Chapter 203
Viewers 29k

🌱Extra

Ch 203

တစ်ချိန်က ရင်းနှီးခဲ့သည့်နေရာများသို့ ထပ်မံသွားရောက်လည်ပတ်ခြင်း (၁)



တစ်ချိန်က စွေ့ချီချောင်းမှာ အခွင့်အရေးရှိပါက သူအလည်သွားရောက်ခဲ့သည့် မှတ်ဉာဏ်တုလေယာဉ်များပေါ်သို့ ပြန်သွားကာ လျှောက်ကြည့်မည်ဟု တွေးခဲ့ဖူးပေသည်။ နောက်ဆုံးတွင် ၄င်းက ဖြစ်နိုင်လာပြီ ဖြစ်သည်။ လင်းလင်းက စီစဉ်မှုများပြုလုပ်ကာ သူနှင့်ရှောင်ပိုင်အား တစ်ချိန်က ရင်းနှီးခဲ့သည့် နေရာများကို ပြန်သွားခွင့်ပြုရန် ကတိပေးလိုက်သည်။ 


သူတို့ပထမဆုံး ပြန်လည် လည်ပတ်ခဲ့သည့်နေရာက CU ပင်ဖြစ်သည်။ 


စွေ့ချီချောင်းမှာ ဤနေရာရှိ သူ့အိမ်တွင် ဦးဆုံးရပ်လိုက်သည်။ ရှောင်ပိုင်က ဤမှတ်ဉာဏ်တုလေယာဉ်ပေါ်တွင် စွေ့ချီချောင်း၏ မိဘနှစ်ပါးကို ယခင်က မမြင်ခဲ့ဖူးသော်လည်း ဤနေရာ၏မိဘများကို စွေ့ချီချောင်းက အလွန်နှစ်သက်သည်ကို သိထားရာ သူ့မိဘများ၏ အိမ်သို့ လက်ဆောင်များ ယူလာလေသည်။ 


"လာထိုင်လေ... ရှောင်ကျန်း..."

မေမေစွေ့က အပြုံးတစ်ခုနှင့် ဆိုလိုက်သည်။ ဖေဖေစွေ့မှာမူ သူ့အား သဘောမကျကာ ကူကယ်ရာမဲ့နေသည့် အကြည့်တစ်ခုဖြင့် အေးစက်စွာ နှုတ်ဆက်လိုက်သည်။ 


ခဏအတွင်းမှာပင် မေမေစွေ့က ဆိုလိုက်သည်။ 

"ရှင့်ပုံစံက ဘာဖြစ်နေတာလဲ... ကျွန်မတို့သားက ပြန်မလာတာ ဒီလောက်ကြာနေပြီကို..."


အားမလိုအားမရဖြစ်နေသော ဖေဖေစွေ့က တစ်ခွန်းသာဆိုနိုင်ပေသည်။ 

"မင်းတို့အကုန် ဒီမှာထိုင်နေ မလှုပ်နဲ့... ငါ လိမ္မော်သီး တစ်အိတ်သွားယူလိုက်မယ်..."


"ကျွန်တော်လုပ်ပါ့မယ် အဖေ..."

စွေ့ချီချောင်းက ပတ်ကြည့်လိုက်သည်။ သူစီစဉ်ခဲ့သည့် လသာဆောင် ဥယျာဉ်ကို ကောင်းကောင်းထိန်းသိမ်းထားဆဲဖြစ်၍ သူက ဝမ်းမြောက်ဝမ်းသာ မဖြစ်ဘဲ မနေနိုင်ချေ။ သူ လိမ္မော်သီးများ ခူးနေစဉ် အိမ်စိုက် ခရမ်းချဥ်သီးများလည်း ခူးကာ ဆေးပြီးစားလိုက်သည်။ 


"ဒါနဲ့... မင်းရဲ့ကြောင်ရော..."

ဖေဖေစွေ့က ခြောက်ကပ်စွာ မေးလိုက်သည်။ 


စွေ့ချီချောင်းနှင့် ကျန်းထန့်ဝေ့က အချင်းချင်း ထုတ်မပြောဘဲ နားလည်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီးနောက် ကျန်းထန်ဝေ့က ဆိုလိုက်သည်။ 

"သူက ရှိတော့ရှိပါသေးတယ်... ဒါပေမဲ့ ကြောင်က အခု ကောင်လေးရနေပြီဆိုတော့ လက်ရှိ သူ့ကောင်လေးအိမ်မှာ..."


"အိုး..."

ဖေဖေစွေ့က ခေတ္တမျှ တွေးတောလိုက်သော်လည်း "ရှောင်ပိုင်က အထီးလား အမလား"ဆိုသည်ကို မမှတ်မိကာ သက်ပြင်းချပြီး ဆိုလိုက်သည်။ 

"အဲ့ကြောင်က တော်တော်လေး လိမ္မာတယ်..."


ကျန်းထန်ဝေ့က ချက်ချင်း ပြန်ဖြေလိုက်သည်။ 

"ကျေးဇူးပါ..."


ဖေဖေစွေ့က ကြောင်အသွား၏။

ငါက ကြောင်ကိုပြောနေတာလေ... ဒီကောင်လေးက ဘာလို့ အရမ်းယဉ်ကျေးနေတာလဲ... နေပါဦး ငါ့သားက အဲ့ကြောင်ကို လေ့ကျင့်ပေးနေတဲ့ ရက်တွေတုန်းကတည်းက ဒီကောင်လေးနဲ့ မရေမရာဆက်ဆံရေးတစ်ခု ရှိနေပြီးသားလား... သူက သူတို့ရဲ့ မရေမရာဆက်ဆံရေးကြောင့် အိမ်ကနေ အကြာကြီး ထွက်သွားတာလား...


ဖေဖေစွေ့က ချက်ချင်းပင် အနည်းငယ် ခါးသက်နေသည့် အသံနေအသံထားဖြင့် ထပ်ဆိုလိုက်သည်။ 

"သားတွေကို အဖေတွေလောက် ဘယ်သူကမှ နားမလည်ဘူး... သားတွေကလည်း အဲ့လိုပါပဲ..."

သူက အမှန်တွင် သူ့သားက အမျိုးသားတစ်ယောက်နှင့် ချစ်မိသွားသည်ကို လက်မခံသော်လည်း သူ့သားအား မည်သို့ပြုလုပ်ရမည်ကိုလည်း မသိပေ။ 


စွေ့ချီချောင်းက သူဘာပြောနေသည်ကို မသိသော်လည်း ကြောင်အစွာ ခေါင်းညိတ်လိုက်ဆဲ ဖြစ်သည်။ 

"အဖေပြောတာ မှန်ပါတယ်..."


အိမ်တွင် ရက်အနည်းငယ်ခန့် နေထိုင်ပြီးနောက် ထုံးစံအတိုင်းပင် သူတို့၏ နောက်ခရီးမှာ CUဖြစ်၏။ သူတို့က ထိုနေရာကို ကားဖြင့်သွားလိုက်သည်။ စွေ့ချီချောင်း၏ ဦးလေးမှာ ကျောင်း၏ ကျောင်းအုပ်မဟုတ်တော့သည်ဖြစ်ရာ စွေ့ချီချောင်းက သူ့ကို မဆက်သွယ်လိုက်ပေ။ 


စွေ့ချီချောင်းက ဤနေရာသို့ လာခဲ့ပြီး ထွက်ခွာလာခဲ့သည်မှာ ၅နှစ်ကြာပြီဖြစ်သည်။ ဤအချိန်အတွင်း CUကျောင်းစားသောက်ဆိုင်များ၏ လုပ်ငန်းစဉ်များက အပြည့်အဝ ရင့်ကျက်လာပြီဖြစ်သည်။ ထို့အပြင် လူတိုင်းက ကျောင်းစားသောက်ဆိုင်မှ အစားအသောက်များကို ထုတ်ပြောလိုက်သည့်အချိန်တိုင်း သူတို့က ဆိုဝါးသည့် အစားအသောက်များကို ထပ်မံမတွေးမိပေ။ CUမှ အမည်ပေးခဲ့သည့် ငရုတ်သီးအသစ်မှာလည်း အလွန်နာမည်ကျော်သည့် တံဆိပ်တစ်ခုဖြစ်လာလေသည်။


စွေ့ချီချောင်းနှင့် ကျန်းထန်ဝေ့က ကျောင်းဝန်းထဲသို့ လှည့်ပတ်ကြည့်လိုက်သည်။ သူက ရံဖန်ရံခါ ပစ္စည်းများကို ညွှန်ပြကာ ကျန်းထန်ဝေ့အား ဤသည်က ရှောင်ပိုင် ဘဲကျောင်းခဲ့သည့်နေရာဆိုသည်နှင့် ဤသည်က ရှောင်ပိုင် လေ့ကျင်မှုခံယူခဲ့သည့်နေရာ ဆိုသည်များကို ပြောပြလိုက်သည်။ 


သူတို့က အိပ်ဆောင်အန်တီကြီး၏ ဂရုစိုက်မှုအောက်ရှိ ရှောင်ပိုင်၏အစ်ကိုကြီးကိုပင် တွေ့ခဲ့၏။ သို့သော် ထိုကြောင်မှာ ရှောင်ပိုင်ကို သတိမပြုမိသည်မှာ ကြာပြီ ဖြစ်သည်။ ဤကြောင်က တစ်နှစ်ပတ်လုံး ကျောင်းထဲတွင် နေထိုင်ကာ ဖော်ရွေသော စရိုက်ရှိရာ သူတို့ကို အနံ့ခံရန် ရှေ့သို့တိုးလာသည်။ 


ကျန်းထန်ဝေ့က ထိုင်ချပြီး သူ့ကို ထိလိုက်သည်။ 

"နောက်ဆုံးရယ်တဲ့လူကမှ ပိုင်ရှင်အစစ်..."


"မင်း ဘာတွေပြောနေတာလဲ..."

စွေ့ချီချောင်းက မေးလိုက်သည်။ 


"ဘာမှမဟုတ်ပါဘူး..."

ကျန်းထန်ဝေ့က ဘာမှမဖြစ်ခဲ့သလိုပင် ချက်ချင်း ထရပ်လိုက်သည်။ 

"ဆက်လျှောက်ရအောင်..."


သူတို့က ဟင်းသီးဟင်းရွက်စိုက်ခင်းကို ကြည့်လိုက်ရာ ဟင်းသီးဟင်းရွက်များသည်လည်း အလွန်ကောင်းကောင်းမွန်မွန် ကြီးထွားနေသည်ကို တွေ့လိုက်သည်။ သူတို့မထင်မှတ်ထားသည်မှာ ဤနေရာတွင် စာရေးထားသည့် အချို့သောဆိုင်းဘုတ်များကို ထောင်ထားလေသည်။


စွေ့ချီချောင်းက ဆိုင်းဘုတ်များကို ဂရုတစိုက်ကြည့်လိုက်သည်။ သူက ကျောင်းမှကျောင်းသားများ၏ လက်တွေ့ အတန်းများအတွက် ဟင်းသီးဟင်းရွက်အခင်းများကို အသုံးနေခြင်းဖြစ်ရမည်ဟု မှန်းဆလိုက်သည်။ ကျောင်းမှာ ဆရာများအတွက် မြေအနည်းငယ်လည်း ခွဲပေးထားရာ သူတို့ကြိုက်နှစ်သက်ရာကို ကြိုက်နှစ်သက်သည့်အချိန်တွင် စိုက်ပျိုးနိုင်၏။ 


သူတို့က လယ်ကွင်းဘေးတွင် အလျဉ်းသင့်သလို ထိုင်ချလိုက်သည်။ ထိုအချိန်တွင် ကျောင်းသားတစ်ယောက်က ပြောင်းဖူးခင်းများထဲမှ ထွက်လာသည်။ ကျောင်းသားသည်လည်း အနားယူရန် လယ်ကွင်းများဘေးတွင် ထိုင်ချလိုက်ပြီး ပျင်းရိစွာဖြင့် သူတို့ကိုကြည့်ကာ မေးလိုက်သည်။ 

"ခင်ဗျားတို့က ဧည့်သည်တွေလား..."


စွေ့ချီချောင်းက ဆိုလိုက်သည်။ 

"အဲ့လိုလည်း ပြောလို့ရပါတယ်..."


ထိုကျောင်းသားမှာ ချွေးထွက်နေသည်မှာ အံ့ဩစရာမရှိပေ။ အပြင်လူအများအပြားက CUကျောင်းဝန်းအတွင်းသို့ လာလည်ပြီး သူတို့၏ စားသောက်ဆိုင်များနှင့် ဟင်းသီးဟင်းရွက်စိုက်ခင်းများကို ကြည့်ရသည်အား နှစ်သက်ကြသည်။ သူကိုယ်တိုင်က ဤတက္ကသိုလ်ကို ရွေးချယ်ခဲ့သည်မှာ အိမ်နှင့် နီးပြီး အစားအသောက်က အရသာကောင်း၍ ဖြစ်ပေသည်။  


သူတို့က ဤသို့ပြောနေစဉ် စွေ့ချီချောင်းက မေးလိုက်သည်။ 

"မင်းတို့ ကန်တင်းတွေက အစားအသောက်တွေက အခုဘယ်လိုနေလဲ..."


ကျောင်းသားက ဝင့်ကြွားစွာ ဆိုလိုက်သည်။ 

"ကျွန်တော်တို့ကျောင်းထက်ကောင်းတဲ့ ကျောင်းကန်တင်းမရှိတော့ဘူး... ကျောင်းဝန်းအသစ် ဖွင့်ပြီးတော့ ကျောင်းက ကျောင်းကန်တင်းအသစ်နှစ်ခုလည်း ထပ်ဖွင့်လိုက်တယ်... ကန်တင်းတွေအကုန်လုံးက အရသာရှိတဲ့ အစားအသောက်တွေအများကြီး ရောင်းတယ်... ပြီးတော့ ကျွန်တော်တို့ လယ်ကွင်းတွေထဲမှာ ဟင်းသီးဟင်းရွက်တွေလည်း ရှိတယ်... အဲ့ဒါတွေကို ဈေးမြင့်မြင့်နဲ့ ဝယ်ချင်တဲ့လူတွေလည်းရှိတယ်... အဲ့ဟင်းသီးဟင်းရွက်တွေက ကျွန်တော်တို့ ကန်တင်းတွေကိုပဲ ထောက်ပံ့တာမို့ ကျွန်တော်တို့က သူတို့ကို ခွင့်မပြုဘူး... ပြီးတော့ ကျွန်တော်တို့ရဲ့ မြက်တစ်ရာဥယျာဉ်က ဂျင်းဆင်းက...."


ကျောင်းသားက စွေ့ချီချောင်းကိုကြည့်ကာ ရင်းနှီးသည်ဟု တွေးလိုက်သည်။ သို့သော် သူက သူ့အားမည်သည်က ရင်းနှီးနေသည်ကို ပြန်မတွေးနိုင်၍ ထိုအစား မေးလိုက်သည်။

"ကျွန်တော်တို့ကျောင်းက အစားအသောက်က ဘာလို့အရမ်းအရသာရှိတာလဲ သိလား..."


စွေ့ချီချောင်း - "...."


ကျန်းထန်ဝေ့က အော်ရယ်မိမလိုဖြစ်သွားကာ ခေါင်းကို အဝေးသို့လှည့်လိုက်သည်။ 

"ငါတို့ သိပါတယ်..."


ကျောင်းသားက သတင်းအချက်အလက်များ ထပ်ပြောမိလု နီးပါးဖြစ်သော်လည်း ပြောချင်စိတ်ကိုထိန်းကာ မာန်ပါပါဆိုလိုက်သည်။ 

"အိုး... အဲဒါဆို ကျွန်တော်တို့ကျောင်းမှာ ကြီးလာတဲ့ ငရုတ်သီးတွေကို သိလား..."


ကျန်းထန်ဝေ့ - "သိတယ်... သိတယ်... ငါတို့အဲ့အကြောင်း အကုန်သိတယ်..."


ကျောင်းသားက ပြောစရာမဲ့သွားလေသည်။ 


ထိုအချိန်တွင် အမျိုသားတစ်ဦးက လျှောက်လာပြီး သူတို့ကို မြင်သွားသည်။ ထိုအမျိုးသား၏ မျက်နှာက ချက်ချင်းပင် ထိတ်လန့်မှုအဖြစ် ပြောင်းသွားလေသည်။ 

"ဘော့စ်စွေ့..."


စွေ့ချီချောင်းက ထရပ်လိုက်သည်။ 

"စားဖိုမှူးကျန်း..."


ဤသည်က ကျောင်းကန်တင်းများ၏ စားမှူးဟောင်းများထဲမှ တစ်ဦးဖြစ်လေသည်။ စားဖိုမှူးက စွေ့ချီချောင်းကို အလိုလို မှတ်မိ၏။ 


သူတို့ဘေးမှ ကျောင်းသားက ရုတ်တရက် သူ ထိုလူကို အဘယ့်ကြောင့် ရင်းနှီးနေသည်ကို သဘောပေါက်သွားသည်။

ချီး... သူက ကျောင်းကန်တင်းတွေထဲက တစ်ခုနဲ့ စာချုပ်ချုပ်ပြီး ဟင်းသီးဟင်းရွက်တွေ တွန်းအားပေးစိုက်ခိုင်းတဲ့ လယ်သမားနတ်ဘုရားကုမ္ပဏီ(ယန်တိရှန်းနုန်ကုမ္ပဏီ)ရဲ့ တည်ထောင်သူ မဟုတ်လား... 


တခြားတစ်ယောက်က သူတို့သိပြီးသားလို့ ဆက်တိုက်ပြောနေတာ အံ့ဩစရာမကောင်းတော့ဘူးပဲ...


......


စားဖိုမှူးကျန်းက လမ်းကို ယဦးဆောင်ကာ စွေ့ချီချောင်းက ကန်တင်းကို ထပ်မံ၍လည်ပတ်ပြီး အလုပ်သမားဟောင်းများနှင့် စကားစမြည်းပြောလိုက်သည်။ စားရန်အချိန်ရောက်လာသည့်အခါ သူက ဒုတိယထပ်တွင်ရပ်ပြီး အောက်ကို ကြည့်လိုက်သည်။ 


သူက ကျောင်းသားများအပြင်တွင် စောစောတန်းစီနေသည်ကို တွေ့လိုက်သည်။ လုံခြုံရေးအစောင့်တစ်ဦးက တံခါးတွင်ရပ်ကာ လူတိုင်းကို သတိတကြီး စောင့်ကြည့်လိုက်သည်။ လူငယ်များက အများဆုံးစားကြသည်ဖြစ်ရာ အမှာပြတင်းပေါက်ရှိ ဝန်ထမ်းသည်လည်း ၄င်းတို့ကို အာရုံစိုက်ရန် ပြင်ဆင်ထားလိုက်သည်။ 


အစားအသောက်တည်ခင်းသည့်အချိန်ရောက်သည်နှင့် လုံခြုံရေးအစောင့်က တံခါးကိုဖွင့်လိုက်ရာ ကျောင်းသားများက အလောတကြီး ဝင်လာကြသည်။ သူတို့က ရှေ့သို့ခြေလှမ်းကျဲကျဲလျှောက်သွားရန် ကြိုးစားသော်လည်း သူတို့မည်မျှ စိတ်မအေးဖြစ်နေသည်ကို ဖုံးကွယ်ရန် မလုပ်နိုင်ပေ။ မကြာမီတွင် သူတို့က အမှာပြတင်းပေါက်သို့ ရောက်သွားလေသည်။ 


ဉာဏ်ကောင်းသည့် CUကျောင်းသားများက သူတို့မည်သည့် ဟင်းပွဲကို လိုချင်သည်နှင့် မည်သည့် အတန်းက အချိန်အသက်သာဆုံးဖြစ်မည်ကို ဆုံးဖြတ်ကာ သူတို့၏ ပန်းတိုင်သို့ တိတိကျကျ ရောက်ရှိနိုင်အောင် ပြုလုပ်မည် ဖြစ်သည်။ 


ထိုကျောင်းသားများမှာ ယခင်ကျောင်းသားများနှင့် နှိုင်းယှဉ်ပါက ပို၍တည်ငြိမ်သော်လည်း အတွင်းစိတ်ထဲ၌ မည်သည်မှ အမှန်တကယ် မပြောင်းလဲပေ။ ဤသည်မှာ စွေ့ချီချောင်း၏ စိတ်ထဲရှိဆုံးဖြတ်မှုဖြစ်သည်။ 


ကန်တင်းဝန်ထမ်းက စွေ့ချီချောင်းဘေးမှ လူငယ်အကြောင်းကို အနည်းငယ် သိလိုနေ၏။ သူတို့က နီးကပ်သည့် ဆက်ဆံရေးရှိပုံရသော်လည်း မည်ကဲ့သို့ ဆက်ဆံရေးမျိုးဖြစ်သည်ကို ဝန်ထမ်းက မသိပေ။ စွေ့ချီချောင်းက စားခါနီးတွင် တစ်စုံတစ်ယောက်က မေးလိုက်သည်။ 

"မစ္စတာစွေ့... အဲ့ဒါက ခင်ဗျားရဲ့..."


စွေ့ချီချောင်းက ဂရုတစိုက် တွေးကာဆိုလိုက်သည်။ 

"မိသားစုဝင်ပါ...."


ကျန်းထန်ဝေ့က ရှုပ်ထွေးသောအပြုံးတစ်ခု ပြသလိုက်သည်။ 

"ဆိုလိုတာက ကျွန်တော်က သူ့ကောင်လေးပါ..."


ဝန်ထမ်းက အသက်အောင့်ကာ ကြောင်အသွားလေသည်။ ဘော့စ်စွေ့မှာ အဝေးတစ်နေရာသို့ ခရီးတိုတစ်ခုထွက်သွားသည်မှာ အံ့ဩစရာမရှိပေ။ ထို့နောက် သူက သူ့ကိုယ်သူ သာမန်နှင့်တူအောင် အမူအရာကို ချောမွေ့အောင်ပြုလုပ်လိုက်သည်။ 

"အိုး... အိုး... ကျွန်တော်က အခုထိ ဂုဏ်ပြုစကား မပြောရသေးဘူးပဲ..."


စွေ့ချီချောင်းမှာ CUတွင် လူကိုယ်တိုင် မပါဝင်တော့ပြီဖြစ်သော်လည်း သူ့ငွေများက ရှယ်ယာရှိနေဆဲဖြစ်၍ သူက သူဌေးဖြစ်နေဆဲပင်။ တက္ကသိုလ်တွင် အလုပ်လုပ်နေသည့် ထိုဝန်ထမ်းကလည်း ပွင့်လင်းသည့်သဘောထားမျိုး ရှိပေသည်။


"ကျေးဇူးပါ... ကျေးဇူးပါ..."

ကျန်းထန်ဝေ့က လူတိုင်းကို လက်ဆွဲနှုတ်ဆက်လိုက်သည်။ သူက ဤမတိုင်မီ စွေ့ချီချောင်းက သူတို့၏ အမည်များကို အော်ဟစ်နေသည်ကိုသာ ကြားဖူးသော်လည်း အတွေ့အကြုံရှိ ဝန်ထမ်းတစ်ဦးစီ၏ အမည်ကို ရှင်းရှင်းလင်းလင်း အမှတ်ရနေဆဲဖြစ်သည်။ ထို့ကြောင့် လူတိုင်း၏စိတ်ထဲတွင် ဘော့စ်စွေ့၏ လက်တွဲဖော်က အရည်အချင်းရှိသော အမျိုးသားတစ်ဦးဖြစ်သည်ဟု ခံစားရစေသည်။ 


စွေ့ချီချောင်းက CUကို အလည်လာကာ သူ့လာလည်သည့်အကြောင်းကို သိသည့်လူတိုင်းက ဤအကြောင်းကို သိရန်လိုပေသည်။ စွေ့ချီချောင်း လာလည်သည့် သတင်းက ကျောင်းသားဟောင်းအချို့၏ WeChatတွင် စတင် ပလူပျံစပြုလာပေသည်။ 


"တက္ကသိုလ် ကန်တင်း၊ ကျောင်းဝန်း ပတ်ဝန်းကျင်နဲ့ အရသာဆိုးတွေကို ပြောင်းခဲ့တဲ့ လူကို မှတ်မိလား... သူပြန်လာပြီ..."


ဤနေရာတွင် လေ့လာနေသည့် ကျောင်းသားများက လူ့အဖွဲ့အစည်းထဲသို့ ဝင်ရောက်ပြီးသည်မှာ ကြာပြီဖြစ်၏။ ဗီဒီယိုအတိုများကို ကြိမ်ဖန်များစွာ အသေးစိတ်လေ့လာပြီးနောက် သူတို့အတွက် နှစ်ပေါင်းများစွာ ကျန်ရစ်နေသည့် မေးခွန်းတစ်ခုက နောက်ဆုံးတွင် ဖြေရှင်းပြီး ဖြစ်သွားသည်။ ၄င်းမှာ 'အလှလေးစွေ့က ဘာလို့ တစ်နှစ်ပတ်လုံး ကန်တင်းမှာ အေးစက်စက်မျက်နှာပေးနဲ့ မိန်းကလေးတိုင်းရဲ့ ဖိတ်ကြားချက်ကို ငြင်းခဲ့တာလဲ'ဟူသည်ပင်။ 


"*မူးမေ့သေဆုံး* ငါ ကန်တင်းက အန်တီကြီးကို သေချာမေးပြီးပြီ... အဲ့ ဘော့စ်စွေ့ကို ဖက်ထားတဲ့ ရုပ်ဖြောင့်ဖြောင့် ကပြားကောင်လေးက သူ့လက်တွဲဖော်တဲ့..."


"ငလူး... ဘော့စ်စွေ့က မိန်းမတွေကို မကြိုက်ဘူးကို… အရင်တုန်းက သူ့ကိုကပ်ဖို့ကြိုးစားတဲ့ လူတွေအကုန်လုံးက အချိန်တွေဖြုန်းခဲ့တာပဲ..."


"ဘော့စ်စွေ့ရဲ့ ကောင်လေးက တော်တော်ငယ်ပုံရတယ်... သူ့ကောင်လေးက ငါတို့ တက္ကသိုလ်တက်တဲ့ အချိန်တုန်းက ကလေးပဲရှိလောက်ဦးမှာ... ဘော့စ်စွေ့က သူ့တည်ငြိမ်မှုကို ဘယ်လိုထိန်းထားပြီး သူ့ရဲ့ လက်တွဲဖော်ကို ဘယ်လိုစောင့်ရမလဲ သေချာသိတာပဲ...."


"ငါပဲ နားကြားမှားတာလား... ဗီဒီယိုထဲမှာ ဘော့စ်စွေ့က သူ့ကောင်လေးကို 'ရှောင်ပိုင်'လို့ ခေါ်လိုက်သလားလို့... နင်တို့တွေ မှတ်မိသေးလား... အဲ့တုန်းက ဘော့စ်စွေ့ မွေးထားတဲ့ ကြောင်လေးကလည်း 'ရှောင်ပိုင်'လို့ခေါ်တယ်လေ..."


"ကြောက်လိုက်တာ... ဘော့စ်စွေ့မှာ ဘယ်လို ကာမစိတ်မျိုးတွေ ရှိနေတာလဲ..."


"အဖြစ်ဆိုးလိုက်တာ... အဲ့တုန်းက ဘော့စ်စွေ့ကို ကြိတ်ပြီးချစ်နေတဲ့ ကောင်မလေး တစ်သိုက်ရှိတယ်လေ... ဒီလောက်နှစ်တွေကြာပြီးတော့ အဲ့အဖွဲ့ထဲက ကောင်မလေးတွေအကုန်လုံး ကောင်လေးတစ်ယောက်မှ မရသေးပေမဲ့ ဘော့စ်စွေ့ကတော့ တစ်ယောက်ရနေပြီပဲ..."



🌾🌾🌾


အဲ့ကောင်မလေးတွေအဖြစ်ကလည်း ကိုယ်တွေလိုပဲ🤣