Chapter 105
တောကောင်တွေ မြို့ကိုလာရောက် တိုက်ခိုက်မှာက အန္တရာယ်ဖြစ်စေနိုင်မှန်း သံသယဖြစ်စရာမရှိပေမယ့် အခွင့်အရေးတွေလည်း ရှိနေသေးသည်။ အတိတ်တုန်းကတော့ ကျင့်ကြံသူတွေ တောကောင်တွေအား အမဲလိုက်ချင်ပါက သူတို့တွေဟာ တောနက်ကြီးထဲသို့ သွားကြရသည်။ ဒီလိုအန္တရာယ်ရှိသည့်နေရာသို့ တစ်ယောက်တည်းသွားပါက သူတို့တွေက တောကောင်တွေ၏အစာ ဖြစ်သွားလိမ့်မည်။ အကယ်၍ လူအများကြီးနဲ့ အုပ်စုလိုက်ကြီး သွားပြန်ရင်လည်း တောကောင်တွေကို သတိပေးသလိုဖြစ်သွားလိမ့်မည်။ ပြီးတော့ သူတို့တွေဟာ တောကောင်တွေကို သတ်နိုင်တယ်ဆိုရင်တောင် သူတို့တွေက စိတ်ဝိညာဉ်ကျောက်တုံးတွေကို အများကြီး ရရှိကြမှာမဟုတ်ပေ။
ဒီအချိန်မှာတော့ မြို့ကိုတောကောင်တွေ လာရောက်တိုက်ခိုက်မှာဖြစ်တာကြောင့် တောကောင်တွေကို ခုခံကာကွယ်နိုင်သည့် အကွာအဝေးကနေ ကျင့်ကြံသူအားလုံးဟာ တံတိုင်းပေါ်မှာ စောင့်ကြပ်နေကြသည်။ သူတို့တွေထဲကအများစုဟာ ဒီလိုအစုလိုက်အပြုံလိုက်ကြီးကို တစ်ခါမှမမြင်ဖူးကြပေ။
မြို့ကိုစောင့်ကြပ်ရမည့် သူတို့တွေ၏ဆန္ဒဟာ စိတ်ဝိညာဉ်ကျောက်တုံးတွေ စုစည်းရမည့်ဟု ကူးပြောင်းသွားသည်။ တောကောင်တွေအပေါ်ထားသည့် ကျင့်ကြံသူတွေ၏သဘောထားဟာ ပြောင်းလဲသွားတော့သည်။ သူတို့တွေဟာ တောကောင်တွေလို့ မမြင်ကြတော့ပဲ တံတိုင်းအောက်က တောက်ပနေသည့် စိတ်ဝိညာဉ်ကျောက်တုံးတွေလို့သာ ထင်မှတ်နေကြတော့သည်။
…
သူတို့တွေ ဒီစိတ်ဝိညာဉ်ကျောက်တုံးတွေကို ဆုပ်ကိုင်ထားပြီး ပျော်နိုင်ဖို့ အသက်ရှိမရှိဆိုတာကတော့ အခြားကိစ္စသက်သက်သာဖြစ်သည်။ အခုချိန်မှာတော့ မြို့ကိုစောင့်ကြပ်ထားသည့် အဲ့ဒီကျင့်ကြံသူတွေက အဆင်သင့်ဖြစ်နေကြပြီးဖြစ်သည်။
ဖန့်အိမ်တော်ကတိုက်ပွဲ ပြီးသွားပြီးနောက် ရွှီဇီယန်အား ကျန်မိသားစု၏တာဝန်ပေးအပ်သည့်အနေဖြင့် အနောက်ဘက်ဂိတ်က တံတိုင်းဆီသို့ ကျန်ခေါင်းဆောင်အနောက်ကနေ လိုက်ပါလာသည်။ တစ်မြို့လုံးအား ကာကွယ်ရေးအခင်းအကျင်းကို အသက်သွင်းလိုက်ပြီးဖြစ်သည်။ အပြင်ပန်းအနေနဲ့တော့ ဒီမြို့ဟာရွှေလိုမျိုး ပစ်ခဲလျက်ရှိသည်။
ဖန့်မိသားစုအိမ်တော်၌ ပိုင်ဟွဟာ ရွှီဇီယန်အနားကို အကြိမ်များစွာ ချဉ်းကပ်ဖို့ကြိုးစားပေမယ့် သူချဉ်းကပ်လိုက်ရင်း ရွှီဇီရုန်က တားဆီးလေ့ရှိသည်။ ရွှီဇီယန်ကလည်း သူနဲ့မပတ်သက်ချင်တာကြောင့် မမြင်သလိုသာ နေထားလိုက်သည်။
ပိုင်ဟွအံကြိတ်လိုက်ပြီး ရွှီဇီရုန်အား သူ၏ရွံစရာအတွေးတွေဖြင့် ခြိမ်းခြောက်လိုက်ပေမယ့် ရွှီဇီရုန်က ဂရုတောင်မစိုက်ပေ။ ဆန့်ကျင်ဘက်အနေနဲ့ သူကလှပသည့်အပြုံးမျိုး ပြုံးလိုက်ပြီး
"မင်းဘာပဲပြောပြော ငါ့ကိုကိုက မင်းပြောတာကို ယုံမယ်ထင်နေလား?"
ရွှီဇီရုန်ထွက်သွားတာကို မြင်လိုက်ပြီး ပိုင်ဟွဟာ သူ၏သွားတွေ ကျိုးမတတ်အောင် အံကြိတ်ကာ ဒေါသထွက်နေသည်။ ရွှီဇီရုန်က သူ၏အားနည်းချက်ကို ရှာဖွေကာ ရိုးရှင်းသည့်နည်းလမ်းဖြင့် အသုံးပြုသွားသည်။ သူတို့တွေမနီးကပ်သေးသ၍ ရွှီဇီယန်ဟာ သူ၏စကားတွေကို ယုံကြည်လိမ့်မည်မဟုတ်ပေ။
သူကထိုကိစ္စကို လူတွေအားလုံးအရှေ့၌ ပြောလိုက်ချင်ပေမယ့် သူသေသေချာချာတွေးတောပြီးနောက် ထိုအကြံအား ရုပ်သိမ်းလိုက်တော့သည်။
သူ့လက်ထဲ၌ သက်သေပြစရာ ဘာအထောက်အထားမှမရှိဘူး။ ဒါကြောင့် အမတဝိညာဉ်အခြေတည်စအဆင့် ကျင့်ကြံသူ၏တပည့်တွေကို မရေရာမသေချာပဲ သူသွားစွပ်စွဲလိုက်ပါက သူ့ဆရာသခင်တောင် သူ့အားကာကွယ်ပေးနိုင်လိမ့်မည်မဟုတ်ပေ။
ပြီးတော့ လက်ရှိမှာ အားလုံးက မြို့ကိုတိုက်ခိုက်မည့် တောကောင်တွေကိုသာ အာရုံစိုက်ထားကြသည်။ သူတို့ညီအကိုနှစ်ယောက် ချစ်ကြိုက်ကြတာက သူတို့နှစ်ယောက်ကြားက ကိစ္စသာဖြစ်သည်။ ဒီကိစ္စကိုပြောလိုက်ရင်တောင် အခုချိန်မှာ ကျင့်ကြံသူတွေက အာရုံစိုက်ကြမည်မဟုတ်ပေ။ ထိုပြဿနာက သူ့အားရန်သူတွေများပြားလာစေနိုင်ပြီး သူမကိုင်တွယ်နိုင်ပါက သူ့ကိုယ်သူဂုဏ်သိက္ခာချသလိုသာ ဖြစ်သွားလိမ့်မည်။
သူနဲ့ဘယ်လောက်မှမဝေးသည့် ရွှီဇီယန်အား ကြည့်လိုက်ရင်း ပိုင်ဟွဘယ်တော့မှ သူ့အနားကို ချဉ်းကပ်ဖို့ အခွင့်အရေးဘယ်တော့မှမရတော့ဘူး။ အဆုံးမှာတော့ ရွှီညီအကိုနှစ်ယောက်က အနောက်ဘက်တံတိုင်းကို စောင့်ကြပ်ရန် ကျန်ခေါင်းဆောင်အနောက်သို့ လိုက်သွားတာကို သူကြည့်နေရုံသာတတ်နိုင်သည်။ သူကတော့ မြို့၏တောင်ဘက်ဂိတ်၌ စောင့်ကြပ်ရန် ဖန့်ခေါင်းဆောင်နဲ့ လိုက်သွားတော့သည်။
ဖန့်အိမ်တော်ကနေ ထွက်လာမှ ရွှီဇီယန်လည်း သက်ပြင်းရှည်ကြီးချနိုင်တော့သည်။ ပိုင်ဟွ၏စူးရှသည့် အကြည့်တွေက သူ့အားအလွန်ကို စိတ်မသက်မသာဖြစ်စေပြီး ဇီရုန်၏ပုံစံကလည်း အရင်တုန်းက အနည်းငယ်ကွဲပြားနေသည်။
အဲ့ဒီလူနှစ်ယောက်က သူ့အားလုယူရန် ယှဉ်ပြိုင်နေကြတာကို သူမသိပေ။ တောကောင်၏တိုက်ခိုက်မှုကို အောင်မြင်စွာကျော်လွှားနိုင်ပြီးရင် သူလုပ်ဆောင်ချင်သည့် တစ်ခုတည်းသောအရာကတော့ ပိုင်ဟွကဆီကနေ ခပ်ဝေးဝေးဖို့သာဖြစ်သည်။ အခြားလူတွေအမြင်မှာတော့ ပိုင်ဟွက ကြည်နူးစရာကောင်းတယ်၊အချစ်စစ်တယ်လို့ ထင်ကြပေမယ့် သူ့အနေနဲ့ကတော့ ပိုင်ဟွကဘေးအန္တရာယ်သာဖြစ်ပြီး ရွှီဇီရုန်အတွက်လည်း အန္တရာယ်ရှိသည်။
ထို့အပြင် သူကထူးဆန်သည့် ဆွဲဆောင်နိုင်သောအရည်အချင်းလည်း ရှိပုံပေါ်သည်။ သူကသားကောင်အဖြစ် ထောင်ချောက်ထဲမကျရောက်နိုင်ဘူးဆိုပေမယ့် ဖန့်မိသားစုနဲ့ကျန်မိသားစုက မျိုးဆက်လူငယ်တွေဟာ ပိုင်ဟွနဲ့ဆိုရင် အတော်လေး စိတ်အားထက်သန်မှုရှိကြမှန်း သူသိသည်။
ဝတ္ထုထဲက ပိုင်ဟွ၏ဖြားယောင်းမှုကို တွေးလိုက်သည့်အချိန်၌ ရွှီဇီယန် တုန်ရီသွားတော့သည်။ အကယ်၍ မင်းသာတစ်စုံတစ်ယောက်ကို ချစ်တယ်ဆိုရင် အခြားလူတွေနဲ့ ပျော်ရွှင်နေစရာမလိုပေ။ သူကတော့ နူးညံ့ပြီး သစ္စာရှိသည့် ဇနီးကိုသာရှာမည်။ မိန်းမတစ်ယောက်က ဘယ်လောက်ပဲလှနေပါစေ သူမကအနည်းဆုံးတော့ သစ္စာရှိဖို့လိုသည်။ ပိုင်ဟွလို လူမျိုးစုံကို စိတ်ဝင်စားနေသည့် လူမျိုးနဲ့တော့ သူမရချင်ဘူး။
ရွှီဇီယန်ကတော့ ပိုင်ဟွဆီကနေ ပုန်းရှောင်ချင်ပေမယ့် ရွှီဇီရုန်ကတော့ ပိုင်ဟွအားသတ်ရန် ဆုံးဖြတ်ချက်ချထားသည်။ ပိုင်ဟွကို ရွှီဇီယန်နဲ့ မနီးကပ်စေဖို့ သူတားဆီနေသည့်အချိန်မှာပင် ရွှီဇီရုန်က ပိုင်ဟွ၏ကိုယ်ပေါ်ကို တစ်ချို့သောသွေးလုံးတွေ တိတ်တဆိတ် ချထားပြီးဖြစ်သည်။ ဒါပေမယ့် အမည်မသိသည့်အကြောင်းပြချက်တွေကြောင့် ထိုသွေးလုံးတွေဟာ လူသားခန္ဓာကိုယ်ထိမိလိုက်ပြီးနောက် ပျောက်ကွယ်သွားတော့သည်။
ရွှီဇီရုန်ခဏလောက် တွေးလိုက်ပြီး ထိုအရာက မတော်တဆအဖြစ်လို့သာ သူတွေးလိုက်ပေမယ့် ပိုင်ဟွ၏ကိုယ်ပေါ်၌ သူ၏သွေးလုံးတွေကို တားဆီးနိုင်သည့် အရာတစ်ခုခုရှိနေလိမ့်မယ်ဆိုတာ သေချာသွားသည်။
ဒါပေမယ့် ရွှီဇီရုန် သိပ်ပြီးစိတ်ပူမနေပေ။ ထို့အပြင် သွေးလုံးတွေက အသုံးပြုဖို့လွယ်ကူပေမယ့် သူတို့တွေကို ခြေရာကောက်ဖို့နဲ့ စူးစမ်းရှာဖွေဖို့အတွက်သာ အသုံးပြုလို့ရသည်။ သူတို့တွေက တိုက်ခိုက်ရာနဲ့ခုခံရာတွင် အလွန်ညံ့ဖျင်းလှသည်။ သူ၏မူလအစီအစဉ်က သွေးလုံးတွေကိုအသုံးပြုကာ ပိုင်ဟွ၏တည်နေရာကို အတည်ပြုချင်လို့သာဖြစ်သည်။ အဲ့ဒီနည်းလမ်းဖြင့် သူ၏ပြိုင်ဘက်ဖြစ်သူ တစ်ယောက်တည်းရှိနေချိန်၌ ထိုသူအားသတ်ရန် သူအခွင့်အရေးရရှိမည်ဖြစ်ပေမယ့် လက်ရှိမှာတော့ သူ၏အစီအစဉ်ကို ပြန်လည်ပြောင်းရတော့မည်ဖြစ်သည်…
"ဒီနေရာက တကယ့်ကို တောကောင်တွေ အများကြီးရှိနေတာပဲ" ရွှီဇီယန်က မြို့တံတိုင်းပေါ်ကနေ ရပ်လိုက်ပြီး ကွာဝေးလှသည့် တောကောင်တွေ အစုလိုက်အပြုံလိုက်ကို ကြည့်လိုက်သည်။ ဒီလိုမြင်ကွင်းမျိုးကို သူပထမဆုံးအကြိမ် မြင်ဖူးတာဖြစ်ပေမယ့် သူစိတ်လှုပ်ရှားခြင်းမရှိပေ။
တောကောင်တွေ၏အရေအတွက်ပိုများလေ မြို့ဂိတ်ကိုစောင့်ကြပ်ဖို့ ပိုပြီးခက်ခဲလေဖြစ်သည်။ ဒီလောက်ကြီးမားသည့် စစ်မြေပြင်၌ ကျင့်ကြံသူတွေ၏စွမ်းအားဟာ သာမန်အဆင့်ထက်မမြင့်နေပါက အရာအားလုံးဟာ အသုံးဝင်မည်မဟုတ်ပေ။
ရှုပ်ရှက်ခတ်နေသည့်စစ်ပွဲအတွင်း ဘယ်သူ့ရဲ့စွမ်းအားကိုမှ ရှင်းလင်းစွာမမြင်ရပေ။ အခြေခံကျင့်ကြံခြင်း နှောင်းပိုင်းအဆင့်ထိ ရောက်ရှိထားသည့် ကျင့်ကြံသူတွေပင် သူတို့ပတ်ပတ်လည်က ရာချီရှိသည့်တောကောင်တွေကြားထဲကို ရောက်သွားပါက သူတို့တွေရွံ့နွှံထဲကို နှစ်မြှုပ်သွားသလို ဖြစ်သွားလိမ့်မည်။
"မြို့ကိုခုခံကာကွယ်ဖို့ အတော်လေးဖိအားများတယ်" ကျန်ထျန်းရှင်၏အကြည့်တွေက အလွန်ခက်ထန်နေပြီး အဝေးမှာရှိနေသည့် တောကောင်တွေကို ကြည့်ကာ သူလေးလံသလိုခံစားနေရသည်။
"အကို အရမ်းစိတ်မပူပါနဲ့ ဒီတောကောင်တွေက မြို့ကိုဘယ်လိုတိုက်ခိုက်ရမလဲမသိပါဘူး သူတို့တွေက ဒီတိုင်းဝိုင်းထားရုံပါ" အသတ်အလယ်အလတ်နဲ့လူက ပြတ်ပြတ်သားသားပြောလိုက်သည်။
"မင်းကအဲ့လိုထင်တယ်ပေါ့?" ကျန်ထျန်းရှင်က ထိုလူကို လေးနက်စွာကြည့်လိုက်သည်။
ကျန်ထျန်းရဲ၏မျက်ခုံး လှုပ်သွားပြီး "သူတို့တွေက အခြားနည်းလမ်းတွေနဲ့ မြို့ကိုတိုက်ခိုက်လိမ့်မယ်လို့ အကိုထင်နေတာလား?"
"ဘယ်သိမလဲ? နတ်ဆိုးကျင့်ကြံသူတွေမှာသာ အစီအစဉ်မရှိရင် ဒီတောကောင်တွေက စုစည်းနေမယ်လို့ မင်းထင်နေတာလား?"
"ဟန့် ဒီနတ်ဆိုးကျင့်ကြံသူတွေကတော့!" ကျန်ထျန်းရဲက နတ်ဆိုးကျင့်ကြံသူတွေအား အထင်သေးစွာ အေးစက်စက်သရော်လိုက်သည်။
ကျန်ထျန်းရှင်ပေါ့ပါးစွာ သက်ပြင်းချလိုက်သည်။ သူ့အမေက သူ့ညီဖြစ်သူကို ကလေးထဲက အရမ်းလိုလိုက်ထားသည်။ အနောက်ဘက်နယ်မြေမှာ အတွေ့အကြုံရရန် မိသားစုအမျိုးမျိုးက ပါဝင်မယ့်သူတွေကို ရွေးချယ်သည့်အချိန်၌ သူ၏ညီဖြစ်သူက သူ့အမေအား ကာကွယ်စောင့်ရှောက်နေရတာကြောင့် မပါဝင်ခဲ့ပေ။ ထိုအကြောင်းအရာတွေကြောင့် သူ့ညီဖြစ်သူက နတ်ဆိုးကျင့်ကြံသူတွေဟာ ရိုင်းစိုင်းပြီး ဦးနှောက်မရှိသည့် တောကောင်တွေနဲ့ ဘယ်လောက်ကွာခြားလဲဆိုတာမသိဘူး။
ကျန်ထျန်းရှင်ဟာ သူ့ညီဖြစ်သူက ဒီဖြစ်ရပ်မှာ ပါဝင်ပတ်သက်နေတယ်လို့ သူမယုံချင်ပေမယ့် သူ၏စုံစမ်းစစ်ဆေးမှုအရ သဲလွန်စအားလုံးဟာ ကျန်ထျန်းရဲကိုသာ ညွှန်ပြနေသည်။ လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းက ကျန်ထျန်းရဲဟာ သူ၏အခွင့်အရေးကို အားနည်းသွားစေရန် လျှို့ဝှက်ကြံစည်လုပ်ဆောင်ခဲ့ပေမယ့် ကျန်ထျန်းရှင်ဟာ သူဘာမှမမြင်သလိုသာ နေလိုက်ဖို့ရည်ရွယ်လိုက်သည်။ ဒါပေမယ့် ထိုကိစ္စတွေက နတ်ဆိုးကျင့်ကြံသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်နေမှန်း ဆက်စပ်မှုရှိသည်…
အဲ့ဒီလိုအရာမျိုးကို ကျင့်ကြံသူအားလုံး ဘယ်တော့မှသည်းမခံနိုင်ပေ!
အမှန်တရားကို သူ၏မိသားစုဝင်တွေအား ပြောပြဖို့ ကျန်ထျန်းရှင်အတွက် ကြီးမားသည့် ဝန်ထုပ်ဝန်ပိုးဖြစ်နေပေမယ့် မိသားစု၏ခေါင်းဆောင် တစ်ယောက်အနေနဲ့ ထိုကိစ္စကို သူနားလည်ထားရမည်ဖြစ်သည်။ သူတိတ်တဆိတ် အမူအရာပြလိုက်ပြီး သူ့အနောက်၌ ရပ်နေသည့် လူအိုကြီးတွေထဲက တစ်ယောက်ဟာ သူ၏မျက်လုံးထဲ၌ လင်းလက်သွားကာ ထိုသူ၏အကြည့်တွေက ကျန်ထျန်းရဲအား ပြင်းထန်စွာစိုက်ကြည့်နေသည်။
"ဒါနဲ့ လွန်ခဲ့တဲ့နှစ်ရက်က အကြီးအကဲချီကို ဘယ်သူမြင်မိသေးလဲ?" ကျန်ထျန်းရဲ အနီးအနားကို ကြည့်လိုက်ပြီး ထူးဆန်းစွာ မေးလိုက်သည်။
ကျန်ထျန်းရှင်ကချက်ချင်း လေးနက်စွာကြည့်လိုက်ပြီး ဘာမှမတုံ့ပြန်လိုက်တာကြောင့် ကျန်ထျန်းရဲကလည်း ဂရုမစိုက်တော့ပေ။ အကြီးအကဲချီက သူ၏ထူးဆန်းတဲ့စိတ်သဘောထားကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားပြီး သူဘယ်ရောက်သွားလဲဆိုတာ ဘယ်သူမှမသိကြဘူး။
ဝူတျီမြို့၏တံတိုင်း လေးဖက်လေးလံစလုံးဟာ တောကောင်တွေ ဝိုင်းထားကြသည်။ အနောက်ဘက်တံတိုင်း၏ မျက်နှာချင်းဆိုင်၌ အခြေခံကျင့်ကြံခြင်းအဆင့်ထိ ရောက်ရှိထားသည့် အရေအတွက်များပြားသည့် တောကောင်တွေဟာ စုစည်းထားကြသည်။ အဲ့ဒီတောကောင်အဖွဲ့တွေကို စောင့်ကြပ်သည့်အများစုတွေထဲက ကြီးမားပြီးမဲနက်နေသည့် ထျယ်ရှီး(ကြံ့)ဟာ သူ၏ခေါင်းကိုမော့လိုက်ပြီး ဝူတျီမြို့၏တံတိုင်းကို ကြည့်လိုက်သည်။
ထျယ်ရှီး၏ခေါင်းထက်၌ သေးငယ်သည့်အပြာရောင် ငှက်လေးရှိနေသည်။ ထိုငှက်ဟာ သူ၏ခေါင်းပေါ်၌ အချိန်အကြာကြီးနားနေပြီး ထျယ်ရှီးကို ပြောလိုက်သည်။
"မင်းတိုက်ခိုက်တော့မှာလား?"
အမဲရောင်ထျယ်ရှီးဟာ သတ်ဖြတ်ဖို့လွတ်လိုက်သည့် တောကောင်တိုင်း ပြန်မလာတာကြောင့် ခံစားချက်မကောင်းနေပေ။ သူ၏အစီအစဉ်ဆိုရင်တော့ အနည်းဆုံး တောကောင်ငါးကောင်လောက်တော့ ပြန်လာနိုင်လိမ့်မယ်လို့ ထင်ထားပေမယ့် တစ်ကောင်မှအကြောင်းမပြန်လာတာကြောင့် သူထိတ်လန့်နေဆဲဖြစ်သည်။
ဘယ်အရာပိုပြီးထိတ်လန့်သွားစေလဲဆိုတော့ သူတို့တွေဟာ ပုန်းအောင်းနေရာကနေ အနည်းငယ်အရိပ်ပြရုံသာရှိသေးသည်။ ဝူတျီမြို့ထဲက ကျင့်ကြံသူတွေဟာ လျင်မြန်စွာတုံ့ပြန်လိုက်ပြီး သူတို့တွေကချက်ချင်း ဂိတ်တံခါးကိုပိတ်ကာ မြို့၏ကာကွယ်ရေး အခင်းအကျင်းကို အသက်သွင်းလိုက်ကြသည်။ အဲ့ဒီတုံ့ပြန်ချက်က ယူဆထားသည်ထက် အတော်လေးမြန်ဆန်လှသည်။
ထိုအချိန်အတွင်းမှာ တိုက်ခိုက်မှုက စတင်ပြီးနေပြီဖြစ်သည်။ ထျယ်ရှီးက သံသယတွေရှိနေသေးတယ်ဆိုပေမယ့် တောကောင်တွေကိုလည်း ယုံကြည်မှုရှိနေဆဲဖြစ်သည်။ ယူဆချက်တွေအရ အကယ်၍ ဝူတျီမြို့ကို တိုက်ခိုက်တာ ကျရှုံးသွားရင်တောင် လွတ်မြောက်ဖို့ဖြစ်နိုင်သေးသည်။
ထျယ်ရှီးလို နတ်ဆိုးကျင့်ကြံသူတွေအတွက် ကျင့်ကြံသူတွေ၏ပိုင်နက်ထဲကို ချောင်းမြောင်းတိုက်ခိုက်ဖို့ဆိုတာ အလွန်ကိုခက်ခဲလှပေမယ့် ကျင့်ကြံသူတွေကို ဆက်လက်အနှောင့်အယှက်ပေးတာတောင် အသက်ရှင်လွတ်မြောက်နိုင်ဖို့သေချာပြီး အနောက်ဘက်နယ်မြေ၏ဖိအားပေးမှုထက် ပိုပြီးလျော့နည်းနေလိမ့်မည်။
"တိုက်ကြ!" ထျယ်ရှီးဟာ တုံ့ဆိုင်းနေတာကို ရပ်လိုက်ပြီး သူ၏ခေါင်းကိုမော့ကာ အော်ဟစ်လိုက်သည်။
အနီးနားကတောကောင် တစ်သောင်းလောက်ဟာ သူတို့တွေ၏ခေါင်းတွေကိုမော့ကာ ပဲ့တင်ထပ်အောင် အော်ဟစ်လိုက်ကြပြီး ထို့နောက်မှာတော့ သူတို့တွေဟာ ဝူတျီမြို့၏အနောက်ဘက်ဂိတ်သို့ ပြေးလာကြတော့သည်။
"လာကြပြီ!" ကျန်ထျန်းရှင်ကအော်လိုက်ကာ
"စကြစို့!"
သူ့အနောက်မှာရပ်နေသည့် သန်မာလှသည့်လူက တုပ်ခိုင်လှသည့်သူ၏လက်ကို မြှောက်လိုက်ကာ သူ၏အရပ်လောက်ရှိသည့် စည်ကြီးကို လေးလံစွာတီးလိုက်သည်။
"သူတို့အားလုံးကို သတ်လိုက်ကြစို့!"
"အဲ့ဒီတောကောင်တွေကို သတ်ကြစို့!"
တံတိုင်းအရှေ့မှာရပ်နေသည့် ကျင့်ကြံသူတွေဟာ စတင်ပြီး သူတို့တွေ၏ရှည်လျားသည့် တိုက်ခိုက်မှုတွေကို ထုတ်လွှတ်လိုက်ပြီး အရောင်စုံမန္တန်တွေဟာ အဆက်မပြတ်ပျံထွက်သွားပြီး တောကောင်တွေအုပ်စုဆီသို့ လွှမ်းခြုံသွားသည်။
"သွားတော့!" မီးခိုးရောင်ဝတ်စုံနဲ့ ကျင့်ကြံသူက သူ၏လက်ကိုမြှောက်လိုက်ပြီး ငွေရောင်ခမောက်ကို ဆောင်းထားသည့် များပြားသောစောင့်ကြပ်သူတွေဟာ သူတို့တွေ၏ချွန်ထက်သည့် ပုဆိန်တွေဖြင့် မြို့၏တံတိုင်းပေါ်က ခုန်ချလိုက်ကြသည်။ သူတို့တွေက ကြီးမားသည့်ပုဆိန်တွေကို လက်နက်အဖြစ်အသုံးချကာ တောကောင်တွေအား စတင်သတ်ဖြတ်တော့သည်။ သူတို့တွေ၏ငွေရောက်ခမောက်တွေက မကြာခင်မှာပင် သွေးတွေနဲ့ဖုံးလွှမ်းသွားတော့သည်။
အစိမ်းရောင်ဝတ်စုံနဲ့အမျိုးသမီးက အစိမ်းရောင်အကိုင်းကို ထုတ်လိုက်ပြီး အသာလေးလှုပ်ခါလိုက်သည်။ ကြီးမားသည့် အစိမ်းရောင်အကိုင်းတွေဟာ မြို့တံတိုင်း၏အပြင်ဘက် မြေပြင်၌ပြန့်ကျဲသွားတော့သည်။ ဒီအကိုင်းတွေက တောကောင်တွေ ဖြတ်သန်းရာတွင် ရှုပ်ယှက်ခက်စေပြီး မြေပြင်ရှင်းလင်းသွားသည့်အချိန်၌ သူတို့တွေဟာ လျင်မြန်စွာ တောကောင်ဒါဇင်လောက်ကို သုတ်သင်လိုက်လို့ရသည်။
ရွှီဇီယန်နဲ့ရွှီဇီရုန်ကတော့ မလှုပ်ရှားပေ။ ကျန်ထျန်းရှင်နဲ့အတူ မြို့၏တံတိုင်းပေါ်က မြှားပုံစံမျှော်စင်ပေါ်၌ သူတို့တွေနေရာယူထားကြပြီး အောက်ဘက်ကအခြေအနေကို ကြည့်ရှုနေကြသည်။
ရှေ့တန်းမှာရပ်နေကြသည့် ကျင့်ကြံသူတွေဟာ တိုက်ခိုက်စွမ်းအားတွေရှိကြပြီး သူတို့အားလုံးဟာ ချီစွမ်းအင်စုဆောင်းမှုအဆင့်ကို ရောက်ရှိထားသူတွေဖြစ်ကြပေမယ့် ကြီးမားသည့်တောကောင် အရေအတွက်နဲ့ ရင်ဆိုင်ရာတွင် စွမ်းအင်လုံလောက်မှုမရှိသေးပေ။
ငွေရောင်ခမောက်နဲ့လူအိုကြီးဟာ လျင်မြန်စွာ တောကောင်များစွာကို သတ်ဖြတ်လိုက်ပြီး အမျိုးသမီး၏နွယ်ပင်တွေကလည်း မီးမှုတ်သည့်တောကောင်တွေကြောင့် ပြာအဖြစ်သို့လောင်ကျွမ်းသွားသည်။ တောကောင်တွေ၏အရေအတွက် လုံးဝမလျော့သွားတာကြောင့် ကျင့်ကြံသူတွေက ချက်ချင်း ကြီးမားသည့်ဖိအားအောက်သို့ ရောက်ရှိနေတော့သည်။
#TK