Chapter 27
Viewers 5k

👥️Chapter 27



"နက်ရှိုင်းသော" အမည်ရ ရုပ်ရှင်၏ အဓိက ဆိုလိုရင်းမှာ အလွန် လေးနက် နက်ရှိုင်းလှကာ ဇာတ်သိမ်းပိုင်းမှသာလျှင် အားလုံး ရှင်းလင်းပြတ်သားသွားတော့သည်။ တစ်သက်တာလုံး ကံဆိုးမှုများဖြင့် နပန်းလုံးခဲ့ရသည့် သနားစဖွယ် အဓိကဇာတ်လိုက်သည် သူ၏ ချစ်ရသူနှင့် သူငယ်ချင်းကို ကယ်တင်ရန်အတွက် သူ့အသက်ကို စတေးခဲ့သည်။ 


ယန်အန်းယုသည် ထိုဇာတ်လမ်းကို တစ်ခါမှ မကြည့်ဖူးခဲ့။ ယခု ကြည့်လိုက်မိသည့်အခါတွင် နှာခေါင်းတစ်ခုလုံး စူးရှနာကျင်သွားတော့သည်။ ယီချန်းယန်၏ ဇာတ်ကောင်ဖြစ်သော အဓိကဇာတ်လိုက်အတွက် ဝမ်းနည်းမိခဲ့သည့်တိုင် တစ်ချိန်တည်းမှာပင် ပျော်ရွှင်မှုကိုလည်း ခံစားလိုက်ရ၏။ 


သူ့မျက်နှာရှေ့သို့ တစ်သျှူးတစ်ရွက် ရောက်လာသည့်အတွက် ယန်အန်းယုသည် အလိုအလျောက် လှမ်းယူလိုက်မိသည်။ ၎င်းကို ပေးသူမှာ ထန်းကော် ဖြစ်လိမ့်မည်ဟု တွေးလိုက်မိသော်ငြား ရလဒ်အနေဖြင့် .. 

မော့ကြည့်လိုက်သည့်အခါ ယီချန်းယန်ကိုသာလျှင် တွေ့လိုက်ရ၏။ 


ဒီလိုဆိုမှပဲ ... ဒီတစ်ယောက်ကလေ အမြဲတမ်း ဆိုင်းမဆင့် ဗုံမဆင့်ကို ရောက်ရောက်ချလာတာနော် ဒီညကရော ဘာလို့ ရုတ်တရက်ကြီး ရောက်လာရပြန်တာလဲ.... 


တစ်ချိန်တည်းမှာပင် မျက်လုံးများ ရဲရဲနီနေသည့် ယန်အန်းယုသည် ကြည့်လက်စ ဇာတ်ကားကို ပျာပျာသလဲ ပိတ်ချကာ အိပ်ယာပေါ်မှ ဝုန်းခနဲ ထလိုက်ရာ ကိုယ်ဟန်ပျက်ကာ ယိုင်လဲကျသွားတော့သည်။ 


ယီချန်းယန်က အချိန်ကိုက် တုန့်ပြန်ကာ လက်နှစ်ဖက်လုံးဖြင့် သူ့ခါးကို ပွေ့ဖက်လျက် ထိန်းထားနိုင်လိုက်၍သာ တော်သေးသည်။ 


"ကျေး ... ကျေးဇူးတင်ပါတယ် ..." 


ယန်အန်းယုက ကြောင်အသွားခဲ့သည်။ စကားပြော၍ မပြီးသေးခင်မှာပင် သူ၏ ရေချိုးခန်းဝတ်ရုံ ပြေလျော့သွားကာ ဖြူဖွေးလှသည့် လည်တိုင်နှင့် ပုခုံးတို့ကို လှစ်ဟပြမိသွားလေသည်။ 


ယီချန်းယန်၏ အကြည့်တို့ကလည်း ထိုနေရာများဆီသို့ အလိုလို ရောက်ရှိသွားတော့၏။ 


ပါးစပ် အဟောင်းသားဖြစ်ကာ ရှက်ရွံ့စိတ်တို့ ဝုန်းခနဲ ထိုးတက်လာသည့် ယန်အန်းယုက ဝတ်ရုံစကို အမြန် ပြန်ဆွဲတင်လိုက်တော့သည်။ နှလုံးခုန် မြန်လာကာ တစ်ကိုယ်လုံး ပျာယာခတ်နေစဉ်မှာပင် ယီချန်းယန်၏ ဖိချခြင်းကို ခံရကာ ကြီးမားပျော့ပြောင်းလှသည့် အိပ်ယာထက်သို့ လဲကျသွားရပြန်၏။ 


"ယီ .. ယီချန်းယန် ..." 


ယန်အန်းယုက နေရခက်စွာဖြင့် မျက်တောင်ကို ဆက်တိုက် ခတ်လိုက်မိသည်။ 


ဘာလို့ တစ်ခုပြီးတစ်ခု ဆက်တိုက် ဖြစ်နေရတာလဲဟ ပြီးတော့ ယီချန်းယန်ကရော ဒီည ဘာဖြစ်နေတာလဲ တစ်ခုခု ပူးတာများ ခံနေရတာလား ... 


ယီချန်းယန်က သူ့ကို ပြန်မဖြေဘဲ ဆက်ပြီးသာ ဖိချထားခဲ့သည်။ သူ့အောက်သို့ ရောက်နေသည့် အမျိုးသားငယ်၏ တောင့်တင်းနေသော ခန္ဓာကိုယ်ကို သတိပြုမိသွားသည့်အတွက် နဖူးစပ်ရှိ ဆံပင်များကို လက်ဖြင့် သပ်ပေးကာ သူ့မျက်နှာကို လက်နှစ်ဖက်ဖြင့် ဆွဲယူလျက် ပြောလိုက်သည်။ 


"ယန်အန်းယု .. ကြောက်နေတာလား ..." 


လုံးဝဥဿုံ ကြောင်အနေရရှာသည့် ယန်အန်းယု "..." 


"ယန်အန်းယု အခု ငါ တစ်ခုခု လုပ်ချင်နေတယ်ဆိုရင် ဘယ်လိုလုပ်မလဲ မင်း ကြောက်မှာလား ..." 


ပြီးခဲ့သည့် ညများက သူနှင့် ယန်အန်းယုသည် ဒိုင်ယာလော့များကို လေ့ကျင့်ခြင်းမှအပ အခြား မည်သည့်အကြောင်းအရာကိုမှ စကားမစခဲ့ကြချေ။ သင်ကြားပြသချိန်တွင် သူသည် စည်းကမ်းကြီးသည့် နည်းပြတစ်ဦးနှယ်ဖြစ်ကာ ယန်အန်းယုသည်လည်း စည်းကမ်းများကို တစ်သွေမတိမ်း လိုက်နာတတ်သည့် ကျောင်းသားကောင်းတစ်ဦး အလားပင်။ သူတို့နှစ်ဦးအကြားရှိ လေထုသည် အမြဲ တည်ကြည်လေးနက်နေခဲ့သည်။ 


သို့သော် ယခုလက်ရှ်ိ အခြေအနေမှာ အလွန် အထင်လွဲချင်စဖွယ် ဒွိဟဖြစ်ဖွယ် အငွေ့အသက်များဖြင့် ပြည့်နှက်နေပေသည်။ 


*****

ညအချိန် .. Z မြို့တော်ရှိ ကွမ်းဟောက်ဟော်တယ် ဒုတိယထပ်ရှိ စားသောက်ခန်းမထဲတွင် ...


လျှို့ဝှက်ထားသော အကြံအစည်များအား အပြုံးတစ်ပွင့်ဖြင့် ဖုံးဖိထားကာ သူနှင့် မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် လီယဲ့ကို စိုက်ကြည့်ရင်း ထန်းကော်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်လာမိလေသည်။ သူက ဘေးနားတွင် ထိုင်နေသည့် မန်နေဂျာကိုပါ တံတောင်ဆစ်ဖြင့် တိတ်တိတ်လေး တို့လိုက်၏။ 


“ချီကော .. ဒါကြီးက မဟုတ်သေးဘူး ထင်တယ်နော် သခင်လေး သူ ...”


ယန်ကျွယ့်က သူ့အား ယန်အန်းယုကို ကောင်းစွာ စောင့်ကြည့်ပြီး ဖြစ်နိုင်လျှင် ဘေးနားတွင် အချိန်ပြည့် စောင့်ကြည့်ရန်ကိုပါ မှာကြားခဲ့သေးသည်။ သူက သူ့ညီလေးအား ရုပ်ရှင်ရိုက်ကူးခြင်းမှအပ ယီချန်းယန်နှင့် အတတ်နိုင်ဆုံး မတွေ့ဘဲ နေရန် မျှော်လင့်မိခဲ့သည်။ သို့သော် လက်ရှိအခြေအနေမှာမူ ...


ထန်းကော်မှာ တွေးလေလေ စိတ်ထဲ မွန်းကြပ်လာရလေ ပင်။ ဤရက်ပိုင်းအတွင်း မစ္စတာယီသည် မီဒီယာများအား ရှောင်ရှားကာ ဇာတ်ညွှန်း လေ့ကျင့်ရန်အတွက် သခင်လေး၏ အခန်းထဲသို့ ညတိုင်းနီးပါး ရောက်လာခဲ့သည်။ ယနေ့ညတွင် သူသည် ထုံးစံအတိုင်း တံခါးအပြင်ဘက်၌ မတ်တပ်ရပ်ကာ စောင့်ကြပ်ပေးမည်ဟု ကြံစည်ထားခဲ့သော်ငြား .. လီယဲ့၏ အတင်းအဓမ္မ ဆွဲခေါ်ခြင်းကို ခံခဲ့ရသည်။ 


ဘေးနားတွင် ထိုင်နေသည့် ထန်းကော်၏ စိုးရိမ်စိတ်များ ဖိစီးနေသော မျက်နှာကို အကဲခတ်လိုက်ရုံမျှဖြင့် ချီစန်းသည် တစ်ဖက်လူ၏ သောကစိတ်များကို ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် သူကမူ ထန်းကော်ကဲ့သို့ ယန်ကျွယ့်၏ စကားများကို မြေဝယ်မကျ နားထောင်တတ်သူမျိုး မဟုတ်ချေ။ ယခုအချိန်တွင် သူသည် ယန်အန်းယု၏ မန်နေဂျာ ဖြစ်သည့်အလျောက် သူ့တွင်လည်း ကိုယ်ပိုင် ဝေဖန်ပိုင်းခြားနိုင်စွမ်းတို့ ရှိနေပေသည်။ 


ယန်အန်းယုနှင့် ယီချန်းယန်တို့ နှစ်ဦးလုံးမှာ အနုပညာရှင်များ ဖြစ်ကြသည်။ သို့သော် ချီစန်း၏ အမြင်တွင်မူ လူထု၏ သံသယအား မနှိုးဆွမိအောင် ရှောင်ကြဉ်ခြင်းကလည်း အရေးကြီးသည့်တိုင် ယီချန်းယန်သည် ဤနယ်ပယ်မှ စီနီယာတစ်ဦး ဖြစ်သည့်အတွက် ယန်အန်းယုအား များစွာ သင်ပြပေးနိုင်ပေသည်။ ထို့အပြင် သူတို့နှစ်ဦးသည် အကြင်လင်မယားအဖြစ်သို့ ရောက်ရှိနှင့်နေကြပြီးသူများ ဖြစ်သည့်အတွက် သူတို့ကို များစွာ အနှောင့်အယှက်ပေးနေရန်လည်း မလိုအပ်လှချေ။ 


ထို့ကြောင့် သူ၏ တုန့်ပြန်ပုံမှာ ထန်းကော်ထက် များစွာ တည်ငြိမ်နေပေသည်။ 


“စိုးရိမ်မနေနဲ့ စားစရာရှိတာသာ စား ...”


ထန်းကော် “အင်းပါ ...”


ဥက္ကဌယန်ရေ ဒီကိစ္စကို ကျွန်တော်လည်း မတတ်နိုင်တော့ဘူးနော် တမင်တကာ တာဝန်ပျက်ကွက်ချင်နေတဲ့သူက ကျွန်တော် မဟုတ်တာတော့ တကယ်ပါ ...


အခန်းထဲတွင်မူ ယန်အန်းယုနှင့် ယီချန်းယန်တို့သည် ဒွိဟဖြစ်ဖွယ် အနေအထားအတိုင်း ဆက်ရှိနေကြဆဲပင်။ 


ရေချိုးပြီးကာစ ယန်အန်းယုသည် အဖြူရောင် ရေချိုးခန်းသုံးဝတ်ရုံတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားသည်။ ဆံပင်ကိုပင်လျှင် ရေပြောင်အောင် မသုတ်ရသေး၊ သူ့ခန္ဓာကိုယ်မှတစ်ဆင့် ရေချိုးဆပ်ပြာ၏ မွှေးရနံ့က ခပ်ဖျော့ဖျော့ ပျံ့လွင့်လာခဲ့သည်။ သူ့ကို ဖိချထားသည့် ယီချန်းယန်ကမူ .. သူ့မျက်နှာကိုပင် ဆွဲပင့်လိုက်သေးသည်။ 


“ယန်အန်းယု အခု ငါ တစ်ခုခု လုပ်ချင်နေရင် ဘယ်လိုလုပ်မလဲ မင်း ကြောက်သွားမှာလား ...”


နားထဲသို့ အတားအဆီးမရှိ တိုးဝင်လာသည့် ယီချန်းယန်၏ ဩရှကာ နားထောင်ချင်စဖွယ် အသံကြောင့် ယန်အန်းယု၏ မျက်နှာတစ်ခုလုံး ရှက်သွေးများဖြင့် နီမြန်းသွားလေသည်။ 


သူက ယီချန်းယန်ကို အကြောင်သား မော့ကြည့်မိသွားတော့သည်။ ထိုအခါမှ တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် စနောက်လိုသည့် အရိပ်အယောင်များ မြူမှုန်မျှပင် ရှိမနေကြောင်း သတိပြုမိသွားခဲ့၏။ စင်စစ်အားဖြင့် တစ်ဖက်လူ၏ မျက်ဝန်းထဲတွင် သူ့ကို သူကိုယ်တိုင်ပင် မသိလိုက်ပါဘဲ နစ်မျောသွားစေမည့် မှော်အစွမ်းများ ရှိနေသည့်ဟန်ပင်။ 


ထို့ကြောင့် ယန်အန်းယုသည် သူ့မျက်လုံးများကို ချက်ခြင်း ပိတ်ချလိုက်သည်။ စိတ်ကို ထိန်းချုပ်ကာ နောက်တစ်ကြိမ် ပြန်ဖွင့်ကြည့်လိုက်သည့်အခါတွင်မူ အစောပိုင်းက ဖြစ်ပွားခဲ့သည့် အံ့အားသင့်မှုအားလုံး ပျောက်ကွယ်သွားပြီ ဖြစ်သည်။ 


“မကြောက်ပါဘူး .. ပြီးတော့ ခင်ဗျားကလည်း ဘာမှမှ လုပ်မှာ မဟုတ်တာ ...”


“သေချာရဲ့လား ...”


ယီချန်းယန်က သူ့နှုတ်ခမ်းကို ယန်အန်းယု၏ နားရွက်ဖျားလေးထံ ဖိကပ်ကာ မေးလိုက်သည်။ 


နားရွက်ဖျားဆီက နွေးထွေးလှသည့် ယားကျိကျိ ဖြစ်မှုကြောင့် ယန်အန်းယုမှာ အနည်းငယ် ရှက်ရွံ့သွားရှာတော့သည်။ သို့သော် သူက ယုံကြည်ချက်အပြည့်ဖြင့် ပြန်ဖြေလိုက်ဆဲပင်။ 


“အင်း .. သေချာတယ် ...”


ထိုစကားကို ကြားသည့်အခါ ယီချန်းယန်၏ မျက်ဝန်းထဲရှိ ခံစားချက်အားလုံး ပျောက်ကွယ်သွားတော့၏။ သူက ယန်အန်းယု၏ မျက်နှာအနားရှိ သူ့လက်ကို ဖယ်ချကာ တစ်ဖြည်းဖြည်း မတ်တပ်ထရပ်လိုက်သည်။ 


ထို့အပြင် သူ့စိတ်ထဲမှ ဒွိဟဖြစ်နေသည့် အကြောင်းအရာတစ်ခုကိုလည်း ရေရေရာရာ သဘောပေါက်သွားတော့သည်။ သူ ထင်ထားသကဲ့သို့ပင် ရှေ့တွင် ရှိနေသည့် ယန်အန်းယုမှာ မူလ ယန်အန်းယု မဟုတ်ချေ။


“ယီချန်းယန် .. စောစောက ခင်ဗျား သရုပ်ဆောင်ပြသွားတာ .. အရမ်းကို မိုက်တာပဲ ကျေးဇူးတင်ပါတယ် ...”


ယန်အန်းယုက အပြုံးဖျော့ဖျော့တစ်ပွင့်နှင့်အတူ ကျေးဇူးတင်စကား ဆိုလိုက်သည်။ အစောပိုင်းက ယီချန်းယန်၏ လမ်းညွှန်ပြသမှုများကြောင့် သူသည် အနည်းငယ်ခန့် နားလည်သွားခဲ့သည်။ 


ယီချန်းယန်က သူ့အား သရုပ်ဆောင်ခြင်းနှင့် ပတ်သက်၍ ကူညီစစ်ဆေးပေးကာ အားခန်း၏ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှု အခြေအနေများကိုပါ ခွဲခြမ်းစိတ်ဖြာပေးခဲ့သည်။ အားခန်း ဤမျှအထိ နင့်နင့်သည်းသည်း ငိုကြွေးခဲ့ရခြင်း၏ အကြောင်းအရင်း အစစ်အမှန်မှာ နာကျင်ဝမ်းနည်းမှုကြောင့်သာမက ကြောက်ရွံ့ခြင်းကြောင့်လည်း ဖြစ်ပေသည်။ သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ထွက်ပေါ်လာခဲ့သည့် စိတ်မအေးနိုင်မှုများနှင့် အကြောက်တရားများကြောင့် ထိုကဲ့သို့ ငိုကြွေးခဲ့ရခြင်း ဖြစ်သည်။ 


သူသည် လက်တစ်စုံလုံး သွေးစက်တို့ဖြင့် စွန်းထင်းနေပြီးဖြစ်သည့် ဒုစရိုက်ဘက်တော်သားများအား ကြိမ်ဖန်များစွာ ကူညီပေးခဲ့သော လူသတ်သမားတစ်ဦး ဖြစ်ပေသည်။ အားခန်းက သူ့အစ်ကိုကြီးဖြစ်သူ ယွမ်ကျစ်မင်သည် သူ၏ ထိုကဲ့သို့သော တစ်ဖက်ခြမ်းအား မနှစ်သက်မည်ကို ကြောက်ရွံ့ကာ ဤကမ္ဘာရှိ လူသားများက သူ့ကို လက်မခံကြတော့မည်ကိုလည်း ကြောက်ရွံ့နေခဲ့သည်။ 


သူ့ကို ပြုံးပြကာ ကျေးဇူးတင်စကား ဆိုလာသူအား ငေးကြည့်ရင်း ယီချန်းယန်မှာ ကြောင်အသွားရရှာသည်။ သူ့ရှေ့တွင် ရှိနေသည့် လူငယ်လေးသည် အမြဲ ဉာဏ်ထက်မြတ်ကာ အကောင်းမြင်စိတ်ကို လက်ကိုင်ထားတတ်သူ ဖြစ်သည့်တိုင် ဤတစ်ကြိမ်တွင်မူ အမှန်တရား၏ တစ်ဝက်ကိုသာလျှင် ခန့်မှန်းနိုင်ခဲ့သည်။ 


ကျန်တစ်ဝက်မှာမူ .. ဤသည်မှာ ယန်အန်းယု၏ သရုပ်မှန်အပေါ် ထားရှိသည့် ယီချန်းယန်၏ ခံစားချက်နှင့် သူ့ကိုယ်ပိုင် နှလုံးသား ဖြစ်ပေသည်။ 


“ယန်အန်းယု မင်း ဘာလို့ ဒီနယ်ပယ်ထဲကို ဝင်ချင်တာလဲ ...”


သရုပ်ဆောင်ခြင်းကဲ့သို့သော အလုပ်ကိစ္စနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ဆက်ပြီး မဆွေးနွေးတော့ဘဲ ယီချန်းယန်သည် ရုတ်တရက် စကားလမ်းကြောင်း ပြောင်းလိုက်သည်။ 


ယန်အန်းယုက ကြောင်အသွား၏။


သူ့ကို စိုက်ကြည့်နေသည့် ယီချန်းယန်၏ အကြည့်တို့မှာ တစ်ကိုယ်လုံးကို ဖောက်ထွင်းသွားလုမတတ် စူးရှလာသည်။ 


“ကိုယ့်ကြောင့်လား ..."


ထိုအခိုက်၌ ယန်အန်းယုသည် မူလကိုယ်၏ ဒိုင်ယာရီထဲတွင် ရေးထားသည့် စာကြောင်းနှစ်ကြောင်းကို သတိရမိသွားတော့သည်။ 


[ သူ့ရဲ့ အကြည့်တွေကို ပိုင်ဆိုင်ချင်တယ် တစ်ချက်လောက်လေးပဲ ဖျတ်ခနဲ လှည့်ကြည့်တာမျိုး ဆိုရင်တောင်ပေါ့ ... ]


[ ငါသာ သူနဲ့ တူညီတဲ့ အမြင့်တစ်နေရာတည်းမှာ ရပ်တည်နိုင်ခဲ့မယ်ဆိုရင် ...]


သူက ယီချန်းယန်ကို မော့ကာ ကြည့်လိုက်သည်။ ထိုသို့ဖြင့် နှစ်ဦးသား အသံတိတ် အကြည့်ချင်း ဆုံမိသွားကြတော့သည်။ ယခုအချိန်တွင် သူသည် ယီချန်းယန်နှင့် တူညီသော အမြင့်၌ မရှိသေးသည့်တိုင် သူ့ကိုယ်သူ ပြန်မြင်နိုင်နေပြီ ဖြစ်သည်။ 


ကံဆိုးသည်မှာ ယန်အန်းယုသည် မူလယန်အန်းယု မဟုတ်ချေ။ တစ်ခါတစ်ရံတွင် ဤအကြောင်းကို တွေးမိသည့်အခါ ယန်အန်းယုသည် မူလပိုင်ရှင်အတွက် စိတ်မကောင်း ဖြစ်မိခဲ့ရသည်။ 


အစပိုင်းတွင် သူကိုယ်တိုင်သည်လည်း ယီချန်းယန်အကြောင်းကို ပိုမိုသိရှိကာ သူ့ကို နားလည်လိုစိတ်များသာ ဖြစ်ပေါ်ခဲ့သည်။ သို့သော် လူအများ၏ အားပေးထောက်ခံမှုကို ပိုမိုကာ ပိုင်ဆိုင်လာရလေလေ သူ့တွင် တာဝန်ရှိသည်ဟု ခံစားမိလာလေဖြစ်ကာ သူ့အပေါ် ထားရှိသည့် ပရိသတ်များ၏ နှစ်သက်မှုနှင့် မျှော်လင့်ချက်များကို အလဟဿ ဖြစ်မသွားစေလိုတော့ချေ။ 


“တစ်ဝက် ...”


အချိန်များစွာ ကြာမြင့်ပြီးကာမှ သူက ပြန်ဖြေလိုက်သည်။ 


တကယ်တမ်းတော့ သူကလည်း တစ်ချို့တစ်ဝက်ကို ဖုံးကွယ်ထားခဲ့တာပဲကိုး ...


မည်သည့်အရာကိုမှ အရေးမစိုက်သည့် ယီချန်းယန်ထံတွင် တစ်ခုခုကို စိတ်ဝင်စားသည့် အရိပ်အယောင်များ တွေ့နေရခြင်းမှာ အင်မတန် ရှားပါးလှသည့် ဖြစ်ရပ်တစ်ခု ဖြစ်ပေသည်။ သို့သော် ယန်အန်းယုက ရှေ့ဆက်ကာ မပြောလိုသည့် အရိပ်အယောင်များ ပြသလာသည့်အတွက် သူသည်လည်း ထိုအကြောင်းနှင့် ပတ်သက်၍ ဆက်ပြီး မမေးတော့ချေ။ 


“ယန်အန်းယု မင်း တစ်ယောက်ယောက် ဖြစ်ချင်တယ်ဆိုတဲ့ အတွေးမျိုး ရှိဖူးလား ...”


ယန်အန်းယု၏ ပျာယာခတ်နေသော ခံစားချက်အားလုံး ရုတ်ချည်းဆိုသလို နားဝေတိမ်တောင် ဖြစ်သွားရှာတော့သည်။ 


ဒီမေးခွန်းက ဘာအဓိပ္ပါယ်လဲ သူ တစ်ခုခုကို သတိထားမိသွားတာလား ...


“ငါတို့လို သရုပ်ဆောင်တွေက ဇာတ်ညွှန်းမျိုးစုံ ဇာတ်ကောင်မျိုးစုံကို သရုပ်ဆောင်ကြရတာလေ မင်းရော ဇာတ်ကောင်တစ်ခုခု ဖြစ်ချင်တယ်လို့ တွေးခဲ့ဖူးလား ...”


ယီချန်းယန်က ထပ်မေးလိုက်သည်။ 


“မ .. မတွေးခဲ့ဖူးဘူး ...”


ယန်အန်းယုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ပြောလိုက်သည်။ 


“ဘယ်သူမှ မဖြစ်ချင်ဘူး ကျွန်တော်က ကျွန်တော်ပဲလေ ...”


သူ၏ စိတ်ဝိဉာဉ်သည် ဤ စိမ်းသက်လှသော ကမ္ဘာထံသို့ ကူးပြောင်းလာကာ ခန္ဓာကိုယ်ချင်း ပြောင်းလဲသွားရသည့်တိုင် .. ယန်အန်းယုသည် မူလကိုယ်၏ အထောက်အထားအတိုင်းသာ ဆက်လက်နေထိုင်ခဲ့သည့်တိုင် သူ လျှောက်လှမ်းလိုသည့် အနာဂတ်ခရီးလမ်းမှာ မူလကိုယ်နှင့် လုံးဝ ကွဲပြားလှပေသည်။ သူ၏ အခြားလူများအပေါ် ပြုမူဆက်ဆံပုံများကြောင့် အားလုံးသည် ပြောင်းလဲသွားသည့် အသစ်စက်စက် ယန်အန်းယုကို အကျွမ်းတဝင် သိရှိစ ပြုလာကြသည်။ 


“ဒါပေမယ့် ...”


သူက စကားဝိုင်းကို နောက်ထပ် ခေါင်းစဉ်တစ်ခုသို့ ပြောင်းလဲလိုက်သည်။


“ဇာတ်ကောင်တွေရဲ့ သူတို့ရဲ့ ကိုယ်ပိုင် ဇာတ်ကြောင်းတွေကို ပြီးပြည့်စုံအောင် ဖြည့်ဆည်းပေးချင်တယ်ဆိုတဲ့ ဆန္ဒတော့ ရှိတယ် ပြီးတော့ သူတို့ရဲ့ ထက်သန်ပြင်းပြတဲ့ ခံစားချက်တွေ ကံကြမ္မာ အပြောင်းအလဲတွေကို လူတွေ  အများကြီးက မြင်သိကြားသိလာရအောင်ရောပဲ ကူညီပေးချင်တယ် ...”


ယီချန်းယန်က ခေါင်းငြိမ့်ပြလိုက်သည်။ 


ယေဘုယျအားဖြင့် ယန်အန်းယုထံတွင် သရုပ်ဆောင်တစ်ဦး၌ ရှိသင့်ရှိထိုက်သည့် အတွေးအခေါ်နှင့် ရှုထောင့်အမြင်များ ရှိနေပေသည်။ လိုအပ်သည့် အရာဟူ၍ အတွေ့အကြုံ မကြွယ်ဝမှု တစ်ခုတည်းသာ ရှိနေ၏။ 


“မင်းကိုယ်မင်း မေ့ပစ်လိုက် သရုပ်ဆောင်ရတဲ့ ကျေနပ်စိတ်ကို ခံစားမိလာပြီဆိုရင် တစ်ဝက် အောင်မြင်ပြီလို့ သတ်မှတ်လို့ ရပြီ ...”


ယီချန်းယန်က အကြံပြုလိုက်သည်။ 


“ဟို ငိုရမယ့် အခန်း .. အခုချက်ခြင်း ငါ့ရှေ့မှာ တစ်ခေါက်လောက် ပြန်ပြီး သရုပ်ဆောင်ပြကြည့် ...”


ယန်အန်းယုက ကြောင်အသွားရပြန်၏။ 


အခု ယီချန်းယန်က ငါ့ကို သူ့ရှေ့မှာ ငိုခိုင်းနေတာလား ...


ဒါ .. ဒါကြီးက တကယ်ကို ရှက်စရာကြီး ...


“အာ .. ကျွန် .. ကျွန်တော် အရင်ဆုံး အင်္ကျီလေး လဲဝတ်ချင်လို့ ရမလားဟင် ...”


ရေချိုးခန်းဝတ်ရုံကို ဝတ်ထားဆဲဖြစ်သည့် ယန်အန်းယုက ရှက်ရွံ့မှုအပြည့်ဖြင့် မေးလိုက်သည်။ 


နာရီဝက်ခန့် ကြာပြီးနောက် ...


“မကောင်းသေးဘူး နောက်တစ်ခေါက် ပြန်လုပ် မှတ်ထားနော် ခံစားချက်က အတွင်းထဲကနေ လာရမှာ အပြင်ကနေ မဟုတ်ဘူး မဟုတ်ရင် တအားကို ယုတ္တိမတန်ဘူးလို့ မှတ်ချက်အပေးခံရလိမ့်မယ် ...”


ယန်အန်းယုက အိပ်ယာထက်တွင် လှဲကာ နီမြန်းနေပြီဖြစ်သည့် မျက်လုံးများကို နောက်တစ်ကြိမ် ပွတ်သပ်လိုက်မိတော့သည်။ 


ယီချန်းယန်ရဲ့ လိုအပ်ချက်တွေက ဒါရိုက်တာရှုထက်တောင် ပိုပြီး များနေသေးတယ်လို့ ခံစားမိနေပါလိမ့် ...


ထို အငိုခန်းမှာ အားခန်းသည် ကြမ်းပြင်ထက်တွင် လူးလှိမ့်နေရမည် ဖြစ်သည်။ သို့သော် ယနေ့ညသည် ခံစားချက်များကို အစမ်း လေ့ကျင့်ရုံသပ်သပ်သာ ဖြစ်သည့်အပြင် ယန်အန်းယုသည်လည်း ရေချိုးပြီးကာစ ဖြစ်သည့်အတွက် ယီချန်းယန်က သူ့ကို အိပ်ယာပေါ်တွင်သာ လေ့ကျင့်စေလိုက်သည်။ 


“မှတ်ထား မင်းက အခု အားခန်းနော် ...”


သူက နောက်တစ်ကြိမ် ထပ်ပြောလိုက်သည်။ ယန်အန်းယုနှင့် နှိုင်းယှဉ်ပါလျှင် အားခန်းသည် အကောင်းမြင်စိတ် နည်းပါးကာ စိတ်သဘောထား ပွင့်လင်းခြင်းလည်း မရှိ၊ သူ့တွင် ကိုယ်ပိုင် အားနည်းချက်နှင့် အထိအခိုက်မခံသည့် တစ်ဖက်ခြမ်းတို့ ရှိနေပေသည်။ 


ယန်အန်းယု “အင်း ...”


လူသစ်တစ်ဦး၏ ရှုထောင့်မှ ပြောရပါလျှင် ယီချန်းယန်၏ လမ်းညွှန်ပြသချက်များမှာ အင်မတန် ကျေးဇူးတင်ဖွယ်ရာပင်။ သို့သော် အခန်းထဲ၌ နှစ်ယောက်တည်း ရှိနေသည့် သူတို့နှစ်ဦး၏ လက်ရှိအခြေအနေမှာ ..။


နည်းနည်း ထူးဆန်းနေတယ်လို့ ခံစားနေနရသလိုပဲ ...


သို့သော် ယန်အန်းယုက သူသည် သရုပ်ဆောင်တစ်ဦး ဖြစ်သည့်အလျောက် နောင်တစ်ချိန်တွင် ယခုထက် ပိုမိုကာ အနေရခက်ဖွယ်ကောင်းသည့် အနမ်းခန်းနှင့် အိပ်ယာပေါ်မှ အခန်းများကိုပင် ရိုက်ကူးလာရနိုင်သည့်အတွက် စိတ်ကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟထားရန် လိုအပ်သည်ဟု တွေးမိလိုက်သည်နှင့် တစ်ပြိုင်နက် ထို တုန့်ဆိုင်းကာ အနေရခက်မှုတို့အားလုံး လေနှင့်အတူ လွင့်မျောပျောက်ကွယ်သွားတော့သည်။ 


“မင်း အခု ဘာကို တွေးနေသင့်လဲ သိလား ...”


ထိုမေးခွန်းကို မေးလာသည့် ယီချန်းယန်၏ အကြည့်တို့တွင် လေးနက်မှုတို့ဖြင့်ပြည့်နှက်နေသည်။ 


ယန်အန်းယုက နားမလည်သည့် မျက်ဝန်းများဖြင့် ပြန်ငေးကြည့်လာ၏။ 


“ငါ့အကြောင်း တွေးနေ ...”


“...”


ယန်အန်းယုမှာ ကြောင်အသွားရပြန်သည်။ 


သို့သော် သူသည် ထူးဆန်းသည့် ရှုထောင့်မှတစ်ဆင့် ဘယ်တော့မှ မတွေးရဟု သူ့ကိုယ်သူ ပြန်လည်ဖျောင်းဖျရင်း များမကြာမီတွင်ပင် အလုပ်ကို ကောင်းစွာ အာရုံစိုက်နိုင်သွားတော့သည်။ 


ထိုအခိုက်အတန့်၌ သူသည် စိတ်ထဲ၌ အစ်ကိုဖြစ်သူ ယွမ်ကျစ်မင်ဖြင့်သာ ပြည့်နှက်နေသည့် နာကျင်မှုများအကြား နစ်မြုပ်နေသည့် အားခန်း ဖြစ်သွားတော့သည်။ 


“နားလည်ရဲ့လား ...”


အနည်းငယ် စိတ်နှင့်လူနှင့်မကပ် ဖြစ်နေသူကို အကဲခတ်ရင်း ယီချန်းယန်က နောက်တစ်ကြိမ် ထပ်မေးလိုက်သည်။ 


ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်၏။ ထို့နောက်တွင် သူ၏ ခပ်တိုးတိုး ငိုကြွေးညဉ်းညူသံတို့က အခန်းထဲသို့ ပျံ့နှံသွားတော့သည်။ 


“ah .. ahh .. aaaah .. uh …”


ထိုစဉ် စားသောက်၍ ပြီးသွားသည့် ထန်းကော်ကလည်း တံခါးဝသို့ အချိန်ကိုက် ပြန်လည်ရောက်ရှိလာခဲ့သည်။ 


အခန်းထဲမှ ငိုညဉ်းသံများကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် ထန်းကော်သည် ချက်ခြင်းဆိုသလို ရှက်ရွံ့သွားရတော့သည်။ 


ဒါ .. ဒါ သခင်လေးရဲ့ ညဉ်းသံတွေ မဟုတ်လား ...


ဒီလိုမှန်းသိ ဒီလောက်အစောကြီး ပြန်မလာခဲ့ပါဘူး ...



👥️