👥️Chapter 15
S မြို့တော် ဝမ်ရှင်းကျင်းယွမ်တွင် ..
မနက်ခင်း တစ်နာရီခန့်၌ ယီချန်းယန်သည် “ဝူယန်ယီချန်” ကို နားထောင်ကာ နှစ်ခြိုက်စွာ အိပ်မောကျနေသည့် ယန်အန်းယု၏ မျက်နှာကို စေ့စေ့စပ်စပ် အကဲခတ်နေခဲ့သည်။
“ငါ့စိတ်နှလုံးအိမ်ဟာ ထုတ်ပြောဖို့ ခက်ခဲလွန်းတဲ့ စကားလုံးတွေနဲ့ ပြည့်နှက်နေခဲ့ ...
မင်းကို မျက်နှာချင်းဆိုင်လိုက်ရလေတိုင်း .. ဘယ်လို တုန့်ပြန်မှုမျိုးကိုမှ မလုပ်နိုင်ခဲ့တော့ ...”
သူက ထိုနေ့က သူ့ကို ကျန်းကျီချမ် ပြောခဲ့သည်များအား ပြန်လည်ကာ သတိရသွားတော့သည်။ ယန်အန်းယု၏ လက်မောင်းအောက်တွင် ရှိနေသည့် “မနက်ဖြန်များ၏အသံ” ပြိုင်ပွဲဝင်ခွင့်ဖောင်ကို တွေ့မိသောအခါတွင် အားလုံးကို သဘောပေါက်သွားတော့သည်။
ကြည့်ရတာ တော်တော်လေး တက်ကြွ စိတ်အားထက်သန်ပြီး နောက်ခံကောင်းကိုလည်း ပိုင်ဆိုင်ထားသေးတယ်ဆိုတဲ့ ပြိုင်ပွဲဝင်က ယန်အန်းယု ဖြစ်နေတာ ထင်တယ် ...
ယန်အန်းယု၏ ဖုန်းထဲရှိ သီချင်းစာရင်းကို ကြည့်လိုက်သည့်အခါ အများစုမှာ သူ ပွဲဦးထွက်ပြီး နှစ်နှစ်ခန့်က သီဆိုခဲ့သည့် သီချင်းများ ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်ဝန်းထဲရှိ အံ့ဩမှုတို့ တစ်ဖြည်းဖြည်း ပြောင်းလဲသွားကာ ရှုပ်ထွေးနေသည့် ခံစားချက်များအဖြစ် ပြောင်းလဲထွက်ပေါ်လာတော့သည်။
ထို့နောက် သူက ယန်အန်းယုကို အိပ်ယာပေါ်သို့ ရွှေ့ပေးလိုက်သည်။ တစ်ဖက်လူ၏ လက်နှင့် ခြေထောက်ရှိ ဒဏ်ရာများကို တွေ့လိုက်သည့်အခါ ၎င်းတို့သည် အကလေ့ကျင့်ရာမှ ရရှိလာခဲ့ခြင်း ဖြစ်ရမည်ဟု သဘောပေါက်လိုက်သည်။
“ယီ ... ယီချန်းယန် ...”
အိပ်မောကျနေသော ယန်အန်းယုက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ အိပ်မက်ယောင်နေသည့် သူ့အသံမှာ ပုံမှန်ထက်ပိုမိုကာ ရှတတ ဖြစ်နေခဲ့သည်။
ယီချန်းယန်၏ ရှုပ်ထွေးနေသော ခံစားချက်တို့မှာ ပို၍ပင် ကြီးထွားလာတော့သည်။ သူက ယန်အန်းယုကို စောင်ခြုံပေးကာ တိတ်တိတ်လေး ထွက်သွားလိုက်၏။
နောက်တစ်နေ့ မနက်တွင် .. အိပ်ယာမှ နိုးလာသည့်တိုင် ယန်အန်းယုသည် အိပ်ချင်စိတ် မပြေသေး။ အကျင့်ပါနေသည့်အတိုင်း အိပ်ယာဘေးရှိ ဖုန်းကို လှမ်းယူလိုက်သော်ငြား ဖုန်းက လက်ထဲတွင် ပါမလာခဲ့ချေ။ ထို့ကြောင့် အယောင်ယောင်အမှားမှားဖြင့် မျက်လုံးကို ပွတ်သပ်လိုက်မိကာမှ အိပ်ချင်စိတ် ပြေသွားပြီး အိပ်ယာပေါ်မှ အလန့်တကြား ထထိုင်လိုက်မိတော့သည်။
ဘာလို့ အိပ်ယာပေါ်ကို ရောက်နေရတာလဲ မနေ့က အရှင်းကြီးကို ...
ဒါ မနေ့က အခန်းထဲကို လူတစ်ယောက် ဝင်လာခဲ့တယ်ဆိုတဲ့ သဘောပဲ မဟုတ်လား ဘယ်သူ ဝင်လာခဲ့တာလဲ ...
အိပ်ယာထဲမှ ဝုန်းခနဲ ထရပ်ကာ အခန်းအပြင်သို့ ထွက်လိုက်သည်နှင့်တစ်ပြိုင်နက် သင်းပျံ့လှသော မွှေးရနံ့ကို ခံစားမိလိုက်သည်။ ခေါင်းကို မော့ကြည့်လိုက်သည့်အခါ အေပရွန်ဝတ်ကာ ပူနွေးနေသည့် ပဲနီလေးပေါက်စီနှင့် ဆန်ပြုတ်ပန်းကန်ကို ကိုင်ထားသော ရုပ်ရှင်ဧကရာဇ်အား တွေ့လိုက်ရသည်။
ယန်အန်းယုက ကြက်သေသေသွားကာ သူ့မျက်လုံးကိုပင် မယုံနိုင်လေဟန်ဖြင့် မျက်စိကို နောက်တစ်ကြိမ် ပွတ်သပ်လိုက်ပြန်သည်။
သို့သော် ယီချန်းယန်မှာမူ အလွန် တည်ငြိမ်နေပေသည်။
“မျက်နှာသစ် သွားတိုက် ပြီးမှ မနက်စာ လာစားလှည့် ...”
ဆယ်မိနစ်ခန့် ကြာပြီးနောက် .. ယန်အန်းယုသည် ပဲနီလေးပေါက်စီနှင့် ဆန်ပြုတ်ကို တစ်လုပ်အပြည့်ခပ်ကာ စားလိုက်သည်။ ချိုမြိန်မွှေးပျံ့လှသည့် အရသာက ခံတွင်းအနှံ့ ပျံ့နှံ့သွားကာ အချိုဓာတ်က သူ့နှလုံးသားကိုပင် လွှမ်းခြုံသွားတော့သည်။ ယီချန်းယန်သည် နှစ်ပတ်နီးပါးခန့် ခရီးထွက်နေခဲ့သည့်တိုင် အိမ်ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ကိုယ်တိုင်ကိုယ်ကျ ချက်ပြုတ်ရုံသာမက သူ့အတွက်ပင်လျှင် မနက်စာ ပြင်ဆင်ပေးလိုက်သေးသည်။
စစ်သူကြီးက ဘယ်လောက်ပဲ ပြောင်းလဲပြောင်းလဲ စိတ်ရင်းကတော့ အရင်လိုမျိုး ကောင်းနေသေးတုန်းပဲ ...
ယီချန်းယန်က ယန်အန်းယုကို အလွန်အမင်း ရိုးရှင်းဖြူစင်ကာ စိတ်ကျေနပ်ရန်လည်း လွယ်ကူလှသည့် ခွေးပေါက်လေးတစ်ကောင်ဟု ခံစားမိလာခဲ့သည်။
“ဒုတိယပွဲစဉ်အတွက် မင်း ဘာသီချင်းဆိုမယ်လို့ ပြင်ဆင်ထားလဲ ...”
ထိုမေးခွန်းကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ယန်အန်းယု လုံးဝဥဿုံ အံ့ဩမိသွားတော့သည်။ ယီချန်းယန်ကိုယ်တိုင်သည်လည်း အနည်းငယ် ပဟေဠိ ဖြစ်မိနေ၏။ အတိတ်တွင် သူသည် ယန်အန်းယု၏ ကိုယ်ရေးကိုယ်တာကိစ္စများကို သူ့ဘက်မှ စတင်ကာ မမေးခဲ့ဖူးချေ။
ယမန်နေ့ညက ဖြစ်ရပ်ကို တွေးလိုက်မိသည့်အခါ ယန်အန်းယု ချက်ခြင်း အနေခက်သွားတော့သည်။ ဤမနက် သူ နိုးလာစဉ်က ဖုန်းသည် အိပ်ယာပေါ်တွင် ရှိရမည့်အစား ဘေးနားရှိ စားပွဲပေါ်တွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူ အမြဲ နားထောင်နေသည့် သီချင်းများအကြောင်း ယီချန်းယန် သိသွားမည်မှာ မုချဧကန်ပင် ဖြစ်ပေသည်။
“ကျွန်တော် ...”
သူက ယီချန်းယန်ကို ဖျတ်ခနဲ ခိုးကြည့်ကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ကန့်သတ်ချက်” ကို ပြင်ဆင်ထားပါတယ် ...”
“ကန့်သတ်ချက်” သည် ယီချန်းယန်၏ အခြားသော အချစ်သီချင်းများနှင့် တူညီခြင်း မရှိ၊ ပေါ့ပါးတက်ကြွသော စတိုင်မျိုးဖြင့် သီဆိုထားသော သီချင်းတစ်ပုဒ် ဖြစ်သည်။ ၎င်း၏ သံစဉ်မှာ အားကောင်းလှကာ ငယ်ရွယ်မှုနှင့် အိပ်မက်များအကြောင်း ဖွဲ့ဆိုထားသည်။ ၎င်းက နားထောင်သူများအား မိမိတို့၏ ကန့်သတ်ချက်များကို ကျော်လွန်ကာ ချွေးပေါက်ပေါက် ကျသည်အထိ အစွမ်းကုန် ကြိုးစားခြင်းဖြင့် အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန် ခွန်အားသတ္တိတို့ကို ပေးစွမ်းခဲ့သည်။
သို့သော် “ဝူယန်ယီချန်” နှင့် နှိုင်းယှဉ်ပါလျှင် “ကန့်သတ်ချက်” မှာ များစွာ ကျော်ကြားခြင်း မရှိ၊ လူနည်းစုကသာလျှင် နားဆင်ခဲ့ဖူးကြပေသည်။
ယီချန်းယန်၏ မျက်ဝန်းတို့ နက်မှောင်သွားလေသည်။
တမ်းတလွမ်းဆွတ်စိတ်များလည်း ရုတ်တရက် ထွက်ပေါ်လာတော့၏။ အနုပညာလမ်းကြောင်းပေါ်သို့ ရောက်ရှိသည်မှာ ၈ နှစ်ကျော်ခန့် ရှိနေပြီဖြစ်ကာ သူ၏ စိတ်နေစိတ်ထားသည်လည်း များစွာ ပြောင်းလဲလာခဲ့သည့်အတွက် ထိုသီချင်းကို အသက်ဝင်လာအောင် သီဆိုနိုင်စွမ်း မရှိတော့။ လက်ရှိ ယီချန်းယန်ထံတွင် ပြောင်မြောက်ထူးကဲလှသော သရုပ်ဆောင်စွမ်းရည်နှင့် မရေမတွက်နိုင်အောင် များပြားလှသည့် ပရိသတ်များ ရရှိပိုင်ဆိုင်နေပြီ ဖြစ်သည့်တိုင် သူ ရွေးချယ်ခဲ့သည့် မူလလမ်းကြောင်းနှင့်လည်း လုံးဝဥဿုံ ဖီလာဆန့်ကျင်နေပေပြီ။
သူ၏ တိတ်ဆိတ်နေမှုကြောင့် ယန်အန်းယုသည် သူ့ကိုယ်သူ စကားမှားသွားပြီဟု တွေးလိုက်ကာ ပျာယာခတ်လာတော့သည်။
“ကျွန်တော် .. ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး ဆိုပါ့မယ် ...”
ယန်အန်းယု၏ ဝင်းလက်တောက်ပနေသော မဟူရာရောင် မျက်ဝန်းများနှင့် ကြုံတွေ့လိုက်ရသည့် အခိုက်အတန့်၌ ယီချန်းယန် သတိလက်လွတ် ဖြစ်သွားကာ တစ်ဖက်လူ၏ ခေါင်းသေးသေးလေးကို ပွတ်သပ်ပေးလိုစိတ်များ အဆမတန် ဖြစ်ပေါ်လာတော့သည်။
သို့သော် တုန်လှုပ်ဖွယ် အတွေးများအား ရုတ်သိမ်းကာ တည်ငြိမ်မှုများကို ဟန်မပျက် ပြန်လည်ထိန်းသိမ်းထားနိုင်လိုက်သည်။
နေ့ဘက်တွင်လည်း အလုပ်များ ရှိနေသေးသည့်အတွက် .. များမကြာမီမှာပင် သူ့ကို လာကြိုသည့် လီယဲ့ ရောက်လာတော့သည်။
“ယန်အန်းယု .. မင်းရဲ့ ကိုယ်ပိုင်စတိုင်အတိုင်း ဆိုနိုင်ရင်ကို လုံလုံလောက်လောက် ကောင်းနေပြီ ...”
ယီချန်းယန်က အိမ်ထဲမှ မထွက်မီ ထိုသို့ ပြောလိုက်သည်။
ရိုးရှင်းလှသည့် စကားတစ်ခွန်းကပင်လျှင် ယန်အန်းယု၏ စိတ်ဓာတ်ကို များစွာ တက်ကြွသွားစေခဲ့သည်။ သူက စိတ်ဓာတ်တက်ကြွစွာဖြင့် ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်ကဲ့ .. ကျွန်တော် ကျိန်းသေ ကြိုးစားပါ့မယ် ....”
****
ယွီစစ်ယွမ်သည် သူ၏ လတ်တလော အစီအစဉ်များကြောင့် နိုင်ငံခြားသို့ သွားနေခဲ့ရသည်။ သို့သော် “လက်ဝှေ့ကျော်” ကို များမကြာမီ ထုတ်လွှင့်ပြသတော့မည် ဖြစ်သည့်အတွက် အဓိကသရုပ်ဆောင်များ ဖြစ်ကြသော သူနှင့် ကုရှင်းသည် ရုပ်ရှင်ကို ပရိုမိုးရှင်းဆင်းရန် အလို့ငှာ မြောက်များစွာသော နာမည်ကြီး ရသစုံရှိုးများတွင် ပါဝင်ဆင်နွှဲရမည် ဖြစ်၏။ ထို့ကြောင့် သူ S မြို့တော်သို့ ပြန်လာခဲ့လိုက်သည်။
“ယန်ကော .. စောစောက ဘာပြောလိုက်တာလဲ ယန်အန်းယု သူ .. သူက "မနက်ဖြန်များ၏အသံ” မှာ ဝင်ပြိုင်နေတယ် ဟုတ်လား ...”
ပြန်ရောက်ကာစ ယွီစစ်ယွမ်က မျက်မှောင်တို့ကို တွန့်စုကာ မေးလိုက်သည်။
“လက်ဝှေ့ကျော်” ရိုက်ကူးပြီးနောက် သူက ယန်အန်းယုသည် အနုပညာလောကထဲသို့ ခြေတစ်လှမ်းပင် မချဘဲ ယခင်ကဲ့သို့ပင် အထက်စီးဆန်လှသည့် သခင်ငယ်လေးအဖြစ်သာ ဘဝကို ပျင်းတိပျင်းရွဲဖြင့် ကုန်ဆုံးလိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
ဒါပေမယ့် အခုကျ .. ယန်အန်းယုက တကယ်ကြီးကို talent show မှာ ဝင်ပြိုင်နေတာပေါ့ မဟုတ်မှလွဲရော ဒါ ယန်ကျွယ့် စီစဉ်ထားတာများလား ...
ယန်မျိုးရိုး ညီအစ်ကိုနှစ်ဦးမှာ ဆက်ဆံရေး အဆင်မပြေလှဟု အခြားသူများ ပြောကြသည်ကို သူ ကြားထားခဲ့ဖူးသည်။ ယခင်က ယန်အန်းယုသည် ကုမ္ပဏီသို့ လာလေတိုင်း ဥက္ကဌယန်နှင့် အကြီးအကျယ် ရန်ဖြစ်ကာသာ ဝုန်းဒိုင်းကြဲ ပြန်ထွက်သွားလေ့ ရှိခဲ့သည်။ ထို့အပြင် ယန်မိသားစု တစ်ခုလုံးကလည်း ထို တရားမဝင်သားကို များစွာ အထင်အမြင်သေးကြပေသည်။
အခု ဘယ်လိုတွေ ဖြစ်ကုန်တာလဲ ...
“အင်း ...”
ယန်ဖုန်းက ခေါင်းငြိမ့်ပြလိုက်သည်။
“စစ်ယွမ် ငါတို့တွေ ဒီကိစ္စထဲမှာ ဝင်ရှုပ်လို့ မကောင်းလောက်ဘူး ထင်တယ် ...”
“သိပါတယ် ...”
အကြောင်းမှာ ကုမ္ပဏီဘက်မှ လွှတ်လိုက်သည့် တာဝန်ရှိသူက သူတို့ကို သတိပေးကာ ယွီစစ်ယွမ် ရထားသည့် အခွင့်အရေးအားလုံးကိုပါ အခြားသူများအား ခွဲဝေပေးလိုက်သည့်အတွက် ဤလအတွက် သူ့ဝင်ငွေမှာ အဆမတန် လျော့နည်းသွားသောကြောင့် မည်သို့မှ ပြဿနာ မရှာရဲတော့ခြင်း ဖြစ်ပေသည်။
သို့သော် ယန်အန်းယုက အနုပညာလောကထဲ ဝင်ရောက်လိမ့်မည်ဟု တွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် သူ့စိတ်တစ်ခုလုံး ကသိကအောက် ဖြစ်မိလာတော့သည်။
ရှုံ့တွနေသည့် မျက်နှာထားကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် ယန်ဖုန်းသည် ယွီစစ်ယွမ်၏ အတွေးများအားလုံးကို သဘောပေါက်လိုက်သော်ငြား တည်ငြိမ်စွာဖြင့်ပင် ဆက်ပြောလိုက်သည်။
“စစ်ယွမ် .. သူ့ရဲ့ သရုပ်မှန်ကိုသာ ကောင်းကောင်း အသုံးချလိုက်ရင် ရလဒ်ဆိုးတွေလည်း ဖြစ်လာနိုင်တယ်လေ ...”
“ဘာကို ဆိုလိုတာလဲ ...”
“လူထုအမြင်လေ ...”
ယန်ဖုန်းက ရက်စက်စွာ ပြောလိုက်သည်။
ပထမဆုံး လူရွေးပွဲအပြီး သုံးပတ်အကြာတွင် ဒုတိယပွဲစဉ်ကို စတင်ကျင်းပခဲ့သည်။
ယန်အန်းယုသည် မနက်အစောပိုင်း၌ အမည်မသိ နံပါတ်ထံမှ နောက်ထပ် စာတစ်စောင်ကို လက်ခံရရှိလိုက်ပြန်သည်။
[ ကံကောင်းပါစေ ]
စာတိုလေးတစ်စောင်သာ ဖြစ်သည့်တိုင် ယန်အန်းယုမှာ ပြုံးမိသွားခဲ့ဆဲပင်။ သူက ထိုစာထဲမှ ခင်မင်မှုနှင့် ကြင်နာမှုကို အတိုင်းသား ခံစားမိနေပေသည်။
ဖုန်းဆက်၍ မရသည့်အတွက် သူသည် စာတစ်စောင်သာ ပြန်ပို့လိုက်တော့သည်။
[ ကျေးဇူးပါ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ် ]
တစ်ဖက်လူက သရုပ်မှန်ကို ထုတ်ပြလိုသည့် ဆန္ဒမျိုး ရှိမနေရာ သူသည်လည်း အတင်းအကြပ် ဖော်ထုတ်ရန် မကြိုးစားတော့ချေ။ တစ်ဖက်လူထံတွင် အခက်အခဲအချို့ ရှိနေသောကြောင့် ဖြစ်ရမည်ဟုသာ ကောက်ချက်ချလိုက်သည်။
****
ရှင်းဖုန်း ရုပ်သံလွှင့်ရုံ၌ .. ပြိုင်ပွဲကျင်းပမည့် နေရာကို ပိုပြီး ကြီးမားသည့် ရုပ်သံလွှင့်ခန်းမထဲသို့ ပြောင်းရွှေ့လိုက်ကာ တင်ဆက်မှု ကြာချိန်ကိုလည်း ငါးမိနစ်အထိ တိုးမြှင့်လိုက်သည်။ ပြိုင်ပွဲဝင် ငါးဆယ်ကို ယှဉ်ပြိုင်ခွင့်ပြုမည်ဖြစ်ကာ ၎င်းတို့၏ တင်ဆက်မှုကို အခြေခံ၍ ဒိုင်လူကြီးများက အယောက်နှစ်ဆယ်ကို ရွေးချယ်မည် ဖြစ်သည်။
ထို့နောက်တွင်မူ ထို ရွေးချယ်ခံရသူ အယောက် ၂၀ သည် တရားဝင် ယှဉ်ပြိုင်သည့် အဆင့်သို့ ရောက်ရှိသွားကာ “မနက်ဖြန်များ၏အသံ” ပရိုဂရမ်ကို ရိုက်ကူးကြရမည် ဖြစ်သည်။ ထိုအဆင့်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် တစ်နိုင်ငံလုံးအနှံ့မှ ကြည့်ရှုသူများ၏ အသိအမှတ်ပြုခြင်းကို ခံကြရမည် ဖြစ်သည်။
ဤတစ်ကြိမ်တွင်မူ ထုတ်လုပ်ရေးအဖွဲ့က ပြိုင်ပွဲဝင်များအတွက် မိတ်ကပ်ဆရာနှင့် စတိုင်လစ်များ ပြင်ဆင်ပေးထားသည်။ သို့သော် မိတ်ကပ်ပြင်သည့် အခန်းကိုမူ အားလုံး ဝေမျှကာ အသုံးပြုရမည် ဖြစ်သည်။ စင်နောက်ရှိ နားနေခန်းထဲ၌ ပြင်ဆင်နေကြစဉ် ယန်အန်းယု ရောက်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ အကြည့်တို့က သူ့ထံသို့ စုပြုံကာ ကျရောက်လာတော့သည်။
ထိုအကြည့်များထဲတွင် မကောင်းမြင်စိတ်နှင့် မနာလိုမှုများသာမက မုန်းတီးသည့် အငွေ့အသက်များပင်လျှင် ရောနှောကာ ပါဝင်နေသေးသည်။
“ဟေး မင်းတို့တွေ သိကြလား အဲဒီ့ ယန်မိသားစုက သခင်လေးကလေ လူရွေးပွဲမှာကတည်းက ပြုတ်သွားရမယ့်ဟာကို သူ့နောက်ခံကြောင့် နောက်တစ်ဆင့် တက်ခွင့်ရတာတဲ့ ...”
“အနုပညာလောကက အရင်ကတည်းကကို ရှုပ်ထွေးနေပြီးသားပါကွာ ဒီ ဒုတိယမျိုးဆက် ဘိုးဘေးလေးတွေက အိမ်ထဲမှာပဲ အလေလိုက်နေသင့်တာကို ဘာလို့ ပြဿနာ လာရှာချင်နေကြရတာလဲ သူတို့က အနုပညာရှင် ဖြစ်ရတာ ပျော်စရာကောင်းတယ်လို့များ ထင်နေကြလား မသိဘူး ...”
“ရိုးရိုးသားသား ဝန်ခံရရင် မျက်နှာရယ် နောက်ခံရယ်ကို အားကိုးပြီး တက်လာတဲ့သူတွေ ရှိနေတယ်ဆိုတာ ပုံမှန်ပါပဲ ဒါပေမယ့် ဒီ သခင်လေးကတော့ ထောင်လွှားမောက်မာလွန်းတယ် သူကတော့ အနုပညာလောကထဲ ဝင်လာရင်တောင် အလွန်ဆုံးမှ အလှပန်းအိုးအဆင့်လောက်ပဲ ရောက်ရုံပေါ့ ငါကြားတာတော့ သူက တစ်ချိန်လုံး ရန်ဖြစ်နေတာတဲ့ ပြီးတော့ ယောက်ျားလေးတွေတောင် မချန်ဘဲ တွဲတယ်ဆိုလားပဲ သူ့မကောင်းကြောင်းတွေ ပျံ့နေတာမှ အများကြီးပဲ ဟေး ပြီးတော့ သူသာ တစ်ယောက်ယောက်ကို အပြစ်ပြုမိလို့ကတော့ မကောင်းတဲ့ အတိတ်ဆိုးတွေ အပုံလိုက်ကြီး တူးဆွခံရမှာ သေချာတယ် ...”
အချို့က သူတို့၏ ထင်မြင်ချက်များကို ကိုင်စွဲထားလျက် အားရဝမ်းသာ ဆွေးနွေးနေကြသည်။
ကောလီရှု၏ မျက်နှာမှာ ပို၍ပင် အရုပ်ဆိုးလာတော့၏။ သူက ရှေ့သို့တိုးကာ ထွက်ပြောတော့မည် ပြုစဉ် ယန်အန်းယုက သူ့ကို ဆွဲထားလိုက်သည်။
“စိတ်ကို အေးအေးထား ...”
ကောလီရှုက သူ့ကို ပြန်ကြည့်ကာ ကျောင်းတွင်လည်း ယန်အန်းယုနှင့် ပတ်သက်သည့် ကောလဟာလများစွာ ရှိခဲ့ဖူးကြောင်း သတိရသွားတော့သည်။ ယန်အန်းယုက အမြဲလိုလို တုန့်ပြန်ရှင်းလင်းခြင်း မပြုဘဲ ဆိတ်ဆိတ်သာ နေခဲ့သော်ငြား သူ၏ အပြုအမူများကြောင့် အခြားလူများ၏ ထင်မြင်ချက်များမှာ တစ်ဖြည်းဖြည်း ပြောင်းလဲသွားခဲ့ပေသည်။
“ငါ့ကြောင့်နဲ့ ဒေါသမထွက်နဲ့ ဒါမျိုးကို အသားကျနေပါပြီ ...”
သူက ပုခုံးတွန့်ပြကာ ပြောလိုက်သည်။
“ဒါကဖြင့် ပြောပလောက်တဲ့ ကိစ္စတောင် မဟုတ်ဘူး ...”
သူသာ ဒီစကားတွေကို လိုက်ခံစားနေလို့ .. တင်ဆက်မှုကို ကောင်းကောင်း မလုပ်နိုင်ခဲ့ရင် .. ဒါကမှ အဲဒီ့လူတွေရဲ့ ဆန္ဒကို ပြည့်ဝသွားအောင် ဖြည့်ဆည်းပေးရာ ရောက်မသွားဘူးလား ...
သူကတော့ ချက်ကျလက်ကျပဲ ပြန်ဖြေရှင်းချင်တယ် ...
အခန်းထဲတွင် ရှိနေသူအားလုံးထံ ရေခဲရိုက်အကြည့်များ ပို့လွှတ်ကာ ချင်နွော်ရှီသည် ယန်အန်းယုကို ဆွဲခေါ်ပြီး ဘေးတစ်ဖက်တွင် ဝင်ထိုင်လိုက်သည်။
“စိတ်မလှုပ်ရှားနဲ့ စင်က မင်းအတွက်ပဲ ...”
ယန်အန်းယု စင်ပေါ်သို့ မတက်မီ ချင်နွော်ရှီက သူ့ကို အားပေးစကား ပြောလိုက်သည်။
ဤရက်များအတွင်း သူသည် ယန်အန်းယု၏ ကြိုးစားအားထုတ်မှုများကို မျက်မြင် ကြုံတွေ့ခဲ့ရပြီး ဖြစ်သည်။ ယန်အန်းယု၏ အဆိုစွမ်းရည်မှာ အချိန်တိုအတွင်း များစွာ တိုးတက်လာရန် ခဲယဉ်းသေးသည့်တိုင် အကစွမ်းရည်နှင့် တွဲဖက်လိုက်သည့်အခါတွင်မူ သူ၏ တင်ဆက်မှုမှာ မဆိုးလှရာ မျှော်လင့်ချက် ရှိနေသေးပေသည်။
“ဟုတ်တယ် ငါတို့ လေ့ကျင့်တုန်းက အတိုင်းသာ လုပ်ခဲ့ မင်းကို ယုံပြီးသား ...”
ကောလီရှုက ထပ်ပြောလိုက်သည်။
“နွော်ရှီ လီရှု မပူပါနဲ့ ငါက အဲဒီ့ အတင်းပြောနေတဲ့ လူတွေအားလုံးရဲ့ မျက်နှာကို “ကန့်သတ်ချက်” နဲ့ ဖူးယောင်နေအောင် ရိုက်ပစ်မှာ ...”
ယန်အန်းယုက သူ့ရင်ဘက်ကို ပုတ်ကာ ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူ့စကားကို ကြားလိုက်ရသည့်အခါ ကျန်နှစ်ဦးလုံးမှာ ရယ်မောမိသွားကြတော့သည်။
ဒုတိယပွဲစဉ်တွင် အမျိုးသမီးဒိုင်နှစ်ဦးနေရာ၌ ပိုမိုဝါရင့်သည့် ဂီတပညာရှင်နှစ်ဦးက အစားထိုး ဝင်ရောက်လာခဲ့သည်။ ကျန်းကျီချမ်နှင့် စည်းကမ်းတင်းကြပ်လှသည့် ဟဲယီလောင်ရှီးတို့မှာမူ ဒိုင်အဖြစ် ဆက်လက် ပါဝင်နေဆဲ ဖြစ်သည်။
“ယန်အန်းယု ဒီနေ့ရော ဘာတွေ ပြင်ဆင်လာခဲ့လဲ ယီချန်းယန်ရဲ့ သီချင်းပဲလား ...”
ကျန်းကျီချမ်က မေးလိုက်သည်။
သူက ခေါင်းငြိမ့်ပြလိုက်၏။
“ဟုတ်ပါတယ် ကျွန်တော် ဒီနေ့ “ကန့်သတ်ချက်” ကို တင်ဆက်သွားမှာပါ ...”
ထိုစကားကို ကြားသည့်အခါ ကျန်းကျီချမ်က မေးစေ့ကို ပွတ်သပ်ကာ ပြုံးလိုက်သည်။
“ငါတော့ မင်းရဲ့ သတ္တိနဲ့ ဇွဲကို တော်တော်လေး အထင်ကြီးမိနေပြီ .. စလို့ရပြီ ...”
တီးလုံးသံ စတင်ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် ယန်အန်းယုက သီဆိုခြင်းနှင့် အကကို တစ်ပြိုင်တည်း စတင်လိုက်သည်။ ကသည့်အခါ သူ့အသံမှာ အနည်းငယ် တုန်ယင်သွားသော်ငြား စည်းချက်ညီညီ နရီသံကို အလွန် မြူးကြွဖွယ် တီးလုံးသံနှင့် ပေါင်းစပ်ထားမှုမှာ စွဲလမ်းဖွယ် ကောင်းလွန်းလှသည့်အတွက် ကြားရသူတိုင်းမှာ တေးသံနှင့်အတူ ခန္ဓာကိုယ်ကို ယိမ်းနွဲ့လှုပ်ရှားချင်စိတ်များ ဖြစ်ပေါ်လာရတော့သည်။
အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ယန်အန်းယုက မျက်လုံးကို မှိတ်ကာ အာရုံစူးစိုက်လိုက်ပြီးနောက် သူ၏ မွေးရာပါ စွမ်းရည်ကို အသုံးပြုကာ အသံကို ပြန်လည်ထိန်းညှိလိုက်သည်။
အသံအနိမ့်အမြင့်ကို ပြန်လည်ထိန်းညှိနိုင်သွားပြီးသည့်နောက် ယန်အန်းယုသည် သီချင်းကို အကောင်းဆုံး သီဆိုနိုင်လာတော့၏။ ခန္ဓာကိုယ်ကို လှုပ်ယမ်းကာ ကကွက်အားလုံးတို့က လူငယ်တစ်ဦး၏ စွမ်းရည်ကို အကောင်းဆုံး ဖော်ကျူးနေကာ နောက်ဆုံးတွင် တင်ဆက်မှုကို အပြုံးတစ်ပွင့်ဖြင့် အဆုံးသတ်လိုက်သည်။
ဦးညွတ်ကာ အရိုအသေ ပြုလိုက်သည်နှင့်တစ်ပြိုင်နက် ကြည့်ရှုနေသူများထံမှ လက်ခုပ်ဩဘာသံကို သောင်းသောင်းဖျဖျ လက်ခံရရှိလိုက်ရသည်။
ဒိုင်လေးဦးစလုံးကသာမက ဘေးနားတွင် ရပ်နေသည့် တင်ဆက်သူ အမျိုးသားကပင်လျှင် သူ့ကို လက်ခုပ်ချီးမြှင့်ရင်း ပြုံးကာ ပြောလာခဲ့သည်။
“ယန်အန်းယုရေ .. အရမ်းကို ပြောင်မြောက်တဲ့ တင်ဆက်မှုတစ်ခုကို ပြသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်နော် ...”
တစ်ဟုန်ထိုး ထွက်ပေါ်လာသည့် လက်ခုပ်ဩဘာသံများကြောင့် ယန်အန်းယုမှာာ အနည်းငယ် ကြောင်အနေခဲ့သည်။ နဖူးတစ်ခုလုံး ချွေးများဖြင့် စိုရွှဲနေကာ ရင်အုပ်မှာလည်း နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းနေခဲ့ရသည်။ သို့သော် သူ့မျက်ဝန်းတို့မှာမူ သုံးထောင်သော ကြယ်အလင်းတန်းတို့က သူ့မျက်ဝန်းထဲတွင် ရောက်ရှိနေသည့်နှယ် ဝင်းလက်တောက်ပနေလေသည်။
ထိုအခိုက်အတန့်၌ သူ့ထံတွင် မည်သည့်ကိစ္စမှ မဖြစ်ပွားခဲ့သည့်နှယ်၊ ထို လက်ခုပ်သံများကို ကြားလိုက်ရခြင်းကပင်လျှင် သူ့အတွက် လုံလောက်သည်ထက်ပင် ပိုနေပြီ ဖြစ်သည်။
လက်ခုပ်သံများ စဲသွားပြီးနောက် .. ဟဲယီလောင်ရှီးက အနီရောင်မီးကို နှိပ်ကာ သူ့ကို ပယ်ချလိုက်သည်။ ကျန်းကျီချမ်ကလည်း မျက်လွှာချလျက် လက်တို့ကို အနီရောင်မီးခလုတ်ပေါ်သို့ တင်မည်ပြုလိုက်၏။
👥️