Chapter 36
Viewers 4k

Chapter 36


ရွှီဇီရုန်၏အကြည့်တွေက လဲ့ဟူပျောက်သွားသည့် နေရာ၌သာရှိနေသည်။ သူ့အမူအရာကအရမ်းကို သုန်မှုန်နေသည်။ 


ဒီလူ…ကသွေးနဲ့ပတ်သက်ရင် အရမ်းတုန့်ပြန်လွယ်တာပဲ…


သူမနေနိုင်တော့ဘူး!


ကြင်နာတတ်ပြီးလိမ်မာသည့် သူ့ညီငယ်လေးက လက်ရှိအချိန်မှာ ထိုလူအားဘယ်လိုသတ်ရမလဲဆိုတာ တွေးဆနေတာကို ရွှီဇီယန်ကတော့မသိချေ။ ထို့အစား သူကလဲ့ဟူပြောသွားသည့် စကားကို သေသေချာချာစဉ်းစားနေသည်။


ဘယ်လိုအကြောင်းပြချက်ပဲဖြစ်ဖြစ် သူ့ညီငယ်လေးနဲ့ ပတ်သက်သမျှကို သေချာကိုင်တွယ်ရမည်။ ဒါကြောင့် လဲ့ဟူပြောသွားသည့် စကားလုံးတွေက ရွှီဇီယန်ကို စိတ်မရွှင်ပျအောင်ဖြစ်စေသည်။


လဲ့ဟူကိုရှာပြီးမှ သူပြောသည့်စကားလုံးက ဘာအဓိပ္ပါယ်လည်းဆိုတာကို မေးရန်ဆုံးဖြတ်လိုက်တော့သည်။ ဒါပေမယ့် ရွှီဇီရုန်ကလည်း ထိုလူကို သဘောမကျပေ။


ခဏလောက်တွန့်ဆုတ်နေပြီးနောက် ထိုအစီအစဉ်အား လက်လျော့ရန် ရွှီဇီယန်ဆုံးဖြတ်လိုက်တော့သည်။


ညီအကိုနှစ်ယောက်က လမ်းအတိုင်း လျင်မြန်စွာလာခဲ့ကြပြီး စုရုံးမည့်နေရာနှင့် နီးကပ်လာသည်။ အခြားလူတွေက လမ်းမှာ ချုံခိုတိုက်ခိုက်ဖို့စောင့်နေကြပေမယ့် ရွှီဇီရုန်၏သတိပေးချက်ကြောင့် ရွှီဇီယန်က 'မင်းတို့ဘယ်မှာပုန်းနေလဲ ငါတို့သိတယ်'ဆိုသည့် အကြည့်ဖြင့် တစ်ချက်သာကြည့်လိုက်သည်။


အံ့ဩစရာကောင်းသည့်ဒြပ်စင်တွေမရှိကြသည့် ထိုလူတွေဟာ ချီစွမ်းအင်စုဆောင်းမှုအဆင့်ပြီးဆုံးပြီဖြစ်သည့် ရွှီဇီယန်အား သူတို့နိုင်အောင်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ ရွှီဇီရုန်ကလည်း အဋ္ဌမမြောက်ချီစွမ်းအင်စုဆောင်းမှုကို ရောက်နေသူဖြစ်ပြီး ထိုညီအကိုနှစ်ယောက်သာ အတူတူပူးပေါင်းလိုက်ပါက ဝေ့ချင်နဲ့ရှဟုန်လျန်တို့ထက်တောင် အင်အားကြီးသွားလိမ့်မည်။


လက်တွေ့မှာတော့ ရွှီဇီယန်က အတွင်းဂိုဏ်းတပည့်နေရာအတွက် နာမည်ကြီးစာမေးပွဲဖြေဆိုသူတွေထဲမှာ ပါဝင်ပေမယ့် ဝေ့ချင်နဲ့ရှဟုန်လျန်တို့၏ နောက်ခံအင်အားနှင့်နှိုင်းယှဉ်လိုက်ရင်တော့ ရွှီမိသားစုကအဆင့်အတန်းနိမ့်ကျပြီး ဝေးလံလှပေသည်။ 


ထိုအကြောင်းပြချက်ကြောင့် ရွှီဇီယန်ကဝေ့ချင်နဲ့ယှဉ်လျှင် သူ့ကျင့်စဉ်ကသိပ်မဆိုးဘူးဆိုပေမယ့် အရမ်းကြီးအဆင့်မြင့်မယ်လို့ ဘယ်သူမှမတွေးထားကြပေ။


တည်သီးတွေကို ရွေးရာတွင် အပျော့ဆုံးအလုံးတွေကို ပစ်မှတ်ထားရသည်။ ထပ်ပြောရရင် ရွှီဇီယန်က အလွန်စွမ်းအားကြီးပြီး ဉာဏ်ထက်မြက်တယ်ဆိုပေမယ့် ဒီနေရာမှာ ဘာကျောထောက်နောက်ခံမှာမရှိဘဲ လာပြိုင်တာဖြစ်သည်။ ဒါကြောင့် ဝေ့ချင်၊ရှဟုန်လျန်နဲ့ အခြားသော ဉာဏ်ထက်မြက်သည့်လူတွေက နောက်ခံအင်အားကြောင့် လမ်းခရီးက အလွန်ကို အနှောင့်အယှက်ကင်းလှသည်။ ရွှီဇီယန်တစ်ယောက်တည်းကိုသာ ချုံခိုတိုက်ခိုက်ကြခြင်းဖြစ်သည်။


ကြက်ကိုသတ်ပြလိုက်သည့် ဥပမာကြောင့် ရွှီဇီယန်က တည်သီးအပျော့တွေထဲမှာ မပါဘူးဆိုတာ အခြားလူတွေသဘောပေါက်သွားသည်။ အကယ်၍ တစ်ယောက်ယောက်က သူ့ကိုသွားတိုက်ခိုက်မည်ဆိုပါက သူတို့သွားတွေ မကျွတ်ထွက်သွားအောင် အရင်ဆုံးပြင်ဆင်သင့်သည်။


စုရုံးရမည့်နေရာက တောအုပ်အတွင်းက ကွင်းပြင်၌သာဖြစ်သည်။ မြေပြင်ကနေငေါထွက်နေသည့် သစ်မြစ်‌ပေါ်မှာ တောက်ဖောင်(ရှေးအမျိုးသားဝတ်စုံ)ကိုဝတ်ဆင်ထားသည့် အမျိုးသမီးတစ်ယောက်က တိတ်ဆိတ်စွာထိုင်နေပြီး လက်ထဲ၌ မြင်းအမြီးလို ကြာပွတ်အားကိုင်ဆောင်ထားသည်။ သူမဘေးပတ်လည်က လေတွေဟာ တည်ငြိမ်ပြီးအေးချမ်းတာကြောင့် သူမကတောအုပ်နှင့် အလွန်သဟဇာတဖြစ်လေသည်။


ရွှီဇီယန်ထိုနေရာသို့ ရောက်သွားသည့်အချိန်၌ လေထုအခြေအနေက ထူးဆန်းနေသည်ကို သူသိလိုက်သည်။


ဒါဇင်လောက်ရှိသည့်စာမေးပွဲဖြေဆိုသူတွေဟာ ဟိုတစ်စုဒီတစ်စုနဲ့ ထိုနေရာမှာ ခြေသံပြင်းပြင်းဖြင့် သွားနေကြတာကို သူမြင်နေရသည်။ အကြီးဆုံးအဖွဲ့ကို ဦးဆောင်ထားတာက ဝေ့ချင်ပင်ဖြစ်သည်။ ထိုဆယ်ကျော်သက်က ရွှေရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး မျက်နှာအမူအရာကမပြောင်းလဲပေ။ သူ့ဘေးနားကလူနှစ်ယောက်က သူ့အားမျက်နှာလိုမျက်နှာရလုပ်နေကြပေမယ့် ဝေ့ချင်ပုံစံကသည်းမခံနိုင်သလိုဖြစ်နေသည်။


ဝေ့ချင်၏အဖွဲ့အပြင် ထိုနေရာ၌အခြားသောအဖွဲ့များလည်း ရှိကြသေးသည်။ မနေ့က သူတို့နဲ့ဆုံခဲ့သည့် ရှဟုန်လျန်က သူမ၏ကြီးမားလှသည့်အဖွဲ့နဲ့အတူ အလယ်တည့်တည့်မှာရပ်နေကြသည်။ ဒါပေမယ့် ရှဟုန်လျန်ဟာ ရွှီဇီယန်အားတွေ့သွားပြီးနောက် သူမစိတ်လှုပ်ရှားစွာ သူ့အား လက်ဝှေ့ယမ်းပြလေသည်။ ထိုအမူအရာကြောင့် ရွှီဇီယန်အနည်းငယ် အံ့ဩသွားရပြီး အပြုံးတစ်ခုသာပြန်လည်တုံ့ပြန်လိုက်သည်။


ရွှီဇီရုန်၏အမူအရာကတော့ ထိုအရာကိုမြင်ကာ အလွန်ကိုမည်းမှောင်နေပြီး ကြောက်စရာကောင်း‌လှသည်။ ဒီစောက်မိန်းမကများ ငါ့ကိုကို့ကို သွေးဆောင်ဖြားယောင်းရဲတယ်! သူမကိုဘယ်တော့မှခွင့်မလွတ်ဘူး!


ရှဟုန်လျန်၏အမူအရာက သူ့ပတ်ဝန်းကျင်ကလူတွေအားလုံးကို သိချင်စိတ်ဖြစ်လာအောင် လုပ်လိုက်နိုင်သည်။ ရှဟုန်လျန်က ဒီစာမေးပွဲရဲ့နာမည်ကြီးစာရင်းထဲမှာ ပါဝင်သည်ဆိုတာကို အားလုံးကသိထားကြသည်။ တစ်စုံတစ်ယောက်ကသာ သူမ၏ဒီလိုပြုမူဆက်ဆံပုံကိုခံရပါက ထိုလူကသာမန်လူတော့မဖြစ်နိုင်ပေ။ 


ရွှီဇီယန်အသက်၁၅နှစ်သာ ရှိသေးပေမယ့် ၁၈၀စင်တီမီတာနီးနီး အရပ်မြင့်သည်။ သူအရပ်၊သူ့ရုပ်ရည်နဲ့ဆိုရင် အားလုံး၏အကြည့်တွေကို သူဆွဲဆောင်နိုင်ပေသည်။


ဘေးနားမှာရပ်နေသည့် ရွှီဇီရုန်ကလည်း အသက်၁၁နှစ်သာရှိသေးပြီး အလွန်လှသည်။ လက်ရှိမှာတော့ သူ၏သေးငယ်ပြီးနူးညံ့သည့်မျက်နှာက စိတ်မရှည်မှုတွေနှင့် ပြည့်နက်နေသည်။ အကယ်၍ သူသာအရွယ်ရောက်သွားပါက သူ့ကိုဒီလိုလာပြုမူသည့်သူတိုင်းကို သူရွံရှာမိမှာအမှန်ပင်။ ဒါပေမယ့် သူက,ကလေးမျက်နှာဖြစ်နေတာကြောင့် ဘယ်လိုမျက်နှာဘေးမျိုးပဲဖြစ်နေပါစေ လူတွေက ဘယ်လောက်ချစ်စရာကောင်းတဲ့ကလေးလေးလည်းလို့သာ အော်ဟစ်ပြောကြလိမ့်မည်။


“အဲ့ဒါဘယ်သူတွေလဲ?” သိပ်မဝေးလှသည့်နေရာ၌ ထိုင်နေသည့် မည်းမှောင်လှသောအကြည့်မျိုးဖြင့် ဆယ်ကျော်သက်ကောင်လေးက ထိုမြင်ကွင်းကိုအေးစက်စက်ကြည့်နေသည်။ အသံခပ်တိုးတိုးဖြင့် သူ့ဘေးလူအားမေးလိုက်သည်။


သူ့ရဲ့မေးခွန်းကြောင့် ဘေးကလူက မျက်နှာချိုသွေးဖို့လုပ်လိုက်သည်။ သူ့အကြည့်အတိုင်း လိုက်ကြည့်လိုက်ကာ ရွှီဇီယန်ကိုမြင်လိုက်ပြီးနောက် ထိုသူ၏မျက်လုံးထဲမှာ အံ့ဩသည့်အရိပ်အယောင် ရိပ်ခနဲပေါ်သွားသည်။ 

“သူနာမည်က ရွှီဇီယန်ပါ၊ ဝူမိသားစုက ဝူရွှင်ကို ဒဏ်ရာရအောင်လုပ်လိုက်တဲ့ သူတစ်ယောက်ပါ၊ အချက်အလက်အရတော့ ဝူရွှင်ကထိုအချိန်က ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ ဆိုပါတယ်။ အကယ်၍သူသာ မကာကွယ်လိုက်ရင် ဒဏ်ရာကပိုဆိုးသွားနိုင်တယ်လို့ ပြောပါတယ်။”


မည်းမှောင်သည့်အကြည့်နဲ့ဆယ်ကျော်သက်လေး ဟူယွိထျန်က အနည်းငယ်မျက်မှောင်ကြုတ်သွားသည်။ ဝူရွှင်၏စွမ်းအားကို သူသိပြီးသားဖြစ်သည်။ ဝူရွှင်ကိုဒဏ်ရာရအောင် လုပ်နိုင်ရုံနဲ့ပင် ရွှီဇီယန်၏စွမ်းရည်ကို ခန့်မှန်းလို့ရ‌နေပြီဖြစ်သည်။ ဟူယွိထျန်အမူအရာတွေက သိပ်ပြီးအခြေအနေမဟန်တော့ပေ။ ဒီစာမေးပွဲဖြေဆို‌သူတွေအားလုံးဟာ ပုန်းနေသောနဂါး၊ ဝပ်နေသောကျားများဖြစ်ကြသလို သူတို့၏စွမ်းရည်တွေကို အားလုံးကဖုံးကွယ်ထားကြသည်။ ဝေ့မိသားစုကဝေ့ချင်၊ ရှဟုန်မိသားစုကရှဟုန်လျန်နဲ့ အခြားသောမိသားစုကလူတွေအားလုံးကလည်း တစ်ယောက်ကိုတစ်ယောက် ကျားကသူ့၏သားကောင်းကို ချောင်းနေသလိုအကဲခတ်နေကြသည်။ ဝေးလံလှသည့်ရွှီမိသားစုလိုဆီမှာ ဒီလိုလူများရှိလိမ့်မယ်လို့ ဘယ်သူတွေးထားမိမှာလဲ?


ဟူယွိထျန်ဘေးကလူက ရွှီဇီယန်အားအနည်းငယ်လောက် ကြည့်လိုက်ပြီး ဂရုတစိုက်ပြောပြလေသည်။

“သူ့ဘေးမှာရပ်နေတဲ့လူက သူ့ညီလေးပါ၊ ပြောကြတာကတော့ သူတို့ညီအကိုနှစ်ယောက်ဆက်ဆံရေးက အလွန်ကောင်းတယ်တဲ့။ ဒါ့အပြင်က သူ့ညီလေးကအလွန်အံ့ဩစရာကောင်းတယ်၊ သူ့မှာရေ၊သစ်သား၊ကမ္ဘာမြေကြီး တြိဝိညာဉ်သွေးကြောရှိသည့်အပြင် အဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ထားပြီးဖြစ်တယ်။”


ဟူယွိထျန်၏အမူအရာက ပိုပိုပြီးအလေးအနက်ဖြစ်လာသည်။ အဲ့လိုပုံစံသာဆိုရင် ဒီနှစ်စာမေးပွဲက မူလကသူတွေးထားထက်တောင် ပိုခက်ခဲလိမ့်မည်။ 


ဟူမိသားစု၊ ဝေ့မိသားစု၊ ရှဟုန်မိသားစုတွေက အင်အားကြီးဆုံးမိသားစုတွေဖြစ်ကြပြီး အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့ အလွန်သေချာသလောက်ရှိကြသည်။ ဒါကြောင့် သူတို့တွေရဲ့ ရည်မှန်းချက်က ထိပ်ဆုံးသုံးနေရာဝင်နိုင်ဖို့ပင်ဖြစ်သည်။ ပိုပြီးတိတိကျကျပြောရရင်တော့ သူတို့တွေ ထိပ်ဆုံးသုံးနေရာက တစ်နေရာရာကိုသာ ဝင်နိုင်ခဲ့ပါက သူတို့တွေ ချီလင်မျှော်စင်ထဲသို့ ဝင်ခွင့်ရမှာဖြစ်သည်။


ချီလင်မျှော်စင်ထဲဝင်နိုင်ဖို့ အရည်အချင်းပြည့်မီဖို့လို‌အပ်ပေမယ့် သူတို့တွေဂိုဏ်းထဲဝင်ပြီးနောက် အဲ့လိုလုပ်နိုင်ဖို့က ခက်ခဲလှသည်………


ဟူယွိထျန်က သူ့၏လက်ကောက်ဝတ်အား လှည့်လိုက်ရင်း သူ့အမူအရာကို လျော့ချလိုက်သည်။ သူ၏စွမ်းရည်ကအခြားလူတွေထက် မနိမ့်ကျပေ။ ပြီးတော့ သူကအတော်‌လည်းကြိုးစားထားသည်။ ထိပ်ဆုံးသုံးနေရာကို သူမဝင်နိုင်ဘူးဆိုတာ ဟူယွိထျန်ဘယ်လိုမှမယုံဘူး။


ရွှီဇီယန် ထိုင်ဖို့နေရာအလွတ်အား ရှာတွေ့သွားသည်။ သူမထိုင်ခင် ဆယ်ကျော်သက်လေးက လက်ကိုင်ပဝါကို ဂရုတစိုက်ထုတ်ပြီး သူ့ဘေးမှာခင်းလိုက်သည်။ 


ထိုအရာကိုမြင်တော့ ရွှီဇီရုန်၏စိတ်အခြေအနေက ပြန်လည်ကောင်းမွန်သွားသည်။ သူ့ကိုကိုဖြစ်သူက သူ့အတွက် အမြဲတမ်းတွေးပေးတာနဲ့တင် လုံလောက်နေပြီဖြစ်သည်။


ဒီနေရာမှာ ရွှီဇီယန်၏ကိုယ်ရေးအချက်အလက်တွေက လျှိုဝှက်ချက်တော့မဟုတ်ပေ။ ပြီးတော့ ဒီဩဇာကြီးမားသည့်မိသားစုတွေ၏ အချက်အလက်ကွန်ရက်တွေကလည်း အညံ့စားတွေမှမဟုတ်တာ။


တကယ်တော့ ရွှီဇီယန်မနေ့တုန်းက စာရင်းသွင်းသွားပြီးနောက် သူ၏အချက်အလက်တွေက လူအများကြီးဆီ ရောက်သွားပြီးဖြစ်သည်။ ရွှီဇီယန်ထိုအကြောင်းသိပေမယ့် သူကတော့ဂရုမစိုက်ချေ။ ရွှီမိသားစု၏အင်အားကလည်း သေးသေးလေးပဲရှိသေးသလို သူတို့၏အချက်အလက်ကွန်ရက်တွေကလည်း ဖာအန့်မြို့လောက်ကြီးမားပြီး မကျယ်ပြန့်နိုင်ပေ။ ဒါကြောင့် ဒီအခြေအနေမှာတော့ ရွှီဇီယန်အကန်းပုံစံမျိုးသာ နေနေတော့သည်။ ကံအားလျော်စွာ သူ့မှာတစ်ပန်းသာသည့် အရင်ရွှီဇီယန်၏မှတ်ဉာဏ်တွေရှိပေသည်။


'ကျွတ် ဒီဝေ့ချင်ကတော့ အမြဲတမ်း အဲ့ဒီသောက်ကျိုးနည်းမျက်နှာဘေးကြီးနဲ့ ကြည့်နေတာပဲ၊ သူကရွှီဇီရုန်ထက် အသက်နည်းနည်းပဲကြီးတာပါ၊ အဲ့ဒါကိုသူဘာလို့ နည်းနည်းလေးမှ ချစ်စရာမကောင်းရတာလဲ? (ခင်ဗျားလေးချစ်စရာမလိုပါဘူး သူ့ကိုချစ်မယ့်သူရှိပြီးသား ကိုယ့်ညီကိုယ်သာချစ်စမ်းပါ) ဒီရှဟုန်လျန်မိန်းကလေးကလည်း သာမန်အနေအထားတော့မဟုတ်ဘူး။ မူလရွှီဇီယန်က သူမနဲ့အဆက်အသွယ်မရှိခဲ့တာ သနားစရာပဲ၊ ဟူယွိထျန်ဘေးက လူကိုလည်း ရင်းနှီးနေသလိုပဲ………အာ ဟုတ်တယ် ဟုတ်တယ်၊ ဒီကြွက်စုတ်က သတင်းတွေကို ရောင်းစားတဲ့ကောင်မဟုတ်ဘူးလား? ဟီးဟီး သူနဲ့ဆက်ဆံရေးကို ဒီထက်ပိုပြီး တိုးတက်အောင် မ‌လုပ်သင့်ဘူး။ ခဏလောက်စောင့်ပြီးတော့ အခွင့်အရေးရှာပြီး သူ့ကိုသစ္စာခံမည့်သူတွေကို ရှာကြတာပေါ့'


ရွှီဇီယန်ကသူ့အကြည့်တွေကို ဂရုမစိုက်သလိုပုံစံဖြင့်သာ ဖုံးကွယ်ထားသည်။ မူလရွှီဇီယန်ကတော့ ဒီကလူတွေနဲ့ အဆက်အဆံရှိပေမယ့် လက်ရှိသူကတော့ ထိုသူတွေနဲ့ သာမန်ဆက်ဆံရေးသာ ရှိသည်။ 


ဒါပေမယ့် ဘယ်သူမဆိုတွေးလိုက်ရင် သဘောပေါက်နားလည်နိုင်ပေသည်။ မူလရွှီဇီယန်က ရွှီမိသားစု၏အမြင့်မားဆုံး ထောက်တိုင်ဖြစ်သည်။ လျှိုကွမ်းဂိုဏ်းကိုရောက်ပြီးနောက် သူ၏စွမ်းရည်က သာမန်ပဲဆိုတာ သူသဘောပေါက်သွားသည်။ ရွှီမိသားစု၏ဉာဏ်ကြီးရှင်က လျှိုကွမ်းဂိုဏ်းမှာတော့ ဘာမှမဟုတ်ပေ။ သူ့ရဲ့စွမ်းရည်က ထိပ်တန်းတပည့်တွေနဲ့ ယှဉ်လျှင်အောက်ဆုံး၌သာရှိနေပြီး အဲ့ဒီဉာဏ်ကြီးရှင်တွေနဲ့ယှဉ်လျှင်လည်း သူကဟာသသက်သက်သာဖြစ်သည်။


စွမ်းအားချင်းအလွန်ကွာခြားတာကြောင့် မူလရွှီဇီယန်က ထိုအချက်အလက်တွေကို လက်ခံနိုင်ဖို့ အပြင်းအထန်ကြိုးစားရပေသည်။ သူကမောက်မာချင်ရင်တောင် ဘယ်သူ့ကိုမှ သူမောက်မာမို့ အရည်အချင်းမပြည့်မှီပေ။ သူ့အတွေးထဲမှာ သူ့မျက်လုံးကနေ မြင်သလိုက်သမျှလူတိုင်းဟာ သူ့ကိုဒေါသထွက်စေတာကြောင့် သူ့ဆရာသခင်‌နောက်သာ နေ့တိုင်းလိုက်တော့သည်။


ဒါပေမယ့် အခု ရွှီဇီယန်ကကလေးမှမဟုတ်တာ။ လူတွေနဲ့အဆက်အဆံလုပ်ဖို့က ဘယ်လောက်အရေးကြီးလဲဆိုတာ သူသေချာပေါက်သိသည်။ ဒီမှာရှိသည့်လူအားလုံးနဲ့ သူငယ်ချင်းဖွဲ့ဖို့ဆိုတာ ဘယ်လိုမှတော့မဖြစ်နိုင်ပေမယ့် ထိုလူတွေနဲ့ဆက်စပ်သည့် အကြောင်းအရာတွေကို သုံးသပ်လိုက်ရင်တော့ ကိစ္စမရှိပေ။


“ကိုကို ဘာတွေတွေးနေတာလဲ?” ရွှီဇီရုန်ကသိချင်စိတ် အပြည့်ဖြင့်မေးလိုက်သည်။


သွေးမိစ္ဆာသခင်ကြီးက အလွန်ကိုသိချင်စိတ်ပြင်းပြနေလေသည်။ သူ့ကိုကို၏ခန့်မှန်းနေသည့် အမူအရာမျိုးကို ——— သူပထမဆုံးမြင်ဖူးတာဖြစ်သည်။ သူမသိတာက ဘယ်သူကများ သူ့ကိုကိုကို ဒီလိုခန့်မှန်းနေသည့် အမူအရာမျိုးဖြစ်အောင်လုပ်သွားလဲ?


“ဘာမှမတွေးပါဘူး” ရွှီဇီယန် သွေးမိစ္ဆာသခင်၏ခေါင်းအား ပုတ်ပေးလိုက်သည်။

“ဇီရုန်နည်းနည်းအရွယ်ရောက်လာမှ ကိုကိုပြောပြပါ့မယ်”


ရွှီဇီရုန်ထိုအဖြေကို သဘောမကျပေမယ့် သူ့မျက်နှာမှာတော့ ဘာအမူအရာမှမပြပေ။ လက်ရှိသူ့ရဲ့ပုံစံက ဉာဏ်ထက်ပြီးလိမ်မာသည့် ညီလေးဖြစ်နေသည်။ သူကအခြားလူတွေ အရှေ့မှာဆိုရင်တော့ သူလျစ်လျူရှုထားမှမှန်ပေမယ့် သူ့ကိုကိုရှေ့မှာတော့ သူဘာမှမလုပ်ပေ။


ရွှီဇီယန် အစ်ကိုတစ်ယောက်ပီသအောင် သူကဒီလိုဇာတ်ကောင်ပုံစံမျိုးကို အသေးစိတ်ပုံသွင်းထားခြင်းဖြစ်သည်။ ရွှီဇီယန်က သိချင်စိတ်တွေကြောင့် သူ့အားသံသယဖြစ်လာမှာကို ရွှီဇီရုန်မလိုချင်ဘူး။


အချိန်ကုန်လွန်လာသည်နှင့်အမျှ ကျန်ရှိ‌နေသေးသည့် လူတွေကလည်း စုရုံးသည့်နေရာသို့ ရောက်လာကြသည်။


စိတ်ဝင်စားစရာအကောင်းဆုံးကတော့ ထိုလူအများစု၏ကိုယ်တွေက ဒဏ်ရာတွေရထားကြသည်။ သူတို့အားချုံခိုတိုက်ခိုက်သည့် လူတွေအား မလိုမုန်းထားသည့်အကြည့်တွေနဲ့ ကြည့်လိုက်ပေမယ့် ရှေးအမျိုးသားဝတ်စုံဝတ်ဆင်ထားသည့်အမျိုးသမီးဆီကနေ ဘာတုံ့ပြန်မှုမှမရရှိလိုက်ပေ။ ခဏကြာတော့ သူတို့တွေဒဏ်ရာရပြီး ရှုံးနိမ့်သွားသည့်ဆိုသည့်အချက်ကို သူတို့လက်ခံလိုက်ရတော့သည်။


“ချီးပဲ! ဘယ်ကောင် ငါ့ကို ချောင်းပြီးတိုက်ခိုက်လိုက်တာလဲ!!!”


ဘယ်သူမှတော့ထိုရလဒ်ကြီးကို လက်ခံချင်မှာမဟုတ်ဘူးလေ။ ထိုအချိန်၌ တစ်စုံတစ်ယောက် အော်ပြောလိုက်သည်။


ခပ်ဝဝလူတစ်ယောက်က သူဝတ်ဆင်ထားသည့် ခမ်းနားထည်ဝါသည့် အဝတ်တွေကို တောအုပ်ဘက်ပစ်လွှင့်လိုက်ပြီး စုရုံးနေကြသည့်လူတွေဘက်သို့ ဒေါသတကြီးဖြင့် စိုက်ကြည့်နေသည်။ အဲ့လိုလုပ်လိုက်တာကတော့ သူ့အားတိုက်ခိုက်သူကို ရှာချင်လို့ပဲဖြစ်သည်။


အားလုံး၏အကြည့်တွေက သူ့ဆီ၌သာရှိနေတာကြောင့် ထိုလူဝဝကြီးဟာ အနည်းငယ် စိတ်မသက်မသာခံစားလာရသည်။ ဘာကြောင့်လဲဆိုတော့ သူ့အားကြည့်နေကြသည့် လူတိုင်း၏မျက်လုံးတွေက လှောင်ပြုံးတွေပါနေလို့ပင်ဖြစ်သည်။


ဒါပေမယ့် သူကံဆိုးတာပဲဆိုပြီး တွေးလိုက်ကာ သူကချက်ချင်းပင် သတ္တိရှိပြီး မိမိကိုယ်ကိုယုံကြည်မှုရှိနေသည့်ပုံစံဖြစ်သွားကာ ဒေါသတကြီးအော်ဟစ်လိုက်သည်။

“ဘယ်သောက်ကောင်က ငါ့ကိုတိုက်ခိုက်လိုက်တာလဲ?! မင်းသတ္တိရှိရင် ထွက်ခဲ့စမ်း!”


“သူတို့ထွက်မလာရင် မင်းကဘာလုပ်မှာမလို့လဲ?” ငွေရောင်ခေါင်းလောင်းသံလေးတွေနှင့် တူသည့်အသံဟာ ရုတ်တရက် သိချင်စိတ်ပြင်းပြစွာမေးလိုက်သည်။ 


“သူတို့တွေထွက်မလာရင် ငါသူတို့ကို သွားသတ်မှာ!” လူဝဝကြီးက အော်ဟစ်ကာပြန်ဖြေလိုက်သည်။


ထိုအသံကဆက်လက်ပြီးမေးလိုက်ပြန်သည်။

“ဒါပေမယ့် သူတို့တွေသာထွက်မလာရင် သူတို့ဘယ်သူလည်းဆိုတာ မင်းသိမှာမှမဟုတ်တာ၊ သူတို့ဘယ်သူလည်းဆိုတာ မင်းမသိမှတော့ မင်းကသူတို့တွေကို ဘယ်လိုလုပ်ပြီးသတ်လို့ရမှာလဲ?”


လူဝဝကြီးက ရုတ်တရက် အသွားသည်။ သူကအသံလာသည့်ဘက်သို့ ကြည့်လိုက်သည်။


စကား‌ပြောနေသည့်သူကို သူတွေ့လိုက်ရပြီး ရုတ်တရက် သူမှင်တက်သွားသည်။ ထိုမိန်းကလေးက အလွန်ငယ်ရွယ်ပြီး အသက်၁၁၊၁၂လောက်သာ ရှိဦးမည်။ သူမကအမွှေးပွလေးတွေနဲ့ ချုပ်ထားသည့် အပန်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ မျက်နှာဝိုင်းဝိုင်းလေးနဲ့မျက်လုံးဝိုင်းဝိုင်းလေးတွေနဲ့ သူမ၏ရှက်သွေးဖြာနေသည့်မျက်နှာပေါ်၌ အပြုံးတစ်ခုရှိနေပြီး မြင်ကြသည့်သူတိုင်းက သူမအားမနှစ်သက်ဖို့ဆိုတာ အလွန်ခက်ခဲလှပေသည်။


“ဟေး မင်းငါ့ကို ဘာမှပြန်မပြောရသေးဘူးလေ၊ သူတို့ဘယ်သူတွေလည်း‌ဆိုတာ မင်းမသိမှတော့ မင်းကသူတို့တွေကို ဘယ်လိုလုပ်ပြီးသတ်မှာလဲ?” ငယ်ရွယ်သည့်ထိုမိန်းကလေးက လူဝဝကြီး၏မှင်တက်နေသည့်အကြည့်ကို လက်ခံနိုင်ပုံမရပေ။ သူမကဆက်ပြီးတော့ ထိုသူအား ကပ်သီးကပ်ဖဲ့‌‌ပြန်မေးလိုက်သည်။


“ငါ……ငါ……” လူဝဝကြီးကစကားထစ်သွားပြီး သူ့မျက်နှာကနီရဲလာကာ ဘာမှမပြောနိုင်တော့ပေ။ 


“ကျွတ် အရမ်းပျင်းစရာကောင်းတာပဲ” ငယ်ရွယ်သည့်ထိုမိန်းကလေးက လှောင်ပြုံးပြုံးလိုက်တာကြောင့် ထိုလူ၏မျက်နှာက မည်းမှောင်သွားသည်။ ရုတ်တရက် သူမကသေးငယ်ပြီး စိမ်းရင့်ရင့်မြွေလေးကိုထုတ်လာပြီး သူမလက်ပေါ်၌တင်လိုက်သည်။ 

“ပိယွင့် ဒီလူကိုကြည့်လိုက်ပါဦး သူကအရမ်းတုံးတာပဲ အနာဂတ်မှာသာ ငါဒီလူနဲ့ ဂိုဏ်းတစ်ခုတည်းနေရမယ်ဆိုရင် ငါ့ဂုဏ်သိက္ခာအားလုံးကို လွှင့်ပစ်မိလိမ့်မယ်”


“Sssss………” သေးငယ်ပြီးအစိမ်းရင့်ရင့်မြွေ၏နာမည်က ပိယွင့်ဖြစ်ပြီး ထိုမြွေကလျှာကိုထုတ်ကာ အန္တရာယ်ရှိသည့်အသံကို ထုတ်လွှတ်လိုက်သည်။


#TK