်။ ဒီလူမျိုးတွေကို ဘယ်တော့မှမစာနာပါနဲ့ မဟုတ်ရင် သူတို့တွေက သူတို့နှာခေါင်းနှိုက်တဲ့လက်နဲ့ မင်းမျက်နှာကိုကိုင်ပြီးတော့ မင်းကိုလွယ်လွယ်နဲ့ အနိုင်ကျင့်လိမ့်မည်။


ဒီနေရာက အတွင်းဂိုဏ်းတပည့်တွေအတွက် တန်းစီရသည့်နေရာဖြစ်သည်။ အခွင့်အရေးကြီးအနေနဲ့ကတော့ ဒီနေရာမှာတန်းစီနေသည့် လူငယ်တွေထဲကပဲ အတွင်းဂိုဏ်းတပည့်အဖြစ် ရွေးချယ်မှာဖြစ်ပေသည်။ 


ရွှီဇီယန်ထိုလူတွေအပေါ် ဒေါသမထွက်ချင်ပေမယ့် မဟုတ်ရင် သူအနိုင်ကျင့်ခံရမည် ဒါမှမဟုတ် သူနဲ့ရွှီဇီရုန်၏ အနာဂတ်က သာယာတော့မှာ မဟုတ်ဘူး။


“မင်း…..မင်း......” မိန်းမစိုးကတော့ ဒေါသထွက်လွန်းလို့ တစ်ပိုင်းတောင် သေတော့မလိုဖြစ်နေပြီး သူရဲ့တုန်ရီနေသည့် လက်ညှိုးဟာ ရွှီဇီယန်ဘက်သို့ ညွှန်ပြလာသည်။


ရွှီဇီယန်ကမျက်နှာသေဖြင့် လျှိုကွမ်းဂိုဏ်းတပည့်အဖြစ် သူလျှောက်ထားတာကို မှတ်တမ်းဖို့ ပေးလိုက်လေသည်။ တစ်ဖက်လူက အစအဆုံး သေချာစိစစ်ပြီးနောက် ရွှီဇီယန် မိန်းမစိုးကို မတွေ့ရတော့ပေ။


“တော်လောက်ပြီ မိန်းမစိုးဝမ့် ပြန်လာခဲ့တော့” အေးစက်ပြီးအထက်စီးဆန်သည့် ဆယ်ကျော်သက်က မိန်းမစိုးပြန်ခေါ်ပြီး ရွှီဇီယန်အားကြည့်လိုက်သည်။


ထိုမိန်းမစိုးဝမ့်က တစ်ခုခုလှည့်စားမလို့ ထင်ပါရဲ့ သူ၏အမူအရာတွေက ပုံစံပြောင်းသွားတော့သည်။ မျက်နှာချိုသွေးသည့် အပြုံးပြုံးကာ ထိုဆယ်ကျော်သက်အနောက်မှာ သွားရပ်နေလေသည်။


ရွှီဇီယန်အနောက်မှာ ရပ်နေကြသည့် လူများသည် မှတ်တမ်းတင်ပြီးကြပြီဆိုပေမယ့် ဒီလောက်စိတ်ဝင်စားစရာကောင်းသည့် ပြပွဲတစ်ခုလုံးကို အစအဆုံးမကြည့်ဘဲ သူတို့ကဘာလို့ ထွက်သွားရမှာလဲ။ ဒီကလူအများစုတွေက စဉ်းစားတွေးတောနေသည့် အပြုံးမျိုးပြုံးနေကြသည်။


ဒီနေရာမှာ သူတို့ရပ်နေရတာက သူတို့အားလုံးဟာ ‌မိသားစုကိုယ်ဆီကလာတဲ့ လက်ရွေးစင်တွေပဲဖြစ်သည်။ အသက်ငယ်စဉ်မှာပင် အထက်တန်းလွှာလိုမျိုး လေ့ကျင့်ရေးတွေကို သူတို့စတင်ကြရသည်။ အဲ့ဒီမိန်းမစိုး၏စွမ်းရည်က ထူးခြားသည့်အထဲ မပါလောက်ပေမယ့် အဲ့ဒီဆယ်ကျော်သက်အရွယ်ရဲ့ လက်ကိုင်တုတ်အဖြစ်တော့ အလွန်ကိုကောင်းလှသည်။


Original Author's Note:

ကြည့်လိုက်! သူတို့အသက်အနည်းငယ် ကြီးသွားကြပြီ! ရွှီဇီယန်က အခုအသက်၁၅ရှိပြီး ရွှီဇီရုန်က အသက်၁၁ရှိပြီ………ကြည့်ရသလောက်ကတော့ သူတို့တွေ တစ်စုံတစ်ခုကို လုပ်ချင်ရင် သူတို့တွေ အချိန်အနည်းငယ်တော့ စောင့်ရပါဦးမယ်နော်………


#TK