Chapter 39
Viewers 4k

Chapter 39


ဒီကျောက်စိမ်းဆွဲပြားတွေကို စာမေးပွဲဖြေဆိုသူတွေက အလုံပိတ်ထားလို့မရဘူးဆိုတော့ ဝမ်းနည်းစရာပဲဖြစ်သည်။ အကယ်၍ သူတို့တွေသာ ကျောက်စိမ်းဆွဲပြားတွေကို သူတို့၏အိတ်ထဲထည့်ထားပါက သူတို့၏ပြိုင်ဘက်တွေက သူတို့အားဘယ်လောက်ရိုက်ရိုက် ကျောက်စိမ်းဆွဲပြားကို ထုတ်ဖို့ငြင်းဆန်နေပါလျှင် အနိုင်အရှုံးက ဘယ်လိုမှခွဲခြားလို့ရမည်မဟုတ်ပေ။ ထို့အပြင် စာမေးပွဲဖြေဆိုသူတွေ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်ခြင်းကိုလည်း တားမြစ်ထားသည်။


လူဝဝကြီးက ရှုံးသွားသည့်မျက်နှာဖြင့် ထောင့်နားမှာထိုင်ကာ ‌သူ့မျက်လုံးထဲကနေ မျက်ရည်များစီးကျနေသည်။ သူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက အလွန်အားနည်းတာကြောင့် ကျောက်စိမ်းဆွဲပြားကို ဆုံးရှုံးလိုက်ရပြီးဖြစ်သည်………ပြီးတော့ ကျောက်စိမ်းဆွဲပြားကိုဆုံးရှုံးရတာက သူအတွေ့အကြုံမရှိလို့ဆိုပေမယ့် အခုတော့ တောအုပ်ထဲကနေထွက်ဖို့ သူလမ်းပါပျောက်သွားပြီဖြစ်သည်။ 


သူ့ရဲ့ကျောက်စိမ်းဆွဲပြားလည်းမရှိတော့ဘူး ပြီးတော့ လမ်း‌လည်းပျောက်သွားပြီ။ ဒီတစ်ခေါက်စာမေးပွဲကို ကပ်ပြီးအောင်နိုင်ဖို့ သူအခွင့်အရေးရခဲ့သည်။ သူ့ရဲ့မျှော်လင့်ချက်ကို ဆုံးရှုံးသွားပြီဆိုတော့ သူရှိုက်ကြီးတငင်ငိုကာ စိတ်ဓာတ်ကျရုံသာ တတ်နိုင်တော့သည်။


ဆံပင်နီနီကြီးကြပ်သူက နယ်မြေတွေကို စောင့်ကြည့်စစ်ဆေးနေရင်း ထိုမြင်ကွင်းကိုတွေ့ကာ သူအကူအညီမဲ့သလို ခံစားလိုက်ရသည်။ စာမေးပွဲဖြေဆိုသူတစ်ယောက်က ဒီလိုပုံစံမျိုးဖြစ်တာ သူပထမဆုံးမြင်ဖူးတာဖြစ်သည်။


ကြီးကြပ်သူက ထိုကောင်လေးအား ကရုဏာသက်သွားပြီး တစ်ယောက်ယောက်ကို ရှာလိုက်ကာ လူဝဝကြီးအား အပြင်သို့ခေါ်ထုတ်သွားပေးရန် ခိုင်းလိုက်သည်။ လူဝဝကြီးအတွက်ကတော့ အတွင်းဂိုဏ်းတပည့်ဖြစ်ဖို့လမ်းက ဒီမှာတင်ပြီးဆုံးသွားပြီဖြစ်သည်။ အကယ်၍ သူကံကောင်းရင်တော့ လျှိုကွမ်းဂိုဏ်း၏အပြင်ဂိုဏ်းတပည့် ဖြစ်လာနိုင်သည်။


နှစ်နာရီဆိုသည့်အချိန် လျင်လျင်မြန်မြန် ကုန်ဆုံးသွားသည်။ အဲ့ဒီအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူတွေဟာ အရမ်းကိုတက်ကြွလှုပ်ရှားနေကြပြီး သူတို့အရှေ့က ဆံပင်နီနီအသားညိုညိုလူကြီးအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်လိုက်သည်။


ကြီးကြပ်သူက လက်ဝှေ့ယမ်းပြကာ ရယ်လိုက်သည်။

“သွားကြတော့ အဲ့ဒီလူရှုပ်ကလေးတွေကို ပညာသွားပြလိုက် သူတို့ရဲ့အနာဂတ် ရှစ်ရှုန်းနဲ့ရှစ်ကျဲတို့တွေက ဘယ်လိုမျိုးလည်းဆိုတာ သူတို့နားလည်အောင်ပြလိုက်!”


“နားလည်ပါပြီ!” အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူတွေက စိတ်လှုပ်ရှားစွာ ပြန်ဖြေလိုက်ပြီး သားကောင်တွေပြည့်နက်နေသည့် တောအုပ်အတွင်းသို့ ပြေးသွားကြတော့သည်။


အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအများစုက စာမေးပွဲဖြေဆိုသူတွေအနောက်သို့ ခြေရာခံကာလိုက်သွားကြသည်။ ဒါပေမယ့် ကျင့်ကြံသူတစ်ယောက်တော့ မသွားပေ။


ဆံပင်နီနီကြီးကြပ်သူက ရွေ့လျားဟန်မရှိသည့် အမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူအား အလွန်အံ့ဩစွာစိုက်ကြည့်လိုက်သည်။ သူကဒီတပည့်တွေနဲ့ အလွန်ရင်းနှီးမှုရှိတာကြောင့် သူတို့တွေ၏ ကိုယ်ရောင်ကိုယ်ဝါဖြင့် သူခွဲခြားသိမြင်နိုင်သည်။ “ဟုန်ယွင် မင်းဘာလုပ်နေတာလဲ? အဲ့ကလေးကို မင်းကလဲ့စားသွားမချေဘူးလား?”


ချီလျန်ဟုန်ယွင်က ခါးသီးနေသည့်အပြုံးသာ ပြုံးလိုက်သည်။ “ကျင့်ကြံသူဦးလေးရဲ့ကွေး ကျွန်တော့်ခြေထောက်ထုံနေတုန်းပဲ………”


ထိုအချိန်၌ ဆံပင်နီနီအသားညိုညိုလူကြီးဟာ တကယ်အံ့ဩသွားသည်။ သူကလျှောက်လာပြီး ချီလျန်ဟုန်ယွင်အား တွန်းလိုက်သည်။ ရလဒ်အနေနဲ့ ကောင်ကလေးဟာ ရုတ်တရက် ထိုင်လျက်သားဖြစ်သွားသည်။ ယခင်က သူ၏အပြင်ပန်းပုံစံကို ဟန်ဆောင်ထားရတာ လွယ်ကူသည့်အလုပ်တော့မဟုတ်ပေ။ သူအခုမှပဲအနားယူနိုင်သွားလို့ ကျေးဇူးအများကြီးတင်ပါသည်။


ရဲ့ကွေးကသူ့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေကို ချီလျန်ဟုန်ယွင်၏ခြေထောက်ထဲသို့ ထည့်ပေးလိုက်ကာ လှည့်ပတ်နိုင်အောင်လုပ်ပေးလိုက်သည်။ ရုတ်တရက် သူကတုန်လှုပ်သွားသည့်အမူအရာဖြင့် ပြောလိုက်သည်။

“ဒီကလေးသာမန်မဟုတ်ဘူးပဲ သူ့ရဲ့လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်တွေကပေါင်းစပ်ပြီး သူ့အလိုလို မင်းရဲ့သွေးထဲကိုဝင်ရောက်သွားပြီး မင်းရဲ့ခန္ဓာကိုယ်အတွင်းလှည့်ပတ်နေတဲ့သွေးတွေဆီ စီးဆင်းမယ် ပြီးရင် မင်းရဲ့ခန္ဓာကိုယ်တစ်ခုလုံးကို စီးဆင်းသွားမယ်”


ချီလျန်ဟုန်ယွင်က ရုတ်တရက်ထိုအကြောင်းအရာကို သဘောပေါက်သွားသည်။

“အဲ့ဒါကြောင့် ကျွန်တော်လည်းထူး‌ဆန်းတယ်လို့ တွေးနေတာ! အစက ကျွန်တော့်ခြေချင်းဝတ်ပဲ ထုံနေသေးတာ အခု‌ကျတော့ ကျွန်တော့်ခြေထောက် တစ်ခုလုံးထုံနေပြီ”


ရဲ့ကွေးကအလွန်တွေးမရနိုင်‌အောင်ဖြစ်သွားသည်။ လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင် တိုက်ခိုက်မှုတွေက တကယ့်ကိုပြင်းထန်ပြီး တစ်ယောက်ယောက်ကသာ ထိခိုက်မိသွားပါက သူတို့တွေက သာမန်ထုံကျင်တာလောက်သာ ဖြစ်သွားလိမ့်မည်။ ဒါပေမယ့် တစုံတယောက်က လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်ကို ပေါင်းစပ်ပြီး လူတစ်ယောက်၏သွေးထဲသို့ ဝင်ရောက်အောင်လုပ်လို့ရတယ်ဆိုတာ သူတစ်ခါမှမကြားဖူးဘူး။ ထိုအကြောင်းအရာကိုတွေးတောပြီးနောက် ဒီလောကကြီးထဲမှာ ထောင်ပေါင်းများစွာသော ထူးဆန်းသည့်အရာတွေနဲ့ မတူညီကွဲပြားခြားနားသည့် ကျင့်စဉ်အတတ်ပညာတွေရှိပေသည်။ ထို့အပြင် တစ်ယောက်ချင်းစီတိုင်းမှာလည်း မတူညီသည့်အကျိုးသက်ရောက်မှုတွေရှိသည်။ အကယ်၍ ဒီအရာကိုသူမကြားဖူးသေးတာက ဒီလောကကြီးရဲ့ အတွေ့အကြုံတွေ သူ့မှာလုံလောက်စွာမရှိသေးလို့ပဲဖြစ်မည်။ ဒါဆို ဒီဖြေရှင်းမရသည့် ပုစ္ဆာကြီးကို သူဘယ်လိုလုပ်ရမလဲ?


ရဲ့ကွေးကချီလျန်ဟုန်ယွင်၏ ခြေချင်းဝတ်အားကိုင်ထားပြီး မီးစိတ်ဝိညာဉ်‌စွမ်းအင်တွေကို တစ်ဖက်လူ၏ခြေထောက်ထဲသို့ ဆန်းပြားသည့်အပြုအမူမျိုးနှင့် ထည့်သွင်းလိုက်သည်။ သူ့ရဲ့စွမ်းအားထက်သည့် စိတ်ဝိညာဉ်စွမ်းအင်နဲ့ ချီလျန်ဟုန်ယွင်၏သွေးထဲက လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်တွေ ထွက်သွားအောင် ဖိအားပေးလိုက်သည်။ အဲ့ဒါက ချီလျန်ဟုန်ယွင်အတွက် အလွန်နာကျင်တယ်ဆိုပေမယ့် သူ့မှာအော်ဖို့ကလွဲရင် ဘာမှမတတ်နိုင်ပေ။ ဒါ‌ပေမယ့် ရဲ့ကွေးကတော့ ကောင်လေး၏သွေးထဲက လျှပ်စစ်စိတ်ဝိညာဉ်စွမ်းအင်တွေ တစ်စက်ကလေးမျှ မကုန်မချင်း ပြန်ဆွဲမထုတ်ပေ။


“ကျင့်ကြံသူဦးလေးကြီး………အခုတလော ကျွန်တော်ခင်ဗျားကို ဘာအမှားမှမလုပ်ထားဘူးလေ ကျွန်တော်ဘာလုပ်ထားလို့လဲ?” ချီလျန်ဟုန်ယွင်၏မျက်နှာမှာ မျက်ရည်တွေတောင် စီးကျနေလေသည်။ ရဲ့ကွေး၏နည်းလမ်းက အလွန်ထိရောက်တယ်ဆိုပေမယ့် အရမ်းကိုနာတာကွ!!


ရဲ့ကွေးအေးစက်စက် နှာမှုတ်လိုက်ရင်း “မင်းကဒီလိုပြောဖို့တောင် သတ္တိရှိသေးတယ်လား? မင်းဟာမင်း အဲ့ကလေးထောက်ချောက်ထဲ ဝင်သွားတာလေ ပြီးတော့ သူကဂိုဏ်းထဲတောင် မဝင်ရသေးဘူး ငါတွေးမိတာက မင်းကို ချီလျန်ဟုန်ယွင်လို့ခေါ်မယ့်အစား ငါတို့အခုကစပြီး မင်းကို ချီလျန်အရှုံးသမားလို့ပဲ ခေါ်လိုက်တော့မယ်”

『K: 'ဟုန်ယွင်' ဆိုတဲ့အဓိပ္ပါယ်က 'Good luck'(ကံကောင်းပါစေ)လို့အဓိပ္ပါယ်ရပါတယ်』


ချီလျန်ဟုန်ယွင် သူမှားသွားပါပြီဆိုသည့် အကြည့်ဖြင့်ကြည့်ကာ “အဲ့ကလေးက ဒီလောက်စွမ်းအားကြီးလိမ့်မယ်လို့ ကျွန်တော်ဘယ်လိုလုပ်သိမှာလဲ? တကယ်ပြောတာပါ ကျင့်ကြံသူဦးလေးကြီးရယ် ကျွန်တော့်ကို သူဘယ်လိုရှာတွေ့သွားလဲ ကျွန်တော်လုံးဝတွေးမရသေးဘူး” သူကအကြောင်းအရာတစ်ခုကို တွေးမိသွားပြီး သူ့မျက်နှာက အလေးအနက်ပုံစံဖြစ်သွားသည်။

“ကျွန်တော်ပြောနိုင်တာကတော့ သူ့ရဲ့လှုပ်ရှား‌မှုတွေက အရမ်းမြန်ဆန်ပြီးတော့ ကျွန်တော်သူ့အနားကို မရောက်သေးဘူး သူကကျွန်တော့်ကိုရှာတွေ့သွားပြီ မဟုတ်ရင် သူခုခံဖို့အချိန်တောင်ရမှာမဟုတ်ဘူး”


“မင်းဆိုလိုတာက မင်းရဲ့ဖုံးကွယ်နိုင်တဲ့ အရည်အချင်းက သိပ်မကောင်းသေးတာကြောင့် မင်းကို မျှော်မှန်းထားတဲ့အချိန်ထက် စောပြီး ရှာတွေ့သွားတယ်ပေါ့?” ရဲ့ကွေးကမျက်နှာထား ခပ်တင်းတင်းဖြင့် ပြုံးလိုက်သည်။


တိမ်မည်းလေးဟာ ချီလျန်ဟုန်ယွင်၏ခေါင်းပေါ်မှာ လွှင့်မျှောနေပြီး သူကမြေကြီးပေါ်မှာ စက်ဝိုင်းလေးတွေဝိုင်းဖို့ နေရာရှာတွေ့သွားသည်။ အခုချိန်သူဘာပဲပြောပြော သူကအဲ့ကလေးရဲ့ထောင်ချောက်ထဲကို ကျသွားပြီးဖြစ်သည်။ ဘာတွေဘယ်လိုပဲဖြစ်ဖြစ် သူထောင်ချောင်ထဲကျသွားတယ်ဆိုသည့် အချက်ကိုတော့ ငြင်းလို့မရပေ။


“ဒီစာမေးပွဲပြီးရင် လေ့ကျင့်ရေးခန်းမကိုသွားပြီး အဲ့မှာနှစ်ဝက်နေရမယ်!” သံမဏိဖြစ်မလာသည့်သံကိုမုန်းသည်ဆိုတဲ့အကြည့်ဖြင့် ရဲ့ကွေးကပြောလိုက်သည်။


“မရဘူး!!!ကျင့်ကြံသူဦးလေး!!!အဲ့လိုမလုပ်ပါနဲ့!!!” ချီလျန်ဟုန်ယွင်က ချက်ချင်းငိုချလိုက်ပြီး ‌အရှေ့ကိုတိုးသွားကာ ရဲ့ကွေး၏ခြေထောက်အား ဖက်လိုက်သည်။ ကံမကောင်းစွာဖြင့် ထိုလူကြီးက ပြင်ဆင်ထားပြီးတာကြာလှပြီဖြစ်သည်။ ခန္ဓာကိုယ်ကရိပ်ခနဲလှုပ်ရှားလိုက်ပြီး ခြေထောက်အား လာဖက်နေသည့် ချီလျန်ဟုန်ယွင်အား ကန်လိုက်ကာ ကောင်လေးဟာ လေပေါ်မြောက်တက်သွားသည်။


ရဲ့ကွေး၏အမဲရောင်ကျားသစ်ဟာ ဟိန်းလိုက်ပြီး လူသားတစ်ယောက်လို အမူအရာမျိုး ဖော်ထုတ်လိုက်ကာ ချီလျန်ဟုန်ယွင်၏ကံဆိုးမှုကို သူအလွန်ပျော်နေသည့်ပုံစံပေါ်နေသည်။ သူ့စိတ်ထဲမှာတော့ ကျားသစ်တွေးနေတာက ; ဒီကလေးကို လေ့ကျင့်ရေးခန်းမဆီ အချိန်ကြာကြာပို့သင့်တယ်!!! အရင်တစ်ခေါက်က ဒီကောင် သူ့အမြီးကိုညှက်ဖြတ်မိလိုက်ကတည်းက ပိုင်ရှင်က သူ့ကိုအဲ့ဆီပို့သင့်တာ!


“မင်းဘာလုပ်နေသေးတာလဲ?” ရဲ့ကွေးကချီလျန်ဟုန်ယွင်အား ကြည့်လိုက်သည်။ “အဲ့ကလေးက သူ့ညီနဲ့အတူတူရှိတယ် မင်းရဲ့ကျင့်စဉ်အဆင့်ကို ချီစွမ်းအင်စုဆောင်းမှုအဆင့်ထိ ဖိနှိပ်ထားရင်တောင် မင်းသူတို့တွေကိုမရှုံးနိုင်ဘူး!”


သူ့ရဲ့ကျင့်ကြံသူဦးလေးက ထိုကလေးကြောင့် သူအရှက်ကွဲသွားတာကို နောက်တစ်ခါပြန်ပြောလိုက်တာ သူမြင်လိုက်ရတော့ ချီလျန်ဟုန်ယွင်က ချက်ချင်း သူ့ရဲ့အင်္ကျီလက်တွေကို ခေါက်တင်ကာ တိုက်ပွဲဝင်စိတ်အားတက်ကြွသွားလေသည်။ “စိတ်မပူပါနဲ့ ကျင့်ကြံသူဦးလေး အဲ့ကလေးကို ဒီတစ်ခါ ကျွန်တော်သေချာပေါက် အနိုင်ယူပြပါ့မယ်!” ထိုစကားကိုပြောပြီးနောက် သူ့အသံအနေအထားကို ပြန်ပြောင်းလိုက်ကာ “ကျင့်ကြံသူဦးလေးကြီး ကျွန်တော်အဲ့ကလေးကို အနိုင်ယူနိုင်ရင် ကျွန်တော့်ကို လေ့ကျင့်ရေးခန်းမဆီမပို့နဲ့နော်……”


ရဲ့ကွေးကသရော်လိုက်ပြီး “သူ့ကိုအနိုင်ယူပြီးမှ ငါနဲ့လာဆွေးနွေးလာ၊ အကယ်၍ မင်းကလဲ့စားမချေနိုင်ဘူးဆိုရင် လေ့ကျင့်ရေးခန်းမမှာ အချိန်နှစ်ဆမင်းကုန်ဆုံးရမယ်!”


ချီလျန်ဟုန်ယွင်၏မျက်လုံးဟာ အရောင်တောက်သွားပြီး သူကတက်ကြွနေသည့်အသံဖြင့်ပြောလိုက်သည်။

“စိတ်မပူပါနဲ့ ကျင့်ကြံသူဦးလေး! ကိုယ့်ထက်အကြီးတွေကို ဘယ်လိုဆက်ဆံရမလဲဆိုတာ ကျွန်တော်သေချာပေါက် အဲ့ကလေးကိုပညာပေးခဲ့ပါ့မယ် သူကသူ့ရဲ့ရှစ်ရှုန်းကိုတောင် ဒဏ်ရာရအောင်လုပ်တယ်ဆိုတော့ သူ့ကိုသေချာပေါက် သင်ပေးဖို့လိုနေပြီ”


သူပြောလို့ပြီးသွားသည်နှင့် ခန္ဓာကိုယ်ကရိပ်ခနဲခုန်တက်သွားပြီး ချီလျန်ဟုန်ယွင်က တောအုပ်အတွင်းသို့ တစ်ရှိန်ထိုးပြေးဝင်သွားကာ ပျောက်ကွယ်သွားတော့သည်။


“ရား!” အမဲရောင်ကျားသစ်က မကျေမနပ်ဖြစ်စွာ အော်ဟစ်လိုက်သည်။ အစကတော့ ထိုကောင်လေး လေ့ကျင့်ရေးခန်းမမှာ ခံစားနေရတာကို သူကြည့်ချင်တာဖြစ်သည်။ သူ့ပိုင်ရှင်ကဘာလို့ လွယ်လွယ်နဲ့ သူ့ကိုလက်လျော့ပေးလိုက်တာလဲ?


ရဲ့ကွေးကအနည်းငယ်ပြုံးကာ အမဲရောင်ကျားသစ်၏ခေါင်းပုတ်လိုက်သည်။

“မိတ်ဆွေဟောင်းကြီးစိတ်မပူပါနဲ့ အဲ့ကလေးက တစုံတယောက်ကြောင့်နဲ့ လွယ်လွယ်လေး မယိမ်းယိုင်နိုင်ပါဘူး ဒီအချိန်မှာ ငါစိုးရိမ်တာက ချီလျန်ရဲ့ဘဝက သံပြားလိုအကန်ခံရပြီး အဆုံးသတ်သွားမှာကိုပဲ”

『K: ဆရာတို့ ကိုယ့်တပည့်ကိုဂျင်းထည့်ပြီး အန္တရာယ်တွင်းထဲပစ်ချတာ』


အမဲရောင်ကျားသစ်၏မျက်လုံးတွေက ချာလပတ်လည်သွားပြီး ရဲ့ကွေး၏ဆိုလိုရင်း သဘောပေါက်သွားသည်။ ချက်ချင်း သူ့ရဲ့ပုံစံပြန်ကောင်းသွားသည်။ သူကလျှာကိုထုတ်ကာ ရဲ့ကွေး၏လက်ကိုလျက်လိုက်ပြီး တောင်ပေါ်မှာ သူ့ညီမဖြစ်သူကျားသစ်မလေးကို သွားရှာရန် ထွက်သွားတော့သည်………


ရဲ့ကွေးကလည်း ဒီနေရာမှာဆက်ပြီး မနေချင်တော့တာနဲ့ သူ့ပုံရိပ်ကလျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။ အခုချိန်မှာတော့ သူကဒီနှစ်ရဲ့စာမေးပွဲဖြေဆိုသူတွေထဲက ကောင်းမွန်သည့်အပင်ပေါက်တစ်ချို့တွေကို ရွေးချယ်ရမည်။ ပြီးတော့ သူ့ဆရာသခင်ဖြစ်သူကလည်း ဒီနှစ်မှာ တပည့်ရွေးချယ်ဖို့ လက်ခံထားသည်။


တိုက်ပွဲကတော့ တောအုပ်ထဲမှာ ဆက်လက်ဖြစ်ပွားနေသည်။ အားနည်းသည့်စာမေးပွဲဖြေဆိုသူတွေက ကျောက်စိမ်းဆွဲပြားသုံးခုနဲ့အထက်ကို ရအောင်ယူပြီး လျှိုကွမ်းဂိုဏ်းသို့ အမြန်ဆုံးနည်းဖြင့် ပြေးသွားကြမည်ဖြစ်သည်။ သူတို့တွေသာ ပထမရသွားပါက သူတို့ရရှိမည့်အကျိုးကျေးဇူးက အဲ့တာတွေတင်မဟုတ်ပေ။ ပိုပြီးတော့ အရေးကြီးတာက အဲ့ဒီအလွန်တော်သည့်လူတွေရယ်၊ သူတို့ရဲ့အနာဂတ် ရှစ်ရှုန်းနဲ့ရှစ်ကျဲတွေဆီကနေ ကျောက်စိမ်းဆွဲပြားကိုခိုးဖို့ သူတို့ကိုယ်သူတို့ ယုံကြည်မှုမရှိတာပဲဖြစ်သည်။


ထို့အပြင် သူတို့တွေနှေးသွားပြန်ရင်လည်း အဲ့ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေ၏ ပစ်မှတ်ဖြစ်သွားနိုင်ပေသည်။ အကယ်၍ သူတို့၏ကျောက်စိမ်းဆွဲပြားကို ဆုံးရှုံးလိုက်ရပြန်ရင်လည်း အခြားအနီရောင်ကျောက်စိမ်းဆွဲပြား ခြောက်ခုကို ရှာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။


စာမေးပွဲဖြေဆိုသူတွေကလည်း သတ္တမ၊ အဋ္ဌမ ချီစွမ်းအင်စုဆောင်းမှုအဆင့်တွေနဲ့ စွမ်းအားတွေကတူညီနေကြသည်။ အကယ်၍ သူတို့က ကြိုတင်ကာကွယ်ထားပြန်ရင်လည်း တိုက်ပွဲ၏ရလဒ်ကို ခန့်မှန်းရန်အလွန်ခက်ခဲပေသည်။


တစ်ချို့လူတွေကတော့ အနီရောင်ကျောက်စိမ်းဆွဲပြားသုံးခုရတာနဲ့ လျှိုကွမ်းဂိုဏ်းဘက်သို့ ပြေးသွားကြသည်။ သူတို့တွေကဟာ သူတို့နဲ့စွမ်းအားချင်းတူညီသည့် ပြိုင်ဘက်တွေနဲ့ပဲ တိုက်ခိုက်ကြပြီး ဒါပေမယ့် တစုံတယောက်ကသူတို့ကိုစောင့်နေပြီး သူတို့သွားမည့်လမ်းအားပိတ်ထားသည်ကို သူတို့မသိပါ။


လျှိုကွမ်းဂိုဏ်းဆီရောက်ဖို့ လမ်းအများကြီးရှိပေမယ့် ဘယ်လမ်းကိုပဲရွေးရွေး သူတို့တွေက အနောက်ဘက်မြစ်ဝှမ်းကို ဖြတ်ရမှာပင်ဖြစ်သည်။ အဲ့ဒီမြစ်ဝှမ်းက ရှည်ပြီးတော့ကျဉ်းမြောင်းသည်။ တစ်စုံတစ်ယောက်သာ ဖြတ်ဖို့ကြိုးစားပါက အခြားလူကအလွယ်တကူ ရှာတွေ့သွားနိုင်သည်။ 


ဝေ့ချင်ကထိုနေရာအား တိတ်ဆိတ်စွာ စောင့်ကြပ်နေသည်။ သူကမြစ်ဝှမ်း၏ဘေးဘက်က တောင်ထိပ်မှာရပ်နေသည်။ လက်ရှိသူနေထားသည့် နေရာကနေဆိုရင် မြစ်ဝှမ်းတစ်ခုလုံး၏ မြင်ကွင်းကို သူမြင်ရသည်။ ဝေ့ချင်၏အမူအရာက တည်ငြိမ်ပြီးခက်ထန်နေကာ သူ့စိတ်ထဲက အထက်စီးဆန်မှုတွေဟာ လေထဲ၌ပျံနှံ့နေလေသည်။ သူအထက်စီးဆန်နေရသည့် အကြောင်းပြချက်ကတော့ သူ့ရဲ့စစ်မှန်သည့်နဂါးသွေးကြောင့်ပဲဖြစ်သည်။ ဒါပေမယ့် အကြီးမားဆုံးနောက်ထပ် ‌အကြောင်းပြချက်ကတော့ သူ့စွမ်းရည်ကို သူယုံကြည်လို့ပဲဖြစ်သည်။


လက်ရှိမှာ သူကချီစွမ်းအင်စုဆောင်းမှုအဆင့်တွေ အားလုံးကို ကျင့်ကြံပြီးသူဖြစ်သည်။ ဒါပေမယ့် ဒီကျင့်စဉ်အဆင့်ကို လွန်ခဲ့သည့်နှစ်ကမှ သူရောက်ရှိထားတာဖြစ်သည်။ ကြီးမားသောလျှန်အင်ပါယာမိသားစုတိုးတက်ဖို့က သူ့ရဲ့ကြီးမားသည့်ကျင့်ကြံခြင်းမိသားစုအပေါ် မူတည်ပေသည်။ ဒါကြောင့် ဝေ့ချင်က သူ့ရဲ့ကျင့်စဉ်တည်ဆောင်နိုင်ဖို့ သဘာဝကျကျ ဆေးလုံးတွေရဲ့အကူအညီတွေ မယူခဲ့ခြင်းဖြစ်သည်။


ကံမကောင်းစွာ လျှိုကွမ်းဂိုဏ်းက ချီစွမ်းအင်စုဆောင်းမှုအဆင့်ရှိကျင့်ကြံသူတွေကိုသာ ချီလင်မျှော်စင်ထဲသို့ ဝင်ခွင့်ပေးထားသည်။ ဒါကြောင့် ဝေ့ချင်က သူ့ကျင့်စဉ်တိုးတက်‌အောင် တစ်နှစ်ပတ်လုံး အတင်းအကျပ်ဖိအားပေးထားခြင်းဖြစ်သည်။


အတွင်းဂိုဏ်းတပည့်အဖြစ်နဲ့ ဒီနှစ်ရဲ့ထိပ်ဆုံးနေရာကို သူရောက်ရမယ်လို့ ဆုံးဖြတ်ထားသည်! ဝေ့ချင်ကသူ့စွမ်းရည်ကို ယုံကြည်မှုရှိတာကြောင့် သေချာပေါက် ဘာပြဿနာမှရှိမည်မဟုတ်ပေ။


“ဟမ်? တစ်ယောက်ယောက်လာတာလား?” ဝေ့ချင်ကအနည်းငယ်မျက်မှောင်ကြုတ်လိုက်ပြီး မြစ်ဝှမ်းနားကို ခိုးကြောင်ခိုးဝှက် နီးကပ်လာသည့်ပုံရိပ်အား သူတွေ့လိုက်ရသည်။ သူကထိုလူအားမှတ်မိသွားပြီး ထိုလူက ဟူယွိထျန်ဘေးမှာ ရပ်နေသည့်လူဖြစ်သည်။ 


ဟူယွိထျန်နဲ့ရှဟုန်လျန်ကလည်း သူ့ရဲ့ပြိုင်ဘက်စာရင်းထဲ ပါဝင်ထားသူများဖြစ်ကြသည်။ ဒီလူကဟူယွိထျန်လူဆိုမှတော့ သူလုံးဝထွက်သွားခွင့်မပေးနိုင်ဘူး။


အနည်းငယ်‌ခုန်ကျော်လိုက်ပြီး ဝေ့ချင်က သိမ်းငှက်လိုအကြည့်ဖြင့် သားကောင်အားကြည့်နေသည်။ ထိုခိုးကြောင်ခိုးဝှက်လူက အမြင်စူးရှတာကြောင့် ရုတ်တရက် သူ့ခေါင်းကို မော့ကြည့်လိုက်သည်။ မမျှော်လင့်ပဲ သူကဝေ့ချင်‌လာနေတာကို တွေ့လိုက်ရတော့ သူ့အမူအရာဟာ အလွန်အံ့ဩသွားသည်။ သူကချက်ချင်းထွက်ပြေးလေပြီး သူ့ရဲ့အမြန်နှုန်းကလည်း အလွန်အံ့အားသင့်စရာကောင်းလှသည်။


ဝေ့ချင်ကတော့ဘာအမူအရာမှမပြပေ။ သူ့လက်ကိုမြောက်လိုက်ပြီး သူ့လက်ချောင်းကနေ အဖြူရောင်အလင်းထွက်ပေါ်လာသည်။ ထိုအလင်းဟာ ခိုးကြောင်ခိုးဝှက်လူ၏နောက်ကျောအား တိုက်ရိုက်ထိမှန်သွားသည်။


ခိုးကြောင်ခိုးဝှက်နဲ့လူက တစ်ခုခုမှားနေတာကို ခံစားလိုက်ရပြီး သူပုံစံကအလွန်ကို ဘေးကျပ်နံကျပ်‌ဖြစ်နေသည်။ သူ့ရဲ့အမူအရာတွေက ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ အခုချိန်မှာဘာမှအရေးမပါတာကြောင့် ထိုလူကမြေပြင်ပေါ်မှာလိမ့်လိုက်ရင်း အဖြူရောင်အလင်းတန်းအား ရှောင်တိမ်းလိုက်သည်။ ထိုအလန်းတန်းဟာ မြေပြင်ကိုထိမှန်သွားပြီး အပေါက်ကြီးကြီးဖြစ်သွားကာ အငွေ့တွေထောင်းထွက်လာသည်။ အငွေ့တွေပျောက်ကွယ်သွားပြီးနောက် အစကပြန့်ပြူးနေသည့် မြေပြင်ဟာ အပေါက်ကြီးဖြစ်သွားသည်။


ခိုးကြောင်ခိုးဝှက်နဲ့လူက မြေ‌ပြင်ပေါ်မှာလဲနေပြီး မှင်တက်နေသည်။ သူ့ရဲ့နှုတ်ခမ်းထောင့်ဟာ တန်းသွားသည်။ ဒီတိုက်ခိုက်မှုသာ သူ့ကိုထိသွားပါက သူသေသွားလောက်ပြီဖြစ်သည်။


သူကဒေါသတကြီးဖြင့် ဝေ့ချင်အားကြည့်လိုက်သည်။ ဒီကောင်ကလျှိုကွမ်းဂိုဏ်းစည်းမျဉ်းတွေကို ဂရုမစိုက်ဘဲ သူ့ကိုသတ်ဖို့ကြိုးစားလိုက်တာလား??!!


ဝေ့ချင်ကအေးစက်စက်ပြောလိုက်‌လေသည်။

“မင်းရဲ့ကျောက်စိမ်းဆွဲပြားတွေ အကုန်ထုတ်ခဲ့”


ခိုးကြောင်ခိုးဝှက်နဲ့လူကလည်း ဒေါသထွက်နေသည့်အသံဖြင့်

“မင်းကလျှိုကွမ်းဂိုဏ်းရဲ့ စည်းမျဉ်းတွေကို ဆန့်ကျင်ရဲတယ်လား?!”


ဝေ့ချင်၏အမူအရာကမပြောင်းလဲပေ။

“ငါသာမင်းကို သေခိုင်းစေချင်ရင် မင်းသေပြီးတာကြာလှပြီ”


ခိုးကြောင်ခိုးဝှက်နဲ့လူက ချက်ချင်းကြက်သေသေသွားသည်။ ဒီဝေ့ချင်ဆိုသည့်ကောင်က တိုက်ခိုက်မှုအား သူရှောင်လိုက်မှာကို သိနေခဲ့တာလား?


“မင်းရဲ့ကျောက်စိမ်းဆွဲပြားတွေပေးခဲ့ ငါ့အချိန်လာဖြုန်းမနေနဲ့”

ဝေ့ချင်၏အေးစက်ပြီးမညှာတတ်သည့် အကြည့်ကာ ခိုးကြောက်ခိုးဝှက်နဲ့လူအား ညပ်ပိတ်ထားသည်။ ထိုအရာက သူ့အားဖိအားအရမ်းပေးသလို ခံစားရလေသည်။


ခိုးကြောင်ခိုးဝှက်နဲ့လူက ဒေါသအရမ်းထွက်နေပေမယ့် သူဘာမှပြန်မပြောနိုင်ပေ။ ဝေ့ချင်ကလျှိုကွမ်းဂိုဏ်းစည်းမျဉ်းကို မဆန့်ကျင်ပေမယ့် သူ့ကျောက်စိမ်းဆွဲပြားကို မပေးမချင်း သူ့အားနှိပ်စက်လို့မရဘူးလို့ မဆိုလိုထားဘူးလေ။ 


အကယ်၍ သူသာဒဏ်ရာရသွားပါက အခြားကျောက်စိမ်းဆွဲပြားတွေကို ပြန်ရှာဖို့ပိုခက်ခဲသွားလိမ့်မည်။ ဒါကြောင့် ရွေးချယ်စရာမရှိဘဲ ခိုးကြောင်ခိုးဝှက်နဲ့လူက ဝေ့ချင်အား သူ့ရဲ့ကျောက်စိမ်း‌ဆွဲပြားတွေကို ပေးလိုက်ဖို့သာတတ်နိုင်တော့သည်။


ဝေ့ချင်က အနီရောင်ကျောက်စိမ်းဆွဲပြားလေးခုကို တစ်ချက်ကြည့်ကာ သူ့မျက်နှာမှာ သရော်သည့်အရိပ်အယောင်ပေါ်လာသည်။ ဝေ့ချင်က အစိမ်းရောင်ကျောက်စိမ်းဆွဲပြားအား မရှာနိုင်သည့်သူ၏စွမ်းရည်ကို သရော်မှန်း ခိုးကြောင်ခိုးဝှက်နဲ့လူက သိပေသည်။ ဒါပေမယ့် သူကျင့်ကြံထားသည့်ကျင့်စဉ်က ရန်သူနဲ့ထိပ်တိုက်ရင်ဆိုင်ဖို့ မသင့်တော်ပေ။ ထို့အပြင် အဲ့ဒီရှစ်ရှုန်းနဲ့ရှစ်ကျဲတွေက သူတို့၏ကျင့်စဉ်တွေကို ချီစွမ်းအင်စုဆောင်းမှုအဆင့်ထိ ဖိနှိပ်ထားပေမယ့် သူတို့ရဲ့စိတ်ဝိညာဉ်စွမ်းအင်တွေက စူးရှထက်မြက်နေအုန်းမှာပဲ။ သူတို့ဆီကနေ ခိုးဖို့ဆိုတာက ဟာသသက်သက်သာဖြစ်သည်။


#TK