👥️Chapter 21
မနက်စာ စားရမည့် အချိန်သို့ ရောက်သည့်အခါတွင်လည်း အိမ်၌ မည်သည့် စားစရာမှ မရှိသည့်အပြင် ကိုယ်တိုင် ချက်ပြုတ်နေရပါလျှင် အချိန်ကုန်သည့်အတွက် ယန်အန်းယုက ထန်းကော်ကို လက်ယမ်းပြလိုက်သည်။
"ကြက်ဥပန်ကိတ်နဲ့ တို့ဖူးပူတင်း စားချင်တယ် သူဌေးကို အစပ် ပိုထည့်ဖို့နဲ့ နံနံပင် မထည့်ဖို့လည်း သတိပေးလိုက်ဦးနော် ..."
"အင်း နားလည်ပါပြီ ..."
ထန်းကော်က ခေါင်းငြိမ့်ပြလိုက်သည်။
ထန်းကော်၏ စကားပင် မဆုံးသေး၊ ချီစန်းက အေးစက်စွာဖြင့် ဖြတ်ပြောလိုက်သည်။
"လတ်လတ်ဆတ်ဆတ် ဖုတ်ထားတဲ့ ပေါင်မုန့်နဲ့ နွားနို့ကို ပြောင်းလိုက် ..."
သူ့လေသံမှာ ကြားရသူ စိတ်မချမ်းမြေ့စဖွယ် အလွန် အေးစက်လှသည်။
ယန်အန်းယုက တစ်ခဏမျှ တုန့်ဆိုင်းသွားကာ ခပ်တိုးတိုး ကန့်ကွက်လိုက်သည်။
"မစ္စတာချီ ကျွန်တော်တို့ ..."
"မြန်မြန်လုပ် အချိန်မဖြုန်းနဲ့ ..."
"ဟုတ်ကဲ့ပါ ..."
ထန်းကော်က လေးလံစွာဖြင့် ခေါင်းငြိမ့်ပြကာ အခန်းထဲမှ လှစ်ခနဲ ပြေးထွက်သွားလိုက်သည်။
ယန်အန်းယု "..."
မနက်စာစားကာ ရိုးရိုးရှင်းရှင်း ဝတ်စားဆင်ယင်ပြီးနောက် သုံးဦးစလုံး အိမ်ထဲမှ ထွက်လာလိုက်သည်။
"မစ္စတာချီ ကျွန်တော် မှတ်မိသလောက်ဆို ကောက မနက် ၁၀ နာရီလောက် လာခဲ့လို့ ပြောသလားလို့ အခုမှ ၈ နာရီလောက်ပဲ ရှိသေးတာ မဟုတ်လား နည်းနည်း စောလွန်းမနေဘူးလား ..."
ယန်အန်းယုက ရှေ့ခန်းတွင် ကားမောင်းနေသည့် ချီစန်းကို လည်ဆန့်ကြည့်ကာ မေးလိုက်သည်။
"အင်းလေ ..."
ထန်းကော်ကလည်း ခေါင်းငြိမ့်ကာ ထောက်ခံလိုက်သည်။
"မစောတော့ဘူး ..."
ချီစန်းက အေးစက်စွာဖြင့် ပြောလိုက်သောကြောင့် ကျန်နှစ်ဦးမှာ ပြောစရာစကားများ ကင်းမဲ့သွားတော့သည်။
သူ ပြောခဲ့သည့် စကားများမှာ အမှန်တကယ်လည်း မှန်ကန်လှပေသည်။ ယန်ကျွယ့်နှင့် မတွေ့ဆုံမီ အခြားသော ကိစ္စရပ်များစွာကို လုပ်ဆောင်ရန် လိုအပ်နေသေးသည်။ ချီစန်းက ယန်အန်းယုအတွက် အဝတ်အစား အစုံရေ များစွာကို ယူလာပေးကာ သူ့ဆံပင်စတိုင်ကို ပြောင်းလဲရန်အတွက် ကျွမ်းကျင်စတိုင်လစ်တစ်ဦးကိုပင် ရှာလာလိုက်သေးသည်။
ထို့ကြောင့် ရှန်းဟွမ်မီဒီယာ အဆောက်အဦးသို့ ရောက်သည့်အခါ ယန်အန်းယု၏ ပုံစံမှာ ကျောင်းသားတစ်ဦး၏ ပုံစံနှင့် လားလားမျှပင် မတူညီတော့ချေ။ အဝတ်အစားတို့မှာ လျော့ရဲခြင်း မရှိတော့၊ အလွယ်တကူ အနိုင်ကျင့်၍ ရနိုင်သူဟူသော အရှိန်အဝါမှာလည်း လုံးဝဥဿုံ ပပျောက်သွားတော့သည်။ အပြာရောင် အနောက်တိုင်းဝတ်စုံကို ဝတ်ဆင်ကာ ဆံစတို့ကို အပြောင်သိမ်း၍ ကြည့်ကောင်းလှသည့် နဖူးပြင်ကို ဖော်ပြထားသည်။ ထို့ကြောင့် သူ့ပုံစံမှာ ပိုမို လန်းဆန်းတက်ကြွလာကာ ချောမောခန့်ညားသည့် အနုပညာရှင်တစ်ဦး၏ ပုံရိပ်မျိုး ထွက်ပေါ်လာတော့သည်။
ဧည့်ကြိုဝန်ထမ်း အမျိုးသမီးက သူ့ကို မြင်လိုက်သည့်အခါ ချက်ခြင်း မမှတ်မိနိုင်ခဲ့ချေ။ ထို့အပြင် အခြားသော ဝန်ထမ်းများကလည်း သူ့ကို ဝင်းလက်တောက်ပသည့် အကြည့်များဖြင့် စိုက်ကြည့်နေကြ၏။
ဒါကမှ ဥက္ကဌယန်ရဲ့ ညီလေးဆိုတဲ့ နာမည်နဲ့ ပိုပြီး လိုက်ဖက်သွားတာလေ ...
ယန်အန်းယု၏ ဘေးနားတွင် လိုက်ပါလာသည့် ထန်းကော်ကလည်း ဂုဏ်ယူဝံ့ကြွားနေခဲ့သည်။
ရှေ့လျှောက် သူက နာမည်ကြီးတစ်ယောက်ရဲ့ သက်တော်စောင့် ဖြစ်လာတော့မှာလေ အရမ်း မိုက်တာပဲ ...
ထို့နောက် သုံးဦးသား ယန်ကျွယ့်ကို သွားတွေ့လိုက်ကြသည်။ ယန်အန်းယု၏ စတိုင်အသစ်ကို မြင်သည့်အခါ ယန်ကျွယ့်ကလည်း ကျေနပ်မှုအပြည့်ဖြင့် ပြုံးမိသွားခဲ့၏။ ထို့နောက် ယန်အန်းယုနှင့် စာချုပ်တွင် လက်မှတ်ထိုးကာ လုပ်ရိုးလုပ်စဉ်အားလုံးကို အပြီးသတ် ဆောင်ရွက်လိုက်သည်။
"ဟုတ်သားပဲ ရှေ့အပတ်ကျ ဒါရိုက်တာရှုက "နှလုံးသား၌ ထုဆစ်လေသော" အတွက် စာနယ်ဇင်းမိတ်ဆက်ပွဲ လုပ်မှာတဲ့ မင်းကိုယ်မင်း အရူးဖြစ်အောင်လုပ်ပြီး ငါနဲ့ ရှန်းဟွမ်မီဒီယာကို အရှက်မခွဲနဲ့ ကြားလား ..."
"အာ ... ဒါပေမယ့် အဲဒါက စာနယ်ဇင်းမိတ်ဆက်ပွဲကြီးလေ ..."
ယန်အန်းယုက စိတ်ဖိစီးစွာဖြင့် ပြောလိုက်သည်။
"ကော ကျွန်တော်က လူသစ်လေ သေချာပေါက်ကို စိုးရိမ်မိတာပေါ့ ..."
"ဘာတွေ ကြောက်နေတာလဲ ချီစန်းက မင်းဘေးမှာ အမြဲတမ်း ရှိနေမှာကို ..."
ယန်အန်းယုက အော်ဟစ်ကာပင် ငိုလိုက်ချင်သော်ငြား မျက်ရည်က ရှိမနေချေ။
ဒီလောက် အေးစက်ခက်ထန်နေတဲ့ မျက်နှာကြီးနဲ့ ဘေးနား ရပ်နေတာကမှ ပိုပြီးတောင် စိတ်ဖိစီးစရာ ကောင်းနေသေးတာပါနော် ...
ထိုသို့ဖြင့် ရုပ်ရှင်ကို ကြော်ငြာရန် စာနယ်ဇင်း မိတ်ဆက်ပွဲ ကျင်းပမည့်နေ့သို့ ရောက်ရှိလာတော့သည်။
ပွဲမစမီ ယန်အန်းယုသည် အသေးစားဗန်ကားထဲတွင် ထိုင်နေရင်း B မြို့မှ ယခုအချိန်အထိ ပြန်မလာသေးသည့် ယီချန်းယန်အကြောင်း တွေးမိသွားကာ စာတစ်စောင် ပို့လိုက်သည်။
[ ကျွန်တော် ရုပ်ရှင် ရိုက်ရတော့မှာ (*^_^*)]
သို့သော် တစ်ဖက်လူထံမှ စာ ပြန်ရောက်မလာ။
S မြို့တော်၌ အလားတူ ဗန်ကားထဲတွင် ထိုင်နေရင်း ယီချန်းယန်သည် စာကို ဝင်ဖတ်ကြည့်ပြီးနောက် ဖုန်းကို ပြန်ချထားလိုက်တော့သည်။
ဘေးမှ ကြည့်နေသည့် လဲ့ယီက သက်ပြင်းချကာ ပြောလိုက်၏။
"စတန့်သမားညီလေးကို အွန်လိုင်းပေါ်မှာ နာမည်ကြီးလာအောင် လုပ်တယ် အခုလည်း မင်းက ..."
လီယဲ့၏ အကြည့်တို့မှာ အမှန်တကယ်ပင် နားလည်ရ ခက်နေသည့်ဟန်ပင်။
"ချန်းယန် မင်း အရင်က ဒီလို အဓိပ္ပါယ် မရှိတဲ့ လုပ်ရပ်တွေ မလုပ်ခဲ့ဖူးပါဘူး ..."
လီယဲ့က စူးစမ်းလိုသည့် အရိပ်အယောင်တို့ ပြည့်နှက်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ မေးလိုက်သည်။
ယီချန်းယန်က အကြပ်ရိုက်သွားရကာ ခပ်တိုးတိုး ပြောလိုက်သည်။
"အတွေးလွန်မနေနဲ့ ..."
လီယဲ့က ခပ်တိုးတိုး ရယ်မောလိုက်သည်။
"မစိုးရိမ်ပါနဲ့ ငါ အတွေး မလွန်ပါဘူး မင်းကမှ ကိုယ့်ခံစားချက်ကို ပိုပြီး နားလည်အောင် လုပ်ရမယ့် လူပါနော် ..."
"စကားများလွန်းတယ် ..."
လီယဲ့ "..."
ပွင့်ပွင့်လင်းလင်းနဲ့ ချစ်စရာကောင်းပြီး နှုတ်ချိုတဲ့ အနုပညာရှင်လေးကိုပဲ တာဝန်ယူချင်တယ်လို့ ...
***
ဒါရိုက်တာရှု၏ လက်ရာအသစ်ဖြစ်သော "နှလုံးသား၌ ထုဆစ်လေသော" ကို အမျိုးမျိုးသော ရုပ်ရှင်အနုပညာဆိုင်ရာ ဝဘ်ဆိုဒ်များနှင့် ဂျာနယ်များတွင် ကြော်ငြာထည့်သွင်းထားပြီး ဖြစ်သည်။ အဓိက သရုပ်ဆောင်များမှာ ငယ်ရွယ်သည့်တိုင် အရည်အချင်း ပြည့်ဝလှသည့် ယဲ့လင်း၊ ကျွမ်းဘားနှင့် တိုက်ခိုက်ရေးပညာတွင် သူမတူအောင် ထူးချွန်လှပါသော သို့ပင်းနှင့် ညှို့ဓာတ်ပြင်းလှသည့် အလှဘုရင်မ ခန်းကျင်း အစရှိသည့် နာမည်ကြီးများ ပါဝင်ထားသည်။ ထုတ်လုပ်ရေးအဖွဲ့ဝင်များမှာလည်း နယ်ပယ်အသီးသီး၏ ထိပ်သီးများ ဖြစ်ကြသည့်အပြင် ရင်းနှီးမြှုပ်နှံသူများ အားလုံးကပင်လျှင် အများက သိကြသည့် ဂုဏ်သရေရှိ လူကြီးလူကောင်းများ ဖြစ်ကြသည့်အတွက် "နှလုံးသား၌ ထုဆစ်လေသော" သည် ကနဦး အစပိုင်းကတည်းက အားလုံး၏ အာရုံစိုက်မှုကို ပိုင်ဆိုင်ရရှိခဲ့သည်။
ပြီးခဲ့သည့် ၂ နှစ်ခန့်က ဒါရိုက်တာရှုသည် ယခုလက်ရှိ အသစ်စက်စက် ရုပ်ရှင်ဧကရာဇ် မုန့်ယာကို ပွဲထုတ်လာခဲ့ပြီး ဤတစ်ကြိမ်၌လည်း သူ၏ ရိုက်ကူးရေး အဖွဲ့သားထဲတွင် လူသစ်တစ်ဦး ပါရှိသည်ဟု ကြေငြာလာပြန်၏။ ထိုလူသစ်မှာ မည်သူမည်ဝါ ဖြစ်ကြောင်းကိုမူ .. ဒါရိုက်တာရှုက ထိုသူသည် လတ်တလော၌ အင်တာနက်ပေါ်တွင် နာမည်ကြီးနေသူဟုသာ တစ်စွန်းတစ်စ ပြောလာပြီး အားလုံး၏ သိလိုစိတ်ကို အမြင့်ဆုံးအထိရောက်အောင် နှိုးဆွထားခဲ့သည်။
အဓိက ဇာတ်လိုက်၏ အမည်ကိုမူ ယခုအချိန်အထိ ထုတ်ပြောလာခြင်း မရှိသေးချေ။ ပရိသတ်များသာမက ရိုက်ကူးရေး အဖွဲ့သားများနှင့် အတူတူ ပါဝင်မည့် သရုပ်ဆောင်များသည်ပင် သူတို့နှင့်အတူတူ ပူးတွဲကာ အလုပ်လုပ်ရမည့်သူမှာ မည်သူဖြစ်ကြောင်းကို ယခုအချိန်အထိ မသိကြသေးချေ။
လျှို့ဝှက်ထားသော အမျိုးသားဇာတ်လိုက်နှင့် စပ်လျဉ်း၍ ပရိသတ်များက အမျိုးစုံ ခန့်မှန်းလာကြသည်။ သို့သော် ထို ဇာတ်လိုက်မှာ နာမည်ကျော် A အဆင့် သရုပ်ဆောင်တစ်ဦး ဖြစ်ရလိမ့်မည်ဟူသည့် အချက်မှအပ ရှေ့ဆက်ပြီး မခန့်မှန်းနိုင်ခဲ့ကြချေ။
စာနယ်ဇင်းမိတ်ဆက်ပွဲကို နေ့ခင်း နှစ်နာရီတွင် ကျင်းပရန် စီစဉ်ထားသော်လည်း အခမ်းအနား ကျင်းပမည့် ထိုက်သုန်ဟော်တယ်ဝင်ပေါက်တွင် မနက်ကတည်းက သတင်းထောက်များ ခြေချင်းလိမ်နေခဲ့သည်။ အားလုံးက ကင်မရာများကို အဆင်သင့် ချိန်ရွယ်ထားလျက် ပူပန်တကြီး စောင့်ဆိုင်းနေကြသည်။ အသစ်စက်စက် ပါဝင်လာမည့် သရုပ်ဆောင်နှင့် အားလုံး သိလိုကြသည့် အဓိကဇာတ်လိုက်၏ ဓာတ်ပုံကို ပထမဆုံး ရိုက်ကူးမိသူ ဖြစ်လိုသည့် ဆန္ဒကြောင့် ရင်တမမ ဖြစ်နေကြရသည်။ သတင်းထောက်လောကတွင် အထူးခေါင်းစီးသတင်းအား အရ မယူလိုသည့်သူဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။
ကားများ တစ်စီးပြီးတစ်စီး ရောက်ရှိလာကာ သရုပ်ဆောင်များအားလုံး ဆက်တိုက် ထွက်ပေါ်လာကြသည်။ ကင်မရာမီးရောင်များက အဆက်မပြတ် တဖျတ်ဖျတ် လက်နေကာ တိုက်ရိုက်ထုတ်လွှင့်မှုများကိုလည်း နေရာအနှံ့ တွေ့နေရ၏။ လူတိုင်းကိုယ်စီ စိတ်လှုပ်ရှားနေသောကြောင့် ထို စာနယ်ဇင်းမိတ်ဆက်ပွဲနှင့် စပ်လျဉ်းသည့် အကြောင်းအရာများမှာ တစ်ဟုန်ထိုး ကျော်ကြားသွားတော့သည်။
ထိုစဉ် အားလုံး၏ အရှေ့သို့ အသေးစားဗန်ကားတစ်စီး ရောက်ရှိလာ၏။ ကားနံပါတ်မှာ သတင်းထောက်များ မြင်ဖူးနေကြ နံပါတ်မျိုး မဟုတ်သည့်အတွက် အမြင်စူးရှသည့် သတင်းထောက်အချို့က ကားနားသို့ လှစ်ခနဲ ချဉ်းကပ်လိုက်ကြသည်။ သူတို့၏ လှုပ်ရှားမှုကို မြင်လိုက်သည်နှင့်တစ်ပြိုင်နက် အခြား သတင်းထောက်များကပါ ကားနားသို့ ဝိုင်းအုံလာကြတော့သည်။
ကားအတွင်းရှိ ယန်အန်းယုသည် ကင်မရာများ အဆင်သင့် ချိန်ရွယ်ကာ တိုက်ပွဲဝင်တော့မည့် စစ်သူကြီးကဲ့သို့သော မျက်နှာထားများဖြင့် ကားထဲသို့ မျက်စိမလွှဲစတမ်း စိုက်ကြည့်နေသူများအား ပြတင်းပေါက်မှန်မှတစ်ဆင့် အကဲခတ်ကာ ကြောက်ရွံ့မိလာတော့သည်။ အတိတ်ဘဝတွင် သူသည် လူမသိသည့်သက်တော်စောင့်တစ်ဦးမျှသာ ဖြစ်ခဲ့ကာ ယခုဘဝတွင်လည်း အသစ်စက်စက် ပွဲဦးထွက်မည့် အနုပညာရှင်တစ်ဦးမျှသာ ဖြစ်သည့်အတွက် နေ့ချင်းညချင်းပင် ထိုကြီးမားလှသော လူအုပ်ကြီး၏ အာရုံစိုက်ခြင်းကို ခံရလိမ့်မည်ဟု အိပ်မက်ထဲတွင်ပင် တွေးမထားဖူးချေ။
"မစ္စတာချီ ကျွန်တော် ..."
သူ့စကားပင် မဆုံးသေး၊ ချီစန်းက သူ့ကို လက်ဟန့်ပြကာ ပြောလိုက်သည်။
"ငါ့ကို ချီကောလို့ ခေါ် ..."
"ချီကော မင်္ဂလာပါ..."
ယန်အန်းယုပင် မတုန့်ပြန်ရသေးခင် ထန်းကော်က အနားသို့ လှစ်ခနဲ ရောက်လာကာ ထအော်လိုက်သည်။
ချီစန်းက သူ့ကို ပြောစရာစကား ကင်းမဲ့လေဟန် အကြည့်တစ်ချက် ပေးကာ ယန်အန်းယုကို သတိပေးလိုက်သည်။
"ဒီလိုအခြေအနေမျိုးနဲ့ အသားကျအောင် အမြန်ဆုံး စိတ်ကို ပြင်ဆင်ထား ရှေ့လျှောက် နာမည်ကြီးလာရင် ပရိသတ်တွေ ဝိုင်းအုံတိုးနေတာကို ခံရတာ ဒီ့ထက်ပိုပြီး အကြိမ်ရေ များလာဖို့ပဲ ရှိလိမ့်မယ် ..."
သူ့အနုပညာရှင်ကို တစ်ကြိမ်တစ်ခါမှ ပွင့်ပွင့်လင်းလင်း ချီးကျူးဖူးခြင်း မရှိသည့်တိုင် ချီစန်းသည် ဤရက်ပိုင်းအတွင်း ယန်အန်းယု၏ အကျင့်စရိုက်ကို သဘောပေါက် နားလည်ခဲ့ပြီး ဖြစ်ပေသည်။ ဆွဲဆောင်မှုရှိသည့် မျက်နှာကို ပိုင်ဆိုင်ထားသည့်အပြင် တောင့်တင်းသော နောက်ခံလည်း ရှိနေသည့် ယန်အန်းယုသည် ကြိုးကြိုးစားစား အလုပ်လုပ်လိုစိတ် ရှိနေသရွေ့ အနှေးနှင့်အမြန် နာမည်ကျော်ကြားလာမည်ဖြစ်၏။
ယန်အန်းယုက ခေါင်းငြိမ့်ပြကာ သူ့စိတ်အခြေအနေကို အကောင်းဆုံး ချိန်ညှိလျက် ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်ကို ချိတ်ဆွဲလိုက်သည်။
ချီစန်းနှင့် ထန်းကော်တို့ ဝန်းရံလျက် ယန်အန်းယုသည် ကားထဲမှ ခပ်ပြုံးပြုံးဖြင့် ထွက်လာလိုက်သည်။ သူ ထွက်လာသည်နှင့်တစ်ပြိုင်နက် အပြင်ဘက်တွင် ရုတ်ရုတ်သဲသဲ ဖြစ်လာပြီး သူ့ကို မှတ်မိသွားသူများလည်း အများအပြား ရှိနေခဲ့သည်။
ဟေး ဒါက ချစ်စရာကောင်းပြီး ချောမောတဲ့ စတန့်သမားမောင်ငယ်လေး ဆိုတဲ့ တစ်ယောက် မဟုတ်လား ...
သက်တော်စောင့်နှင့် လုံခြုံရေးများက မားမားမတ်မတ် ရပ်တန့်ကာ ပိတ်ဆို့ထားသည့်တိုင် သတင်းထောက်များသည် သူ့ထက်ငါ အလုအယက် တိုးဝှေ့လျက် ပထမဆုံး ဓာတ်ပုံရိုက်မိသူဖြစ်အောင် ကြိုးစားနေကြသည်။ တဖျတ်ဖျတ်လက်နေသည့် ကင်မရာမီးရောင်များမှာ ယန်အန်းယုကို မျက်စိကန်းစေလုနီးပါးပင်။ သို့သော် သူကမူ သိမ်မွေ့လှသည့် အပြုံးတစ်ပွင့်ကို ဆက်လက် ထိန်းသိမ်းထားမြဲဖြစ်ကာ ရံဖန်ရံခါတွင် ခေါင်းကိုပင် အသာ ငြိမ့်ပြလိုက်သေးသည်။
ထိုသတင်း ထွက်လာသည်နှင့်တစ်ပြိုင်နက် ယန်အန်းယု၏ ဓာတ်ပုံများသည် အမျိုးမျိုးသော သတင်းမီဒီယာများတွင် ပျံ့နှံ့သွားတော့သည်။ ဒါရိုက်တာရှု မျက်စိကျသွားသည့် လူသစ်လေးမှာ ထိုစတန့်သမားညီငယ်လေး ဖြစ်နေလိမ့်မည်ဟု မည်သူကမှ ထင်မထားကြချေ။
သူသည် ချန်းယွီရုပ်ရှင်အကယ်ဒမီ၏ ကျောင်းသားတစ်ဦး ဖြစ်သည့်အပြင် "မနက်ဖြန်များ၏အသံ" တွင်လည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသေးသည်။ ထိုမျှသာမက ရှန်းဟွမ်မီဒီယာ၏ လက်ရှိဥက္ကဌနှင့် ညီအစ်ကို တော်စပ်သည်ဟုလည်း သတင်းများ ထွက်ရှိနေသေးသည်။
ဟော်တယ်၏ ဝင်ပေါက်အနီးတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြန်သည်။ သတင်းထောက်များက မိုက်များကို မြှောက်ကာ မေးခွန်းများ အလုအယက် မေးမြန်းကြသော်ငြား ချီစန်း၏ တားမြစ်ခြင်းကိုသာ ခံလိုက်ကြရသည်။ ခန်းမတစ်ခုလုံး ကသောင်းကနင်း ဖြစ်နေသည့်အတွက် ထန်းကော်သည် ယန်အန်းယုကို ကာကွယ်ရန် အကောင်းဆုံး ကြိုးစားကာ အခမ်းအနားကျင်းပမည့် နေရာသို့ ပို့ပေးလိုက်သည်။
ထိုသို့ဖြင့် စာနယ်ဇင်းရှင်းလင်းပွဲကို တရားဝင် စတင်လိုက်သည်။ တင်ဆက်သူက ဦးစွာပထမ ရင်းနှီးမြှုပ်နှံသူများ၊ ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာနှင့် သရုပ်ဆောင်များကို မိတ်ဆက်လိုက်ပြီးသည့်နောက်တွင် ဒါရိုက်တာရှု စင်ပေါ်သို့ တက်ရမည့် အလှည့်သို့ ရောက်ရှိလာတော့သည်။ သူက ဇာတ်လမ်းအကြောင်းကို အတိုချုပ် မိတ်ဆက်လိုက်သည်။
ပထမဇာတ်လိုက် ယွမ်ကျစ်မင်သည် လျှို့ဝှက်ထောက်လှမ်းရေးတစ်ဦး ဖြစ်ကာ မြေအောက်ဂိုဏ်းခေါင်းဆောင် ဟုန်သာ့ကျင်း၏ ယုံကြည်ချက်ကို ရရှိရန်အလို့ငှာ ဂိုဏ်းထဲသို့ ဝင်ရောက်၍ သူ့လက်အောက်တွင် အလုပ်လုပ်ခဲ့သည်။
နောက်ဆုံးတွင်မူ မူးယစ်ဆေးဝါးကိစ္စ ဖြစ်ပွားစဉ်အတွင်း သူတို့သည် ဒုတိယဇာတ်လိုက်ဖြစ်သည့် အသစ်စက်စက် ပြောင်းရွှေ့လာသော အကြီးစားမှုခင်းများ စုံစမ်းရေးအရာရှိ ကျန်းဟုန်နှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။ ကျန်းဟုန်က ယွမ်ကျစ်မင်သည် သူ့ကို တိုက်ခိုက်လိုခြင်း မရှိကြောင်း သတိပြုမိသွားသည့်အတွက် အကြောင်းအရင်းကို သံသယဝင်စ ပြုလာတော့သည်။
ထို့နောက်တွင်မူ ယွမ်ကျစ်မင်သည် ဟုန်သာ့ကျင်း၏ ဘေးနားရှိ လူသတ်သမားနှစ်ဦးအနက် တစ်ဦးဖြစ်သော (ယန်အန်းယု၏ ဇာတ်ကောင်) အားခန်းမှာ လွန်ခဲ့သော နှစ်ပေါင်းများစွာက ပျောက်ဆုံးသွားခဲ့သည့် သူ၏ ညီလေးဖြစ်ကြောင်း သိလိုက်ရသည်။ တစ်ချိန်တည်းမှာပင် ဟုန်သာ့ကျင်း၏ အငယ်အနှောင်းဖြစ်သည့် အမျိုးသမီးဇာတ်လိုက် ဖန်းချီကလည်း ယွမ်ကျစ်မင်ကို ချစ်မိသွားခဲ့သည်။
ရုပ်ရှင်ကို ဇာတ်ကြောင်း ပြောပြသည့် စတိုင်နှင့် နောက်ကြောင်းပြန်သည့် စတိုင် နှစ်မျိုး ရောစပ်ကာ ရိုက်ကူးထားပြီး ဇာတ်သိမ်းတွင်မှ အဓိကဇာတ်လိုက်၏ သရုပ်မှန်ကို သိရှိရမည်ဖြစ်သည်။ ခြုံငုံကာ သုံးသပ်ရပါလျှင် ဇာတ်ကြောင်းသည် များစွာ ရှုပ်ထွေးခြင်း မရှိ၊ သာမန် မြင်တွေ့နေကျ ပုံစံမျိုးဟုပင် ဆိုနိုင်ပေသည်။
သို့သော် ဒါရိုက်တာရှု၏ တိုက်ခိုက်ရေးပြကွက် အသီးသီးအပေါ် အထူးတလည် အာရုံစိုက်ထားမှုက ဇာတ်လမ်းကို အခြား ဇာတ်ကြောင်းများနှင့်မတူ တစ်မူထူးခြား ဆန်းသစ်သွားစေသည့်အပြင် အမှန်တရားနှင့် အမှောင်ဘက်တော်သားများအကြား အားပြိုင်မှုနှင့် လူ့သဘောလူ့မနောကို စမ်းသပ်သည့် စိတ်ပိုင်းဆိုင်ရာ ကစားပွဲများကိုလည်း မြိုင်မြိုင်ဆိုင်ဆိုင် ထည့်သွင်းထားပေသည်။
“ဒါရိုက်တာရှု ခင်ဗျား ဒီတစ်ခေါက် ရွေးချယ်လိုက်တဲ့ လူသစ်က စတန့်သမားမောင်လေး ဖြစ်လိမ့်မယ်လို့ တွေးတောင် မတွေးထားမိဘူး မေးပါရစေ မစ္စတာယန်ကို ဘယ်လိုဖြစ်လို့ မျက်စိကျသွားမိတာပါလဲ သူ့ရဲ့ အရည်အချင်းကြောင့်လား ဒါမှမဟုတ် တစ်ခြား အကြောင်းအရင်းတွေများ ပါသေးပါသလား ...”
နာမည်ကြီးမီဒီယာများကို အများအပြား ဖိတ်ကြားထားကာ အားလုံးနီးပါးကလည်း အခြား သရုပ်ဆောင်များနှင့် ပတ်သက်၍ မေးခွန်းများ ကိုယ်စီ မေးခဲ့ကြပြီး ဖြစ်သည်။ ဤတစ်ကြိမ်တွင် အမျိုးသမီးသတင်းထောက်တစ်ဦးက မတ်တပ်ထရပ်ကာ အရိပ်အမြွက်ပါသည့် မေးခွန်းကို ထမေးလိုက်သည်။
ယန်အန်းယု၏ သရုပ်မှန်မှာ လတ်တလောတွင် လူပြောများနေရာ သူတို့အနေဖြင့် ထို အခွင့်အရေးကို လက်လွှတ်မခံလိုပေ။
ဟိုးယခင်ကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည့် ဒါရိုက်တာရှုက ခပ်ပြုံးပြုံးဖြင့် ပြန်ဖြေလိုက်သည်။
*****
စာရေးသူမှာ ပြောစရာ ရှိပါတယ်
စာရေးသူ : သနားငဲ့ညှာစွာနဲ့ ရုပ်ရှင်ဧကရာဇ်ကို ဇာတ်ဝင်ခန်း နှစ်ခန်း ပေးလိုက်ပါတယ် စကားပြောခန်းတော့ မပါဘူးပေါ့ 23333333
ရှောင်အန်းယု : ငါ့မိသားစုရဲ့ ရုပ်ရှင်ဧကရာဇ်ကို အနိုင်ကျင့်ခွင့်မပြုဘူး
ယီချန်းယန် ( နှုတ်ခမ်းကို မဲ့ပြီး သွေးနားထင် ရောက်နေတဲ့ ပုံစံနဲ့ ပြုံးပြ) o(*-‿-*)o
စာရေးသူ : ╮(╯_╰)╭ငါ့သားလေးက သူ့ယောကျာ်းကို ကာကွယ်ဖို့ဆို ဘာမဆို လုပ်နိုင်တယ်တဲ့ အဲဒီလို အခြေအနေမျိုးနဲ့ ကြုံလာရင် ငါ ဘာလုပ်ရမလဲ အွန်လိုင်းပေါ်ကနေ အဖြေကို စောင့်နေပါတယ်
👥️