Chapter 3
Viewers 2k

🌍Chapter 3



"တင်းတောင်~~နို၀င်ဘာ ၁၅ရက်၊ ၂၀၁၇ခုနှစ်၊

ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပါပြီ"


ကမ္ဘာကြီးရပ်တန့်သွားခဲ့သည့်နှယ်


ထိုအခိုက်အတန့်တွင် လမ်းပေါ်မှသွားလာလှုပ်ရှားနေသော လူများအကုန်လုံးရပ်တန့်ကာ ၄င်းတို့နှင့်အနီးဆုံးရှိ အနက်ရောင်မျှော်စင်ကြီးကို မော့ကြည့်လိုက်ကြသည်။


အနက်ရောင်မျှော်စင်ကြီးက ဤမျှကြီးမားသည်ဟု သူတို့ဘယ်တုန်းကမှ မခံစားမိဖူးပေ။ ယခုမူ မည်မျှပင်​ဝေးကွာနေစေကာမူ ထိုမျှော်စင်ပေါ်မှ အပြာရောင်အလင်းစက်လေးကိုပင် ရှင်းလင်းစွာတွေ့မြင်နေရ​တော့သည်။


အပြာရောင်အလင်းစက်လေးကတဖြတ်ဖြတ်လင်းလာပြီး ကွန်ပျူတာ စာလုံးဗားရှင်းအဟောင်းပုံစံဖြင့်

ရေးထားသော စာတန်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထို့နောက်တွင် ရှင်းလင်းသောစာတန်းတို့က 

အနက်ရောင်မျှော်စဉ်၏ကိုယ်ထည်တွင် ထွက်ပေါ်လာခဲ့၏။


"တင်းတောင် သုံးရက်အတွင်းမှာ ကစားသမားအားလုံးဟာ မည်သည့်ကစားသမားများနှင့်မဆို ရှုံးထွက်ပွဲစဉ်များကို ကစားရမှာဖြစ်ပါတယ်။ 


ဂိမ်းပွဲအရေအတွက် ကန့်သတ်ထားခြင်းမရှိပါ"


ကျယ်လောင်စူးရှသော က​လေးငယ်၏အသံကိုပါ 

တပြိုင်တည်း ကြားလိုက်ကြရသည်။


ထန်မော့ နေရာတွင်ရပ်ပြီး အနက်ရောင်မျှော်စင်အား မျက်တောင်မခတ်ပဲစိုက်ကြည့်နေမိသည်။ 

အေးစက်သောလေတို့က သူ့ပါးပြင်ကိုတိုးဝှေ့နေသည့်တိုင် ချွေးစက်တို့က သူ၏နှဖူးတွင်ပြည့်သီးလာခဲ့သည်။


သူကအနက်ရောင်မျှော်စင်အား တချက်မှမလွတ်စေရအောင် စိုက်ကြည့်နေခဲ့သော်လည်း အနက်ရောင်မျှော်စင်မှာမူ မူလအတိုင်း ပြန်လည်တိတ်ဆိတ်သွားခဲ့ပြီဖြစ်သည်။


အပြာရောင်စာလုံးများနှင့် ကလေးအသံလည်းမရှိတော့​ချေ။


နာရီ၀က်ခန့်ကြာသော် စာကြည့်တိုက်အ၀င်၀သို့ 

ထန်မော့ရောက်လာခဲ့သည်။ အနက်ရောင်မျှော်စင်အနီးတွင် လူများတိုးကြိတ်နေသည်မှာစာကြည့်တိုက်အ၀င်လမ်းပင် ပိတ်မတတ်။


ဆူညံနေသောလူအုပ်ကြီးက မြို့လည်ခေါင်တွင် တိုးကြိတ်နေပြီး ထန်မော့ကဖြတ်မလာခင် ခဏသာကြည့်ခဲ့လိုက်သည်။


ဆယ်မိနစ်အကြာ၌ ဥက္ကဋ္ဌ၀မ်ရောက်လာကာ စားပွဲများကို သိမ်းဆည်းရန်ပြောသည်။


"ဒီနေ့အလုပ်လာစရာမလိုဘူး၊ အိမ်ပြန်ပြီးအကြောင်းကြားချက်ကိုသာ စောင့်နေကြ"


ရှောင်ကျိုးက စိတ်လှုပ်ရှားစွာမော့ကြည့်ပြီး တရစပ်မေးလာသည်။


"ဥက္ကဋ္ဌ အဲဒါကအနက်ရောင်မျှော်စင်ကြောင့်လားမျှော်စင်က ဒီနေ့မနက်အသံတွေ ထွက်လာတယ်နော်။ ဥက္ကဋ္ဌလည်းကြားလိုက်တယ်မလား ဘာတွေဖြစ်နေတယလဲမသိဘူးနော်၊ ဒါကြီးကမ္ဘာပေါ်ဘယ်လိုရောက်လာတာလဲမသိဘူး။ မဟုတ်မှလွဲရောတကယ် ကမ္ဘာပျက်တော့မှာလား မသိဘူးနော်"


ဥက္ကဋ္ဌ၀မ်ကမူ မည်း​မှောင်​နေသောအမူအယာဖြင့်ဆူပူလိုက်သည်။


"ဘာကမ္ဘာပျက်မှာလဲ လူငယ်ဖြစ်ပြီးပေါက်ကရတွေ လျှောက်ပြောနေရလား၊ ပါးစပ်ပိတ်ပြီးလုပ်စရာရှိတာ လုပ်ပြီးသွားတော့"


ရှောင်ကျိုးက ၁၉၉၆ခုနှစ်တွင်မွေးသော မိန်းကလေးဖြစ်ကာ စာကြည့်တိုက်၏ အငယ်ဆုံး စာကြည့်တိုက်မှူးပင် ဖြစ်ချေသည်။ သူမ၏၀ိုင်းစက်သောမျက်လုံးများတွင် အကြောက်တရားထက် သိချင်စိတ်ကပိုများ​နေပုံပင် ဥက္ကဋ္ဌ၀မ်ထွက်သွားသည်နှင့် သူမကထပ်ပြီးပြောလာပြန်သည်။


"ထန်မော့ နင်လည်းကြားလိုက်တယ်မလား။ အနက်ရောင်မျှော်စင်ပြောတာကိုလေ။ အွန်လိုင်းပေါ်တက်လာတာနဲ့ ရှုံးထွက်ကစားပွဲတွေ ကစားရမှာ​တွေက ဘာတွေလဲ "


ထန်မော့မှာ အိမ်ပြန်ရန်သူ့ပစ္စည်းများကို ထုတ်ပိုးနေခြင်း ဖြစ်ပြီး အနည်းငယ်စိတ်ရှုပ်လာသောကြောင့် တိုတိုပြတ်ပြတ်ပင်ဖြေလိုက်သည်။


"ငါနားမထောင်လိုက်မိဘူး"


"ဒါကမ္ဘာကြီးအဆုံးသတ်လို့ထင်လား။ ဒါကဇွန်ဘီတွေနဲ့ ကမ္ဘာပျက်ကပ်လိုမျိုးလည်း မဟုတ်ဘူးနော်

အနက်ရောင်မျှော်စင်က ငါတို့ကိုဂိမ်းကစားပြီး ကစားသမားအချင်းချင်း ပြန်ထုတ်ရမယ်ပြောတာဆိုတော့ အဲဒါပြီးရင်ငါတို့ ဇွန်ဘီတွေဖြစ်လာမှာများလား၊ ဟဲ့ ဒါကနိုင်ငံရေးလှည့်ကွက်တစ်ခုများ

ဖြစ်နေမလားနော်​။ အာ..မဖြစ်နိုင်ပါဘူး ငါအင်တာနက်ပေါ်မှာတွေ့တာတော့ ကမ္ဘာပေါ်မှာရှိတဲ့အနက်ရောင်မျှော်စင်တွေ အကုန်လုံးဆီက အသံထွက်လာတာတဲ့၊ ဘယ်နိုင်ငံကများ ဒီလိုမျိုးလုပ်နိုင်မှာလဲနော် 

အမေရိကန်ကတောင် ဒါမျိုးလုပ်နိုင်မယ်မထင်ဘူး"


ထန်မော့မှာ ဤအကြောင်းအရာနှင့် ပါတ်သတ်ပြီး ဆွေးနွေးဖို့ စိတ်အခြေအနေမျိုးရှိမနေပေ၊ ဘာကြောင့်လဲမသိ။ ဒီနေ့မနက်တွင် အနက်ရောင်မျှော်စင်၏ အသံကိုကြားလိုက်ရပြီးကတည်းက သူ၏နှလုံးမှာ အလွန်မူမမှန်စွာခုန်နေသလိုခံစားရသည်။


ပုံမှန်အရွယ်ရောက်သူတစ်ဦး၏ နှလုံးခုန်နှုန်းက တစ်မိနစ်တွင် အကြိမ်၆၀မှ ၁၀၀အတွင်းရှိသည်။ ထန်မော့သည် ရှောင်ကျိုးနှင့်စကားပြောနေစဉ် မိမိကိုယ်ကိုရေတွက်နေခဲ့ခြင်း ဖြစ်ပြီး သူ၏နှလုံးမှာတစ်မိနစ်တွင် အကြိမ်၁၃၀အထိခုန်နေခဲ့ခြင်းပင်။


သို့သော် ထိုနှလုံးခုန်နှုန်းကြောင့် သူ၏ခန္ဓာကိုယ်မှာ မသက်မသာမခံစားရပဲ တစ်ခုခုမှားနေသလိုမျိုး 

တုပ်လှုပ်မိနေခြင်းသာဖြစ်သည်၊


ထန်မော့သည် ဘေးပါတ်၀န်းကျင် ဘယ်၊ညာကို ကြည့်လိုက်မိသည်၊ စာအုပ်ငှားသည့်ကောင်တာမှာ 

အခန်း၏အလယ်တွင်ရှိပြီး ပါတ်ပါတ်လည်တွင် စာအုပ်စဉ်များကသာ၀န်းရံထားသည်။ ဘယ်ဘတ်တွင် လူ့ယဉ်ကျေးမှုစာအုပ်များရှိပြီး ညာဘက်တွင်တော့ သမိုင်းကြောင်းစာအုပ်များရှိသည်။ 

ထန်မော့မှာ သူ့ကိုယ်ကိုမည်သည်ကို ရှာဖွေနေမိမှန်းမသိတော့။ နေရောင်ကပြတင်းပေါက်မှတဆင့် ၀င်လာနေပြီး ဖုန်မှုန့်ငယ်များက နေရောင်ထဲတွင်ပျံသန်းနေကြသည်။


"ထန်မော့" 


ကျယ်လောင်သော အမျိုးသမီးအသံက ထန်မော့ကို လှုပ်နှိုးလိုက်သည်။ 


ရှောင်ကျိုး၏ လေသံတွင် မကျေမနပ်မှုတို့ပါ၀င်လျက်


"ငါနင့်ကိုခေါ်နေတာကြာပြီ 

ဘာဖြစ်တာလဲ နင်ဘာလို့စကားပြန်မပြောတာလဲ"


ထန်မော့က သူ့၏လက်ဖဝါးများဖြင့် သူ၏မျက်နှာကိုပွတ် သုတ်လိုက်မိသောအခါ သူ၏လက်ဖဝါးတွင်ချွေးများဖြင့် စိုရွှဲနေသည်ကို တွေ့လိုက်ရသည်။ 

သူလှည့်ကာ သူ၏လုပ်ဖော်ကိုင်ဖက်ကို ကြည့်လိုက်သည်။


"ဘာမှမဖြစ်ဘူး"


သူ၏နှလုံးကမူ ပို၍မြန်မြန်ခုန်နေခဲ့သည်။


ရှောင်ကျိုးကသူမ၏လွယ်အိတ်ကိုလွယ်ကာ


"ငါအနက်ရောင်မျှော်စင်ကို သွားကြည့်ချင်လို့ ၊ 

ငါဒီကိုလာနေတုန်း အဲဒီနားမှာလူတွေအများကြီး

စုပြုံနေတာ တွေ့တယ်၊ ငါနဲ့အတူသွားကြည့်မလား ငါတို့မပြန်ခင် ၀င်ကြည့်ကြမယ်လေ"


ထန်မော့ ခေါင်းကို လျင်မြန်စွာခါလိုက်သည်။


"ငါအိမ်ပြန်ရမှာ "


ရှောင်ကျိုးက မပျော်မရွှင်ဖြစ်နေသောမျက်နှာဖြင့် 

လက်​ဝေ့ကာ နှုတ်ဆက်ပြီးအရင်ထွက်သွားတော့သည်။


သို့သော် ရှောင်ကျိုးမှာ အနက်ရောင်မျှော်စဉ်အား သွားကြည့်လိုက်ရပုံမပေါ်ပေ။ ထန်မော့စာကြည့်တိုက်မှ ထွက်လာသောအခါ ရဲများက မျှော်စင်ပါတ်ပါတ်လည်ရှိ လူအုပ်ကို အိမ်ပြန်ရန် သတိ​ပေးနေကြသည်ကို တွေ့လိုက်ရသည်မို့ပင်


အဖြူရောင် ပလတ်စတစ်ကြိုးများက စာကြည့်တိုက်အ၀င်လမ်းကစပြီး အနက်ရောင်မျှော်စင်ပါတ်ပါတ်လည် မည်သူမျှ၀င်ခွင့်မရအောင် တင်းကြပ်စွာ ပိတ်ဆို့ထားသည်။


လူအများက လိုင်းအပြင်ဘတ်တွင်ရပ်ကာ သူတို့၏ဖုန်းများဖြင့် အနက်ရောင်မျှော်စင်အား ရိုက်ကူးရန်ကြိုးစားနေကြသည်၊


ထန်မော့လည်း ဖုန်းဖြင့်တစ်ပုံရိုက်ယူကာ 

တက္ကစီဖြင့်ပင် အိမ်သို့ပြန်လာခဲ့တော့သည်။


အင်တာနက်ပေါ်တွင် အနက်ရောင်မျှော်စင်၏ သတင်းကကမ္ဘာ့ထိပ်စည်းသတင်းများတွင် နေရာယူကာ အလွန်ပင်ရေပန်းစားနေခဲ့သည်၊


ထန်မော့ အိပ်ယာပေါ်တွင်လှဲပြီး သူ၏အင်တာနက်သူငယ်ချင်းများတင်ထား သည်တို့အားစစ်ကြည့် နေခဲ့သည်။ ဂျပန်နှင့် အ​မေရိကရှိ ကျောင်းသားများက အနက်ရောင်မျှော်စင်ပေါ်မှစာတန်းများပုံကို ဓာတ်ပုံရိုက်ပြီးတင်ထားကြသည်။

၄င်းတို့မှာ ယနေ့မနက်ကတွေ့လိုက်ရသလို တရုတ်စာဖြင့် မဟုတ်ပဲ၊ ဂျပန်စာ နှင့် အင်္ဂလိပ်စာများဖြင့် ဖြစ်၏။


ထန်မော့ကထိုပို့စ်ထဲတွင် ၀င်စကားမပြောသော်လည်း တခြားသူတို့၏ အပြန်အလှန်replyများကို၀င်၍ ဖတ်ကြည့်လိုက်သည်။


[ဟုတ်တယ် ။ ဒီမှာ အဲဒါတရုတ်စာနဲ့ပေါ်မလာဘူး၊ အင်္ဂလိပ်စာလုံးနဲ့  ငါဖြင့်သေမလိုလန့်သွားတာပဲ။

လောလောဆည် ကျောင်းတွေပိတ်လိုက်ပြီ။ လူတွေအကုန်လည်း အိမ်ဖြူတော်ရှေ့သွားပြီး ဖြေရှင်းချက်ထုတ်ပေးဖို့ တောင်းဆိုနေကြတယ်]


[လောလောဆည် လေယာဉ်လက်မှတ်၀ယ်ရတာ တအားခက်တယ်၊ငါအိမ်ပြန်ဖို့လက်မှတ်၀ယ်ချင်တာ 

မရခဲ့ဘူး။ ငါ့အခန်းဖော်ကတော့ပိုက်ဆံရှိတော့ 

ဒီနေ့ညနေပြန်လို့ရမှာတဲ့]


[မျှော်စင်က အသံထွက်လာတုန်းက ဒီမှာညနေခင်းလောက်ရှိရော့မယ်၊ ကလေးသီချင်းသံကြီးနဲ့လေ။

ငါ့ဘော်ဒါက အဲဒါကိုဗီဒီယိုရိုက်ထားလိုက်တယ် ၊ 

ငါပြန်တင်ပေးမယ်]


ထန်မော့က ထိုသူတင်ပေးထားသော ဗီဒီယိုကိုဖွင့်ကြည့်လိုက်သည်။ ရင်းနှီးနေသော အနက်ရောင်မျှော်စင်မှာ လင်ကွန်းအထိမ်းအမှတ်ရုပ်ထုပေါ်တွင် တွဲလွဲခိုနေသည်။ ရောင်စုံမီးများတဖြတ်ဖြတ်လင်းနေပြီး မျှော်စင်၏ပုံစံမှာ မျက်စိမလွှဲနိုင်စရာကဲ့သို့။ 

သီချင်းကမူ 'Jingle bells' သီချင်းမဟုတ်ပဲ အခြားကလေးသီချင်းတစ်ပုဒ်သာဖြစ်ပြီး သီချင်းပြီးဆုံးသွားသောအခါ ရင်းနှီးနေသော က​လေးအသံက အင်္ဂလိပ်လို ကြေညာချက်ထုတ်ပေးခဲ့သည်။


"Ting tong~~ November 15th, 2017,

The earth is online"


ဘာကြီးလဲ...


ထန်မော့ အလွန်စိတ်လှုပ်ရှားစွာပင် ဖုန်းကိုလွှတ်ချလိုက်မိသည်။


အွန်လိုင်းပေါ်တွင် အနက်ရောင်မျှော်စင်၏ အချက်အလက်များကို လွတ်လပ်စွာ မျှ​ဝေခွင့်မပြုထားသော်လည်း ဤမျှများပြားသော အနက်ရောင်မျှော်စင်သတင်းများနှင့် လူတို့၏ပါးစပ်များကို မည်သူကလိုက်ဖုံးနိုင်မည်နည်း။ လူတိုင်းက သတင်းများကို အချိန်နဲ့တပြေးညီအွန်လိုင်းပေါ်တွင် ပေးပို့ပြီးဖြစ်သည်။ ယေဘုယျကျကျဆိုရသော စတုရန်းကီလိုမီတာ တစ်သောင်းခန့်အကွာတိုင်းတွင် 

အနက်ရောင်မျှော်စင် တစ်ခုစီတည်ရှိသည်ဟုဆိုသည်။


ပင်လယ်သမုဒ္ဒရာ မျက်နှာပြင်ပေါ်တွင်တောင် 

မရေတွက်နိုင်သော အနက်ရောင်မျှော်စင်များ 

တည်ရှိဆဲပင်။


ထန်မော့ကအိပ်ယာမှထရပ်ကာ အခန်းတွင်းသို့ ကိုးရိုးကားယားနိုင်စွာ လမ်းပါတ်လျှောက်နေလိုက်သည်။ သူ၏နှလုံးမှာ ပြန်မတည်ငြိမ်လာသည့်အပြင်ကို ပို၍လျင်မြန်သော နှုန်းဖြင့်ခုန်နေသည်မှာ အပြင်သို့ ထွက်ကျတော့မတက်ပင်။ အကြိမ်၁၆၀မြောက် ပါတ်လျှောက်နေခဲ့ပြီးသည့်နောက်တွင် ထန်မော့ရပ်တန့်လိုက်သည်။


ဒါသူ့ပုံစံမဟုတ်ဘူး...


သူဘာလို့ဒီလိုဖြစ်နေရတာလဲ...


ထန်မော့ ရေချိုးခန်းထဲသို့သွားကာ သူ၏ခေါင်းအား ရေပန်းအောက်တွင်ထားလိုက်သည်။ သူကအအေးဒဏ်ကိုဂရုစိုက်မနေပဲ ရေအေးများကိုတဆုံးထိဖွင့်ကာ သူ့ခေါင်းပေါ်သို့လောင်းချစေသည်။ အနည်းငယ် တည်ငြိမ်လာသောအခါတွင်မှ အခန်းထဲကိုပြန်သွားပြီး ရေအေးတစ်ခွက်ငှဲ့ကာ သောက်လိုက်သည်။ ထို့နောက်တွင် သူ၏ကွန်ပျူတာကိုဖွင့်လိုက်ပြီး Bridgeဂိမ်းထဲသို့ ၀င်လိုက်၏။


သူတည်ငြိမ်ဖို့လိုသည်။


ဤရုတ်တရက်ဆန်သော 

ပူပင်သောကများကိုသူမထိန်းချူပ်နိုင်။


ဖြစ်နိုင်တာက သူနှလုံးကအခုန်မြန်နေတာကြောင့် 

သူ့စိတ်အခြေအနေကိုပါသက်ရောက်စေတာများလား...


အခုလေးတင်အဲဒါက တစ်မိနစ်ကို 

အကြိမ် ၁၅၀နီးပါး ခုန်နေခဲ့သည်။


ထန်မော့ အမူအယာမဲ့စွာ ကွန်ပျူတာကိုစိုက်ကြည့်နေခဲ့သည်။ ကစားသမားများများစားစားရှိမနေ။ ယခုလိုအခြေအနေမျိုးတွင် ဂိမ်းကစားချင်စိတ်မရှိကြသည်မှာ ပုံမှန်ပင်ဖြစ်၏။ 


အထူးသဖြင့် အနက်ရောင်မျှော်စင်ဆီက အသံထွက်လာတဲ့ ကိစ္စကြီးဖြစ်ပြီးနောက်မှာပေါ့။


ဂိမ်းမစခင်အထိ ပွဲရှာသည့်နေရာတွင် သူဆယ်မိနစ်ခန့်စောင့်လိုက်ရပြီးနောက် ကစားပွဲတစ်ခုကိုရှာတွေ့သွားခဲ့သည်။ ဂိမ်းကစားနေစဉ် ထန်မော့၏ဦးနှောဏ်မှာလျင်မြန်စွာအလုပ်လုပ်နေကာ ပို၍တည်ငြိမ်လာခဲ့သည်။ 


နှလုံးကသာအရမ်းမြန်မြန်ခုန် နေဆဲဆိုပေမယ့်။


သူကတစ်နေ့လုံးတစ်ညလုံး ဂိမ်းကိုသာကစားနေခဲ့ပြီး နောက်ဆုံးအလွန်ပင်ပန်းကာအိပ်ချင်လာတော့မှာ သူ၏အိပ်ယာပေါ်၌ အိပ်ပျော်သွားခဲ့တော့သည်။


နောက်တစ်နေ့တွင် မသက်မသာခံစားရသော 

စိတ်ခံစားမှုက နောက်တစ်ကြိမ်ရောက်ရှိလာခဲ့ပြီး သူ Bridgeဂိမ်းကိုထပ်မံဖွင့်ကာကစားလိုက်ပြန်သည်။ တစ်နေ့လုံးတစ်ညလုံးကစားနေခဲ့ပြီးနောက် သူ၏အခြေအနေမှာ အလွန်ဆိုးရွားလာခဲ့သည်။ သူ၏မျက်လုံးများမှာအလွန်နီရဲနေပြီး ဦးနှောဏ်မှာလည်းပင်ပန်းလာသည်။ မျက်လုံးလေးမှိတ်လိုက်ရုံနှင့် အိပ်ပျော်နိုင်သည်အထိပင်။


ထို့နောက်တွင် သူ၏QQမှ စာ၀င်သံလေးမြည်လာခဲ့သည်။


[Victor:မင်းတစ်နေကုန်ကစားနေတာလား]


ထန်မော့ သူ၏မျက်လုံးများကိုပွတ်လိုက်ကာ ပြန်ဖြေလိုက်သည်၊


[သကြားမှုန်:အင်း၊ ငါစိတ်မသက်မသာဖြစ်နေလို့]


[Victor:တစ်နေကုန်ဂိမ်းဆော့တာက ခန္ဓာကိုယ်အတွက်မကောင်းဘူး နားတော့လေ ]


[သကြားမှုန်: အင်း]


[Victorအနက်မျှော်စင်နဲ့ဝေး​​ဝေးနေ ]


ထန်မော့ကမူ သူ၏ကွန်ပျူတာစားပွဲ၌ပင်အိပ်ပျော်သွားလေပြီ။


နောက်တစ်နေ့မနက်နိုးလာ​သောအခါတွင်မှ Victor၏ စာကိုဖတ်လိုက်ရသည်။ 


သူအလျင်စလို စာပြန်ရန်လုပ်သော်ငြား Victorကား လိုင်းပေါ်က ဆင်းသွားနှင့်ပြီဖြစ်သည်။


 á€‘န်မ္ဏအ ကိုယ်လက်အကြောဆန့်လိုက်သည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွားပြီး​နောက် အလွန်နေသာထိုင်သာ ရှိသွားသလိုခံစားရ၏။ သူ၏နှလုံးမှာအခုန်မြန်နေဆဲဆိုသော်ငြား ပူပန်ကြောင့်ကြမှုများမှာတော့မရှိတော့ပြီ။


အနက်ရောင်မျှော်စင်၏ သတင်းကိုမူ အွန်လိုင်းပေါ်တွင် အကြီးအကျယ် ဆွေးနွေးနေကြဆဲပင်။


အာဏာပိုင်များမှ တိကျသောဖြေရှင်းချက်များ ထုတ်ပေးမလာသည့်အပြင် အနက်ရောင်မျှော်စင်များအကြောင်း လွတ်လပ်စွာဆွေးနွေးခွင့်ကို တင်းကြပ်စွာပိတ်ပင်လိုက်သည်မို့ လူအများမှာ private gp များ၌သာ တိတ်တဆိတ်ပြောဆိုကြရတော့သည်။

သို့သော်လည်း အနက်ရောင်မျှော်စင်နှင့် ပါတ်သက်သော စကားလုံးအသုံးအနှုန်းများကိုလည်း 

လျင်မြန်စွာဖြုတ်ချနေခြင်းကြောင့် လူများမှာ ပုံမှန်message၌ပင် အနက်ရောင်မျှော်စင်အကြောင်းကိုထည့်ရေး၍ မရတော့ပေ။


ထန်မော့သည် အနက်ရောင်မျှော်စင်နှင့် ပါတ်သက်ပြီး နောက်ဆုံးကျန်နေသော ပို့စ်တချို့ကိုသာအမြန်ကြည့်လိုက်တော့သည်။ လူအများစုကမူ အနက်ရောင်မျှော်စင်များမှာ သုတေသနစခန်းတချို့၏ ဘေးထွက်ဆိုးကျိုးဟု ကောက်ချက်ချကြသည်။


လူအနည်းစုကသာ ထိုမျှော်စင်များက ကမ္ဘာပျက်ကပ်ကို ယူဆောင်လာသည့်အရာဟု ပြောဆိုကြသည်။ ၄င်းတို့၏ပို့စ်များမှာမူ သာမာန်နောက်ပြောင်ထားသော ပျက်လုံးများဟု ယူဆခံရ၍လား အဓိပ္ပါယ်မရှိ၍လားမဆိုနိုင် ဖျက်ချမခံရ​ပေ။


ညနေစောင်းတွင်မူ ဥက္ကဋ္ဌ၀မ်က စာကြည့်တိုက်၏ 

gp chatမှတဆင့် အကြောင်းကြားစာတစ်ခု ပေးပို့လာခဲ့သည်။


[Director Wang: အရေးပေါ်အသိပေးချက်ပါ။

သဘက်ခါကနေစပြီး ငါတို့စာကြည့်တိုက်ကို သုတေသနစင်တာအဖြစ်ယာယီသုံးဖို့ ကြေညာထားတယ်။

ငါသတိပေးလိုက်ဦးမယ်။ မင်းတို့ဒီနေ့ပဲဖြစ်ဖြစ် မနက်ဖြန်ပဲဖြစ်ဖြစ် Lockerနဲ့ စားပွဲပေါ်က ကိုယ်ပိုင်ပစ္စည်းတွေကိုလာသိမ်းနော်။ ထပ်ပြောမယ် သဘက်ခါ လုံး၀ပိတ်လိုက်တော့မှာ။ မမေ့စေနဲ့]


gp chatက လုံး၀ပေါက်ကွဲတော့မတတ်ပေ။


လုပ်သက်ရင့်၀န်ထမ်းတချို့က အဘယ်ကြောင့်စာကြည့်တိုက်ကို ယာယီပိတ်ရမည်နှင့် သူတို့ဘယ်မှာအလုပ်ဆက်လုပ်ရမည်ကို အဆက်မပြတ်မေးကြကုန်သည်။ 


ငယ်ရွယ်သော၀န်ထမ်းများကမူ ပြောင်စပ်စပ်ပင်...


[ကမ္ဘာကဖြင့်ပျက်တော့မှာကို၊ ဘာအလုပ်လဲ]


ထန်မော့ အ​ဝေးမှအနက်ရောင်မျှော်စင်ကြီးကို မော့ကြည့်လိုက်မိသည်။ ထို့နောက်တွင်သူ၏ လွယ်အိတ်ကို ကောက်လွယ်လျက် ဘတ်စ်ကားတားကာ စာကြည့်တိုက်သို့ ထွက်လာခဲ့​လေသည်။


တရုတ်ပြည်မှာ လူထုအုံကြွမှုကို ထိမ်းသိမ်းခြင်းတွင်

အမှန်တကယ် တော်သည်ဟုသူ၀န်ခံရမည်။ အနက်ရောင်မျှော်စင်နှင့် နီးကပ်သောနေရာတွင် နေထိုင်သောသူများမှာအပ အများစုမှာရှင်းလင်းလျက်။

မြို့တွင်းရှိအရာအားလုံးမှာ ပုံမှန်အတိုင်းပင်လည်ပတ်နေပြီဖြစ်သည်။


သို့သော် ထန်မော့ဘတ်စ်ကားပေါ်သို့ တက်လိုက်သည်တွင်မူ ဒရိုင်ဘာနေရာမှ ဆေးလိပ်မီးခိုးငွေ့များ 

မွှန်ထူနေသည်ကိုတွေ့လိုက်ရသည်။


သတ်လက်ပိုင်းအရွယ်အမျိုးသမီးကြီးက 

မကျေမနပ်ဖြစ်စွာ စောဒကတက်လိုက်သည်။


"ကားမောင်းနေတုန်း ဘယ်လိုဆေးလိပ်သောက်နိုင်ရတာလဲ "


"နားညီးတယ် ငါဆေးလိပ်မသောက်ပဲနဲ့ 

ကားမမောင်းနိုင်ဘူး မင်းမောင်းမလား ဟမ် "


"ဟဲ့ ရိုင်းလှချည်လား၊ နင်စကားကိုဘယ်လိုပြောနေတာလဲ ကားမောင်းရင်း ဆေးလိပ်သောက်တာက ဘတ်စ်ကားယဉ်မောင်းတွေရဲ့ စည်းကမ်းတွေနဲ့ 

မညီဘူးဆိုတာမသိဘူးလား နင်ဆေးလိပ်သောက်ချင်တိုင်းသောက်နေတာကို ငါတို့ဘာမှမပြောနိုင်ဘူးလို့များထင်နေလား "


ထိုနှစ်ဦးမှာ အချေအတင်ဖြစ်နေကြပြီး ထန်မော့၏အနီးတွင်ထိုင်နေကြသော ကျောင်းသူနှစ်ဦးက ထိုလူနှစ်ဦးကိုဖြန်ဖြေပေးရန်ရှေ့သို့ ထွက်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ရန်ပွဲကအဆုံးသတ်သွားပြီး ကျောင်းသူနှစ်ဦးမှာလည်း သက်ပြင်းချကာ နေရာတွင် ပြန်လာထိုင်သည်။


"ဒီနေ့ကသုံးရက်မြောက်နေ့နော်"


"အာ..နင်ပြောမှပဲ၊ ဒီနေ့ကသုံးရက်မြောက်နေ့တောင်ရှိပြီပဲ"


ကျောင်းသူနှစ်ယောက်မှာ ဖုန်းကိုကြည့်နေရင်းပင် 

တွတ်ထိုးနေကြသည်။


"ကစားသမား အချင်းချင်းရှင်းပစ်တာကို ကန့်သတ်မထားဘူးဆိုတာဘာအဓိပ္ပာယ်လဲဟဲ့။ ဒီနေ့ဆိုသုံးရက်တောင်ရှိပြီကို ဘာမှလည်းဖြစ်မလာပါလား

ဂိမ်းကရောဘာဂိမ်းလဲ စက္ကူ ကတ်ကြေး ကျောက်တုံး ဂိမ်းလား"


"ခ်ခ်, နင်စမ်းကြည့်ချင်လား"


"ကျောက်တုံး စက္ကူ ကပ်ကြေး"


"အာ..ငါရှုံးသွားပြီ၊ ဒါဆိုနင်ငါ့ကိုရှင်းလိုက်ပြီပေါ့ 

ခ်ခ်"


မိန်းကလေးနှစ်ဦးမှာ အချင်းချင်းကြည့်ပြီး ရယ်လိုက်ကြတော့သည်။


ထို့နောက်တွင် ဘတ်စ်ကားပေါ်မှ မည်သူကမှ အနက်ရောင်မျှော်စင်အကြောင်းကို ဂရုမစိုက်ကြတော့ပေ။


ထန်မော့စာကြည့်တိုက်သို့ ရောက်သောအခါတွင်မူ

ဆိုင်းဘုတ်များကိုင်ထားသော လူတစ်ထောင်ခန့်က

ရဲတပ်ဖွဲ့ဖြင့် ထိပ်တိုက်တွေ့နေကြသည်ကို 

မြင်လိုက်ရသည်။ ထိုလူများမှာ အနက်ရောင်မျှော်စင်များသည် ကမ္ဘာပျက်ကပ်ကို ယူဆောင်လာလိမ့်မည်ဟု ယုံကြည်သူများဖြစ်ကြ၏။


ထန်မော့ အပြင်ဘက်မှပတ်၍စာကြည့်တိုက်၏ အနောက်ဘက် ၀င်ပေါက်ကို သွားလိုက်သည်။


ကြည့်ရတာ ပစ္စည်းတွေကို လာသိမ်းဖို့ 

စိတ်အားထက်သန်နေသည်မှာ သူတစ်ယောက်တည်းသာဖြစ်ပုံရသည်။ တိတ်ဆိတ်နေသော စာကြည့်တိုက်ထဲတွင် အခြားဘယ်သူမျှရှိမနေ။


အပြင်ဘက်မှ လူအုပ်၏အသံတို့က စာကြည့်တိုက်ထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။ ထန်မော့ သူ၏ဗီဒိုကိုဖွင့်လိုက်ပြီး စာအုပ်တချို့ကိုထုတ်ယူလိုက်သည်။


အရှေ့မြောက်ထောင့်ဘက်မှ အသံတစ်ခုကိုမကြားခင်အထိ ထန်မော့မှာထွက်သွားရန် ပြင်နေခဲ့ခြင်းပင်။


ထန်မော့ရပ်တန့်သွားကာ ထိုနေရာကိုကြည့်လိုက်သည်။ တစ်မိနစ်ခန့်အကြာတွင် ထန်မော့သည် securityဗီဒိုထဲမှ အနက်ရောင် တုတ်တစ်ချောင်းကို 

ဆွဲလျက် ထိုနေရာသို့ တဖြည်းဖြည်း လျှောက်သွားလိုက်သည်။


"ဘယ်သူလဲ"


အဖြေပြန်မလာခဲ့ပေ။


လူတစ်ယောက်၏လှုပ်ရှားနေသော အသံတိုးတိုးကိုသာ သူကြားလိုက်ရသည်။ ထိုလူမှာ စာအုပ်တစ်အုပ်ကို စင်ထဲသို့ပြန်ထိုးထည့်ကာ နောက်တစ်အုပ်ကို ဆွဲထုတ်နေပုံပင်။


ထန်မော့ ထောင့်ချိုးသို့ လျှောက်သွားလိုက်ကာ

အသံမြှင့်၍ အော်လိုက်သည်။


"ဘယ်သူလဲ"


ဆံပင်ဘုတ်သိုက်ဖြင့် သာမာန်လူတစ်ဦးက ထန်မော့အားထိတ်လန့်နေသောအမူအယာဖြင့်ကြည့် လာခဲ့သည်။ သူ၏လက်ထဲတွင်မူ စာအုပ်တစ်အုပ်ကို ကိုင်ထားလျက်ပင်။


ထန်မော့သည် တုတ်ချောင်းကိုတင်းတင်းဆုပ်ထားသော သူ့လက်များကို ဖြေလျော့လိုက်လေသည်။


"ကိုငကြောင် အဲ.. လူကြီးမင်းချန် ဒီမှာဘာလုပ်နေတာလဲ"


ကိုငကြောင်မှာမူ ထန်မော့ကို ကြောင်တောင်တောင်ရယ်ပြလိုက်ပြီး စာအုပ်ကို စင်ထဲပြန်ထိုးထည့်လိုက်သည်။


ထန်မော့က မျက်မှောင်ကျုံ့လျက်


"ခင်ဗျားအထဲကိုဘယ်လို၀င်လာတာလဲ"


"ဟိုအရှေ့ဘက်မှာပြတင်းပေါက်ရှိတယ်လေ ၊ 

ပိတ်မထားဘူး၊ ငါဒီတိုင်း ၀င်လာပြီးကြည့်ကြည့်ရုံပါပဲ"


ထန်မော့သည် စာကြည့်တိုက်၏အရှေ့ဘက်တွင်ရှိသော ပြတင်းပေါက်ကို ပြန်စဉ်းစားလိုက်သည်။

ထိုပြတင်းပေါက်ငယ်မှာ မြေပြင်နှင့်ထိကပ်နေပြီး 

စတိုခန်းသို့ဆက်သွယ်ထားသည်။ ၄င်းမှာ လေ၀င်လေထွက်ကောင်းစေရန် ရည်ရွယ်သော အပေါက်ငယ်သာဖြစ်သည်။ ကိုငကြောင်မှာ ထိုနေရာက ဘယ်လို၀င်လာသနည်း။ တွား၀င်လာခဲ့ခြင်း​ပေ​လော။


ထန်မော့ သတိပေးလိုက်သည်။


"လူကြီးမင်းချန် ဒါအင်မတန်မသင့်တော်တဲ့ အပြုအမူပဲ၊ သူခိုးလို့တောင်ယူဆလို့ရတယ်"


"ငါဘာမှမခိုးဘူး"


ကိုငကြောင်မှာ ပြာပြာသလဲငြင်းလာခဲ့သည်။


ထန်မော့သည် တုတ်ချောင်းကို တင်းတင်းဆုပ်လျက် ကိုငကြောင်အားအပေါ်အောက် သေချာအကဲခတ်လိုက်သည်။ ထို့နောက်၄င်းရှေ့မှ စာအုပ်စင်ကိုလည်းသေချာစစ်ဆေးလိုက်၏။


လွန်ခဲ့သောသုံးရက်က စာကြည့်တိုက်မပိတ်ခင်အထိ သုမှတ်မိသော စာအုပ်အရေအတွက် အတိအကျပါပင်။ တစ်အုပ်မှမလျော့ပေ။


"ဒါဆို ခင်ဗျားဘာလို့၀င်လာတာလဲ"


"တင်းတောင်~~'ငါ့စာအုပ်ကိုဘယ်သူခိုးသွားတာလဲ'ဂိမ်းကို စတင်လိုက်ပါပြီ။ ၁၇နာရီ ၅၂မိနစ် နို၀င်ဘာ ၁၇ရက်၊ ၂၀၁၇ခုနှစ်၊ ကစားသမားထန်မော့နဲ့ ချန်ဖန်ကျီးတို့ဟာ ဂိမ်းထဲကို၀င်ရောက်လာပါပြီ။


အချက်အလက်များစီစစ်နေပါသည်။


ဂိမ်း၏ မြေပုံပြင်ဆင်နေပါသည်။


ဒေတာများစီစစ်နေပါသည်။"


အခိုက်အတန့်တွင် စာကြည့်တိုက်အပြင်ဘက်မှ ဆူညံသံများအကုန်လုံး တိတ်ဆိတ်သွားခဲ့သည်။ 


တိတ်ဆိတ်နေသော စာကြည့်တိုက်ထဲတွင် အလွန်ရှင်းလင်းစူးရှသော ကလေးငယ်၏အသံထွက်လာခဲ့ကာ မရင်းနှီးသော ကလေးချော့သီချင်းတစ်ပုဒ်မှာလည်း စီးချက်ကျစွာမြည်လာသည်။


"လာလာလာလာလာ~~


မှော်တုတ်ချောင်းလေးက ညင်ညင်သာသာလေး ​ဝေ့ယမ်းနေပါတယ်


ကစားသမားလေးနှစ်ယောက်က အိမ်ထဲ၀င်လာတယ်


သုံးရက်နဲ့ သုံးညစကားမပြောနဲ့ကွယ်


နတ်သားနဲ့ နတ်ဆိုးက အလိုရှိနေပါတယ်။


ငါ့စာအုပ်ကိုဘယ်သူခိုးသွားလဲကွယ်~~"


🪩