Chapter 44
Viewers 4k

Chapter 44


“မင်းအတွက်” ဝေ့ချင်ကတည့်တိုးပြောလိုက်ပြီး သူ့လက်ထဲက အစိမ်းရောင်ကျောက်စိမ်းဆွဲပြားအား ပစ်ပေးလိုက်သည်။ ထိုအရာကို သူအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူဆီကနေ လုယူထားတာဖြစ်သည်။ ထိုအမဲရောင်ဝတ်စုံနဲ့ကျင့်ကြံသူက အတော်လေးသန်မာပေမယ့် သူကထိုသူ(မ)ထက် ပိုပြီးသန်မာသည်။ ဒါကြောင့် သူ(မ)ရှုံးသွားပြီးနောက် သူ(မ)၏အစိမ်းရောင်ကျောက်စိမ်းဆွဲပြားကို ထားခဲ့ခြင်းဖြစ်သည်။


ရွှီဇီယန်အလွန်အံ့ဩသွား၏။ ဝေ့ချင်ဒီလိုမျိုး သူ၏အရှုံးကိုလက်ခံလိမ့်မယ်လို့ ရွှီဇီယန်ဘယ်လိုမှမတွေးခဲ့မိဘူး။ သူ့အမြင်အရဆိုရင် ဝေ့ချင်ကအလွန်မာနကြီးတာကြောင့် သူတို့၏တိုက်ပွဲဟာ 'မင်းရှင်ရင် ငါသေမယ်'ဆိုတဲ့ သူတို့ဘဝကို လောင်းကြေးထပ်ရမည့် ဖြစ်ရိုးဖြစ်စဉ်သာဖြစ်သည်။ 


ဝေ့ချင်ကသူ့အား စိတ်မပါသည့် အကြည့်ဖြင့်ကြည့်လာပြီး

“အကယ်၍ ငါတို့တွေသာ တစ်ယောက်ကိုတစ်ယောက် အသေအကြေတိုက်နေရင် အခြားလူတွေ အကျိုးအမြတ်ရသွားမှာပေါ့”


ရွှီဇီယန်မျက်ခုံးပင့်တက်သွားသည်။ အဲ့ဒါဆိုရင်……ဝေ့ချင်ကသူ့ရဲ့စွမ်းရည်ကို အသိအမှတ်ပြုလိုက်တာလား?


သူတို့နှစ်ယောက်က အသေအကြေတိုက်ပါက ဘယ်သူနိုင်မလဲဆိုတာ ခန့်မှန်းဖို့ခက်ခဲတယ်ဆိုတာ ရွှီဇီယန်သဘောပေါက်သည်။ ပြီးတော့ ဒီနေ့မှာ သူဝေ့ချင်ကို နိုင်သွားတာက ဝေ့ချင်က သူ့ကိုလျော့တွက်လိုက်လို့ဖြစ်သည်။


လက်ရှိမှာ သူ့ပြိုင်ဘက်က သူ၏စွမ်းရည်ကို နားလည်သွားတာကြောင့် အကယ်၍များ အနာဂတ်မှာ သူတို့တွေထပ်ပြီး တိုက်ခိုက်ရမယ်ဆိုရင် ဝေ့ချင်အားလွယ်လွယ်နဲ့ အနိုင်ရအောင် မလုပ်နိုင်မှာကို ရွှီဇီယန်စိုးရိမ်မိသည်။ ပြီးတော့ သူ၏လျှပ်စစ်မြှားတွေက စွမ်းအားကြီးတယ်ဆိုပေမယ့် ထိုမြှားတွေကို တန့်ပြန်နိုင်သည့်နည်းလမ်းမရှိဘူးလို့ ဆိုလိုတာမဟုတ်ပေ။


“အဲ့ဒါဆိုရင်တော့ ကျေးဇူးပါပဲ” ရွှီဇီယန်ကသူ့လက်ထဲက အစိမ်းရောင်ကျောက်စိမ်းဆွဲပြားကို ပြန်ပစ်ပေးလိုက်ကာ ဝေ့ချင်အား အားပါးတရပြုံးပြလိုက်သည်။


ဝေ့ချင်ကအနည်းငယ် မျက်မှောင်ကြုတ်သွားပြီးနောက် သူ၏နဖူး‌ပေါ်ကအရေးအကြောင်းတွေဟာ လျင်မြန်စွာပြန်လည်ပျောက်သွားသည်။ သူ့ဆရာကသူ့ကို တစ်ခါပြောဖူးသည်။ သူကကြီးမားသောလျှန်အင်ပါယာ၏အုပ်ချုပ်မှုအောက်မှာ သူ့ဟာသူ သူ၏လမ်းစဉ်ကိုလျှောက်လမ်းနေပါက ကျယ်ပြောလှသည့် အပြင်လောကကြီး၏အကြောင်းကို သိမှာမဟုတ်ဘူးတဲ့။


ဒီလောကကြီးမှာ သူနဲ့ရှဟုန်လျန်လောက် ပါရမီရှိသည့်သူ ဘယ်သူမှရှိမှာမဟုတ်ဘူး။ ဒါပေမယ့် သူတို့တွေသာ အခြားလူတွေနဲ့ မယှဉ်ပြိုင်ပါက သူတို့တွေရဲ့ပါရမီတွေဟာ ပျောက်ကွယ်သွားပြီး သာမန်လူလိုသာဖြစ်သွားလိမ့်မည်။


သူ၏အတွေ့အကြုံအရ သူရဲ့ပါရမီစွမ်းရည်က အပြိုင်အဆိုင် ပြင်းထန်နေသည့် ဖိအားပေးမှုအောက်မှ ပြည့်စုံသည့်စွမ်းရည်ကို ရရှိနိုင်သည်။


သူ့ဆရာက သူ့ကိုပြောကြားထားသည့် စကားအား ဝေ့ချင်သတိရလိုက်တာကြောင့် မျက်မှောင်ပြန်ကြုတ်သွားပြန်သည်။ သူ့ဆရာက သူဟာအရမ်းမာနကြီးလွန်းပြီး ဂုဏ်မောက်လွန်းတယ်တဲ့။ သူ့ကိုယ်သူ ဆက်လက်ပြီး လေ့ကျင့်နေရမှာဖြစ်သလို သူ့နည်းလမ်းနဲ့သူ မှန်ကန်သည့် 'သူငယ်ချင်း'တွေကို လိုအပ်သည်။ မဟုတ်ရင် အနာဂတ်မှာ သူ၏ကျင့်ကြံခြင်းလမ်းစဉ်ကို အချိန်ကြာကြာလျှောက်လမ်းနိုင်မှာမဟုတ်ဘူးတဲ့။


သူ့ကိုယ်သူသာ အကောင်းဆုံးဆိုတာ သူသိသည်။ ပြီးတော့ သူငယ်ချင်းအချို့ကို လိုအပ်မှန်းလည်းသူသိသည်။ ဒါပေမယ့် ဝေ့ချင်ဟာ သူရဲ့မာနတွေကို ပစ်ချပြီး သူ့ထက်အဆင့်နိမ့်သည့်လူတွေနဲ့ သူငယ်ချင်းလုပ်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။


ခဏလောက်တွေးဆပြီးနောက် ဒီစာမေးပွဲအတွင်းက စာမေးပွဲဖြေဆိုသူ တစ်ချို့ကလည်း သူ့သူငယ်ချင်းဖြစ်ဖို့'အရည်အချင်းပြည့်မှီတယ်' ဆိုတာက သူလက်ခံလိုက်သည်။ ထို့အပြင် ဝေ့မိသားစုက ရှဟုန်မိသားစုနဲ့ အမြဲတမ်း သဘောထားကွဲလွဲလေ့ရှိသည်။ ဒါကြောင့် သူနဲ့ရှဟုန်လျန်နဲ့ကလည်း ရန်သူနဲ့အတူတူပင်ဖြစ်သည်။ ထိုအချက်က ဘယ်တော့မှ မပြောင်းလဲဘူး။


တစ်ဖက်က ဟူမိသားစုရဲ့ကောင်လေးကလည်း အမြဲတမ်း မည်းမှောင်နေသည့် မျက်နှာနဲ့ပဲနေနေတာ။ သူကလူတွေအပေါ် သူ့လောက်တောင် ကံမကောင်းဘူးလို့ အမြဲထင်မြင်လေ့ရှိသည်။ ဝေ့ချင်ကလည်း အဲ့လိုလူအပေါ် သိပ်ပြီးတွေးမနေဘူး။


လူတွေကိုနှိုင်းယှဉ်ပြီးနောက် ဝေ့ချင်က ဒီရွှီဇီယန်၏ပုံစံကသာမန်မဟုတ်ပေမယ့် သူ့မျက်စိထဲမှာတော့ အနည်းငယ်အမြင်ကြည်ပေသည်……


ဝေ့ချင်က ရွှီဇီယန်အား သူ၏သူငယ်ချင်းဖြစ်ဖို့ အလားအလာရှိသူတစ်ယောက်အဖြစ် သူဆုံးဖြတ်လိုက်တော့သည်။


တစ်ဖက်မှာတော့ ဒီလူဟာကြောက်စရာကောင်းလှသည့် အကြည့်ဖြင့် သူ့အားစိုက်ကြည့်နေတာကြောင့် ရွှီဇီယန်ကြက်သီးမွေးညင်းတွေထသလိုတောင် ခံစားလိုက်ရသည်။ ဒါကြောင့် သူကနှစ်ကြိမ်လောက် ချောင်းဟန့်လိုက်ပြီး တစ်ဖက်လှည့်ကာ ထွက်သွားရန်ရွယ်လိုက်သည်။ ဒါပေမယ့် သူထွက်သွားမလို့ ပြင်နေစဉ်မှာပင် ဝေ့ချင်ကခေါင်းမော့လာသည်။ ရွှီဇီယန်အား တည်ငြိမ်သည့်အကြည့်ဖြင့်ကြည့်ကာ ဝေ့ချင်ကပြောလိုက်သည်။

“ငါ့သူငယ်ချင်းဖြစ်ဖို့ ငါမင်းကိုခွင့်ပြုလိုက်ပြီ”


ရွှီဇီယန်ပုံစံမျက်နှာ‌သေဖြစ်နေသည်:…….........


ဝေ့ချင်ကလည်း ခံစားချက်မရှိသည့် ပုံစံဖြစ်နေသည်: ……………


ရွှီဇီယန်ရင်ထဲမှာ အော်ဟစ်လို့နေသည်။ ချီးပဲ ဒီ‌ဆယ်ကျော်သက် မကောင်းဆိုးဝါး ကောင်စုတ်လေးက ဘယ်ကနေရောက်လာတာလဲ?! မင်းကငါ့ကို မင်းသူငယ်ချင်းဖြစ်ဖို့ ခွင့်ပြုလိုက်တယ် ဟုတ်လား?? အဲ့ဒီအစား မင်းကိုရိုက်ခွင့် ငါ့ကိုခွင့်ပြုပေးလိုက်ပါလား?! 


ဝေ့ချင်ပုံစံက ဆက်ပြီးတော့ ခံစားချက်မရှိသည့် ပုံသာပေါက်နေသည်။


ရွှီဇီယန်အကူအညီမဲ့သလို ခံစားလိုက်ရသည်။ သူဘာပြောရမှာလဲ? သူခဏတုန်းကလိုမျိုး ပြုံးပြလိုက်ရင်ရော ကျေနပ်သွားပါ့မလား?


ဝေ့ချင်ပုံစံက ခံစားချက်မရှိသည့် ပုံပေါက်နေပေမယ့် သူ၏ကိုယ်ဟန်အနေအထားကတော့ စိတ်မရှည်သည့်ပုံစံကို ပြသနေသည်။ ဝေ့ချင်၏ခန္ဓာကိုယ် အနေအထားကိုကြည့်တာနဲ့ 'ငါကမင်းကို ငါ့သူငယ်ချင်းဖြစ်ခွင့်ပြုလိုက်ပြီလေ မင်းကဘာလို့ ဘာမှမပြောတာလဲ?' လို့ဆိုလိုနေမှန်း ရွှီဇီယန်သေချာပေါက် ပြောနိုင်သည်။ 


ရွှီဇီယန်ငိုချင်စိတ်တောင်ပေါက်လာသည်။ ဒီလောကကြီးထဲမှာ သူ့ညီငယ်လေးကသာ ချစ်စရာအကောင်းဆုံးပဲ! အခြားကလေးတွေက အသုံးကိုမကျကြဘူး! 


“မင်းကဘာလို့ ဘာမှပြန်မပြောတာလဲ?” လေထုအခြေအနေက ထူးဆန်းနေမှန်း ဝေ့ချင်ခံစားလိုက်ရသည်။ ရွှီဇီယန်ကဘာလို့ အရူးလိုပြုံးနေမှန်း သူနားမလည်ပေ(ရွှီဇီယန်: အဲ့ဒါတည်တည်ငြိမ်ငြိမ်အပြုံးလို့ခေါ်တယ်ကွ!) ဒီလိုအချိန်မျိုးမှာ ရွှီဇီယန်က သူနဲ့သူငယ်ချင်းဖြစ်ရလို့ အရမ်းပျော်ပါတယ်ဆိုပြီး ပြောရမှာမဟုတ်ဘူးလား?


အဲ့ဒါကရှင်းပါတယ်………ဝေ့ချင်၏ဆရာက သူ့ရဲ့အမူအကျင့်ကို သဘောပေါက်တာကြောင့် သူကဝေ့ချင်ကို ပြောဆိုဆက်ဆံပုံတွေ မသင်ပေးလိုက်ဘူး။


အကယ်၍ တစုံတယောက်ကသာ ရွှီဇီယန်ကိုမေးလာပါက အဲ့ကလေးရဲ့အပြုအမူ ခံစားချက်တွေက မပြည့်စုံသေးတာကြောင့် ခံစားချက်တွေ ထပ်ထည့်ဖို့လိုသေးတယ်လို့ သူပြောမိမှာအမှန်ပင်………


သူတို့နှစ်ယောက်လုံးဟာ ‌နောက်တစ်ကြိမ် ထူးဆန်းစွာ တိတ်ဆိတ်သွားကြပြန်သည်။ ရွှီဇီယန်ကလည်း ဘာပြောရမလဲဆိုတာ မသိသလို ဝေ့ချင်ကလည်း သူခ‌ဏကပြောလိုက်သည့် စကားဟာ အနည်းငယ်မှားသွားမှန်း သူသဘောပေါက်သွားသည်………


ဘယ်လိုပဲဖြစ်ဖြစ် သူကဒုတိယအကြီးအကဲ၏သားပုံစံဖြင့် ပြောလိုက်မိမှန်း ဝေ့ချင်‌သေချာပေါက်မှတ်မိသည်။ ထိုအချိန်တုန်းက သူအနည်းငယ် စိတ်ရှုပ်နေပြီး မနှစ်မြို့သည့် လေသံဖြင့်ပြောလိုက်ပေမယ့် ထိုလူကလည်း စိတ်လှုပ်ရှားနေတော့ သူလည်းမေ့သွားတာပေါ့။


လေထုဟာပိုပိုပြီး ထူးဆန်းလာတော့သည်။ ပိုအရေးကြီးတာက ဝေ့ချင်၏ခံစားချက်မရှိသည့် မျက်နှာက ဒေါသအရိပ်အယောင် အနည်းငယ်ပေါ်လာသည်။


ရွှီဇီယန်ချက်ချင်းအံ့ဩသွားသည်။ ဒီလိုအခြေအနေမျိုးကြီး ဘယ်လိုရောက်သွားလဲဆိုတာ သူဘယ်လိုမှနားမလည်နိုင်တော့ဘူး။ မာနကြီးသည့်ဝေ့ချင်က တကယ်ပဲ သူ့သူငယ်ချင်းဖြစ်ခိုင်းစေချင်တာရော ဟုတ်ရဲ့လား? (……ကျေးဇူးပြုပြီးတော့ ဝေ့ချင်ရဲ့စကားတွေကို ပြန်လည်ပြောင်းလဲခွင့်ပြုပါ)


သူတို့နှစ်ယောက်ကြားက အခြေအနေက တဖြည်းဖြည်းဆိုးဝါးလာတာကြောင့် ရွှီဇီယန်အတော်လေး စိုးရိမ်လာသည်။ ဒါပေမယ့် ထိုခဏလေးအတွင်း သူရုတ်တရက်သဘောပေါက်သွားတာက ဝေ့ချင်အမူအရာက ခံစားချက်မရှိသည့်ပုံစံပေါက်နေပေမယ့် ထိုကောင်လေး၏ဆံပင်ဖြင့် တစ်ဝက်လောက်ဖုံးထားသည့် သူ၏နားနှစ်ဖက်က အတော်လေးနီ‌နေသည်———


ရွှီဇီယန်ဘာမှမပြောနိုင်အောင်ဖြစ်သွားရသည်။


ဒီတော့……ဒီကောင်စုတ်လေးက သူ့ရဲ့ခံစားချက်တွေကို ဘယ်လိုအမူအရာပြမယ်ဆိုတာ မသိတာလား?  


သေလိုက်ပါတော့! ‌ဒီကောင်လေးက ဘယ်လိုပတ်ဝန်းကျင်မှာများ ကြီးပြင်းလာတာလဲ? အကယ်၍ ရွှီဇီရုန်သာ ဒီလိုကောင်ဆိုးလေးဖြစ်နေပါက သူ့တင်ပါးကို လက်ဝါးနဲ့ခပ်နာနာလေး ရိုက်ပြီးဆုံးမလိုက်မှာ ဘာမှတ်နေလဲ?


သူ့နဖူးကိုနှိပ်လိုက်ရင်း ရွှီဇီယန်မပြုံးဘဲ မနေနိုင်တော့ပေ။ ဝေ့ချင်က ကလေးတစ်ယောက်ပုံစံက လွဲရင် ဘာမှမသိဘူးဆိုတာ သူသဘောပေါက်သွားသည်။ ဝေ့ချင်ဟာ လောကကြီး‌အကြောင်းကို မသိဘူးဆိုပေမယ့် သူဟန်မဆောင်တာဟုတ်၊မဟုတ် ‌ဆိုတာကတော့ မသေချာဘူး။


တစုံတယောက်ကသာ သူနဲ့သူငယ်ချင်းဖြစ်လာပြီဆိုရင် ထိုသူသစ္စာဖောက်မှာကို သူအနေနဲ့ လုံးဝစိတ်ပူစရာမလိုပေ။ ဘာလို့လဲဆိုတော့ တစုံတရာကြောင့် ကိုယ့်သူငယ်ချင်းကို သစ္စာဖောက်ပြီး သိက္ခာအကျခံမှာမဟုတ်ဘူး။


“ဟုတ်ပါပြီ ဟုတ်ပါပြီ ငါတို့အခုကစပြီး သူငယ်ချင်းဖြစ်သွားပြီ” ရွှီဇီယန်၏အမူအရာက အနည်းငယ် ထူးဆန်းနေသည်။ ဘာကြောင့်လဲဆိုတော့ သူအရမ်းအော်ရယ်ချင်နေတာကို ချုပ်တည်းထားရလို့ပင်ဖြစ်သည်။ 


ဝေ့ချင်ပုံစံက တည်ငြိမ်နေပေမယ့် သူ၏မျက်လုံးထဲက စိုးရိမ်စိတ်တွေကိုတော့ ရွှီဇီယန်မြင်နေရသည်။


အား တော်လောက်ပြီ သူက ကလေးတစ်ယောက် အရွယ်ပဲ ရှိသေးတယ်မလား။ ရွှီဇီယန် ထိုအရာကိုတွေးလိုက်တိုင်း ရယ်ချင်သလိုဖြစ်မိသည်။


သူတို့နှစ်ယောက်က 'သွေးသောက်သူငယ်ချင်း'အဖြစ်ဖွဲ့ဖို့ သဘောတူလိုက်ပြီလို့ ယူဆလို့ရပေသည်။ ဒါပေမယ့် ရွှီဇီယန်ထွက်မသွားခင် အကယ်၍ အနာဂတ်မှာသာ သူတို့နှစ်ယောက်တိုက်ခိုက်ဖို့ အခွင့်အရေးရှိလာပါက သူကျိန်းသေပေါက် ရွှီဇီယန်ကို သွားခွင့်ပြုမှာမဟုတ်ဘူးလို့ ဝေ့ချင်က အလေးအနက်ပြောလိုက်သည်။


ရွှီဇီယန်ရယ်မောကာ သဘောတူလိုက်သည်။ သူသာအကယ်၍ ဝေ့ချင်နဲ့ နောက်တစ်ကြိမ်ပြန်တိုက်ခိုက်ရင် အနိုင်ရသူက ဘယ်သူလဲဆိုတာ ခန့်မှန်းဖို့ခက်ခဲပေသည်။


ထို့အပြင် ဝေ့ချင်ကလည်း သူ့ရဲ့ဝှက်ဖဲကို မထုတ်ရသေးသလို ရွှီဇီယန်ကလည်း သူ့အင်္ကျီလက်ထဲမှာရှိသည့် ဝှက်ဖဲတွေအားလုံးကို မထုတ်သုံးရသေးပေ။


ဝေ့ချင်အား နှုတ်ဆက်စကားပြောကာ ‌ရွှီဇီယန်ကအကြောက်တရားကင်းစွာ အနောက်ဘက်မြစ်ဝှမ်းကို ဖြတ်ကျော်သွားတော့သည်။ ဝေ့ချင်နဲ့သူငယ်ချင်းဖြစ်လာတာက မျှော်လင့်မထားမိသည့် အပိုဆုလို့သတ်မှတ်လို့ရပေသည်။ ဒါပေမယ့် မျှော်လင့်မထားမိသည့် ဒီသူငယ်ချင်းအသစ်နဲ့ပတ်သက်၍ ရွှီဇီယန်စိုးရိမ်မိသည်။


ဘာလို့လဲဆိုတော့ ဝေ့ချင်က ဝတ္ထု၏ဇာတ်လိုက်လက်ထဲ၌ သေရမှာဖြစ်သည်။ သူဝိညာဉ်ကူးပြောင်းလာပြီးနောက် ဒီကမ္ဘာက မတူညီတော့ပေမယ့် ပိုင်ဟွက ဝတ္ထု၏ဇာတ်လမ်းကို ပြန်မပြောင်းနိုင်ဘူးလို့ ဘယ်သူကအာမခံနိုင်လို့လား? သူ အဲ့ဒီစောက်ဇာတ်လိုက်ကို သတ်ချင်တယ်!


သူဝေ့ချင်နဲ့ အကြိမ်အနည်းငယ်လောက် ဆုံပြီးနောက် ရွှီဇီယန် ဒီလူကို သဘောမကျပါ။ ဒါပေမယ့် သူသဘောမကျတာနဲ့ ထိုလူနဲ့သူငယ်ချင်းမဖွဲ့ဘူးလို့ မဆိုလိုပေ။ ဝေ့ချင်က တည့်တိုးပြောတတ်ပြီးတော့ မှန်ကန်သည့်လူတစ်ယောက်ဖြစ်သည်။ သူကမာနကြီးတာတင်မဟုတ်ဘူး သူ၏အထက်စီးဆန်မှုကလည်း တကယ့်ကို အရည်အချင်းရှိသည်။


“အား ဒါကိုတွေးနေတာ ငါရပ်လိုက်သင့်ပြီ ဘယ်လိုပဲဖြစ်ဖြစ် လောကရဲ့လျှို့ဝှက်ချက်ကို ဖွင့်ဖို့က အချိန်ကြာဦးမှာပဲ အကယ်၍ အခြေအနေကဆိုးလာရင်လည်း ငါဝေ့ချင်ကို ပြန်ပေးဆွဲပြီး ငါနဲ့အတူ အနောက်ဘက်စစ်မြေပြင်ဆီခေါ်သွားလိုက်မယ် ပိုင်ဟွကဝေ့ချင်အနောက်ကို အနောက်ဘက်စစ်မြေပြင်အထိတော့ လိုက်လာလိမ့်မယ်လို့ ငါမထင်ဘူး” 


“ကိုကို? ဘာတွေပြောနေတာလဲ?”


သူတို့နှစ်ယောက်ပြန်ဆုံမည့်နေရာ၌ ရွှီဇီရုန်က လိမ်မာသည့်အမူအရာဖြင့် စောင့်နေသည်။


ရွှီဇီယန် သူ့ကိုယ်သူပြောနေသည့်စကားက သိပ်မကျယ်တာကြောင့် ရွှီဇီရုန်က အနောက်ဘက်လို့သာ ဝိုးတိုးဝါးတားကြားလိုက်ရသည်။ 


သူ့အကြည့်တွေက အလွန်နက်မှောင်သွား၏။ ဘာလို့လဲဆိုတော့ ရွှီဇီယန်က သူ့ဟာသူအနောက်ဘက်သို့ သွားမယ်ဆိုသည့် အကြောင်းကို ရွှီဇီရုန်အား တစ်ခါမှ‌မပြောဖူးဘူး။ ထို့အပြင် အနောက်ဘက်ဒေသနဲ့ ဆက်စပ်နေသည့် တစ်ဦးတည်းသောလူက လူရိုင်းမျိုးနွယ်စု၏လဲ့ဟူပဲဖြစ်သည်။


ရွှီဇီရုန်မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး ရွှီဇီယန် ရုတ်တရက်ကြီး ဘာလို့ အနောက်ဘက်ဒေသအကြောင်းကို ပြောရတာလဲဆိုတာ သူတွေးဆလိုက်သည်။ ဖြစ်နိုင်တာက……ရွှီဇီယန်က လဲ့ဟူကို နောက်တစ်ခါသွားတွေ့လိုက်တာလား?


ချီးပဲ! အဲ့ကောင် ငါ့ကိုကိုကို ဘာပြောလိုက်တာလဲ?? သူ့ကိုယ်မှာသွေးနံ့တွေ အတော်ရတယ်လို့များ အဲ့ကောင်က သူ့ကိုကို,ကို ပြောလိုက်တာလဲ??


ရွှီဇီရုန်အတွေးတွေက ပရမ်းပတာဖြစ်နေပေမယ့် သူ့မျက်နှာပေါ်မှာတော့ ဘာမှမဖော်ပြထားပေ။ သူ့ခေါင်းထဲမှာတော့ လဲ့ဟူပြောထားသည့် ဘယ်အချက်အလက်ကိုမဆို သူငြင်းပယ်ဖို့ အကြောင်းပြချက်ရှာထားပြီးဖြစ်သည်။ ဒါပေမယ့် သူ့ကိုကို,ကို လဲ့ဟူက ဘာပြောခဲ့လဲဆိုတာ အရင်ဆုံး ချဉ်းကပ်ပြီး မေးရမည်။


“ကိုကို? အနောက်ဘက်ဆိုတာ ဘာကြီးလဲ?” ရွှီဇီရုန်ကအပြစ်ကင်းစင်သည့် အမူအရာဖြင့်မေးလိုက်သည်။


ရွှီဇီယန်က သူ့ညီအား အပြုံးလေးဖြင့် လှည့်ကြည့်လိုက်သည်။ ရွှီဇီရုန်ဟာ သူ့အရင်ဘဝက အလွန်ဆိုးဝါးသည့်အတွေ့အကြုံကို ခံစားခဲ့ရတာကြောင့် ရွှီဇီယန်သူ့အားအလွန်သနားသည်။ ရွှီဇီရုန်က ဒီဘဝမှာတော့ ပျော်ပျော်ရွှင်ရွှင်နေရပြီး ရွှီဇီယန် သူ၏ချစ်စရာကောင်းသည့်ညီလေးအား ပြုံးပြဖို့ဘယ်တော့မှ မတွန့်တိုပေ။


“အဲ့ဒီအနောက်ဘက်မှာက စစ်မြေပြင်ရှိတယ် ကိုကို ကိုယ့်ဟာကို လေ့ကျင့်ဖို့ အနာဂတ်မှာ အဲ့ဒီဆီသွားချင်တယ် ဇီရုန်လည်း ကိုကိုနဲ့အတူတူလိုက်မလား?”


ရွှီဇီရုန်က တွန့်ဆုတ်ခြင်းမရှိဘဲ ခေါင်းညိတ်လိုက်သည်။

“ကျွန်တော် ကိုကိုနဲ့အတူတူ သွားချင်တယ်”


သူစိတ်ထဲမှာတော့ အခုမှပဲ စိတ်သက်သာရာရသွားသည်။ ဒီတော့ သူ့ကိုကိုက စစ်မြေပြင်မှာ မိစ္ဆာတောကောင်တွေနဲ့ သွားတိုက်ခိုက်ချင်တယ်တဲ့လား ဟမ်……?


ရွှီဇီယန်ကဘာမှဆက်မပြောတော့ပေ။ ထို့နောက်မှာတော့ ရွှီဇီရုန်နဲ့အတူ ထွက်ခွာရန် ရည်ရွယ်လိုက်သည်။ ဒီနေရာက အနည်းငယ် အန္တရာယ်ရှိပေမယ့် ပိုင်ဟွနဲ့ဆုံတာလောက် ဘယ်အရာကများ အန္တရာယ်များဦးမှာလဲ? 


သူလုံခြုံဖို့ ၊ရွှီဇီရုန်လုံခြုံဖို့ ——ပြီးတော့ အခုလက်ရှိ ဝေ့ချင်လုံခြုံဖို့ပါ ထပ်ပေါင်းထည့်လိုက်ရင်—— ‌ပိုင်ဟွအားတွေ့မည့် နေရာမှန်သမျှကို သူရှောင်ရမည်ဖြစ်သည်။ 


ထိုအရာကို အခြေခံအားဖြင့် ခေါ်ဆိုကြတာကတော့ 'အကယ်၍ မင်းအသက်ကို မင်းချစ်ရင် မကောင်းလူတွေနဲ့ဝေးဝေးနေ'!(ဟုတ်တယ် ရွှီဇီယန်အမြင်မှာတော့ ပိုင်ဟွက မကောင်းတဲ့လူပဲ)


အကယ်၍ သူသာပိုင်ဟွအား ရန်စလို့မရပါက သူအမြဲတမ်း ထိုလူဆီကနေ ထွက်ပြေးရမည်!


ဒါပေမယ့် ဒီအချိန်မှာ ဝတ္ထု၏ဇာတ်လမ်းပုံစံက အရမ်းကွဲထွက်နေသည့် မြင်းတစ်ကောင်လို သွားနေပေမယ့် ရွှီဇီယန်ကတော့ သူဘယ်လိုထိန်းချုပ်ရမလဲဆိုတာ သဘောမပေါက်သေးပေ………


အနောက်ဘက်မြစ်ဝှမ်းကနေ ဝေးလာတာနဲ့ ရွှီဇီရုန်က ရွှီဇီယန်အား နောက်ထပ်ကျောက်စိမ်းဆွဲပြားတစ်ခုကို ပေးလိုက်သည်။


ရွှီဇီရုန်က အမဲရောင်ဝတ်စုံကျင့်ကြံသူနဲ့ မမျှော်လင့်ပဲ ထိပ်တိုက်ရင်ဆိုင်ခဲ့ရပြီး သူ့ဟာသူအနိုင်ရလာတာကို သိလိုက်တော့ ရွှီဇီယန်အနည်းငယ် စိုးရိမ်သွားသည်………အမလေး! ရွှီဇီရုန်က ဒီလောက်ထိ သန်မာလိမ့်မယ်လို့ သူတစ်ခါမှမထင်ထားခဲ့ဘူး! ထိုအရာက ကိုကို ရှုံးသွားသလိုတောင် ခံစားရသည်။ 


အလွန်မြန်သည့် အလျင်ဖြင့် သူတို့ညီအကိုနှစ်ယောက်ဟာ ခရီးကိုဆက်သွားနေကြသည်။ ဒါကြောင့် သူတို့တွေ လျှိုကွမ်းဂိုဏ်း၏အောက်ဘက်က တောင်‌ကိုရောက်ဖို့ တစ်ရက်သာအချိန်ယူလိုက်ရသည်။ 


သူအပေါ်သို့ထောင်တက်နေသည့် မြွေလိမ်လှေကားကို မြင်လိုက်ပြီးနောက် သူဟာအမတလူဖြစ်မှသာ ထိုလှေကားကို တက်နိုင်လိမ့်မည်လို့ ခံစားလိုက်ရသည်………


ဒီတော့ ဒီလှေကားသေးသေးကနေ တက်ရတာ အဲ့လောက်မလွယ်ဘူးလို့ သူဘာကြောင့်ခံစားနေရတာလဲ……?→_→


ရွှီဇီယန်ခန့်မှန်းချက်က မှန်ပေသည်။ ထိုသေးငယ်သည့်လှေကားလမ်းက ဝင်ပေါက်မှာ လူငယ်တစ်ယောက်က ပြုံးကာရပ်နေသည်။ ထိုလူကအလွန်ယဉ်ကျေးပြီး ခန့်ညားသည်။ ပြီးတော့ သူ့မျက်နှာကအပြုံးကလည်း အလွန်ကြင်နာသည်။ ဒါပေမယ့် ရွှီဇီယန် ထိုလူအားမြင်လိုက်သည်နှင့် သူကမဲ့ပြုံးပြုံးလိုက်သည်………


#TK