ဟာသအချို့ကိုကြည့်ဖို့ရာ အခန်းပြင်တွင်စောင့်နေသည့် အစေခံအချို့က ပါးရိုက်မှုကြောင့် ထိတ်လန့်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့် အမြန်ထွက်သွားကြတော့သည်။
ထန့်ယွင်တစ်ယောက် မောဟိုက်သွားရသည်။ ထိုပါးတစ်ချက်ရိုက်စာလေးတွင် သူ၏ခွန်အားအလုံးစုံပါသွား၏။ သူက အိပ်ယာပေါ် ထိုင်ချလိုက်ပြီး လက်ကိုမြှောက်ကာ သူ့မျက်ခွံတွေကို ဖိနှိပ်လိုက်သည်။ သူ၏လက်က ယောင်ယမ်းနေသည့်ပါးရိုးထံရောက်သွားသည့်အခါ အလွန်နာကျင်သွား၏။
ထန့်ယွင်မှာ ထိုရုပ်ဆိုးသောဧကရီနှင့်ပတ်သက်၍ ဘာဖြစ်နေသလဲမသိပါချေ။ သူမကအကျည်းတန်စွာမွေးဖွားလာလျှင် ဘာကြောင့် သူမ၏မျက်နှာကိုထိလိုက်သည်နှင့် နာကျင်နေရသလဲ။ အချို့ဒဏ်ရာတွေကြောင့်ဆိုတာ အသိသာကြီးပင်။
သို့သော်လည်း သူ့တွင် ထိုအကြောင်းကို စဥ်းစားဖို့ရာ အင်အားမရှိပါချေ။ ယခုချိန်၌ သူအင်အားများစွာသုံးမိပြီး အနှီအငှားခန္ဓာကြီးကို ချိုးဖျက်မိတော့မည်ဟု ခံစားရသည်။ သူကအသက်ရှူဖို့ကြိုးစားရင်း ကုတင်ပေါ် ဒူးထောက်ထိုင်လိုက်သည်။
မသိလိုက်ပါပဲ ထန့်ယွင်တစ်ယောက် အိပ်ပျော်သွားခဲ့ပြီး ထူးဆန်းသောအိမ်မက်များစွာကို မက်ခဲ့သည်။ သူ၏အိမ်မက်ထဲတွင် သူ့ကိုယ်သူ စစ်သူကြီးအဖြစ်ခန့်အပ်ခံနေတာကို ပြန်မြင်နေရပြီး ဆယ်နှစ်ကြာစစ်ပွဲကို ပြန်ရောက်သွားခဲ့သည်။ နောက်ဆုံး၌ သူသည် ဖမ်းဆီးခံရပြီး အသတ်ခံရသည်။ သူက ထန့်နိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်နေပြီး ရွှယ်ကျွင်းလျန်က သူ၏တိုင်းပြည်ကို သိမ်းပိုက်ခဲ့သည်ဟူ၍လည်း မက်၏။ နောက်ဆုံးတွင် တိုင်းပြည်က လုံးဝပျက်စီးသွားတော့သည်။
ထန့်ယွင် ချွေးများရွှဲနစ်နေလျက်ကနိုးလာသည်။ သူ့အခန်းအပြင်ဘက်ရှိ ဆူညံသံကို ဖျတ်ခနဲကြားလိုက်ရ၏။ မျက်မှောင်ကြုတ်လိုက်ကာ အိမ်ယာမှ ထလိုက်သည်။ တံခါးကိုတွန်းဖွင့်လိုက်သည့်အခါ အပြင်ဘက်တွင်စောင့်နေသည့် အစေခံက နှုတ်ဆက်လာ၏။
မက်မွန်ရောင်ဝတ်စုံကိုဝတ်ထားသည့် အစေခံမိန်းကလေး၏ပါးတစ်ဖက်မှာ ယောင်ယမ်းနေကာ သူက ယခုမူအနည်းငယ်ကြောက်ရွံ့နေပြီး မေးလာသည်။
"ဧကရီ၊ တစ်ခုခုလိုအပ်လို့ပါလား၊ ဒီရှို့ယောင်က ကူညီပေးပါ့မယ်"
ထန့်ယွင် ဘာမှမပြောဘဲ သူမထံမှ အကြည့်လွှဲလိုက်သည်။
ရှို့ယောင် တုန်လှုပ်သွားရသည်။ သူမ အမှားတစ်ခုခုပြောလိုက်မိပြန်ပြီလား။ သူမတော့ အဲလိုမထင်ပါဘူး။
တကယ်လည်း ရှို့ယောင်က မည်သည့်စကားအမှားကိုမှ မပြောခဲ့ပေ။ သို့သော်ငြား ထန့်ယွင်ကတော့ အနှီအစေခံလေးက အပြင်ထွက်ချင်နေသည့်ဧကရီကို တားဆီးဖို့ကြိုးစားနေတာက ထူးဆန်းသည်ဟုခံစားနေရသည်။
သူ ဤရုပ်ဆိုးသည့်ဧကရီနှင့်ပတ်သက်၍ မည်သည့်သတင်းကိုမှမသိပေ။ ရွှယ်ဝမ်နှင့်တာ့ဖေးက သူမကို အမြဲလိုလို ဟာသတစ်ခုလို ဆက်ဆံကြသည်။ ထို့ကြောင့် တာ့ဖေးက ဧကရီသည် မြင့်မြတ်သည့်အမျိုးသမီးဖြစ်သော်ငြား သူမ၏အပြုအမူတို့က မြင့်မြတ်သူနှင့်မတူဘဲ လူတိုင်းကို ကြောက်ရွံ့စေနိုင်သည်ဟု ကောလဟာလလွှင့်ခဲ့သည်။
ထိုအချိန်မှစ၍ ဧကရီတစ်ပါး၏ သနားစရာအကြောင်းပြချက်က သူမအား ခန်းမဆောင်ပြင်ပကို မထွက်ရဲအောင် ဖြစ်စေခဲ့သည်။
ထိုထက်ပိုသည်မှာ ရုပ်ဆိုးသောဧကရီသည် သူမ၏သွင်ပြင်က ရွံရှာကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားရပြီး အပြင်လုံးဝမထွက်ချင်တော့ပေ။
သို့သော်လည်း ထန့်ယွင်မှာ စစ်သည်တို့ကိုဦးဆောင်သူအဖြစ် မွေးဖွားလာတာဖြစ်သည်။ သူကမင်းသားတစ်ဦးဖြစ်သကဲ့သို့ နှိမ့်ချခြင်းလည်းမပြုပေ။ စစ်ပွဲများစွာကို ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကြုံတွေ့ရပြီးနောက် သူ့အား အစေခံလေးမှ တားဆီးခွင့်မပြုခဲ့ချေ။
ရှို့ယောင်အနေဖြင့် ဧကရီကို မတားဆီးဝံ့ပေ။ အားလုံးပြီးတဲ့နောက် ဧကရာဇ်ပင်လျှင် ဧကရီအား အပြင်မထွက်ဖို့ရာ အထူးတားမြစ်ထားခြင်းမရှိချေ။
ထို့အပြင် ဧကရာဇ်မောင်းမဆောင်၏အရှင်မမှာ ဧကရီဖြစ်နေဆဲပင်။ တာ့ဖေးက မောက်မာနိုင်ပေမယ့် သူမ၏အဆင့်က နိမ့်ကျဆဲဖြစ်၏။
သူတို့ အခန်းအပြင်ဘက် ခြေချလိုက်သည်နှင့် ထန့်ယွင်ကမေးလိုက်သည်။
"ဘာလို့ ဒီလောက်ထိ ဆူညံနေရတာလဲ"
"ဧကရီကို လျှောက်တင်ပါတယ်"
သင်ခန်းစာရပြီးနောက်တွင် ရှို့ယောင်က ရိုသေစွာဖြေကြားလာသည်။
"ဒီနေ့က အရှင်မင်းကြီး ထန့်ပြည်အကျဥ်းသားကို ကွပ်မျက်တဲ့နေ့ပါ၊ ဒါကြောင့် လူတိုင်းက ပန်းဥယျာဥ်တော်ထဲမှာ ဂုဏ်ပြုပွဲအတွက် စုရုံးနေကြတာပါ"
ရုတ်တရက် ထန့်ယွင်၏နှလုံးသားမှာ အေးခဲသွားပြီး သူ့အသံသည်လည်း တိတ်ဆိတ်သွားသည်။ သူပြန်တည်ငြိမ်သွားဖို့ အတော်လေးခက်ခဲ၏။
"ဒါဆိုလည်း အကျဥ်းသားရဲ့ခန္ဓာကိုယ်ကို... ထန့်ပြည်ကို ပြန်ပို့လိုက်ပြီလား"
"ဟင့်အင်း၊ မပို့ရသေးပါဘူး"
"ဒီအစေခံကြားတာတော့ သံတမန်တွေက အလောင်းကို ထန့်ပြည်ကို ပြန်ယူသွားခွင့်မပေးပါဘူးတဲ့၊ အရှင်မင်းကြီးက ကြီးကျယ်ခမ်းနားတဲ့စျာပနပွဲလုပ်ပေးဖို့ ဆုံးဖြတ်ပြီးသားပါတဲ့"
"ခမ်းနားတဲ့စျာပနဟုတ်လား၊ ကြီးကျယ်ခမ်းနားတဲ့စျာပနပွဲပေါ့..."
ထန့်ယွင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ရွှယ်ကျွင်းလျန်က ရန်သူ့တိုင်းပြည်၏ စစ်သူကြီးကို သူ၏လက်ဖြင့်ကိုယ်တိုင်သတ်ခဲ့ပြီးမှ အသက်မဲ့ခန္ဓာကို ဒီမှာသဂြိုဟ်ဖို့ စီစဥ်နေသည်တဲ့။ သူက သူ့ရဲ့ကြင်နာတတ်မှုကို ပြချင်နေတာလား။
ထန့်ယွင်အတွက်တော့ ဒါက ရက်ရောမှုတစ်ခုမဟုတ်ပေ။ သူ့တွင်သာ ရွေးချယ်ခွင့်ရှိလျှင် ထန့်တိုင်းပြည်သားတစ်ဦးအနေနှင့် ဤရန်သူ့နိုင်ငံတွင် သေပြီးရင်တောင် မနေလို။
"ဧကရီ၊ ဘာဖြစ်လို့လဲ၊ နေမကောင်းဘူးဆိုရင် ကျွန်တော်မျိုးမ တော်ဝင်သမားတော်ကို ခေါ်လိုက်ပါ့မယ်"
ရှို့ယောင်က ယိမ်းယိုင်သွားသည့်ဧကရီကိုမြင်သောအခါ အမြန်ကူညီပေးချင်ခဲ့သည်။ ရှို့ယောင်က ဧကရီအပေါ် ရိုင်းစိုင်းစွာပြောဆိုလှောင်ပြောင်ခဲ့သော်လည်း ဤအကျည်းတန်အမျိုးသမီးတွင် ဧကရာဇ်မောင်းမဆောင်၏အရှင်သခင်မဟူသော သရဖူကို ဆောင်းထားဆဲဖြစ်သည်။ သူမ၏မောင်တော်မှာ ဖုန့်တိုင်းပြည်၏ရှင်ဘုရင်ပင်။
ထို့ကြောင့် ရှို့ယောင်အနေဖြင့် သူမကို ဂရုစိုက်ရပေဦးမည်။
ထန့်ယွင်က သူ၏ခြေထောက်ကို မတ်မတ်ထားရင်းပြောလိုက်သည်။
ထိုတောင်းဆိုမှုက သူမအတွက် အဓိပ္ပါယ်မရှိသော်လည်း ရှို့ယောင်သည် နာခံမှုအပြည့်ဖြင့် နောက်မှ လိုက်သွားခဲ့သည်။
သူတို့နှစ်ဦး ဂိတ်တံခါးအပြင်သို့ရောက်သည့်အခါ အဝါတောက်တောက်ဝတ်စုံဖြင့်လူတစ်ဦး အဝေးမှလာနေတာကို တွေ့လိုက်ရသည်။ ထိုလူ၏ပုံရိပ်ကသေးငယ်ပြီး ကလေးတစ်ဦးနှင့်တူပေသည်။
သူကအဝါရောင်ဝတ်ရုံကိုဝတ်ဆင်ထားပြီး အပြာရောင်ဖိနပ်ရှည်တစ်စုံကိုစီးထား၏။ သူကလက်တွေကိုနောက်တွင်ထားကာလျင်လျင်မြန်မြန်လမ်းလျှောက်လာသည်။ စိတ်လှုပ်ရှားနေပုံရသည့် အစေခံတစ်ဦးက သူ့နောက်မှကပ်လိုက်လာ၏။
သူတို့အနီးရောက်လာသည့်အခါ ထန့်ယွင်က အစေခံအိုကြီးပြောနေတာကို ကြားနိုင်သည်။
"အိမ်ရှေ့စံမင်းသား၊ ကျေးဇူးပြုပြီး ဖြည်းဖြည်းသွားပါ၊ တစ်ယောက်ယောက်နဲ့များတိုက်မိရင် မင်းသားတော့ ဒုက္ခပါပဲ"
"ဘယ်သူက ငါနဲ့ဝင်တိုက်ရဲလဲ၊ ငါမင်းသားက ကြီးမြတ်တဲ့ဧကရီကို မြင်ချင်တယ်"
သူတို့စကားထဲမှ ကြားလိုက်ရသည့် အကြောင်းအရာများကြောင့် ထန့်ယွင်အနေဖြင့် အနှီအိမ်ရှေ့စံလေးမှာ တစ်စုံတစ်ရာကို ရွေးချယ်ဖို့ရာ အထူးတလည်လာခဲ့ကြောင်း ခန့်မှန်းမိလိုက်သည်။
ရွှယ်ကျွင်းလျန်၏တရားဝင်ဇနီးကြီး၊ ဧကရာဇ်မောင်းမဆောင်၏အရှင်သခင်မအနေဖြင့် အိမ်ရှေ့စံသည် ဧကရီကို သူ၏မွေးမိခင်အရင်းမဟုတ်လျှင်ပင် မယ်တော်ဟုခေါ်သင့်၏။ သို့ပေသိ ဤနွားပေါက်လေးကတော့ သူ့ကိုယ်သူ အကျည်းတန်ဧကရီထက် ပိုပြီးမြင့်မြတ်သည်ဟု အတိအကျတွေးထားပုံပင်။
သူ၏မူလကိုယ်သေဆုံးမှုအကြောင်းကြားလိုက်ရစဥ် ထုံကျင်သွားခဲ့သည်။ ယခုမူ သူ၏အမှတ်အသားက လုံးဝကိုကွဲပြားသည့်လူဖြစ်သွားသည့်အခါ မည်သိူ့နှယ် ဤတိုင်းပြည်အပေါ် သစ္စာရှိနိုင်မည်နည်း။ သူကရိုးရှင်းစွာပင် မဖြစ်ချင်ပေ...။
ပြီးနောက် ယခုအခါ တစ်စုံတစ်ဦးက သူ့ကိုပြဿနာရှာဖို့ လာနေပေပြီ။ ထို့အတူပင် ထန့်ယွင်သည်လည်း သူ၏အမျက်ကိုဖြေဖျောက်ဖို့ကာ ဤအခွင့်အရေးကို အသုံးချနိုင်ခဲ့၏။
အိမ်ရှေ့စံငယ်လေးသည် လျင်မြန်စွာလျှောက်လာ၏။သို့သော်လည်း သူအောက်ဆုံးအဆင့်ကိုစလှမ်းပြီး အပေါ်ကိုမော့ကြည့်လိုက်စဥ် ဂိတ်တံခါးတွင် ထောင်ယွင်ရပ်နေတာကို တွေ့လိုက်ရသည်။
အိမ်ရှေ့စံငယ်လေးက အပြောတွင်တော့ရဲရင့်သည့်တိုင် သူသည်အမှန်မှာ ၇နှစ်၈နှစ်မျှသာ ရှိသေးသောကလေးငယ်သာဖြစ်သည်။ သူထောင်ယွင်ကိုမြင်သည့်အခါ နောက်ပြန်ခြေလှမ်းနှစ်လှမ်းဆုတ်လိုက်မိသည်။ သူ့ကိုသာ အစေခံအိုကြီးမှ ဖမ်းမထားခဲ့လျှင် မြေပေါ် ဖင်ထိုင်ရက် လဲကျသွားပေလိမ့်မည်။
ထန့်ယွင်သည် မင်းသားငယ်လေးက သူ့အား ထူးဆန်းသည့်မျက်နှာအမူအယာဖြင့် ကြည့်နေတာကို တွေ့လိုက်ရသည်။ သူကိုယ်တိုင် ပင် သူ့မျက်နှာသူ ကြေးဝါမှန်တွင်မြင်လိုက်ရချိန်က မယုံကြည်နိုင်ခဲ့ချေ။ သူ့မျက်နှာထက်တွင် အညိုအမည်းစွဲနေသည့်ဒဏ်ရာများဖြင့် ပါးပြင်ကလည်းယောင်ရမ်းနေကာ ထိုအမှတ်များမှ သွေးများပင် စီးကျနေသည်။
သို့သောငြား အိမ်ရှေ့စံမင်းသားငယ်တွင် ထန့်ယွင်ကဲ့သို့အတွေ့အကြုံနှင့် အသိပညာမရှိသဖြင့် အတော်ကြာအောင် စိုက်ကြည့်နေနိုင်သည်။ သူကတဖြည်းဖြည်းငြိမ်သက်သွားကာ ပြောလိုက်သည်။
"သူမကဘာမှမကြီးမြတ်ဘူး၊ သူမက အရမ်းကြောက်စရာကောင်းရုံပဲ"
သူ့နောက်ရှိ ကျင့်ဝတ်တို့ကိုနားလည်သူ အစေခံအိုကြီးက မင်းသားလေးမှာ မသိနားမလည်ပဲ အထိန်းအကွပ်မရှိစကားပြောလိုက်မှာကို ကြောက်ရွံ့နေခဲ့သည်။ သူကရုတ်တရက်ကြီး ဒူးထောက်ကာပြောလိုက်သည်။
"ဒီအစေခံအိုကြီးက ဧကရီကို အရိုအသေပြုပါတယ်"
မင်းသားငယ်လေးက အစေခံအိုကြီးကို စိုက်ကြည့်လိုက်သည်။
သတိကြီးသည့် အပြောအဆို၊ အကျင့်တို့ဖြင့် အစေခံအိုကြီးမှာ ကျန်းယွီဖြစ်သည်။ သူက ရွှယ်ကျွင်းလျန်ကိုယ်တိုင်ကို အမှုထမ်းခဲ့သူဖြစ်သည်။ နောက်ပိုင်းတွင် ရွှယ်ဝမ်မှာ သူ၏တစ်ဦးတည်းသော သားတော်လေးကို ချစ်မြတ်နိုးလှသဖြင့် ကျန်းယွီကို ခစားဖို့ စေလွှတ်လိုက်သည်။
ထန့်ယွင်က ဘာမှမပြောချေ။ ထို့ကြောင့် ကျန်းယွီမှာ မထရဲချေ။ အိမ်ရှေ့စံငယ်လေးက သူ၏ကိုယ်ပိုင်အစေခံက သူ့စကားကိုနားမထောင်သဖြင့် ဒေါသထွက်လာသည်။ သူကပြောသည်။
"ကျန်းယွီ၊ မောင်မင်းဘာလို့ ဒူးထောက်နေရတာလဲ၊ ဒါက ငြိမ်းချမ်းရေးကိုယ်စားပြုလက်ထပ်ခြင်းလေးပါပဲ၊ ရွှယ်ပြည်က ဒီရုပ်ဆိုးတဲ့ဧကရီကို ကြောက်စရာမလိုဘူး၊ ငါတို့တွေက ထန့်ပြည်ကိုတောင် သိမ်းပိုက်နိုင်ခဲ့ပြီးပြီ၊ ဖုန့်ပြည်ကို သိမ်းပိုက်ဖို့ အချိန်မကျသေးရုံပဲ"
ထိုအရာကိုကြားပြီးနောက်တွင် ထန့်ယွင်ကအေးစက်စွာရယ်ပြီး ပြောလိုက်သည်။
"အိမ်ရှေ့စံ၊ မင်းအမြဲလိုလို စာအုပ်တွေကို လေ့လာနေတာလား"
မင်းသားငယ်လေးက မေးကိုပင့်ကာ ထောင်ယွင်ကိုပြောလိုက်သည်။
"ဒါပေါ့၊ ငါစာအုပ်တွေအများကြီးဖတ်တယ်၊ ငါ့ကိုစာမတတ်ဘူးလို့ထင်နေတာလား"
"မင်းသာစာတတ်ရင် ဘယ်လိုလုပ် ဒီလိုစာမတတ်ပေမတတ်ကလေးလို ပြောနေရတာလဲ"