Chapter 146
Viewers 23k

Chapter 146


ယွီဟော် စိတ်မဆိုးပါ။ သူရှာနေတဲ့လူတွေက မူလက ပိရမစ်လိုမျိုး အောက်ခြေမှာ နေထိုင်တဲ့ ပေါ့ပေါ့ပါးပါး ကျင့်ကြံသူတွေပါ။ သူတို့တွေ ဒီလိုအသေးအမွှားကိစ္စတွေကိုတောင် စိတ်ကူးယဉ်ခဲ့မယ်ဆိုရင် သေသွားတာကြာပြီ။

ရွှီဇီယန်၏အသွင်အပြင်က သူ့ကို အနည်းငယ် အံ့အားသင့်စေခဲ့သည်။ ကံကောင်းထောက်မစွာ၊ ရွှီဇီယန်အလွန်လျင်မြန်စွာ တုံ့ပြန်ခဲ့ပြီး သူ၏ဆိုလိုရင်းကို ချက်ချင်းနားလည်ခဲ့သည်။ ဤနည်းအားဖြင့် တိုက်ခိုက်ရေးစင်မြင့်ပေါ်တွင် ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါက၊ သူဟာရွှီညီအစ်ကိုတွေကို ထိုနေရာကနေ ဆွဲထုတ်နိုင်လိမ့်မည်မဟုတ်ပါ။

သို့သော်…

ယွီဟော် တိတ်တဆိတ် ခါးသပ်သပ်ပြုံးလိုက်၏။ ဉာဏ်ကြီးရှင်တစ်ယောက်ဟာ အမြဲတမ်း ဉာဏ်ကြီးရှင်တစ်ယောက်ဖြစ်နေမယ်ဆိုတာ သိလာရသည်။ သူအရမ်းကြိုးစားပြီးနောက် အခြေခံကျင့်ကြံခြင်း အလယ်အလတ်ပိုင်းအဆင့်ကိုသာ ရောက်သွားသည်။ ရွှီညီအစ်ကိုတွေ ဘယ်လို ကျင့်ကြံခဲ့ကြတာလဲ၊ ဝိညာဉ်ကြောချဲ့ထွင်ခြင်း နှောင်းပိုင်းအဆင့်ကို ဘယ်လို မြန်မြန်ရောက်သွားတာလဲဆိုတာ သူမသိဘူး။ ကိုယ့်ကိုယ်ကို တခြားသူတွေနဲ့ နှိုင်းယှဥ်လိုက်ရင် တကယ်ကို နာကျင်ရပါသည်။

ရှုပ်ယှက်ခတ်နေသော အတွေးများကို စွန့်လွှတ်ပြီးနောက် သူ၏အကြီးမားဆုံး အားသာချက်မှာ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မြင်နိုင်ခြင်းဖြစ်ကြောင်း ယွီဟော်သိလိုက်သည်။ သူဘာတွေကောင်းကောင်းတတ်တယ်၊ မတတ်ဘူးဆိုတာ သူသိသည်။ ကျင့်ကြံခြင်းလောကတွင် အောင်မြင်လိုသူတိုင်းဟာ ၎င်းတို့၏ခွန်အားကို မြှင့်တင်ရမည်ဖြစ်ပြီး အခြားသူများ မည်မျှ အရည်အချင်းရှိမည်ကို မစိုးရိမ်သင့်ပါ။

သူ့ပတ်ဝန်းကျင်ရှိ အခြားသူများနှင့် အတင်းအဖျင်းပြောပြီးနောက်၊ ယွီဟော်ဟာ ၎င်းတို့၏တိုက်ပွဲကို အသေးစိတ် ခွဲခြမ်းစိတ်ဖြာရန် အချိန်မရှိသော်လည်း သူ၏ခွဲခြမ်းစိတ်ဖြာမှုရလဒ်ကို ရိုးရိုးရှင်းရှင်း ပြောပြပြီး နောက်ဆုံးတွင် ၎င်းတို့အား ခေါင်းထဲကနေ ထုတ်လိုက်တော့သည်။
 
တိုက်ပွဲပြီးသွားသောအခါတွင် သူနှင့်ထိုက်တန်သော စိတ်ဝိညာဉ်ကျောက်တုံးများကို ရပြီးနောက်၊ ယွီဟော်ဟာလမ်းကြားထဲသို့ အကြိမ်အနည်းငယ် လှည့်ကြည့်လိုက်သည်။ ထို့နောက် သူ့ကိုယ်ပေါ်၌ မှုန့်အနည်းငယ် ဖြူးကာ နောက်ဆုံးတွင် ပြည့်တန်ဆာခန်းထဲသို့ ရောက်သွား၏။ သူဟာမိတ်ကပ်လိမ်းရန် အခန်းတစ်ခန်းကို ရှာတွေ့ခဲ့ပြီး ဝဖြိုးနေသော အမျိုးသားတစ်ဦး၏ပုံစံဖြင့် ထွက်သွားသည်။

သူ့နောက်မှအမြီးကို ဖြည်းညှင်းစွာ လွှင့်ပစ်လိုက်တော့ ယွီဟော်က အနည်းငယ် ဂုဏ်ယူမိသွားသည်။ ဤလူများ၏ကျင့်ကြံခြင်းအဆင့်ဟာ သူ့ထက်အနည်းငယ် မြင့်မားနေပေမည်။ သို့သော် အခြားသူများနောက်သို့ ပုန်းလျှိုးကွယ်လျှိုးလိုက်ခြင်းမှာ မည်သူမျှ သူ့ကို မကျော်လွန်နိုင်ပေ။

အကြိမ်အနည်းငယ် ဂရုတစိုက်သွားလာပြီးနောက်၊ ယွီဟော်ဟာ ရွှီဇီယန်နှင့် အခြားသူများတည်းခိုသည့် တည်းခိုခန်းသို့ရောက်ရှိလာသည်။

ရွှီဇီယန်ကို အခန်းထဲတွင် မြင်သောအခါ ယွီဟော်ဟာ ဘာစကားမှ မပြောဘဲ ဒူးထောက်လိုက်၏။

"မင်းဘာလုပ်တာလဲ!" ရွှီဇီယန်လန့်သွားပြီး သူ့ကိုဆွဲထူရန် အလျင်အမြန် လှမ်းဆွဲလိုက်ပေမယ့် ယွီဟော်၏ စိတ်ပိုင်းဖြတ်ချက်ကြောင့် သူတို့နှစ်ယောက် ငြိမ်သက်သွားကြသည်။

"ကိုကို" ရွှီဇီရုန်က သူ့လက်ကို ဆန့်လိုက်ပြီး သူ့ကိုကိုရဲ့လက်မောင်းကို ပုတ်လိုက်ရာ ရွှီဇီယန်ရုတ်တရက် သူ့လက်မောင်းကို ပြေလျော့သွားသလို ခံစားလိုက်ရသည်။

ယွီဟော်ဟာ နောက်ဆုံးတွင် ဒူးထောက်လျက် ရွှီဇီယန်အား ရိုသေ‌လေးစားစွာ မော့ကြည့်လာသည်။

"မင်း…" ရွှီဇီယန် ကူကယ်ရာမဲ့ ပြုံးလိုက်၏။ ယွီဟော်၏ သဘောထားကို မြင်ပြီးနောက်တွင် သူ့အမေက အဖြစ်အပျက်တွေကို ပြောပြထားလိမ့်မည်ဟု သဘောပေါက်သွားသည်။ သို့သော် အစပိုင်းတွင်မူ ယွီဟော်ဟာ သူ့ကိုသဘောကျစေချင်ရုံမျှသာ ရှိသော်လည်း ထိုကဲ့သို့ ကြီးကျယ်သော အမူအရာမျိုးတော့ မဟုတ်ပေ။

"ရွှီရှစ်ရှုန်း … ကျွန်တော့်အမေကို ဝူတျီမြို့မှာ ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။" ယွီဟော်က ရွှီဇီယန်ကို ကျေးဇူးတင်စွာဖြင့် ကြည့်လိုက်သည်။ သူဝူတျီမြို့မှ ထွက်သွားသောအခါ သူ့အမေက ဝူတျီမြို့၌ ခက်ခက်ခဲခဲဖြတ်သန်းရမည်ဟု ထင်နေခဲ့သော်လည်း မည်သို့ပင်ဆိုစေကာမူ ဖခင်ဖြစ်သူက သူ့အမေကို နှိပ်စက်ညှဉ်းပန်းစေလောက်အောင် ဆိုးဆိုးရွားရွားဖြစ်စေမည်ဟု မမျှော်လင့်ထားပေ။

ယွီဟော်ဟာ သူ့အမေထံမှ သတင်းကို ပထမဆုံးအကြိမ် ကြားလိုက်ရသောအခါ ဒေါသနှင့် အံ့ကြိတ်ခဲ့သည်။ သူ့အမေက ယွီမိသားစုနဲ့ ဘာမှမဆိုင်ချင်တော့ဘူးဆိုရင် သူဟာသူတို့ကို တိုက်ရိုက်ချဉ်းကပ်ပြီး သင်ခန်းစာပေးလိမ့်မည်။

နောက်ပိုင်း၌ သူမကိုကယ်တင်ခဲ့သော တပည့်ဖြစ်သူမှာ လျှိုကွမ်းဂိုဏ်းမှဖြစ်ကြောင်း သူ့အမေထံမှ သိရှိခဲ့ရသည်။ သူ့အမေက အဲဒီလူရဲ့ အသွင်အပြင်ကို ဖော်ပြပြီးနောက်၊ သူဟာ ရွှီညီအစ်ကိုတွေဆိုတာ ချက်ချင်းသိလိုက်၏။

ထိုအချိန်မှစ၍ သူဟာအလွန်ကျေးဇူးတင်နေခဲ့သည်။ ဒီကမ္ဘာပေါ်မှာ သသူဂရုစိုက်သည့်တစ်ဦးတည်းသောသူဟာ သူ့အမေဖြစ်ပြီး ယွီမိသားစုနဲ့ ဘာမှမဆိုင်ပါ။

ယွီဟော်ဟာ အမြဲတမ်း ကျေးဇူးသိတတ်သူတစ်ယောက်ပါ။ ရွှီညီအစ်ကိုတွေက သူ့အမေကို ကယ်တင်ခဲ့သည့်အတွက် သူဘယ်တော့မှ ကျေးဇူးတင်လို့မဆုံးနိုင်ခဲ့ပါဘူး။

"မင်းက ယဉ်ကျေးလွန်းနေပြန်ပြီ။" ရွှီဇီယန်က ယွီဟော်ကို အမြန်ဆွဲထူပြီး သူ့ကိုထိုင်ခုံတစ်ခုဆီမှာ ထိုင်စေခိုင်းလိုက်ပြီး သူတို့တွေထွက်သွားပြီးနောက် ဝူတျီမြို့မှာ ဘာတွေဖြစ်ခဲ့လဲလို့ မေးလိုက်သည်။

ယွီဟော်အိမ်သို့ အမြန်ပြန်လာသောအခါ ဝူတျီမြို့၌ တိုက်ပွဲ လုံးဝပြီးဆုံးသွားခဲ့သည်။ ယွီဟော်ဟာ ဝူတျီမြို့တွင် လူသိမများသောကြောင့် ပြန်လာသောအခါတွင် ဆူပူသံများကို မကြားရပေ။ ထို့ကြောင့် သူဟာတစ်ကိုယ်တည်းကျင့်ကြံသူအချို့ထံမှ သတင်းအများစုကို ရရှိခဲ့သည်။

အစပိုင်းတွင် သူ့အမေကိုချက်ချင်းတွေ့ချင်သောကြောင့် ယွီဟော်၏အိမ်သို့ တိုက်ရိုက်ပြေးသွားခဲ့သည်။ ဒါပေမယ့် သူတို့တွေ ပြောခဲ့တာကတော့ သူထွက်သွားပြီး သိပ်မကြာခင်မှာပဲ သူ့အမေ ဆုံးပါးသွားခဲ့တယ်ဆိုသည့် သတင်းက သူ့ကို လုံးလုံးလျားလျား လွှမ်းမိုးသွားခဲ့ပါသည်။

သူဟာအလွန်မျှော်လင့်ချက်ကင်းမဲ့သွားပြီး ဝူတျီမြို့တွင် ခြေဦးတည်ရာမဲ့ လျှောက်သွားနေခဲ့သည်။ ရုတ်တရက် ဟင်းသီးဟင်းရွက်ဝယ်ဖို့ ထွက်လာသည့် သူ့အမေကို သူတွေ့လိုက်ရသည်။

သူ့အမေကိုတွေ့တော့ သူလုံးဝမယုံနိုင်သေးဘူး။ သူ့အမေက သူ့ကိုမြင်ပြီး ပွေ့ဖက်ပြီး ငိုတဲ့အထိ သူအလိမ်ခံခဲ့ရမှန်း သူသဘောမပေါက်ခဲ့သေးဘူး။

သူ့အမေနဲ့အတူ ရှိုက်ကြီးတငင် ငိုပြီး သူ့အမေတစ်ယောက်တည်းနေသည့် အိမ်ဝင်းလေးကို ကြည့်လိုက်တော့ စိတ်ရှုပ်သွားသည်။ ယွီမိသားစုရဲ့သဘောထားကို ကြည့်ပြီး သူတို့အမေရဲ့ ခြံကျဉ်းလေးကိုတောင် သေချာမပြင်ဆင်ထားပေးတာကြောင့် သူ့အမေက မယားငယ်အဖြစ်နဲ့ ယွီမိသားစုဆီကနေ ဘယ်လိုလုပ်ထွက်သွားမှာလဲ။

သူ့အမေပြောပြသည့် ဇာတ်ကြောင်းကို ကြားတော့ ဖြတ်သွားပြီး သူ့အမေကို ကယ်တင်ခဲ့တဲ့သူဟာ ရွှီဇီယန်ပဲဆိုတာ ယွီဟော်သိလိုက်ရသည်။ သူက ကျေးဇူးတင်ဖို့ ရွှီဇီယန်ကို ရှာချင်ပေမယ့် ကျန်အိမ်‌တော်ကိုရောက်သည့်အခါ ရွှီဇီယန်က ထွက်သွားပြီဆိုတဲ့ သတင်းကိုသာ သူရခဲ့သည်။ အတွင်းဇာတ်လမ်းကို မသိဘဲ ပုံမှန်အတိုင်း အခိုင်အမာ ယုံကြည်ထားသောကြောင့် ဤကျေးဇူးတရားကို သူ့နှလုံးသားထဲတွင်သာ မြှုပ်နှံထားပြီး တစ်နေ့ သူချမ်းသာလာသည့်အခါ ရွှီဇီယန်ကိုကောင်းစွာ ကျေးဇူးပြန်ဆပ်ရမည်ဟု စိတ်ထဲတွင်မှတ်ယူထားခဲ့သည်။

"ရွှီရှစ်ရှုန်း၊ နောင်အခါ ကျွန်တော်ဘယ်နေရာမှာပဲ အသုံးဝင်ပါစေ ရှစ်ရှုန်း ကျွန်တော့်ကိုပြောသမျှ ရှစ်ရှုန်းကိုကူညီဖို့ ကျွန်တော်မငြင်းဘူး။" ယွီဟော်က လေးနက်စွာ ပြောသည်။ "ကျွန်တော့်မှာ ကျင့်ကြံခြင်းအဆင့်က ပျမ်းမျှအရည်အချင်းတွေပဲရှိပေမယ့် လူတွေ၊ ပစ္စည်းတွေ ဒါမှမဟုတ် သတင်းတွေကို ရှာချင်တယ်ဆိုရင်တော့ ကျွန်တော်က အရမ်းအသုံးဝင်မှာပါ။"

"အိုး?" ရွှီဇီယန် မျက်ခုံးပင့်လိုက်သည်။ ယွီဟော်ရဲ့ လေသံက အခုမှ ဘာကြောင့် ဒီလောက်ထိ ပြင်းထန်နေရတာလဲ။ သူ့ကိုယ်ပိုင်ခွန်အားဖြင့်၊ မည်သို့ပင်ဆိုစေကာမူ ဤမျှယုံကြည်မှုရှိတာက မဖြစ်နိုင်ဘဲ၊ သူ၏ချန်းဝမ်အဆောက်အအုံကို တည်ထောင်ထားပြီးဖြစ်ကြောင်း ဆိုလိုတာလား။

"ဟန့်၊ အပြောလေးကတော့ ကောင်းနေတာပဲ။" ရွှီဇီရုန်က သရော်လိုက်သည်။ 

ယွီဟော် ဒေါသထွက်သွားပြီး "ရှောင်ရွှီရှစ်ရှုန်း၊ ငါ မင်းလောက် မသန်မာဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်း ငါ့ကို စော်ကားဖို့မလိုဘူး! ရွှီရှစ်ရှုန်းသာ ငါ့ကိုလိုအပ်ရင် ရှစ်ရှုန်းရဲ့တောင်း‌ဆိုမှုကို ဘယ်တော့မှ ငြင်းပယ်မှာမဟုတ်ဘူးလို့ ဒီနေရာမှာ ငါကျိန်ဆိုတယ်။"

ရွှီဇီရုန်က မျက်ခုံးပင့်လိုက်ပြီး "ဒီလိုကျိန်ဆိုလိုက်ရုံနဲ့ မင်းကိုမင်း ဘာများထင်နေတာလဲ။ မင်းရဲ့ကျင့်ကြံခြင်းအဆင့်က ငါ့လောက်မမြင့်ဘူး။ မင်းဆီမှာ ဘယ်လိုနည်းလမ်းတွေများ အတိအကျရှိနေလို့လဲ။" 

ယွီဟော်၏မျက်ခုံးတွေ ကျုံ့သွားပြီး "ရှောင်ရွှီရှစ်ရှုန်း မင်းမှားနေပြီ။ ရက်စက်စွာဖိအားပေးပြီး မရနိုင်တဲ့အရာတွေ အများကြီးရှိတယ်။ ဒီလောကကြီးမှာ မရေမတွက်နိုင်တဲ့ လျှို့ဝှက်ချက်တွေရှိနေတာကို မင်းသိနေလိမ့်မယ်။ ဘယ်လျှို့ဝှက်ချက်က မင်းလိုအပ်နေတဲ့အရာအတွက် ပြောင်းလဲပေးနိုင်တယ်ဆိုတာ ဘယ်သူသိမှာလဲ။ ဥပမာအားဖြင့်၊ မင်း ခုနစ်ရောင်ပန်းပွင့်ကို ရှာချင်တယ်ဆိုရင် ကြီးထွားဖို့အတွက် လျှို့ဝှက်နေရာနဲ့ ပန်းပွင့်ချိန်အတိအကျကိုသာ ငါပေးနိုင်တယ်ဆိုရင် အဲဒါက မင်းအတွက် အထောက်အကူဖြစ်မယ်လို့ မထင်ဘူးလား။"

ရွှီဇီရုန်က သူ့ကို အပေါ်အောက် စူးစူးစိုက်စိုက်ကြည့်ရင်း "မင်းကိုယ်တိုင် သတင်းဘယ်လောက်ရနိုင်လဲ။ အခု မင်းမှာ ရွှမ်းယွိနယ်မြေတစ်ခုလုံးကို လွှမ်းမိုးထားတဲ့ လျှို့ဝှက်အဖွဲ့အစည်းတစ်ခု ရှိနေပြီလို့တော့ မပြောနဲ့နော်…"

ယွီဟော်၏မျက်နှာသည် ချက်ချင်းပင် နီမြန်းလာပြီး ခပ်တိုးတိုးပြောလိုက်၏။
"အနှေးနဲ့အမြန် ငါ့ဆီမှာရှိလာမှာပါ …"

"အနှေးနဲ့အမြန်?" ရွှီဇီရုန်ဟာ ဤစကားလုံးနှစ်လုံးကို ထပ်ခါရေရွတ်လိုက်ပြီး ဘာမှ မပြောတော့ပဲ သူသည်နားမလည်နိုင်သော အပြုံးတစ်ခုကိုသာ ပြသလိုက်သည်။

ယွီဟော်ဟာ သူအလွန်ချဲ့ကားသွားသည်ဟု ခံစားရပုံရပြီး ရှက်ရွံ့သွားသည်။

"အဟန့် … အဟန့်" လေထုက အနည်းငယ် တင်းမာလာသည်ကို မြင်လိုက်ရတော့ ရွှီဇီယန်ငြိမ်ပြီး မထိုင်နိုင်တော့ပေ။ သူကရွှီဇီရုန်ကို ဦးစွာစိုက်ကြည့်ပြီးနောက် ယွီဟော်ကို နှစ်သိမ့်ကာ
"ယွီရှစ်တိ သူပြောတာနားမထောင်ပါနဲ့။ မင်းအမေကို ကယ်လိုက်တာကလည်း တိုက်ဆိုင်မှုတစ်ခုပါ။ မင်း အရမ်းကြီး စဉ်းစားနေဖို့ မလိုပါဘူး။"

ယွီဟော်က ရုတ်တရက် ပိုလေးနက်သွားသလို ပုံစံဖြင့် "ရှစ်ရှုန်း‌မှားနေပြီ။ ရှစ်ရှုန်းအတွက် တိုက်ဆိုင်မှုဆိုရင်တောင် ကျွန်တော့်အတွက်ကတော့ ရှစ်ရှုန်းက ကျွန်တော့်အမေရဲ့ ကယ်တင်ရှင်ပဲ။ အဲဒီနေ့က ရှစ်ရှုန်းသာမရှိရင် သူမသေတဲ့သတင်းကို ကျွန်တော်သိရလိမ့်မယ်။ ယွီမိသားစုရဲ့ အကျင့်စရိုက်အရဆိုရင်…" သူသရော်လိုက်ရင်း "သူမအလောင်းကိုတောင် ကျွန်တော်မြင်ရမှာမဟုတ်ဘူး။"

ရွှီဇီယန်က ခေါင်းညိတ်လိုက်ပြီး "ယွီရှစ်တိ၊ ငါတို့က ဂိုဏ်းတူညီအစ်ကိုတွေဆိုတော့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးသတိထားနေစရာ မလိုဘူး။"

ယွီဟော် ထိုစကားကိုကြားသောအခါ သူ့ရင်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ သူတို့သည် တစ်ဂိုဏ်းတည်းသားဖြစ်ကြောင်း သူသေချာသိသည်။ သို့သော်ငြားလည်း နီးစပ်မှုဆိုင်ရာ ကွဲပြားမှုများ ရှိနေသေးသည်။ ရွှီညီအစ်ကိုဟာ သူတို့အသုတ်တုန်းက တပည့်များထဲတွင် ပို၍ထူးခြားပြီး သူတို့၏ဆရာသခင်‌လော့ယွင်ဟာလည်း အခြားဂိုဏ်းသားများနှင့် ရန်ဖြစ်ခြင်းမရှိပါ။ ထို့အပြင် သူ၏အလွန်အစွမ်းထက်သော စွမ်းအားနှင့် စရိုက်လက္ခဏာကြောင့် လျှိုကွမ်းဂိုဏ်းကမည်သူမျှ သူ့တပည့်များကို စော်ကားဝံ့မည်မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် လော့ယွင်၏မျက်လုံးထဲတွင် အမတဝိညာဉ်အခြေတည်စအဆင့်၏ အမူအကျင့်ကဲ့သို့သော မည်သည့်အရာမှ မတွေ့ခဲ့ရသောကြောင့်ဖြစ်သည်။ လွန်ခဲ့သောနှစ်ပေါင်းများစွာက သင်းထောက်ကူခန်းမ၌ ရွှေအမြု‌တေအဆင့် ကျင့်ကြံသူတစ်ဦးဟာ အမတဝိညာဉ်အခြေတည်စအဆင့်ဆရာသခင်၏ နာမည်ကို အသုံးပြုကာ နှစ်ပေါင်းများစွာ ဆေးလုံးတွေမရရှိသေးသော တပည့်များ၏ အကျိုးအမြတ်တစ်ချို့ကို တိတ်တဆိတ်ရောင်းချခဲ့သည်။ 

ယုတ္တိရှိရှိပြောရရင် ဒီလူတွေဟာ ကျင့်ကြံခြင်းဖြစ်စဉ်မှာ သေဆုံးသွားကြသူများဖြစ်နိုင်သည်။ ပြန်လာသည့်သူတွေကလည်း ဆင်ခြေတစ်ချို့ရှာပြီး အဲဒီဆေးကို ဝှက်ထားနိုင်သည်။ သူက ဆရာသခင်ဖြစ်တာကြောင့် အဆင့်နိမ့်ကျင့်ကြံသူများက စကားမပြောရဲကြပေ။ ကံမကောင်းစွာဖြင့် အဲ့ဒီလူဟာ လော့ယွင်၏ဒုတိယတပည့်ရဲ့ ဆေးကိုဝှက်ထားခဲ့ခြင်းဖြစ်သည်။

လော့ယွင်၏ဒုတိယတပည့်ဟာ မာန်ရှုန် ဟုအမည်ရပြီး အနောက်ဘက်နယ်မြေမှ ကျင့်ကြံသူလည်းဖြစ်သည်။ အဲ့ဒီလူက အမြဲတမ်း တွေးမနေဘဲ ပြုလုပ်လေ့ရှိသည်။ သူဟာနှစ်ပေါင်းများစွာ ကျင့်ကြံရန်ထွက်သွားပြီး ပြန်သောအခါတွင် သူ့ဆေးလုံး မရှိတော့ကြောင်း တွေ့ရှိခဲ့သည်။ အနောက်ဘက်နယ်မြေမှ ကျင့်ကြံသူများအတွက် လျှိုကွမ်းဂိုဏ်း၏ ဆေးလုံးများဟာ သူ့အတွက်မလိုအပ်သော်လည်း အကောင်းဆုံး အသက်ကယ်ဆေးများဖြစ်ပြီး စစ်မြေပြင်တွင် သူ၏အပေါင်းအဖော်များကို ကယ်တင်ရန်အတွက် ဆေးလုံးတွေကို ယူဆောင်သွားနိုင်သည်။ 

ဆေးလုံးတစ်လုံးဟာ သူ့မျိုးနွယ်၏ စစ်သည်တော်တစ်ဦးကို ကယ်တင်နိုင်သည်။ သေချာတာကတော့ မာန်ရှုန်ဟာ လက်လွှတ်ရန် ငြင်းဆန်ခဲ့သည်။ ရွှေအမြုတေကျင့်ကြံသူကို ဆွဲခေါ်ကာ ဆေးလုံးအား ပြန်ပေးရန် တောင်းဆိုခဲ့သည်။ 

ထိုနေ့ကရွှေအမြုတေကျင့်ကြံသူဟာ ဆိုးရွားသော စိတ်အခြေအနေတွင်ရှိနေပြီး ထိုကဲ့သို့ အရူးမျိုးနှင့် ကြုံလာရသောအခါတွင် သူ့အား ရိုက်နှက်ကာ ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ ထို့အပြင် သူဟာသင်းထောက်ကူခန်းမဆီသွားပြီး မာန်ရှုန်ဟာ တစ်ဂိုဏ်းတည်းသား တပည့်တစ်ယောက်ကို တိုက်ခိုက်သည်ဟု စွပ်စွဲခဲ့သည်။ သူဟာမာန်ရှုန်ကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့ပြီး သူ့အသက်ဆုံးရှုံးလုနီးပါးဖြစ်သွားရသည်။

သာမာန်ကျင့်ကြံသူသာဖြစ်လျှင် သူ့ကိုယ်သူ ကံဆိုးသည်ဟုသာ မြင်နိုင်သော်လည်း မာန်ရှုန်၏ဆရာသခင်မှာ လော့ယွင်ဖြစ်သည်။ မာန်ရှုန်က အော်ဟစ်ငိုယိုကာ သူ့အားတိုင်တန်းပြီးနောက် လော့ယွင်ဟာ ထိုရွှေအမြုတေကျင့်ကြံသူ၏ ချီပင်လယ်(Dantian)ကို ဘာမှမပြောဘဲ ဖျက်စီးပစ်လိုက်သည်။ 

ထိုရွှေအမြုတေကျင့်ကြံသူဟာ သူ့ဆရာသခင်အား တိုင်တန်းပြီး အဲ့ဒီအမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူဟာ ဂိုဏ်းချုပ်နှင့်ပြဿနာကို ဆွေးနွေးရန် သွားခဲ့သည်။ မထင်မှတ်ပဲ လော့ယွင်နဲ့ သူတွေ့ခဲ့ရပြီး သူ့အားချက်ချင်း ထိုးနှက်ခဲ့သည်။ လော့ယွင်၏စိတ်ထဲမှာတော့ ကိုယ့်တပည့်တွေကို အကျင့်စာရိတ္တကောင်းအောင် မသင်ပေးနိုင်ရင် အဲ့ဒါကဆရာသခင်ရဲ့အပြစ်ပဲ။

နောက်ပိုင်းတွင် ဤကိစ္စဟာ ဂိုဏ်းချုပ်၏ပြေလည်အောင်ဖြေရှင်းမှုအောက်တွင် ပြီးပြတ်သွားသည်။ လော့ယွင်ဘက်က ဆုံးရှုံးမှုတစ်စုံတစ်ရာရှိ၊မရှိကိုတော့ မသိရခဲ့သော်လည်း ချီပင်လယ်ကို ဖျက်စီးခံခဲ့ရသော ကျင့်ကြံသူကတော့ လျှိုကွမ်းဂိုဏ်းကနေ နှင်ထုတ်ခံခဲ့ရသည်။ 

သိသာစွာ ဤကိစ္စဟာ လျှိုကွမ်းဂိုဏ်းတစ်ခုလုံးတွင် ဆူညံသွားစေခဲ့သည်။ ထိုအချိန်မှစ၍ လျှိုကွမ်းဂိုဏ်းမှ တပည့်အသစ်များ စုဆောင်းပြီးတိုင်း လော့ယွင်၌ လူသစ်စုဆောင်းခြင်းရှိ၊မရှိကို အခြားလူများက ရှာဖွေရသည်။ မတရားသဖြင့်ခံရသူများဘက်မှ ကူညီပေးခြင်းကိုနှစ်ခြိုက်သော ဤအမတဝိညာဉ်အခြေတည်စအဆင့်ကျင့်ကြံသူအား သူတို့ဟာအမှန်တကယ် တန်ပြန်ရေးအစီအမံများကို ပြုလုပ်ထားခဲ့ကြပြီး ပြဿနာများကို ရှောင်ရှားနိုင်ရုံမျှသာ ကြိုးစားနိုင်ခဲ့သည်။

ကံကောင်းထောက်မစွာ လော့ယွင်ဟာ မတရားခံရသူများကို ကာကွယ်ထားသော်လည်း၊ သူ့လက်အောက်တွင်ရှိသော တပည့်များကလည်း ဒုက္ခပေးတတ်သည့်ပုံစံမျိုးမဟုတ်ပေ။ ထို့ကြောင့် ယခုအချိန်အထိ ပြဿနာကြီးကြီးမားမားမရှိခဲ့ပဲ လော့ယွင်၏ကွန်ရက်ဟာ လျှိုကွမ်းဂိုဏ်းအတွင်း ပြဿနာအားလုံးကြားတွင် လှည့်လည်သွားလာနေသော အထူး "ဌာနခွဲ" တစ်ခုလည်း ဖြစ်လာခဲ့သည်။

ရွှီဇီယန်နှင့် ရွှီဇီရုန်တို့သည်လည်း ပြဿနာဖန်တီးရတာကို မကြိုက်ကြပေ။ အခြားဂိုဏ်းများမှ တပည့်များနှင့်လည်း အဆက်အသွယ်ရှိခဲ့ပြီး ဆက်သွယ်မှုအများစုမှာ ပုံမှန်မျှသာဖြစ်သည်။ ဝေ့ချင်၊ လဲ့ဟူတို့နှင့် ရင်းနှီးသော ဆက်ဆံရေးမှလွဲ၍ တစ်ချိန်တည်းတွင် ဂိုဏ်းထဲကိုဝင်ရောက်ခဲ့ကြသော တပည့်များနှင့်သာ သူတို့သည် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိကြသည်။

ယွီဟော်ဟာ လျှိုကွမ်းဂိုဏ်းတွင် ဟူယွိထျန်၏လက်ထောက်ဖြစ်ခဲ့သော်လည်း ဟူယွိထျန်က သူ့ကို အလေးအနက်မထားခဲ့ပေ။ အချိန်အများစုမှာ သူ့ဘာသာသူ တိုက်ခိုက်နေရသည်။ ရံဖန်ရံခါ ဟူယွိထျန်က သူ့ကိုကူညီရန် လိုအပ်သောအခါ ယွီဟော်ကို အနည်းငယ် ဆုချသည်။

ယွီဟော်တွင် အရေးပါသော နောက်ခံမရှိသည့်အပြင် သူ့ဆရာသခင်၏အမြင်တွင်လည်း အစားထိုးနိုင်သော တပည့်တစ်ဦးဖြစ်ပြီး ဂိုဏ်းတစ်ခုတည်းရှိ ညီအစ်ကိုများ အချင်းချင်းသာ ကူညီပေးနိုင်ကြောင်း သူတကယ်ပင် ရှားရှားပါးပါး သဘောပေါက်ခဲ့သည်။

သူ့ကိုယ်သူ ရယ်မောလိုက်၏။ သူဟာဟူယွိထျန်ဆီမှခွဲထွက်ပြီး သူ့ဘာသာသူ တစ်ခုခုလုပ်လိုသောကြောင့် ယခုအကြိမ်ထွက်လာခြင်းဖြစ်သည်။ ဟူယွိထျန်က သူ့ကို သိပ်ဂရုမစိုက်တာကြောင့် ဟူယွိထျန်နဲ့ ကျင့်ကြံရသည့်နေ့ရက်တွေကို ငြီးငွေ့နေခဲ့ပြီး သူဟာယွီဟော်ကို ဘာမှ သင်ပေးမှာလည်းမဟုတ်ဘူး။ 

သူ့စိတ်ကူးတွေကို ဟူယွိထျန်အား တစ်ခါမှ မပြောဖူးပေမယ့် ဟူမိသားစုရဲ့အင်အားနဲ့ ထောက်လှမ်းရေးစနစ်အသစ်ကို မတည်ဆောက်ပဲ သူ့ကိုယ်သူ ပြီးပြည့်စုံအောင် လုပ်နိုင်ခဲ့သည်။

တခြားသူတွေက အကြံဥာဏ်တွေကို မထောက်ခံတာကြောင့် ယွီဟော် အရမ်းစိတ်ပျက်သွားသည်။ သူဟာဟူယွိထျန်အတွက် လျှို့ဝှက်ချက်အသေးများရယူပြီး ထာဝရကျွန်အဖြစ် နေရမည်ကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ ကြီးကျယ်ခမ်းနားသော အောင်မြင်မှုများ ရရှိရန် လုံးဝမဖြစ်နိုင်ပါ။

ယွီဟော် ခေါင်းခါလိုက်ပြီး ရှုပ်ထွေးနေသည့် အတွေးတွေကို ရပ်လိုက်သည်။ "ရွှီရှစ်ရှုန်း ကျွန်တော့်ကို မယုံဘူးဆိုပေမယ့် ဆယ်နှစ်အတွင်း ရွှမ်းယွိနယ်မြေအတွက် ထောက်လှမ်း‌ရေးစနစ်သစ်တစ်ခုကို ကျွန်တော်တည်ဆောက်နိုင်မယ်ဆိုတာ သေချာပါတယ်။ ပြီးတော့ ရှစ်ရှုန်းလိုချင်တဲ့ သတင်းမှန်သမျှကို ဝယ်လို့ရတယ်။ အဲ့ဒီကနေ ဘယ်သတင်းကို ရနိုင်မလဲဆိုတာ မှန်းကြည့်လို့တောင်ရမှာ မဟုတ်ဘူး!"

ရွှီဇီယန်က ယွီဟော်ကို အားတက်သရော ကြည့်ပြီး သူ့စိတ်ထဲ၌ အော်ဟစ်နေသည်: 'ငါယုံတယ်! ငါတကယ်ယုံတယ်! ငါ မင်းကိုယုံကြည်တာကြောင့် မင်းနဲ့ပူးပေါင်းဖို့ ငါ့ကိုမဖိတ်ခေါ်ချင်ဘူးလား!?'

ချောင်းဟန့်ကာ ရွှီဇီယန်က နူးညံ့သောလေသံဖြင့် "ရှစ်တိရဲ့စွမ်းရည်နဲ့ အဲ့ဒီလိုစနစ်အသစ်ကို ထူထောင်နိုင်မယ်ဆိုတာ ငါယုံပါတယ်။ ဆယ်နှစ်ထက်တောင် နည်းဉီးမယ်၊ ငါးနှစ်လောက်ပဲ ကြာလိမ့်မယ်။"

"ကျွန်တော့်ကိုတကယ်ယုံတာလား။" ယွီဟော်၏ မျက်လုံးများ ချက်ချင်း တောက်ပလာသည်။ ငယ်ငယ်လေးကတည်းက ဖိနှိပ်ခံခဲ့ရပြီး ဟူယွိထျန်ဘေးမှာလည်း ခွေးတစ်ကောင်လို ဆက်ဆံခံရသည်။ တစ်စုံတစ်ယောက်က သူ့ကို ဒီလိုယုံကြည်သည့်လေသံနဲ့ ပထမဆုံးအကြိမ် ပြောလိုက်တာက သူ့တစ်ကိုယ်လုံး ပူထူလာသလို ခံစားရသည်။

"ဟုတ်တယ် ငါမင်းကိုယုံတယ်!" ရွှီဇီယန်က ပြတ်ပြတ်သားသားပြောကာ "ငါ မင်းကို နှစ်သိမ့်ဖို့သက်သက် အဓိပ္ပါယ်မရှိ ပြောနေတာမဟုတ်ဘူး။"

ယွီဟော်က သူ့ရင်ထဲကနေ တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ တကယ်တော့ သူတကယ်ပဲ ရွှီဇီယန်က သူ့ကို နှစ်သိမ့်ပေးနေတယ်လို့ သူတကယ်ထင်ခဲ့မိပြီး ငါးနှစ်အတွင်းမှာ သတင်းရောင်းသည့်စနစ်တစ်ခုကို သူတည်ဆောက်နိုင်မယ်လို့တောင် မယုံခဲ့ပါဘူး။ ထို့အပြင် စိတ်ဝိညာဉ်ကျောက်တုံးပမာဏကလည်း ကြီးမားသောပြဿနာတစ်ခုဖြစ်သည်။ သူ့အိတ်ကပ်က အလွတ်ဆိုရင် သူ့ကို ကူညီမယ့်သူကို ဘယ်လို ငှားရမှာလဲ။

သူ၏ဂုဏ်သတင်းကို ထူထောင်ရန် ရင့်ရွဲ့မြို့သို့ သူရောက်လာသည်။ အစ၌ သူ့တွင် သာမန်အမည်တစ်ခုသာရှိသော်လည်း အနှေးနဲ့အမြန် သူ၏စနစ်သစ်ကို ရွှမ်းယွိနယ်မြေတစ်ခုလုံးတွင် လူသိများစေမည်ဖြစ်သည်။

"ဝင်ခွင့်စာမေးပွဲတုန်းက တွေ့ခဲ့တာကို မှတ်မိသေးလား။" ရွှီဇီယန်က ပြုံးပြီးပြောသည်။

ယွီဟော် ရုတ်တရက် မှင်တက်သွားသည်။ အဲဒီတုန်းက တစ်ယောက်နဲ့တစ်ယောက် မသိကြပေမယ့် အဲဒီအဖြစ်အပျက်က တစ်ယောက်ကို တစ်ယောက် သိရုံမျှသာဖြစ်ခဲ့ပေမယ့် ဒါဟာ ရှက်စရာကောင်းသည့် အဖြစ်အပျက်တစ်ခု ဖြစ်နေဆဲဖြစ်ပြီး ဒီအကြောင်းကိုတော့ သူက မပြောလိုဘူး။

ယွီဟော်ကိုကြည့်ပြီးနောက် သူနားလည်မှုလွဲသွားသည်ကို ရွှီဇီယန်သိလိုက်သည်။ သူ မြန်မြန် ချောင်းဟန့်လိုက်ပြီး ထိုအချိန်တုန်းက သူ၏ ပုန်းအောင်းတဲ့နည်းမှာ မည်မျှ ထူးချွန်ကြောင်း ရှင်းပြလိုက်သည်။ အကယ်၍ ရွှီဇီရုန်သာ တောအုပ်ထဲတွင် သူ၏ ရှာဖွေရေးစွမ်းရည်ကို အသုံးမပြုပါက ယွီဟော်ကိုလည်း ရှာဖွေတွေ့ရှိမည်မဟုတ်ပေ။

ယွီဟော်က ဒီလိုနည်းမျိုးကို ဘယ်မှာ သင်ယူခဲ့မှန်း မသိပေမယ့် သူလျှိုလုပ်ရာမှာ ထူးချွန်သူတစ်ယောက်ဆိုတာ ထင်ရှားပါသည်။

ယွီဟော်မှ မလုပ်ရင် ဘယ်သူက ပိုသင့်တော်မှာလဲ။

ဒီစကားက ယွီဟော်က တကယ်ကို တုန်လှုပ်သွားသည်။ ရွှီဇီယန်က သူ့ကို တကယ်နှစ်သိမ့်မှုမပေးနိုင်ဘူးလို့ သူမျှော်လင့်ထားပေမယ့် သူ့ရဲ့အတိတ်က စွမ်းဆောင်ရည်ကို အခြေခံပြီး သူ့ရဲ့အနာဂတ်ပန်းတိုင်တွေကို ခွဲခြမ်းစိတ်ဖြာပေးနေသည်။

"ဒါဆို ငါးနှစ်အတွင်း ဒီလိုစနစ်မျိုးကို ကျွန်တော် တကယ်ပဲ ထူထောင်နိုင်လိမ့်မယ်လို့ ရှစ်ရှုန်းထင်လား။" ယွီဟော်က စိတ်လှုပ်ရှားစွာ သူ့လက်ကို ပွတ်လိုက်သည်။ သူဟာ ယုံကြည်မှုရှိပုံရသော်လည်း သူ၏အဖိုးတန်မှုကို နှိမ့်ချနေခြင်းသာ ဖြစ်သည်။ နောက်ဆုံးတွင် တစ်စုံတစ်ယောက်က သူ၏အရေးပါမှုကို မြင်သောအခါတွင် သူ၏ယုံကြည်ချက်မရှိခြင်းက ပို၍ထင်ရှားလာသည်။

"ဟုတ်တယ်!" ရွှီဇီယန်သည် ချန်းဝမ်အဆောက်အအုံကို တည်ထောင်ပြီး ငါးနှစ်အကြာတွင် သူမြင်ခဲ့ရသည့်အတိုင်း ပြန်ပြောခဲ့သည်။

သူ၏ပြတ်သားသော သဘောထားက ယွီဟော်အပေါ် အပြုသဘောဆောင်သော သြဇာလွှမ်းမိုးမှုရှိပြီး သူ့ကို ဂုဏ်ယူစေကာ မတ်တပ်ရပ်လိုက်သည်။

"ဘယ်အချက်ကြောင့် ဂုဏ်ယူနေရတာလဲ။ ဒီလိုကြီးမားတဲ့ ကွန်ရက်ကြီးကို တည်ဆောက်ချင်တယ်ဆိုရင် ဦးစွာ စိတ်ဝိညာဉ်ကျောက်တုံးတွေ လိုအပ်တယ် မဟုတ်ဘူးလား။ မင်းမှာရှိလား။" ရွှီဇီရုန် ခဏလောက် စကားမပြောဘဲနေရာမှ ရုတ်တရက်ပြောလာပြီး ယွီဟော်ကို လက်တွေ့သို့ ပြန်ခေါ်လိုက်သည်။

ယွီဟော် ထိတ်လန့်သွား၏။ သူဘယ်လောက်ပဲ ယုံကြည်မှုရှိနေပါစေ၊ အချိန်တိုလေးအတွင်းမှာ စိတ်ဝိညာဉ်ကျောက်တုံးတွေ အများကြီးရနိုင်မှာတော့ မဟုတ်ပါဘူး။ ရိုးရိုးသားသားပြောရလျှင်၊ သူဟာကနဦး ကြိုတင်ခန့်မှန်းထားသည့်ဆယ်နှစ်အတွင်းတွင်၊ စိတ်ဝိညာဉ်ကျောက်တုံးများစုဆောင်းဖို့ ပထမဦးစွာ ခုနစ်နှစ်အချိန်ယူရမည်ဖြစ်သည်။ စိတ်ဝိညာဉ်ကျောက်တုံးများ အလုံအလောက်မရှိပါက ကြီးမားသောကွန်ရက်တစ်ခုကို တည်ဆောက်ခြင်းက ရယ်စရာကောင်းပေလိမ့်မည်။

"အဟမ်း၊ ရှစ်တိက စိတ်ဝိညာဉ်ကျောက်တုံးတွေ ပြတ်လတ်နေတာလား။" ရွှီဇီယန်က ဟန်ဆောင်ကာ မေးသည်။

ယွီဟော်က စိတ်ဓာတ်ကျစွာဖြင့် ခေါင်းညိတ်လိုက်ပြီး "ကျွန်တော်က အခု ရင်ယွယ်မြို့ကိုရောက်နေတာ သူတို့ထဲက တစ်ချို့လိုမျိုး ငွေရှာချင်လို့လေ"

"ဒါက မင်းအတွက် လုံးလုံးလျားလျားပဲဆိုရင်၊ ချန်းဝမ်အဆောက်အအုံရဲ့ ကနဦးပုံစံကို တည်ဆောက်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုသလဲ။"

"ချန်းဝမ်အဆောက်အအုံ?" ယွီဟော် သူ့မျက်လုံးများကိုပင့်ကာ ရွှီဇီယန်ကို အံ့သြစွာ ကြည့်လိုက်သည်။

"အာ… ဒါက ရှစ်တိရဲ့ ထောက်လှမ်းရေးကွန်ရက်အတွက် ငါမည့်ထားပေးတဲ့ နာမည်ပါ။" ရွှီဇီယန် ရှက်ရွံ့စွာ ပြုံးလိုက်သည်။

"ချန်းဝမ်အဆောက်အအုံ…" ယွီဟော် ထိုအကြောင်းကို ပိုတွေးလေလေ၊ ထိုနာမည်က သင့်တော်တယ်လို့ သူခံစားရလေလေဖြစ်ပြီး၊ သူက စားပွဲကို ပြင်းပြင်းထန်ထန် ရိုက်လိုက်ပြီး "ဒါဆို ချန်းဝမ်အဆောက်အအုံလို့ပဲ ခေါ်ရအောင်။ ကျေးဇူးတင်ပါတယ် ရွှီရှစ်ရှုန်း"

ရွှီဇီယန်၏နှုတ်ခမ်းတွေ ကော့တက်သွားပြီး "ယွီရှစ်တိ၊ ခုနက ငါ့မေးခွန်းကို မင်း မဖြေသေးဘူး။ ချန်းဝမ်းအဆောက်အအုံရဲ့ ကနဦးပုံသဏ္ဍာန်ကို တည်ဆောက်ဖို့ စိတ်ဝိညာဉ်ကျောက်တုံး ဘယ်လောက်လိုအပ်သလဲ။"

ယွီဟော်က စိတ်ပျက်လက်ပျက်နဲ့ "အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာလောက်လိုပါတယ်၊ မဟုတ်ရင် လုံးဝ စတင်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အဲ့ဒီမှာ လူအလုံအလောက်မရှိ သတင်းမရှိရင် ကျွန်တော်တို့တွေ ဘယ်လိုလုပ် စီးပွားရေးလုပ်ငန်းကို လည်ပတ်နိုင်မှာလဲ…" ရွှီဇီယန်အား သူဖြေကြားနေစဉ် ခေါင်းငုံ့ထားကာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးများကို မမြင်ဖူးသကဲ့သို့ စိတ်ဝိညာဉ်ကျောက်တုံးများစွာကို ရရှိရန် မျှော်လင့်ချက်ကင်းမဲ့သွားခဲ့သည်။ 

လျှိုကွမ်းဂိုဏ်း၏ အခြေခံကျင့်ကြံခြင်းအဆင့် တပည့်များ၏ဝင်ငွေမှာ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်တုံး ၁၀၀ ခန့်ဖြစ်ပြီး၊ မစားမသောက်ဘဲ နှစ်ပေါင်း ၂၅၀၀ ကြာအောင် သူစုဆောင်းဖို့ လိုအပ်ပြီး … ဤသည်မှာ စိတ်ပျက်စရာပင်။

"အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာ ဟုတ်လား။" ရွှီဇီယန်ဟာ ဆက်စပ်သတ္တုရိုင်းများကို ရောင်းချပြီးကတည်းက သူ၏ စိတ်ဝိညာဉ်ကျောက်တုံးအိတ်ကို ပုံမှန်အတိုင်း ထိမိလိုက်ရာ သူ၏ စိတ်ဝိညာဉ်ကျောက်တုံးအိတ်က ပို၍ကြီးမားလာသည်။ သို့သော် ၎င်းတို့အား ဆေးဝါးနှင့် ဓားပျံပေါ်တွင် သုံးစွဲပြီးနောက် ၎င်းတို့ထဲမှ ၃၀၀ ခန့် ကျန်နေခဲ့သည်။

ယွီဟော် သေချာပေါက် အောင်မြင်မယ်လို့ သူဘက်က မသေချာရင် သူ့ပစ္စည်းဥစ္စာအားလုံးကို ရင်းနှီးမြှပ်နှံဖို့ ဘယ်တော့မှ သုံးမှာ မဟုတ်ဘူး။ ဤအချိန်တွင် သူဟာဝိညာဉ်ကူးပြောင်း၏ အကျိုးကျေးဇူးများကို နောက်ဆုံးနားလည်သဘောပေါက်ခဲ့ပြီး အဘယ်ကြောင့်ဆိုသော် ယွီဟော်ဟာ အောင်မြင်မည်ကို သူသိထားပြီးဖြစ်သည်။ ယွီဟော်ဟာ ကျေးဇူးသိတတ်သူဖြစ်သောကြောင့် နောက်ပိုင်းတွင် ရွှီဇီယန် ချီးမြှင့်ခံရမည့် အကျိုးအမြတ်များဟာ အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံး သုံးရာထက် ကျော်မည်မှာ သေချာပါသည်။

"အဲ့ဒါတွေကိုယူလိုက်" လျှပ်တပြက် သူဟာစိတ်ဝိညာဉ်ကျောက်တုံးအိတ်ကို ယွီဟော်ရှေ့တွင် ချလိုက်သည်။

ယွီဟော်ဟာ ရွှီဇီယန်ကို မျက်နှာသေဖြင့် မော့ကြည့်လိုက်ပြီးနောက် အိတ်ကို ကြည့်လိုက်သည်။

"မင်းအတွက် ရင်းနှီးမြှုပ်နှံမှု" ရွှီဇီယန်ကပြော၏။

"ရင်းနှီးမြှုပ်နှံမှု?" ယွီဟော် ခဏမျှ ထိတ်လန့်သွားပြီး၊ ထို့နောက် သူ၏အာရုံဖြန့်ကျက်ခြင်းအစွမ်းဖြင့် စိတ်ဝိညာဉ်ကျောက်အိတ်ကို မသိစိတ်ကနေ ခံစားလိုက်ရသည်။

နောက်တစ်စက္ကန့်တွင် သူ့မျက်လုံးများ ပြူးထွက်လုမတတ်ပင် ဖြစ်သွားရသည်။

"သုံး၊ သုံး၊ သုံး… သုံးရာ… အဆင့်မြင့် စိတ်ဝိညာဉ်ကျောက်တုံးသုံးရာ!" ယွီဟော်တစ်ကိုယ်လုံး တောင့်တင်းပြီး စကားထစ်လာသည်။

"ဆိုတော့… ဒါက မင်းရဲ့ချန်းဝမ်အ‌ဆောက်အအုံအတွက် ငါ့ရဲ့ရင်းနှီးမြုပ်နှံမှုပဲ" ရွှီဇီယန်က တည်ငြိမ်စွာပြောလိုက်သည်။

ယွီဟော်က အိတ်ကို တုန်ရီနေသော လက်ချောင်းများဖြင့်ထိုးပြပြီး အချိန်အကြာကြီး ဘာမှပြန်မပြောနိုင်ခဲ့ပေ။

ရွှီဇီယန် ခဏလောက်စဉ်းစားပြီး "ငါငွေထောက်ပံ့ပေးပြီးတော့ မင်းက ငါတို့ကို နည်းပညာတွေပေးရမယ်။ နောင်အခါ ချန်းဝမ်အဆောက်အအုံကို တည်ထောင်တဲ့အခါ ငါက အမြတ်ရဲ့ ၃၀% ကိုယူမယ်၊ မင်းဆီက အချိန်မရွေး သတင်းရနိုင်ရမယ်၊ အဲဒါကို သဘောတူလား။"

ယွီဟော်က အံသြသွားပြီး အသံမထွက်ဘဲ ပါးစပ်ကို ဖွင့်ပိတ်လုပ်နေသည်။

ခဏကြာတော့ သူက ထစ်ထစ်ငေါ့ငေါ့ပြောလာသည်: "မရဘူး… ကျွန်တော် သဘောမတူဘူး!"

"ဟင်?" ရွှီဇီယန် အနည်းငယ် မျက်ခုံးပင့်ကာ ဘာကြောင့် ဒီလိုအခြေအနေတွေမျိုးကို သူက သဘောမတူတာပါလိမ့်။ ယွီဟော်က လောဘကြီးတဲ့သူများလား။

#TK