Chapter 1
Viewers 2k

🌍Chapter 1



မနက်၉နာရီတွင် ဖြစ်သည်။


စာကြည့်တိုက် ဖွင့်ချိန်​ရောက်သည်နှင့် မနက်စောစောကပင် ကြိုစောင့်နေကြသော ဆံပင်ဖြူဖြူနှင့်အသက်ကြီးကြီး စာဖတ်သူများမှာ အတွင်းသို့ အလျိုအလျို၀င်လာကြသည်။ 


ယနေ့မှာ တနင်္လာနေ့ဖြစ်၏။


ရုံးပိတ်ရက်များနှင့် မတူသည်မှာ ယနေ့ကဲ့သို့ အလုပ်ဖွင့်ရက်မျိုးတွင် စာလာဖတ်သူအများစုမှာအငြိမ်းစားယူပြီးဖြစ်သော သက်ကြီးရွယ်အိုများသာ ဖြစ်ပြီး က​လေးများကို စာဖတ်ရန် အတင်း​ခေါ်လာ​သော မိဘများမဟုတ်ကြခြင်းပင်။


စာကြည့်တိုက်၏အပြင်ဘက်တွင် ကားသံ၊လူသံများဖြင့် ဆူညံလှုပ်ရှားနေသောကမ္ဘာကြီးရှိ​သော်လည်း

စာကြည့်တိုက်၏ အတွင်းပိုင်းတွင်မူ

စာရွက်လှန်သံများမှအပ ပကတိတိတ်ဆိတ်လျက်။


မနက်ဆယ်နာရီစွန်းစွန်းတွင်မူ စာကြည့်တိုက်တွင် လူ​တွေတဖြည်းဖြည်း ပိုများလာခဲ့သည်။


ထန်မော့သည် ကွန်ပျူတာရှေ့တွင်ထိုင်လျက် စာအုပ်များအား စီစစ်ဖို့ရာကူညီပေးရသည်။ သူ၏ဘယ်ဘက်လက်သည် ကီးဘုတ်ပေါ်တွင်ရှိပြီး စာအုပ်၏ သက်တမ်းရက်ကို စစ်ဆေးကာ ကျန်သည့်ညာဘက်လက်ကမူ မောက်စ်ကို နှိပ်လျက် ရက်ကိုအတည်ပြုလေသည်။


၄င်းတို့ကို လုပ်ပြီးနောက် ထန်မော့သည် မိမိရှေ့ကိုမော့ကြည့်လိုက်ပြီး


"စာအုပ်ငှားထားတာ တစ်လကျော်တောင်ရှိပြီပဲ။

ခုထိဖတ်လို့မပြီးသေးတာလား"


သူ့ရှေ့မှသက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာမူ ပြုံးလျက် ခေါင်းကို ခါယမ်းလိုက်သည်။


"အင်းကွယ်၊ အန်တီ့သားက စာဖတ်နှေးတယ်လေ။ 

တစ်လအတွင်းစာအုပ်ပြန်မအပ်နိုင်တာက ပြဿနာရှိလို့လား"


ထန်မော့က ရှင်းပြသည်။


"တစ်လအတွင်းကို အလကားဖတ်လို့ရပါတယ်။

တစ်လကျော်ရင်တော့ တစ်ရက်ချင်းစီအတွက် 

ရက်ပိုကြေး တစ်ယွမ်စီပေးရမယ်"


သူကပြောနေရင်းနဲ့ ခဏရပ်လိုက်ပြီးမှ ဆက်၍ပြောလိုက်သည်။


"အကယ်၍ စာအုပ်ပျောက်သွားတာ ဆိုရင်တော့ စာအုပ်ရဲ့မူရင်းတန်ဖိုးအတိုင်း စာကြည့်တိုက်ကို 

ပြန်လျော်ရပါတယ်။ ဒီစာအုပ်ရဲ့တန်ဖိုးကတော့ ၈၂ယွမ်ပါ"


အမျိုးသမီးကြီး၏အမူအယာမှာ ရုတ်ချည်းပြောင်းလဲ သွားတော့သည်။


"အို​ စျေးများလိုက်တာ

ကောင်းပြီလေ။ ဒါဆိုအန်တီပြန်ပြီး

သားသားကို မြန်မြန်ဖတ်ဖို့ ပြောလိုက်ဦးမယ်နော်"


သူမကအမြန်လှည့်ပြီး ထွက်သွားတော့သည်။


ထန်မော့သည် ထွက်သွားသောအမျိုးသမီးကြီး၏ ကျောပြင်ကို ကြည့်နေပြီး သူ၏ချောမောသောမျက်နှာမှာမူ မည်သည့်အမူအယာမှ ရှိမနေပါချေ။ 


သူ နောက်ထပ်စာအုပ်ငှားသူတစ်ယောက်၏ စာကြည့်တိုက်ကတ်ကိုသာ ဆက်၍စစ်ဆေးကာ 

လုပ်စရာရှိသည်ကို ဆက်လုပ်​နေလိုက်သည်။


"ဖတ်လို့မပြီးသေးတာ ဟုတ်စ

ငါကတော့ သူစာအုပ်ကို ဖျောက်လိုက်ပြီထင်တာပဲ"


အမျိုးသမီးတစ်ဦး၏ ခပ်ဆတ်ဆတ်​ လေသံကြောင့်

ထန်မော့ စာကြည့်တိုက်ကဒ်ကို စစ်ဆေးနေရင်းပင် ပြန်ဖြေလိုက်သည်။


"ဟုတ်မှာပေါ့"


အမျိုးသမီးလေသံတွင်မကျေနပ်မှုများပါ၀င်နေလျက်ပင်


"စာကြည့်တိုက်ကဒ်တစ်ကဒ်က ယွမ်၅၀လေ။

စာအုပ်လျော်ကြေးက ၈၂ယွမ်​တောင်ဆို​တော့

ငါကတော့ သူပြန်လာတော့မယ်မထင်ပေါင်"


"ငါလည်းအဲလိုထင်တာပဲ"


ဧည့်ကောင်တာမှ ဥက္ကဋ္ဌ၀မ်က ထလာပြီးထန်မော့၏ပုခုံးကိုပုတ်လိုက်သည်။


"ရှောင်ထန်း ၊ သွားပြီးတော့ 

ဟိုငကြောင် ဘာလုပ်နေလဲ သွားကြည့်စမ်းကွာ။

ငါအခုနကသူ့ကိုထောင့်ချိုးနားမှာ တွေ့လိုက်တယ်။

အဲနားက cctvမှာမပေါ်ဘူး။ သူဘာရှုပ်ရှုပ်ရှက်ရှက်မှ လုပ်မနေစေနဲ့ကွာ"


ထန်မော့ကခေါင်းငြိမ့်လိုက်ပြီး ထောင့်ချိုးဆီလျှောက်သွားလိုက်သည်။


စုကျိုးမြို့တော်စာကြည့်တိုက်မှာ စုကျိုးမြို့လည်ခေါင်တွင်တည်ရှိပြီး စုစုပေါင်းအလွှာသုံးလွှာရှိလေသည်။


သုံးလွှာမြောက်မှ စာအုပ်များမှာ လူ့ယဉ်ကျေးမှုနှင့် သမိုင်းအကြောင်းစာအုပ်များသာ ဖြစ်၏။


ထန်မော့သည်ကောင်တာမှတဆင့် အရှေ့မြောက်ဘက်ရှိ စင်များရှိရာဆီ လျှောက်လာလိုက်သည်။

ဥက္ကဋ္ဌ၀မ်ရည်ညွှန်းသော ငကြောင်ပုဂ္ဂိုလ်အား 

မတွေ့ခင်အထိ ထန်မော့ စာအုပ်စင်သုံးဆယ်ကျော်ခန့်ကို ဖြတ်ကျော်လာခဲ့ရသည်။


နို၀င်ဘာလတွင် စုကျိုး၏ရာသီဥတုမှာအေးမြပြီး လေရူးများမှာ ပြတင်းပေါက်အပြင်ဘက်တွင် တ၀ူး၀ူးတိုက်ခတ်လျက်ရှိသည်။ 


ထို့ကြောင့်ပင် မှန်ပြတင်းများမှာ လှုပ်ခါနေကြသော်လည်း ထိုမှန်တံခါးမှတဆင့်၀င်လာနေသော 

နေရောင်ကမူ နွေးထွေးနေဆဲ။ 

ငကြောင်ပုဂ္ဂိုလ်မှာ ထိုပြတင်းပေါက်အနီး၌ပင် 

တင်ပြင်ခွေလျက် ထိုင်နေခြင်းဖြစ်သည်။ 

သူ၏အနီးတွင်မူ စာအုပ်လေး၊ငါးအုပ်ခန့်က မဆီလျှော်သော အနေအထားဖြင့်ပြန့်ကျဲနေပြီးပို၏ဆိုးသည်မှာ သူကဖင်ကုတ်ခေါင်းကုတ်လုပ်နေပြီးစာအုပ်ကို ဖတ်နေသည့်ပုံပင်မပေါ်ပေ။ 


ထန်မော့ နှုတ်ခမ်းကို တင်းတင်းစေ့လျက် စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ကာ...


"လူကြီးမင်းချန်၊ စာကြည့်တိုက်မှာခုံတွေ၊ စားပွဲတွေရှိပါတယ်။ ခင်ဗျားစာအုပ်ကိုအဲဒီမှာ ထိုင်ဖတ်လို့ရတယ်"


"စာဖတ်တာ၊ စာဖတ်တာဆိုမှ ငါဘာစာအုပ်ကိုဖတ်နေတာပါလိမ့်"


ထန်မော့ သူအခုလေးတင် ကောက်ယူလိုက်သော စာအုပ်ကိုကြည့်ကာ


"မယန်းလူမျိုးစု ပျောက်ကွယ်သွားခြင်း နောက်ကွယ်က လျို့၀ှက်ချက်လား"


ဤတွင် ငကြောင်ပုဂ္ဂိုလ်မှာ နီရဲနေသောမျက်လုံးများဖြင့်ထန်းမော့ကို မော့ကြည့်လာပြီး ကြောက်ရွံ့နေသောပုံစံဖြင့် မေးလာသည်။


"မင်းက မယန်းလူမျိုးစု ပျောက်ကွယ်သွားတာရဲ့နောက်ကွယ်က အကြောင်းကိုသိတာလား?"


ထန်မော့ နှုတ်ခမ်းကိုတွန့်ကွေးလျက် အပြုံးမမည်စွာပြုံးလိုက်ကာ...


"ကျွန်တော်မသိဘူး။ ခင်ဗျားရောသိလား..."


"ဒါပေါ့ ၊ ငါသိတာပေါ့"


ငကြောင်ပုဂ္ဂိုလ်က ထရပ်လိုက်ပြီးဆိုသည်။


"သူတို့ကဘုရားသခင်ကို အပြစ်ပြုမိတာကိုး...

တကယ့်ဘုရားသခင် မဟုတ်ဘူးနော်၊ 

အဲဒါကြောင့် သူတို့အကုန်သေသွားတာ...

ဒါ​ပေမယ့်လည်းဘုရားသခင်တစ်ဦးတည်းကသာ 

ထာ၀ရရှင်သန်နိုင်သူပဲ... သူ့ကိုအပြစ်ပြုမိမှတော့ သေရမှာပေါ့..."


ထန်မော့မှာထိုစကားလုံးများကို အကြိမ်ပေါင်းများစွာ ကြားဖူးပြီမို့ ထပ်၍နားထောင်မနေတော့ပေ။


စာကြည့်တိုက်မှာ အများပြည်သူ လူမျိုးဘာသာမရွေး ဖတ်ရှုနိုင်အောင် ဖွင့်လှစ်ထားခြင်းဖြစ်သည့် အလျောက် လူပေါင်းစုံနှင့်လည်းထိတွေ့ဆက်ဆံဖူးရ​လေသည်။


ဤငကြောင်ပုဂ္ဂိုလ်မှာအနည်းငယ် ရူးကြောင်ကြောင်နိုင်သော်လည်း အမှန်တကယ်ရူးနေခြင်းတော့မဟုတ်။ ယုံကြည်ကိုးကွယ်မှုနှင့်ပါတ်သတ်ပြီး

အနည်းငယ် အစွန်းရောက်နေခြင်းသာဖြစ်သည်။ 

သူက ဘာသာရေးအမည်ခံကာ စာကြည့်တိုက်တွင် လာရောက်ခိုကပ်၍ အခမဲ့ဖတ်ရန်ကြံစည်နေခြင်းဖြစ်ပြီး သူတို့ကဤပုဂ္ဂိုလ်ကို မောင်းမထုတ်နိုင်ခြင်းမှာလည်း ဤအကြောင်းပြချက်ကြောင့်ပင်ဖြစ်၏။


ထန်မော့က ခပ်ပေါ့ပေါ့ပင်မေးလိုက်သည်။


"တကယ့်ဘုရားသခင်က ဘယ်မှာလဲ..."


ငကြောင်ပုဂ္ဂိုလ်၏အမူအယာမှာ ရုတ်ချည်းတောင့်ခဲသွားတော့သည်။


ထန်မော့ကပြုံးလိုက်သည်။ ထို့နောက်စာအုပ်များကိုကောက်ယူကာ ကျောခိုင်းလိုက်တော့သည်။


သူ ဤပုဂ္ဂိုလ်အား အဆိုပါမေးခွန်းကိုအကြိမ်ပေါင်းများစွာ မေးဖူးခဲ့သည်။ ဤငကြောင်ပုဂ္ဂိုလ် စာကြည့်တိုက်သို့ရောက်လာ သည်မှာ တစ်နှစ်စွန်းစွန်းတောင် ရှိရော့မည်။ ရောက်လာတိုင်းလည်း 

တစ်နေရာရာတွင်မြဲမြံစွာထိုင်လျက် ဘာသာရေး၏ ကြီးကျယ်မြင့်မြတ်မှုများအကြောင်း ကရားရေလွှတ် တတွတ်တွတ်ပြောနေလိမ့်မည်။အကယ်၍ တစ်စုံတစ်ယောက်ကသာ ဘုရားသခင်အကြောင်းမေးလိုက်မည်ဆိုပါကာ ဤပုဂ္ဂိုလ်သည် ပါးစပ်ပိတ်သွားပြီး စာကြည့်တိုက်မှ ခပ်သုတ်သုတ်ထွက်သွားပေလိမ့်မည်။ 


ထန်မော့မှာ စာအုပ်များကိုကိုင်လျက် ထွက်သွားရန် ပြင်လိုက်သော်လည်း နောက်ကျောဆီမှာ ​လေးပင်​သောခံစားချက်တို့ပြည့်နှက်​နေသည့် လေသံတစ်ခုကို ကြားလိုက်ရ​လေသည်။


"ဘုရားသခင်က အဲဒီမှာလေ"


ထန်မော့ခြေလှမ်းတို့ကရပ်တန့်သွားပြီး နောက်ကိုလှည့်၍ ကြည့်လိုက်မိလေသည်၊


ကိုငကြောင်သည် ပြတင်းပေါက် နံဘေးတွင်

ရပ်လျက် ရှိသည်။ သူ၏လက်ညှိုးမှာမူ မြို့ကြီးအပေါ်တွဲလွဲခိုနေသော အနက်ရောင်မျှော်စင်ကြီးကို ညွှန်ပြလျက်ပင်။


ထိုသူကထူးဆန်းသောအပြုံးမျိုးပြုံးလျက်ဆက်၍ဆိုလေသည်။


"ဘုရားသခင် လာနေပြီ..."


ထန်မော့"..."


ကောင်းပြီ  ပျော်ရင်ပြီးတာပဲ။


***


ထန်မော့ အိမ်ပြန်လျှင်စီးနေကျ ဘတ်စ်ကားမှာ

မြို့လယ်ခေါင်ကနေ အမြဲဖြတ်သွားရသည်။


သူ ပြတင်းပေါက်နံဘေးနေရာတွင်ထိုင်လျက် နားကြပ်ကို နားထဲထိုးထည့်ကာ သီချင်းတစ်ပုဒ်နားထောင် နေလိုက်သည်။ သို့သော်သီချင်းဆုံးချိန်၌ အနားတွင်ရပ်နေသော ကျောင်းသူမိန်းကလေးနှစ်ဦး၏စကားသံက သူ့၏နားထဲ၀င်လာခဲ့၏။


"အနက်ရောင်မျှော်စင်ကြီးဟ၊ ငါဓာတ်ပုံရိုက်လိုက်ဦးမယ်"


"နင်ကခုထိပုံရိုက်ချင်နေတုန်းလား၊ ဒါကြီးကဘာများကောင်းလို့လဲ၊ အခုဘယ်သူမှလှည့်တောင်မကြည့်ကြတော့ဘူး"


"ငါ့အွန်လိုင်းသူငယ်ချင်းတွေကို မျှ​ဝေမလို့လေ။

Captionက အနက်ရောင်မျှော်စင်ဆီသို့ အလည်တစ်ခေါက်ဆို ဘယ်လိုလဲ"


"နင့်ပုံကိုဘယ်သူမှ စိတ်၀င်စားမှာမဟုတ်ဘူးဟဲ့။

ပြတင်းပေါက်ဘေးက အကိုကြီးကိုကြည့်စမ်း ချောလိုက်တာ။ နင်ပုံရိုက်မယ်ဆို အဲဒီအကိုကြီးကိုရိုက်လေ။ ဒါမှလူတွေက နင့်postကို စိတ်၀င်စားပြီး Likeတွေအများကြီးရမှာပေါ့။ Captionကို ဘတ်စ်ကားပေါ်ကအကိုကြီးလို့ပေးလိုက်

ဟဲ့အခုရိုက်လိုက်နော်"


နောက်ထပ်သီချင်းတစ်ပုဒ်က ထပ်မံပွင့်လာပြီး 

စကားသံတို့ကို ဖုံးလွှမ်းသွားခဲ့သည်။ ထန်မော့သည် ညာဘက်လက်ကိုမြှောက်ကာ သူ့မျက်နှာကိုကွယ်လိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ အနက်ရောင်မျှော်စင်ကိုသာ ကြည့်လိုက်ပြီး ကျောင်းသူမိန်းကလေးနှစ်ဦးကိုမူ ဂရုမစိုက်တော့ပေ။


သူ၏မျက်လုံးများကိုပင့်လျက် စုကျိုးမြို့အပေါ်တွင် တွဲလွဲခိုနေသော မျှော်စင်အနက်ရောင်ကြီးအား  သေချာ ကြည့်လိုက်မိလေသည်။


အနက်ရောင်မျှော်စင်ကြီးသည် မြို့လည်ခေါင်ရှိ မြင့်မားသော အဆောက်အအုံများအပေါ်၌ ၀ဲပျံလျက်တည်ရှိသည်။ မျှော်စင်မှာ သုံးမြှောင့်တုံးပုံစံ တစ်နည်းအားဖြင့် အီဂျစ်ခေတ်မှ ပိရမစ်၏ပုံစံပင်ဖြစ်သည်။


သို့သော်ပိရမစ်များနှင့် မတူသည်က ဤ​မျှော်စင်မှာမူ အနက်ရောင်ဖြစ်ချေသည်။ ရွှေရောင်မဟုတ်။ 

၄င်းကစုကျိုးမြို့အပေါ်တွင် တွဲလွဲခိုလျက် မြို့တစ်ခုလုံးအားဖုံးလွှမ်းသွားတော့မတက် ကြီးမားသယောင်ထင်ရ၏။ အေးမြသောလရောင်က အနက်ရောင်မျှော်စင်ကြီးအား ဖောက်ထွင်းလျက် မြေပြင်ပေါ်တွင်

အရိပ်ထင်နေသည်။


လွန်ခဲ့သောခြောက်လခန့်က အနက်ရောင်မျှော်စင်ကြီးက စုကျိုးမြို့လည်ခေါင်တွင် ရုတ်တရက်ပေါ်လာခဲ့သည်။


 á€žá€° ခါတိုင်းကဲ့သို့ 

စာကြည့်တိုက်သို့ အလုပ်လုပ်ရန်သွားခဲ့ခြင်းဖြစ်ပြီး အလျင်စလို ထွက်ခွာခဲ့သည်ဖြစ်ရာ မနက်ခင်းသတင်းများကိုလည်း မကြည့်ခဲ့မိပေ။ 

သူလမ်းပေါ်ရောက်သည်တွင် လူတွေအကုန်လုံး အုံးအုံးကျွပ်ကျွပ်ဖြစ်နေသည်ကို သတိထားမိခဲ့သည်။


ဘတ်စ်ကားများ ငှားလို့မရသည့်အပြင် တက္ကစီများကလည်းရပ်တန့်မ​ပေးခဲ့။ ယာဉ်များအားလုံးမှာ မြို့လည်ခေါင်ဆီသို့အလျင်အမြန် မောင်းနှင်နေကြ၏၊

ထန်မော့မှာ ယခုမှအလျင်စလိုနိုးထလာခဲ့ခြင်းဖြစ်ပြီး ဘာတွေဖြစ်ပျက်နေမှန်းနားမလည်နိုင်ခဲ့။ ဤတွင် သူရုတ်တရက်မော့ကြည့်လိုက်မိသောအခါ 

မြို့လည်ခေါင်ရှိ အနက်ရောင်မျှော်စင်ကြီးအား 

တွေ့လိုက်ရတော့သည်။


သူ၏အိပ်ချင်စိတ်များမှာလည်း တမဟုတ်ချင်းပျောက်ကွယ်သွားခဲ့ရသည်။


ထန်မော့သည် ဤသည်မှာ ၂၀၁၂ခုနှစ်ဖြစ်ပြီး ကမ္ဘာကြီး၏အဆုံးသတ်ပင်ဟု အထင်မှားမိလုနီးပါးပင်။


ဒီ​လောက်ကြီးတဲ့ဟာကြီးက မြို့လည်ခေါင်မှာ ဘယ်လိုရောက်နေတာလဲ...


သူ မနေ့က အလုပ်ကပြန်လာတုန်းကတောင် အဲဒီနေရာမှာ ဘာမှမရှိတာကို၊ ဒီနေ့မနက်မှာချက်ချင်းကြီးဘယ်လိုပေါ်လာရတာလဲ...


အစမှာတော့ ထန်မော့ကဒါဟာအစိုးရ၏ စံဆောက်လုပ်ရေးတစ်ခုဟု ထင်ခဲ့မိသည်။


အဘယ်​ကြောင့်မူ အွန်လိုင်းပေါ်တွင်လူတချို့က

ယ​နေ့ခေတ် နိုင်ငံတွင်းဆောက်လုပ်ရေးနည်းပညာများက မည်မျှတိုးတက်မြန်ဆန်နေပြီဖြစ်ကြောင်း အမြဲ ကြွားဝါနေကြတတ်၍ပင်။


သူတို့ ဒါကိုညတွင်းချင်း ဆောက်လိုက်ပြီး အိမ်နီးချင်းနိုင်ငံတွေ မနာလိုဖြစ်အောင် လုပ်ချင်တာလည်းဖြစ်နိုင်သည်။


သူကသေချာနားမလည်ခင်မှာပင် တက္ကစီတစ်စီးငှားလို့ရခဲ့ပြီး​နောက် တခြားသူများနည်းတူ မြို့လည်ခေါင်သို့သွားကာ လူအုပ်နဲ့အတူရပ်ပြီး မျှော်စင်ကြီးအား အသေအချာကြည့်မိလေသည်။ ထိုအခါမှမျှော်စင်ကြီးမှာ လေပေါ်တွင်လုံး၀ကြီးတွဲလွဲခိုနေခြင်းဖြစ်သည်ကို မယုံနိုင်ဖွယ်တွေ့လိုက်ရတော့သည်။


လုံး၀ကို လေပေါ် ပေါ်နေခြင်းဖြစ်သည်။


အနည်းဆုံးတော့မြေပြင်ပေါ်မှ မီတာတစ်ရာကျော်မြင့်ကာ ​လေထဲတွင်တွဲလွဲခို​နေသည်ကအလွန်ရှင်းရှင်းလင်းလင်းကြီးပင်။


ဘယ်လိုလူသားနည်းပညာတွေကများ ဒီထုထည်အစိုင်အခဲကြီးကို လေပေါ်မှာ၀ဲနေအောင် လုပ်နိုင်မှာတဲ့လဲ...


မြို့လည်ခေါင်ရှိ LED ဖန်သားပြင်ကြီးကလည်း သတင်းများ အဆက်မပြတ်ထုတ်လွှင့်နေလေသည်။


"ယနေ့မနက်၈နာရီခန့်မှာ စုစု​ပေါင်းအ​ရေအတွက် ၁၀၂၁ခုရှိတဲ့ ထူးဆန်းတဲ့အနက်ရောင်မျှော်စင်တွေဟာ တရုတ်ပြည်ရဲ့အထင်ကရမြို့ကြီးများနဲ့ 

ပင်လယ်မျက်နှာပြင်များပေါ်မှာ ရုတ်ချည်းပေါ်လာခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ ကမ္ဘာပေါ်ကတခြားအထင်ကရနေရာတွေမှာလည်း ဒီထူးဆန်းတဲ့အနက်ရောင် မျှော်စင်တွေဟာ တပြိုင်နက်ထဲ ပေါ်လာခဲ့ကြောင်းလည်း သိရပါတယ်။ အားလုံးပဲမစိုးရိမ်ကြပါနဲ့။ အစိုးရက သက်ဆိုင်ရာအဖွဲ့အစည်းရဲ့ ကျွမ်းကျင်သူတွေရဲ့ အကူအညီနဲ့အတူ ဒီအနက်ရောင်မျှော်စင်ရဲ့ဖြစ်ရပ်တွေကို အဖြေရှာဖို့ ပြင်ဆင်ထားပါပြီ။ အခုကျွန်မတို့ ပီကင်းတက္ကသိုလ်ရူပဗေဒဋ္ဌာနရဲ့ ပရော်ဖက်ဆာလော့ကို ဒီအနက်ရောင်မျှော်စင်တွေရဲ့ဖြစ်စဉ်နဲ့ပါတ်သတ်ပြီး ဆွေးနွေးဖို့ဖိတ်ခေါ်ထားပါတယ်။ အခုကျွန်မတို့ ပရော်ဖက်ဆာလော့နဲ့ ချိတ်ဆက်နေပါပြီ...."


ကမ္ဘာကြီး အဆုံးသတ်ပြီ...



🪩