Chapter 31
Viewers 5k

👥️Chapter 31



ယန်အန်းယုက အင်တာနက်ပေါ်ရှိ မရေမတွက်နိုင်အောင် များပြားလှသော သတင်းမှားများကို ဖတ်နေရင်း စိတ်အာရုံ နောက်ကျိရှုပ်ထွေးလာမိသည်။ 


အမှန်တရားက ဘာလဲ ..  


သူက ထိုထက်ပိုကာ သိလိုခြင်း မရှိတော့။ လတ်တလောတွင် ချင်နွော်ရှီအတွက်သာ စိုးရိမ်မိနေပေသည်။ 


သူက ချင်နွော်ရှီကို ဆယ်ကြိမ်ထက်မနည်း ဖုန်းခေါ်လိုက်သော်လည်း တစ်ဖက်လူက ပြန်မဖြေ။  နောက်ဆုံးတွင် ဖုန်းကိုပင် စက်ပိတ်သွားလိုက်သေးသည်။ 


ထိုအချိန်တွင် ယန်ကျွယ့်ထံမှ ဖုန်းခေါ်ဆိုမှုကို လက်ခံရရှိလိုက်သည်။ 


"ရှောင်ယု မင်း ချင်နွော်ရှီရဲ့အိမ်က ဘယ်နားမှာလဲ သိလား ..." 


အလွန်အမင်း ပင်ပန်းနွမ်းနယ်မှုကြောင့် ယန်ကျွယ့်၏ လေသံသည် သိသိသာသာပင် ခွန်အား ကင်းမဲ့နေခဲ့သည်။ 


"သူ့အိမ်လား ..." 


ယန်အန်းယုက ကြောင်အသွား၏။ 


"ချင်နွော်ရှီက S မြို့ကနေ ထွက်သွားပြီ မင်းကို သူ ပြောခဲ့ဖူးလားတော့ မသိဘူး သူက S မြို့ကို အလုပ်လုပ်ဖို့ ရောက်လာတာ သူ့မွေးရပ်မြေက  N မြို့မှာလေ အခု မင်းက အဲဒီ့မှာ ရိုက်ကူးရေး လုပ်နေတာ မဟုတ်လား ..." 


"အင်း သူ အရင်ကတော့ ပြောဖူးတယ် ဒါပေမယ့် ကျွန်တော်လည်း အများကြီး မေးမကြည့်ဖူးဘူး ..." 


ယန်အန်းယုက ကူကယ်ရာမဲ့စွာဖြင့် ပြောလိုက်သည်။ 


"အဲဒါကြောင့် သူ့လိပ်စာ အတိအကျကို မသိဘူး ကော တောင်းပန်ပါတယ် ..." 


"ကိစ္စမရှိပါဘူး မေးကြည့်ရုံပဲ ရိုက်ကူးရေးသာ ဆက်လုပ် ငါ သူ့ကိစ္စကို သေချာပေါက် ဖြေရှင်းပေးမှာ ...." 


ထို့နောက် ယန်ကျွယ့်က ဖုန်းချသွားခဲ့သည်။ 


ရှန်းဟွမ်မီဒီယာတစ်ခုလုံးကို ဦးစီးဦးဆောင်ပြုနေရသူတစ်ဦး ဖြစ်သည့်အလျောက် ယန်ကျွယ့်၏ တာဝန်ဝတ္တရားများမှာ လွန်စွာ များပြားလေးလံလှရာ သူသည် အမြဲလိုလို သန်မာသည့် ပုံရိပ်ကိုသာ ပြသရန် ကြိုးစားခဲ့ရသည်။ သို့သော် သူ အမှန်တကယ် ဂရုစိုက်၊ တန်ဖိုးထားသူနှင့် ပတ်သက်လာသည့်အခါတွင်မူ စိတ်ထဲတွင် ကူကယ်ရာမဲ့မှုတို့ ထွက်ပေါ်လာတော့သည်။ 


ယန်အန်းယု၏ စိတ်ထဲတွင် သူ့အစ်ကိုကြီးက ချင်နွော်ရှီကို သဘောကျနေသည်ဟူသည့် ခန့်မှန်းချက်တို့ ပို၍ပင် ကြီးထွားလာတော့သည်။ 


နှစ်ရက်ခန့် ကြာပြီးနောက် အင်တာနက်ပေါ်ရှိ ချင်နွော်ရှီ၏ မကောင်းသတင်းအားလုံး ဖိနှိပ်ခြင်း ခံရကာ ပရိသတ်များသည် သူ့အတွက် စိတ်မကောင်းဖြစ်ကာ နောင်တရလာကြသည်။ 


ညနေ လေးနာရီခန့်တွင် ယန်အန်းယုသည် ရိုက်ကူးရေးကို အချိန်ဇယားထက် ပိုပြီး စောစီးစွာ အပြီးသတ်နိုင်ခဲ့သည်။ ထို့နောက် ချင်နွော်ရှီကို ဖုန်းဆက်ရန် ကြံနေစဉ်မှာပင် သူ့ဖုန်း တုန်ခါလာခဲ့သည်။ 


စခရင်ပေါ်ရှိ "ချင်နွော်ရှီ" ဟူသော အမည်ကို ငေးကြည့်ရင်း ကြောင်အနေပြီးကာမှ ကမန်းကတမ်း ဖုန်းကိုင်လိုက်၏။ 


"ဟယ်လို နွော်ရှီ မင်း အခု အိမ်မှာလား .. ဘာတွေ ဖြစ်ကုန်တာလဲ အဆင်ပြေရဲ့လား ..." 


စိတ်ပူပန်မှုကြောင့် ယန်အန်းယုသည် မေးခွန်းများကို ဆက်တိုက် မေးလိုက်မိသွားသည်။ သို့သော် ဖုန်းတစ်ဖက်ရှိ ချင်နွော်ရှီက အက်ကွဲနေသည့် အသံဖြင့် ခပ်တိုးတိုး ပြန်ဖြေလာခဲ့သည်။ 


"စိတ်ပူအောင် လုပ်မိလို့ တောင်းပန်ပါတယ် ငါ အဆင်ပြေတယ် ..." 


"တော်သေးတာပေါ့ ..." 


"ရှောင်ယု ငါ မင်းကို အိမ်လိပ်စာ ပေးလိုက်မယ် မင်း လာပြီး မင်းအစ်ကိုကြီးကို လာခေါ်ပေးပါ ..." 


"..." 


ထိုစကားကြောင့် ယန်အန်းယုမှာ လုံးဝဥဿုံ ကြောင်အသွားရှာသည်။ 


ယန်ကျွယ့်က တကယ်ကြီး N မြို့အထိ ရောက်လာတာလား ... 


"နှလုံးသား၌ ထုဆစ်လေသော" ၏ ဇာတ်သိမ်းပိုင်းမှအပ ယန်အန်းယုတွင် ရိုက်ကူးစရာအခန်း မကျန်ရှိတော့ပေ။ သူနှင့် တစ်မြို့တည်းတွင် ရှိနေသည့် ချင်နွော်ရှီနှင့် ယန်ကျွယ့်တို့ထံတွင် ပြဿနာတစ်ခုခု ဖြစ်နေသည့်ဟန် ရှိနေသည့်အတွက် သူက ဒါရိုက်တာရှုထံ အလျင်အမြန် ခွင့်သွားတိုင်ကာ သူ့အား လာခေါ်၍ ချင်နွော်ရှီ၏ အိမ်သို့ ပို့ပေးရန် ထန်းကော်ကို ပြောလိုက်သည်။ 


ထိုရပ်ကွက်မှာ မြို့အစွန်တွင် တည်ရှိကာ အိမ်ယာအဆောက်အဦးများ၏ အခြေအနေမှာ မကောင်းမွန်လှ၊ ပိုင်ဆိုင်မှု စီမံခန့်ခွဲခြင်းမှာလည်း ညံ့ဖျင်းလှပေသည်။ ယန်အန်းယုက ဝင်ပေါက်တွင် သူ့ကို စောင့်ဆိုင်းနေသည့် ချင်နွော်ရှီကို တွေ့လိုက်ရသည်။ 


တီဗီမှတစ်ဆင့် မြင်တွေ့ရသည်မှအပ သူသည် ချင်နွော်ရှီနှင့် မ‌ဆုံဖြစ်သည်မှာ အလွန် ကြာမြင့်နေပြီ ဖြစ်သည်။ စင်ပေါ်တွင် ရှိစဉ်ကကဲ့သို့ ဝင်းလက်တောက်ပကာ ကြည့်ကောင်းမနေဘဲ တွန့်ကြေနေသော အဝတ်အစားများကိုသာ ဝတ်ဆင်ထားသည့် ချင်နွော်ရှီသည် ယခင်ထက်ပင် ပိုမိုကာ ဖြူရော်နွမ်းလျနေခဲ့သည်။ 


"နွော်ရှီ ..." 


ယန်အန်းယုက သူ့ကို လက်ယမ်းပြကာ တောက်တောက်ပပ ပြုံး၍ နှုတ်ဆက်လိုက်သည်။ 


တက်ကြွနေဆဲဖြစ်သည့် ယန်အန်းယုကို ကြည့်ကာ သူက ခပ်ဖျော့ဖျော့ ပြုံးပြလိုက်သည်။ သို့သော် သူ့အပြုံးတို့ထဲတွင် ခါးသီးမှုတို့ ရောစွက်နေခဲ့သည်။ 


"ရှောင်ယု ငါ အစကတော့ ပိုကောင်းတဲ့ နေရာတစ်ခုမှာ တွေ့ချင်ခဲ့တာ ဒါပေမယ့် ..." 


ယန်အန်းယုက သူ့စကားများကို ချက်ခြင်း ဖြတ်ပြောလိုက်သည်။ 


"ဒီနေရာလည်း ကောင်းပါတယ် ပြီးတော့ မင်း အိမ်ကို အလည် လိုက်လာခွင့် ရတာကိုက ငါ့အတွက် ဂုဏ်ယူစရာပါ ..." 


ထိုစကားကို ကြားသည့်တိုင် ချင်နွော်ရှီထံမှ တုန့်ပြန်သံ တစ်ခွန်းပင် ထွက်မလာ၊ ထိုအစား မျက်ဝန်းတို့သာ ပိုပြီး မှိုင်းပျသွားတော့သည်။ 


"အစ်ကိုကြီးရော ..."


"မြင့်မြတ်ပါတယ်ဆိုတဲ့ ဥက္ကဌကြီးကတော့ ငါ့အိမ်ရှေ့မှာ အရှက်မရှိ ထိုင်နေပြီးတော့ ထွက်သွားဖို့ ငြင်းနေလေရဲ့ ..." 


ချင်နွော်ရှီက ကူကယ်ရာမဲ့စွာဖြင့် ညဉ်းတွားလိုက်သည်။ 


"ဟမ် ..." 


ယန်အန်းယုမှာ သူ့နားသူပင် မယုံနိုင်။ 


ဘာတွေ ဖြစ်ကုန်တာလဲ ... 


ထို့နောက်တွင် သူက ထန်းကော်အား အပေါက်ဝ၌ စောင့်ခိုင်းထားကာ ချင်နွော်ရှီနှင့်အတူ အိမ်ယာဝင်းထဲသို့ လိုက်သွားလိုက်သည်။ 


ချင်နွော်ရှီ နေထိုင်ရာ အဆောက်အဦးတွင် ဓာတ်လှေကား တပ်ဆင်ထားခြင်း မရှိ၊ ထို့ကြောင့် ကျဉ်းမြောင်းလှသည့် လှေကားများဖြင့်သာ ငါးလွှာအထိ တက်လာခဲ့ကြရသည်။ ထို့နောက်တွင် ယန်အန်းယုသည် ချင်နွော်ရှီ၏ အိမ်ပေါက်ဝ၌ ငုတ်တုတ်ထိုင်နေသည့် ယန်ကျွယ့်ကို တွေ့လိုက်တော့သည်။ လျော့တိလျော့ရဲ ဖြစ်နေသည့် အဝတ်အစားများနှင့် ဆံပင်များ ပွရှုပ်နေသော ယန်ကျွယ့်၏ ပုံစံမှာ အလွန်အမင်း မောပန်းနွမ်းနယ်နေဟန်ပင်။ 


"ကော ..." 


ယန်အန်းယုက တိုးတိုးလေး လှမ်းခေါ်လိုက်သည်။ 


ဒီလူက ဘယ်သူ့ကိုမှ အဖက်မလုပ်တတ်၊ အေးစက်ခက်ထန်တဲ့ ဥက္ကဌယန်ဆိုတာ ဘယ်သူက ယုံမှာတဲ့လဲ ... 


"မင်း သူ့ကို လှမ်းခေါ်လိုက်တာလား ..." 


ယန်ကျွယ့်က သူ့ညီကိုတစ်လှည့် ချင်နွော်ရှီကိုတစ်လှည့် အကဲခတ်လိုက်သည်။ 


"ယန်ကျွယ့် ရှောင်ယုနဲ့ ပြန်လိုက်သွားလိုက်ပါ ကျွန်တော့်အတွက်နဲ့ အချိန်ဖြုန်းမနေနဲ့တော့ အဖေက အမြဲတမ်း ခေါင်းမာနေခဲ့တဲ့ လူစားမျိုး သူသာ နောက်ထပ်နည်းနည်းလောက် ထပ်ပြီး ဒေါသထွက်မိရင် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ မပြောတတ်ဘူး ..." 


ယန်အန်းယုက သူ့စကားများကို နားမလည်သေး။ ချင်နွော်ရှီ N မြို့သို့ ရုတ်တရက် ပြန်လာရခြင်း၏ အကြောင်းအရင်းမှာ သူ့အဖေ အပြင်းအထန် နာမကျန်း ဖြစ်သွားသောကြောင့် ဖြစ်ရမည်ဟု ကောက်ချက်ချလိုက်သည်။ ချင်နွော်ရှီသည် "မနက်ဖြန်များ၏အသံ" ကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုမီကလည်း အနည်းငယ် ကြောင့်ကြပူပန်နေခဲ့ဖူးသည်။ အကြောင်းမှာ သူ့ဖခင်သည် သူ အနုပညာလောကထဲ ဝင်ရောက်လိုသည့် အကြံကို ခွင့်မပြုသောကြောင့် ဖြစ်သည်။ 


ကြည့်ရတာ အဲဒီ့ပြဿနာက ပိုပြီး ကြီးသွားတဲ့ပုံပဲ ... 


"နွော်ရှီ တကယ် လက်လျော့လိုက်တော့မလို့လား မင်း ဆိုသွားတဲ့ "goodbye" သီချင်းကလည်း စာသားတွေက ဝမ်းနည်းစရာကောင်းတယ် ဆိုပေမယ့် အဲဒီ့ထဲမှာ မျှော်လင့်ချက် အရိပ်‌အယောင်လေးတွေကို တွေ့နေရတယ် ..." 


ယန်အန်းယုက အကြံပြုလိုက်သည်။ ချင်နွော်ရှီသာ သူ့အိပ်မက်ကို အမှန်တကယ် လက်လျော့လိုက်ပါလျှင် ၎င်းသည် အင်မတန် နှမြောဖွယ် ဖြစ်ပေလိမ့်မည်။ 


"မသွားဘူး ..." 


ယန်ကျွယ့်၏ သဘောထားသည်လည်း အလားတူပင် တင်းမာခက်ထန်နေခဲ့သည်။ 


ချင်နွော်ရှီထံမှ စကားသံများ ရပ်တန့်သွား၏။ 


ဒီညီအစ်ကိုနှစ်ယောက်ကတော့ တကယ်ကို ... 


ထိုစဉ် အိမ်ထဲမှ သက်လတ်ပိုင်း အမျိုးသားတစ်ဦး၏ အေးစက်လှသည့် သရော်သံတစ်ခု ပျံ့လွင့်လာခဲ့သည်။ 


"မထင်ထားမိဘူး မစ္စတာယန်က ဒီလူအိုကြီးထက် ပိုပြီးကို ခေါင်းမာတာပဲ ..." 


"ဦးလေး ..." 


ယန်ကျွယ့်က မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်သည်။ 


"ငါ့ကို ဦးလေးလို့ မခေါ်နဲ့ ငါ့အိမ်လည်း မလာနဲ့ မင်းတို့တွေ ဘယ်သူ့ကိုမှ မတွေ့ချင်ဘူး ..." 


အဖေချင်က အေးစက်စွာ ပြောလိုက်သည်။


ချင်နွော်ရှီက ခေါင်းကို ခါယမ်းလျက် ခါးသီးစွာဖြင့် ပြုံးကာ ပြောလိုက်သည်။ 


"ယန်ကျွယ့် .. ခင်ဗျား ပြန်လိုက်တာက အကောင်းဆုံး ဖြစ်မှာပါ ..." 


"ငါ ပြန်လို့ရတယ် ဒါပေမယ့် မင်းကိုတော့ ငါနဲ့အတူ ပြန်ခေါ်သွားမှာ ..." 


ယန်ကျွယ့်က ထိုသို့ ပြောရင်း သူ့လက်ကို ချက်ခြင်း လှမ်းဆွဲလိုက်သည်။ 


"အရင်ကလည်း ပြောဖူးပြီးသား ဘာကိစ္စပဲရှိရှိ မင်းကို ရိုးရိုးသားသားနဲ့ သီချင်းဆိုခွင့် ပေးမယ်လို့ ..." 


ကြက်သေသေသွားရှာသော ချင်နွော်ရှီ "..." 


ကြောင်အသွားသော ယန်အန်းယု "..."


ဒီစကားတွေက ဘယ်လောက်တောင် လေးနက်လိုက်သလဲ ..  


အနုပညာလောကမှာ မည်မျှအထိ ရှုပ်ထွေးလှကြောင်းကို အားလုံး သိရှိထားကြပြီးဖြစ်ရာ ဤကဲ့သို့သော အာမခံချက်မျိုး ပေးနိုင်ရန်မှာ ယန်ကျွယ့်အတွက်ပင်လျှင် လွန်စွာ ခဲယဉ်းလှပေသည်။ ထို့ကြောင့် သူ့နှလုံးသားထဲတွင် ချင်နွော်ရှီသည် အလွန် အရေးပါသည့်သူဖြစ်ကြောင်း ဤစကားများက သက်သေပြနေတော့သည်။ 


"သွား သူ့ကိုခေါ်ပြီး အကုန် ထွက်သွားကြ ..." 


အဖေချင်၏ အသံက ပေါက်ကွဲထွက်လာသည်။ 


"ပါး ..." 


ချင်နွော်ရှီက ကြောင်အသွား၏။ သူသည် ငယ်စဉ်ကတည်းက သီချင်းဆိုရခြင်းကို သဘောကျခဲ့ကာ အနုပညာရှင်တစ်ဦး ဖြစ်လိုသည့် အိပ်မက်မျိုး ရှိခဲ့ဖူးသည်။ အနုပညာကုမ္ပဏီများသို့ သူ ရေးဖူးသည့် သီချင်းမူကြမ်းများကိုလည်း ကြိမ်ဖန်များစွာ ပေးပို့ခဲ့ဖူး၏။ သို့သော် ဖခင်ဖြစ်သူသည် အမြဲ ထိုလုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ခဲ့သည်။ 


ဘာလို့ အခုကျမှ ရုတ်တရက်ကြီး ခွင့်ပြုလိုက်တာလဲ ... 


"အဲဒီ့တုန်းက မင်းအမေကိုလည်း နားမချနိုင်ခဲ့ဘူး အဲဒါကြောင့် အခု မင်းကိုလည်း အာရုံမစိုက်တော့ဘူး ထားလိုက်တော့ မင်းတို့တွေ ထွက်သွားပေးကြပါ ငါ နားအေးပါးအေးပဲ နေပါရစေ ..." 


ထိုစကားကို ကြားလိုက်ရချိန်တွင် ချင်နွော်ရှီသည် ဝေခွဲမရ ဖြစ်နေဆဲ ဖြစ်သော်ငြား ယန်ကျွယ့်၏ မျက်နှာထက်တွင်မူ ညင်သာသည့် အပြုံးတစ်ပွင့် ခပ်ဖွဖွ ပေါ်ထွက်လာတော့သည်။ 


"ကျေးဇူးတင်ပါတယ် ဦးလေး ..." 


ယန်အန်းယုကလည်း သူတို့အတွက် များစွာ ပျော်ရွှင်နေမိသည်။ ဤအခြေအနေအထိ ရောက်လာရန် ယန်ကျွယ့်အနေဖြင့် မည်မျှအထိ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရကြောင်း မြင်သာလှပေသည်။ 


ထိုညတွင် ယန်ကျွယ့်သည် ချင်နွော်ရှီကို S မြို့သို့ ပြန်ခေါ်သွားခဲ့သည်။ သူတို့နှစ်ဦးကို လိုက်ပို့ပြီးနောက် ယန်အန်းယုထံသို့ ယီချန်းယန်ထံမှ ဖုန်းခေါ်ဆိုမှုတစ်ခု ဝင်ရောက်လာခဲ့သည်။ 


မှားမြင်လိုက်သည်ဟု ထင်မိသည့်စိတ်ကြောင့် ဖုန်းကို ချက်ခြင်း မကိုင်ရဲခဲ့။ စခရင်ပေါ်ရှီ "ယီချန်းယန်" ဟူသော အမည်ကိုသာ အကြောင်သား ငေးကြည့်နေခဲ့သည်။ ယခင်က သူတို့သည် အမြဲတမ်း စာပို့ကာသာ အဆက်အသွယ် လုပ်ခဲ့ပြီး ယီချန်းယန်ဘက်မှ သူ့ကို ဖုန်းဆက်လာသည်မှာ ပထမဆုံးအကြိမ် ဖြစ်ပေသည်။ 


ဆက်လက် တုန်ခါနေဆဲဖြစ်သော ဖုန်းကို ကြည့်ကာ ထန်းကော်က သူ့ကို သတိပေးလိုက်သည်။ 


"သခင်လေး ဘာတွေ ငိုင်နေတာလဲ အမြန် ကိုင်လိုက်လေ ..."

"အင်း အင်း ..." 


"ဟေး ... ဟယ် .. ဟယ်လို ..." 


"ကိစ္စတွေအားလုံး ပြီးသွားပြီလား ..." 


ယီချန်းယန်က မေးလိုက်သည်။ သူသည် ယန်အန်းယု ရှောင်တခင်ခွင့်ယူသွားသည်ဟု သိလိုက်ရကတည်းက လွန်စွာ စိတ်ပူနေခဲ့သည်။ 


ယန်အန်းယု "အင်း ..." 


"ချင်နွော်ရှီကြောင့်ပဲလား ..." 


ယန်အန်းယုက အနည်းငယ် အံ့ဩသွား၏။ တစ်ဖက်လူ၏ လေသံမှာ အနည်းငယ် ထူးဆန်းနေသည်ဟု ခံစားမိသည့်အတွက် ပြုံးကာ ပြောလိုက်သည်။ 


"နွော်ရှီက ကျွန်တော့်အတွက် အရေးပါတဲ့ သူငယ်ချင်းတစ်ယောက်လေ ပြီးတော့ ခင်ဗျားရောပဲ ..." 


"..." 


ယီချန်းယန်မှာ စကားပင် ပြန်မပြောနိုင်တော့။ 


အရေးပါတဲ့ သူငယ်ချင်း ဟုတ်လား ... 


"မင်း ဘယ်အချိန် ပြန်လာမှာလဲ ..." 


ယီချန်းယန်က မေးလိုက်သည်။ 


ဘယ်အချိန်မှ ငါ့ဘေးကို ပြန်လာမှာလဲ ... 


"အခုပဲ ..." 


ယန်အန်းယုက ပြုံးကာ ပြောလိုက်သည်။ 


****


“နှလုံးသား၌ ထုဆစ်လေသော” ရိုက်ကူးရေးသည် ဇာတ်သိမ်းပိုင်းကို ရိုက်ကူးရမည့် အချိန်သို့ ရောက်ရှိလာတော့သည်။ အားခန်း၏ ပိန်ချုံးချည့်နဲ့နေသော အခြေအနေကို အပြည့်အဝ အကောင်အထည် ဖော်ပြနိုင်ရန် အလို့ငှာ ယခင်ကတည်းက မဝခဲ့ရှာသည့် ယန်အန်းယုမှာ ပို၍ပင် ပိန်ပါးလာခဲ့ရတော့သည်။ မူလက သူ့မျက်နှာတွင် အဆီပြင်လေးများ အနည်းငယ် ရှိနေသေးသည့်တိုင် ယခုမူ ၎င်းတို့အားလုံး ပျောက်ကွယ်ပြီး ချွန်ထက်သည့် မေးရိုးက အစားထိုး ဝင်ရောက်လာတော့၏။ မိတ်ကပ်ပြင်ဆင်ပြီးနောက်တွင် သူ၏ ရုပ်ရည်သည် မြင်သူအားလုံး စိတ်နှလုံး မချမ်းမြေ့ဖွယ် ကောင်းလှသည်အထိ ပိန်လှီသေးကျုံ့သွားတော့သည်။ 


ရိုက်ကူးရေး လုပ်နေစဉ်အတွင်း အပြင်းအထန် တိုက်ပွဲတစ်ပွဲ အပြီးတွင် ဒုတိယဇာတ်လိုက် ကပ္ပတိန်လျန်သည်လည်း ပြုတ်ကျသွားသဖြင့် ဒဏ်ရာ အပြင်းအထန်ရပြီး သတိလစ်မေ့မျောသွားခဲ့သည်။ ထိုစဉ် အားခန်းမှာလည်း တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေ၏။ သူက သွေးများဖြင့် စိုရွှဲနေသော ဝမ်းဗိုက်ကို ဖိထားကာ အသက်ကို အမောတကော ရှူရှိုက်လျက် လုပ်ဖော်ကိုင်ဖက်အချို့နှင့်အတူ ဆက်လက် တိုက်ခိုက်နေခဲ့သည်။ 


ထို့နောက်တွင် ကင်မရာရိုက်ချက်သည် အားကောင်းနှင့် တိုက်ခိုက်နေသည့် အဓိကဇာတ်လိုက် ယွမ်ကျစ်မင်ထံသို့ ပြောင်းလဲရောက်ရှိသွားသည်။ ယွမ်ကျစ်မင်က အားကောင်းကို အညှာအတာ ကင်းမဲ့စွာဖြင့် ကန်ကျောက်ကာ မြေပေါ်သို့ မှောက်ချလိုက်သည်။ ထိုစဉ် အနီးအနားရှိ မြေကြီးပေါ် လဲကျနေသော အားကောင်း၏ လုပ်ဖော်ကိုင်ဖက်တစ်ဦးက ရုတ်တရက် ကုန်းထလာကာ နှစ်ဦးအကြားရှိ ပစ္စတိုကို ဆတ်ခနဲ ဆွဲယူကာ သူ့ကို ချိန်ထားလိုက်သည်။ 


ဝရုန်းသုန်းကား ဖြစ်နေသည့် တိုက်ပွဲအကြားတွင် .. အမြင်အာရုံတို့ တစ်ဖြည်းဖြည်း မှုန်ဝါးစပြုလာသည့် .. အစ်ကိုဖြစ်သူ၏ ဘေးကင်းရေးကို အမြဲ စိုးရိမ်နေခဲ့သော အားခန်းသည် ထိုတစ်ယောက်၏ လုပ်ရပ်များကို ချက်ခြင်း သတိပြုမိသွားခဲ့သည်။ သူက အနားသို့ ရုတ်ချည်း ပြေးသွားကာ အစ်ကိုဖြစ်သူထံ ဦးတည်လာသည့် ကျည်ဆံကို ကာပေးလိုက်သည်။ 


“ရှောင်ရှောင် ...”


ယွမ်ကျစ်မင်က သူ့ကို ပွေ့ထားခဲ့၏။ မူးယစ်ဆေးအပြင် .. လူသတ်ကောင်အဖွဲ့အစည်း၌ လေ့ကျင့်ရေး ဆင်းစဉ်က ကြုံတွေ့ခဲ့ရသည့် အမျိုးမျိုးသော ဆင်းရဲဒုက္ခများကြောင့် .. အားခန်းသည် အလွန် ပိန်လှီဖျော့တော့နေသည်။ 


သူ့မျက်နှာမှာ တစ်ဖြည်းဖြည်း သွေးရောင်ကင်းမဲ့လာ၏။ သူက ပါးစပ်ကို ခက်ခက်ခဲခဲ ဖွင့်ကာ တစ်ခွန်းချင်း ပြောလိုက်လေသည်။ 


“ကော .. ကျွန် .. ကျွန်တော် တောင်းပန်ပါတယ် ... ကောက ကောင်းကောင်း အသက်ရှင်သွားရမယ်နော် ...”


ထို့နောက်တွင် .. ယန်အန်းယုကို ထိန်းကိုင်ထားသည့် ယီချန်းယန်သည် နှလုံးသားထဲ၌ ရှင်းမပြတတ်သည့် စူးရှနာကျင်မှုတစ်ရပ်ကို ခံစားလိုက်ရသည်။ ထို ရင်းနှီးနေသည့် ခံစားချက်မှာ အိပ်မက်ထဲတွင် အမြဲ သူ ခံစားခဲ့ရသည့် ခေါင်းကိုက်ဝေဒနာနှင့် များစွာ ဆင်တူလှသည်။ 


သူ့လက်ထဲမှာ ရှိနေတဲ့လူကို .. မသေစေချင်ဘူး ...


ရက်စက်လှသည့် လက်တွေ့ဖြစ်ရပ်မှ ရုန်းထွက်လိုစိတ်ကြောင့် အခြေအနေမှန်ကို လက်မခံလိုသည့် ငြင်းဆန်စိတ်များ ထွက်ပေါ်လာကာ ယန်အန်းယုကို ပွေ့ဖက်ထားသည့် သူ့လက်မောင်းတစ်စုံမှာလည်း တုန်ရီစပြုလာတော့သည်။ မျက်ရည်များ ကျဆင်းလာခြင်း မရှိသည့်တိုင် ထိုသို့ ကျဆင်းလာခြင်း မရှိသည်ကပင်လျှင် မြင်ရသူတိုင်းကို ကြီးစွာသော ပူဆွေးမှု ဖြစ်ပွားစေတော့သည်။ 


ထိုအခိုက်အတန့်၌ လူတိုင်းနီးပါး ဇာတ်လမ်းထဲသို့ နစ်ဝင်သွားကာ ရိုက်ကွင်း၏ အပြင်ဘက်၌ ရှိနေသူအချို့ပင်လျှင် ၎င်း၏ လွှမ်းမိုးမှုကို ခံစားခဲ့ကြရသည်။ 


ထိုစဉ် ဒါရိုက်တာရှုက လှမ်းအော်လိုက်၏။ 


“cut …”


အားလုံး ပဟေဠိ ဖြစ်သွားကြ၏။ 


ဒါက လုံလောက်အောင် အံ့ဩဖို့ မကောင်းသေးဘူးလား ...


“ချန်းယန် မင်းရဲ့ သရုပ်ဆောင်ချက်တွေ အကုန်လုံးက တော်တော်လေး ကောင်းတယ် ဒါပေမယ့် ဒီ အနီးကပ်ရိုက်ချက်မှာကျ မင်းရဲ့ ခံစားချက်တွေက တအား ပြင်းထန်လွန်းပြီး တစ်ခြားအရာတွေပါ ရောနှောပါဝင်နေတယ် ...”


ဒါရိုက်တာရှုက မျက်မှောင်ခပ်ဖွဖွကြုတ်ကာ ပြောလိုက်သည်။ 


ယီချန်းယန်က ခေါင်းငြိမ့်ပြကာ စိတ်ထဲမှလည်း တိတ်တိတ်လေး တွေးလိုက်သည်။ 


ဒီလောကရဲ့ အကျော်ဇေယျလို့ နာမည်ကြီးနေတဲ့ ဒါရိုက်တာ ဖြစ်ထိုက်ပါပေတယ် ... သူ့အကြည့်တွေက အမြဲတမ်းကို စူးရှနေပြီးတော့ တစ်ခြားလူတွေဆို သတိတောင် မထားမိလောက်တဲ့ အသေးစိတ် အချက်အလက်လေးတွေကအစ အကုန် သူ့အကြည့်အောက်ကနေ လွတ်မသွားဘူး ...


“နောက်တစ်ခေါက် ပြန်ရိုက်မယ် .. မင်းနဲ့ ရှောင်ယုက ညီအစ်ကိုဇာတ်နော် ရိုက်ကူးရေးလုပ်နေတုန်း တစ်ခြားဟာတွေ အတွေးလွန်မနေနဲ့ ...”


“နားလည်ပါပြီ ...”


ယီချန်းယန်က ပြန်ပြောလိုက်သည်။ 


“လုပ်နိုင်ပါတယ် ...”


ယန်အန်းယုက သူ့ကို မျက်တောင်ခတ်ပြကာ ထို့နောက် မျက်လုံးကို တစ်ဖန် ပြန်မှိတ်လျက် သေချင်ယောင်ဆောင်ရန် နာနာခံခံဖြင့် ပြန်လှဲချလိုက်တော့သည်။ 


ယီချန်းယန်၏ ခံစားချက်များသည်လည်း ချက်ခြင်းဆိုသလို များစွာ ပြေလျော့သွားတော့သည်။ 


သူ့မှာသာ ယန်အန်းယုလို ညီလေးမျိုး တကယ် ရှိနေခဲ့ရင် .. စိတ်ဝင်စားစရာကောင်းမှာပဲ ...


ထိုသို့ဖြင့် ရိုက်ကူးရေးကို ချောချောမွေ့မွေ့ဖြင့် လုပ်ဆောင်နိုင်ခဲ့တော့သည်။



👥️