Chapter 79
Viewers 4k

Chapter 79


ချန်ခွင်အိတ်ဟာမလုံခြုံတာကြောင့် ရွှီဇီယန် ထိုအရာကို လေးထောင့်တုံးထဲသို့ ထည့်ထားလိုက်သည်။ လေးထောင့်တုံးဟာ အရွယ်အစားပိုကြီးလာတာကြောင့် ပိုပြီးတော့လည်းရွေ့ပြောင်းလို့ရပေသည်။ သူ့ဖက်ကနေ ထိုအရာကို အလွယ်တကူ ထည့်လို့ရလေသည်။ 


‌ဒီအကျိုးဆက်မျိုးမဖြစ်ခင် ဒီအမွေအနှစ်နေရာကို ဝင်ရောက်လာတည်းက ရွှီဇီယန် အလွန်ကိုစိတ်လှုပ်ရှားနေပြီဖြစ်သည်။ အစိမ်းရောင်စိတ်ဝိညာဉ်လျှို့ဝှက်နယ်မြေထဲမှာ ဒီလိုနေရာမျိုး အနည်းငယ်သာရှိသည်။ အမျိုးသမီးတပည့်တစ်ယောက်ဟာ ဒီနေရာကိုရောက်လာပြီးတော့ အမွေအနှစ်သုံးခုလုံးရသွားသည်လို့ ယုံတမ်းစကားရှိဖူးသည်။ အကယ်၍ သူမသာအချိန်မမှီမှာစိုးလို့ဆိုပြီး မထွက်သွားခဲ့ရင် သူမပိုပြီးတော့အမွေအနှစ်တွေ ရရှိဦးလိမ့်မည်။


ရွှီညီအကိုတွေဟာ လမ်းအတိုင်း အချိန်အကြာကြီးလမ်းလျှောက်လာရင်း လမ်းခွဲကိုတွေ့လိုက်ရသည်။ သူတို့တွေကလူခွဲပြီးမသွားချင်တာကြောင့် နှစ်ယောက်စလုံး သေးငယ်သည့်လမ်းကြောင်းဖက်သို့ ရွေးလိုက်သည်။


သူတို့တွေက လမ်းအတိုင်း လျှောက်လာသည့်အချိန်၌ ဝင်ပေါက်လမ်းဟာ အရင်တုန်းကလိုမျိုး ထပ်ပြီးပျောက်ကွယ်သွားသည်။ နံရံဟာအစတုန်းကလိုမျိုး လမ်းခွဲတစ်ခုကိုပုံစံဖြစ်သွားသည်။ ကျောက်ရုန်တောက်ဟာ အလွန်အမင်း စိတ်ပျက်နေသည့်ပုံစံဖြင့် ထွက်လာသည်။


ဘေးပတ်လည်ကိုကြည့်လိုက်ပြီးနောက် တူညီသည့်လမ်းကြောင်းကို လျှောက်လာမှန်း သူသဘောပေါက်လိုက်သည်။ သူကဘာအမွေအနှစ်မှ မရှိခဲ့ပေမယ့် သူ့ကိုယ်သူယုံကြည်မှု ပြန်လည်ရရှိသွားပြန်သည်။ အဲ့ဒီလိုအရာတွေက ကံကောင်းမှရတတ်တာဖြစ်သည်။ ဒီနေရာမှာအမွေအနှစ်သုံးခုတောင် ရှိတာဆိုတော့ သူတစ်ခုကိုလွဲသွားရင် နောက်တစ်ခုကို ကြိုးစားကြည့်ရမည်။


အဆုံးသတ်မရှိဘူးလို့ထင်ရသည့် လမ်းဖက်ကိုလျှောက်သွားပြီးနောက် သူလျင်မြန်စွာ အခြားသောလမ်းခွဲတစ်ခုကို ရှာတွေ့သွားသည်။ သူကသူ့ရင်ဘတ်သူ ဖွဖွပုတ်လိုက်ပြီး အရှေ့သို့ဆက်လျှောက်သွားသည်။


အချိန်ဟာလျင်မြန်စွာကုန်ဆုံးသွားတော့သည်။ ကျောက်ရုန်တောက်၊လင်ရှောင်ထျန်နဲ့ ရွှီညီအကိုတို့ဟာ ကြိုးစားကြတာကြောင့် အမွေအနှစ်တွေကို ရရှိသွားကြသည်။ အမွေအနှစ်တွေထားရှိသည့်နေရာ၌ သူတို့တွေအားလုံးဟာ ရူးလောက်အောင် စိတ်လှုပ်ရှားမှုတွေကို ကြုံတွေ့ခဲ့ရသည်။


အမွေအနှစ်တွေထားရှိသည့်နေရာတိုင်းမှာ သူတို့တွေ၏အမွေအနှစ်ပိုင်ရှင်တွေဟာ မတူညီသည့်တောင်းဆိုချက်တွေရှိကြပေမယ့် ထိုအချက်ကြောင့် အဖွဲ့တစ်ဖွဲ့မှာ ဒါဇင်လောက်ရှိသည့်လူတွေအားလုံးဟာ လက်ဗလာနဲ့ပြန်ရသည်လို့ မဆိုလိုပေ။ ရွှီဇီယန်ကလွဲရင်ပေါ့။


ဟုတ်ပါတယ် ရွှီဇီယန်က ဘာအမွေအနှစ်မှ မရရှိခဲ့ပါဘူး။ ဘယ်လိုတောင် ဝမ်းနည်းစရာကောင်းလိုက်တဲ့ ပုံပြင်လေးလဲ?


ဒါပေမယ့် သူဘာကြောင့်အမွေအနှစ်မရတာလည်းဆိုသည့် အကြောင်းပြချက်ကို မိုးကြိုးသွားကျင့်ကြံသူအရင်တုန်းကပြောပြခဲ့တာကြောင့် ရွှီဇီယန်ရှင်းလင်းစွာ သဘောပေါက်သွားသည်။


သူအမြတ်ရဖို့အတွက် ဘာကိုပေးရမှာလဲ…သူနောက်ဆုံးတော့နားလည်သွားသည်။ အမြတ်ကသေတ္တာဖြစ်ပြီးတော့ အရှုံးကတော့ ဒီနယ်မြေထဲမှာ သူဘာအမွေအနှစ်မှမရတာပဲပေါ့။


ဒီမိုးကြိုးသွားကျင့်ကြံသူက အခြားသောကျင့်ကြံသူတွေကြားထဲမှာ မကောင်းတဲ့ဂုဏ်သတင်းရှိနေလို့ ဘယ်သူမှသူ၏အမွေအနှစ်ကို မဖွင့်ရဲတာဖြစ်လိမ့်မည်။ အမွေအနှစ်တွေအများစုဟာ ကြားခံရှိကြသည်။ အကယ်၍ ထိုကြားခံကိုချဉ်းကပ်ဖို့ မအောင်မြင်ပါက ထိုအရာဟာ ငြင်းပယ်ခဲ့လိမ့်မည်။ ရွှီဇီယန်က ကြားခံကိုတောင် မချဉ်းကပ်လိုက်ရဘူးဆိုတော့ သူကထိုအရာကိုတောင် ကြိုးစားကြည့်ဖို့ အရည်အချင်းမပြည့်မှီဘူးလို့ ဆိုလိုတာလား…


"သူပြောခဲ့တာ ဘာအဓိပ္ပါယ်လဲဆိုတာကို ငါခန့်မှန်းမိပြီ" ရွှီဇီယန်ခါးသပ်သပ်ပြုံးကာ ပြောလိုက်သည်။ ဘယ်လိုပဲဖြစ်ဖြစ် နောက်ဆုံးကျတော့ ဖြစ်လာသည့်အကျိုးဆက်ကို သူလက်ခံရလိမ့်မည်။ အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကို ပြည့်စုံအောင် သူရှာဖွေနိုင်သွားသည်။ ရွှီဇီရုန်ကတော့ အမျိုးသမီးကျင့်ကြံသူတစ်ယောက် လေ့ကျင့်ခဲ့သည့် အစိမ်းရောင်အပင်တွေယိမ်းနွဲ့ခြင်းကို ရှာတွေ့ခဲ့သည်။ သူ၏ကြော့ရှင်းသည့် ခန္ဓာကိုယ်ဖြင့် လေ့ကျင့်ပါက အရှောင်အတိမ်းတွေ ပိုပြီးတိုးတက်လာလိမ့်မည်။ အဲ့ဒီယိမ်းနွဲ့ခြင်းကို လေ့ကျင့်နေသည့်အချိန်၌ ပတ်ပတ်လည်မှာ အခြေခံအပင်စိတ်ဝိညာဉ်စွမ်းအင်ကို အစပျိုးလိုက်ပါက အခြေခံအပင်၏မန္တန်ဟာ သုံးဆပိုပြီးအကျိုးသက်ရောက်မှုရှိပေသည်။


ဒီလိုအမွေအနှစ်မျိုးနဲ့ပတ်သက်ပြီး ရွှီဇီရုန် အနည်းငယ်အငြင်းပွားမှုရှိနေသည်။ သူအရင်ဘဝတုန်းက သွယ်လျပြီးကြော့ရှင်းတဲ့ခန္ဓာကိုယ်ရှိခဲ့ပေမယ့် ဒီအစိမ်းရောင်အပင်တွေယိမ်းနွဲ့ခြင်းက အမျိုးသမီးကျင့်ကြံသူအတွက်ဆိုတာ သိသာလှသည်။ ဘယ်လိုတိကျတဲ့ပြဋ္ဌာန်းချက်တွေကြောင့်များ သူ့ဆီကို ဒီလိုအမွေအနှစ်မျိုး ရောက်လာလည်းဆိုတာ သူဘယ်လိုမှမတွေးတတ်တော့ပေ။


ဒီအမွေအနှစ်နဲ့ပတ်သက်ပြီး အသက်သာဆုံးကတော့ အမွေအနှစ်ကိုရှာမတွေခင် ဘာရမလဲဆိုတာမသိတာကြောင့် စတင်လိုက်တာနဲ့ ရပ်တန့်လို့မရပေ။ မူလအစက ဒီအမွေအနှစ်ကို ပိုင်ဆိုင်ထားသူဟာ ဘယ်သူလဲတော့မသိပေမယ့် ကျေးဇူးတင်စရာတော့ကောင်းလှပေသည်။ မင်းတကယ်မုန်းတယ်ဆိုရင် ထိုအရာကိုမင်းအမြဲသုံးလို့မရဘူး။


ယေဘုယျအားဖြင့်တော့ သူတို့တွေက ကောင်းမွန်တဲ့ရလဒ်တော့ ရရှိခဲ့ကြသည်။ နောင်တရစရာတစ်ခုကတော့ ကျောက်ရုန်တောက်နဲ့လင်ရှောင်ထျန်ဆီကနေ သူတို့တွေခွဲထွက်ပြီး အထဲကိုဝင်ခဲ့ပြီးနောက် သူတို့တွေဆုံမှတ်ကို ရှာမတွေ့တော့ပေ။


‌ရွှီဇီယန်က ကျောက်ရုန်တောက်အပေါ်မှာ ကောင်းမွန်သည့် သဘောထားမျိုးရှိထားပြီး သူနဲ့စကားပြောရတာက စိတ်ဝင်စားဖို့ကောင်းသည်။ လင်ရှောင်ထျန်အတွက်ကတော့ သူဘာထင်မြင်ချက်မှသိပ်မရှိပေ။ ထိုသူ့အကြောင်းကိုပိုသိချင်ရတာက ထိုသူကိုအသုံးချပြီးတော့ ပိုင်ဟွနဲ့တိုက်ရိုက်တွေ့ရမှာကို ရှောင်ချင်ရုံသာဖြစ်သည်။ မူလလင်ရှောင်ထျန်ကတော့ ပိုင်ဟွနဲ့ အမှတ်မထင်တွေ့ဆုံပြီးပြီဖြစ်သည်။ ပိုင်ဟွသာ လင်ရှောင်ထျန်နဲ့အချိန်အကြာကြီးရှိထားတယ်ဆိုရင် အဓိကဇာတ်လိုက်အရှိန်အဝါရှိတဲ့သူအနားကနေ ရွှီဇီယန်တတ်နိုင်သမျှ ခပ်ဝေးဝေးရှောင်ရှားရမည်။


သူ၏အရင်ဘဝတုန်းက အကြောင်းကိုပြန်ပြောရရင် ပိုင်ဟွကအလွန်ကို အထင်ကြီးစရာကောင်းလှသည်။ အေးစက်တဲ့နှလုံးသားရှိသည့် လင်ရှောင်ထျန်တောင် သူ၏ထောင်ချောက်ဖြစ်တဲ့ အချစ်ဆိုသည့်ခေါင်းစဉ်ကို မရှောင်ရှားနိုင်ခဲ့ပေ။ နောက်ဆုံးမှာတော့ သူကအခြားသောယောင်္ကျားလေးနှစ်ယောက်နဲ့အတူ သူ့အချစ်ကို လိုလိုလားလား ဝေမျှပေးလိုက်ရသည်။ ရွှီဇီယန် ဒီလိုအရာကြီးကိုသိရှိပြီး အလွန်ထိတ်လန့်မိသည်။


လင်ရှောင်ထျန်က အေးစက်ပြီးအထက်စီးဆန်သည်။ မော့ကျီးယွမ်က ကြင်နာသနားတတ်ပြီးဉာဏ်ပြေးသည်။ သူ၏မူလလူ၏စိတ်သဘောထားက ပိုပြီးတော့တည်ငြိမ်တိတ်ဆိတ်ပြီး ပိုင်ဟွနဲ့တောင် စကားများများသိပ်မပြောဘူး။ အဲ့ဒါတောင်မှ ပိုင်ဟွက စရိုက်မျိုးမျိုးရှိတဲ့ယောင်္ကျားအားလုံးကို ချုပ်ကိုင်ထားနိုင်သည်…


ဒါပေမယ့် အားလုံးတော့မဟုတ်ဘူးပေါ့။ အနည်းဆုံးတော့ ရွှီဇီရုန်က သူ့ရဲ့ကောက်ကျစ်တဲ့ဆွဲဆောင်မှုအောက်မှာ မကျရှုံးသွားဘူးလေ။ ဒါပေမယ့် နောက်ဆုံးတော့ ဒီဝတ္ထုထဲမှာ ရွှီဇီရုန်ရခဲ့တဲ့ရလဒ်က သူတို့တွေလေးယောက်ရဲ့နှိပ်စက်ညှင်းပန်းမှုတွေကို အချိန်အကြာကြီးခံစားခဲ့ရပြီး အသတ်ခံခဲ့ရခြင်းသာဖြစ်သည်…


ဒီဘဝမှာတော့ အရင်ဘဝကနဲ့မတူကွဲပြားမယ်ဆိုတာ သူသိထားပေမယ့် သူ၏ညီငယ်လေးက ဝတ္ထုထဲမှာ ဒီလိုအဆုံးသတ်ခဲ့ရတာကို ပုံဖော်ကြည့်လိုက်တိုင်း ရွှီဇီယန် ပိုင်ဟွကိုသဘောကျဖို့ ဘယ်လိုမှမဖြစ်နိုင်ဘူး။


သူ၏မှတ်ဉာဏ်နဲ့ဝတ္ထုကို ပေါင်းစပ်ပြီး ဘယ်လောက်ပဲပုံဖော်ကြည့်ပါစေ ပိုင်ဟွပုံစံကိုတော့ ရှင်းလင်းအောင်မဖော်ပြထားပေ။


အခုအချိန်မှာတော့ ပိုင်ဟွအကြောင်းကိုစုံစမ်းဖို့ ရွှီဇီယန် စိတ်ဝင်စားခြင်းမရှိတော့ဘူး။ ဒီဘဝမှာတော့ အဲ့ဒီလူနဲ့အဆက်အသွယ်ပြုလုပ်ဖို့ အစီအစဉ်မရှိဘူး။ သူတို့တွေနဲ့မပူးပေါင်းသ၍ သူလုပ်ချင်တာမှန်သမျှလုပ်နိုင်သည်။


လူတွေရဲ့ဆန္ဒနဲ့ လက်တွေ့နဲ့ မကိုက်ညီတာက ဝမ်းနည်းစရာပင်ဖြစ်သည်။ ရွှီဇီယန်တွေးမိတာကတော့ ထိုကံကြမ္မာဟာ လက်တွေ့မဖြစ်လာဖို့ပင်ဖြစ်သည်။


"ကိုကို အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်အသားက ဆင့်ခေါ်နေတာကို ကျွန်တော်ခံစားရတယ်"


"အချိန်ကျပြီလား ငါတို့ဒီရောက်နေတာ အချိန်တော်တော်ကြာသွားပြီဆိုတော့ ငါထပ်ပြီးမစောင့်ချင်တော့ဘူး" ရွှီဇီယန် သူ့ခန္ဓာကိုယ်ကို အနည်းငယ်ပြင်ဆင်လိုက်သည်။ လိုဏ်ခေါင်း၏နောက်ဆုံးအပိုင်းဟာအတော်ကျဉ်းမြောင်းတာကြောင့် အတွင်းထဲကို လမ်းလျှောက်ဖို့ သူအတော်‌ေလးခက်ခဲသည်။


"ကိုကို ဒီလိုဆင့်ခေါ်တာက ဒီနယ်မြေပိတ်ဖို့ ၇ရက်ကျော်လောက်ပဲ လိုတော့တယ်လို့ဆိုလိုတာမလား ကျွန်တော်တို့တွေ အခုပြန်လှည့်ကြတော့မှာလား?"


"ပြန်လှည့်ကြစို့ ဆုံမှတ်ကိုရောက်ဖို့ ငါတို့ဘယ်လောက်ကြာမလဲဆိုတာ မသိနိုင်ဘူးလေ ပြီးတော့ ဆရာသခင်ကလည်းမပြောခဲ့ဘူးလား? ထိုအမှတ်က တစ်နေ့ပဲဖွင့်မှာလေ အကယ်၍ ငါတို့တွေအချိန်ဆွဲနေလို့ အပြင်ထွက်လို့မရရင် အလွန်ဆိုးရွားသွားလိမ့်မယ်" ရွှီဇီယန်ရယ်ကာပြောလိုက်သည်။ 


"ကိုကိုပြောတာလည်း ဟုတ်ပါတယ်" ရွှီဇီရုန်ခဏလောက်တွေးတောလိုက်ပြီး နောက်ထပ်အမွေအနှစ်တွေကိုရှာဖွေဖို့ အစီအစဉ်ကို ဖျက်သိမ်းလိုက်တော့သည်။ အမှန်တော့ သူကအမွေအနှစ်တွေနဲ့ပတ်သက်ပြီး စိတ်ဝင်စားခြင်းမရှိဘူး။ သွေးပင်လယ်နှလုံးကျင့်စဉ်လိုမျိုး အဆင့်မြင့်မန္တန်တွေနဲ့ယှဉ်လိုက်ရင် အဲ့ဒီအမွေအနှစ်တွေက သူ့အတွက်ဘာမှမဟုတ်ပေ။


သူနောင်တရတာတစ်ခုက သူ့ကိုကိုက အခုချိန်ထိ ဘာအမွေအနှစ်မှ မရရှိသေးတာကိုပင်။ အစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားကို ရှာတွေ့တာက အတော်လေးကောင်းတယ်ဆိုပေမယ့် အဲ့ဒါကလျှပ်စစ်တစ်ခုသာဖြစ်သည်။ ရွှီဇီယန်၏လက်ရှိစွမ်းအားနဲ့ ထိုအရာကိုဝါးမျိုဖို့ ကြိုးစားလိုက်ပါက ထိုအတွင်းထဲက အင်မတန်ကြီးမားစွမ်းအာကြောင့် သူပေါက်ကွဲသွားလိမ့်မည်။


"ကိုကိုက ဘာအမွေအနှစ်မှ မရတာ အတော်ဆိုးတာပဲ…" ရွှီဇီရုန်အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။


ရွှီဇီယန် သူ၏ခေါင်းကိုပွတ်ပေးလိုက်ကာ

"ငါကအစိမ်းရောင်စိတ်ဝိညာဉ်မိုးကြိုးသွားရထားပြီလေ အဲ့ဒါကလည်းအမွေအနှစ်ထက်စာရင် သိပ်မဆိုးလှပါဘူး"


ရွှီဇီရုန်ကအနည်းငယ် နောင်တရနေဆဲဖြစ်ပေမယ့် ဒီလိုအရာမျိုးအတွက် သူဖိအားမပေးသင့်ဘူးဆိုတာ သိထားသည်။


ဂျွတ် ဂျွတ်


ညီအကိုနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် အသံတိတ်ကြည့်လိုက်ရင်း ထိုအသံဟာ ရွှီဇီရုန်၏ပခုံးထက်ကနေ ထွက်ပေါ်လာသည်။


သူတို့တွေဒီယုန်နဲ့ အမှတ်မထင်တွေ့ပြီးကတည်းက ဒီအသံကဘယ်တော့မှ မတိတ်သွားပေ။ ဒီယုန်ရဲ့ကိုယ်ပိုင်နေရာက ယုန်ရဲ့ပစ္စည်းတွေနဲ့များ ပြည့်ကြပ်နေမလားလို့ ရွှီဇီယန်သံသယဖြစ်မိသည်။


ထိုအကောင်၏တည်ရှိမှုဟာ အလွန်ကိုသိမ်မွေ့လှသည်။ ထိုအကောင်ဟာ မရပ်မနားဝါးစားနေပေမယ့်လည်း အချိန်အများစုဟာ ဒီအကောင်လေးရှိနေတာကို သူတို့နှစ်ယောက်မေ့နေတတ်သည်။


ထိုယုန်နဲ့ပတ်သက်ပြီး ဘာမှထူးခြားတာ သိပ်မရှိပေ။ မုန်လာဥကိုစားနေတာလွဲရင် ထိုအကောင်က ဘာအရည်အချင်းမှ ရှိပုံမပေါ်ပေ။


အထူးဆန်းဆုံးအရာကတော့ အရင်ရွှီဇီရုန်သာဆိုရင် အပန်းရောင်ယုန်ကို သူ့ပခုံးပေါ်ထိုင်ပြီး အဆက်မပြတ်စားသောက်နေတာကို သူလုံးဝခွင့်ပြုမှာမဟုတ်ပေ။ ဒါပေမယ့် လက်ရှိမှာတော့ သူဒီယုန်အပေါ် အတော်လေးစိတ်ရှည်နေသည်။ သူ၏စိတ်က ဒီယုန်ကို မနှောင့်အယှက်ဖို့ ပြောနေတာကြောင့် ဒီအကောင်လေးကလည်း သိပ်မလေးတာကြောင့် သူ၏ပခုံးကို အိမ်အဖြစ်နေခွင့်ပြုထားလိုက်သည်။


အစိမ်းရောင်စိတ်ဝိညာဉ်အမှတ်အသား၏ လမ်းညွှန်မှုကြောင့် ဆုံမှတ်ကိုရှာဖို့ သူတို့တွေ အချိန်တစ်ရက်သာကြာသွားသည်။ အဲ့ဒီအမှတ်တွေဟာ သေးငယ်တဲ့နေရာကူးပြောင်းသည့် မန္တန်နဲ့ဆင်တူပြီး သူတို့တွေကို ဝင်ပေါက်လိုဏ်ဂူဆီ ပို့ဆောင်ပေးနိုင်သည်။


ထိုဆုံမှတ်ဆီ သူတို့ရောက်ရှိသည့်အချိန်၌ အတော်လေး လူသူကင်းမဲ့နေသည်။ သူတို့ညီအကိုနှစ်ယောက်အပြင် ထိုနေရာ၌ အမဲရောင်ယောင်္ကျားတစ်ယောက်ဟာ အသံတိတ်မတ်တပ်ရပ်နေသည်။ 


သူ့ကိုကြည့်လိုက်ပြီးနောက် ရွှီဇီယန်ဟာ ရွှီဇီရုန်အား အနားသို့ဆွဲလိုက်ကာ အနောက်သို့အနည်းငယ် ခြေလှမ်းဆုတ်လိုက်သည်။ အဲ့လူ၏ရုပ်ရည်ဟာ အတော်လေးချောမောတယ်ဆိုပေမယ့် သူ၏မျက်လုံးထောင့်မှာ ဖုံးကွယ်ထားသည့်အရိပ်အယောင်တွေရှိနေပြီး သူကပြုံးနေသည်။ သူ၏မျက်လုံးတွေဟာ အလွန်ကို ညှို့ယူဖမ်းစားနိုင်သည့် စွမ်းအင်မျိုးရှိပြီး ဘယ်အမျိုးသမီးမဆို သတိထားမိပါက အော်ဟစ်သွားနိုင်သည်။


ရွှီဇီယန်၏အမူအရာကိုမြင်လိုက်ပြီးနောက် ထိုလူကရယ်လိုက်သည်။ နှစ်ဖက်စလုံး၏စွမ်းအားကလည်း ညီတူညီမျှပဲဖြစ်နိုင်ကာ အစိမ်းရောင်စိတ်ဝိညာဉ်နယ်မြေကလည်း ပိတ်ဖို့နီးနေပြီမို့ သူဖက်ကနေအရင်ဆုံးရန်မစချင်ပါ။


နှစ်ဖက်စလုံးဟာ ဆုံမှတ်ကအဖြူရောင်အလင်းတန်း မထွက်ပေါ်လာခင်အထိ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေကြသည်။ 


ထိုယောင်္ကျားဟာ အရင်ဆုံးခြေလှမ်းစတင်လှမ်းလိုက်သည်။ သူမပျောက်ကွယ်သွားခင် သူတို့တွေကို တစုံတခုပြောသွားခဲ့သည်။


'ငါတို့နောက်ထပ်ပြန်ဆုံကြဦးမှာပါ အလှလေး'


ချက်ချင်းပဲ ရွှီဇီယန်ဒေါသထွက်သွား၏။ ဘယ်လိုစောက်ကောင်မျိုးလဲဟ! ထိုသူသာမြန်မြန်သာမပြေးသွားဘူးဆိုရင် ထိုသူအားသူသွားရိုက်မိလိမ့်မည်! ငါ့ညီလေးက၁၂ပဲရှိသေးတာကို မင်းကဘာအစီအစဉ်တွေ ဆွဲနေရတာလဲ!


စက်ဆုပ်ရွံရှာဖွယ်ရာကောင်းလိုက်တာ!


ရွှီဇီယန်ကဒေါသခြောင်းခြောင်းထွက်ကာ အလုပ်ရှုပ်နေသည့်အချိန်တွင် ရွှီဇီယန်အမူအရာကတော့ အလွန်အမင်းကိုမဲမှောင်လျက်ရှိသည်။ သူ့ကိုကိုကအထင်လွဲသွားပေမယ့် ဒီနေရာမှာဘာဖြစ်သွားလဲဆိုတာကို သူကတော့သေချာသ‌ဘောပေါက်သည်။ ထိုစကားကသူ့ကိုကို,ကို တိုက်ရိုက်ပြောသွားခြင်းဖြစ်သည်။ တစ်နည်းဆိုရရင် ထိုသူစိတ်ဝင်စားတာက သူ့ကိုကို,ကို သူ့ကိုမဟုတ်ဘူး။


ဒီထက်ပိုပြီးအရေးကြီးတာက ဒီလူကိုသူမှတ်မိပြီ!


သူ့နာမည်ကသွမ့်မုနင်၊ သူကအမူအကျင့်ပျက်ပြားသည့် ကျင့်ကြံသူတွေထဲမှာ နာမည်ဆိုးနဲ့ကျော်ကြားသူဖြစ်သည်။


#TK