Chapter 28
Viewers 5k

👥️Chapter 28



အချိန်အကြာကြီး ကုန်လွန်သွားပြီးနောက် .. ညဉ့်နက်နေပြီဖြစ်ကြောင်း သတိပြုမိလိုက်သည့်အတွက် ယီချန်းယန်သည် ယန်အန်းယု၏ အနားယူချိန်ကို မနှောင့်ယှက်လိုသည့်အတွက် လီယဲ့နှင့်အတူ ပြန်ထွက်သွားလေသည်။ 


သူ ထွက်သွားပြီးနောက် ယန်အန်းယု စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ သူတို့နှစ်ဦး ပထမဆုံးအကြိမ် တွေ့ဆုံသည့် အချိန်ကို ပြန်စဉ်းစားကြည့်ပါလျှင် ယခုလက်ရှိတွင် ထိုစဉ်ကထက် ပိုမိုကာ ရင်းနှီးလာကြပြီ ဖြစ်ပေသည်။


သူနှင့် ယီချန်းယန်က အခုဆို သူငယ်ချင်းလို့ ပြောလို့ရလောက်ပြီ မဟုတ်လား ...


အကြောင်းအရင်းမရှိဘဲ ထရယ်နေပြန်သည့် သူတို့မိသားစု၏ သခင်လေးကို စိုက်ကြည့်ရင်း ယန်ကျွယ့်ထံ ဖုန်းဆက်ကာ အစီရင်ခံတော့မည့် ထန်းကော်သည် သက်ပြင်းတစ်ချက်ရှိုက်ကာ ဖုန်းကို ဘေးနားသို့ အသာ ပြန်ချထားလိုက်ရသည်။ 


သခင်လေးရဲ့ မစ္စတာယီအပေါ် ခံစားချက်တွေက အခုထိ မပြောင်းလဲသေးတဲ့အပြင် ရူးရူးမူးမူးကို ချစ်နေသေးတာဆိုတော့ ... သူလည်း ကူညီပေးသင့်တာပေါ့ ...


ဥက္ကဌယန်ရေ တောင်းပန်ပါတယ်ဗျာ ...


ည ၁၀ နာရီခွဲအချိန် .. ယီချန်းယန် တည်းခိုရာ ဟော်တယ်ထဲ၌ ...


လက်ပတ်နာရီအပေါ် အာရုံရောက်နေသည့် လီယဲ့က ရေချိုးခန်းမှ ထွက်လာသူကို မော့ကြည့်ကာ စနောက်လိုက်သည်။ 


“ချန်းယန် ဒီနေ့က ပုံမှန်နေ့တွေထက်ပိုပြီး အချိန်ကြာတယ်နော် သခင်လေးယန်နဲ့ လေ့ကျင့်နေရင်း မင်းခန္ဓာကိုယ်ကနေ တုန့်ပြန်တာတွေ ဘာတွေများ မရှိဘူးလား ...”


ယီချန်းယန်က သူ့ကို အကြည့်စူးစူးတစ်ချက် ပြန်ပေးလာခဲ့၏။ 


လီယဲ့က ရယ်မောလိုက်သည်။ ရုပ်ရှင်ဧကရာဇ်သည် သူ၏ ကိုယ်ရေးကိုယ်တာ အကျိုးအမြတ်အတွက် ရုပ်ရှင်ဧကရာဇ်ဟူသော အရှိန်အဝါကို နေ့စဉ်ဆက်တိုက် အသုံးချနေခဲ့သည့်အပြင် သခင်လေးယန်၏ တို့ဖူးကို စားရန်အတွက် စီနီယာဟူသော အဆင့်အတန်းကိုပင် ထုတ်သုံးလိုက်သေးသည်။ 


“ငါ့ကို ဖုံးကွယ်ထားပြီးတော့ weibo account နောက်တစ်ခုနဲ့ပါ သူ့ကို တိတ်တိတ်လေး follow ထားလိုက်သေးတယ်ပေါ့ ဟုတ်လား ...”


ယီချန်းယန်က စကားတစ်ခွန်းမှ မပြောဘဲ အခြားအခန်းတစ်ခန်းထဲသို့သာ ဝင်သွားလိုက်သည်။ 


လီယဲ့၏ နှုတ်ခမ်းထောင့်စွန်းတို့ သိသိသာသာ ကော့တက်သွား၏။ မည်သည့်အရာကိုမှ အရေးမစိုက်တတ်သည့် ရုပ်ရှင်ဧကရာဇ်ထံတွင် ပြောင်းလဲမှုတစ်ရပ်ကို သိသိသာသာ မြင်တွေ့လိုက်ရသည့်အတွက် သူ၏ စိတ်အာရုံတို့သည်လည်း ကြည်လင်ရွှင်ပျလာလေသည်။ 


***

ထိုသို့ဖြင့် နောက်ထပ် တနင်္လာနေ့သို့ ရောက်ရှိလာရပြန်သည်။


 á€„ဍးရက်နဎးပဍးခနအ် ကုန်လွန်သွားပြီးနောက် ဒါရိုက်တာရှုသည် ယန်အန်းယု၏ အခြေအနေမှာလည်း များစွာ ကောင်းမွန်နေပြီဖြစ်ကြောင်း အကဲခတ်မိသည့်အတွက် ဆိုင်းငံ့ထားသော အဓိကအခန်းဖြစ်သည့် အငိုခန်းကို ပြန်လည်ရိုက်ကူးရန် ဆုံးဖြတ်လိုက်သည်။ 


မိတ်ကပ်ပြင်ဆင်ပြီးနောက် ယန်အန်းယု၏ အမူအယာမှာ ပို၍ပင် မည်းမှောင်လေးနက်လာကာ ပိန်လှီချည့်နဲ့ကာ ညှိုးလျော်နေသည့် လူသတ်သမား အားခန်းအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူက အနားတွင် ရှိနေသည့် ယီချန်းယန်ထံ အကြည့်တစ်ချက် ပစ်ခွင်းကာ စိတ်ခံစားချက်များကို စုစည်းလျက် ကင်မရာအရှေ့ရှိ ကြမ်းပြင်ထက်တွင် ခန္ဓာကိုယ်ကို တစ်ဖြည်းဖြည်း တွန့်ကွေးလိုက်သည်။  


အားခန်း နေထိုင်ရာ တိုက်ခန်း၏ ကြမ်းပြင်မှာ အေးစက်ကာ ရှုပ်ယှက်ခတ်နေသည်။ အမှိုက်ပုံးမှာ ကျွမ်းထိုးမှောက်ခုံ လန်နေကာ အမျိုးမျိုးသော ပတ်တီးစများ၊ သွေးစများ စွန်းထင်းနေသည့် စက္ကူလုံးများနှင့် ဆေးထိုးအပ်များ အပုံလိုက် ထွက်ကျနေ၏။ ထိုစဉ် အားခန်းကမူ ဘောလုံးတစ်လုံးသဖွယ် ခန္ဓာကိုယ်ကို ကွေးထားရင်း နာကျင်တကြီး ညဉ်းညူသံများကို ခပ်သဲ့သဲ့ ထုတ်လွှင့်နေခဲ့သည်။ 


“mnah .. ah!! … wuwuwu ….”


အားခန်း၏ ခန္ဓာကိုယ်မှာ နောက်တစ်ကြိမ် ယင်းထလာပြန်၏။ သို့သော် သူက နှလုံးသား အောက်ခြေမှ ရုန်းကြွလာသည့် ထို မူးယစ်ဆေး သုံးစွဲချင်စိတ်များကို အကောင်းဆုံး ဖိနှိပ်နိုင်ခဲ့သည်။ 


အားခန်း၏ နှုတ်ခမ်းများမှာ ဖြူရော်ခြောက်ကပ်နေကာ မျက်ခုံးနှစ်ဖက်ကြားရှိ နေရာလွတ်မှာလည်း အသည်းအသန် စုတွန့်ထားသည့် ဒဏ်ကြောင့် အရေးအကြောင်းများပင် ထွက်ပေါ်လာ၏။ သူ့မျက်နှာမှာလည်း တစ်ဖြည်းဖြည်း တွန့်လိမ်ရှုံ့တွလာသည်။ သို့သော် အစ်ကိုဖြစ်သူ ယွမ်ကျစ်မင်အကြောင်းကို တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် အံကို တင်းတင်းကြိတ်ထားကာ လက်ထဲရှိ ဆေးထိုးအပ်ကို အားကုန်သုံးကာ လွှင့်ပစ်လိုက်တော့သည်။ 


သည်းခံရမယ် .. သေချာပေါက်ကို သည်းခံနိုင်ရမယ် ...


“awooo …”


သူ့ထံမှ အသံများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သာ့ခဲက အနားသို့ အပြေးလေး ရောက်လာသည်။ ၎င်းက သခင်ဖြစ်သူအပေါ် အလွန် စိုးရိမ်ပူပန်နေသည့်ဟန်ပင်။ အားခန်း၏ နာကျင်မှုများအား ပြေလျော့သွားအောင် တစ်ဖက်တစ်လမ်းမှ ကူညီပေးလိုသည့် ဆန္ဒဖြင့် သူ့ကို လျာဖြင့် လျက်ပေးနေခဲ့၏။


ထိုလုပ်ရပ်ကို မြင်လိုက်သည့်အခါ အားခန်း၏ နှုတ်ခမ်းထက်တွင် ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့် ပေါ်ထွက်လာလေသည်။ ထို့နောက်တွင် သူက သာ့ခဲအား ရင်ခွင်ထဲ ထည့်ကာ တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားရင်း ခပ်တိုးတိုး ငိုညဉ်းသံလေးများကို ထုတ်လွှတ်မိသွား၏။ 


ပိန်ချုံးချည့်နဲ့ကာ အထီးကျန်ဆန်လှသည့် သူ့ပုံစံကို အတင်း ဖိနှိပ်ထားသည့် ငိုညဉ်းသံများက ညလုံးပေါက် အဖော်ပြုပေးထားသည်။ အနက်ရောင် ကင်မရာမှန်ဘီလူးကို ပြန်ဆွဲထုတ်ကာ မြင်ကွင်းကို တစ်ဖြည်းဖြည်း ကျယ်ပြန့်သွားစေပြီးသည့်နောက်တွင် .. အားခန်းဇာတ်ကောင်၏ တစ်ဖက်ခြမ်းအား ပီပြင်စွာ ဖော်ပြနိုင်သွားတော့သည်။ 


“cut …”


ဒါရိုက်တာရှုက အော်ပြောလိုက်သည်။ သူသည်ပင်လျှင် အနည်းငယ် အံ့အားသင့်နေမိ၏။ 


ယန်အန်းယု၏ အစောပိုင်းက သရုပ်ဆောင်သွားသည်များမှာ ယခင် သူ၏ သရုပ်ဆောင်ချက်များထက် များစွာ ပိုမိုကောင်းမွန်လှပေသည်။ အချို့သော အသေးစိတ်အချက်အလက်များကို ကောင်းစွာ မကိုင်တွယ်နိုင်သေးသည့်တိုင် သူ့အား ထိုအကြောင်းကို မှတ်သားစေလျက် နောက်ထပ် အကြိမ်အနည်းငယ်ခန့် ထပ်မံရိုက်ကူးလိုက်ပါလျှင် အဆင်ပြေသွားမည် ဖြစ်သည်။


“မဆိုးဘူး ရှောင်ယု မင်း တိုးတက်လာပြီ ...”


ထိုစကားကို ကြားသည့်အခါ ယန်အန်းယုသည် ပါးပေါ်ရှိ ပါးချိုင့်သေးသေးလေးနှစ်ခု ထွက်ပေါ်လာသည်အထိ ပြုံးမိသွား၏။ 


လီယဲ့၊ ချီစန်း၊ ထန်းကော်နှင့် အခြားသူများသည်လည်း ထိုကဲ့သို့သော ရလဒ်မျိုး ထွက်လာမည်ဟု ကြိုတင် ခန့်မှန်းမိကြပြီး ဖြစ်သည်။ အကြောင်းမှာ ပြီးခဲ့သည့် အပတ်အတွင်း ယီချန်းယန်သည် ညတိုင်းနီးပါး သူ့ထံသို့ ရောက်လာကာ သီးသန့် လမ်းညွှန်ပြသမှုများ ပြုလုပ်ပေးခဲ့၍ ဖြစ်သည်။ 


ဒါရိုက်တာရှုက ချောင်းဟန့်ကာ မျက်နှာသေဖြင့် ဆက်ပြောလိုက်သည်။ 


“ဒါပေမယ့် တအားကြီး အထင်ကြီးမနေနဲ့ဦး မင်းရဲ့ အိုက်တင်တွေက သာ့ခဲထက်တော့ မသာသေးဘူး ...”


“အယ် ...”


ယန်အန်းယုက သူ့ဘေးတွင် ဝပ်ဝပ်လေး ထိုင်ကာ အမြီးကို ခါယမ်းနေသည့် သာ့ခဲအား ကြောင်အလျက်သား ငေးကြည့်မိသွားသည်။ 


“ဟားဟား ... ဒါရိုက်တာရှုရေ ရှောင်အန်းယုကို ဒီလိုကြီးတော့ မစပါနဲ့ဗျာ ...”


ယဲ့လင်းက ရယ်ကာမောကာဖြင့် ဝင်ပြောလိုက်သည်။ 


“လင်းကော ကျွန်တော့်အထင်တော့လေ ဒါရိုက်တာရှု ပြောတာလည်း မမှားပါဘူး သာ့ခဲက ဝါရင့်လေ ပြီးတော့ သူ သရုပ်ဆောင်ဖူးတဲ့ ဇာတ်ကားတွေကလည်း ကျွန်တော့်ထက် အများကြီး ပိုများတယ်လေ ...”


ယန်အန်းယုက ခါးသီးစွာ ရယ်မောလိုက်ပြီး ပြန်လည် ချေပခြင်း မပြုခဲ့။ ထို့နောက် သာ့ခဲကို ပွေ့ချီလိုက်သည်။ 


သာ့ခဲက အူကြောင်ကြောင် မျက်နှာပေးဖြင့် လျှာကို တန်းလန်း ထုတ်ပြထားလိုက်သည်။ သူ့မျက်နှာ အမူအယာမှာ ထိုချီးကျူးစကားကို အင်မတန် သဘောတွေ့နေသည့်အလားပင်။ 



“ဟားဟားဟားဟား ...”


ဒါရိုက်တာရှုအပါအဝင် ရိုက်ကူးရေးအဖွဲ့သားအားလုံး ရယ်မောမိသွားကြ၏။ 


နွေးထွေးကာ သဟဇာတ ဖြစ်နေသည့် လေထုအနေအထားကြောင့် ယီချန်းယန်၏ နှုတ်ခမ်းထောင့်စွန်းများသည်လည်း မသိမသာ ကော့တက်လာလေသည်။ 


သူ့ဘေးနားတွင် ရပ်နေသည့် လီယဲ့သည်လည်း ကျေနပ်အားရစိတ်ကို ရုတ်တရက် ခံစားမိလိုက်သည်။ အဓိကဇာတ်လိုက်တစ်ဦး ဖြစ်သည့်အလျောက် ယီချန်းယန်၏ ရိုက်ကူးရေး အချိန်ဇယားမှာ လွန်စွာ များပြားကာ ပင်ပန်းဖွယ် ကောင်းလှသော်ငြား သူသည် ယန်အန်းယုကို အကူအညီ ပေးခဲ့ဆဲပင်။ လူတစ်ဦးတစ်ယောက်အား သူ့နှလုံးသားထဲသို့ ဤမျှအထိ ထည့်ထားသည်အား မြင်တွေ့ရရန်မှာ အင်မတန် ရှားပါးလှပေသည်။ 


ကြည့်ရတာတော့ ... ဒီ လက်ထပ်ပွဲက အမှားတစ်ခုတော့ မဟုတ်ဘူးနဲ့ တူပါတယ် ...


*****


သောကြာနေ့တွင် “မနက်ဖြန်များ၏အသံ” အပိုင်းသစ်ကို ထုတ်လွှင့်ပြသခဲ့သည်။ ထိုပွဲစဉ်တွင် ပြိုင်ပွဲဝင် ဆယ်ဦးအနက် ငါးဦးသာ ကျန်ရစ်တော့မည် ဖြစ်ကာ စိတ်မကောင်းဖြစ်စွာဖြင့် ကောလီရှု၏ ပြိုင်ပွဲခရီးလမ်းမှာ ထိုနေရာတွင် တစ်စခန်း ရပ်တန့်သွားရသည်။ 


ထိုသတင်းကို သိလိုက်သည်နှင့်တစ်ပြိုင်နက် ယန်အန်းယုက သူ့ကို ချက်ခြင်း ဖုန်းခေါ်လိုက်သည်။ 


“ရှောင်ယု .. ငါ့အထင်တော့ ဒါက လုံလောက်တာထက်ကို ပိုနေပါပြီကွာ ...”


ကောလီရှုမှာ စိတ်ဓာတ်ကျသွားခြင်း အလျဉ်းမရှိ။ သူသည် ယခင်ကတည်းက စိတ်ကို ကြိုတင်ပြင်ဆင်ထားပြီး ဖြစ်ပေသည်။ ထို့အပြင် သူ၏ မူလရည်ရွယ်ချက်မှာလည်း ဤပြိုင်ပွဲမှတစ်ဆင့် သူ၏ ခွန်အားနှင့် လုပ်ဆောင်ရည်ကို ဆန်းစစ်ကာ သူ့အရည်အချင်းကို ဖော်ထုတ်ပြလိုခြင်း သီးသန့်သာ ဖြစ်ပေသည်။ 


“လီရှု မင်းက အရမ်းကို တော်နေပြီးသားပါ အခုဆို မင်းကို အားပေးတဲ့ ပရိသတ်တွေ အများကြီး ရနေပြီ မဟုတ်လား ဟားးဟား ...”


ယန်အန်းယုက ပြုံးကာ နှစ်သိမ့်ပေးလိုက်သည်။ သူက ကောလီရှုသည် အပေါ်ယံတွင် အလွန် စိတ်အေးလက်အေး ဖြစ်နေသည့် မျက်နှာမျိုးကို ပြသထားသည့်တိုင် စင်စစ်အားဖြင့် ကင်မရာနောက်ကွယ်တွင် များစွာ ကြိုးစားခဲ့ရကြောင်း သိထားခဲ့ပေသည်။ ကောလီရှုသည် အကလေ့ကျင့်ရင်း မကြာခဏ ဒဏ်ရာရခဲ့သည့်အပြင် မတော်တဆမှုတစ်ခုကြောင့် အရိုးကျိုးလုမတတ် ဖြစ်သွားသည့်အတွက် ပြိုင်ပွဲကို ကောင်းကောင်း မယှဉ်ပြိုင်နိုင်တော့လုနီးပါး ဖြစ်ခဲ့ရသည်။ 


“ဟေးဟေး ဘယ်လိုလုပ် ငါ့ဘက် လှည့်လာတာလဲ မင်းလည်း အတူတူပဲ မဟုတ်ဘူးလား သခင်လေးရဲ့ ပွဲဦးမထွက်ရသေးခင်ကတည်းက အင်တာနက်ပေါ်မှာ နာမည်ကြီးနေပြီးသား ပွဲဦးထွက်ပြီးပြီးချင်းလည်း စီနီယာယီနဲ့အတူ ရုပ်ရှင်ရိုက်ခွင့်ရသေးတယ်လေ တကယ်ကို မနာလိုဖြစ်ချင်စရာကောင်းချက်ပဲ ငါကြားတာတော့ စီနီယာယီက မင်းကို ရိုက်ကွင်းမှာ တအား ဂရုစိုက်တာပဲဆို ဟေး မင်းတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက ဘာလဲ ဟိုးအရင်ကတည်းက သူနဲ့ သိနေပြီးသား မဟုတ်လား ...”


“ဒါ ...”


ယန်အန်းယုက တုန့်ဆိုင်းသွားခဲ့သည်။ စင်စစ်အားဖြင့် သူသည် ယီချန်းယန်ကို အတိတ်ဘဝကတည်းက သိကျွမ်းထားပြီး ဖြစ်သည့်အပြင် ယခုဘဝတွင်လည်း လက်ထပ်ထားကြသူများ ဖြစ်ပေသည်။ သို့သော် ထိုသို့သော အထင်မှားဖွယ်ရာ ဆက်ဆံရေးအကြောင်းကို ကောလီရှုအား ပွင့်ပွင့်လင်းလင်း ထုတ်ပြောရန်မှာလည်း အဆင်မပြေလှချေ။ 


“သူက ရှန်းဟွမ်က စီနီယာလေ ငါ့အစ်ကိုကြီး မျက်နှာကြောင့် နည်းနည်း ပိုပြီး ဂရုစိုက်ပေးတာ နေမှာပေါ့ ...”


“နည်းနည်းပဲလား ...”


ကောလီရှုက အနည်းငယ် သံသယ ဝင်မိနေဆဲ ဖြစ်သည့်တိုင် ဆက်မေးရမည်ကိုလည်း ပျင်းရိနေရှာပေသည်။ 


“ဒီလောကမှာ မင်းတစ်ယောက်တည်းကပဲ နောက်ခံရှိနေတာ မဟုတ်ဘူးလေ နှစ်တိုင်း ပွဲဦးထွက်တဲ့ ဆယ်ကျော်သက် အိုင်ဒေါတွေဆိုတာ တစ်ပုံတစ်ခေါင်းကြီး ပြောစမ်းပါ သူတို့ထဲက ဘယ်သူကများ အောင်မြင်မှုကို ဒီလောက် အကြာကြီး ထိန်းထားနိုင်လို့လဲ .. ထားပါ ဘာပဲဖြစ်ဖြစ် မင်းကတော့ အခွင့်အရေးကို အကောင်းဆုံး ဆုပ်ကိုင်ပြီး အကျိုးရှိရှိ အသုံးချရမယ်နော် ကြားလား စီနီယာယီနဲ့ အနီးကပ် ရှိနေရရင် ရသမျှ အခွင့်အရေးတိုင်းကို တန်ဖိုးထားနော် ...”


ယန်အန်းယု “...”


ဟေး မင်းစကားတွေက ဘာလို့ ပိုပိုပြီး ထူးဆန်းလာနေရတာလဲ ...


“ကောင်းပြီ ...”


သူက ခေါင်းငြိမ့်ပြလိုက်သည်။ 


“ဒါပေမယ့် သခင်လေးကောရေ ပြိုင်ပွဲကနေ ထွက်လိုက်ရပြီဆိုတော့ ငါ့ကိုပဲ စိတ်ပူမနေနဲ့လေ မင်းအတွက်ရော ရှေ့လျှောက် ဘာဆက်လုပ်မယ် စီစဉ်ထားလဲ ...”


“ဒါ ငါ့ မိဘတွေနဲ့တော့ တိုင်ပင်ပြီးသွားပြီ အခုကနေစပြီး ဂီတလမ်းကြောင်းကိုပဲ ဆက်လျှောက်ဖို့ ဆုံးဖြတ်ထားတယ် ...”


“အင်း .. ကံကောင်းပါစေ ...”


ကောလီရှုသည် “မနက်ဖြန်များ၏အသံ” စင်မြင့်မှ ထွက်ခွာလိုက်ရသည့်တိုင် ရုပ်ရည်သာမက အရည်အချင်းနှင့်ပါ ပြည့်စုံသည့် ချင်နွော်ရှီကမူ ဆက်လက်ကာ ကျန်ရစ်နေဆဲ ဖြစ်သည်။ ပြိုင်ပွဲ အဆုံးသတ်ချိန်သို့ နီးကပ်လာလေလေ ကျန်ရစ်ခဲ့သည့် ပြိုင်ပွဲဝင်အရေအတွက် နည်းပါးကာ ယှဉ်ပြိုင်မှု အဟုန်မှာ ပိုမိုပြင်းထန်လာလေ ဖြစ်သည်။ 


ချင်နွော်ရှီကို အလွန် လေးစားသဘောကျသည့်အပြင် သူငယ်ချင်းကောင်းတစ်ဦးလည်း ဖြစ်သည့်အလျောက် ယန်အန်းယုသည် ရိုက်ကွင်း၌ အနားယူချိန်တိုင်း ရိုက်ကူးရေးအဖွဲ့သားအားလုံးအား လိုက်လံမဲဆွယ်ကာ တစ်ခါတစ်ရံတွင် ချင်နွော်ရှီအတွက် မဲဆွယ်ပေးရာ၌ ယဲ့လင်းကိုပင် ဆွဲထည့်လာတတ်သေးသည်။၊ 


“အိုက်ယား ရှောင်အန်းယုရေ ဘာလို့ အဲဒီ့ ချင်နွော်ရှီကို ဒီလောက်တောင် ကြိုက်နေရတာလဲ ဒီအတိုင်းသာဆို မင်းကြောင့် ငါ ရှာလကာရည်တွေ သောက်ရတော့မှာပဲ ...”


ယဲ့လင်းက နှုတ်ခမ်းတို့ တွန့်ကွေးလျက် စနောက်ကျီစယ်လိုက်သည်။ 


“ဟေး ဟေး ယဲ့လင်း ရှင်က ရှောင်ယုနဲ့ ဒီလောက်ကြီးလည်း မရင်းနီးသေးပါဘူးနော် ...”


လှပကာ ညှို့ဓာတ်ပြင်းလှသည့် ခန်းကျင်းက သူ့ကို ထောက်ပြလိုက်သည်။ 


“ဘယ်သူပြောလဲ ငါကတော့ သူ့ကို ညီငယ်လေးလိုကို သဘောထားတာပါနော် ...”


ယဲ့လင်းက ယန်အန်းယု၏ ပုခုံးကို လက်ဖြင့် သိုင်းဖက်ကာ ပြန်လည်ချေပလိုက်သည်။ 


ယန်အန်းယုက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း ပြန်ပြောလိုက်၏။ 


“အဆင်ပြေပါတယ် .. လင်းကော ဒါ ကျွန်တော်နဲ့အတူ နွော်ရှီကို အားပေးမယ်ဆိုတဲ့ သဘော မဟုတ်လား ...”


“ရှောင်အန်းယု မင်းက တအားကို ဉာဏ်နီဉာဏ်နက် များတာပဲ .. တကယ်ကို မနာလို ဖြစ်လာပြီ ...”


ရင်းရင်းနှီးနှီး ပြောဆိုနေကြသူများ၏ ဘေးနားတွင် ယီချန်းယန်ကလည်း ထိုင်လျက် ရှိနေခဲ့သည်။ သို့သော် သူက စကားတစ်ခွန်းမှ မဆိုဘဲ မျက်မှောင်ကြုတ်လျက်သာ ထိုင်နေခဲ့၏။ 


စင်စစ်အားဖြင့် သူသည် ယန်အန်းယု၏ နှုတ်ဖျားမှ မကြာခဏ ကြားရတတ်သည့် ချင်နွော်ရှီဟူသော အမည်ကို ဟိုးယခင်ကတည်းက စိတ်ထဲတွင် ထည့်ထားနှင့်မိနေပေသည်။ 


ယန်အန်းယု၏ Weibo account တွင် ပထမဆုံး တင်ထားသည့် ပို့စ်မှာ selfie ပုံ သုံးပုံနှင့်အတူ သူ့ကိုယ်သူ အတိုချုပ် မိတ်ဆက်ထားသည့် ပို့စ်ဖြစ်ကာ ထို့နောက်တွင် ရှန်းဟွမ်မီဒီယာ၏ တရားဝင် blog ကို forward ထားသည့် ပို့စ်တစ်ခု ရှိနေခဲ့သည်။ ထို့နောက်တွင်မူ ချင်နွော်ရှီ၏ Weibo ကို အလွန် ချစ်စရာ ဖော်ပြချက်များနှင့် အားပေးစကားများ စီတန်းလျက် forward လုပ်ထားသည့် ပို့စ်များကို တွေ့ရပေလိမ့်မည်။ 


လူရွေးပွဲ မတိုင်မီကတည်းက ယန်အန်းယုသည် ချင်နွော်ရှီနှင့် အကြိမ်အနည်းငယ်ခန့် ဆုံတွေ့ခဲ့ဖူးသည့်ဟန်ပင်။ 


“မနက်ဖြန်များ၏အသံ” ကျင်းပစဉ်အတွင်း သူသည် ကျန်းကျီချမ်ထံမှတစ်ဆင့် အချို့သော အခြေအနေများကို သိရှိခဲ့ပေသည်။ ထို့ကြောင့် သူ့အနေဖြင့် ချင်နွော်ရှီသည် သီချင်းဆိုရာ၌ ဘုရားသခင်ထံမှ ဆုလာဘ်ရထားသကဲ့သို့ အလွန် ထူးချွန်ပြောင်မြောက်လှကာ ရုပ်ရည်မှာလည်း အင်မတန် ချောမောလှကြောင်း ဝန်ခံရပေလိမ့်မည်။ သို့သော် ...


ယီချန်းယန်မှာ ရုတ်ချည်းဆိုသလို စိတ်အနှောင့်အယှက် ဖြစ်မိသွားခဲ့သည်။ 


ယန်အန်းယုက ဒီလို ပုံစံမျိုးကို ကြိုက်တာလား ...


သူ၏ စိတ်ရှုပ်ထွေးစ ပြုလာသည့် အမူအယာကို အကဲခတ်နေသော လီယဲ့မှာလည်း ရယ်လိုစိတ်များ တဖွားဖွား ဖြစ်ပေါ်နေခဲ့သည်။ ယခင်ကဆိုလျှင် အင်မတန် အလုပ်များလှသည့် ရုပ်ရှင်ဧကရာဇ်သည် ယန်အန်းယု မည်သူနှင့် အပေါင်းအသင်း လုပ်နေသလဲဟု ယောင်မှား၍ပင် မမေးခဲ့ဖူးချေ။ 


***

နေ့ရက်များက အလျင်အမြန် ကုန်ဆုံးသွားခဲ့ပြန်သည်။ ဝါရင့်သရုပ်ဆောင် သာ့ခဲကို ပြန်ပို့ပေးပြီးသည့်နောက်တွင် “နှလုံးသား၌ ထုဆစ်လေသော” ရိုက်ကူးရေးမှာ အားလုံးနီးပါး ပြီးစီးသည့် အခြေအနေသို့ ရောက်ရှိလာတော့သည်။ စီစဉ်ထားသည့် အချိန်ဇယားအရ ယနေ့တွင် အားခန်းနှင့် ယွမ်ကျစ်မင်တို့နှစ်ဦးမှာ သူတို့အချင်းချင်း ညီအစ်ကိုဖြစ်ကြောင်း သိရှိသွားကြသည့်အခန်းကို ရိုက်ကူးရမည် ဖြစ်သည်။ ထိုအခန်းမှာ စိတ်ခံစားချက်ကို ပေါ်လွင်အောင် ဖော်ပြရမည့် အရေးကြီး ဇာတ်ကွက်တစ်ခုလည်း ဖြစ်ပေ၏။ 


ညီအစ်ကိုနှစ်ဦး ပွေ့ဖက်ထားသည့် မြင်ကွင်းကို ဦးစွာ ရိုက်ကူးလိုက်ကြသည်။ အားခန်းက သူ့အစ်ကို၏ လည်ပင်းနှင့် ပုခုံးအကြားတွင် မျက်နှာကို အပ်ထားသဖြင့် သူ့အမူအယာကို မည်သူမှ မမြင်ရ။ ရိုက်ချက်အများစုမှာ သူ၏ နောက်ကျောဘက်မှ ရိုက်ကူးရမည် ဖြစ်သည့်အတွက် ယန်အန်းယု၏ သရုပ်ဆောင်မှုအပေါ် လိုအပ်ချက်မှာ များစွာမကြီးမားလှချေ။ ဤအပိုင်းတွင် အဓိက ဦးတည်ကာ ရိုက်ကူးရမည့်လူမှာ အဓိကဇာတ်လိုက် ယွမ်ကျစ်မင်အဖြစ် သရုပ်ဆောင်ထားသော ယီချန်းယန်ကို ဖြစ်သည်။ 


“ရှောင်ယု ပိုပြီး တင်းတင်းလေး ဖက်လိုက် ...”


ရှက်ရွံ့စိတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းနေကာ နေရခက်နေဟန်ဖြင့် ယီချန်းယန်ကို ဖွဖွလေးသာ ဖက်ထားသည့် ယန်အန်းယု၏ အပြုအမူကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် ဒါရိုက်တာရှုက ချက်ခြင်း မျက်မှောင်ကြုတ်မိသွားလေသည်။ 


“ဟုတ် ... ဟုတ်ကဲ့ ...”


ယန်အန်းယုက ပြန်ဖြေကာ ခြေထောက်တို့ကို တရွတ်တိုက် ဆွဲလျက် အနားသို့ ပိုမိုကာ တိုးကပ်လိုက်သည်။ 


“ရှက်မနေနဲ့ ပိုပြီး တင်းအောင် ဖက်ထား ...”


ယန်အန်းယုက ဆက်တိုက် ခေါင်းငြိမ့်ပြကာ လက်နှစ်ဖက်လုံးဖြင့် ယီချန်းယန်၏ ခါးကို ဖက်တွယ်လျက် မေးစေ့ကို ပင့်ကာ တစ်ဖက်လူ၏ ပုခုံးပေါ်သို့ အသာအယာ လှမ်းတင်လိုက်သည်။ စိတ်ထဲတွင်မူ ယီချန်းယန်နှင့် အကြည့်ချင်းဆုံရန် မလိုအပ်သည့်အပေါ် တိတ်တခိုး ဝမ်းသာနေမိ၏။ သို့သော် ကသိကအောက်ဖြစ်စွာဖြင့်ပင် နောက်တစ်ကြိမ် NG ဖြစ်သွားပြန်၏။ 


ယီချန်းယန်၏ အကြည့်တို့က မသိမသာ ပြောင်းလဲသွားခဲ့သည်။ သူက ထိုအခြေအနေကို အခွင့်ကောင်းယူကာ သူ၏ ကြီးမားကျယ်ပြန့်လှသည့် လက်ဖဝါးကို ယန်အန်းယု၏ ကျောပေါ်သို့ နေရာချလိုက်သည်။ ထို အထိအတွေ့ကို နေသားမကျသေးသည့် ယန်အန်းယုမှာလည်း မသိမသာ တုန်ယင်သွားတော့သည်။ 


“မင်းတို့နှစ်ယောက်ကြားထဲ ဒီလောက် နေရာတွေ အကျယ်ကြီး ချန်ထားတာ ဘာလုပ်ဖို့လဲ ရှောင်ယု မင်းခန္ဓာကိုယ်ကို လေဝင်စရာ မရှိအောင်ကို ကပ်ထား ချန်းယန်က မင်းကို ကိုက်မစားဘူး ...”


ဒါရိုက်တာရှုက အော်ဟစ်ကာ ပြောလိုက်သည်။ 


ကြည့်နေရင်းကနေကို စိတ်ပူရလွန်းလို့ သေတော့မှာပဲ .. အရမ်းကို အတုအယောင်ဆန်လိုက်တာ ...


တစ်ချိန်တည်းမှာပင် မလှုပ်မယှက် ရပ်နေသည့် ယီချန်းယန်က သူ၏ လက်မောင်းတို့ကို တင်းကြပ်စေကာ တစ်ဖြည်းဖြည်း အနားတိုးလာသည့် ယန်အန်းယုကို ရင်ခွင်ထဲသို့ ဆွဲထည့်လိုက်လေ၏။ 


ယန်အန်းယု၏ နှလုံးခုန်သံတို့ ကပြောင်းကပြန် ဖြစ်သွားကာ နှစ်ဦးအကြားရှိ အရပ်ကွာဟချက်ကြောင့် သူသည် ယီချန်းယန်၏ ရင်ခွင်ထဲသို့ မျက်နှာအပ်မိသွားတော့သည်။



👥️