Chapter 14
Viewers 2k

👥️Chapter 14



ထိုစကားကို ကြားလိုက်သည့်အခါ ယန်ကျွယ့်မှာ တစ်ကိုယ်လုံး တောင့်တင်းကာ ကြောင်အသွားရှာတော့သည်။ ချောင်းနားထောင်နေသည့် ယန်အန်းယု၏ မျက်လုံးတို့သည်လည်း အစွမ်းကုန် ပြူးကျယ်သွားခဲ့၏။ 


ဒီ ဖရဲသီးက တော်တော်လေးကို ကြီးတာပဲဟ ...


“ဟေး မင်းက တံခါးဝမှာ ဘာရပ်လုပ်နေတာလဲ ဝင်မှာဆို ဝင်လေ ...”


ထိုစဉ် ရုတ်တရက် ထွက်ပေါ်လာသည့် စားပွဲထိုး၏ အသံကြောင့် ယန်အန်းယုမှာ လိပ်ပြာလွင့်စင်မတတ် ကြောက်လန့်သွားတော့သည်။ 


ယန်ကျွယ့်နှင့် ချင်နွော်ရှီ၏ စကားသံများလည်း ရပ်တန့်သွားခဲ့သည်။ 


****

ဘားထဲတွင် ...

ချင်နွော်ရှီ စင်ပေါ်တက်ကာ သီဆိုဖျော်ဖြေနေသည်။ ယန်ကျွယ့်က ဆယ်မိနစ် နီးပါးခန့် တိတ်တဆိတ် နားထောင်နေပြီးနောက် ယန်အန်းယုကို ထောင့်နားသို့ ဆွဲခေါ်သွား၏။


ညီအစ်ကိုနှစ်ဦးသာ နေရာရှာကာ ထိုင်လိုက်ကြကာ စားပွဲထိုးက သူတို့ထံ သောက်စရာများ ယူလာပေးခဲ့သည်။ 


ညီအစ်ကိုနှစ်ဦးအကြားက ထူးခြားလှသည့် လေထုအနေအထားကြောင့် အထူးသဖြင့် ယန်ကျွယ့်၏ သုန်မှုန်နေသော မျက်နှာထားကြောင့် စားပွဲထိုးသည် အားနည်းဖျော့တော့စွာ ပြုံးပြရင်း အရိုက်မခံရမီ အသာလေး လစ်ထွက်လာလိုက်သည်။ 


ဘယ်လို သတ္တိနဲ့ သွားပြီး နှောင့်ယှက်ရဲမှာလဲ ...


“ယန်အန်းယု စောစောက မင်း ဘယ်အထိ ကြားလိုက်လဲ ...”


ယန်ကျွယ့်က ကွေ့ပတ်မနေတော့ဘဲ လိုရင်းကို တည့်တိုး ပြောလိုက်သည်။ 


“အများကြီး မကြားလိုက်ရပါဘူး ...”


ယန်အန်းယုက မျက်လွှာချလျက် တွေးလိုက်သည်။ 


လက်စသတ်တော့ အစ်ကိုကြီးကလည်း ယောကျာ်းတွေကို ကြိုက်တာပဲကိုး .. စောစောက ချင်နွော်ရှီ ပြောနေတဲ့ လေသံအရဆို အစ်ကိုကြီးက သူ့ကို စပွန်ဆာ ပေးချင်နေတဲ့ သဘောများလား ...


ယန်ကျွယ့်က သူ့ထံသို့ စူးရှလှသည့် အကြည့်တစ်ချက် ပို့လွှတ်လိုက်သည်။ သူ့စကားကို လုံးဝ မယုံကြည်သည့်ဟန်ပင်။ 


“ဘာပဲ ကြားခဲ့ကြားခဲ့ အကုန် မေ့ပစ်လိုက်တော့ ကြားလား ...”


ယန်အန်းယုက ခေါင်းငြိမ့်ပြကာ ချက်ခြင်း ပြန်မေးလိုက်သည်။ 


“ကော နွော်ရှီကို အတင်း ဖိအားပေးတာမျိုးတော့ မလုပ်ဘူး မဟုတ်လား ...”


အနုပညာရှင် အများစုတွင် စပွန်ဆာများ ကိုယ်စီ ရှိနေကြကာ ဤသည်မှာ အနုပညာလောက၏ ဖြစ်ရိုးဖြစ်စဉ် တစ်ခုမျှသာ ဖြစ်သော်ငြား သူကမူ ယန်ကျွယ့်သည် ချင်နွော်ရှီကို ထိုကဲ့သို့သော ကိစ္စမျိုး လုပ်ရန် အတင်း ဖိအားမပေးသင့်ဟု ထင်မြင်မိပေသည်။ 


ဒီ အစ်ကိုကြီးဆိုတဲ့ တစ်ယောက်က ဒေါသအိုး ဆိုပေမယ့် ဒီလို လူစားမျိုးတော့ မဖြစ်သင့်ဘူးလေ ...


ယန်ကျွယ့်မှာ ပြောစရာစကားပင် မရှိတော့။ 


“အခြေအနေအရပဲ ဒါပေမယ့် ယန်အန်းယု မင်း ငါ့ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ဝင်ပါနေဖို့ မလိုဘူး ပြီးတော့  “မနက်ဖြန်များရဲ့အသံ” ဝင်ခွင့်  .. အဲဒီ့မှာ ဝင်ပြိုင်လို့ ရတယ်လို့ မင်းကို ဘယ်သူက ခွင့်ပြုချက် ပေးထားလို့လဲ ...”


“ကျွန်တော် ...”


ယန်အန်းယုက ချောင်းဟန့်လိုက်သည်။ ထိုကိစ္စကို ယန်ကျွယ့်မသိအောင် အချိန်ကြာမြင့်စွာ ဖုံးကွယ်ထားရန် မဖြစ်နိုင်ချေ။ 


“ရှင်းပြနေဖို့ မလိုဘူး ကြားလည်း မကြားချင်ဘူး  ကြားဖို့လည်း မလိုအပ်ဘူး ...”


ယန်ကျွယ့်က လက်ကို ယမ်းပြကာ စိတ်မရှည်စွာဖြင့် ပြောလိုက်သည်။ 


“လိုရင်းပဲ ပြောမယ် ပြိုင်ပွဲကနေ နှုတ်ထွက်လိုက် ...”


“...”


ယန်ကျွယ့်က အခုထိကို “ရက်စက်ပြီး နှလုံးသား ကင်းမဲ့တဲ့ အစ်ကိုကြီး" ဖြစ်နေတုန်းပဲဟ ပြီးတော့ ပိုပြီးတောင် အာဏာရှင်ဆန်လာသေးတယ် ...


“နှုတ်မထွက်ဘဲ နောက်တစ်ဆင့် ဆက်ပြိုင်ချင်တယ် ဆိုရင်ရော ...”


ယန်ကျွယ့်က လှောင်ရယ်လိုက်သည်။ 


“ဟမ့် ယန်အန်းယု မင်းက ဒီလောက်အထိကို နာမည်ကြီး ဖြစ်ချင်နေတာလား ...”


ယန်အန်းယုမှာ ယီချန်းယန်ကို မြင်ယောင်မိသွားသည့်အတွက် ချက်ခြင်း မတုန့်ပြန်နိုင်ခဲ့။ 


သူ၏ အသံတိတ်နေမှုကို ယန်ကျွယ့်က ဝန်ခံသည်ဟု အဓိပ္ပါယ် ကောက်လိုက်ကာ လှောင်ပြောင်ရယ်မောလိုက်ပြန်သည်။ 


“ဒါဆို မင်းမှာ ထုတ်ပြစရာ ဘာအရည်အချင်းတွေ ရှိလို့လဲ မင်းက အက ကနိုင်တယ်လို့တော့ ကြားဖူးပါတယ် ပြီးတော့ ကိုယ်ခံပညာလည်း သင်ဖူးသေးတယ်ဆို ဒါပေမယ့် မင်းရဲ့ သီချင်းဆိုတာကတော့ တော်တော်ကို ဆိုးဆိုးရွားရွားပဲနော် ပြီးတော့ သရုပ်ဆောင်တဲ့နေရာမှာလည်း လုံးဝကို အရည်အချင်းမရှိဘူး ...”


ယန်အန်းယုက လက်သီးကို တင်းတင်းဆုပ်ကာ ပြောလိုက်သည်။ 


“ခင်ဗျား ပြောသွားတာတွေ အကုန် မှန်ပါတယ် ဒါပေမယ့် ...”


“ဒါပေမယ့် ဆိုတာ မရှိဘူး ယန်အန်းယု မင်းက အဖေ့ရဲ့ တရားမဝင်သားတစ်ယောက်ပဲ ယန်မိသားစုရဲ့ သခင်လေးဆိုတဲ့ ဘဝမှာ နေနိုင်တယ် ဆိုတာကလည်း အဖေ့ရဲ့ မင်းအမေအပေါ် အားနာတဲ့စိတ် တစ်ခုတည်းကြောင့်ဆိုတာ သိထား အဖေသာ အသက်ရှိနေသေးရင်တော့ မင်းကို အိုင်ဒေါဖြစ်လာဖို့ နေရာတကာ ငွေလမ်းခင်းရမယ်ဆိုရင်တောင် ဝမ်းသာအားရ ထောက်ပံ့ပေးချင် ပေးမှာပေါ့ ....”


ယန်ကျွယ့်က သူ၏ အထင်အမြင်သေးသည့်စိတ်ကို လုံးဝ လျှို့ဝှက်မထား။ ဝိုင်ကို တစ်ငုံသောက်ကာ ဆက်ပြောလိုက်သည်။ 


“ဒါပေမယ့် ငါက အဖေနဲ့ မတူဘူး သူ မရှိတော့တဲ့နောက်ပိုင်း ကုမ္ပဏီကို ငါ တာဝန်ယူလိုက်ရတယ် ဆိုပေမယ့် ဦးလေးရယ် ဒုတိယဦးလေးရယ် ပြီးတော့ ကျန်တဲ့လူတွေ အကုန်လုံးက ငါ့နေရာကို မျက်စိကျနေကြတာ ငါ့မှာ မကောင်းတဲ့ကိစ္စ တစ်ခုခု ဖြစ်လာဖို့ကို အရမ်း လိုလားနေကြတာ ...”


ပြောလေလေ ခံစားချက်တို့ မြင့်တက်လာလေ ဖြစ်ကာ ဖန်ခွက်ထဲတွင် ကျန်နေသည့် ဝိုင်အားလုံးကို တစ်ငုံတည်းဖြင့် အပြတ်ရှင်းလိုက်သည်။ 


စကားသံ တစ်ခွန်းမှ မထွက်ရသေးသည့် ယန်အန်းယု “...”


“ယန်အန်းယု... ငါ့မျက်လုံးထဲမှာတော့ မင်းက ဘာမှ စောက်သုံးမကျတဲ့ ချာတိတ်လေးတစ်ယောက်ထက် မပိုဘူး အဲဒါကြောင့် လူသိရှင်ကြား စောက်ရူးထချင်တဲ့ မင်း လုပ်ရပ်တွေကို လုံးဝ ခွင့်ပြုမပေးနိုင်ဘူး ...”


မျက်စိတစ်မှိတ်အတွင်းမှာပင် ယန်ကျွယ့်သည် နောက်ထပ် ဝိုင်ကရား တစ်ခုလုံးကို သောက်မိသွားခဲ့ပြန်သည်။ 


ကြည့်ရတာ အစ်ကိုကြီးက တကယ်ကို မူးနေတဲ့ပုံပဲ ...


ယန်အန်းယုမှာ မူလပိုင်ရှင်ကဲ့သို့ ယန်ကျွယ့်ကို ခွန်းတုန့်ပြန်ကာ ငြင်းခုန်နေလိမ့်မည် မဟုတ်ချေ။ ကိုယ့်ကို အလေးမထားသူနှင့် ငြင်းခုန်နေရခြင်းမှာ အင်မတန် တုံးအလှသည့် လုပ်ရပ်ဟု ခံယူထားသည်။ 


သူ့ထံတွင် ချန်ပီယံ ဖြစ်ရမည်ဟူသည့် ရည်မှန်းချက်မျိုး မရှိသည့်တိုင် ယခုချက်ခြင်း အရှုံးပေးလိုက်လိုစိတ်လည်း မရှိချေ။ အကောင်းဆုံး ကြိုးစားကာ နောက်ထပ်ပွဲစဉ်ကို အစွမ်းကုန် ယှဉ်ပြိုင်လိုသေးသည်။ ထို့ကြောင့် အစ်ကိုကြီး၏ ခွင့်ပြုချက် ရရှိရန် မည်ကဲ့သို့ လုပ်ဆောင်သင့်ကြောင်း စဉ်းစားနေစဉ် အနားသို့ ချင်နွော်ရှီ ရောက်လာခဲ့သည်။ 


သီဆိုမှု ရပ်တန့်သွားကာ ရော့ခ်ဂီတသံက ဘားတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ဖျော်ဖြေရေးစင်မြင့်ကိုလည်း ဂီတသံနှင့်အညီ တင်ပါးများအားစည်းချက်ကျကျ ယိမ်းနွဲ့နေသည့် ညှို့ဓာတ်ပြင်းလှသော မိန်းမလှတစ်စုက သိမ်းပိုက်သွားခဲ့သည်။


 ချင်နွော်ရှီကမူ ခပ်ထွေထွေ ဖြစ်နေသည့် ယန်ကျွယ့်ထံ ဦးတည်လျှောက်လှမ်းလာခဲ့သည်။ 


“ယန်အန်းယုကို ပြိုင်ပွဲကနေ နှုတ်ထွက်ဖို့ ဆက်ပြီး ဖိအားပေးနေဦးမယ်ဆိုရင် .. နောင်တစ်ချိန် အခွင့်အရေး ရှိခဲ့ရင်တောင် ရှန်းဟွမ်ကို လုံးဝ ဝင်မလာတော့ဘူး ...”


“ချင်နွော်ရှီ မင်း ...”


ယန်ကျွယ့်က သူ့ကို ဗလာမျက်ဝန်းဖြင့် စိုက်ကြည့်လိုက်သည်။ တစ်ဖက်လူက သူ့ကို အမြဲလိုလို ငြင်းဆန်ခဲ့သော်လည်း ယနေ့တွင်မူ အခြေအနေများသည် ယခင်ကထက် ပိုမိုကောင်းမွန်စ ပြုလာတော့သည်။


သူက ငါ့အတွက် ဝင်ပြောပေးနေတာလား ...


ယန်အန်းယုကလည်း ချင်နွော်ရှီကို ကျေးဇူးတင်စိတ် အပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ 


“နောက်ကျနေပြီ ကျွန်တော်လည်း အလုပ်ဆင်းတော့မှာ ဆိုတော့ ဥက္ကဌယန်လည်း စောစောပြန်ပြီး အနားယူလိုက်ပါ ...”


ချင်နွော်ရှီက ယဉ်ကျေးစွာ ပြောလိုက်သည်။ သူ့အကြည့်တို့က ထိုအမျိုးသားထံတွင် အချိန်ကြာမြင့်စွာ ကပ်ငြိမနေ၊ ယန်အန်းယုထံသို့ ချက်ခြင်း ကျရောက်လာတော့သည်။ 


“မင်းကတော့ .. ငါ့ရဲ့ တပည့်အသစ်ဆိုတော့ ရှေ့လျှောက် ငါ့စကားကို တသွေမတိမ်း နားထောင်ရမယ် ...”


“အင်း ...”


ယန်အန်းယုက လေးလံစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။ 


နောက်ထပ် ပြိုင်ပွဲအတွက်မူ .. ကျောင်းဖွင့်ရက်များတွင် ယန်အန်းယုသည် ပုံမှန်အတိုင်းပင် အတန်းကို ပုံမှန် တက်နေခဲ့သည်။ သို့သော် အားလပ်ချိန် ရလေတိုင်း သူသည် ကောလီရှုနှင့် တွေ့ဆုံကာ အဆိုအကတို့ကို လေ့ကျင့်နေခဲ့၏။ 


ယန်အန်းယု၏ ကခုန်ရာ၌ ကျွမ်းကျင်နေမှုမှာ မူလကိုယ်၏ ကျေးဇူးများကြောင့်ပင် ဖြစ်ပေသည်။ ခန္ဓာကိုယ်က အမျိုးမျိုးသော ကကွက်များကို အလိုအလျောက် မှတ်မိနေကာ နှစ်ရှည်လများ စဉ်ဆက်မပြတ် လေ့ကျင့်ခဲ့သည့် အကျိုးကျေးဇူးကြောင့် ယန်အန်းယုသည် ကကွက်အသစ်များကို အလျင်အမြန် မှတ်မိလာတော့သည်။ ထို့အပြင် သူကိုယ်တိုင်သည်လည်း အခွင့်အရေးကို ကောင်းစွာ အသုံးချကာ ကြိုးစားတတ်သူ ဖြစ်ပေသည်။ 


အကလေ့ကျင့်ရေးခန်းမထဲတွင် သူနှင့် ကောလီရှုတို့သည် ချွေးများ ကြမ်းပြင်ပေါ်သို့ တပေါက်ပေါက် စီးကျလာသည်အထိ မနားစတမ်း လေ့ကျင့်လေ့ ရှိကြသည်။ လေ့ကျင့်နေစဉ်အတွင်း ယန်အန်းယုသည် ခြေကန်ချက်၊ ကိုယ်ကို ကိုင်းညွတ်ခြင်း ကဲ့သို့သော ခန္ဓာကိုယ် ပျော့ပျောင်းရန် လိုအပ်သည့် ကကွက်များကို လေ့ကျင့်ရာ၌ အားစိုက်ထုတ်နေရန်ပင် မလိုအပ်သည့်အပြင် တောက်ပလှသည့် အပြုံးကိုပင် ဆက်လက် ထိန်းသိမ်းထားနိုင်ခဲ့သည်။ 


ကွေးနိုင်ကျုံ့နိုင်တာ၊ ခန္ဓာကိုယ် ပျော့ပျောင်းတာနဲ့ ပတ်သက်ရင် ယန်အန်းယုက အံ့ဩစရာ ကောင်းလောက်အောင်ကို ထူးချွန်တာပဲ ...


သူတို့နှစ်ဦးသည် တစ်တန်းတည်းသားများ မဟုတ်ကြသည့်အပြင် ကာယအချိန်များမှာလည်း မတူညီကြသည့်အတွက် ကောလီရှုသည် ယန်အန်းယု၏ ပျော့ပျောင်းလှသော ကိုယ်နေဟန်ထားကို လုံးဝဥဿုံ အံ့ဩမင်သက်သွားရကာ သူ့ကို “အရိုးမဲ့လူသား” လေလားဟုပင် ထင်မြင်မိသွားတော့သည်။ သို့သော် ထိုကဲ့သို့ ကိုယ်ခန္ဓာ ပျော့ပျောင်းလှသည့်တိုင် ယန်အန်းယု၏ ကကွက်များမှာ ရှင်းလင်းပြတ်သားကာ အားမာန်ပြည့်ဝနေဆဲ ဖြစ်ပေသည်။ 


သီချင်းသီဆိုခြင်းအတွက်မူ .. ယန်အန်းယုသည် လမ်းပျောက်မိနေဆဲ ဖြစ်၏။ 


ကံကောင်းထောက်မစွာဖြင့် သူသည် ချင်နွော်ရှီကို ဆွဲခေါ်လာနိုင်ခဲ့သည်။ သူက “ချင်လောင်ရှီး” ကို သူတို့နှင့်အတူ လာရောက်လေ့ကျင့်ကာ လူရွေးပွဲအတွက် သင်ကြားပြသပေးရန် တောင်းဆိုခဲ့သည်။ 


ချင်နွော်ရှီမှာလည်း အများနှင့် လိုက်လျောညီထွေဖြစ်အောင် နေထိုင်တတ်သူ ဖြစ်သည့်အတွက် သူတို့နှစ်ဦးနှင့် အဆင်ပြေပြေ လေ့ကျင့်နိုင်ခဲ့သည်။ ပထမဆုံး တွေ့ဆုံစဉ်က တစ်ဦးနှင့်တစ်ဦး စိမ်းသက်နေကြသေးသည့်တိုင် နောက်ပိုင်းတွင် တစ်ဦးနှင့်တစ်ဦး ကောင်းစွာ ရင်းနှီးလာကြတော့သည်။


ထို့နောက် သုံးဦးလုံး အတူတူ လေ့ကျင့်ရန်အတွက် ချန်းယွီကျောင်းဝင်းထဲရှိ လူမရှိသော လေ့ကျင့်ရေးခန်းမတစ်ခုကို ရှာဖွေခဲ့ကြ၏။ 


ယန်အန်းယု၏ သီဆိုမှုကို နားထောင်ပြီးနောက် ချင်နွော်ရှီက လက်ခုပ်တီးကာ အလေးအနက် မှတ်ချက်ပြုလိုက်သည်။ 


“ရှောင်ယု မင်းအသံက တကယ် ကောင်းတယ် အသံထွက်ရော လေယူလေသိမ်းရော အကုန် ကြည်လင်ပြီးတော့ note တွေလည်း အကုန် မှန်တယ် အသံ အနိမ့်အမြင့် ပြောင်းရမယ့် နေရာတွေကိုလည်း ကောင်းကောင်း မှတ်မိတာပဲ ...”


“ဒါပေမယ့် မင်းရဲ့ သီချင်းကို ကိုင်တွယ်တဲ့နေရာမှာ သိပ်ပြီး ပညာသား မပါသေးဘူး ပြီးတော့ မင်းရဲ့ အဆိုစွမ်းရည်ကလည်း ...”


ချင်နွော်ရှီက ဘာဆက်ပြောရမှန်း မသိတော့ဟန်ဖြင့် ပုခုံးတွန့်ပြလိုက်သည်။ 


“တော်တော်ကို ဆိုးရွားတယ် ...”


ယန်အန်းယုက ခါးသီးစွာ ပြုံးရင်း ဆက်ပြောလိုက်သည်။ ထိုအကြောင်းကို သူကိုယ်တိုင်လည်း သတိပြုမိနေခဲ့သည်။ 


ကောလီရှုက စကားအနည်းငယ် ဝင်ပြောမည်ပြုစဉ် ချင်နွော်ရှီက မျက်လုံးထောင့်စွန်းတို့ ကွေးတက်လာသည်အထိ ပြုံးကာ ဆက်ပြောလိုက်သည်။ 


“ဒါပေမယ့် မင်းမှာ စိတ်အားထက်သန်မှု ရှိတယ်လေ ...”


ယန်အန်းယုက ထိုအဓိပ္ပါယ်ကို နားမလည်ခဲ့။ 


“မင်းက နှလုံးသားကို သုံးပြီး ဆိုနေတာ ...”


ချင်နွော်ရှီက အလေးအနက် ပြောလိုက်သည်။ သူ့မျက်နှာထက်တွင် စနောက်နေသည့် အရိပ်အယောင်မျိုး အနည်းငယ်မျှပင် မရှိနေခဲ့။ 


“ရှောင်ယု မင်းမှာ ချို့ယွင်းတဲ့ နေရာတွေ အများကြီး ရှိနေပေမယ့် ဒီလိုမျိုး စိတ်အားထက်သန်မှုအပြည့်နဲ့သာ ဆက်ပြီး ဆိုနေဦးမယ်ဆိုရင် သေချာပေါက်ကို မင်းရဲ့ အဆိုစွမ်းရည် တိုးတက်လာပြီး အနာဂတ်မှာ လူတွေ အများကြီးရဲ့ နှလုံးသားကို ပိုပြီးကို ကိုင်လှုပ်နိုင်လာလိမ့်မယ် ...”


နောက်ဆုံးတွင်မူ ကြောင်အနေသည့် ယန်အန်းယုသည်လည်း သတိပြန်ဝင်လာတော့သည်။ သူက အလွန် စစ်မှန်လှသည့် အပြုံးတစ်ပွင့်ကို ဖွင့်လှစ်ပြကာ ချင်နွော်ရှီ၏ လက်ကို လှုပ်ကိုင်ယမ်းလျက် ဝမ်းသာအားရ မေးလိုက်သည်။ 


“နွော်ရှီ .. မင်း ပြောသွားတာတွေက တကယ်ပါနော် .. ငါ တအားပျော်တာပဲ .. လက်စသတ်တော့ ငါကလည်း ဒီလောက်အထိကို ထူးကဲတဲ့ လူပါ့လား ဟားဟားဟား ...”


ချင်နွော်ရှီ “...”


ဘေးတွင် ရပ်နေသည့် ကောလီရှုက သူ့လုပ်ရပ်ကို ရပ်မကြည့်နိုင်တော့ဟန်ဖြင့် ဝင်ပြောလိုက်သည်။ 


“ဟေး ဟေး ယန်အန်းယု မင်းနောက်ကျောမှာ အမြီးတောင် ထွက်နေပြီ ...”


****

နောက်တစ်ရက် ကုန်လွန်သွားပြန်သည်။ ကောလီရှုက ယီချန်းယန်၏ သီချင်းကို ထပ်မံလေ့ကျင့်နေသည့် ယန်အန်းယုအား စိုက်ကြည့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်မိသွားတော့သည်။ 


“သီချင်း ပြောင်းလိုက်ရင်ရော ဘယ်လိုလဲ စီနီယာယီရဲ့ သီချင်းတွေကိုပဲ လိုက်ကြည့်မနေနဲ့လေ မင်းအသံနဲ့ ကိုက်ညီတဲ့ သီချင်းကိုပဲ ဦးစားပေးပြီး ရွေးသင့်တယ် ..."


ယီချန်းယန်မှာ အနိမ့်သံပိုင်ရှင်ဖြစ်ကာ ယန်အန်းယု၏ အသံမှာမူ ကြည်လင်စူးရှသည့်ဘက်သို့ တိမ်းညွတ်သဖြင့် ယီချန်းယန်၏ သီချင်းအများစုမှာ သူနှင့် မသင့်တော်လှချေ။ အကြိုလူရွေးပွဲတွင် သူသာ ယီချန်းယန်၏ သီချင်းဖြင့် ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါလျှင် ရလဒ်မှာ အနည်းငယ် ပိုမိုကောင်းမွန်လာနိုင်ပေသည်။ 


ယန်အန်းယုက ခေါင်းကိုသာ ယမ်းပြလိုက်သည်။ 


“မစိုးရိမ်ပါနဲ့ ဘာပဲဖြစ်ဖြစ် ငါက အတွေ့အကြုံရအောင် လာပြိုင်တာလေ အထုတ်ခံရဖို့ကတော့ ဟိုးအရင်ကတည်းက စိတ်ကို ကြိုပြင်ဆင်ထားပြီးသားပါ ဒါပေမယ့် ငါ သူ့သီချင်းတွေကို အကောင်းဆုံး ဆိုနိုင်ဖို့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ချင်တယ် ..."


“မင်း .. ဦးနှောက်မရှိတဲ့ ပရိသတ်ကောင်းလေး ...”


ကောလီရှုမှာ အတော်လေး အာရုံနောက်သွားသည့်ဟန်ပင်။ 


ယန်အန်းယုက ထိုစကားကို ခွန်းတုန့်မပြန်၊  ခပ်ပြုံးပြုံးဖြင့်သာ လက်ခံလိုက်သည်။ 


“ပြီးတော့ အထုတ်ခံရရင်တောင် ဒိုင်တွေက ငါ့ကို တစ်ပုဒ်လုံး ပြီးအောင်ဆိုပါလို့ တောင်းဆိုခံရပြီးမှပဲ အထုတ်ခံချင်တယ် ...”


ကောလီရှု “...”


သူ့နှုတ်ခမ်းတို့ မသိမသာ တွန့်ကွေးသွားကာ ယန်အန်းယုမှာ တစ်ဖြည်းဖြည်း ပိုပြီး စိတ်ဝင်စားစရာ ကောင်းလာသည်ဟု ခံစားမိလာတော့သည်။ 


“ရှောင်ယု မင်း dance music ကို ရွေးပြီး နည်းနည်းပါးပါး ပြန်ပြင် ပြီးတော့ ကကွက်လေး နည်းနည်းလောက် ထပ်ထည့်လိုက်လို့ ရတယ်လေ မင်းက ကတဲ့နေရာမှာ ပါရမီ ပါတာပဲဟာ အဲဒါကို သုံးပြီး အပိုရမှတ်လေးတွေ ရအောင် ကြိုးစားကြည့်ပါလား ..."


ချင်နွော်ရှီက အကြံပြုလိုက်သည်။ 


ကောလီရှုကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်၏။ 


ယီချန်းယန်၏ အစောပိုင်း ရာထူးမှာ ဘက်စုံကျွမ်းကျင်သည့် အဆိုတော် ဖြစ်သည့်အတွက် သူ၏ အစပိုင်း အယ်လ်ဘမ်များတွင် dance music များကိုလည်း ထည့်သွင်းခဲ့သည်။ ထို့နောက်တွင် လက်ရှိ ခေတ်ရေစီးကြောင်းနှင့် ကိုက်ညီသည့် ပြုပြင်ပြောင်းလဲမှုအချို့ကို ထပ်မံ ထည့်သွင်းခဲ့ကြသည့်အတွက် ထိုကဲ့သို့သော မွမ်းမံမှုမျိုးမှာ ဆန်းသစ်သည်ဟုပင် ဆိုနိုင်ပေသည်။ 


ယန်အန်းယုက မေးစေ့ကို ပွတ်ကာ စဉ်းစားကြည့်လိုက်သည်။ ထို့နောက်တွင် သူ့ခေါင်းထဲ၌ အကြံသစ်တစ်ခု ထွက်ပေါ်လာတော့၏။ 


“အင်း .. ကျေးဇူးပဲ ညီအစ်ကိုတို့ ..."


****


နှစ်ပတ်ကြာပြီးနောက် .. ယီချန်းယန်သည် ညဉ့်နက်ကာမှ C မြို့တော်မှ ပြန်လာခဲ့သည်။


သူက လီယဲ့အား ယန်အန်းယုကို ကြိုတင်ပြီး မပြောခိုင်းထားသည့်အတွက် ယန်အန်းယုသည် သူ ပြန်ရောက်လာမည်ကို မသိထားချေ။


 ကုတ်အင်္ကျီကို ချွတ်ကာ ဧည့်ခန်းထဲသို့ ဝင်လာသည့်အခါ ယီချန်းယန်သည် ယန်အန်းယု၏ အခန်းထဲ၌ မီးရောင် လင်းနေဆဲဖြစ်ကြောင်း သတိပြုမိလိုက်သည်။ မီးရောင်မှာ ခပ်ဖျော့ဖျော့သာ ဖြစ်သည့်တိုင် တံခါးအကြားမှ အပြင်ဘက်သို့ ဖြာထွက်နေဆဲ ဖြစ်၏။ 


ယန်အန်းယုထံတွင် တံခါးကို သော့ပိတ်ထားတတ်သည့် အကျင့်မျိုး မရှိ။ ထို့အပြင် အိမ်ထဲ၌ သူတစ်ဦးတည်း နေရသည့် အချိန်က များပြားရာ အမြဲလိုလို သူ့တံခါးကို လော့မချဘဲ နေလေ့ရှိသည်။ 


ခြေသံဖွဖွနင်းကာ လျှောက်လာရင်း အခန်းဝသို့ ရောက်သည့်အခါ ယီချန်းယန်သည် အနည်းငယ် တုန့်ဆိုင်းသွားတော့သည်။ သို့သော် တစ်ခဏမျှ စဉ်းစားပြီးနောက် တံခါးကို တွန်းဖွင့်လိုက်၏။ 


အထဲတွင် ယန်အန်းယုက စာကြည့်မီးကို ဖွင့်ထားသော်ငြား စားပွဲပေါ်တွင် မှောက်လျက် အိပ်ပျော်နေ၏။ 


ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချကာ အနီးသို့ တိုးသွားလိုက်သည်။ စားပွဲပေါ်တွင် ကျောင်းစာအုပ်များကိုသာမက ဂီတသင်္ကေတနှင့် ကကွက်အချို့ကို ရေးခြစ်ထားသော စာရွက်အချို့ကိုပါ တွေ့လိုက်ရသည်။ 


သခင်လေးယန်မှာ နားကြပ်ကိုတပ်လျက် သီချင်း ဖွင့်ထားရင်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေလေသည်။ 


ဖုန်းမှာလည်း အားကုန်တော့မည် ဖြစ်သည်။ သူ့ကို အနှောင့်အယှက် မပေးလိုသည့်အတွက် ယီချန်းယန်သည် နားကြပ်ကို ဖြည်းဖြည်းချင်းသာ ချွတ်ပေးလိုက်သည်။ မူလက နားကြပ်ကို ချွတ်ကာ ဘေးသို့ ချထားပေးလိုခြင်း ဖြစ်သော်ငြား သီချင်းခေါင်းစဉ်ကို မြင်လိုက်သည့်အခါ သူ့မျက်ဝန်းတို့ အနည်းငယ် တုန်လှုပ်သွားတော့သည်။ 


ဒါ .. သူ့သီချင်း မဟုတ်လား ... 



👥️