အပိုင်း ၁
Viewers 13k

အကျည်းတန်ဧကရီ
ရွှယ်တိုင်းပြည်တွင် နာမည်ကျော်ကြားသည့် အကျည်းတန်ဧကရီတစ်ပါးရှိလေသည်။
အကျည်းတန်ဧကရီ၏မျိုးနွယ်မှာ 'ဖုန့်' ဖြစ်ပြီး ဖုန့်ပြည်၏ တော်ဝင်မျိုးနွယ်အမည်ဖြစ်၏။ သူမက လက်ရှိဖုန့်တိုင်းပြည်ကို အုပ်စိုးနေသောအရှင်သခင်၏ သွေးရင်းညီမဖြစ်သည်။ သူမက ရွှယ်တိုင်းပြည်ကို ရည်ရွယ်ချက်တစ်ခုတည်းဖြင့် ပို့ဆောင်ခြင်းခံလိုက်ရသည်။ ဤသည်ကား သံတမန်ရေးရာလက်ထပ်ခြင်း။
ထန့်ယွင်၏အသားအရည်မှာ ကြည့်မကောင်းပေ။ နှစ်ရက်မျှ အကျဥ်းချခံရပြီးနောက်တွင် သူ၏တစ်ကိုယ်လုံး နှိပ်စက်ညှင်းပန်းခံရခြင်းဟူသော အရိပ်အယောင်တို့ဖြင့် ပြည့်နေ၏။
ချုပ်နှောင်ထားသောသံကြိုးတို့ကိုကိုင်လျက် သူ၏နောက်ဆုံးလက်ကျန်ခွန်အားဖြင့် မတည်မငြိမ် လမ်းလျှောက်သွားခဲ့သည်။ သူသာ မြေပြင်ပေါ် တွားသွားနိုင်လျှင် လမ်းလျှောက်နိုင်ဖို့ ကြိုးစားမနေပါချေ။ သို့သော်ငြား ဤနေရာက သူ၏မွေးရပ်မြေမဟုတ်ချေ။ အကျဥ်းသားဖြစ်နေရင်တောင် သူ၏မည်သည့်အားနည်းသောအရိပ်အယောင်ကိုမျှ မပြနိုင်ပါချေ။
သူ့ကို အစောင့်တွေက ပင်မခန်းမတစ်ခုထဲကို တွန်းပို့လိုက်သည်။
မျက်လုံးတိုင်းက အနှီဒဏ္ဍာရီဆန်ဆန်ပုံရိပ်လေးကို ကြည့်နေကြသည်။ ထန့်ပြည်၏ စစ်နတ်ဘုရား၊ စစ်မြေပြင်တွင် သူ့အားလွှမ်းမိုးနိုင်သူမရှိသူ၊
ယခုမူ ကျရှုံးခဲ့လေပြီ။
သူ၏လက်ရှိအခြေအနေကိုကြည့်ကာ ထိုအမျိုးသား၏မွေးရပ်မြေတွင် ဖြစ်ပျက်နေမည်တို့ကို လူတွေတွေးကြည့်နိုင်ပြီပင်။
သို့ပေသိ၊ ထိုအမျိုးသားကိုယ်တိုင်ကမူ သူ၏မဟူရာမျက်လုံးများက ထက်ရှနေဆဲဖြစ်ကာ ခရစ်စတယ်ကဲ့သို့ တောက်ပနေပြီး အံတုခြင်း၏အရိပ်အယောင်တို့ဖြင့် တလက်လက်တောက်ပပြီးရင်းတောက်ပနေဆဲဖြစ်၏။
လူတို့၏နှလုံးသားက တိတ်တဆိတ် တုန်ခါသွားကြသည်။ ကံဆိုးစွာဖြင့် ထိုအမျိုးသားမှာ ကြာကြာအသက်ရှင်တော့မည်မဟုတ်ပေ။
ထန့်ယွင်က ပင်မခန်းမ၏ထိပ်ပိုင်းကို မော့ကြည့်လိုက်သည်။
လူတစ်ယောက်က ထိုနေရာတွင်ထိုင်နေပြီး အနက်ရောင်အဝတ်အစားများကိုဝတ်ဆင်ကာ အနက်ရောင် မြိတ်သရဖူကို ဆောင်းထား၏။ ထိုလူ၏နှုတ်ခမ်းများက တွန့်ကွေးသွားချိန် မျက်လုံးအစုံကမူ ကျဥ်းမြောင်းသွား၏။ အမျိုးသားက ပြုံးလိုက်သော်ငြား ထိုအပြုံးက မျက်လုံးအထိမရောက်ပါချေ။
အမျိုးသားသည် ကြည့်ကောင်းပြီး အစွမ်းထက်သည် အနက်ရောင်ဝတ်ရုံအောက်မှ သူ၏ပုံသဏ္ဍာန်မှာ အရပ်ရှည်ပြီး ကြံ့ခိုင်၏။ သူ၏ပတ်ပတ်လည်တွင်ရှင်ဘုရင်ဟူသည့်လေထု(အရှိန်အဝါ)တစ်ခု တည်ရှိနေပြီး သူ၏အကျင့်စရိုက်မှာ ကြမ်းတမ်း၍ခိုင်မာပြီး ခေါင်းမာမှုအပြည့်ဖြင့်။ သူက စစ်တပ်ကို လျင်မြန်ပြတ်သားစွာကွပ်ကဲနိုင်ပြီး သူ၏တိုင်းပြည်ကိုလည်း ကောင်းမွန်စွာအုပ်ချုပ်နိုင်သည်။
ထန့်ယွင် ထိုအမျိုးသားနှင့်ပတ်သက်ပြီး ကြားဖူးနားဝရှိသည်။ သူသည်ကား ရွှယ်တိုင်းပြည်၏ ထိပ်ခေါင်အရှင်သခင်ဖြစ်သည့် ရွှယ်ကျွင်းလျန်ပင်။
ရွှယ်ကျွင်းလျန်က ထန့်ယွင်အား နိမ့်ကျသည့်လူတစ်ဦးပမာ အထက်စီးမှနေ၍ မောက်မာပြီးရွံ့ရှာမှုအပြည့်ဖြင့် ငုံ့ကြည့်နေသည်။
"စစ်သူကြီးယွင်၊ ခေါင်းကိုမော့ပါ၊ ကိုယ်တော် မင်းကိုကြည့်ပါရစေ"
ထန့်ယွင်က မနာခံသလို သူ၏ခေါင်းကိုလည်း မမော့ခဲ့ပေ။ သူ့အကြည့်တွေက ဖော်ရွေမှုမဲ့ကာ အေးစက်နေပြီး ရန်လိုမှုတို့ကအပြည့်ဖြင့်။ သးက ရွှယ်ကျွင်းလျန်ကို တွက်ချက်မှုတို့ပြည့်နေသည့်အကြည့်ဖြင့်ကြည့်သည်။ဒီလူက သူ့ဘဝတစ်သက်တာမှာ အဆိုးဆုံးလူပင်။
ဒေါသထွက်ရမည့်အစား ရွှယ်ကျွင်းလျန်က ဖြည်းဖြည်းချင်း ထရပ်လာ၏။ ကျောက်စိမ်းလှေကားတွေအတိုင်းဆင်းလာပြီး ထန့်ယွင်ထံ လျှောက်သွားလိုက်သည်။
"တာ့ဝမ်(အရှင်မင်းကြီး)၊ အသင်ဒီလိုလုပ်လို့မရဘူး"
အနက်ရောင်ဝတ်တရားရေးအမတ်တစ်ဦးက ထုံးတမ်းအစဉ်အလာတို့ကိုမေ့လျော့ပြီး သူတို့၏ရွှယ်ဝမ်ကိုတားမြစ်ရန် သတိပေးစကားဆိုလိုက်သည်။
ဤအကျဥ်းသားမှာ ရန်သူ့တိုင်းပြည်၏မင်းသားတစ်ပါးဖြစ်သကဲ့သို့ မျိုးဆက်သစ်တို့၏စစ်နတ်ဘုရားလည်းဖြစ်သည်။ သူ့ပုံစံက လက်ရှိတွင် အားနည်းနေပုံရသော်ငြား စစ်မြေပြင်တွင်မူ သူသည်သွေးစွန်းအဇူရာဖြစ်၏။ ပြိုကွဲလုနီးနီးထောင်ပြည်မှာ ၁၀နှစ်ကြာအောင်ရပ်တည်နိုင်ခြင်းက ဤသံလက်ထိပ်ဖြင့်စစ်သူကြီးတစ်ဦးတည်း၏ကျေးဇူးကြောင့်ပင်။
အရာရှိများ၏တုန့်ပြန်ပုံကိုကြည့်ကာ ထန့်ယွင်မှာ ကျယ်လောင်စွာ မရယ်မောဘဲမနေနိုင်ခဲ့ပေ။ သို့ပေသိ သူ၏ရယ်သံထဲတွင် မြှားတစ်စင်း၏နောက်ဆုံးသောပျံသန်းမှုကဲ့သို့ စိတ်ပျက်အားငယ်ခြင်းများ ပါဝင်နေသည်။
ရွှယ်ကျွင်းလျန်က သူ၏အမှုထမ်းများကိုလက်ဝေ့ယမ်းပြပြီး နောက်ဆုတ်ခိုင်းကာ သူကဆက်လျှောက်သွား၏။ ပြီးနောက် ထန့်ယွင်နှင့်ခြေတစ်လှမ်းအကွာတွင် ရပ်လိုက်သည်။
သူ၏ပြိုင်ဘက်ကိုငုံ့ကြည့်ကာ ရွှယ်ကျွင်းလျန်က ပြောသည်။
"စစ်သူကြီး၊ မင်းကတော့ ကိုယ်တော့်ကိုမသိတာဖြစ်နိုင်တယ်၊ မင်းတစ်ခါမှ ကိုယ်တော်နဲ့မဆုံဖူးဘူး၊ ဒါပေမယ့် ကိုယ်တော်ကတော့တွေ့ဖူးတယ်၊ လွန်ခဲ့တဲ့သုံးနှစ်က စစ်မြေပြင်မှာ ကိုယ်တော် မင်းကို တစ်ခါမြင်ဖူးတယ်၊ အဲဒီ့အချိန်က ကိုယ်တော်အံ့သြပြီး တွေးမိတာ..."
သူကရပ်လိုက်ပြီး အပြုံးဖျော့ဖျော့ဖြင့်ဆက်ပြောသည်။
"ဒီလူက မိုက်လိုက်တာဆိုပြီး"
ပြောပြီးသည်နှင့် သူက အင်္ကျီလက်များကို ခါလိုက်ပြီး ထောင်ယွင်ကိုဖြတ်ကာ ခန်းမအပြင်ဘက်သို့ သွားလိုက်သည်။
"လာခဲ့ပါ၊ မင်းကို ရွှယ်ပြည်ရဲ့စစ်မက်ရေးရာကျွမ်းကျင်မှုကို ပြပါရစေ"
အမိန့်ရလိုက်သူအစောင့်တစ်ဦးက ထန့်ယွင်ကို ပင်မခန်းမအပြင်ဘက်ဆီ ဆွဲထုတ်လာသည်။ ပြည်သူ့ရေးရာနှင့်စစ်မက်ရေးရာအမှုထမ်းများအပါအဝင် ညီလာခံရှိအမှုထမ်းအားလုံးကလည်း သူတို့နောက်မှလိုက်လာသည်။ ခမ်းနားသည့်လှည့်လည်မှုက ပိုပိုပြီးကျယ်ပြန့်လာသည့်နေရာတွေအတုင်းလျှောက်လာပြီး နောက်ဆုံးတွင် ကြီးမားကျယ်ဝန်းပြီး ဗလာဖြစ်နေသည့်ကွင်းပြင်ထံရောက်လာသည်။
ကွင်းပြင်က အလွန်ကျယ်ဝန်းပြီး ပတ်ပတ်လည်တွင် အလံများစိုက်ထူထားသည်။အနောက်ဘက်ခြမ်းတွင် ပစ်မှတ်များစီတန်းထားပြီး အရှေ့ဘက်တွင် လက်နက်စင်များရှိသည်။မြောက်ဘက်ခြမ်းတွင် တောင်ဘက်အရပ်ကိ​ုမျက်နှာမူထားသော နဂါးပလ္လင်ရှိနေပြီး ထိုတောင်အရပ်၌မူ ကျယ်ပြန့်လှသည့် လေ့ကျင့်ရေးကွင်းများတည်ဆောက်ထားသည်။
ရွှယ်ကျွင်းလျန်သည် ပစ်မှတ်များရှိရာဘက်သို့ တည့်တည့်လျှောက်သွား၏။ သူကမေးကိုပင့်တင်လိုက်ပြီး အစောင့်များက အမိန့်ကို ချက်ချင်းနားလည်သွားသည်။ ထန့်ယွင်မှာချက်ချင်း ချည်နှောင်ခြင်းကိုခံလိုက်ရသည်။ သူ့လက်တွေက နောက်ကျောဘက်တွင်ရှိနေကာ သစ်သားတိုင်ဖြင့် တွဲချည်ခံထားရ၏။ ကြိုးချည်၍ပြီးသွားချိန်တွင် အစောင့်များက တိတ်တဆိတ်ပြန်ဆုတ်ခွာသွားကြသည်။
ရွှယ်ကျွင်းလျန်၏အကြည့်များက ကျဥ်းမြောင်းသွားပြီး သူ့လက်မောင်းတွေကို ဆန့်ထုတ်လိုက်သည်။ အနီဝတ်အမှုထမ်းက သူ့အနားကိုအမြန်ရောက်လာပြီး သူ့လက်ထဲရှိ ရှည်လျားသည့်လေးကို ရွှယ်ကျွင်းလျန်က ယူလိုက်သည်။ ပြီးနောက်တွင် အခြားသောအမှုထမ်းက သူ့လက်ထဲသို့ မြှားရှည်တစ်ချောင်း ထည့်ပေးလာ၏။
ထန့်ယွင် သူ၏အကြည့်ကို ရွှယ်ကျွင်းလျန်၏မျက်လုံးတွေထံ ပြောင်းလိုက်ပြီး ရုတ်တရက်ရယ်ချင်လာသည်။ ယခုမှသာလျှင် ရွှယ်ကျွင်းလျန်စိတ်ထဲတွင် ဘာရှိနေသလဲ သူသိတော့သည်။ သူကအာဏာကို အခိုင်အမာ လိုချင်နေတယ်။
သူဘယ်နေရာကို ပစ်ချင်နေတာလဲ။ ထန့်ယွင်ရဲ့လည်ပင်းကိုလား ဒါမှမဟုတ် နှလုံးကိုလား။
တောက်ပသည့်နေရောင်အောက်တွင် မြှားတံသည် မျက်စိကျိန်းလောက်အောင် တောက်ပနေ၏။ ရွှယ်ကျွင်းလျန်က လေးကိုမြှောက်လိုက်ပြီး မြှားတံကိုကောက်ယူလိုက်၏။ သူ၏မြိတ်သရဖူရှိ ကျောက်စိမ်းငါးခုက ငြင်သာစွာ ရွေ့လျားသွားခဲ့သည်။
ရုတ်တရက် ထန့်ယွင်၏စိတ်ထဲတွင် ရန်သူ့တိုင်းပြည်၏ ရှင်ဘုရင်မှာ တကယ်တော့နှစ်သက်ဖွယ်ကောင်းသည့်အကြောင်း ပေါ်လာသည်။ သူကလွှမ်းမိုးနိုင်စွမ်းရှိကာ ခန့်ညားရုံမျှမက အလွန်တော်သည့်ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည်။
သို့သော်လည်း သူ၏ကိုယ်ပိုင်အမည်မှာ ထန့်ဖြစ်သလို ထပ်ပေါင်းထည့်ရလျှင် သူသည် ထန့်ပြည်၏မင်းသားတစ်ပါးဖြစ်သည်။
ထန့်ယွင်သည် စစ်သူကြီးအဖြင်ခန့်အပ်ခံရပြီး တပ်သားများကိုဦးဆောင်ရန် စစ်မြေပြင်ကို စေလွှတ်ခံရစဥ်က ၁၉နှစ်သာရှိသေး၏။ ၁၀နှစ်အတွင်းတွင် ပြည်တွင်းစစ်ပွဲများဖြစ်ပွားနေသည့် သူ့နိုင်ငံကို ကူညီရန်အလို့ငှာ ပြည်ပရန်များကို ကာကွယ်ရန် သွားခဲ့ရသည်။ ၁၀နှစ်မျှတိုက်ခိုက်ပြီးသည့်တိုင် သူ၏တိုင်းပြည်ကို မကယ်တင်နိုင်ခဲ့ပေ။
ရွှယ်ဘုရင်က သူ၏လေးကိုကိုင်ကာ မြှင့်တင်လိုက်သည်။ ပြီးနောက် မြှားကိုဆွဲလိုက်ပြီး လက်ချောင်းတွေကို လွှတ်လိုက်သည်။ ထန့်ယွင်ကတော့ ဘယ်တော့မှ ယိမ်းယိုင်မသွားခဲ့ပေ။
ဒုတ်!
ပြီးနောက် ထိုနေရာတွင် သွေးများဖြာထွက်သွားတော့၏။
***
ထန့်ယွင်၏ခေါင်းက ဆက်တိုက်တုန်ခါနေသည်။ သူကလဲလျောင်းနေတာကို ခံစားရနေသည့်တိုင် ကမ္ဘာကြီးတစ်ခုလုံးကတော့ အပြင်းအထန် ခါယမ်းနေခဲ့၏။ သူကမျက်လုံးဖွင့်ဖို့ကြိုးစားသည့်တိုင် သူ၏ခေါင်းအစခြေအဆုံး လုံးဝ အားနည်းနေတာကို ခံစားလိုက်ရသည်။ သူက အကြာကြီးအိပ်ခဲ့သဖြင့် ခေါင်းအလွန်မူးနေသလို ခံစားရသည်။
သူကရွှယ်ဝမ်သတ်တာကို ခံခဲ့ရတာသေချာနေပေမယ့် သူဘယ်လိုလုပ်ပြီး သတိရှိနေရသေးတာလဲ။ ရွှယ်ဝမ်ပါးစပ်ကပြောတာက ရိုက်တာထက်ပိုနာနေတာများ ဖြစ်နိုင်လား။ သူကတကယ်ကို မိုက်မဲတဲ့လူလား။ သူက မြှားကောင်းကောင်းမပစ်တတ်ဘူးများလား။
အတွေးတွေဝင်လာသည့်အခါ ထန့်ယွင် ရယ်ချင်လာရ၏။ သို့သော် သူ၏ရယ်မောခြင်းက မျက်နှာပေါ်ရှိဒဏ်ရာကို ဆွဲဆုတ်လိုက်သလိုဖြစ်ပြီး ထိုမှနာကျင်ကိုက်ခံမှုကို ခံစားနိုင်သည်။
သူကအိပ်နေရာမှထကာ မျက်လုံးဖွင့်လိုက်သည်။ သူကခန်းဆီးစတွေဖွင့်ထားသည့် အိပ်ယာပေါ်တွင် အိပ်နေကြာင်း တွေ့လိုက်ရသည်။ အတွင်းတွင် ကြီးကျယ်သောပရိဘောဂများဖြင့် ခမ်းနားသည့်အခန်းတစ်ခုလိုပင်။
ထန့်ယွင် ဖျော့တော့စွာပြုံးလိုက်သည်။ အကျဥ်းသားကို ဒီလိုဆက်ဆံတဲ့ရွှယ်ဝမ်(ရွှယ်ဘုရင်)က ဘယ်လိုလူမျိုးလဲ။
သူ ကုတင်ပေါ်ကဆင်းဖို့ကြိုးစားပေမယ့် အားနည်းပြီး ကျိုးပဲ့လွယ်သလို ခံစားရသည်။ သူလဲကျသွားချိန်တွင် လက်နှစ်ဖက်ဖြင့် ကြမ်းခင်းကို ထောက်လိုက်ရသည်။ သူ့လက်ကဒဏ်ရာတွေက ဘယ်အချိန်ကတည်းက ပျောက်သွားရတာလဲ။
ထန့်ယွင် သူ့ဘေးမှ သစ်သားစင်ကိုအားပြုပြီး ထရပ်ဖို့ကြိုးစားလိုက်သည်။ သစ်သားစင်၏ထိပ်တွင် အရောင်တင်ထားပြီးချောမွေ့သည့်ကြေးဝါမှန်တစ်ချပ် ရှိနေသည်။
အခန်းပြင်တွင်စောင့်နေသည့်အစေခံများက ကျယ်လောင်သည့်အော်သံကြောင့် ပြေးဝင်လာကြသည်။ သူတို့အထဲရောက်သည့်အခါ ကြိတ်ရယ်နေတာကိုဖုံးကွယ်ဖို့ရာ ပါးစပ်တွေကို အုပ်ထားလိုက်ကြသည်။
သူတို့ထဲမှ မက်မွန်ရောင်ဝတ်စုံကိုဝတ်ထားသည့်တစ်ယောက်က ပြေးလာပြီး နောက်တစ်ကြိမ် မြေပေါ်လဲကျသွားသည့်ထန့်ယွင်ကို ထူမပေးလာသည်။
သူမကရယ်ရင်းပြော၏။
"ဧကရီရယ်၊ ကြေးမှုန်မှန်ကိုလန့်သွားတာလား၊ မှန်ကဒီနေရာမှာ မကောင်းဆိုးဝါးမဟုတ်ဘူး၊ ရှင်ကမှအဲ့တစ်ယောက်လေ"
သူ့ကို'ဧကရီ'ဟု ခေါ်တာကို ကြားလိုက်ရပြီးနောက် သူ၏မျက်လုံးတွေ ပြူးကျယ်သွားရသည်။ သူက ကြမ်းတမ်းစွာပင် အစေခံ၏လက်ကို တွန်းဖယ်ပစ်ပြီး ပြုတ်ကျနေသည့်ကြေးဝါမှန်ကို ကောက်ယူလိုက်သည်။ လက်ရှိတွင် ထန့်ယွင်မှာအားနည်းနေသဖြင့် ထိုကြီးမားသည့်မှန်ကို မကိုင်ထားနိုင်ပေ။ မြေပြင်ပေါ်ရှိ ချောမွေ့သောမှန်ထဲတွင် တင့်တယ်သည့်ပုံစံဖြင့် ရုပ်ဆိုးသော အမျိုးသမီးတစ်ဦး၏ပုံရိပ်တစ်ခုက ရောင်ပြန်ဟပ်နေတော့သည်။
အမျိုးသမီးက ဘရိုကိတ်ဂါဝန်ကိုဝတ်ထားကာ သူမ၏သွယ်လျပြီးကျက်သရေရှိသည့်ကိုယ်ဟန်ဖြင့် ကွက်တိကျနေသည်။ သို့သော်ငြား သူ့မျက်နှာပေါ်တွင် ညိုမည်းနေသည့်အစက်အပျောက်များဖြင့်ပြည့်နေကာ ရုပ်ဆိုးပြီးရှက်စဖွယ်ကောင်းလွန်းလှသည်။ လူတွေသာ သူမမျက်နှာကိုမြင်လျှင် သူမကိုသရဲတစ်ကောင်ဟု ထင်ပေလိမ့်မည်။ ထန့်ယွင်ပင်လျှင် ထိတ်လန့်သွားရ၏။
ထန့်ယွင် မှန်ထဲမှ သူ့ကိုယ်သူပြန်ကြည့်လိုက်ပြီး တုန်လှုပ်ခြောက်ခြားမှုကို လုံးဝမထိန်းနိုင်ပေ။
အစေခံကဆူလိုက်သည်။
"ဧကရီ၊ ဂရုစိုက်ပါ!၊ ဒီကြေးမှုန်က ရှင့်ကိုတာ့ဖေးမိဖုရား ပို့ပေးလာတာ၊ တစ်ခုခုဆို တာ့ဖေးကရှင့်ကို အပြစ်ပေးလိမ့်မယ်၊ သူမကတာ့ဝမ်အနှစ်သက်ဆုံးကြင်ယာတော်ပဲ"
[T/N : တာ့ဖေးဆိုတာ ဧကရီထက်အဆင့်နိမ့်တဲ့ မိဖုရားပါ]
နောက်ဆုံးတွင် စစ်မြေပြင်တွင်ကြီးပြင်းလာသူ ထန့်ယွင်တစ်ယောက် လျင်မြန်စွာပင် တည်ငြိမ်သွားသည်။ မြေပြင်ရှိ မှန်ကိုငုံ့ကြည့်ရင်း အစေအပါး၏ စကားကိုနားထောင်ပြီးနောက် အဆုံးတွင် ကောက်ချက်ချလိုက်သည်။
ရုပ်ဆိုးသောဧကရီရှိသည့်တိုင်းပြည်မှာ တစ်ခုတည်းသာရှိ၏။ ဧကရီမှာ ရွှယ်ဝမ်(ရွှယ်ဘုရင်) ရွှယ်ကျွင်းလျန်၏ ပထမဇနီးသာလျှင်ဖြစ်တော့သည်။
အကျည်းတန်ဧကရီ၏အမည်မှာ ဖုန့်ယွင်ဖြစ်ပြီး ဖုန့်ပြည်ဘုရင်၏ သွေးရင်းညီမဖြစ်သည်။ သူမက ရုပ်ဆိုးတာအပြင် သူမကအားနည်းသည့်အခြေအနေမှာလည်း ရှိနေသေးသည်။ သူမအစေအပါး၏ရိုင်းစိုင်းသောစကားလုံးများအရ ဧကရာဇ်အနှစ်သက်ဆုံးကြင်ယာတော်က ဧကရီ၏အခန်းထဲ ကြေးဝါမှန်ကိုလာထားထားကြောင်း ကောက်ချက်ချ၍ရသည်။ ဒါက သာမန်လှည့်ကွက်လေးမျှသာဖြစ်၏။
[T/N : ဧကရီရဲ့နာမည်က ယွင်က ထန့်ယွင်ရဲ့ယွင်နဲ့အတူတူပါပဲ၊ အဓိပ္ပါယ်ကတော့ တိမ်စိုင်လေးပါတဲ့]
ထန့်ယွင် ဘာမှမပြောသည့်အခါ အစေခံကပို၍ရောင့်တက်လာပြီး သူမ၏လှောင်ထေ့နေသည့်စကားလုံးများက ပိုမိုရိုင်းစိုင်းလာသည်။ ဤသည်မှာ နေ့စဥ်နေ့တိုင်း ဖြစ်ပျက်နေသည့်အရာများသာဖြစ်ပြီး သူမသည် ဧကရီနှင့်ပတ်သက်၍ မည်သည့်အညှီအဟောက်ကိုမှ ရှာမတွေ့ချေ။
"ဧကရီ၊ ရှင်... အား ! !"
အစေခံက စကားကိုဆုံးဆောင်မပြောနိုင်ပဲ သူမ၏ပါးပြင်ကို ရုတ်တရက်ထိလိုက်ကာ ထန့်ယွင်ကို အံ့သြတကြီးဖြင့် ကြည့်လိုက်သည်။ သူမမျက်နှာပေါ်က နာကျင်မှုကြောင့်သာမဟုလျှင် ဒါက လှည့်ကွက်တစ်ခုဟုသာ ထင်မိမှာဖြစ်သည်။
ထန့်ယွင်က အစေခံကို အေးစက်စွာကြည့်လိုက်ပြီး ပြုံးကာဖြင့်
"ဘာလုပ်ချင်လို့လဲ၊ ငါကနိမ့်ကျတဲ့အစေခံဆီက ပါးပြန်ရိုက်ခံရမှာလား"
"ဧ..ဧကရီ "
"ထွက်သွားစမ်း၊ ကြေးဝါမှန်ကိုပြန်ယူသွားပြီး တာ့ဖေးကိုပြန်ပေးလိုက်"
xxxxxx