Chapter 80
Viewers 4k

Chapter 80


ဒီသွမ့်မုနင်ဆိုသည့်လူဟာ အရပ်မြင့်ပြီးသန်မာသည့်လူတွေကို ပိုပြီးနှစ်သက်လေ့ရှိသည်။ သူ၏အဆိုအရဆိုရင် အဲ့ဒီလိုယောင်္ကျား‌လေးတွေက ကုတင်ပေါ်မှာပိုပြီးခံနိုင်ရည်ရှိကြသည်။


သူအရင်ဘဝတုန်းက ဒီလူကိုသိခဲ့သည်။ ထိုသူဟာတရားမျှတသည့်ကျင့်ကြံသူကို ပြန်ပေးဆွဲခဲ့တာကြောင့် ထိုကျင့်ကြံသူ၏ဂိုဏ်းက သတ်ဖြတ်တာခံလိုက်ရသည်လို့ ပြောကြသည်။ နောက်ဆုံးမှာတော့ သူဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိကြတော့ဘူး။ သူ၏သွေးမိစ္ဆာစံအိမ်‌ကျူးကျော်ခံရသည့် အချိန်အထိ ဒီလူ၏အကြောင်းကို သူဘာမှထပ်မကြားရတော့ပေ။


တစုံတယောက်က သွမ့်မုနင်နဲ့တရားမျှတသည့်ကျင့်ကြံသူကို အပြင်ဘက်သမုဒ္ဒရာက ကျွန်းလေးပေါ်မှာ မြင်ခဲ့တယ်လို့ပြောပေမယ့် ထိုအရာတွေက ရွှီဇီရုန်နဲ့ဘာမှမသက်ဆိုင်ပါ။


အစတုန်းကတော့ ထိုလူကိုသူသတိထားရုံလောက်ပဲ ရှိခဲ့ပေမယ့် သူ့ကိုကိုအပေါ် ထိုသူ၏သဘောထားကို မြင်လိုက်ရတော့…


ရွှီဇီရုန်လူသတ်ချင်စိတ်ပေါက်လာပြီး သူ၏မျက်လုံးတွေ နီရဲသွားတော့သည်။ အကယ်၍ သူသာအခွင့်အရေးရမယ်ဆိုရင် သူ့ကိုကို,ကို ကြည့်သွားသည့်အတွက် ထိုလူကိုသူသတ်ပစ်မည်။


"ဇီရုန်! ဒီလူကိုမင်းနောက်တစ်ခါတွေ့ရင် ဂရုစိုက်ရမယ်နော် အကယ်၍ သူသာကလိမ်ကကျစ်ကျလာမယ်‌ဆိုရင် မင်းသူ့ကိုချက်ချင်းသတ်ပစ်လိုက်နော်" ရွှီဇီယန်၏မျက်နှာအမူအရာဟာ မဲမှောင်စွာပြောလိုက်သည်။


ချီးပဲ! အမူအကျင့်ပျက်ပြားတဲ့ကောင်! ကလေး‌ကိုကာမစိတ်ယိမ်းညွှတ်နေတဲ့ကောင်! အဲ့ဒီလူ, လူဘယ်နှယောက်ကိုများ နာကျင်အောင်လုပ်ပြီးပြီလဲဆိုတာ မိုးနတ်မင်းကြီးက သိရောသိရဲ့လား! အကယ်၍ သူသာဒီလူကို နောက်တစ်ခါတွေ့ခဲ့ပါက တရားမျှတမှုအတွက် အဲ့ဒီသူကိုသေချာပေါက် သတ်ပစ်မည်! ရွှီဇီယန်အရမ်းကို မကျေမချမ်းဖြစ်နေသည်။


ရွှီဇီရုန်ညင်သာစွာ ခေါင်းညိတ်လိုက်ပြီး သူ့ကိုကို၏အပြုအမူကြောင့် သူသဘောကျသွားသည်။ သူ့ကိုကိုက ထိုသူဟာ ဇီရုန်ကို စိတ်ဝင်စားနေတယ်လို့ တွေးနေလိမ့်မည်။ ဒါပေမယ့် အဲ့ဒါလည်းအဆင်ပြေပါတယ် အနည်းဆုံးတော့ ရွှီဇီယန်က လိင်တူဆက်ဆံတာနဲ့ပတ်သက်ပြီး ဆန့်ကျင်ခြင်းမရှိဘူးဆိုတာ သူသိသွားတာပေါ့။


နှစ်ယောက်သားဟာ နေရာကူးပြောင်းသည့် အခင်းအကျင်းပေါ်ရပ်လိုက်ပြီး အဖြူရောင်အလင်းတန်းပေါ်လာပြီးနောက် သူတို့တွေကြီးမားသည့် ရေဗွေအရှေ့သို့ရောက်ရှိလာသည်။ ဒီနေရာက သူတို့တွေ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်ခဲ့သည့်နေရာပင်ဖြစ်သည်။ သူတို့တွေဒီဝင်ပေါက်ကနေ ဖြတ်သွားပြီးနောက် သူတို့ထွက်သွားခဲ့သည့် ရွှမ်းယွိနယ်မြေဆီသို့ပြန်လည်ရောက်ရှိလာသည်။


ကျင့်ကြံသူအများစုဟာ ဝင်ပေါက်နားမှာ စုဝေးနေကြသည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲသို့ လှည့်ပတ်ပြီးနောက် ဂိုဏ်းအသီးသီးက ‌လက်ရွေးစင်တပည့်တွေဟာ ပြန်လည်ဆုံစည်းနေကြသည်။ သူတို့တွေထဲကအများစုက အနာဂတ်မှာ မတူညီသည့်ဂိုဏ်းတွေရဲ့ဂိုဏ်းချုပ်တွေ ဖြစ်လာနိုင်သည်။


ဒီကျင့်ကြံသူတွေဟာ တစ်ယောက်နဲ့တစ်ယောက် မိတ်ဆွေဖွဲ့နေကြပြီး အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲက လေထုအခြေအနေကတော့ အတော်လေးကိုငြိမ်သက်နေသည်။


ရွှီဇီယန်ဟာ ဒီကလူအများစုကို သေချာမသိပေမယ့် အဖြူရောင်ဝတ်စုံဝတ်ထားသည့် ချောမောတဲ့ယောင်္ကျားလေး တစ်ယောက်ကတော့ သူ့ကိုအချိန်ပြည့် ခိုးကြည့်လို့နေသည်။


အဲ့ဒီလူက ရွှီဇီယန်ကယ်တင်ခဲ့သည့် ပိုင်ဟွပင်ဖြစ်သည်။ လက်ရှိမှာတော့ သူကစိတ်ပါဝင်စားစွာ ထျန်းယွီဂိုဏ်း၏ တပည့်တွေနဲ့အတူရပ်နေသည်။ တစ်ယောက်ယောက်ကနီးကပ်လာပြီး လူပုဂ္ဂိုလ်တစ်ယောက်က ပိုင်ဟွကို ထျန်းယွီဂိုဏ်းဆီ ဧည့်သည်အဖြစ်ခေါ်ခဲ့တယ်ဆိုတာ သူကြားလိုက်ရသည်။


ပိုင်ဟွမျက်နှာပေါ်မှာ အပြုံးရှိနေပေမယ့် သူကအနည်းငယ် စိတ်အနှောင့်အယှက်‌ဖြစ်နေသည်။ သူ့အရှေ့ကထိုလူပုဂ္ဂိုလ်ဟာ ထျန်းယွီဂိုဏ်းကဖြစ်ပေမယ့် သူ့အဆင့်ကသိပ်မမြင့်ပေ။ ထိုလူပုဂ္ဂိုလ်ဟာ ကံကောင်းလို့ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲကို ဝင်ရောက်နိုင်ခြင်းဖြစ်သည်။


ဒီလိုအဆင့်နိမ့်မျိုးနဲ့ အဆက်အသွယ်လုပ်ဖို့ ပိုင်ဟွစိတ်မဝင်စားဘူး။ ဒီလူပုဂ္ဂိုလ်ဟာ အသက်၃၀ကျော်နေပြီဖြစ်ပြီး အခြေခံကျင့်ကြံခြင်းအဆင့်ကို စတင်ရုံသာရှိသေးတာကြောင့် သူ့အနာဂတ်အတွက် တိုးတက်မှုမရှိဘူးဆိုတာ ပိုင်ဟွသေချာသိသည်။


ပိုင်ဟွကအလွန်ရည်မှန်းချက်ကြီးသည်။ သူကနဂါးပုံသဏ္ဍာန်ကျောက်စိမ်းပြားကို ရှာတွေ့လိုက်ပြီးနောက် မိုးနတ်မင်းကြီးက သူ့ကိုအခွင့်အရေးပေးခဲ့တယ်လို့ ခံစားမိလိုက်သည်။ ဒီဘာမဟုတ်တဲ့ကျောက်စိမ်းပြားက သူ့ကိုအလွန်ကြီးမားသည့်စွမ်းအားမျိုး ယူဆောင်လာပေးသည်။


သူ့မှာစစ်မှန်သည့်နဂါးသွေးလည်းမရှိသလို ဒီကျောက်စိမ်းပြားကလည်း အသက်မဝင်တော့ပေမယ့် ထိုအရာပေါ်ပေါက်လာတာက သူ့ကိုစိတ်လှုပ်ရှားစေသည်။


ထိုကျောက်စိမ်းပြားကိုစစ်ဆေးပြီးနောက် သူကရှားပါးသည့် ကျင့်ကြံသူတစ်ယောက်၏ အမြုတေကို ရရှိထားတယ်ဆိုတာ သဘောပေါက်လိုက်သည်။ ဒီခန္ဓာကိုယ်က နှစ်ကိုယ်တူကျင့်ကြံဖို့အတွက် အကောင်းဆုံးလက်နက်ပင်ဖြစ်သည်။ နှစ်ကိုယ်တူကျင့်ကြံသည့် လူတစ်ယောက်ဟာ အံ့ဩစရာကောင်းသည့် စိတ်ဝိညာဉ်သွေးကြောရှိသည့် တစုံတယောက်၏ကျင့်ကြံခြင်းထပ် ကျင့်ကြံခြင်းနှုန်းပိုမြန်သည်။


ဒီခန္ဓာကိုယ်ဟာ အဲ့ဒီမိစ္ဆာနည်းလမ်းလိုမျိုး တစ်ဖက်လူ၏ကျင့်ကြံခြင်းတွေကို စုပ်ယူလို့မရပေမယ့် နှစ်ဦးစလုံးကိုတော့ ကျင့်ကြံခြင်းအဆင့်တွေ တိုးလာအောင်ပြုလုပ်ပေးသည်။ အဲ့ဒါကြောင့်မို့ မိစ္ဆာကျင့်ကြံသူလိုမျိုး လူတွေကိုသတ်ဖို့ သူစိတ်ပူစရာမလိုတော့ဘူး။


နှစ်ကိုယ်တူကျင့်ကြံခြင်းဟာ သူ့အတွက်ပိုပြီးအဓိပ္ပါယ်ရှိသည်။ သူစွမ်းအားကြီးနိုင်သ၍ ဘယ်သူနဲ့ပဲအိပ်ရအိပ်ရ သူဂရုမစိုက်ဘူး။


ပြီးတော့ နှစ်ကိုယ်တူကျင့်ကြံခြင်းဟာ နှစ်ဦးစလုံးကို အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည်။ သူ့ကိုကာကွယ်ပေးနိုင်ပြီး ချောမောကာစွမ်းအားကြီးသည့် ယောင်္ကျားမျိုးကို သူရွေးချယ်ချင်သည်။


ပြောရရင်…လျှိုကွမ်းဂိုဏ်းက ရွှီဇီယန်လိုမျိုးပေါ့။


ပိုင်ဟွ၏မျက်လုံးတွေလင်းလက်သွားပြီး မျက်လွှာလေးကိုချလိုက်ကာ သူ၏ပြင်းပြသည့်ဆန္ဒကို ဖုံးကွယ်လိုက်သည်။ အရပ်မြင့်ပြီးချောမောတဲ့ စွမ်းရည်ရှိသည့်သူတွေကသာ သူ့ကိုနှလုံးခုန်နှုန်းမြန်ဆန်အောင် ပြုလုပ်နိုင်သည်။ အကယ်၍ ရွှီဇီယန်သာ သဘောတူမယ်ဆိုရင် သူတို့နှစ်ယောက်စလုံးအတွက် အကျိုးရှိမယ်မဟုတ်ဘူးလား?


ပိုင်ဟွ ရွှီဇီယန်အား တိတ်တဆိတ်ကြည့်လိုက်ပြီး ချက်ချင်း အဝေးသို့အကြည့်လွဲလိုက်သည်။ အဲ့ဒီရွှီဇီရုန်က အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး ဒီလိုအမြင်ကပ်စရာကောင်းသည့်လူမျိုး သူတစ်ခါမှမတွေ့ဖူးဘူး။


ကံဆိုးစွာဖြင့် ရွှီဇီယန်က သူ့ညီလေးကို အတော်ချစ်သည်။ အခုချိန်သူချဉ်းကပ်လိုက်ပါက အခြေအနေကကောင်းသွားမည်မဟုတ်ပေ။


ဒါပေမယ့် အဲ့ဒါကပြဿနာမရှိပါဘူး။ သူ့ညီဖြစ်သူက အသက်၁၂ပဲရှိသေးတာဆိုတော့ ရွှီဇီယန်အနေနဲ့ ဂရုစိုက်ပေးတာ ပုံမှန်ပါပဲ။ ဒါပေမယ့် ရွှီဇီယန်က သူ့ညီကို တစ်သက်လုံး ဂရုစိုက်ပေးမှာမဟုတ်ဘူး။ အနှေးနဲ့အမြန် သူတို့နှစ်ယောက်က ခွဲခွာသွားကြမှာပဲ အဲ့ဒီအချိန်ကျရင်…


ပိုင်ဟွက သူ့လည်ပင်းနားက ကျောက်စိမ်းပြားကိုင်လိုက်ကာ သူအစထဲကနိုင်ပြီးသားဆိုသည့် အပြုံးမျိုးထုတ်ဖော်လိုက်သည်။ သူ၏ကျောက်စိမ်းပြားက သူ၏ကျင့်ကြံခြင်းကိုကူညီရုံသာမက သူ့ကိုပိုးပန်းသူတွေ ပိုပြီးအရူးအမူးစွဲလမ်းသွားအောင်လည်း ပြုလုပ်ပေးသည်။ သူသာရွှီဇီယန်နဲ့တစ်ခါလောက် အိပ်လိုက်တာနဲ့ ထိုအချိန်ကျရင် ရွှီဇီယန်ဟာ ရွှီဇီရုန်ကိုဆန့်ကျင်မည်ဖြစ်ပြီး သူ့အနေနဲ့ဘာမှလုပ်လို့ရမည်မဟုတ်တော့ဘူး။


"ကျင့်ကြံသူပိုင်…မင်း…မင်း…" ပိုင်ဟွ၏ဆန့်ကျင်ဘက်နေရာမှာရှိနေသည့် ကျင့်ကြံသူဟာ သူ၏အပြုံးကိုမခုခံနိုင်တာကြောင့် ဘာမှပြောမလာတော့ပေ။


ပိုင်ဟွဟာအတော်လေး စိတ်အနှောင့်အယှက်ဖြစ်နေပေမယ့် သူ့မျက်နှာပေါ်မှာတော့ အပြုံးခပ်ရေးရေးရှိနေသေးသည်။


ပိုင်ဟွနဲ့သူ့ရဲ့ရှစ်ရှုန်းက အဲ့ဒီလိုအရာတွေပြုလုပ်ခဲ့တာကြောင့် ဒီကျောက်စိမ်းပြားက အသက်ဝင်လာတာဖြစ်လိမ့်မည်။ ဒီအရာဟာ မိစ္ဆာကျင့်ကြံသူတွေက ကျင့်ကြံခြင်းအတွက် ဆွဲဆောင်နိုင်မှုလောက်တော့ မကောင်းပေမယ့် သာမန်ပုံစံလေးဖြင့် အခြားသူတွေကို သူသွေးဆောင်ဖျားယောင်းနိုင်သည်။ ဒီအရာက အခြားသူတွေဟာ သူတို့ကိုယ်သူတို့ မသိနိုင်တော့လောက်အောင်ကို သူ့အားသဘောကျလာစေလိမ့်မည်။


ပိုင်ဟွဒေါသမထွက်တာကို တွေ့လိုက်ပြီး ထိုကျင့်ကြံသူက သူ့အားပြုံးလိုက်တာကြောင့် ပို‌၍ရှက်သွေးဖြာသွားသည်။ ထိုသူဟာ အချိန်အတော်ကြာအောင် ဘာစကားမှမပြောနိုင်ပေ။


ပိုင်ဟွက ထိုကျင့်ကြံသူနဲ့ စကားပြောနေစဉ် ရွှီဇီယန်က လျှိုကွမ်းဂိုဏ်းက ကျင့်ကြံသူအတော်များများကို မြင်လိုက်ရသည်။


သူကအဲ့ဒီရှစ်ရှုန်း၊ရှစ်ကျဲတွေနဲ့ မရင်းနှီးပေမယ့် ပုံမှန်အတိုင်းဝတ်ဆင်ထားသည့် ကျင့်ကြံသူတွေကြားမှာ လဲ့ဟူ၏ရင်ဘတ်တစ်ဝက်ပေါ်နေသည့် ကိုယ်နေဟန်ထားက ထူးခြားသည့်ပုံစံမျိုးဖြစ်စေသည်။


ရွှီဇီရုန်ဟာ လဲ့ဟူကို မြင်လိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ ဒီလူက သူ့ကိုကိုရဲ့အမြင်အာရုံထဲ ထပ်ပြီးဝင်ရောက်လာတာ အရမ်းကိုအမြင်ကပ်စရာကောင်းလှသည်။


"ဟေး လဲ့ဟူ ဘယ်လိုလဲ? မင်းဘာအကျိုးအမြတ်တွေရခဲ့လဲ?" ရွှီဇီယန်အပြုံးလေးဖြင့် နှုတ်ဆက်လိုက်သည်။


လဲ့ဟူဟာ ရွှီဇီယန်ကို မြင်လိုက်သည့်အချိန် သူ့မျက်ခုံးတွေပင့်တက်သွားသည်။ လျှိုကွမ်းဂိုဏ်းကတပည့်တွေနဲ့ ဂိုဏ်းတူနေရုံသာဖြစ်ပြီး သူကသာမန်ထက်ဘာမှမပိုတာကြောင့် ဒီရှစ်ရှုန်း၊ရှစ်ကျဲတွေကြားမှာ သူတစ်ယောက်တည်းသာဖြစ်နေသည်။


သူကပျော်ရွှင်စွာပြေးသွားပြီး သူ့ခေါင်းကိုကုတ်ကာ အပြုံးလေးဖြင့်

"ငါကံကောင်းလို့ အမွေအနှစ်တစ်ခုကို ရလာခဲ့တယ်"


ရွှီဇီယန်ကတော့ အချက်အလက်ပတ်သက်ပြီး ဘာမှမမေးလိုက်တော့ပေ။ အမွေအနှစ်နဲ့ပတ်သက်သည့်အချက်တွေကို အတွင်းရေးအဖြစ်သာ ထားရှိကြပြီး လူအများစုက သူတို့၏ဝှက်ဖဲအဖြစ်သာ ထုတ်သုံးကြသည်။ ဘယ်သူကမှလည်း ဒီလိုမလိုအပ်သည့်အရာကို ဖော်ပြရလောက်အောင် မတုံးအကြဘူး။ ပြီးတော့ အခြားကျင့်ကြံသူရရှိခဲ့သည့် အမွေအနှစ်နဲ့ပတ်သက်ပြီး မေးတဲ့လူကသာ တုံးအသူဖြစ်လိမ့်မည်။


"မင်းကိုမင်းလည်း ပြန်ကြည့်လိုက်ဦး။ အမွေအနှစ်လေးတစ်ခုရတာများ ပျော်နေလိုက်တာ" သူတို့တွေဟာ အလွန်မောက်မာသည့် အသံမျိုးကိုကြားလိုက်ရ၏။


လဲ့ဟူမျက်နှာဟာ အလွန်မဲမှောင်သွားပြီး ရွှီဇီယန်ကတော့ အကူအညီမဲ့စွာ ပြုံးလိုက်မိသည်။


ဝေ့ချင်ပုံစံဟာ မာနကြီးလျက်ရှိနေပြီး သူ၏အကြည့်တွေ ထေ့ငေါ့ချင်သည့်ပုံစံဖြင့် လဲ့ဟူအားကြည့်လို့နေသည်။ 


ရွှီဇီယန်နားမလည်နိုင်စွာ စိတ်ရှုပ်သွားရသည်။ ဝေ့ချင်က သိသာစွာ မာနကြီးတယ်ဆိုပေမယ့် သူကလူတွေနဲ့ စကားပြောရတာ သဘောမကျပေ။ သူ၏ထေ့ငေါ့တဲ့စကားလုံးတွေက လဲ့ဟူကိုမြင်လိုက်တိုင်း ဘာလို့များ ထွက်ပေါ်လာရတာလဲ?


"မင်းကထပ်ပြီးတိုက်ခိုက်ချင်လို့ လမ်းစရှာနေတာလား?" လဲ့ဟူ၏စကား‌လုံးတွေက မသေသပ်ပြီး သူကစကားများရတာ မကြိုက်ပေ။ သူ့အမြင်အရဆိုရင် စကားလုံးတွေနဲ့အချိန်ကုန်ခံပြီး ငြင်းခုံနေမယ့်အစား တိုက်ခိုက်တာက ပိုကောင်းသေးသည်။


လူရိုင်းမျိုးနွယ်စုထဲမှာဆိုရင် တချို့တွေကသာ စကားလုံးဖြင့် အငြင်းအခုံဖြစ်ကြတာ အများစုကတော့ လက်သီးဖြင့်သာ ဖြေရှင်းလေ့ရှိကြသည်။ လက်သီးဟာအမိန့်အာဏာပဲလို့ သူတို့တွေ ယုံကြည်ထားကြသည်။


လဲ့ဟူဟာ သူ၏လက်သီးကိုပွတ်ကာ တိုက်ခိုက်ဖို့ပြင်ဆင်နေတာကို မြင်လိုက်တော့ ဝေ့ချင်၏မျက်နှာဟာ မဲမှောင်သွားသည်။ လွန်ခဲ့တဲ့တစ်လကမှ သူ့မျက်လုံးညိုထားတာကို ရုတ်တရက်သတိရလိုက်သည်။ အဲ့ဒါကကြီးမားတဲ့ဒဏ်ရာမျိုးတော့ မဟုတ်ပေမယ့် သူ့လိုလူမျိုးရဲ့ ခန္ဓာကိုယ်ကိုထိခိုက်မိတာထက် မျက်နှာကိုထိခိုက်မိတာက ပိုနာကျင်ရသည်။


"ဘာလို့လဲ? မင်းကလည်းချချင်လို့လား? ငါမင်းကိုအဆုံးသတ်ပေးမယ်လေ" ဝေ့ချင်အေးစက်စက်ပြောလိုက်ပြီး သူ၏အရှိန်အဝါတွေဟာ မငြိမ်မသက်ဖြစ်လာကာ မကြာခင်မှာပင် သူစတင်တိုက်ခိုက်တော့မည် ပုံစံဖြစ်နေသည်။


ရွှီဇီယန်မှင်တက်သွားရသည်။ သူ့ပတ်ဝန်းကျင်က လူတွေတီးတိုးပြောနေတာကို သူကြားလိုက်ချိန်၌ တွန့်ဆုတ်ခြင်းမရှိပဲ နှစ်ယောက်လုံးကို အာလူးတွေထွက်အောင် ဆုချလိုက်သည်။

"တိုက်ခိုက်ရတာကို အရမ်းကိုဝါသနာပါနေကြလား? မင်းတို့တွေအဲ့လောက်ထိ တိုက်ခိုက်ရတာကြိုက်နေရင်လည်း ပြန်ရောက်မှ မင်းတို့တိုက်ခိုက်ချင်သလောက် တိုက်ခိုက်ကြ၊ မင်းတို့တွေလျှိုကွမ်းဂိုဏ်းကဆိုတာ အခြားလူတွေသိသွားမှာကို မစိုးရိမ်ကြဘူးလား? အဲ့ဒါတောင် မင်းတို့တွေက ဒီနေရာမှာ တိုက်ခိုက်ရဲသေးတယ်?"


လဲ့ဟူဟာသူ့နားထင်ကို နှိပ်လိုက်ပြီး စကားပြောဖို့ သူအလွန်ဒေါသထွက်နေတာကြောင့် အံကြိတ်ထားသည်။ ဝေ့ချင်ကလည်း အေးစက်စက်ပုံစံသာ ရှိနေဆဲဖြစ်သည်။ ရွှီဇီယန် သူအမြင်ပဲမှားတာလား ဆိုတာကတော့ မသေချာပေမယ့် ဝေ့ချင်၏မျက်လုံးတွေထဲမှာ ဝမ်းနည်းရိပ်တွေရှိနေတာကို သူခံစားမိလိုက်သည်။


ရွှီဇီရုန်ကတော့ ရွှီဇီယန်၏အနားမှာသာရပ်နေပြီး ရွှီဇီယန်၏အင်္ကျီကို တင်းကြပ်စွာဆုပ်ကိုင်ထားသည်။ သူ၏အမူအရာတွေက အေးစက်နေပေမယ့် သူ၏နှုတ်ခမ်းနဲ့ မျက်ခုံးတွေကတော့ ဒီအခိုက်အတန့်ကြောင့် သူအလွန်ပျော်ရွှင်နေတယ်ဆိုတာ သိလှသည်။


"မင်းတို့ကိုယ်မင်းတို့လည်း ပြန်ကြည့်လိုက်ဦး မင်းတို့အသက်ဘယ်လောက်ရှိပြီလဲ? မင်းတို့တွေဘာလို့များ ကလေးလိုလုပ်နေကြတာလဲ? ဇီရုန်နဲ့ယှဉ်လိုက်ရင် မင်းတို့တွေက ကလေးတွေ မဟုတ်ဘူး! မင်းတို့တွေက ကိစ္စသေးသေးလေးအတွက်နဲ့ စကားများမယ်ဆိုတာကြီးပဲ ဘာလဲ မင်းတို့တွေက ၂နှစ်အရွယ် ကလေးတွေလား?" ရွှီဇီယန် နှစ်ယောက်သားကို ထောင့်နားသို့ ဆွဲခေါ်လာကာ သူတို့တွေ ပိုကောင်းမွန်လာစေရန် စတင်ဆူလေတော့သည်။ သူဟာအလွန်ကိုစိတ်ရှုပ်နေပြီး ဒီလိုအန္တရာယ်များသည့်ပတ်ဝန်းကျင်မှာ ကျင့်ကြံသူတွေက သာမန်လူတွေထက် ပိုစောကာရင့်ကျက်ကြတယ်လို့ သူတွေးခဲ့မိသည်။ ဝေ့ချင်နဲ့လိန်ဟူးက ဘယ်လိုလို့များ မရင့်ကျက်ရတာလဲ?


ဒါမှမဟုတ် ဒီလိုဆိုးသွမ်းတဲ့ကလေးတွေကို သူတစ်ယောက်တည်းမြင်နေရတာလား…


ပြီးတော့ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် တွေ့ကြတာနဲ့ သူတို့တွေကဆိုးသွမ်းတဲ့ ကလေးတွေဖြစ်သွားကြသည်…


ဒါကြောင့် သဟဇာတဖြစ်သော ပတ်ဝန်းကျင်ကို အလိုမရှိတာက သူတို့ကိုယ်တိုင်ပဲဖြစ်လိမ့်မည်…


ရွှီဇီယန်ကသူ့ကို ဝေ့ချင်နဲ့လဲ့ဟူနဲ့ နှိုင်းယှဉ်လိုက်တာကို ကြားလိုက်ပြီးနောက် ရွှီဇီရုန်ချက်ချင်း ပိုပြီးလိမ်မာသွားတော့သည်။ သူကျိုးနွံစွာ သူ့ကိုကို၏အနောက်မှာသာ ရပ်နေပြီး ဘာစကားမှမပြောပေ။ သူ့ကိုကိုမကြည့်တော့သည့်အချိန်၌ သူကဝေ့ချင်နဲ့လဲ့ဟူအား ထေ့ငေါ့သည့်အပြုံးမျိုး ပြုံးပြလိုက်သည်။


လဲ့ဟူ,ဝေ့ချင်: "…"


ခေါင်းကိုထုပြီး ဝေ့ချင်နဲ့လဲ့ဟူကိုဆူကာ ရွှီဇီယန် သင်ခန်းစာပေးလိုက်ပြီးနောက် သူတို့နှစ်ယောက်ဟာ နောက်ဆုံးတော့ ပိုပြီးလိမ်မာသွားတော့သည်။


လျှိုကွမ်းဂိုဏ်းစုရုံးရာနေရာသို့ ဦးဆောင်သွားသည့် ရွှီဇီယန်အနောက်ကနေ သူတို့တွေဟာ အရူးလိုလိုက်ပါသွားကြသည်။ တကယ်တော့ တစ်ယောက်ကလည်းမာနကြီးပြီး၊ အခြားတစ်ယောက်ကလည်း မောက်မာကာ သူတို့တွေဘာကြောင့်ဒီလိုလုပ်ရတာလဲဆိုတာ သူတို့ကိုယ်တိုင်လဲမတွေးတတ်‌ပေ။ တပည့်တွေအများစုဟာ အသက်အတူတူသာဖြစ်ကြပြီး သူတို့တွေက လက်ရွေးစင်တွေဖြစ်ရမယ်လို့ ယူဆထားကြသည်။


ဒါပေမယ့် သူတို့တွေကရွှီဇီယန်နဲ့ ရှိနေပြီဆိုရင် အမြဲတမ်းသူတို့တွေ၏မသိစိတ်ကနေ ကလေးဆန်သည့်အပြုအမူမျိုး ဖော်ထုတ်မိလေ့ရှိသည်။


သူတို့နှစ်ယောက်ဟာ ချက်ချင်းထသတ်တော့မည့်ပုံစံဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ပြီးနောက် ရွှီဇီယန်က သူတို့တွေကို အကြည့်စူးစူးဖြင့်ကြည့်လာတာကြောင့် သူတို့တွေချက်ချင်း ခေါင်းကိုငုံ့လိုက်ကြသည်။


Original Author's Note:

တစ်ချို့readerလေးတွေက ပိုင်ဟွကို ဇီယန်ဘာလို့ မသိတာလဲဆိုတာ သိချင်နေပုံပဲ၊ ဒီနေရာမှာရှင်းပြပေးပါ့မယ်၊ ပထမဆုံးအချက်အနေနဲ့ ပိုင်ဟွက အဓိကဇာတ်လိုက်ရဲ့အရှိန်အဝါကြောင့် ရွှီဇီယန်နဲ့ရွှီဇီရုန်၏မှတ်ဉာဏ်ထဲက ပိုင်ဟွရဲ့ရုပ်တွေကို တိမ်တွေကာထားပြီး မမြင်ရတာပါ


ဒုတိယအချက်အနေနဲ့ ရွှီဇီယန်၏မှတ်ဉာဏ်က ပိုင်ဟွနဲ့ ပတ်သက်တဲ့အကြောင်းတွေပါဝင်နေပြီး ၄ယောက်သားဖြစ်ပျက်နေတဲ့ပုံတွေကို သူအရမ်းရွံလွန်းလို့ ပိုင်ဟွရဲ့အခန်းတွေကို သူတတ်နိုင်သမျှရှောင်ရှားပြီး အခြားဖြစ်စဉ်တွေကိုပဲ ကြည့်ရှုလို့ပါ


နောက်ဆုံးအချက်အနေနဲ့ ရွှီဇီယန်၏မှတ်ဉာဏ်တွေဟာ သူ့စိတ်ထဲမှာ ဇာတ်လမ်းတစ်ခုလိုဖြစ်ပျက်နေတာပါ၊ ဘယ်မြင်ကွင်းကိုမှ အစားထိုးလို့မရပါဘူး၊ ဒါကြောင့် သူကလိုအပ်တဲ့အချိန်ကျမှ သွားကြည့်တာမို့ ပိုင်ဟွနဲ့ပတ်သက်ပြီး သူမရင်းနှီးတာပါ၊ ရှင်းရှင်းပြောရရင် ပိုင်ဟွအပေါ်ထားသည့် သူ့ရဲ့အမုန်းတရားတွေဟာ ရွှီဇီရုန်လောက်မပြင်းထန်လို့ပါ၊


#TK