👥️Chapter 32
အားခန်း သေဆုံးသွားပြီးနောက် ခန်းကျင်း သရုပ်ဆောင်ထားသည့် အမျိုးသမီးဇာတ်လိုက် ဖန်းချီသည်လည်း ဟုန်သာ့ကျင်း၏ အပျော်မယားဟူသော အဖြစ်မှ ရုန်းထွက်နိုင်ခဲ့သည်။
သူမသည် လွတ်လပ်သော ဘဝကို ပြန်လည်ကာ ရရှိခဲ့သည့်တိုင် အစမှ အဆုံးအထိ သူမသည် ယွမ်ကျစ်မင်ကို တစ်ဖက်သတ် ချစ်နေခဲ့ရေသာ်လည်း နောက်ဆုံးတွင် သူနှင့် ပေါင်းဖက်နိုင်ခြင်း မရှိခဲ့ချေ။
ကပ္ပတိန်လျန်ဟုန်က သက်သေများကို အလုံအလောက် စုစည်းကာ မြေအောက်လောက အကြီးအကဲ ဟုန်သာ့ကျင်းကို ချောမွေ့စွာဖြင့် ဖမ်းဆီးနိုင်ခဲ့သည်။ ထိုစဉ် ယွမ်ကျစ်မင်ကမူ သာ့ခဲကို ညီငယ်ဖြစ်သူ၏ အုတ်ဂူဆီသို့ ခေါ်လာပေးခဲ့သည်။
ထိုသို့ဖြင့် ရုပ်ရှင်ကို ဇာတ်သိမ်းခဲ့လိုက်သည်။ ဇာတ်ကြောင်းမှာ အနည်းငယ် ရိုးရှင်းသဖြင့် အချို့သော ကြည့်ရှုသူများအဖို့ အားမရနိုင်သဖွယ် ဖြစ်နိုင်သော်ငြား နောက်တစ်ကြိမ် ထပ်မံကြည့်လိုသည့် စိတ်ဆန္ဒများလည်း ကျန်ရစ်နေဦးမည်ပင်။
****
မြို့တော်ကြီးသုံးခုကို လှည့်ပတ်သွားလာကာ လပေါင်းများစွာကြာ ပင်ပန်းခက်ခဲစွာဖြင့် ရိုက်ကူးခဲ့ပြီးသည့်နောက် ရိုက်ကူးရေးအဖွဲ့သည် တရုတ်နှစ်သစ်ကူး မတိုင်မီ အလုပ်ကို လက်စသတ်နိုင်ခဲ့ကြသည်။ ထို့ကြောင့် အားလုံးက ဝမ်းမြောက်ဝမ်းသာစွာဖြင့် အောင်ပွဲခံလိုက်ကြသည့်တိုင် တုန့်ဆိုင်းနေသူ အများစုလည်း ရှိနေသေးပေသည်။
ဒါရိုက်တာရှုကို အလယ်တွင် ထားကာ သရုပ်ဆောင်အားလုံး စုဝေးလျက် ရိုက်ကူးရေးအဖွဲ့သားများနှင့်အတူ အုပ်စုလိုက် ဓာတ်ပုံရိုက်လိုက်ကြသည်။
နှုတ်ဆက်ညစာစားပွဲ အပြီးတွင် ယန်အန်းယုသည် ချီစန်း၊ ထန်းကော်တို့နှင့်အတူ S မြို့တော်သို့ လေကြောင်းခရီးဖြင့် ပြန်လည်ထွက်ခွာလိုက်သည်။
****
ဝမ်ရှင်းကျင်းယွမ်၌ ...
ယန်အန်းယုသည် ပြက္ခဒိန်စာရွက်ကို လှန်လှောလျက် အလျင်အမြန် ကုန်ဆုံးသွားသော အချိန်များကို ရေတွက်ကာ သက်ပြင်းချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နှစ်ဝက် ကုန်ဆုံးသွားပြန်၏။
အိမ်တွင် နေ့လည်စာ စားပြီးသည်နှင့် တစ်ပြိုင်နက် ယန်အန်းယုသည် သူ ဝယ်ယူထားသော ယီချန်းယန်၏ ဓာတ်ပုံပါ ခေါင်းအုံးကို ပိုက်ထားလျက် ဆိုဖာပေါ်တွင် လှဲလျောင်းကာ ဝူရှဝတ္ထုတစ်ပုဒ်ကို အေးအေးဆေးဆေး ဖတ်နေလိုက်သည်။
ထိုနေ့သည် တရုတ်နှစ်သစ်ကူး မတိုင်မီ တစ်ပတ်အလိုခန့် ဖြစ်သည်။ ပွဲဦးထွက်ကာစ လူသစ်တစ်ဦးသာ ဖြစ်သည့်အလျောက် သူသည် နှစ်သစ်ကူးပွဲတော် အစီအစဉ်များတွင် ပါဝင်နိုင်လောက်သည်အထိ ကျော်ကြားမှု မရှိသေးချေ။ ထို့အပြင် “နှလုံးသား၌ ထုဆစ်လေသော” ၏ နောက်ပိုင်း ပရိုမိုးရှင်း အစီအစဉ်များကိုလည်း နှစ်ကူးပြီးမှသာ ဆက်လက်ဆောင်ရွက်ရန် စီစဉ်ထားရာ လတ်တလောတွင် အားလပ်နေသည့် အချိန်စာရင်းကြောင့် ယန်အန်းယုသည် နှစ်သစ်ကို စိတ်အေးလက်အေးဖြင့် ဖြတ်သန်းရန်သာ စီစဉ်ထားသည်။
“ချပ် ...”
တစ်ခုခု ပွင့်သွားသည့်အသံကို ကြားလိုက်သည့်တိုင် ဆိုဖာပေါ်တွင် လဲလျောင်းနေသော ယန်အန်းယုက လှုပ်ရှားမလာခဲ့ချေ။ သူ ဖတ်လက်စ အခန်းမှာ အလွန် စိတ်ဝင်စားဖွယ် ကောင်းလှသည့်အတွက် ဇာတ်လမ်းထဲတွင် စီးမျောနေသည့်အပြင် ဝင်လာသူတွင် အိမ်သော့ရှိနေပေရာ သူစိမ်းမဟုတ်တန်ရာဟုသာ နှလုံးသွင်းထားခဲ့သည်။
“ယန်အန်းယု ...”
ရုတ်တရက် ထွက်ပေါ်လာသည့် ယီချန်းယန်၏ အသံကြောင့် ယန်အန်းယု တုန်လှုပ်သွားလေသည်။ ချက်ခြင်းဆိုသလို ဝုန်းခနဲ မတ်တပ်ထရပ်လိုက်သည့်အတွက် သူ့ရင်ခွင်ထဲတွင် ပိုက်ထားသည့် ဖက်လုံးသည်လည်း အောက်သို့ လျောကျလာ၏။ ယီချန်းယန်၏ ဓာတ်ပုံကို ပုံနှိပ်ထားသည့် ထိုဖက်လုံးသည် ကြမ်းပေါ်သို့ လှိမ့်ဆင်းသွားလျက် .. ကာယကံရှင်၏ ရှေ့တည့်တည့်သို့ ရောက်ရှိသွားတော့သည်။
ယီချန်းယန်က ၎င်းကို ငုံ့ကာကြည့်လိုက်၏။
ယန်အန်းယု “...”
သူ့အကြည့်တို့က ထိုခေါင်းအုံးပေါ်သို့ ကျရောက်သွားတော့သည်။ ထို့နောက်တွင် ယီချန်းယန်က ကိုယ်ကို ကိုင်းလျက် ၎င်းကို ကောက်လိုက်၏။
အလွန်အမင်း ရှက်ရွံ့သွားရှာသည့် ယန်အန်းယုသည် ခေါင်းကို ငိုက်စိုက်ချလျက် ချက်ခြင်း တွင်းတူးကာ ပျောက်ကွယ်သွားလိုစိတ်များ ဖြစ်ပေါ်လာလေသည်။
ရိုက်ကူးရေး ပြီးသွားပြီးကတည်းက သူတို့နှစ်ဦးသည် လူချင်း မတွေ့ဆုံဖြစ်ကြတော့ချေ။ ယန်အန်းယုက S မြို့သို့ ပြန်လာခဲ့ပြီး ယီချန်းယန်ကမူ အခြားမြို့တစ်မြို့သို့ ခရီးဆက်သွား၏။ ယခင်က သူသည် ယနေ့ ယီချန်းယန် ပြန်လာလိမ့်မည်မလားဟု တိတ်တခိုး မျှော်လင့်မိနေခဲ့သေးသည့်တိုင် ယခုအခြေအနေအရမူ ...
“ဒီဟာ ...”
သူက ရှက်ရွံ့စွာဖြင့် ရှင်းပြလိုက်သည်။
“ဒီတိုင်း ဖြတ်သွားရင်း တွေ့လိုက်တာလေ အဲဒါနဲ့ တော်တော်လေး ကောင်းတယ်လို့ ထင်မိလို့ .. ဝယ်လာခဲ့လိုက်တာ ...”
ရှက်သွေးများဖြင့် နီမြန်းလျက် အမှန်တရားအား ထုတ်ပြောလာသူကို စိုက်ကြည့်ရင်း ယီချန်းယန်သည် ကိစ္စများကို ခက်ခဲအောင် မလုပ်လိုတော့ချေ။ သူက စကားတစ်ခွန်းမှ မဆိုဘဲ ဖက်လုံးကိုသာ ဆိုဖာပေါ်သို့ ပြန်တင်ပေးလိုက်သည်။
ယန်အန်းယုကို ကျောပေးလိုက်ပြီးကာမှ နှုတ်ခမ်းထောင့်စွန်းတို့ ကော့တက်လာသည်အထိ ပြုံးလိုက်၏။
ကြည့်ရတာ သူ့ဘေးမှာ စစ်မှန်တဲ့ ပရိသတ်လေးတစ်ယောက် ပုန်းနေတာပဲ ...
“ခင်ဗျား .. ဒီနေ့ ရုတ်တရက်ကြီး ရောက်လာတာ တစ်ခုခု အရေးပေါ်ကိစ္စ ရှိလို့လား ...”
ယန်အန်းယုက အနေရခက်လှသည့် လေထုအခြေအနေကြီး အမြန်ဆုံး ပျောက်ကွယ်သွားစေရန်အလို့ငှာ စကားလမ်းကြောင်းပြောင်း၍ မေးလိုက်သည်။
“မင်းကို တစ်နေရာ ခေါ်သွားမလို့ ...”
****
S မြို့တော် ပေ့ရှင်းခရိုင်၌ ... ယီချန်းယန်သည် ထိုခရိုင်အတွင်းရှိ လူနေ ကျဲပါးသေးသည့် တောအုပ်ဗီလာတစ်ခုတွင် နေနေခဲ့သည်။
သို့သော် ယန်အန်းယုကမူ ၎င်းကို မထူးဆန်းဟုသာ ခံစားမိခဲ့သည်။ မီဒီယာများ၏ နှောင့်ယှက်မှုကို ရှောင်ရှားရန် အလို့ငှာ ယီချန်းယန်သည် သူ၏ နေထိုင်ရာ အိမ်ကို မကြာခဏ ပြောင်းလဲလေ့ရှိသည်။ သူ့ကို အတည်တကျ အခြေချနေထိုင်လိုစိတ် ဖြစ်ပေါ်လာအောင် လုပ်နိုင်သည့်သူ မရှိသေးဟုပင် ပြော၍ ရပေသည်။
ယခုကာလမှာ ဇန်နဝါရီလနှောင်းပိုင်း ဆောင်းရာသီ အချိန်ကာလ ဖြစ်သည်။ မြို့လယ်ခေါင်နှင့် နှိုင်းယှဉ်ပါလျှင် ထိုခရိုင်၏ ရာသီဥတုအခြေအနေမှာ သိသိသာသာ ပိုအေးလှသည်။ ယန်အန်းယုသည် ယီချန်းယန်၏ ကားထဲမှ ထွက်သည်နှင့်တစ်ပြိုင်နက် တဖွဲဖွဲ ကျဆင်းနေသော နှင်းမှုန်များနှင့် ရင်ဆိုင်လိုက်ရသည်။
ဖြူဖွေးတောက်ပသည့် နှင်းမှုန်များမှာ အင်မတန် နှစ်လိုဖွယ်ရာပင်။ ယန်အန်းယုက လက်အိတ်ကို ချွတ်ကာ လက်ဗလာဖြင့် နှင်းပွင့်များကို ဖမ်းကိုင်လိုက်သည်။ သို့သော် သူ့လက်နှင့် ထိသည်နှင့်တစ်ပြိုင်နက် ထိုနှင်းပွင့်များက ချက်ခြင်း ပျောက်ကွယ်သွားတော့၏။
ယီချန်းယန်က သူ၏ လှုပ်ရှားမှုအားလုံးကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့သည်။ ယန်အန်းယုသည် အမြဲလိုလို နုနယ်ငယ်ရွယ်သည့် စိတ်ထားကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။
သူက အနီးသို့ လျှောက်လာကာ ယန်အန်းယု၏ လက်ကို လှမ်းဆွဲလိုက်သည်။
“ငါနဲ့လိုက်ခဲ့ ... ဒီရာသီနဲ့ အပြင်မှာ အကြာကြီး မတ်တပ်ရပ်နေရင် ဖျားသွားလိမ့်မယ် ...”
“ကောင်းပါပြီ ...”
ယန်အန်းယုက နာခံမှု ရှိစွာဖြင့် ခေါင်းငြိမ့်ပြကာ ယီချန်းယန်၏ ဦးဆောင်ရာအတိုင်း ဗီလာပထမထပ်ရှိ ဧည့်ခန်းသို့ လိုက်သွားလိုက်သည်။
“ကျွန်တော့်ကို တစ်နေရာ ခေါ်သွားပေးမလို့ဆို လက်စသတ်တော့ ခင်ဗျားရဲ့ အိမ်အသစ် ဖြစ်နေတာကိုး ...”
ယန်အန်းယုက ဧည့်ခန်းကို လှည့်ပတ်ကာ အကဲခတ်လိုက်သည့်တိုင် ယီချန်းယန်၏ ရည်ရွယ်ချက်ကို မခန့်မှန်းတတ်သေးချေ။
“ဒီတစ်ခု .. ဒါ အခုထိရော အကျုံးဝင်သေးလား ...”
ယီချန်းယန်က သူ့အိတ်ကပ်ထဲရှိ မှတ်စုစာရွက်တစ်ရွက်ကို ထုတ်ပြကာ ပြောလိုက်သည်။ စာရွက်ပေါ်တွင် ခပ်ဝဝ ဘဲတစ်ကောင်ပုံကို ဆွဲထားသည်။ ဤသည်မှာ Z မြို့၏ ဆေးရုံတွင် ယီချန်းယန်အတွက် သူ ဆွဲပေးခဲ့သည့်စာရွက် ဖြစ်သည်။
“ဝင်သေးတာပေါ့ ....”
ယန်အန်းယုက ပြုံးကာ ပြောလိုက်သည်။ သူ့အကြည့်တို့မှာ ဝင်းလက်တောက်ပနေကာ ရှေ့သွားသေးသေးလေးနှစ်ချောင်း ပေါ်သည်အထိ ပြုံးပြနေခဲ့သည်။
ယခုအချိန်မှာ တရုတ်နှစ်သစ်ကူးကာနီးအချိန် ဖြစ်သည်။ ယီချန်းယန်မှာ မိဘများ ဆုံးပါးသွားပြီး ဖြစ်သည့်အပြင် ဆွေမျိုးနီးစပ်ဟူ၍လည်း မရှိသည့်အတွက် နှစ်သစ်ကူးကို အမြဲတမ်း တစ်ယောက်တည်းသာ ဖြတ်သန်းခဲ့ရသည်။ စိတ်အခြေအနေ တက်ကြွလာစေရန်အတွက် လီယဲ့သည် အချို့သော နှစ်ကူးဆုတောင်းစတစ်ကာများကို အွန်လိုင်းမှတစ်ဆင့် မှာယူကာ သူ့အိမ်တွင် ကပ်ထားပေးခဲ့ပြီး မီးဖိုထဲတွင်လည်း ကြက်၊ဘဲ၊ငါးနှင့် အခြားသော စားသောက်ဖွယ်ရာများကို အဆင်သင့် ပြင်ဆင်ပေးထားခဲ့သည်။
ထင်မှတ်မထားသည့် ကိစ္စများသည် တစ်ခုပြီးတစ်ခု ဖြစ်ပွားလာခဲ့သည်။ ယန်အန်းယုသည် နေ့ခင်းပိုင်း ဝတ္ထုဖတ်နေချိန်က နောက်ထပ် နာရီအနည်းငယ်ခန့် အကြာတွင် ယီချန်းယန်၏ မီးဖိုချောင်ထဲ၌ ဘဲသားဟင်း ချက်ပေးရင်း အလုပ်များနေရလိမ့်မည်ဟု တွေးပင် မတွေးမိခဲ့ဖူးချေ။
သို့သော် သူက တက်ကြွဖွယ် လေထုအနေအထားကို ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်ကာ သီချင်းသံလေး တီးတိုးညဉ်းရင်း အလုပ်များနေခဲ့လိုက်သည်။
ထိုညနေ၌ .. သူသည် မီးဖိုချောင်ထဲတွင် ရှိသည့် ဟင်းချက်စရာများနှင့်အတူ အဓိကဟင်းပွဲ ငါးမျိုးနှင့် စွတ်ပြုတ်နှစ်ပွဲကို ချက်ပြုတ်ခဲ့သည်။ မီးဖိုထဲ လှည့်ပတ်သွားလာရင်း အလုပ်များနေပြီးနောက် အေပရွန်ကို ဖြည်လိုက်သည့် အချိန်တွင် ထင်မှတ်မထားစွာဖြင့် ယန်ကျွယ့်ထံမှ ဖုန်းဝင်လာခဲ့သည်။
“ရှောင်ယု ဘယ်မှာလဲ မင်းက ဝမ်ရှင်းကျင်းယွမ်မှာ မဟုတ်ဘူးလား ...”
ယန်ကျွယ့်၏ လေသံထဲတွင် စိုးရိမ်စိတ်နှင့် သိလိုမှုတို့ ရောယှက်ပါဝင်နေခဲ့သည်။
“အင်း ကျွန်တော် အပြင်သွားနေတာ ...”
“ဘယ်သွားနေတာလဲ ...”
ယန်ကျွယ့်က တစူးတစမ်း မေးလိုက်သည်။
“သူ .. သူငယ်ချင်းတစ်ယောက်ရဲ့ အိမ်ကိုပါ ...”
ယန်အန်းယုက ဘေးဘီကို ဝေ့ဝဲကြည့်ကာ ဖြေလိုက်သည်။ အစ်ကိုကြီးသာ သူ ယီချန်းယန်နှင့် အတူရှိနေကြောင်း သိသွားပါလျှင် ကျိန်းသေ ဒေါသထွက်သွားပေလိမ့်မည် ။
“အမှန်အတိုင်းပြော ...”
ယန်ကျွယ့်ကလည်း တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိနေပေသည်။
“ကျွန်တော် ...”
ယန်အန်းယုမှာ ဝန်ခံရုံမှအပ အခြား ရွေးချယ်စရာ မရှိတော့ချေ။
“ယီချန်းယန်နဲ့ အတူ ရှိနေတာပါ ...”
“ဘာ ...”
ယန်ကျွယ့် ကြောင်အသွား၏။ ယီချန်းယန်သည် ရှန်းဟွမ်၏ လက်အောက်ခံ အနုပညာရှင်တစ်ဦး ဖြစ်ပေရာ သူဌေးဖြစ်သူ ယန်ကျွယ့်က ထိုရုပ်ရှင်ဧကရာဇ်၏ အချိန်စာရင်းကို အတိအကျ သိထားပေသည်။
သူက မနက်မှ S မြို့ကို ပြန်ရောက်လာရမှာ မဟုတ်ဘူးလား ဘာလို့ ညနေခင်းကြီး ငါ့ညီလေးကို လာဖျားယောင်းနေတာလဲ ...
ကြည့်လေ .. ထင်ထားတဲ့အတိုင်းပဲ အစ်ကိုကြီးက ဒေါသထွက်သွားပြီ ...
ယန်အန်းယု ချက်ခြင်း ပြုံးလိုက်ကာ လေချိုသွေးလိုက်သည်။
“ကော စိတ်မပူပါနဲ့ ကျွန်တော် သူနဲ့ ထမင်းပဲ စားမှာပါ သူ့ကို ဟိုးအရင်ကတည်းက ကတိပေးထားလို့ ...”
“...”
ယန်ကျွယ့်မှာ စကားပင် မပြောနိုင်တော့။
ဒီနှစ်ယောက်က ဟိုးအရင်ကတည်းက တစ်ခုခု ဖြစ်ခဲ့ကြပြီးသားနေမှာ .. ထန်းကော်က ဒိကိစ္စတွေကို ပြန်ပြီး အစီရင်ခံမထားဘူးပဲ ...
“တောင်းပန်ပါတယ် ကျွန်တော် ခဏနေရင် ပြန်လာခဲ့ပါ့မယ် ...”
“အတတ်နိုင်ဆုံး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရမယ်နော် ဟုတ်ပြီလား ...”
ယန်အန်းယု “...”
အစ်ကိုကြီးက ဒါတွေပဲ ခဏခဏ မှာနေတာ မသိရင် ယီချန်းယန်က သူ့ကို တစ်ခုခု လုပ်ဖို့ ကြံစည်နေတဲ့ လူဆိုးကြီး အတိုင်းပဲ ...
ရက်ပေါင်းများစွာ ခွဲနေခဲ့ရသည့် ယန်အန်းယုနှင့် ယီချန်းယန်တို့အကြားတွင် ညစာ အတူတူ စားခဲ့သည့် အကြိမ်အရေအတွက်မှာ အလွန် နည်းပါးလွန်းလှသည်။ ညစာစားနေစဉ်အတွင်း ယီချန်းယန်သည် စကား အနည်းငယ်သာ ပြောခဲ့သည့်တိုင် နှုတ်ခမ်းထောင့်စွန်းတွင်မူ အပြုံးတစ်ပွင့်ကို အစမှ အဆုံးအထိ ချိတ်ဆွဲထားခဲ့ပေသည်။
ည ၈ နာရီခန့်တွင် နှင်းလွှာထုက မြေပြင်ကို ထူထပ်စွာ ဖုံးအုပ်ထားသည်အထိ တဖွဲဖွဲ ကျဆင်းလာတော့သည်။ ယန်အန်းယုက လည်စည်းကို ပတ်ကာ လက်အိတ်ကို ဝတ်ဆင်လျက် အိမ်ပြန်ရန် ပြင်ဆင်လိုက်သည်။
“ပြန်တော့မလို့လား ...”
ယီချန်းယန် မေးလိုက်သည်။
“အင်း .. ဒီမှာ ညလုံးပေါက် နေလို့ မဖြစ်ဘူးလေ ...”
“ဘာလို့ မဖြစ်ရမှာလဲ ...”
သူက ယန်အန်းယုနှင့် အကြည့်ချင်း ဆုံစေလျက် မေးလိုက်သည်။
ယန်အန်းယုက နားဝေတိမ်တောင် ဖြစ်သွား၏။
“နှင်းကတအားကို ကျနေတာ မနက်ဖြန် မနက်မှ စဲလောက်တယ် ဒီနေရာက ဝမ်ရှင်းကျင်းယွမ်နဲ့လည်း တော်တော်လေး ဝေးတော့ .. မင်း ဒီမှာပဲ နေလိုက်လေ ...”
ယီချန်းယန်၏ လေသံမှာ မထူးဆန်းသော်ငြား အကြည့်တို့မှာမူ ကွဲပြားလှပေသည်။ သူ့မျက်ဝန်းတို့၏ အောက်ခြေ၌ ဆန္ဒတစ်စုံတစ်ရာ ပေါ်ထွက်နေခဲ့သည်။
ယန်အန်းယုက ခေါင်းကို ယမ်းကာ ငြင်းလိုက်ဆဲပင်။
“ကိစ္စမရှိပါဘူး အလွန်ဆုံးမှ အိမ်ပြန်နောက်ကျရုံပေါ့ .. ဒီမှာ ဆက်နေရင် ခင်ဗျားအတွက် အဆင်မပြေ ဖြစ်လိမ့်မယ် ...”
“ဒါဆို ငါ့ကို အဖော်ပြုပေးဖို့ နေရင်ရော ...”
“...”
ယန်အန်းယု နောက်တစ်ကြိမ် ကြောင်အသွားပြန်၏။
ဤတစ်ကြိမ်မှာ သူ့ကို အဖော်ပြုပေးရန် ယီချန်းယန်က ရောက်လာခြင်း မဟုတ်ဘဲ သူ့ကို အဖော်ပြုပေးရန် ယန်အန်းယုကို တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
“တရုတ်နှစ်သစ်ကူး ပြီးသွားရင် ဖေဖော်ဝါရီလထဲကျ နိုင်ငံခြားကို ခရီးထွက်ရမှာ .. ငါ့ကို နည်းနည်းလောက် ပိုပြီး အဖော်လုပ်ပေးလို့ ရမလား ...”
ထိုစကားကို ကြားသည့်အခါ ယန်အန်းယု၏ နှလုံးသားလည်း နူးညံ့ပျော့ပျောင်းသွားတော့သည်။ သို့သော် မူလကိုယ်၏ အထောက်အထားကို မကြာခဏ အသုံးပြုရသည့်အတွက် သူ့စိတ်ထဲတွင် ဒွိဟဖြစ်မှုများက မကြာခဏ ပေါ်ထွက်လာတော့သည်။
လက်သီးကို ကျစ်ကျစ်ဆုပ်ထားလျက် သူက ကိစ္စတစ်ခုကို အတည်ပြုရန် ကြိုးစားလိုက်တော့သည်။
“ခင်ဗျားက ဘယ်သူ့ကို အဖော်ပြုပေးစေချင်တာလဲ ...”
ယန်အန်းယုက သိလိုနေခဲ့သည်။
သူ့ကိုလား ဒါမှမဟုတ် “ယန်အန်းယု” လို့ ခေါ်တဲ့ လူကိုပဲလား ...
“မင်း .. ကိုယ့်ရှေ့တည့်တည့်မှာ ရှိနေတဲ့ မင်းကို ...”
****
S မြို့တော်၊ ပေ့ရှင်းခရိုင်၊ ယီချန်းယန် လက်ရှိ နေထိုင်ရာ သစ်တောဗီလာ၌ ...
နောက်ဆုံးတွင်မူ ယန်အန်းယုသည် ထိုနေရာ၌ ဆက်နေရန်သာ ဆုံးဖြတ်လိုက်တော့သည်။
ထို့နောက် သူက ယန်ကျွယ့်ကို ဖုန်းဆက်ကာ နှင်းများ သည်းထန်စွာ ကျဆင်းနေသည့်အတွက် ချက်ခြင်း ပြန်လာရန် အဆင်မပြေသည့်အကြောင်း ရှင်းပြလိုက်၏။
ထိုစကား ကြားသည့်အခါ ယန်ကျွယ့်က များစွာ မကျေမနပ် ဖြစ်သွား၏။ သူက ယီချန်းယန်ကို အမြဲလိုလို သဘောမကျခဲ့သူ ဖြစ်သည်။ ထိုစကားကို ကြားသည့်အခါ စိတ်ထဲတွင် သူ့ညီလေးကို ကျားခံတွင်းထဲ ရောက်သွားရရှာသည့် သိုးငယ်တစ်ကောင်နှယ် ထင်မှတ်မိသွားလေသည်။
တစ်ယောက်တည်းနေတဲ့ ယောကျ်ားတစ်ယောက်နဲ့ ယောကျာ်းတစ်ယောက်(🤣) တစ်ညလုံး အိမ်ထဲမှာ အတူတူ ရှိနေကြတာ ဘယ်လိုပဲစဉ်းစားစဉ်းစား သင့်တော်မနေဘူးလေ ...
“ရှောင်ယု သူ့ဘေးမှာ နေချင်တာ တကယ်ပဲ မင်းရဲ့ ဆန္ဒအစစ် ဟုတ်လို့လား ...”
သူက ချက်ကျလက်ကျ မေးလိုက်သည်။ အမှန်တကယ်တွင် အမျိုးမျိုးသော အကြောင်းပြချက်များမှာ ဆင်ခြေမျှသာ ဖြစ်ပေသည်။ ယန်အန်းယုသည် အမြဲလိုလို ယီချန်းယန်ဘက်သို့ ဘက်လိုက်လေ့ရှိကြောင်းကို သူကိုယ်တိုင်လည်း ကောင်းစွာ သိထားပေ၏။
“...”
ယန်အန်းယု အနည်းငယ် ကြောင်အသွားကာ ပြန်လည်ကာ မချေပနိုင်တော့ချေ။
ယန်အန်းယုထံမှ စကားသံ တစ်ခွန်းမျှပင် ထွက်မလာတော့သည့်အတွက် ယန်ကျွယ့်ကလည်း ဆက်ပြီး မေးမနေတော့။ ထိုသူနှစ်ဦးမှာ လက်ထပ်ထားပြီးသူများ ဖြစ်ကြသည့်အပြင် ယခုလက်ရှိတွင် ယန်အန်းယုသည် ပိုမိုကာ စဉ်းစားဆင်ခြင်တတ်လာပြီ ဖြစ်သည့်အတွက် သူ့ကို အချိန်တိုင်း လိုက်လံထိန်းချုပ်နေခြင်းက မကောင်းလှချေ။
ယန်ကျွယ့် သက်ပြင်းချလိုက်သည်။
“ကောင်းပြီ ဒါဆို မင်းကို ငါ မနက်မှပဲ လာခေါ်တော့မယ် ...”
“ကျေးဇူးပါ ကော ....”
ယန်အန်းယုက ခပ်ဖျော့ဖျော့ ပြုံးကာ ဖုန်းချလိုက်သည်။
အမျိုးမျိုးသော အကြောင်းပြချက်များအရ ယန်ကျွယ့်နှင့် ယီချန်းယန်အကြားတွင် ကောင်းမွန်သော ဆက်ဆံရေးတစ်ခု ရှိသင့်ပေသည်။ သို့သော် ...
ယန်ကျွယ့်မှာ ယီချန်းယန်ကို တစ်ခုခု အထင်အမြင်လွဲနေသည့်ဟန်ပင်။ အနာဂတ်တွင် သူသည် အခွင့်အရေးတစ်ခု ရှာကာ အစ်ကိုကြီးအား ယီချန်းယန်ကို ပိုပြီး နားလည်လာစေရန်နှင့် သူ၏ အထင်အမြင်လွှဲမှားမှုများ ပပျောက်သွားစေရန် ကြိုးစားပေးရဦးမည်ဟု ဆုံးဖြတ်လိုက်သည်။
ပြတင်းပေါက် အပြင်ဘက်တွင် နှင်းပွင့်များက အဆက်မပြတ် ကျဆင်းနေကာ လမ်းပေါ်ရှိ နှင်းထုလွှာမှာ ပို၍ပင် ထူထဲလာသည်။ ၎င်းက တစ်ဖြည်းဖြည်း စုပြုံလာကာ မြေပေါ်၌ အဖြူရောင် ထုထည်ကြီးတစ်ရပ် ဖြစ်လာတော့၏။ အိမ်ထဲတွင်မူ အပူပေးစက် ဖွင့်ထားသည့်အတွက် နွေဦးသဖွယ် နွေးထွေးနေပေသည်။
ယန်အန်းယုက ကုတ်အင်္ကျီကို ချွတ်ကာ အဖြူရောင် လည်ပိတ်ဆွယ်တာတစ်ထည်ကိုသာ ဝတ်ဆင်ထား၏။ ဆွယ်တာအင်္ကျီ၏ ရင်ဘက်တွင် အလွန် ချစ်စရာကောင်းသည့် ကာတွန်းပုံလေးများလည်း ပါရှိနေပေသည်။ သို့သော် ယီချန်းယန်ကမူ ကွဲပြားလှသည်။ သူက ရိုးရှင်းကာ စတိုင်ကျသည့် ခဲရောင် ဗီပုံလည်ပင်းပါ ဆွယ်တာတစ်ထည်ကိုပါ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထား၏။ ယန်အန်းယုက သူ့ကို မအေးဘူးလားဟု မေးလိုက်ချင်သော်ငြား .. တစ်ခဏမျှ စဉ်းစားကြည့်လိုက်သည့်အခါ ယီချန်းယန်၏ လက်ဖဝါးများမှာ အမြဲ ပူပြင်းနွေးထွေးနေတတ်ကြောင်းကို သတိရသွားသည်။
သူက ယီချန်းယန်ကို အထက်အောက် စုန်ချည်ဆန်ချည် အကဲခတ်နေစဉ် တစ်ဖက်လူကလည်း သူ့ကို တိတ်တဆိတ် အကဲခတ်နေခဲ့၏။
“နှလုံးသား၌ ထုဆစ်လေသော” ရိုက်ကူးရေးအပြီးတွင် ယန်အန်းယုသည် ကောင်းကောင်းမွန်မွန် စားနိုင်အိပ်နိုင်သွားပြီ ဖြစ်သည်။ သူ၏ ညစာမှာလည်း အသီးများချည်း မဟုတ်တော့ဘဲ အနပ်တိုင်း အသားဟင်း စားခွင့်ရသွားပြီ ဖြစ်သည့်အတွက် မျက်နှာတွင် အဆီအနည်းငယ် ထွက်ပေါ်လာကာ ယခင်ကဲ့သို့ ပိန်သေးသေးလေး မဟုတ်တော့ချေ။
ထို့နောက်တွင် ယီချန်းယန်က သူ၏ နောက်နှစ်အတွက် အစီအစဉ်များနှင့် ပတ်သက်၍ ရိုးရှင်းသည့် မေးခွန်း အနည်းငယ်ခန့် မေးမြန်းလာခဲ့သည်။ ယန်အန်းယုကလည်း တစ်ခုမကျန် ပြန်လည်ဖြေဆိုခဲ့၏။
လတ်တလောတွင် သူသည် အလုပ်ဟူ၍ မရှိသေးသည့် နာမည် မကြီးသေးသော လူသစ်လေး တစ်ဦးမျှသာ ဖြစ်ပေရာ တစ်နှစ်ပတ်လုံး ဟိုဟိုဒီဒီ ပြေးလွှားကာ အလုပ်များနေရသည့် ယီချန်းယန်နှင့် မနှိုင်းယှဉ်နိုင်ပေ။
👥️