Chapter 33
Viewers 4k

Chapter 33


“ဟေ့! ဒီလိုအမူအရာမျိုးနဲ့ စကားပြောတာ မကောင်းဘူးနော် မောင်လေးရဲ့” မိန်းမပျိုလေးက အပြုံးတွေအပြည့်ဖြင့် ပြောလိုက်သည်။

“ဒါဆိုရင် ငါတို့တွေ တစ်ယောက်နဲ့တစ်ယောက် ရင်းရင်းနှီးနှီးရှိကြရအောင်လေ။ ငါ့နာမည်က ရှဟုန်လျန် မင်းက ငါ့ကို အမကြီးလျန်လို့ ခေါ်လို့ရတယ် ”


ရွှီဇီရုန်အထင်သေးစွာ နှာမှုတ်လိုက်ပြီး သူ့အကြည့်တွေက အေးစက်နေသည်။ အမကြီးလျန်တဲ့လား? သူ့ရဲ့အမကြီးဖြစ်ဖို့ အခွင့်အရေးကို လူတိုင်းက လွယ်လွယ်နဲ့နိုင်မယ်လို့များ သူမထင်နေလား?


“ကျွတ်ကျွတ် ဒီလိုခက်ထန်တဲ့ အကြည့်နဲ့မကြည့်ရဘူးလေ ကလေးလေးရဲ့” ရှဟုန်လျန်က ရွှီဇီရုန်၏မျက်မုန်းကျိုးနေသည့် အကြည့်အား မကြောက်သည့်အပြင် ထို့အစား အကြံတောင်ပေးလိုက်သေးသည်။


ရွှီဇီယန်မျက်နှာက မည်းမှောင်နေပြီး ရှဟုန်လျန်အား စိုက်ကြည့်နေသည်။ ဒီမိန်းကလေးက ဘယ်ကနေလာခဲ့တာလဲ? သူမကဘာကိစ္စ‌ကြောင့် ရင်းရင်နှီးနှီး လာပြောနေရတာလဲ?


ရွှီဇီရုန်ကတော့ ဒီရှဟုန်လျန်အား လျစ်လျူရှုဖို့ ဆုံးဖြတ်လိုက်တော့သည်။ သူကရွှီဇီယန်၏ အင်္ကျီလက်အားဆွဲကာ ပြောလိုက်သည်။

“ကိုကို မုန့်သွားစားကြစို့”


“ဟမ်………” ရွှီဇီယန်ခေါင်းမညိတ်ခင် သူအနည်းငယ် တုန်လှုပ်သွားသည်။ “ကောင်းပြီလေ သွားကြတာပေါ့။”


“ဟေ့ ဟေ့ မသွားနဲ့ဦးလေ! မင်းအရှေ့မှာ ရပ်နေတဲ့လူကို လျစ်လျူသွားလို့မရဘူးလေ။” ရှဟုန်လျန်ရုတ်တရက် အော်ပြောလိုက်သည်။


ရွှီဇီယန်အကူအညီမဲ့သလို ကြည့်လိုက်သည်။ “ဒီကမိန်းကလေး ငါတို့တွေရင်းနှီးသွားပြီလို့တော့ ငါမထင်ဘူး?”


“ဟဟ” ရှဟုန်လျန်က တစ်ခစ်ခစ်ရယ်လိုက်သည်။ “အခုလေးတင် ငါ့ကိုငါမိတ်ဆက်လိုက်ပြီ မဟုတ်ဘူးလား? ငါ့နာမည်က ရှဟုန်လျန် မင်းကရော?”


ရွှီဇီယန်အတော်လေး မှင်တက်သွားသည်။ သူဂရုတစိုက် အလေးပြုပြီးနောက် ပြန်ပြောလိုက်သည်။ “ငါ့နာမည်က ရွှီဇီယန်ပါ”


“ကြည့်လိုက်လေ! ငါတို့ အခုရင်းနှီးသွားပြီ မဟုတ်ဘူးလား?” ရှဟုန်လျန်က သူမလက်ထုတ်ကာ ဖြန့်ပေးလာသည်။


ရွှီဇီယန်: ………သူတိတ်ဆိတ်စွာ သူ့နားထင်အား ပွတ်လိုက်သည်။ ဒီလိုတက်ကြွရွှင်ပျနေတဲ့ပုံစံ၊ အလွန်ရင်းရင်းနှီးနှီးဆက်ဆံနေတဲ့ပုံစံ၊ ပြီးတော့ ဖော်ဖော်ရွေရွေနေတတ်တဲ့ ပင်ကိုစရိုက်တွေက သူ့အားပြဿနာများစွာ ယူဆောင်လာလိမ့်မည်ကို စိုးရိမ်၍ ရွှီဇီယန်စိတ်လေးလံသွားသည်…………


ရွှီဇီရုန်မျက်နှာက ရေနစ်နေသလို ပုံစံပေါက်နေတော့သည်။ ဒီမိန်းမကို သူအထင်အမြင်သေးပေမယ့် သူမကိုဘာလို့ ရွံရှာနေမှန်း ရွှီဇီရုန်လည်း သူ့ကိုသူမသိပေ။ အဲ့ဒါက အလိုအလျောက်ကို သဘောမကျဘူး ဖြစ်နေသည်။ သူ့စိတ်ထဲက ဒေါသဟာ ပေါက်ကွဲထွက်တော့မလို ဖြစ်လာတာကြောင့် ရွှီဇီရုန်ရုတ်တရက် တုန်လှုပ်သွားသည်။ သူကသစ်သားဒြပ်စင်‌အထောက်အပံ့ကျင့်စဉ် အသုံးပြုကာ သူ့ကိုယ်ထဲကသွေးတွေကို ဖိထားလိုက်သည်။


တကယ်တော့ ရွှီဇီရုန်၏ချီစွမ်းအင်စုဆောင်းမှုအဆင့်က ရွှီဇီယန်ထက် ပိုစောစောပြီးခဲ့တာ ဖြစ်သည်။ ဒါပေမယ့် သူကသူ့ရဲ့အခြေခံကျင့်ကြံခြင်းအဆင့်ကို သူ့ကိုကိုထက်အရင်တော့ တည်ဆောက်လို့မဖြစ်ဘူးလေ။


လျှိုကွမ်းဂိုဏ်း၏ တပည့်အသစ်လက်ခံသည့်‌နေ့က ချီစွမ်းအင်စုဆောင်းမှုအဆင့်နဲ့ အခြေခံကျင့်ကြံခြင်းအဆင့်တို့ကို လက်ခံသည့်နေရာက မတူညီပေ။ ရွှီဇီရုန်က သူ့ကိုကိုနဲ့အတူ မခွဲချင်တာကြောင့် သူ့ရဲ့ကျင့်စဉ်အဆင့်ကို ဖိနှိပ်လိုက်ခြင်းသာဖြစ်သည်။


ယခုအခါမှာတော့ သူ့အခြေအနေက ရေဆူပွက်နေသည့် ပုံစံနှင့်တူနေတော့သည်။ ရေတွေကပူနွေးလာသည့် အမှတ်ကိုရောက်လာသည်နှင့် အမြှုပ်တွေထလာ‌သည်။ ဒါပေမယ့် သူကတော့ဖုံးကွယ်ထားဖို့ ဆက်လက်လုပ်ဆောင်နေတုန်းပဲဖြစ်သည်။ ရွှီဇီရုန်၏ဒေါသဟာ အချိန်ခဏလောက်ပဲ ကြာမည်ဆိုရင် ဘာပြဿနာမှမရှိပေ။ ဒါပေမယ့် သူသာသူ့၏ဒေါသကို အချိန်ကြာကြာဖိနှိပ်ထားပါက သေချာပေါက် အတွင်းဒဏ်ရာရသွားလိမ့်မည်။


ထို့အပြင် သူ့ရဲ့သွေးကလည်း ဆက်လက်ပြီး ဆူပွက်နေတာကြောင့် သူ့ရဲ့ဒေါသကလည်း ပိုပိုပြီးကြီးမားလာတော့သည်။ သူနောက်ဆုံး ထွက်ပေါက်ရှာခဲ့တာက လွန်ခဲ့သော သုံးရက်ကဖြစ်သည်။ သုံးရက်အကြာမှာမှ ဒီလိုရင်းနှီးသည့် ခံစားချက်မျိုး ပြန်ဖြစ်ပေါ်လာလိမ့်မယ်လို့ သူဘယ်လိုမှမထင်ထားခဲ့မိဘူး။


“အိုး မောင်လေး ဘာဖြစ်တာလဲ? နေမကောင်းလို့လား?” ရှဟုန်လျန်ရင်ထဲမှာ ရုတ်တရက် တုန်လှုပ်သွားသည်။ သူမအရှေ့က လူငယ်လေးကို မယုံကြည်သလို အကြည့်ဖြင့်ကြည့်လိုက်သည်။ ခဏလေးတင်က သူမခံစားလိုက်ရသည့် ထူးဆန်းသည့်ခံစားချက် ဒီကလေးဆီက လာတာလား?


ရွှီဇီရုန်သူ့ခေါင်းကို ငုံ့ထားပြီး ဘာစကားမှမပြောပေ။ သူကရွှီဇီယန်၏အင်္ကျီလက်ကို မလွှတ်သွားအောင် ဆွဲထားလိုက်သည်။


ရွှီဇီယန်ရယ်လိုက်ကာ “စိတ်မရှိပါနဲ့ ငါ့ညီလေးက နည်းနည်းရှက်တတ်လို့”


သူမ၏နှုတ်ခမ်းနှစ်ခုဟာ စိသွားသည်ကို ရှဟုန်လျန်ခံစားမိလိုက်သည်။ ဒီကလေးရဲ့'ရှက်တယ်'ဆိုတာက ဘယ်လိုတောင် သောက်ကျိုးနည်းပုံစံကြီးလဲ? အခုလေးတင် သူမကို ထိုကလေး၏မျက်လုံးတွေက လျင်မြန်ပြီးစူးရှနေသည့် ဒေါသမျက်လုံးတွေနဲ့ ကြည့်လိုက်တာ မဟုတ်ဘူးလား………


“ကိုကို ကျွန်တော်ဗိုက်ဆာနေပြီ” ရွှီဇီရုန်သူ့ခေါင်းကို မော့လိုက်သည်။ သူကရွှီဇီယန်အား ဖျော့တော့ပြီး မည်းနက်နေသည့် မျက်လုံးတွေနဲ့ ကြည့်လိုက်သည်။


ရွှီဇီယန်ကတယုတယဖြင့် ရွှီဇီရုန်ခေါင်းအား ပွတ်ပေးလိုက်ပြီး ရှဟုန်လျန်ဘက်လှည့်ကာ ပြောလိုက်သည်။

“မိန်းကလေးရှဟုန် ငါ့ရဲ့ညီငယ်လေးက ဗိုက်ဆာနေပြီမို့ ငါတို့အရင်သွားနှင့်ပြီ။” သူစကားပြောလို့ပြီးသွားသည်နှင့် ရွှီဇီယန်လှည့်ထွက်ခဲ့တော့သည်။


ရွှီဇီရုန် သူ့အနောက်ကနေ ဖြည်းဖြည်းချင်း လိုက်သွားသည်။ သူမသွားခင် သူ့နှုတ်ခမ်းထောင့်ကကော့တက်သွားပြီး အေးစက်စက်ပြုံးကာ ရှဟုန်လျန်အား ကြည့်သွားသည်။


ရှဟုန်လျန်၏မျက်လုံးများ လင်းလက်သွားသည်။ သူမကလက်ပိုက်လိုက်ရင်း ထိုညီအကိုနှစ်ယောက် ဝေးသထက်ဝေးသွားတာကို ကြည့်နေလေသည်။ သူမ၏နှုတ်ခမ်းထောင့်က အနည်းငယ်ကွေးသွားပြီး အသံတိုးတိုးဖြင့် ညည်းတွားလိုက်သည်။

“ဒီတစ်ခေါက် လူသစ်လေးတွေက အတော်ကို စိတ်ဝင်စားစရာကောင်းတာပဲ”


ရှဟုန်လျန်အား နှုတ်ဆက်ကာ ထွက်လာပြီးနောက် ရွှီဇီယန်က ထိုထူးဆန်းသည့်မိန်းကလေးအကြောင်းကို သူ့ခေါင်းထဲက ထုတ်လိုက်တော့သည်။ ရွှီဇီရုန်အား စားသောက်ဆိုင် လမ်းဘက်သို့ ခေါ်သွားရင်း သူ့အင်္ကျီလက်တွေကို ခေါက်တင်လိုက်သည်။ သူတို့တွေက လမ်းထိပ်ကနေ လမ်းဆုံးအထိ တွေ့သမျှအစားအစာ မှန်သမျှကို စားသောက်ကြသည်။ ထို့နောက်မှာတော့ သူတို့ဗိုက်ပြည့်သွားပြီး ဝယ်လာသည့်အရာတွေကို ရွှီဇီယန်က သူ့အိတ်ထဲ၌ သိမ်းဆည်းလိုက်သည်။


သူကသူ့ရဲ့စူထွက်တွေနဲ့ ဗိုက်ကလေးကို ပွတ်လိုက်ရင်း ရွှီဇီယန်မျက်နှာက ကျေနပ်ခြင်းတွေနဲ့ ပြည့်လို့နေသည်။ ဒီမှာရှိသည့် အစားအသောက်တွေက ခေတ်ဘက်မှာတုန်းကလို ဟင်းခတ်အမွှေးအကြိုင်တွေလည်း သိပ်မရှိကြပေမယ့် အစားအသောက်တွေကတော့ သူ့ဟာနဲ့သူ စားလို့အရသာရှိပေသည်။ ဒေသထွက်မဟုတ်သည့် အစားအစာတွေကို အစားအသောက်ကြိုက်သည့်လူတွေအား ဆွဲဆောင်မှုရှိအောင် ဖန်တီးထားကြသည်။


ဒီလောကကြီးက အချက်အပြုတ် ဟင်းလျာတွေကလည်း အရမ်းကြီးမကောင်းတာ မဟုတ်လို့ ရွှီဇီယန်အရမ်းကို ပျော်ရွှင်နေသည်။ သူကဟင်းချက်ရာမှာ အလွန်ကောင်းပေမယ့် ဒီလိုသူများလုပ်ထားသည့် ဟင်းခတ်အမွှေးအကြိုင်တွေနဲ့တော့ သူမချက်ပြုတ်တတ်ပေ။


ရွှီဇီရုန်၏တုံ့ပြန်ချက်ကတော့ ရွှီဇီယန်၏ကျေနပ်နေပုံနှင့် နှိုင်းယှဉ်လိုက်ရင် သာမန်သာဖြစ်သည်။ ဒီကအစားအသောက်တွေက မတူသည့်ထူးခြားမှုတွေ ရှိတယ်ဆိုပေမယ့် သွေးမိစ္ဆာသခင်ကိုတော့ သူတို့လှည့်စားလို့ရမှာမဟုတ်ဘူး။


လက်တွေ့မှာတော့ ဒီကအစားအသောက်အားလုံးက သူ့အတွက်တော့ 'ရွှီဇီယန်ကိုယ်တိုင်ချက်ပြုတ်ထားတာလောက်'ကို ဘယ်သူမှမီမှာမဟုတ်ဘူး။ ထို့အပြင် သူကအခြေခံကျင့်ကြံခြင်းအဆင့်ကို တည်ဆောက်နေပြီးဖြစ်တာကြောင့် သူကအစာစားစရာမလိုတော့ပေ။ ရွှီဇီယန်ကသာ သူ့အတွက်မချက်ပြုတ်ပေးဘူးဆိုရင် ရွှီဇီရုန်အခြားအစားအစာတွေကို လုံးဝစားမှာမဟုတ်ဘူး။


ရွှီဇီယန်ကသူ့အတွက် ချတ်ပြုတ်ပေးမလား၊ မချက်ပြုတ်ပေးဘူးလား? အဲ့ဒါက သူစိတ်ပူရသည့် အချက်မဟုတ်ပေ။ ဒီလူပုဂ္ဂိုလ်ရွှီဇီယန်မှာလည်း သူ့စည်းကမ်းနဲ့သူရှိပေသည်။ ဒါပေမယ့် ရွှီဇီယန်၏သည်းခံနိုင်မှုကို မကျော်သွားပါက ထိုသူ၏စည်းကမ်းတွေသည် ရွှီဇီရုန်၏အရှေ့ရောက်လျှင် အကုန်ပျောက်သွားတော့သည်။ ထို့အပြင် ရွှီဇီရုန်နဲ့ မျက်နှာချင်းဆိုင်ရတိုင်း သူတောင်းဆိုသမျှကို ရွှီဇီယန်က လိုက်လျောပေးလေ့ရှိသည်။ 


လွန်ခဲ့သည့်သုံးနှစ်အတွင်း ရွှီဇီရုန်ကတချို့သော ဝမ်းနည်းဖွယ်ရာ အဖြစ်အပျက်တွေကို ‌ကြုံလာပြီးဖြစ်သည်။ ဒါကြောင့် သူဂရုတစိုက် စူးစမ်းလေ့လာထားတာကြောင့် ရွှီဇီယန်၏သည်းခံနိုင်သည့် စည်းမျဉ်းကို သူရှာတွေ့လုနီးပါးဖြစ်နေသည်။


ရွှီဇီယန်၏ကိုယ်ကျင့်တရားက မှန်ကန်ပြီးတော့ ရိုးသားပြီး ခေါင်းမာသည့်လူတစ်‌ယောက်မဟုတ်ပေ။ ‌ဒါပေမယ့် သူကရန်သူတစ်ယောက်နဲ့ ထိပ်တိုက်ရင်ဆိုင်ရတယ်ဆိုရင်တော့ သူကလိုအပ်ရင်လိုအပ်သလို ရက်စက်လေ့ရှိသည်။


ဒါပေမယ့် ရွှီဇီယန်သူပထမဆုံး လူသတ်တုန်းက သူ့ကိုယ်သူအခန်းထဲမှာ လေးနာရီကြာအောင် သော့ခတ်ထားသည်။ ရွှီဇီရုန်ကတော့ ထိုအရာကို သိပ်သဘောမကျပေ။ ကျင့်‌ကြံခြင်းလောမှာ တစ်စုံတစ်ယောက်ကို သတ်ရတာက ဘာမှမဟုတ်ပေ။ အကယ်၍ မင်းကဘယ်သူကိုမှ မသတ်ချင်ဘူးဆိုရင် မင်းအသတ်ခံရဖို့သာ စောင့်နေလိုက်ပေတော့။ လူတစ်ယောက်ဟာ ကျင့်ကြံခြင်းလမ်းစဉ်ကို လိုက်မည်ဆိုရင် သူတို့တွေဟာ အဖြူရောင်အရိုးစုတွေ တန်းစီးထားသည့် လမ်းကိုအမြဲဖြတ်လျှောက်ကြရမှာပဲဖြစ်သည်။


ရွှီဇီယန်က တစ်စုံတစ်ယောက်ကို သတ်ပြီး ဖြစ်ပေါ်လာသည့် အမူအရာက ရွှီဇီရုန်အား အလွန်သည်းမခံနိုင် ဖြစ်စေသည်။ ဒါပေမယ့် ရွှီဇီယန်ထွက်လာပြီးနောက်မှာတော့ သူ့ရဲ့နီရဲနေသည့်မျက်လုံးတွေနဲ့ သူ့ရဲ့ဖြူဆုတ်နေသည့် မျက်နှာအမူအရာတွက ရွှီဇီရုန်၏ရင်ထဲကို ရုတ်တရက် ဝေဒနာခံစားသွားရသလို ဖြစ်သွားစေသည်။ သို့ဖြစ်စေကာမူ သူ့အတွေးတွေကသာ အဲ့လိုတွေးနေပေမယ့် သူ့စိတ်ထဲမှာတော့ သူ့ကိုကိုအား ဒီလိုပုံစံမျိုးကိုတွေ့ရတာ အရမ်းနာကျင်ခံစားရသည်။


ဒါပေမယ့် သူ့ပုံစံကသာ ဖြူဆုတ်နေ‌တာ ရွှီဇီရုန်အား နှစ်သိမ့်ပေးဖို့ ရွှီဇီယန်ဘယ်တော့မှ ‌မမေ့ပေ။ သူကညင်သာစွာ ရွှီဇီရုန်ခေါင်းအား ပုတ်ပေးလိုက်ပြီး သူကြိုးစားပြီးပြုံးပြလိုက်သည်။

“ကိုကို အဆင်ပြေပါတယ် ကိုကို မင်းကို စိတ်ပူစေမိပြီ”


လက်ရှိမှာတော့ ရွှီဇီရုန်သူဘယ်လို ခံစားခဲ့လည်းဆိုတာ သူ့ကိုယ်သူလည်း ပြန်မရှင်းပြနိုင်ပေ။ ရွှီဇီယန်အား မျက်နှာသေဖြင့် သူစိုက်ကြည့်ဖို့သာ တတ်နိုင်တော့သည်။ ခဏလောက်ကြာတော့ ရွှီဇီယန်ကသူ့အား သူတို့အခန်းဆီ ဆွဲခေါ်လာပြီး သူ့အားထိုင်ခိုင်းလိုက်မှ သူ့အတွေးထဲကနေ နိုးထလာတော့သည်။


ရွှီဇီရုန်၏ပုံစံက အကြီးအကျယ်ကို ‌တုန်လှုပ်သွားစေသည်။ သူ၏စိတ်ဝိညာဉ်က အလွန်မြင့်တယ်ဆိုပေမယ့် သူကအတော်လေးကို ထိတ်လန့်တုန်လှုပ်နေသည်။ ဒီလူက သူ့ရဲ့ပထမဆုံးလူသတ်ရတာကြောင့် သိသိသာသာ စိတ်ခံစားချက် မကောင်းနေပေမယ့် ရွှီဇီယန်သည်ရွှီဇီရုန်အား နှစ်သိမ့်ပေးလိုက်တာကို သူမှတ်မိသည်။


တစုံတယောက်အတွက် သူကအလွန်အရေးပါတယ်ဆိုသည့်ခံစားချက်က သူ့ကိုအလွန်ပျော်ရွှင်ရစေသည်။ တကယ်တော့ ရွှီဇီယန်ကလည်း ရွှီဇီရုန်အတွက် ဘယ်လိုမှတိုင်းတာလို့မရသည့်အထိ အလွန်‌အရေးပါသူဖြစ်သည်။ သူ့အရင်ဘဝတုန်းက သူ့ရဲ့လက်အောက်ငယ်သားတွေကလည်း သူတို့ရဲ့သွေးမိစ္ဆာသခင်အတွက် အလွန်အရေးပါခဲ့သည်။ ဒါပေမယ့် အဲ့ဒီအရေးပါမှုနှစ်ခုက အလွန်ကွဲပြားလှသည်။ ဘာလို့လဲဆိုတော့ ‌သွေးမိစ္ဆာသခင်ကဆက်လက်တည်ရှိနေမှ သူတို့ဘာပြဿနာပဲရှာရှာ သူတို့ဘဝတွေက ဆက်လက်တည်ရှိနေမှာဖြစ်သည်။ သွေးမိစ္ဆာသခင်သာမရှိရင် သူတို့ဘဝတွေကလည်း ကောင်းမွန်စွာ အဆုံးသတ်မည်မဟုတ်ပေ။


ဒါပေမယ့် ရွှီဇီယန်အပေါ်ထားသည့် သူ့ရဲ့အရေးပါမှုက ကွဲပြားသည်။ ရွှီဇီရုန်ဟာ ရွှီဇီယန်အပေါ်ထားသည့် သူ့ရဲ့အရေးပါမှုက မတူညီဘူးဆိုပေမယ့် သူထိုအရာကို မရှင်းပြတတ်ပေ။ မတူညီဘူးဆိုတာကို သူခံစားရသည်။


ထိုနေ့မှာ သူ့ရဲ့နှလုံးခုန်နှုန်းတွေက အလွန်မြန်နေတာကြောင့် ရွှီဇီရုန် သူ့ရင်ဘတ်အား ထိကြည့်လိုက်သည်။ သူ၏သွေးကဆူပွက်လာတာကို ခံစားလိုက်ရသည်။ ထိုလက္ခဏာက သူ့ဒေါသထွက်ပေါက်၏ ပထမဆုံးဖြစ်စဉ်ဆိုတာ ရွှီဇီရုန်သိပေမယ့် ခဏလေးအတွင်းမှာ ဒီလိုမတည်ငြိမ်သည့် သူ့ရဲ့စိတ်အခြေအနေက ဒေါသအဖြစ်ပြောင်းလဲသွားလိမ့်မယ်လို့ သူလုံးဝမမျှော်လင့်ထားမိခဲ့ဘူး။


ထိုနေ့ကစပြီး ရွှီဇီယန်အပေါ်ထားသည့် သူ၏ပိုင်ဆိုင်လိုစိတ်က ပိုပြီးကြီးမားလာတော့သည်။


‌သူတို့အားလုံးဟာ ရွှီမိသားစုမှာပဲ မွေးဖွားလာတာကြောင့် ရွှီမိသားစုကကလေးတွေဟာ ရွှီဇီယန်၏ညီလေးတွေ ဖြစ်ကြတယ်ဆိုပေမယ့် ရွှီဇီရုန်တစ်ယောက်တည်းကသာ သူနဲ့အနီးကပ်ဆုံးဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် ရွှီဇီရုန်ကတော့ ရွှီဇီယန်၏အာရုံစိုက်‌မှုတွေကို သူ့ဆီ၌သာ ရှိခိုင်းစေချင်သည်။


ရွှီဇီယန်၏စိုးရိမ်ပူပန်မှုတွေကို ဘယ်သူမှမယူရဘူး။ ဘယ်သူပဲဖြစ်ဖြစ် လုံးဝခွင့်မပြုနိုင်ဘူး!


ရွှီဇီယန်ကရွှီဇီရုန်ရဲ့ကိုကိုပဲ။ သူကအမြဲတမ်း ရွှီဇီရုန်၏အစ်ကိုပဲဖြစ်ရမည်။ အကယ်၍ တစ်စုံတစ်ယောက်ကသာ သူ့ကိုကိုဖြစ်သူကို ခိုးယူဖို့ကြိုးစားလာပါက ရွှီဇီရုန် ထိုလူအား သင်္ဂြိုလ်ဖို့ပင် မလိုအောင် သတ်ပစ်လိုက်မည်!


“အာ ကိုကိုဗိုက်အရမ်း တင်းသွားပြီ ဆရာမော့လည်း အခုချိန်လောက်ဆိုရင် စိုးရိမ်နေလောက်ပြီ။” ရွှီဇီယန်‌ကအလွန်ပျော်ရွှင်နေသည့်ပုံစံဖြင့် ပြောလိုက်ပြီး သူကြို့ထိုးလိုက်သည်။


သူတို့တန်းစီပြီး လျှောက်လွှာတင်ပြီးနောက် ရွှီဇီယန်၏ကိုယ်ရံတော် ———အဆင့်မြင့်ကျင့်ကြံသူက———ရွှီမော့ထံသို့ အကြောင်းကြားလေသည်။


ဘာလိုကိစ္စမျိုးပဲဖြစ်ဖြစ် ဒီဖာအန့်မြို့မှာတော့ ဘယ်သူကမှ ဘာမှလုပ်ရဲမည်မဟုတ်ပေ။ အသက်ဆက်မရှင်ချင်ကြတော့သည့်သူများ ဒါမှမဟုတ် လျှိုကွမ်းဂိုဏ်းကစေလွှတ်မည့် လူသတ်သမားအဖွဲ့လက်ကနေ လွှတ်မြောက်နိုင်ဖို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေကြသည့် သူများကလွဲရင် အခြားဘယ်သူကမှ ဒီလိုမျိုးတုံးအသည့် အပြုအမူမျိုးတွေ လုပ်မည်မဟုတ်ပေ။ 


ထိုနှုတ်ဆိတ်နေသည့်လူကြီးက ဒီမြို့မှာ ဘာအန္တရယ်မှမရှိဘူးဆိုတာ သိတာကြောင့် သူပြန်မလာခင် စောင့်နေဖို့ မပြောခဲ့တာဖြစ်သည်။ ဒါပေမယ့် သူတို့တွေ ဒီလမ်းတစ်လျှောက်က ဆိုင်တွေမှာ လှည့်ပတ်စားသောက်လို့ ဝသွားပြီးနောက် ကောင်းကင်ကမှောင်လာတော့သည်။ အဲ့ဒါနဲ့ ပြန်ဖို့အချိန်ရောက်လာ၏။ 


မျှော်လင့်ထားသည့်အတိုင်းပဲ သူတို့တည်းခိုခန်းဆီသို့ ပြန်ရောက်လာပြီးနောက် ရွှီမော့ဆူတာကို ရွှီဇီယန်ခံရတော့သည်။ ရွှီဇီယန်ကတော့ စိတ်မရှိပေ။ အခြားလူတွေ၏ အမြင်မှာတော့ လျှိုကွမ်းဂိုဏ်းဆီသို့လျှောက်လွှာတင်ရတာက အလွန်အရေးပါပြီး အလွန်ခက်ခဲလိမ့်မည်လို့ ထင်လိမ့်မည်။ အကယ်၍ သူ့မှာမွေးရာပါစွမ်းရည်ရှိနေရင်တောင်မှ သူဂရုမစိုက်ရင် ရွေးချယ်ခံရမည့်အထဲ သူပါသွားလိမ့်မည်မဟုတ်ပေ။


ဒါပေမယ့် ရွှီဇီယန်ကတော့ မနက်ဖြန်၏အကဲဖြတ် စည်းမျဉ်းတွေက သူသိပြီးသားဖြစ်တာကြောင့် အတွင်းဂိုဏ်းတပည့်နေရာအတွက် စမ်းသပ်ပွဲမှာ ထိပ်ဆုံးဝင်နိုင်လိမ့်မည်လို့ သူ့ကိုယ်သူယုံကြည်မှုရှိပေသည်။ 


သူမှတ်ဉာဏ်သာမမှားဘူးဆိုရင် အတွင်းဂိုဏ်းတပည့်တွေထဲက စမ်းသပ်ပွဲမှာ ပထမဆုံးရသူဟာ သူတို့၏ဆရာသခင်ဖြစ်သူကို ကိုယ်တိုင်ရွေးချယ်ခွင့်ရှိပေသည်။ သူကဝတ္ထုထဲကအကြောင်းအရာတွေနဲ့ရင်းနှီးနေပြီဖြစ်ပြီး အရင်ရွှီဇီယန်၏မှတ်ဉာဏ်နဲ့ ပေါင်းစပ်ကာ သာမန်ပုံစံသာရှိပြီး စွမ်းရည်မြင့်သည့်ဆရာသခင်အား ရွှီဇီယန်ရွေးချယ်မှာဖြစ်သည်။


မူလရှီဇီယန်၏ဆရာသခင်ဖြစ်သူက လျှပ်စစ်စိတ်ဝိညာဉ်သွေးကြောကျင့်ကြံသူဖြစ်သည်။ သူကအရင်ရွှီဇီယန်အပေါ် ‌အတော်လေးကောင်းတယ်ဆိုပေမယ့် ရွှီဇီယန်ကတော့ ထိုသူ၏ပုံစံကို မကြိုက်ပေ။ သာမန်လူတွေဟာ ကျင့်ကြံသူတွေထက် အဆင့်နိမ့်တယ်ဆိုသည့် အတွေးအခေါ်မျိုးကို ရွှီဇီယန် လက်မခံပေ။ တစ်ချိန်က ထိုဆရာသခင်ဟာ မိစ္ဆာကျင့်ကြံသူနဲ့ တိုက်ခိုက်ရင်း ကျေးရွာတွေနဲ့မြို့တွေပေါ် မကျရောက်အောင် သူ့ရဲ့စွမ်းအင်တွေမသုံးဘဲ အခြားနည်းလမ်းဖြင့် တိုက်ခိုက်လို့ရပေသည်။ ဒါပေမယ့် အရင်ရွှီဇီယန်၏ လျှပ်စစ်စိတ်ဝိညာဉ်သွေးကြောရှိသည့် ဆရာသခင်က ထိုကျေးရွာတွေက လူတွေသေချင်သေ၊ရှင်ချင်ရှင် သူလုံးဝဂရုမစိုက်ပေ။ သူ့ရဲ့တိုက်ခိုက်မှုကြောင့် ထိုကျေးရွာတွေက အပြစ်မဲ့သည့် လူရာကျော်သေဆုံးသွားရသည်။


သူနဲ့တိုက်ခိုက်သည့် မိစ္ဆာကျင့်ကြံသူကလည်း သေဆုံးသွားပြီး ကျေးရွာကလည်း မီးလောင်ပျက်စီးသွားတော့သည်။ အပြစ်မဲ့သည့် လူရာချီသေဆုံးသွားပေမယ့် ထိုဆရာသခင်ကတော့ မိစ္ဆာအလောင်းကိုသယ်ကာ ဘာမှမဖြစ်သလို ပုံစံဖြင့် ထွက်သွားလေသည်။


ထိုပုံရိပ်အား မူလရွှီဇီယန်၏မှတ်ဉာဏ်ထဲကနေ ရွှီဇီယန်ရှာတွေ့လိုက်သည်။ ထိုအချိန် မူလရွှီဇီယန်ဟာ ‌အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်သာ ရောက်ရှိသေးတာကြောင့် ထိုတိုက်ခိုက်မှုထဲ ဝင်ပါဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ ဒါပေမယ့် သူ့မျက်စိရှေ့မှာ ဒီလိုဝမ်းနည်းဖွယ်ရာ အခြေအနေမျိုးဖြစ်နေတာတောင် သူအေးစက်စွာ ဘေးနားမှာထိုင်နေပြီး သူ့စိတ်ထဲမှာလည်း သနားညှာတာမှုမရှိပေ။


ရွှီဇီယန်ကလည်း သူ့ကိုယ်သူ သူတော်ကောင်းဆိုပြီး တစ်ခါမှမတွေးခဲ့ဘူးပေမယ့် ဒီလိုပုံစံမျိုးကတော့ သူသည်းခံနိုင်သည့် အတိုင်းအတာကို ကျော်လွန်သွားပြီဖြစ်သည်။ မူလရွှီဇီယန်၏ဆရာသခင်က ထိုကျေးရွာသားတွေသေစေဖို့ တမင်ရည်ရွယ်လိုက်တာမဟုတ်ပေမယ့် ထိုကျေးရွာသားတွေ သေဆုံးရတာက ထိုဆရာသခင်ကြောင့်ဆိုတာကတော့ ငြင်းဆန်လို့မရပေ။


မူလရွှီဇီယန်ကလည်း ဘာမှမဖြစ်သလိုပုံစံမျိုးဖြင့် ဘေးနားမှာထိုင်နေတာက သူ့အားစိတ်မသက်မသာဖြစ်စေသည်။ တကယ်တော့ ရွှီဇီယန်ဟာ ဝိညာဉ်ကူးပြောင်းပြီး ကျင့်ကြံသူမဖြစ်ခင်က သူကလည်း သာမန်လူတစ်ယောက်သာဖြစ်သည်။


ပင်ပန်းနေတာကြောင့် ရွှီဇီယန် ရွှီမော့အား စကားအနည်းငယ်ပြောကာ ထွက်သွားဖို့ပြောလိုက်သည်။ လွန်ခဲ့သည့်နှစ်နှစ်က ဒီမျက်နှာဝါဝါတုတ်ခိုင်သည့်လူကြီးဟာ သူ့အိမ်ဘေးကအန်တီကြီး ဝင်စားထားသလိုပဲ အကျင့်စရိုက်က ပိုပိုပြီးတူလာသည်။ သူ့ကိုအေးစက်စက်ပြောတာတွေ စည်းကမ်းကြီးတာတွေကို သူစိတ်မရှိပေမယ့် ဒီလိုအရေးမပါဘဲ လေကြောရှည်အောင် ဆူနေတာကိုတော့ သူလုံးဝသည်းမခံနိုင်ပေ။


Original Author's Note:


ရွှီဇီယန်: သခင်လေး‌နေရာပြောင်းရအောင်လေ မူလတစ်ယောက်က ကောင်းမှမကောင်းတာ


ရွှီဇီရုန်: ကိုကိုပြောတာ ကျွန်တော်နားထောင်ပါ့မယ်………


ရွှီဇီယန်: အိုင်းယား ဇီရုန်လေးက အရမ်းလိမ်မာတာပဲ ဟိုအစုတ်ပလုတ်ဇီယွိထက်စာရင် မင်းကပိုပြီးလိမ်မာတယ်


ရွှီဇီရုန်(မျက်နှာမည်းမှောင်သွား): ဇီယွိဆိုတာ ဘယ်သူလဲ?


ရွှီဇီယန်: ဟား ဟား ဟား………‌ဒီနေ့နေအရမ်းသာတယ်နော်………


ရွှီဇီရုန်: ကိုကို ထိုအကြောင်းအရာတွေကိုရော ကျွန်တော့်မှတ်စုစာအုပ်ထဲမှာထပ်ရေးမှတ်လိုက်ရမလား?


ရွှီဇီယန်: ……အဲ့လိုမျိုး မလုပ်ပါနဲ့………


ရွှီဇီရုန်က ရွှီဇီယန်အား သူတို့အခန်းထဲသို့ ဆွဲခေါ်သွားလေတော့သည်………


#TK