Chapter 30
Viewers 5k

👥️Chapter 30




ရုပ်ရှင်ကို ပိုပြီး ရုပ်လုံးကြွလာကာ အက်ရှင်ပြကွက်များကြောင့် သည်းထိတ်ရင်ဖို ဖြစ်လာစေရန် အလို့ငှာ ယီချန်းယန်သည် လိုအပ်ချက်များနှင့် စပ်လျဉ်း၍ သူ့ကိုယ်သူ စည်းကမ်းတင်းကြပ်ခဲ့သည်။ 


ယခုအချိန်မှာ ဆောင်းဦးနှင့် ဆောင်းရာသီ အကူးအပြောင်းကာလဖြစ်ပြီး ယနေ့တွင် သူသည် ဝါယာကြိုးများဖြင့် လေထဲတွင် တွဲလောင်းခိုလျက် ရိုက်ကူးရေးကို ပြုလုပ်ရမည် ဖြစ်သည်။ ကြိုးများဖြင့် တစ်နေကုန် နီးပါး ချိတ်ဆွဲခံထားရမည် ဖြစ်ရာ နောက်ပိုင်းအခန်းများသို့ ရောက်လေလေ သူ့လက်နှင့် ခြေထောက်များမှာ အေးစက်တောင့်တင်းကာ ခံနိုင်ရည် ကုန်ဆုံးလာလေပင် ဖြစ်သည်။ 


ဒါရိုက်တာရှုက ‘cut” ဟု အော်လိုက်သည်နှင့် တစ်ပြိုင်နက် ယီချန်းယန်သည် ကြိုးများအတိုင်း လျောဆင်းလာလိုက်သည်။ ထိုသို့ ဆင်းလာရင်း ထင်မှတ်မထားစွာဖြင့် ခြေကျင်းဝတ် လည်သွားတော့သည်။ 


ထိုတစ်ခဏ၌ ရိုက်ကွင်းတွင် ရှိနေသူအားလုံး စိုးရိမ်စိတ်ကြောင့် ပျာယာခတ်သွားကြ၏။ ဒါရိုက်တာရှုကလည်း ဆေးတပ်ဖွဲ့အား ယီချန်းယန်ကို ဆေးရုံသို့ လိုက်ပို့ပေးရန် အလောတကြီး ညွှန်ကြားလိုက်သည်။ 


နောက်ထပ်နှစ်ရက်အကြာတွင် ထိုသတင်းကို အနံ့ခံမိသွားသည့် သတင်းထောက်အချို့က ရိုက်ကွင်းသို့ ရောက်ရှိလာတော့သည်။ သူ၏ အချို့သော ပရိသတ်များကလည်း သတင်းကြားသည်နှင့်တစ်ပြိုင်နက် အားဖြည့်ဓာတ်စာနှင့် အသီးများကို ယူဆောင်ကာ ဆေးရုံသို့ လာရောက်ရန် ကြိုးစားခဲ့ကြသည်။ 


ယိချန်းယန်က သူ့ဒဏ်ရာကို အသုံးချကာ လူထု၏ စိတ်ဝင်စားမှုကို ရရှိလိုခြင်း မရှိ။ ထို့အပြင် သူ့ပရိသတ်များကိုလည်း များစွာ မစိုးရိမ်စေလိုသည့်အတွက် ရိုက်ကူးရေး လုပ်နေစဉ်အတွင်း အနည်းငယ် ပင်ပန်းသွား၍ဟုသာ ထုတ်ပြောလာကာ အပြင်လူများအား အခြေအနေအမှန်ကို များစွာ ဖွင့်ဟ မပြောခဲ့ချေ။ 


ထိုအချိန်အတွင်း ဒါရိုက်တာရှုကလည်း အခြား သရုပ်ဆောင်များနှင့်အတူ ဆေးရုံသို့ လူနာမေးရန် ရောက်လာခဲ့သည်။ 


 á€šá€Žá€á€ťá€”်းယန်က သီးသန့် ဆေးရုံခန်းထဲတွင် ရှိနေခဲ့သည်။ ဧည့်သည်များ ပိုများလာပါက သူ အနားယူခြင်းကို ထိခိုက်လာမည်ကို စိုးရိမ်သဖြင့် လီယဲ့သည် ဒါရိုက်တာကိုသာ ဝင်ခွင့်ပေးခဲ့သည်။ ယန်အန်းယုကမူ သူ့ကို အပြင်ဘက်မှတစ်ဆင့်သာ လှမ်းကြည့်နေခဲ့ရ၏။ 


ထိုညတွင် ယန်အန်းယုသည် ဖုန်းထဲရှိ QQ group ကို ဖွင့်လိုက်သည့်အခါ သူ ဝင်ထားသည့် ယီချန်းယန်၏ fangroup တစ်ခုလုံး အုန်းအုန်းကျွက်ကျွက် ဖြစ်နေသည်ကို တွေ့လိုက်ရတော့သည်။ 


သို့သို့ကျွင်း “ယင်းယင်းယင်း .. ဘော့စ်က ထိခိုက်သွားတယ်တဲ့” 


နန်နန် “ဟုတ်တယ် ယန်ကောကလည်း ရိုက်ကူးရေးလုပ်ရင် တအားကို အရဲကိုးလွန်းတယ်”


မိန်ကျဲ “အားလုံးပဲ စိတ်မပူကြပါနဲ့ ရှေ့တန်းကနေ ရထားတဲ့ သတင်းအရတော့ ဘော့စ်ယီက နည်းနည်းပါးပါး ပွန်းပဲ့သွားရုံပဲ နှစ်ရက်လောက် နားလိုက်ရင် အဆင်ပြေသွားမှာတဲ့” 


ယန်ကောရဲ့ ခြေတံရှည်လေး “အင်း အင်း ဒါဆိုရင်တော့ ဒီတိုင်းပဲ နေမှာပါ official site က ကြည့်ရတာ သတင်းတွေ အကြီးကြီး ဖြစ်မသွားစေချင်လို့ ထင်တယ် ဒါပေမယ့် ငါကတော့ စိတ်ပူမိနေတုန်းပဲ အခုဆို “နှလုံးသား၌ ထုဆစ်လေသော” ကို ပိုပြီးတောင် ကြည့်ချင်လာပြီ ရုံတင်တဲ့အခါကျလေ ငါ့အဖော်လေးတွေကိုရော မိသားစုဝင်တွေကိုပါ ရုပ်ရှင်ရုံကို ဆွဲခေါ်လာပြီး ဆက်တိုက် ကြည့်ခိုင်းမှာ ရုံဝင်နှုန်း တိုးလာအောင်လို့” 


နန်နန် “ဟုတ်တယ် ငါတို့တွေလည်း လေးငါးခြောက်ကြိမ်လောက် ကြည့်နိုင်အောင် ကြိုတင်ပြင်ဆင်ထားသင့်တယ်” 


အားမူမူ “ရုပ်ရှင်က ရုံတင်ဖို့ စောလွန်းပါသေးတယ် အခုတော့ ဘော့စ်ကို နွေးနွေးထွေးထွေးလေး ဖြစ်အောင်ပဲ ဖက်ထားပေးချင်တယ်”


သို့သို့ကျွင်း “ဘော့စ် နေကောင်းကျန်းမာ စိတ်ချမ်းသာနေပါစေ” 


အဖွဲ့ထဲတွင် ရှိနေသူအားလုံးက ယီချန်းယန်ကို အလွန် စိတ်ပူနေကြကာ နတ်ဘုရားအား ကိုယ်တိုင်ကိုယ်ကျ တွေ့ဆုံ၍ နှစ်သိမ့်ပေးခွင့် မရသည့် အခြေအနေကို မုန်းတီးနေမိကြသူ ညီအစ်မများလည်း အများအပြား ရှိနေပေသည်။ ယန်အန်းယုက ထိုစာများကို တိတ်တဆိတ် ဝင်ဖတ်ရင်း စိုးရိမ်စိတ်တို့ ပိုမိုကာ မြင့်တက်လာတော့သည်။ သူက ယီချန်းယန်ကို စာပို့ခြင်းက မလုံလောက်ဟု အမြဲ ခံစားမိနေခဲ့ကာ သူနှင့် မျက်နှာချင်းဆိုင် စကားပြောလိုနေခဲ့ဆဲ ဖြစ်သည်။ 


ထိုသို့ဖြင့် သူ ထန်းကော်ကို အသနားခံကာ ဆေးရုံသို့ တိတ်တိတ်လေး ထွက်လာခဲ့လိုက်သည်။ ‘


စနေနေ့ ညကိုးနာရီခန့် မြူနီစပယ်ဆေးရုံ၌ .. ယီချန်းယန်၏ အခန်းကို တံခါးခေါက်လိုက်ပြီးနောက် ယန်အန်းယုသည် အနက်ရောင် နေကာမျက်မှန်နှင့် ဟူဒီကို ချွတ်လိုက်သည်။ 


အခန်းထဲရှိ ယီချန်းယန်သည် အိပ်ယာမှ မနိုးသေးသည့်ဟန် မျက်စိမှိတ်လျက် လဲလျောင်းနေ၏။ 


သူ့ခြေထောက်ဒဏ်ရာမှာ များစွာ မပြင်းထန်လှချေ။ သို့သော် ဤရက်ပိုင်းအတွင်း ရိုက်ကူးရေး၌သာ အပြင်းအထန် အားစိုက်ထားကာ ကောင်းစွာ အနားယူခြင်း မရှိခဲ့သည့်အတွက် ကုန်ဆုံးသွားသော စိတ်ခွန်အားများအား ပြန်လည်ဖြည့်တင်းရန်အတွက် နှစ်ရက်မျှ အနားယူရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။ 


“မစ္စတာလီ စီနီယာယီ ဘယ်လိုနေသေးလဲ ...”


သူက အသံတိုးတိုးဖြင့် မေးလိုက်၏။ 


လီယဲ့က တိုးတိုးလေး ရယ်ကာ သူ့ကို အိပ်ယာဘေးသို့ ဆွဲခေါ်လာလိုက်သည်။ 


“သခင်လေးယန် သူ့ကို ကိုယ်တိုင် မေးကြည့်လိုက်လေ ...”


ယန်အန်းယုက ကြောင်အသွား၏။ သို့သော် သူ ပြန်၍ မတုန့်ပြန်ခင်မှာပင် လီယဲ့က သူတို့နှစ်ဦးကို ချန်ထားကာ အခန်းထဲမှ ထွက်သွားနှင့်ပြီ ဖြစ်သည်။ 


အိပ်မောကျနေသည့် ယီချန်းယန်၏ ချောမောသိမ်မွေ့လှသည့် မျက်နှာချောချောမှာ သူ့ရှေ့တည့်တည့် လက်တစ်ကမ်း အကွာတွင် ဖြစ်သည်။ ယန်အန်းယုက ရှေ့သို့ တိုးလာကာ ကိုယ်ကို အနည်းငယ် ကွေးညွတ်လိုက်သည်။ ထို့နောက် ခေါင်းကို ငုံ့လျက် ယီချန်းယန်၏ မျက်နှာကို စိတ်ဝင်တစား စိုက်ကြည့်လိုက်၏။ 


ယီချန်းယန်၏ အသက်ရှူသံမှာ စည်းချက်ကျကျ ထွက်ပေါ်နေခဲ့သည်။ ထူထဲနက်မှောင်သည့် မျက်ခုံးတန်းတန်းတို့၏ အောက်ရှိ မျက်တောင်တို့မှာမူ တဆတ်ဆတ် တုန်ရီနေ၏။ အမြဲလိုလို နက်မှောင်နက်ရှိုင်းသည့် မျက်ဝန်းတို့ကို တင်းတင်းဖိပိတ်ထားသည့် ယခုလက်ရှိ သူ့ပုံစံမှာ ယခင်ထက် ပိုမို၍ ချဉ်းကပ်ရလွယ်ကူသဖွယ် ဖြစ်နေလေသည်။ 


ယန်အန်းယုက ထိုခံစားချက်ကို သဘောကျသည့်စိတ်ကြောင့် နှုတ်ခမ်းထောင့်များပင်လျှင် ကော့တက်လာတော့သည်။ 


ယီချန်းယန်က တကယ်ကို ချောမောတာပဲဟ .. အပြင်ရုပ်က ဓာတ်ပုံတွေထက် အများကြီးကို ပိုချောသေးတယ် အနီးကပ် ကြည့်လိုက်တော့ အဝေးက ကြည့်ရတာထက် ပိုပြီး ကြည့်ကောင်းတယ် ...


ထို့အပြင် သူသည် ဂရုတစိုက် ချီးကျူးမှုများကိုလည်း အထူးတလည် ခံနိုင်ရည် ရှိလာသည်။ သူ့ကို ချီးကျူးရန်အတွက် ရှုထောင့်အသစ်တစ်ခု ပြောင်းလဲလိုက်လေတိုင်း နောက်ထပ် ခံစားချက်အသစ်တစ်မျိုး ဖြစ်ပေါ်လာ၏။ 


လူတစ်ယောက်က ရုပ်ရှင်ဧကရာဇ်ယီ၏ မျက်နှာကို တည့်တည့်စိုက်ကြည့်ကာ ရူးကြောင်ကြောင်ဖြင့် ပြုံးရယ်နေစဉ် ယီချန်းယန်၏ မျက်ခွံတို့ လှုပ်ကာ မျက်လုံး ပွင့်လာလေသည်။ 


ယန်အန်းယုကလည်း အထိတ်တလန့်ဖြင့် နောက်သို့ ချက်ခြင်း တစ်လှမ်း ဆုတ်မိသွားတော့သည်။ 


“ဒီနားလာ ကိုယ့်ကို ထူပေးဦး ...”


သူက အားနည်းဖျော့တော့စွာဖြင့် ပြောလိုက်သည်။ 


“စောစောက ကိုယ့်ကို အကြာကြီးကို စိုက်ကြည့်နေတာလား ...”


ယီချန်းယန်၏ အကြည့်တို့ ပြောင်းလဲသွားခဲ့သည်။ စင်စစ်အားဖြင့် သူသည် အစောပိုင်းက အိပ်မောကျနေခဲ့ခြင်း မဟုတ်၊ မျက်စိကို အနားပေးထားခြင်းမျှသာ ဖြစ်ပေသည်။ 


“အာ ...”


တကယ်တမ်းတော့ ဒီတစ်ယောက်က အိပ်ချင်ယောင်ဆောင်နေတာကိုး ...


ယန်အန်းယုက ရှက်ရွံ့စွာဖြင့် ပြုံး၍ ပြောလိုက်သည်။ 


"ဘာလို့လဲဆို ခင်ဗျားက အရမ်း ချောလို့လေ ..." 


သူ့ရှေ့တွင် ရပ်နေသည့် ကလေးကြီးသည် အလွန် ကြည်လင်လှပါသည့် မျက်ဝန်းများနှင့်အတူ အနည်းငယ်မျှပင် ချုပ်တည်းထားခြင်း မရှိ ပွင့်ပွင့်လင်းလင်း ထုတ်ပြောတတ်သည့် ဝသီကိုပါ ပိုင်ဆိုင်ထားသည်။ 


နာမည်ကျော် A အဆင့် အနုပညာရှင်တစ်ဦး ဖြစ်သည့်အလျောက် ယီချန်းယန်သည် အမျိုးမျိုးသော ချီးကျူးမှုများကို ကြားခဲ့ရဖူးသည့်တိုင် ထိုအခိုက်အတန့်၌ သူ့နှလုံးသားတစ်ခုလုံး လှုပ်ရှားသွားရသည်။ 


"နောက်ကျနေပြီကို .. ဘာကိစ္စ ရှိလို့လဲ ..." 


သူက မျက်လွှာ အသာချလျက် စကားလမ်းကြောင်းကို မူလ လားရာသို့ ဦးတည်ပေးလိုက်သည်။ 


ဒါ ... 


ယန်အန်းယုက ကြောင်အသွားရှာ၏။ 


ဒါ သူ ဘယ်လို ပြောလိုက်သင့်လဲ ... 


"တကယ်တော့ ဘာမှ ကြီးကြီးမားမား မရှိပါဘူး အားလုံးက ခင်ဗျားကို သတိရနေကြပြီး အမြန်ဆုံး ပြန်သက်သာလာဖို့နဲ့ ရိုက်ကွင်းကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာနိုင်ဖို့ မျှော်လင့်နေကြတယ် ..." 


ထိုတစ်ခဏ၌ ယန်အန်းယုသည် အစောပိုင်းကကဲ့သို့ တည့်တိုးဆန်ခြင်း မရှိတော့ဘဲ လောကဝတ်စကား အချို့ကိုသာ ပြောလာတော့သည်။ သို့သော် ယီချန်းယန်ကမူ စကားလုံးများကို အမိအရ ဖမ်းဆုပ်ထားလိုက်၏။ 


"အားလုံးက သတိရနေတာဆိုတော့ မင်းလည်း သတိရနေလား ..." 


ယန်အန်းယု"..." 


ယခုလက်ရှိ သူတို့နှစ်ဦး၏ ဆက်ဆံပြောဆိုပုံများမှာ အစပိုင်းကနှင့် များစွာ ကွဲပြားလွန်းလှသည်။  ယီချန်းယန်မှာလည်း အနည်းငယ် ပြောင်းလဲသွားသည့်ဟန်ပင်။ 


"အင်း ..." 


ယန်အန်းယုက ရှက်ရှက်ဖြင့် ခေါင်းငြိမ့်ပြလိုက်၏။ 


ထို့နောက်တွင် ယီချန်းယန်က ဖုန်းကို ထုတ်ကာ ပြီးခဲ့သည့်အခေါက်က သူ့ကို ယန်အန်းယု ပို့ထားသည့် စာကို အမှန်တကယ်ပင် ရှာဖွေလိုက်သည်။  ထိုလုပ်ရပ်ကြောင့် တစ်ဖက်လူမှာလည်း အနည်းငယ် အံ့ဩသွားရတော့သည်။ 


"ဒီတစ်ခုပဲ မှတ်မိသေးလား ..." 


ယီချန်းယန်က မေးလိုက်သည်။ 


"ခင်ဗျားကို ဘဲသား လိုက်ကျွေးပါ့မယ်" ဟူသည့် စာကြောင်းကို စိုက်ကြည့်ရင်း ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်သည်။ 


"သေချာပေါက်ကို မှတ်မိတာပေါ့ ဒါပေမယ့် အခု ..." 


သူက စကားကို ရပ်ကာ ရှေ့ဆက် ပြောမလာတော့။ အကြောင်းမှာ သူသည် ချီစန်းကိုပင် အကြောင်းမကြားဘဲ ရုတ်တရက် ပြေးထွက်လာခြင်း ဖြစ်သည့်အတွက် ဘဲကင်ကို တွေးမိရန် မဆိုထားနှင့် မည်သည့်အရာမျှ မပါဘဲ လက်ဗလာဖြင့်သာ ရောက်လာခဲ့ရသောကြောင့် ဖြစ်သည်။ 


"အိုး ဟုတ်သားပဲ စိတ်မရှိရင် ဒီလိုမျိုး လုပ်ကြမလား ..." 


ထိုစဉ် သူက အကြံကောင်းတစ်ခုကို တွေးမိသွားဟန်ဖြင့် မှတ်စုစာရွက်တစ်ရွက်နှင့် ဘောင်းဘီအိတ်ကပ်ထဲရှိ အနက်ရောင် ဘောပင်ကို ဆွဲထုတ်လိုက်သည်။ 


ယန်အန်းယုထံ၌ ဘောပင်နှင့် မှတ်စုစာရွက်ကို ကိုယ်နှင့်မကွာ ယူဆောင်တတ်သည့် အကျင့်တစ်ခု ရှိနေခဲ့သည်။ ရိုက်ကူးရေး လုပ်နေစဉ်အတွင်း ဖုန်းအသုံးပြုခြင်းကြောင့် အာရုံထွေပြားမည်ကို ဟန့်တားသောအနေဖြင့် ချီစန်းသည် သူ့ဖုန်းကို သိမ်းထားခဲ့သည်။  ယန်အန်းယုကလည်း ထိုသို့ သိမ်းသွားသည့်အပေါ်စောဒကတက်ခြင်း မရှိဘဲ နာခံစွာဖြင့်သာ လက်ခံခဲ့သည်။ ရှေးခေတ်မှ လာသူတစ်ဦး ဖြစ်သည့်အလျောက် သူသည် လက်ကို အသုံးပြု၍ မှတ်သားရသည်နှင့်သာ အသားကျနေပေသည်။ 


ပုံမှန်အားဖြင့် သူသည် ရိုက်ကွင်းထဲ၌ တစ်ခုခုကို လေ့လာမိလေတိုင်း အရေးကြီး အချက်အလက်များကို မှတ်သားရန် မှတ်စုစာရွက် အသေး‌လေးများကို အသုံးပြုလေ့ရှိသည်။ ဒါရိုက်တာရှုနှင့် အခြား လက်ထောက်ဒါရိုက်တာများ၏ စကားများကိုသာမက ဇာတ်ညွှန်းရေးဆရာထံမှ သိရှိလာသမျှ အဓိကအချက်များကိုပါ တစ်လုံးမကျန် မှတ်သားထားခဲ့၏။ 


ဤတစ်ကြိမ်တွင်မူ သူက စာရွက်ပေါ်၌ ခပ်ဝဝ ဘဲတစ်ကောင်ပုံဆွဲကာ သူ့လက်မှတ်ပါ ထိုး၍ စာရွက်ကို ဖြဲပြီး ယီချန်းယန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။ 


ယီချန်းယန်က အယောင်ယောင်အမှားမှားဖြင့် လှမ်းယူကာ နားမလည်ဟန်ဖြင့် ပြန်မေးလိုက်သည်။  


"ဒါက ..." 


တစ်ခါတစ်ရံ၌ ယန်အန်းယု၏ အတွေးများမှာ သာမန်လူတို့၏ တွေးရိုးတွေးစဉ်များနှင့်မတူ၊ အလွန် ထူးဆန်းလှပေသည်။ 


"ဒါကို သဘောတူစာချုပ်လို့ သဘောထားပြီး အရင်ဆူံး သိမ်းထားပေးပါ ကျွန်တော် အားတဲ့အချိန်ကျ ခင်ဗျားကို အရသာရှိတဲ့ ဘဲသား လိုက်ကျွေးမယ်လို့ ကတိပေးပါတယ် ..." 


ယန်အန်းယုက ပြုံးတုံ့တုံ့ဖြင့် ပြောလိုက်သည်။ သို့သော် သူ့စကားပင် မဆုံးလိုက်သေး၊ ယီချန်းယန်က အနားသို့ တိုးကာ သူ့ခေါင်းကို ခပ်ဖွဖွ ပွတ်သပ်ပေးလိုက်တော့သည်။ 


"ဒီတစ်ခါကတော့ သရုပ်ဆောင်နေတာ မဟုတ်ဘူး ..." 


ယီချန်းယန်က သူ့ရှေ့တွင် ရှိနေသည့် အမျိုးသားငယ်ကို ငေးကြည့်လျက် စိတ်အားထက်သန်စွာဖြင့် ပြောလိုက်လေသည်။ 


****


များမကြာမီ ယီချန်းယန်သည် "နှလုံးသား၌ ထုဆစ်လေသော" ရိုက်ကွင်းသို့ ပြန်လည်ရောက်ရှိလာကာ ရက်အနည်းငယ်ခန့် ရိုက်ကူးပြီးနောက် ရိုက်ကူးရေးအဖွဲ့သည် နောက်ထပ် ရိုက်ကွင်းတည်နေရာတစ်ခုကို ပြောင်းလဲလိုက်သည့်အတွက် အဖွဲ့သားအားလုံး N မြို့တော်သို့ ထွက်လာခဲ့လိုက်ကြသည်။


နောက်ဆုံး ကျန်ရစ်သည့် အခန်းအချို့ကို ဤမြို့တွင် ရိုက်ကူးကြမည် ဖြစ်၏။ N မြို့‌တော်သည် S မြို့နှင့် ဘေးချင်းကပ်လျက် တည်ရှိသည်။ ယန်အန်းယုထံ၌ ရိုက်ကူးစရာ အပိုင်းများ များများစားစား မကျန်ရစ်တော့သည့်အတွက် သူ့အပိုင်းများ အားလုံးကို ရိုက်ကူးပြီးသည်နှင့်တစ်ပြိုင်နက် S မြို့သို့ ရက်အနည်းငယ်စောကာ ပြန်လာခဲ့လိုက်သည်။ 


ဤကမ္ဘာ၌ အချိန်တစ်ခုကြာ နေထိုင်လာပြီးသည့်နောက် ယန်အန်းယုသည် သူ၏ မွေးရပ်မြေအပေါ် တွယ်တာစိတ်များ အနည်းငယ် ဖြစ်ပေါ်လာတော့သည်။ အခြားသော ပြည်နယ်များနှင့် နှိုင်းယှဉ်ပါလျှင် သူသည် S မြို့ကို ပိုပြီး သဘောကျမိသည်။ ထို့အပြင် အစ်ကိုကြီးဖြစ်သူ ယန်ကျွယ့်ကိုသာမက ကောလီရှုနှင့် ချင်နွော်ရှီတို့ကိုလည်း တွေ့ချင်နေမိ၏။ 


"မနက်ဖြန်များ၏အသံ" သည်လည်း နောက်ဆုံးပွဲစဉ်သို့ ရောက်ရှိလာပြီ ဖြစ်သည်။ ဖိုင်နယ်ပြိုင်ပွဲ မတိုင်မီ ပြိုင်ပွဲဝင်ငါးဦးအနက် သုံးဉီးသာ ကျန်ရစ်မည့် ပွဲစဉ်တွင် ချင်နွော်ရှီသည် သူကိုယ်တိုင် ရေးစပ်ထားသည့် "goodbye" အမည်ရ သီချင်းဖြင့် ဖျော်ဖြေခဲ့သည်။ အကြိတ်အနယ် ဖြစ်လာသည့် ပြိုင်ပွဲအခြေအနေအပြင် သူနှင့်အတူ စင်တစ်ခုတည်း၌ ရပ်နေသည့် ရှန်သုန်းဟောင့်နှင့် ထန်းရှောင်တို့သည် အားကောင်းသော ပြိုင်ဖက်များ ဖြစ်သည့်အလျောက် ချင်နွော်ရှီသည် ဆုံးဖြတ်ချက်ချရန် ဆိုင်းငံ့ထားဆဲ အုပ်စုထဲသို့ ရောက်ရှိသွားလေသည်။ 


ထင်မှတ်မထားစွာဖြင့် ... ဒိုင်လူကြီးများ၏ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေဆဲ ချင်နွော်ရှီသည် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုတော့ချေ။ အားလုံး၏ ကြိုတင်မှန်းဆချက်များနှင့် ဆန့်ကျင်စွာဖြင့် သူသည် ပရိသတ်ကို ဦးညွတ်တောင်းပန်လျက် ပြိုင်ပွဲမှ သူ့ကိုယ်ပိုင်ဆန္ဒဖြင့် နှုတ်ထွက်သွားခဲ့သည်။ 


ထိုညတွင် တိုက်တိုက်ဆိုင်ဆိုင်ပင် အလုပ်အားလပ်နေသဖြင့် ပွဲကို တိုက်ရိုက်ကြည့်ရှုနေသည့် ယန်အန်းယုသည်လည်း ထိုဖြစ်စဉ်ကြောင့် ကြောင်အသွားရှာသည်။ 


နောက်ဆုံးမိနစ်တွင်မှ နှုတ်ထွက်လိုက်သည့် ချင်နွော်ရှီကြောင့် တင်ဆက်သူနှစ်ဦးပင်လျှင် အနေရခက်သွားကာ အပြုံးတစ်ခုကို ဖျစ်ညှစ်ထုတ်ထားလျက် သူ့ကို ဖျောင်းဖျရန် အသည်းအသန် ကြိုးစားလိုက်ကြတော့သည်။ ကျန်းကျီချမ်နှင့် အခြားသော ဒိုင်လူကြီးများ၏ အမူအယာများသည်လည်း ထူးဆန်းသွားကြသည့်တိုင် အပေါ်ယံတွင်မူ အေးဆေးတည်ငြိမ်မှုကို ထိန်းထားနိုင်ကြဆဲ ဖြစ်သည်။ 


ရုတ်တရက် ဖြစ်ပေါ်လာသည့် ဖြစ်‌ရပ်ကြောင့် နောက်တစ်ရက် မကူးခင်မှာပင် နာမည်ကြီး သတင်းဝဘ်ဆိုဒ်ကြီးများက ထိုကဲ့သို့သော ပြိုင်ပွဲဝင်တစ်ဦး ရုတ်ချည်းဆိုသလို နှုတ်ထွက်သွားရခြင်း၏ နောက်ကွယ်ရှိ အကြောင်းအရင်းများအား အမျိုးစုံ မှန်းဆကာ သတင်းရေးလာကြသည်။ ထိုအထဲတွင် အင်တာနက် သုံးစွဲသူများ၏ သိလိုစိတ်ကို အခြေခံကာ ငွေရှာလိုသည့် ရည်ရွယ်ချက်ဖြင့် အမှန်တရားကို အဆမတန် ချဲ့ကားကာ သတင်းမှားများဖြင့် ရောနှောတင်ဆက်ကြသူများလည်း အများအပြား ရှိနေပေသည်။ 


Weibo တစ်ခုလုံးလည်း အုန်းအုန်းကျွတ်ကျွတ် ဖြစ်နေတော့၏။ 


ချင်နွော်ရှီသည် ပွဲဦးမထွက်ရသေးသည့်တိုင် ပရိသတ်အင်အားမှာ မနည်းလှချေ။ "မနက်ဖြန်များ၏အသံ" ကို ကြည့်ရှုသူ အများစုမှာ သူ၏ ဖြတ်သွားဖြတ်လာ ပရိသတ်များ ဖြစ်ကြသည့်အပြင် အနုပညာလောက၏ အတင်းအဖျင်းကို အလွန် သဘောကျကြသည့် အင်တာနက်သုံးစွဲသူများကိုပါ ထပ်ပေါင်းထည့်လိုက်သည့်အခါ ရေတပ်ကို ငှားရမ်းထားခြင်း မရှိသည့်တိုင် ချင်နွော်ရှီ၏ #ဂွတ်ဘိုင်ချင်နွော်ရှီ ဟူသော topic သည် နာမည်ကြီးလာခဲ့လေသည်။ 


သူ ထွက်သွားမည်ကို မလိုလားသူအချို့လည်း ရှိနေသည့်တိုင် အခြား ပြိုင်ပွဲဝင်များ၏ ပရိသတ်များနှင့် မကောင်းသည့် အကြံအစည် ရှိနေသူများက ထိုအခြေအနေကို အခွင့်ကောင်းယူကာ သတင်းမှားများ ထုတ်လွှင့်ခြင်းအားဖြင့် ချင်နွော်ရှီကို နာမည်ဖျက်ရန် ကြိုးစားလာကြ၏။ 


ထိုသူတို့က ချင်နွော်ရှီ၏ မိသားစုနောက်ခံကိုပါ ဖော်ထုတ်လာခဲ့ကြသည်။ သူသည် ဖခင်တစ်ဦးတည်းသာရှိသည့် မိသားစု၌ ကြီးပြင်းလာကာ ဖခင်ဖြစ်သူသည် ကားပြင်ဆိုင်၌ အလုပ်လုပ်ရသူ ဖြစ်သည်။ ထို့အပြင် ချင်နွော်ရှီသည် တက္ကသိုလ် သို့မဟုတ် ဂီတကျောင်းများတွင် တက်ရောက်ဖူးခြင်းလည်း မရှိ။ ရှန်သုန်းဟောင့်နှင့် ကျောင်းနေဖက် ဖြစ်ခဲ့ဖူးသည်ဟု ပြော၍ရသည့်တိုင် ပညာတစ်ပိုင်းတစ်စဖြင့် ကျောင်းထွက်ခဲ့ရကာ သူ့တွင် ဖုံးကွယ်ထားသည့် အချို့သော ညစ်ညမ်းသည့် လျှို့ဝှက်ချက်များ ရှိနေလိမ့်မည်ဟုပါ ဆိုလာကြသည်။ 


ချင်နွော်ရှီ၏ အနာဂတ်လမ်းကြောင်းကို အကြီးအကျယ် ထိခိုက်စေနိုင်သည့် ထိုကဲ့သို့သော သတင်းများ ထွက်ပေါ်လာသည့်အခါ ယန်ကျွယ့်သည် ထိုအခြေအနေကို လက်ပိုက် ကြည့်မနေနိုင်တော့။ အမြန်ဆုံး ကိုင်တွယ်ရန် ကြိုးစားလိုက်သည်။ 


ရှန်းဟွမ်မီဒီယာ၏ လူထုဆက်ဆံရေးအဖွဲ့သည် ထိုကိစ္စမျိုးကို ကိုင်တွယ်ရာ၌ များစွာ ထူးချွန်လှသည်။ ဤတစ်ကြိမ်တွင် သူတို့က "မနက်ဖြန်များ၏အသံ" ၏ တရားဝင် Weibo နှင့် ပူးပေါင်းကာ အနုပညာလောက၏ နာမည်ကြီး သတင်းတိုက်အချို့မှတစ်ဆင့် ကြော်ငြာချက်တစ်ခု ထုတ်ပြန်လိုက်လေသည်။ 


ထိုသို့ဖြင့် ပြဿနာများ ဖြစ်ပွားပြီး နာရီဝက်ပင် မပြည့်သေးသည့် အချိန်မှာပင် ရှင်းလင်းချက် အစီရင်ခံစာတစ်စောင် ပေါ်ထွက်လာခဲ့၏။


👥️