Chapter 35
Viewers 4k

Chapter 35


အမဲရောင်လူ၏လက်မောင်းဟာ လုံးဝဖောက်ထွက်သွားပြီး သွေးတွေစိမ့်ထွက်လာတော့သည်။ ရွှီဇီယန်ရက်စက်သည့်အကြည့်ဖြင့် ကြည့်လိုက်တာကြောင့် သူကအံ့ကြိတ်လိုက်ပြီး စိန်းစိန်းဝါးဝါးကြည့်လိုက်သည်။


တစ်ဖက်မှာတော့ ရွှီဇီယန်ကတော့ သူတို့တိုက်ပွဲကိုအဆုံးသတ်ဖို့ ဆက်ပြီးမလိုက်တော့ပေ။ လူတွေတောအုပ်ထဲကနေ ချုံခိုတိုက်ခိုက်ရတာက သူတို့တွေကို ဒဏ်ရာရစေချင်လို့သာ ဖြစ်သည်။ ထိုလူတွေကလည်း သတ်ဖို့ရည်ရွယ်ချက်မရှိတာကြောင့် ရွှီဇီယန်အနေနဲ့ သူတစ်ပါးအသက်ကိုယူလိုက်တာ သိပ်ပြီးတော့အဆင်ပြေမည်မဟုတ်ပေ။ ပြီးတော့ လျှိုကွမ်းဂိုဏ်းကလူတွေ ဒီနေရာမှာ ရှိမရှိဆိုတာ သူအာမမခံနိုင်ဘူး။ အကယ်၍ အသက်စေလောက်သည်အထိ ပိုပြင်းထန်သွားပါက လျှိုကွမ်းဂိုဏ်းကလူတွေက ပေါ်လာပြီး အခြေအနေကို ထိန်းကြလိမ့်မည်။ 


အေးအေးဆေးဆေး သူ့ရဲ့လေးကို အိတ်ထဲသို့ပြန်ထည့်လိုက်ပြီး အရှေ့ဘက်သို့ တည်ငြိမ်သည့်ပုံစံဖြင့် ရွှီဇီယန် ဆက်လျှောက်သွားသည်။ တောအုပ်ထဲ၌ ပုန်းနေသည့်လူတွေက ထိုအမဲရောင်နဲ့လူတစ်ယောက်ပဲ မဟုတ်ပေ။ ဒါပေမယ့် ထိုလူအမဲရောင်က စွမ်းအားအမြင့်ဆုံးဖြစ်သည်။ အကယ်၍ သူကကြက်ကိုသတ်ပြီး မျောက်ကိုအားတမင်အကြောင်းသိအောင် သူ့စွမ်းအားကိုထုတ်သုံးလိုက်တာကြောင့် ထိုအမဲရောင်နဲ့လူက သူ့ရဲ့အကောင်းဆုံးပစ်မှတ်ဆိုတာမလွဲပေ။

『K : ဒီနေရာမှာရှင်းပြချင်တာက ဇီယန်ကတမင် စွမ်းအားအမြင့်ဆုံးဖြစ်တဲ့ အမဲရောင်လူကို ပစ်မှတ်ထားပြီး တိုက်ခိုက်လိုက်ကာ သူ့အနောက်ကကိုလိုက်နေတဲ့လူတွေအား တမင်ကြောက်အောင်ခြောက်လိုက်တာလို့ ဆိုလိုချင်တာပါ။』


“ကိုကိုက အရမ်းတော်တာပဲ” ရွှီဇီရုန်အပြုံးအပြည့်ဖြင့် ခေါင်းမော့ကာပြောလေသည်။


“ဟား ဟား” ရွှီဇီယန်ရှက်သလို ခံစားရတာကြောင့် အနည်းငယ်ရယ်မောလိုက်၏။ သူ့အပေါ်အမြဲချီးကျူးပေးသည့် ညီငယ်လေးရှိတာက အရမ်းကောင်းတယ်လို့ဆိုရပေမယ့် ရွှီဇီရုန်၏အကူအညီသာမပါရင် သူတို့၏ပြိုင်ဘက်ကို လွယ်လွယ်ကူကူ သူဒီလိုဒဏ်ရာရအောင် လုပ်နိုင်မှာမဟုတ်ဘူး။ သစ်သားဒြပ်စင်အသုံးပြုသူတွေအတွက် ဒီလိုတောအုပ်မျိုးမှာက သူတို့၏စွမ်းရည်အပြည့် အသုံးပြုလို့ရပေသည်။ လွန်ခဲ့သည့်သုံးနှစ်က အသံတိတ်မိုးရေထဲလမ်းလျှောက်ခြင်းကျင့်စဉ်နဲ့ သိုဝှက်ထားသောသစ်သား၏အချိုးကျရောစပ်မှုကျင့်စဉ် ကျင့်ကြံခဲ့သည့်အပြင် နောက်ထပ်တစ်ခုဖြစ်သည့် 'သစ်တောကိုအမိန့်ပေးခြင်း'ကိုလည်း သူသင်ယူခဲ့သေးသည်။ ထိုကျင့်ကြံခြင်းလမ်းစဉ်က ဘာတိုက်ခိုက်မှုစွမ်းရည်မှ မပါပေ။ ဒါပေမယ့် တောအုပ်ထဲ၌ တစ်စုံတစ်ယောက်သာ ရှိနေပါက အပင်တွေနှင့်အချင်းချင်းဆက်သွယ် သိရှိနိုင်ပေသည်။ 


အပင်တွေနဲ့စကားပြောလို့ကတော့ မရဘူး‌လေ။ အများဆုံးတော့ ထိုအပင်တွေက ဘယ်နားမှာ အန္တရာယ်ရှိသည့်အရာ ပုန်းနေလည်းဆိုတာကို မပြတ်မသားအသံဖြင့် အချက်ပေးလေ့ရှိကြသည်။ ဒါပေမယ့် ကျင့်ကြံခြင်းအတတ်ပညာတွေက မထိရောက်သည့် အချိန်တွေလည်းရှိသည်။ အခြားကလေးတစ်ယောက်က ရွှီမိသားစုကထိုကျင့်စဉ်ကို သင်ယူလိုက်ပါက ဘယ်တော့မှအပင်နဲ့ ဆက်သွယ်လို့ရမှာမဟုတ်ပေ။ ဒါကြောင့် တခါတလေကျရင်လည်း ဒီကျင့်ကြံခြင်းစာအုပ်တွေက အမှိုက်တွေပဲဆိုပြီး လူတွေကဝေဖန်လေ့ရှိကြသည်။


ဒါပေမယ့် ရွှီဇီရုန်အသုံးပြုလိုက်သည့်အချိန်၌ ဒီကျင့်ကြံခြင်းအတက်ပညာက အတော်လေးအလုပ်ဖြစ်သွားတာကြောင့် ဘယ်လိုတောင်ထူးဆန်းလိုက်လေသလဲ။ ပြီးတော့ တောအုပ်အနောက်ဘက်မှာရှိသည့် ရွှီမိသားစု၏တောင်ထိပ်မှာ သူတို့လေ့ကျင့်ကြပြီး တခါတရံ သူ့ကျင့်စဉ်အဆင့်တက်ဖို့ ရွှီဇီရုန်ကရွှီဇီယန်အား အကူအညီပေးလေ့ရှိသည်။ ရွှီဇီယန်ကအမြဲတမ်း နားမလည်နိုင်သလို အကြိမ်များစွာ တွေးဆလေ့ရှိပြီး အဆုံးမှာတော့ ရွှီဇီရုန်က သူ့သစ်သားကျင့်စဉ်ကို တိုးတက်လာတာကြောင့်လို့သာ ကောက်ချက်ချလိုက်တော့သည်။ 


တကယ့်အမှန်ကတော့———


သစ်တောကိုအမိန့်ပေးခြင်းဆိုသည့်ကျင့်စဉ်က သိသိသာသာ အကျိုးသက်ရောက်မှုရှိဖို့ ဘယ်လိုမှမဖြစ်နိုင်ပေ။ အကြောင်းပြချက်တော့ ရွှီဇီရုန်က သူ့ပတ်ဝန်းကျင်မှာ ချုံခိုတိုက်ခိုက်မည့် အရိပ်အယောင်ရှိ၊မရှိကို သူ့အာရုံကနေခံစားမိနေပြီး သွေးမိစ္ဆာသခင်တွေက မွေးရာပါသွေးထဲကနေ အာရုံခံစားနိုင်မှုကို ပိုင်ဆိုင်ထားကြသည်။


အခြေအနေတစ်ခုအတွင်း သူတို့တွေက စွမ်းအားဘယ်လောက်ထိရှိလဲဆိုတာကို ရွှီဇီရုန်သွေးထဲကနေ ခွဲခြားသိမြင်နိုင်ပေသည်။ ဒီတောအုပ်က မြို့နဲ့နီးတာကြောင့် အဆင့်မြင့်တောကောင်အားလုံးကလည်း ရှင်းပစ်ခံလိုက်ရတာကြာလှပြီ။ ဒါကြောင့် သူတို့ကိုချုံခိုတိုက်ခိုက်မည့် တောအုပ်ထဲ၌ ပုန်းနေသူတွေဟာ အမှောင်ထဲမှာ လင်းလက်နေသည့် မီးအိမ်နှင့်တူပေသည်။ သူတို့အား မမြင်ချင်ယောင်ဆောင်ရသည့် အလုပ်က ရွှီဇီရုန်အတွက် အတော်လေးခက်ခဲပေသည်။


ထိုလူအားထွက်ပြေးသွားအောင် တိုက်ခိုက်လိုက်ပြီးနောက် အခြားသောချုံခိုတိုက်ခိုက်မည့်လူတွေဟာ ထိုမြင်ကွင်းကိုမြင်လိုက်ရပြီး အားလုံးဟာ လေအေးတွေကို ရှူရှိုက်သလိုဖြစ်သွားကြသည်။ ရွှီဇီယန်က အတွင်းဂိုဏ်းတပည့်စာမေးပွဲအတွက် နာမည်ကြီးသည့်တပည့်တွေထဲမှာ ထိပ်ဆုံးကပါနေတယ်ဆိုတာ သူတို့တွေသိပေမယ့် ဒီလိုစွမ်းရည်မျိုးကတော့ သူတို့အားလုံးကို ထိတ်လန့်သွားစေသည်။


ပုန်းခိုနေသည့် လူနှစ်ယောက်ကတော့ တိတ်တဆိတ် ဆုတ်ခွာသွားတော့သည်။ ရွှီဇီယန်၏စွမ်းရည်က သူတို့မျှော်လင့်ထားထက် ပိုသာလွန်နေသည်။ အကယ်၍ သူတို့သာအခုနေ တစ်ခုခုလုပ်လိုက်မိပါက သူတို့ရဲ့အဆုံးသတ်ကတော့ မတွေးရဲစရာဖြစ်သွားလိမ့်မည်။ သူတို့တွေက ဒီလိုနာမည်ကြီးပြီး ထိပ်ဆုံး၌ရောက်နေသည့် တပည့်အား လက်လွန်ခြေလွန်ဖြစ်သွားအောင် တိုက်လို့လည်းမရဘူးလေ။ သူတို့ရဲ့အခွင့်အရေးက ဒီလိုမျိုးလုပ်ဖို့မဟုတ်ဘူးလေ!


တချို့လူတွေထွက်သွားလောက်ပြီလို့ ရွှီဇီယန်ခန့်မှန်းလိုက်သည်။ ဘယ်သူမှအရူးမဟုတ်ဘူးလေ။ ဒီနေ့ဒီနေရာမှာ ရှိနေရသည့် တချို့သောချုံခိုတိုက်ခိုက်သည့်လူတွေက အခြားလူတွေဖိအားကြောင့်သာ ဖြစ်လိမ့်မည်။ ဒါပေမယ့် သူတို့တွေက သူ့ရဲ့စွမ်းရည်ကို မြင်ပြီးသွားပြီဖြစ်တာကြောင့် ထိုလူတွေကအခြားဘာမှ လုပ်နိုင်တော့မှာမဟုတ်ပေ။


“တစ်ယောက်ကျန်သေးတယ်” ရွှီဇီရုန်အသံနိမ့်နိမ့်ဖြင့် ပြောလိုက်၏။


ရွှီဇီယန်မျက်နှာပေါ်က အပြုံးဟာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။ သူတို့တွေက တကယ့်စာမေးပွဲအစစ်ကို အစစ်မခံရသေးတာကြောင့် လူတွေအများကြီးကို သူထိခိုက်အောင်လုပ်လို့မဖြစ်ပေ။ ကြက်ကိုသတ်လိုက်သည့် သူ့အကြံအစည်က အောင်မြင်သွားသည်။ ဒါပေမယ့် တစ်စုံတစ်ယောက်က သူ့ကိုတိုက်ခိုက်ဖို့ ရှိနေသေးတယ်ဆိုတော့လည်း ရွှီဇီယန်ကလည်း တစ်ဖက်လူအား ပညာပေးဖို့ဝန်မလေးပါ။


‌မထင်ထားတာက ပုန်းနေသည့်လူက လာမတိုက်ခိုက်ပဲ ထိုအစား သူပုန်းနေရာကနေ ‌ထွက်လာခဲ့သည်။


ရွှီဇီယန်ဟာသူ့အကြည့်တွေကို အရပ်မြင့်မြင့်ဆယ်ကျော်သက် ကောင်လေးဆီသို့ ပို့လိုက်သည်။ သူသေချာပေါက် ထိုလူကိုမှတ်မိသည်! ဒါမှမဟုတ် မူလရွှီဇီယန်ကထိုသူအား သိခဲ့သည်လို့ ပြောရင်ပိုကောင်းလိမ့်မည်။


ဒီလူ၏နာမည်က လဲ့ဟူဖြစ်ပြီး အနောက်မြောက်အရပ်က လူရိုင်းမျိုးနွယ်စု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ သူတို့တွေက တစ်နှစ်ပတ်လုံး ‌အနောက်ပိုင်းနယ်မြေရှိ ကျက်တီးမြေသဲကန္တာရမှာ နေထိုင်ကြသည်။ သူတို့တွေရဲ့အိမ်လို့ခေါ်ကြသည့်နေရာမှာက တောကောင်မျိုးစုံရှိကြသည်။ ဒါပေမယ့် ထိုနေရာမှာတော့ အမတဝိညာဉ်အခြေတည်စအဆင့်နဲ့ညီသည့် တောကောင်တွေတော့မရှိပေ။

『K: ပထမဆုံးဘာသာပြန်တုန်းက pinyinစာလုံးကိုပဲကြည့်ပြီး 'လိန်ဟူး'လို့ဘာသာပြန်မှားခဲ့ပါတယ်၊ တကယ်တော့ နာမည်ရဲ့အသံထွက်အမှန်က 'လဲ့ဟူ'ပါ၊ ပြန်ပြင်ထားတာပါ၊ ဒါတောင့်'လဲ့'က အနီးစပ်ဆုံးယူထားတာပါ၊ လုံးဝအမှန်ကြီးတောင်မဟုတ်ပါဘူး』


ရွှမ်းယွိနယ်မြေမှာတော့ ‌စိတ်ဝိညာဉ်တောကောင်တွေနဲ့ ကျင့်ကြံသူတွေအကြား တိုက်ခိုက်ခြင်းက ဘယ်တော့မှ မရပ်စဲပေ။ ထပ်ပြောရရင် ဒီအနောက်မြောက်အရပ် လူရိုင်းမျိုးနွယ်စုက အနောက်‌မြောက်ပိုင်းနယ်မြေ၏ ပထမဆုံးခံတပ်ဖြစ်ပေသည်။


ဒီလူရိုင်းမျိုးနွယ်စုတွေက ရုပ်ပိုင်းဆိုင်ရာ သန်မာလှသည့် ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားကြသည်။ စိတ်ဝိညာဉ်သွေးကြောမရှိဘဲနဲ့တောင် သူတို့ရဲ့ရုပ်ပိုင်းဆိုင်ရာသန်မာမှု‌က ချီစွမ်းအင်စုဆောင်းမှုအဆင့်ကျင့်ကြံသူများနဲ့ နှိုင်းယှဉ်လို့ရသည်။ ထို့အပြင် သူတို့တွေက တစ်နှစ်ပတ်လုံး စိတ်ဝိညာဉ်တောကောင်တွေနဲ့ အနီးကပ်တိုက်ခိုက်ကြလေ့ရှိတာကြောင့် သူတို့မျိုးနွယ်စုတွေအားလုံး၏ စိတ်ထဲမှာ သတ်ဖြတ်ချင်စိတ်များ ကိန်းအောင်းလျက်ရှိသည်။ လူရိုင်းမျိုးနွယ်စု၏သာမန်စစ်သည်တွေဟာ ရွှမ်းယွိနယ်မြေရှိ ပဉ္ဓမ ဒါမှမဟုတ် ဆဋ္ဌမချီစွမ်းအင်စုဆောင်းမှုအဆင့်လောက်ကို သန်မာကြလေသည်။


ဒီလူရိုင်းမျိုးနွယ်စုတစ်စုတည်းက အနောက်မြောက်နယ်မြေတိုက်ပွဲကို ခုခံကာကွယ်ရတာတော့မဟုတ်ပေ။ ဩဇာလွှမ်းပြီးကြီးမားသည့်ဂိုဏ်းတွေ၊ကျင့်ကြံခြင်းမိသားစုတွေဟာလည်း တိုက်ခိုက်ဖို့ သူတို့ဂိုဏ်းသားတွေကို စေလွှတ်ရသည်။ အနောက်မြောက်နယ်မြေတိုက်ပွဲနေရာက လူတွေအား သန့်စင်ပေးသည့်နေရာလို့လည်း ပြောလို့ရပေသည်။ ထိုနေရာမှာ အတွေ့အကြုံရလာခဲ့ကြသည့် လူအားလုံးဟာ ထိုနေရာကနေပြန်လာပြီးနောက် လက်ရွေးစင်ကျင့်ကြံသူတွေ ဖြစ်လာပြီး ထိပ်သီးအကျော်အမော်တွေ ဖြစ်လာကြသည်။


ဒါပေမယ့် အိမ်ကိုအသက်ရှင်လျက် ပြန်နိုင်ဖို့တော့ လိုအပ်တာပေါ့။


တောကောင်တွေနဲ့တိုက်ခိုက်ရသည့် ပြိုင်ပွဲဟာ အလွန်အန္တရာယ်များပေသည်။ အနည်းငယ်သတိလွတ်သွားပါက ရွှေအမြုတေအဆင့်ကျင့်ကြံသူပင် အသက်ဆုံးရှုံးသွားနိုင်သည်။ ရွှီဇီယန်၏လက်ရှိကျင့်စဉ်အဆင့်နဲ့ဆိုရင် သူဒီနေရာကိုသာသွားပါက သူ့ကိုယ်သူအသေခံသလိုဖြစ်သွားလိမ့်မည်။ တိုးတက်ဖို့ဆိုရင်တော့ အနာဂတ်မှာ ရွှီဇီယန်ထိုနေရာကို သွားဖို့သူအစီအစဉ်ဆွဲရလိမ့်မည်။ 


လဲ့ဟူလို့ခေါ်သည့်ဒီကောင်လေးက အနောက်မြောက်နယ်မြေ လူရိုင်းမျိုးနွယ်စုက လျှိုကွမ်းဂိုဏ်း၏အတွင်းဂိုဏ်းတပည့်စာမေးပွဲဖြေဖို့ သူ့အားအကြံဉာဏ်ပေးခဲ့ခြင်းဖြစ်သည်။ လူရိုင်းမျိုးနွယ်စု၏အဖွဲ့သားတွေဟာ တောကောင်တွေနဲ့တိုက်ခိုက်ကြသည့် တိုက်ပွဲတွေကို သူတို့ငယ်စဉ်ကတည်းက ပါဝင်ကြရသည်။ ရွှီဇီယန်ဟာအခြား‌လူတွေကိုတော့ သိပ်မသေချာပေမယ့် သူ့အရှေ့ကလဲ့ဟူကတော့ သူ့အားမတွေးတတ်အောင် ထိတ်လန့်စေသည်———တစ်ဖက်လူက သတ္တမမြောက်ချီစွမ်းအင်စုဆောင်းမှုအဆင့် လောက်သာရှိနေရင်တောင်မှပေါ့။


ဘယ်လိုပဲဖြစ်ဖြစ် လဲ့ဟူကရွှီဇီယန်အား ထိုခံစားချက်မျိုးဖြစ်စေတာကြောင့် သူတို့တွေသာ တိုက်ခိုက်ကြမည်ဆိုရင် ရလဒ်ကကြိုတင်ခန့်မှန်းဖို့ အလွန်ခက်ခဲပေသည်။ 


“ဘာပြဿနာရှိလို့လဲ?” ရွှီဇီယန် ဘာအကြောင်းပြချက်နဲ့မှ ရန်သူမဖြစ်ချင်ပေ။ ပြီးတော့ လဲ့ဟူက သူ့ဘက်ကနေအရင် ပုန်းနေရာကနေထွက်လာသည်။ အဲ့ဒါက အတိုက်အခိုက်ရပ်စဲသည် ဆိုသည့်သဘောကို ဆောင်ပေသည်။ 


လဲ့ဟူကအရပ်မြင့်ပြီး အသားညိုကာ သူကကျားသားရေအင်္ကျီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည်။ ဝင်းလက်ပြီးတော့ တောက်ပနေသည့် အသားအရေတွေက သူ၏သန်မာကြံ့ခိုင်ပြီး ခွန်အားကြီးလှသည့် လက်မောင်းကြွက်သားတွေကို ဖော်ပြနေလေသည်။ ရွှီဇီယန်သာ အရင်ရွှီဇီယန်၏မှတ်ဉာဏ်တွေကို မပိုင်ဆိုင်ထားပါက သူ့အရှေ့၌ရပ်နေသည့်လူက အသက်၁၆နှစ်သာ ရှိသေးသည်ဆိုတာကို ဘယ်လိုမှယုံနိုင်မှာမဟုတ်ပေ။ 


“အဲ့တာက……ဘာကြီးလဲ?” လဲ့ဟူအပြင်ထွက်လာပြီး သူ၏အမူအရာတွေက အလွန်လေးနက်ကာ သူ၏ထူလှသည့်မျက်ခုံးဟာကျုံ့သွားသည်။ သူ၏အမူအရာကိုကြည့်တာနဲ့ သူအလွန်စိတ်ရှုပ်ထွေးနေတယ်ဆိုတာ သိနိုင်လေသည်။ လဲ့ဟူပါးစပ်ဖွင့်ပြီး စကားပြောဖို့ လုပ်လိုက်တာကြောင့် ရွှီဇီယန်မျက်လုံးတွေက သေချာလိုက်ကြည့်လိုက်သည်။ ဒီကောင်ဘာပြောလိုက်တာလဲ? ရွှီဇီယန် အသုံးပြုလိုက်ပြီး တိုက်ခိုက်လိုက်တဲ့အကြောင်း ‌သူမေးနေတာလား? 


ရွှီဇီယန်၏တိတ်ဆိတ်နေမှုက ဖြေဖို့သဘောမတူဘူးလို့ လဲ့ဟူထင်လိုက်မိသည်။ သူ့မျက်ခုံးကပိုပိုပြီးကျုံ့လာပြီး သူအနည်းငယ် ရှက်သလိုတောင် ခံစားလာမိသည်။ အချိန်ခဏလောက်တွန့်ဆုတ်နေပြီးနောက် သူ့အိတ်ထဲကနေ ပုတီးစေ့လုံးပုံစံလေးကိုထုတ်ကာ ရွှီဇီယန်အားပစ်ပေးလိုက်သည်။ 

“မင်းတို့ အလယ်ပိုင်းနယ်မြေက လူတွေက အမြဲတမ်း အဲ့လိုအရာတွေနဲ့ပဲ လဲလှယ်ကြတာမလား။ ငါမင်းကိုအဲ့ဒါပေးလိုက်မယ်၊ အလဲအလှယ်အနေနဲ့ မင်းခဏကသုံးလိုက်တဲ့စွမ်းရည်မျိုး ငါ့ကိုပြန်သင်ပေးပါလား?” 


ရွှီဇီယန်ကပုတီးစေ့ပုံစံလေးကိုကြည့်ကာ အခြေခံကျင့်ကြံခြင်းအဆင့်တောကောင်၏မိစ္ဆာအမြုတေကို မြင်လိုက်ရပြီး သူ၏မျက်ခွံဆန့်သွားသည်။ သူ့ရင်ထဲမှာတော့ အလွန်ကိုအော်ဟစ်နေတော့သည် : ဒီသောက်ပစ္စည်းက ဘယ်လိုမှမဖြစ်နိုင်ဘူး!!! မူလရွှီဇီယန်၏ထင်မြင်ချက်တွေအရ မင်းရဲ့ဒေါသတွေက ဘယ်ရောက်သွားတာလဲ? မင်းရဲ့ရန်လိုစိတ်တွေက ဘယ်အပေါက်ထဲကနေ ထွက်သွားတာလဲ? မင်းရဲ့မလျော်ကန်တဲ့ ယုတ်မာရိုင်းစိုင်းတဲ့ဟာတွေက ဘယ်ရောက်သွားတာလဲ?!!! အဲ့ဒါအားလုံးကို မင်းဝါးစားလိုက်တာလား???


သောက်ချီးပဲ အား! မူလရွှီဇီယန်ရဲ့မှတ်ဉာဏ်က ယုံကြည့်လို့မရတော့ဘူးပဲ! ဒီအဖြစ်အပျက်က ဘယ်လိုမှမယုံကြည်နိုင်လောက်အောင် ဖြစ်ပျက်သွားပြီ!!!


“ဘာဖြစ်တာလဲ? မလောက်သေးလို့လား?” လဲ့ဟူက သူ့ဘက်ကို ငဲ့စောင်းကြည့်လိုက်သည်။ “မင်းတို့ အလယ်ပိုင်းနယ်မြေက ဒီလိုထူးဆန်းတဲ့အရာတွေပတ်သက်ပြီး သိမယ်ထင်တယ်။ အကယ်၍ မင်းငါ့ကိုမသင်ပေးချင်ရင်လည်း ငါအခြားတစ်ယောက်ကို သင်ခိုင်းလို့ရပါတယ်။ ဒါပေမယ့်လေ……ငါတွေးနေမိတာက မင်းရဲ့တိုက်ခိုက်စွမ်းရည်က စွမ်းအားအကြီးဆုံးပဲ!”


ထိုအချိန်၌ ရွှီဇီယန် 'ဟီးဟီး'လို့သာ ရယ်ချင်လိုက်သည်။ လဲ့ဟူ၏အမြင်က အတော်လေးကောင်းသည်ကိုပဲ သူချီးကျူးရမလား? သူ၏ခရမ်းရောင်မိုးကြိုးသွား၏ပြောင်းလဲမှုကိုးခုကလည်း အလွန်ကောင်းသည်ဆိုတာကို သူပြောနိုင်သည်။


သူကသူ့မျက်နှာသူပွတ်လိုက်ရင်း လဲ့ဟူအား ပြုံးပြလိုက်သည်။

“ငါ့ရဲ့တိုက်ခိုက်စွမ်းရည်က ကျင့်စဉ်စာအုပ်ထဲကမလို့ ချပြလို့မရဘူး။ စိတ်မရှိပါနဲ့ ငါမင်းသင်ပေးလို့မရဘူး။”


လဲ့ဟူကအနည်းငယ် စိတ်ပျက်သွားသည်။ သူလျှိုကွမ်းဂိုဏ်းကို လာရသည့်အကြောင်းက စွမ်းအားကြီးသည့်တိုက်ခိုက်စွမ်းရည်တွေကို သင်ကြားဖို့ပဲဖြစ်သည်။ သူ့မျိုးနွယ်စုကလူအားလုံးဟာ ရုပ်ပိုင်းဆိုင်ရာမှာ အလွန်သန်မာကြတယ်ဆိုပေမယ့် အဲ့ဒီကလူအများစုက စိတ်ဝိညာဉ်သွေးကြောမရှိကြပေ။ သူကစိတ်ကူးလို့တောင်မရနိုင်သည့် စိတ်ဝိညာဉ်သွေးကြောနှစ်မျိုးကို ပိုင်ဆိုင်ထားသူဖြစ်သည်။ ထိုအကြောင်းကြောင့်သာမဟုတ်လျှင် ကျင့်စဉ်အမျိုးမျိူးကို သင်ကြားဖို့ ခေါင်းဆောင်အဖြစ် ဒီနေရာကို သူစေလွှတ်ခံရမှာမဟုတ်ပေ။


ရွှီဇီရုန်ကရွှီဇီယန်ဘေး၌သာရပ်နေသည်။ သူ့အရှေ့ကလဲ့ဟူအား မျက်နှာသေဖြင့်ကြည့်ကာ အလွန်ကိုမကျေမနပ်ဖြစ်နေသည်။ ဒီအရိုင်းအစိုင်းကောင်ကများ ‌သင့်တော်သလိုလည်းမဝတ်ထားပဲ ငါ့ကိုကိုအရှေ့မှာ ကြင်နာတတ်သလို အမူအရာမျိုးလာလုပ်နေသည်။ အဲ့လိုဟာတွေကို အရမ်းမုန်းတာပဲ!


ရွှီဇီရုန် လဲ့ဟူအား အေးစက်စွာကြည့်လိုက်သည်။ သူ့စိတ်ထဲမှာ ထိုလူအား တိတ်တဆိတ်ဘယ်လိုပညာပေးရမလဲဆိုတာ တွေးလို့နေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သွေးဆာတတ်သည့်သူ့ရဲ့အပြုအမူက အရင်တုန်းကအတိုင်း ရှိနေသေးတယ်ဆိုပေမယ့် ဘာအကြောင်းပြချက်မှမရှိဘဲ ရွှီဇီရုန်လူမသတ်တော့ပေ။ ဘာလို့လဲဆိုတော့ ရွှီဇီယန်၏သည်းခံနိုင်မှုအဆင့်က ထိုအရာတွေကို ဘယ်လိုမှလက်ခံနိုင်မှာ မဟုတ်ဘူးဆိုတာ သူသိနေလို့ပဲဖြစ်သည်။ ရွှီဇီရုန်ဟာရွှီဇီယန်ဆီကနေ သင်ခန်းစား'အကြီးအကျယ်' လက်ခံရရှိပြီးနောက်မှာတော့ သူ့အတွေ့အကြုံကနေ သင်ယူနိုင်လိုက်သည်။


ထို့အချိန်က သူရွှီမိသားစုတပည့်အား သတ်မိတော့မလိုဖြစ်သွားသည်။ အပြင်ပန်းအနေဖြင့်တော့ သူကတမင်သက်သက်လုပ်တာနဲ့ မတူဘူးလို့ထင်မိမှာမှန်ပေမယ့် ရွှီဇီရုန်က အမှန်တကယ်က တစ်ဖက်လူအား တောအုပ်ထဲ၌ ထောင်ချောက်ဆင်ထားခြင်းဖြစ်သည်။


သနားစရာမိန်းကလေးက ထိုနေရာကနေ ပြင်းထန်သည့်ဒဏ်ရာကို ရသွားပြီး သေမလိုတောင်ဖြစ်သွားသည်။ ထိုအရာကို ရွှီဇီယန်ရှာတွေ့သွားပြီးနောက် ပထမဆုံးအကြိမ်အနေနဲ့ ရွှီဇီရုန်အရှေ့သို့ ဒေါသတကြီးဖြင့်သွားကာ သူ့အားပြင်းထန်စွာ တစ်ချက်ရိုက်လိုက်သည်။ 


ရွှီဇီယန်သူ့ကိုရိုက်တိုင်း အားထည့်ဟန်ဖြင့်သာ ရိုက်လေ့ရှိပြီး ဘယ်တော့မှပြင်းထန်စွာမရိုက်ခဲ့ပေ။ ဒါပေမယ့် ထိုအချိန်မှာတော့ ရွှီဇီယန်တကယ့်ကို အင်းအားတချို့အသုံးပြုခဲ့သည်။ ထို့ကြောင့် သူ့ရဲ့တင်ပါးက အတော်လေးရောင်သွား၏။ 


ရွှီဇီရုန်အားသူရိုက်လိုက်ပြီးနောက် ရွှီဇီယန်နောင်တရသွားပြီး သူ့အတွက်လိမ်ဆေးယူလာပေးလေသည်။ ရွှီဇီယန်ကသူ့အား ရောင်နေသည့်နေရာတွေကို ဆေးလိမ်းပေးရင်း သူ့အားဆုံးမလေသည်။ ဘယ်လောက်ပဲသူဒေါသထွက်သည်ဖြစ်ပါစေ သူကအပြစ်မဲ့သည့်လူတွေကို ထိခိုက်နစ်နာအောင်မလုပ်ရဘူးတဲ့။


ကြီးမားသည့်လက်ကသူ့ကို ဆေးလိမ်းပေးဖို့ ကူညီနေတာကို သူခံစားလို့ရပေမယ့် ရွှီဇီယန်၏စကားလုံးတွေကတော့ ရွှီဇီရုန်ရင်ထဲမရောက်ပေ။ သူ့အရင်ဘဝတုန်းက အသန်မာဆုံးလူကသာ တရားမျှတမှုနဲ့အမှန်တရားကို ကိုယ်စားပြုတယ်လို့သာ သူသိထားခဲ့သည်။ သူသာစွမ်းအင်ကြီးလာရင် သူအပြစ်မဲ့လား အပြစ်ရှိလားဆိုတာ ဂရုစိုက်နေစရာမလိုတော့ပဲ သူပြောသည့်စကားလုံးတွေကသာ အမှန်တရားပဲဖြစ်လာမှာမဟုတ်ဘူးလား? 


သူ့အရင်ဘဝကအဖြစ်အပျက်တွေဟာ ထိုအထင်အမြင်တွေနဲ့ တစ်သားတည်းကျနေသည်။ သွေးစုပ်ပိုးကောင်တွေနဲ့ပတ်သက်ပြီး သူဘာအဆက်အဆံမှမရှိခဲ့ပါ။ ဒါပေမယ့် အဲ့ဒီလူတွေက သူတို့ရဲ့စွမ်းအားကို အမှီပြုပြီး သူ့အားထိုကိစ္စထဲ အတင်းဆွဲသွင်းခဲ့ကြတာပဲမဟုတ်ဘူးလား? 


ရွှီဇီရုန်ထိုနေ့က သင်ယူလိုက်ရတာက အကယ်၍ အနာဂတ်မှာ ဒီလိုပုံစံမျိုး သူထပ်လုပ်ချင်လာပါက ရွှီဇီယန်မသိအောင် သူရှောင်ရမည်ဖြစ်ပြီး ထိုသူအား အမှောင်ထဲ၌သာ ထိန်းသိမ်းထားမည်။ ဖြစ်နိုင်ရင် သူ့ပစ်မှတ်၏အသက်ကို မယူတာကပိုကောင်းလိမ့်မည်။ ထိုနည်းလမ်းအတိုင်း အနာဂတ်မှာ ဖြစ်ရပ်တွေကို နောက်ကွယ်ကနေ ကြိုးကိုင်လိုက်ရင် ရွှီဇီယန်လည်း ဒေါသထွက်မှာမဟုတ်ပေ။


ရွှီဇီရုန် ဘာလို့ ရွှီဇီယန်ဒေါသထွက်အောင်မလုပ်ချင်တာလဲဆိုသည့် အကြောင်းအရင်းကိုလည်း ရွှီဇီရုန်ဘယ်‌တုန်းမှ မတွေးဆမိဘူး။ သူ့အလိုလိုတွေးမိနေတာက သူ့ကိုကို့ကိုသာ သူဒေါသထွက်အောင်လုပ်မိလိုက်ပါက အလွန်ကြောက်စရာကောင်းသည့် အကျိုးဆက်ဖြစ်လာလိမ့်မည်။ 


လဲ့ဟူကအနည်းငယ်စိတ်ပျက်သွားပေမယ့် သူအတင်းအကျပ်တော့ မတောင်းဆိုပေ။ သူကရွှီဇီယန်အား မပြောခင် ရွှီဇီရုန်ဘက်သို့ လှည့်ကြည့်လိုက်သည်။

“မင်းရဲ့ညီလေးကိုသတိထားပါ”


ရွှီဇီယန်: ???


ဘာကိုသတိထားရမှာလဲ? သတိထားရအောင် ငါ့ညီလေးကအန္တရာယ်ရှိလို့လား?


ရွှီဇီယန်ကလဲ့ဟူအားဆွဲကာ သူဘာကိုသတိထားရမှာလဲဆိုတာကို မေးလိုက်ချင်ပေမယ့် ရွှီဇီရုန်ကပထမဆုံး သူ့လက်ကိုလာဆွဲလေသည်။

“ကိုကို စုရုံးရမယ့်နေရာဆီသွားဖို့ အချိန်နောက်ကျတော့မယ်လို့ ကျွန်တော်ထင်တယ်”


ရွှီဇီယန်တစ်ချက်ကြည့်လိုက်၏။ သူတို့တွေအချိန်တော်တော် ဖြုန်းလိုက်မိတာပဲ။ တွေးဆဖို့လည်း အချိန်မရှိတာကြောင့် သူရွှီဇီရုန်၏လက်ကိုဆွဲကာ စုရုံးရမည့်တည်နေရာသို့ အလျင်အမြန်ထွက်လာခဲ့တော့သည်။ 


#TK