Chapter 2
Viewers 2k

👥️Chapter 2




“ဇနီးလား ...”


ထန်းကော်က ကြက်သေသေသွားကာ ခေါင်းကို အသာခါယမ်းပြလိုက်သည်။ 


“သခင်လေး .. မှားနေပြီ အဲဒါက ဇနီး မဟုတ်ဘူး ဟိုမစ္စတာ သူက ...”


ထန်းကော်က ဆက်မပြောရဲတော့ဟန်ဖြင့် စကားစကို ချက်ခြင်း ဖြတ်ချလိုက်သည်။ ဤအလုပ်ကို မရခင်က ဥက္ကဌယန်သည် သူ့ကို ယန်အန်းယု၏ အရှေ့၌ ထို မစ္စတာအကြောင်း လုံးဝလုံးဝ မပြောမိစေရန် ထပ်ကာထပ်ကာ သတိပေးထားခဲ့ဖူးသည်။ 


“မစ္စတာ ဟုတ်လား ...”


ယန်အန်းယုက ထိုစကားကို သံယောင်လိုက်ကာ ရွတ်ဆိုရင်း ထန်းကော်၏ ကသိကအောက် ဖြစ်နေသော အမူအယာကိုပါ အကဲခတ်လိုက်သည်။ ထို့နောက်တွင်မူ ဆိုလိုရင်းကို ချက်ခြင်း သဘောပေါက်သွားတော့၏။ 


မူလကိုယ်က ယောကျ်ားတွေကိုပဲ သဘောကျခဲ့တာ ထင်တယ် ...


အိုက်ယား ...


ယန်အန်းယုက တရစပ် ထွက်ပေါ်လာသော စိတ်ဖိစီးမှုများကြောင့် နဖူးကို ဖိကိုင်ထားလိုက်ရတော့သည်။ 


မူလကိုယ်ရဲ့ ဘဝက လုံလောက်တာထက် ပိုပြီးကို ဆိုးလှပြီ မှတ်နေတာ ဝတ်ရုံလက်ပြတ်ပါ ဖြစ်နေသေးတယ်တဲ့လား ...


ယန်အန်းယု၏ စိတ်ပျက်အားငယ်နေသော အမူအယာကို မြင်လိုက်ရသည့်အခါ ထန်းကော်မှာလည်း အနည်းငယ် စိတ်ထဲ တင်းကြပ်သွားတော့သည်။ သို့သော် အကြိမ်ကြိမ် စဉ်းစားပြီးသည့်နောက် ယန်အန်းယုအား အကြောင်းစုံ ပြောပြရန်သာ ဆုံးဖြတ်ခဲ့လိုက်၏။ သူက iPad ကို ဖွင့်ကာ လတ်တလောတွင် နာမည်ကြီးနေသည့် “ရှင်းမန့်” ဟူသော အစီအစဉ်ကို ပြလိုက်သည်။ 


ဆရာဝန်က ယန်အန်းယုအား ဆေးရုံတက်နေစဉ်အတွင်း ဖုန်းနှင့် iPad အား လျော့သုံးရန် မှာကြားခဲ့သည်။ သို့သော် ထင်မှတ်မထားစွာဖြင့် သူက ဆရာဝန်၏ စကားကို တသွေမတိမ်း နားထောင်ကာ ယခင်ကဲ့သို့ တစ်နေကုန် ဂိမ်းကစားနေခြင်းလည်း မရှိခဲ့။ ထိုအစား သူက ကိုယ်ခံပညာစာအုပ်များကိုသာ သဘောတကျ ဖတ်ရှုကာ တီဗီနှင့် ဖျော်ဖြေရေး အစီအစဉ်များအားလည်း အာရုံမစိုက်မိခဲ့တော့ချေ။ 


“သခင်လေး .. ဒါလေးကို တစ်ချက်လောက် ကြည့်ကြည့်လိုက်ပါ ...”


“ရှင်းမန့်” သည် အဝတ်အစား အပြင်အဆင်များကအစ ခမ်းခမ်းနားနား ပြင်ဆင်ထားသည့် အစီအစဉ်တစ်ခု ဖြစ်ပေရာ ပြည်သူ တစ်ရပ်လုံးနီးပါးခန့်က ပုံမှန် စောင့်ကြည့်ကြပြီး မြောက်များစွာသော ချီးကျူးမှုများနှင့် ထပ်ကာထပ်ကာ ပြန်လည်ကြည့်ရှုနှုန်းတို့ကိုပါ ပိုင်ဆိုင်ထားသော လတ်တလောနှစ်များ၏ ပြိုင်ဘက်ကင်း အစီအစဉ်ကောင်းတစ်ရပ် ဖြစ်ပေသည်။ 


ထိုအစီအစဉ်တွင် လူငယ်များအကြား ရင်ခုန်ဖွယ်ရာ အချစ်ရေးကိစ္စဟူ၍ များစွာ မပါရှိဘဲ နိုင်ငံအချင်းချင်းအကြား ရန်ညှိုးရန်စများ၊ လူတစ်ဦးနှင့် တစ်ဦးအကြား ကျေးဇူးတရားများ၊ အဖုအထစ် အစိုင်အခဲများကိုသာ စိတ်နှလုံး ကြေကွဲဝမ်းနည်းဖွယ် ကောင်းလောက်အောင် အထူးတလည် ဖော်ပြတင်ဆက်ထားသည်။ အစီအစဉ်တစ်ခုလုံးတွင် အမျိုးမျိုးသော ပဋိပက္ခ ဇာတ်ကွက်များဖြင့် ပြည့်နှက်နေကာ စစ်မြေပြင်တွင် လက်ရည်ချင်း ယှဉ်ပြိုင်သည့် ဇာတ်ကွက်မှအစ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် တော်ဝင်မိသားစုအချင်းချင်း ပြည်သူများ၏ စိတ်နှလုံးကို အပိုင်ရရန် ကြိုးစားကြရာမှ ဖြစ်ပေါ်လာသည့် ဝမ်းနည်းဖွယ်ရာ အခက်အခဲများစွာလည်း ပါဝင်ပေသေးသည်။ အနိမ့်အမြင့် အတက်အကျများစွာတို့ဖြင့် ပြည့်နှက်နေကာ ဇာတ်ကောင် တစ်ခုချင်းစီ၏ ဇာတ်သိမ်းမှာလည်း အလွန် အတွေးများဖွယ်၊ အသည်းယားဖွယ် ကောင်းလှပေသည်။ 


ပင်မဇာတ်သိမ်းပိုင်းနှင့် နီးကပ်လာပြီဖြစ်သည့် ယနေ့အပိုင်းမှာ အဓိကဇာတ်လိုက်ဖြစ်သော စစ်သူကြီးချုပ် လောရှင်း၏ နောက်ဆုံးစခန်းသိမ်းတိုက်ပွဲကို ထုတ်လွှင့်ရမည် ဖြစ်သည်။ 


ကောင်းကင်ပြင်မှာ စိတ်ဓာတ်ကျဖွယ် ကောင်းလောက်အောင် ပိန်းပိန်းမှောင်နေကာ သွေးစက်တို့ စိုရွှဲနေသည့် အလံတစ်ခုက မြေပေါ်တွင် လဲကျနေ၏။ ခေါင်းဆောင်းခမောက်နှင့် ဓားအကျိုးအပဲ့တို့မှာ နေရာအနှံ့ ပြန့်ကြဲနေကာ အချိန်ကြာလာလေလေ မြေပေါ်တွင် စုပုံနေသည့် စစ်သည်အလောင်းများ များပြားလာလေ ဖြစ်သည်။ .. စစ်မြေပြင် တစ်ခုလုံးမှာ အာဆူရာ၏ စိတ်ပျက်ခါးသီးဖွယ် အခြေအနေကို သရုပ်ဖော်ပြနေသည့်နှယ်ပင်။ 


မီးတောက်သဖွယ် ရဲရဲနီနေသည့် စစ်ဝတ်စုံများမှာလည်း စွန်းထင်းနေသော သွေးစက်များကြောင့် နီညိုရောင်အဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။ ကျိုးပဲ့နေသည့် မြားတစ်စင်းက သူ့ညာဘက်ပုခုံးသို့ ထိုးဖောက်ဝင်ရောက်လာသည့်အခါ လောရှင်း၏ မျက်နှာ အနည်းငယ် ပျက်ယွင်းသွားတော့သည်။ သူ့ခန္ဓာကိုယ်ထက်တွင်လည်း မရေမတွက်နိုင်လောက်အောင် များပြားလှသည့် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေပေ၏။ ရှည်လျားလှသည့် ဓားသွားကို လွှဲကာ ခုတ်ယမ်းလိုက်လေတိုင်း သူ့ခန္ဓာကိုယ်ရှိ ဒဏ်ရာအားလုံးကိုပါ ဆုတ်ဖြဲလိုက်သည့်နှယ် ဖြစ်သွားကာ သွေးစက်တို့က စဉ်ဆက်မပြတ် ပန်းထွက်လာတော့သည်။ သို့သော် သူ့မျက်ဝန်းများကမူ တိုက်ခိုက်လိုစိတ်တို့ဖြင့် မီးဝင်းဝင်းတောက်နေဆဲပင် ဖြစ်သည်။ 


နိုင်ရမယ် .. ဒီတိုက်ပွဲကို သေချာပေါက်ကို အနိုင်ရရမယ် ...


အချိန်နာရီတို့ တရွေ့ရွေ့ ကုန်ဆုံးကာ နေ့နှင့်ည ကူးပြောင်းလာပြီးနောက် အသေအကြေ တိုက်ခိုက်မှုများ အပြီး နောက်ဆုံးတွင် သူတို့ဘက်မှ အောင်ပွဲခံနိုင်ခဲ့၏။ သို့သော် .. ပြင်းထန်လှသည့် ဒဏ်ရာတို့၏ နှိပ်စက်မှုကို အံကြိတ်ကာ သည်းခံခဲ့သည့် လောရှင်းမှာမူ .. စစ်မြေပြင်တွင်ပင် ဂုဏ်သိက္ခာ ကြီးမြတ်စွာဖြင့် အသက်ကို စွန့်လှူလိုက်ရတော့သည်။


ထို စစ်သူကြီးချုပ် “လောရှင်း” အဖြစ် သရုပ်ဆောင်ထားသူမှာ လက်ရှိတွင် နာမည်အကြီးဆုံးသရုပ်ဆောင် “ယီချန်းယန်” ပင် ဖြစ်ပေသည်။ 


အနီးကပ် ရိုက်ချက်နှင့်အတူ ထွက်ပေါ်လာသည့် ဇာတ်ဝင်တေးသံ၊ အဓိက ဇာတ်ကောင်၏ အတွေးစကားသံများက ကြည့်ရှုနေသူတို့၏ ခံစားချက်များကို ပြင်းပြင်းထန်ထန် နှိုးဆွနိုင်ခဲ့သည်။  ကြည့်ရှုနေသူများမှာ ဇာတ်လမ်း စတင်ချိန်မှစကာ မည်မျှအထိ ငိုကြွေးခဲ့ရပြီး ဖြစ်ကြောင်းကိုမူ မည်သူမှ သိနိုင်လိမ့်မည် မဟုတ်ချေ။ 


ယန်အန်းယု၏ အမူအယာမှာလည်း အကြီးအကျယ် ပြောင်းလဲသွားတော့သည်။ သူ့မျက်နှာထက်တွင် အံ့အားသင့်မှုတို့ဖြင့် ပြည့်နှက်နေကာ မျက်ဝန်းထောင့်စွန်းတွင် စီးကျတော့လုမတတ် တွဲလွဲခိုနေသည့် မျက်ရည်စက်များက တလက်လက် တောက်ပနေသည်။ 


“ဒီလူ .. သူ .. သူ အခု ဘယ်မှာလဲ ငါ သူ့ကို တွေ့ချင်တယ် ...”


ထိုစဉ် ခြေသံအချို့ကို ကြားလိုက်ရကာ တစ်စက္ကန့်ခန့် အကြာတွင် ယီချန်းယုနှင့် သူ့မန်နေဂျာတို့ တံခါးဝသို့ ရောက်ရှိလာသည်။ 


ခြေသံကို ကြားလိုက်ရသည်နှင့် တစ်ပြိုင်နက် ယန်အန်းယုက အပေါက်ဝဘက်သို့ ချက်ခြင်း လှည့်ကြည့်လိုက်သည်။ မျက်ရည်စက်များကြောင့် တလက်လက် တောက်ပနေသည့် အကြည့်တို့က ယီချန်းယန်ထံတွင် ခိုင်မာစွာ ကပ်ငြိသွားတော့သည်။ 


မျက်ဆန်အိမ်တို့ ရုတ်တရက် ကျုံ့သွားကာ နှုတ်ခမ်းတို့ တဆတ်ဆတ် တုန်ရီလာပြီး ဗလုံးဗထွေး မေးလိုက်သည်။ 


“စစ် .. စစ်သူကြီး အရှင်လား ...”


သူ့အသံမှာ မကျယ်လှ။ သို့သော် တိတ်ဆိတ်နေသည့် ဆေးရုံအခန်းကြောင့် ထိုမေးခွန်းကို အားလုံး ပြတ်ပြတ်သားသား ကြားလိုက်ရသည်။ ထန်းကော်နှင့် လီယဲ့တို့မှာ ကြက်သေသေသွားကာ တိုင်ပင်စရာပင် မလိုဘဲ ယီချန်းယုကို ချက်ခြင်း လှည့်ကြည့်မိသွားကြတော့သည်။ 


ယီချန်းယု၏ မျက်ခုံးနှစ်ဖက်မှာလည်း မသိမသာ တွန့်စုသွားတော့သည်။ 


“ယန်အန်းယု မင်း အခုထိ  မသက်သာသေးဘူးလား ...”


သာမန်ဆန်ကာ စိမ်းသက်လှသည့် လေသံက ယန်အန်းယုကို လက်တွေ့ဘဝသို့ ချက်ခြင်း  ပြန်ရောက်လာစေခဲ့သည်။ 


“ချန်းယန် ...”


ဘေးနားရှိ လီယဲ့က ပြောလိုက်၏။ သူ့လေသံမှာ အနည်းငယ် မကျေမနပ် ဖြစ်နေသည့်ဟန်ပင်။ 


ထိုစဉ် ထန်းကော်က ရယ်သံတစ်ခုကို ဖျစ်ညှစ်ထုတ်လျက် အကြောင်းစုံကို ရှင်းပြလိုက်သည်။ 


“မစ္စတာယီ သခင်လေးက “ရှင်းမန့်” ကို ကြည့်ပြီးကာစဆိုတော့ ဇာတ်လမ်းထဲမှာ မြောနေတာ ထင်ပါတယ် ...”


“တောင်း .. တောင်းပန်ပါတယ် ...”


ယန်အန်းယုက ရှက်ရွံ့စွာဖြင့် ရေရွတ်ရင်း ခေါင်းကို ငိုက်စိုက်ချကာ စိုစွတ်နေသည့် သူ့မျက်ဝန်းထောင့်စွန်းများကို ပွတ်သပ်လိုက်သည်။ 


ကြည့်ရတာ အစောပိုင်းက သူ့စိတ်တွေ ရှုပ်ထွေးသွားပြီး ရူးမိုက်မိုက် လုပ်ရပ်မျိုးကို လုပ်ခဲ့မိတယ် ထင်တယ် ဒီ ယီချန်းယန်က စစ်သူကြီးနဲ့ ရုပ်လည်းတူ နာမည်လည်း တူနေတယ် ဆိုပေမယ့် သူ့ရဲ့ စစ်သူကြီးချုပ်ယီမှ မဟုတ်တာ ...


ယီချန်းယန်က သူ့ကို ငေးစိုက်ကြည့်နေကာ သူ၏ အလေးမစိုက်ဟန် မျက်ဝန်းတို့၏ အောက်ခြေတွင် ပြောင်းလဲမှု အရိပ်အယောင်တို့ တစ်စွန်းတစ်စခန့် ထွက်ပေါ်လာခဲ့သည်။ 


သူနှင့် ယန်အန်းယုတို့ မဆုံဖြစ်သည်မှာ လေးလခန့်ပင် ကြာမြင့်နေပြီ ဖြစ်ပြီး ပြီးခဲ့သည့်တစ်ခေါက် တွေ့ခဲ့စဉ်က တစ်ဖက်လူ၏ အဝါရောင် ဆံပင်အကောက်များမှာ ယခုမူ အနက်ရောင်အဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်သည်။ ထိုမျှသာမက ဆံပင်ကိုလည်း ခပ်တိုတို ညှပ်ထားသည့်အတွက် သူ၏ နူးညံ့လှပ ကြည်လင်သည့် မျက်နှာလေးမှာ ပိုမိုပေါ်လွင်လာကာ ယခင်ထက်ပို၍ပင် မျက်စိပသာဒဖြစ်ဖွယ် ကောင်းလာတော့သည်။ 


“မင်း ဆေးရုံဆင်းရမယ့်နေ့ကျ လာခေါ်လှည့်မယ် ...”


ယီချန်းယန်က စိတ်မပါလက်မပါဖြင့် ပြောလိုက်သည်။  


“လာခေါ်မယ် ဟုတ်လား ...”


ယန်အန်းယုက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ နားမလည်လေဟန်ဖြင့် ပြန်မေးလိုက်သည်။ 


“မင်းက ငါ့သူငယ်ချင်းလား ...”


ယီချန်းယန်က နောက်တစ်ကြိမ် ကြောင်အသွားပြန်ကာ လီယဲ့ပင်လျှင် အံ့ဩထိတ်လန့်သွားတော့သည်။ ထန်းကော်က ချက်ခြင်း ရှေ့သို့ တိုးလာကာ သူ့ကို တိတ်တဆိတ် သတိပေးလိုက်သည်။ 


“သခင်လေး သခင်လေးနဲ့ မစ္စတာယီက လက်ထပ်ထားပြီးသားလေ ...”


ထိုစကားကို ကြားလိုက်ရသည့်အခါ ယန်အန်းယု၏ အတွေးများအားလုံး ဘုန်းခနဲ ပေါက်ကွဲထွက်သွားတော့သည်။ သူက ယီချန်းယန်၏ အလေးမထားလေဟန် မျက်နှာထားကို တစ်လှည့်၊ သူ့ဘယ်ဘက်လက်တွင် ဝတ်ဆင်ထားသည့် လက်ထပ်လက်စွပ်ကိုတစ်လှည့် စိုက်ကြည့်ပြီးနောက် ...


ဒါ .. သူ့ကို စနေကြတာတော့ မဟုတ်ပါဘူးနော် ...


ဒီ ယီချန်းယန်က သူ့ရဲ့ ကြီးမြတ်လှတဲ့ စစ်သူကြီးချုပ် မဟုတ်ဘူး ဆိုရင်တောင် စစ်သူကြီးချုပ် လူပြန်ဝင်စားတာ ဖြစ်နိုင်ဖို့ များတယ်လေ ...


ရှေးယခင်ကတည်းက အမျိုးသား အချစ်တော် ထားရှိခဲ့သည့် ရာထူးကြီး မှူးမတ်များနှင့် တော်ဝင်မျိုးနွယ်များသာမက အမျိုးသား ကိုယ်လုပ်တော်နှင့် အမျိုးသား ဧကရီများပင် ရှိခဲ့ဖူးသော်ငြား သူကမူ နူးညံ့လှပသည့် အမျိုးသမီးများကိုသာ စိတ်ဝင်စားခဲ့သူ ဖြစ်ပေသည်။ ထို့အပြင် ယီချန်းယန်၏ မျက်နှာကို တွေ့ရချိန်တိုင်းတွင်လည်း သူ့စိတ်ထဲ၌ လေးစားမှုနှင့် သဘောကျမှုတို့ ဖြစ်ပေါ်ခဲ့သည့်တိုင် ၎င်းမှာ အရိုအသေပေးလိုမှု သက်သက်သာဖြစ်ပြီး အခြားအခြားသော မသင့်လျော်သည့် အတွေးမျိုး လုံးဝ မပါရှိခဲ့ချေ။ 


ထိုအခိုက်အတန့်၌ သူ့စိတ်တစ်ခုလုံး ရှုပ်ထွေးနေသည့်အတွက် အသားအရေမှာလည်း တစ်ဖြည်းဖြည်း ဆိုးဝါးလာတော့သည်။


“ယန်ရှောက်ယဲ့  မင်းကိုကြည့်ရတာ မသက်သာသေးတဲ့ပုံပဲ ...”


လူကဲခတ်ရာ၌ ကျွမ်းကျင်လှသည့် လီယဲ့မှာမူ တစ်ခုခုကို သတိပြုမိသွားသည့်ဟန်ပင်။ သူ့အကြည့်တို့က ရုတ်တရက် ပြောင်းလဲသွားတော့သည်။ 


“မင်းကို  စမ်းသပ်ဖို့ ဆရာဝန်တစ်ယောက်လောက် ခေါ်လိုက်ရမလား ...”


“မ .. မလိုပါဘူး ...”


ယန်အန်းယုက အသည်းအသန် ခေါင်းယမ်းပြကာ အပြုံးတစ်ပွင့်ဖြင့် ဟန်ဆောင်ဖုံးဖိရန် ကြိုးစားလိုက်သည်။ 


“အဆင်ပြေပါတယ် နည်းနည်း ပင်ပန်းနေလို့ ...”


ဆေးရုံသို့ လာရောက်ရသည့် ရည်ရွယ်ချက် ပြီးမြောက်သွားပြီ ဖြစ်သည့်အတွက် လီယဲ့က အသံတိတ်နေသော ယီချန်းယန်ကို လှမ်းကြည့်ကာ နောက်နှစ်ရက်နေလျှင် အခမ်းအနားတစ်ခုကို တက်ရောက်ရဦးမည် ဖြစ်သည့်အတွက် ယဉ်ကျေးစွာ ပြုံးပြရင်း နှုတ်ဆက်လိုက်တော့သည်။ 


“ဒါဆိုလည်း ယန်ရှောက်ယဲ့ အေးအေးဆေးဆေး အနားယူလိုက်ပါ ကျွန်တော်တို့ မနှောင့်ယှက်တော့ဘူး ...”


“အင်း ...”


ယန်အန်းယုက သူ့ကို ခေါင်းငြိမ့်ပြကာ ထန်းကော်ကို ညွှန်ကြားလိုက်သည်။ 


“ထန်းကော် သူတို့ကို လိုက်ပို့လိုက်ပါဦး ..."


သုံးဦးသား ဆေးရုံအခန်းထဲမှ ထွက်လာကြပြီးနောက် လီယဲ့က မျက်ဝန်းထဲတွင် အလင်းရောင်တစ်ချက် ဖြတ်ပြေးသွားလျက် မေးလိုက်သည်။ 


“မစ္စတာထန်း ယန်ရှောက်ယဲ့ သက်သာနေပြီဆိုတာ တကယ်ရော ဟုတ်ရဲ့လား ...”


လီယဲ့က လက်ရှိ ယန်အန်းယုမှာ လအနည်းငယ်ခန့် မတွေ့ရရုံမျှဖြင့်ပင် အတိတ်ကနှင့် မတူတော့အောင် ပြောင်းလဲသွားချေပြီဟု ခံစားမိနေခဲ့သည်။ 


ဒါမှမဟုတ် သူတို့ကပဲ အရမ်းကို အပေါ်ယံဆန်ဆန်ပဲ ရင်းနှီးခဲ့ကြလို့များလား သူ သိထားတာဆိုလို့ ဒီ ဒုတိယမျိုးဆက် သခင်လေးယန်ရဲ့ အပျော်အပါး လိုက်စားတတ်တယ်ဆိုတဲ့ အပေါ်ယံ မျက်နှာဖုံးပဲ ရှိတာလေ တကယ့် အစစ်အမှန်က ဘယ်လိုလို့မှ မသိခဲ့တာ ...


“အရင် ဆေးစစ်ချက်တွေကတော့ အကုန် ကောင်းပါတယ် ဒါပေမယ့် ...”


ထန်းကော်က တစ်ခုခုကို ထုတ်ပြောလိုသော်ငြား ချီတုံချီချ ဖြစ်နေမိကာ ဘေးတွင် စကားတစ်ခွန်းမှ မဆိုဘဲ အသံတိတ် ရပ်နေသည့် ယီချန်းယန်ကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ 


ထိုအကြည့်ကို မြင်လိုက်သည့် လီယဲ့ကလည်း တစ်ခုခုကို သဘောပေါက်သွားဟန်ဖြင့် ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ 


“ကိစ္စမရှိဘူး မင်း ပြောချင်တာ အားလုံးကို ပြောလိုက်လို့ ရတယ် ...”


“ဘာကြောင့်ရယ်တော့ မပြောတတ်ပေမယ့် သခင်လေးက အခုအထိ မစ္စတာယီနဲ့ ပတ်သက်တဲ့ မှတ်ဉာဏ်တွေကို ပြန်မမှတ်မိသေးဘူး ...”


ထန်းကော်က ခပ်တိုးတိုး ပြောလိုက်သည်။ 


ဘေးနားရှိ ယီချန်းယန်ကမူ မျက်ဝန်းတို့ မည်းမှောင်သွားသော်ငြား စကားတစ်ခွန်းမှ ဝင်မပြောသေး။


“အဲဒီ့လိုကိုး ..."


လီယဲ့က ခေါင်းတဆတ်ဆတ်ငြိမ့်ကာ ပြောလိုက်သည်။ 


“သဘောပေါက်ပြီ ...”


ညအချိန် ရောက်သည့်အခါ ယန်အန်းယု၏ နဖူးတစ်ခုလုံး အေးစက်စက် ချွေးစေးများဖြင့် ပြည့်နှက်နေကာ မျက်ခုံးနှစ်ဖက်မှာလည်း အိပ်မက်ဆိုးကို မြင်မက်နေရသည့်နှယ် တင်းတင်းကြပ်ကြပ် တွန့်စုထားသည်။ 


“ရှောင်ယု ...”


ယီချန်းယန်မှာ ပြင်းစွာ တုန်လှုပ်သွားကာ သူ့ကိုယ်စား ဓားချက်ကို ဝင်ခံပေးသည့် ယန်အန်းယုကို ပွေ့ဖမ်းလိုက်သည်။ 


သေစေနိုင်လောက်သည့် ဓားချက်ကို ခံလိုက်ရသည့်အတွက် ပြင်းပြလှသော နာကျင်မှုများက သူ့ကို ရုတ်တရက် ဝိုင်းအုံတိုက်ခိုက်လာကာ နေရာတွင်ပင် သွေးအန်မိသွားတော့သည်။


“စစ်သူကြီး ကျွန် .. ကျွန်တော် တောင်းပန်ပါတယ် ထပ်ပြီး အရှင့်ကို ကာကွယ်မပေးနိုင်တော့ဘူး ...”


“မကြောက်နဲ့ မင်း သေချာပေါက် အဆင်ပြေသွားမှာ ...”


ယီချန်းယန်က ညင်သာစွာ ပြောလိုက်ကာ သူ့နှုတ်ခမ်းထောင့်စွန်းမှ စီးကျလာသည့် သွေးစများကို သုတ်ပေးရင်း ယန်အန်းယုကို ဆေးကုရာနေရာသို့ အမြန် ရွှေ့ပေးလိုက်သည်။ သို့သော် ယန်အန်းယု၏ ဒဏ်ရာမှာ အလွန်အမင်း ပြင်းထန်လွန်းလှရာ နောက်ထပ်တစ်ကြိမ်  သွေးအန်မိသွားပြန်တော့သည်။ 


ထိုထက်ပိုကာ အသက်ရှင်နိုင်တော့မည် မဟုတ်မှန်း သူ့ကိုယ်သူလည်း သိနေသည့်အတွက် ယန်အန်းယုက ယီချန်းယန်ကို အားနည်းဖျော့တော့စွာဖြင့်သာ ခေါင်းကို ယမ်းပြလိုက်သည်။ 


“မင်းက သေချာပေါက် ပြန်သက်သာလာမှာပါလို့ ...”


ယီချန်းယန်က အော်ပြောလိုက်၏။ သူ့အနေဖြင့် လုံးဝ လက်မလျော့လိုခဲ့ချေ။ 


မီးစာကုန်ချိန်သို့ တရွေ့ရွေ့ ချဉ်းကပ်လာပြီဖြစ်သော ယန်အန်းယုက အပြုံးတစ်ပွင့်ကို ဖျစ်ညှစ်ထုတ်ကာ ဤဘဝအတွက် သူ၏ ကျေးဇူးတရားများကို စုဝေးစေလျက် ယီချန်းယန်၏ မျက်ဝန်းထဲသို့ တည့်တည့် စိုက်ကြည့်လိုက်သည်။ 


“စစ်သူကြီး .. ကျေးဇူး .. ကျေးဇူးအများကြီး တင်ပါတယ် ...”


ယန်အန်းယုသည် ဟိုးယခင်ကတည်းက မိဘနှစ်ပါးလုံးကို ဆုံးရှုံးခဲ့ရသူ ဖြစ်ကာ ထိုသူတို့၏ မျက်နှာသွင်ပြင်ကိုပင် ပြန်မစဉ်းစားနိုင်တော့ချေ။ သူသည် အသက်ရှင်သန်နိုင်ရန်အတွက် နေ့ရက်တိုင်းကို ခိုးယူခါးပိုက်နှိုက်ခြင်းတို့ဖြင့် ဖြတ်သန်းနေရသည့် မိဘမဲ့တစ်ဦး ဖြစ်ပေသည်။ 


ထိုနှစ်က အသက် ၈ နှစ်အရွယ်သာ ရှိသေးသည့် ယန်အန်းယုသည် သူကြွယ်လီ၏ အိမ်တော်သို့ ဝင်ခိုးရာမှ ဖမ်းဆီးခံလိုက်ရသည်။ ကြိမ်ဒဏ်ပေးခံရပြီးနောက် သူ့ကိုယ်သူ သေတော့မည်ဟု တွေးနေစဉ်တွင် ယီချန်းယန်နှင့် တွေ့ဆုံခဲ့ရ၏။


ယီချန်းယန်က သူ့ထက် ၇ နှစ်ခန့် အသက်ပိုကြီးကာ သူ့ကို စစ်သူကြီးအိမ်တော်သို့ ခေါ်လာပေးခဲ့သည်။ ထိုမျှသာမက စစ်သူကြီးယီက သူ့ကို စာရေးစာဖတ်နည်းများသာမက ကိုယ်ခံပညာကိုပါ ကိုယ်တိုင် သင်ကြားပေးခဲ့ရာ များမကြာမီတွင် ယန်အန်းယုသည် စစ်သူကြီး၏ ကိုယ်ပိုင် သက်တော်စောင့် ဖြစ်လာပြီး ယီချန်းယန်နှင့်အတူ စစ်မြေပြင်သို့ပင် လိုက်ပါနိုင်ခဲ့တော့သည်။ သူတို့က စစ်မြေပြင်တွင် ဘေးချင်းယှဉ်လျက် တွဲဖက်ညီစွာ ပူးပေါင်းတိုက်ခိုက်ခဲ့ကြသည်။ 


စစ်သူကြီးယီ၏ ကျေးဇူးကြောင့် သူ့ဘဝမှာ တစ်ဆစ်ချိုး ပြောင်းလဲနိုင်ခဲ့ခြင်းဖြစ်ကြောင်း ယန်အန်းယုက ကောင်းစွာ သဘောပေါက် နားလည်ခဲ့ပေသည်။ 


“စစ်သူကြီး တကယ်တော့ ကျွန်တော် မိန်းမပျိုလေး ရှန်ကို တိတ်တိတ်လေး မြင်ခဲ့သေးတယ် သူမက တကယ်ကို အရမ်း လှတာပဲ .. တိုက်ပွဲမှာ အနိုင်ရတဲ့အခါ .. သူမ .. သူမနဲ့ အမြန်ဆုံး လက်ထပ် ...”


ယန်အန်းယုမှာ စကားတစ်ခွန်းကိုပင် ဖြောင့်ဖြောင့်တန်းတန်း မပြောနိုင်ခဲ့တော့။ 


“မပြောနဲ့တော့ ...”


ယီချန်းယန်၏ မျက်နှာမှာ ပိုမို ခက်ထန်လာကာ သူ့ကို ပို၍ပင် တင်းကြပ်စွာ ဖက်တွယ်ထားလိုက်တော့သည်။ 


“အရှင် .. အရှင်တို့နှစ်ယောက် .. စစ်သူကြီးပေါက်စလေးတွေ ရလာဖို့ လိုအပ် ....”


တစ်ဖြည်းဖြည်း နှေးကွေးလာသည့် အသက်ရှူသံတို့နှင့်အတူ ယီချန်းယန်၏ မျက်နှာမှာလည်း မျက်ရည်စများကြောင့် ပိုမို မှုန်ဝါးစ ပြုလာတော့သည်။ သို့သော် ယန်အန်းယုကမူ အပြုံးတစ်ပွင့်ကို ဆက်လက် ချိတ်ဆွဲထားနေဆဲပင်။ 


“ဒါကြောင့် အရှင် ... သေချာပေါက် .. ကောင်းကောင်း နေထိုင်ရမယ်နော် ...”


သို့သော် သူ သေဆုံးပြီးနောက်ပိုင်း ယီချန်းယန်သည် လက်ထပ်ထိမ်းမြားခြင်း မပြုဘဲ အသက် ၆၀ အရွယ်အထိ စစ်မြေပြင်တွင်သာ ဘဝကို မြှုပ်နှံထားကာ ထိုနေရာတွင်ပင် ဂုဏ်သိက္ခာရှိရှိ ကျဆုံးသွားခဲ့ကြောင်းကိုမူ ယန်အန်းယုက မသိခဲ့ချေ။ 


ယန်အန်းယု၏ မျက်လုံးတို့ ရုတ်တရက် ပွင့်လာချိန်တွင် ကောင်းကင်ပြင်မှာ မှောင်မည်းနေဆဲသာ ရှိသေးသည်။ 


နဖူးထက်ရှိ ချွေးစေးများကို သုတ်လိုက်ပြီးနောက် သူက အွန်လိုင်းကို ဖွင့်ကာ ယီချန်းယန်၏ အကြောင်းကို ရှာကြည့်လိုက်တော့သည်။