Chapter 5
Viewers 32k

🌍Chapter 5



ထန်မော့ ဘေးပတ်ပတ်လည်အား ဂရုတစိုက်ကြည့်လိုက်သည်။ စာကြည်တိုက်ထဲတွင် အလွန်တိတ်ဆိတ်နေပြီး လှုပ်ရှားမှုတစ်စုံတစ်ရာဟူ၍မရှိ။

နတ်ဆိုးနှင့်နတ်သားဆိုသည်တို့အား အရိပ်အယောင်တောင်မမြင်မိ​ချေ။


"အစ်ကိုချန်၊ ကျွန်တော့်ကွန်ပျူတာကို ပိတ်ပေးလို့ရမလား။ ကျွန်တော် စာအုပ်စင်ပေါ်ကစာအုပ်တွေကို 

ယူလို့ရမရစမ်းကြည့်ချင်လို့"


ကိုငကြောင်ကခေါင်းငြိမ့်ကာ မောက်စ်ကို ခေါက်၍ ကွန်ပျူတာအားပိတ်လိုက်သည်။


ထန်မော့ မောက်စ်ကိုကိုင်ထားသော ကိုငကြောင်၏ ညာဘက်လက်ခုံကို မသိမသာစစ်ဆေးကြည့်လိုက်ပြီးနောက် စာအုပ်စင်များထံသို့သွားကာ စာအုပ်များကို ဆွဲယူကြည့်ပြီး ပြန်ထည့်လိုက်သည်။


"ကျွန်တော့်တို့စာအုပ်တွေကို ရွေ့လို့တော့ရနေတုန်းပဲ။ ဒီတော့ကျွန်တော်တစ်ခုလောက်သေချာအောင် 

မေးပါရစေ။ အခုနားကအသံကိုကြားလိုက်လား"


ကိုငကြောင်က ရှုပ်ထွေးနေသောအမူအရာဖြင့်


"စာအုပ်ကိုမရှာပေးရင် ဟိုမျက်နှာမပါတဲ့ကလေးမလေး သေရလိမ့်မယ်လို့ ပြောသွားတဲ့အသံလား"


ထန်မော့က ခေါင်းငြိမ့်ကာ နှစ်ယောက်သား စာအုပ်ငှားကောင်တာ၏ နောက်တွင်ထိုင်ချလိုက်ကြသည်။


"ကြည့်ရတာ ကျွန်တော့်တို့က နတ်သားအသင်းကထင်တယ်"


ထန်မော့ကပြောရင်းဆိုရင်း သူ့လက်ကိုဆွဲထုတ်ပြလိုက်တယ်။


ကိုငကြောင်မှာ ထန်မော့လက်ကိုကြည့်ကာ သူ့လက်ကိုလည်း ဆန့်ထုတ်လိုက်သည်။ အသေအချာကိုပင် သူ၏ညာဘက်လက်ခုံတွင်လည်း နတ်သားအတောင်ပံအမှတ်အသားလေးရှိနေခဲ့သည်။


"အာ ငါ့မှာလည်းရှိတာပဲ"


က​လေးအသံက နတ်သားနှင့်ပါတ်သတ်၍ ကြေညာလိုက်စဉ်မှာပဲ ထန်မော့ကသူ၏လက်ခုံတွင် ဤအမှတ်အသားရှိနေမှန်းစတင် သတိပြုမိခဲ့ခြင်းဖြစ်သည်။ ဒီတော့သိသာစွာပင် ထန်မော့မှာ နတ်သားအသင်းမှဖြစ်သည်။ သူ ကိုငကြောင်အား ကွန်ပျူတာကိုပိတ်ခိုင်းခဲ့သည်မှာလဲ အငြင်းပွားစရာမလိုပဲ ကိုငကြောင်၏အသင်းကို စစ်ဆေးကြည့်နိုင်ရန်ဖြစ်သည်။


သို့သော်လည်း ကိုငကြောင်က နတ်သားဖြစ်နေခဲ့သည့်အတွက် ပြဿနာမှာပိုရှုပ်ထွေးလာပြီ။


ကိုငကြောင်မှာလည်း သတိပြုမိဟန်ဖြင့် မေးလာသည်။


"ငါတို့နှစ်ယောက်လုံးက နတ်သားတွေဆိုတော့ နတ်ဆိုးကဘယ်သူလဲ"


ဤစာကြည့်တိုက်အဆောက်အဦးမှာ ထန်မော့ပုံမှန်အလုပ်လုပ်သည့် စာကြည့်တိုက်နှင့် တထေရာထဲပင်။ 


ထန်မော့ သူ့စားပွဲ၏အံဆွဲကို ဖွင့်လိုက်ပြီး အထဲမှ ပီကေတချို့ကိုထုတ်ယူလိုက်သည်။ သူကပီကေကို ညင်သာစွာဝါးရင်း ကိုငကြောင်အား မျက်မှောင်အသာကျုံ့လျက်စိုက်ကြည့်နေကာ သူ၏လက်ချောင်းများမှာလည်း စီးချက်ကျကျနှင့် စားပွဲမျက်နှာပြင်အား တတောက်တောက်ခေါက်နေခဲ့သည်။


"ပထမဖြစ်နိုင်ချေကတော့ နတ်ဆိုးကကျွန်တော်တို့လိုလူသားမဟုတ်ဘူး။ ကြေညာပေးခဲ့တဲ့ကလေးသံက အနက်ရောင်မျှော်စင်ရဲ့အသံပဲ။ ဒီဂိမ်းကလွန်ခဲ့တဲ့သုံးရက်တုန်းက သူပြောဖူးတဲ့ ရှုံးထွက်ပွဲစဉ်တွေနဲ့ 

ဆိုင်ကောင်းဆိုင်လိမ့်မယ်။ ပြီးတော့အနက်ရောင်မျှော်စင်မှာ ကျွန်တော်တို့ မြင်တောင်မမြင်ဖူးတဲ့ 

သတ္တဝါပေါင်းစုံရှိနိုင်တယ်။ ဒီတော့ နတ်ဆိုးကလည်း အနက်ရောင်မျှော်စင်က ဒီဂိမ်းအတွက်ချပေးထားတဲ့ 

အကောင်တစ်ကောင်လည်း ဖြစ်နိုင်တာပဲ"


ကိုငကြောင်ကနားလည်သွားပုံဖြင့်


"ဒါဆို စာကြည့်တိုက်ထဲမှာ ငါတို့အပြင်ဘယ်သူမှမရှိတာက နတ်ဆိုးက တကယ်မရှိလို့ပေါ့"


ထန်မော့ကခေါင်းငြိမ့်ကာ


"အင်း။ အဲလိုဖြစ်နိုင်တယ်။ ဒါပေမယ့်ပိုကောင်းတဲ့ဖြစ်နိုင်ချေလည်းရှိသေးတယ်။ အဲဒါက နတ်ဆိုးက ကျွန်တော်တို့လိုလူသားပဲ"


ကိုငကြောင်က စိတ်လှုပ်ရှားစွာ ရော်ဘာတုတ်အား ခပ်တင်းတင်းဆုပ်လိုက်သည်။


"သူက ပုန်းနေတာလား"


ထန်မော့သည် ရော်ဘာတုတ်ကို ခပ်တင်းတင်းဆုပ်ကိုင်ထားသော ကိုငကြောင်၏လက်ကိုကြည့်လိုက်ပြီး နှုတ်ခမ်းကိုအသာကွေးညွတ်စွာပြုံးလိုက်သည်။


"ဖြစ်နိုင်တာပေါ့"


မမြင်ရတဲ့ ရန်သူက မြင်ရတဲ့ ရန်သူထက် ပိုကြောက်ဖို့ကောင်းသည်။


ထန်မော့နှင့် ကိုငကြောင်က လူချင်းခွဲလိုက်ကြသည်။

ကိုငကြောင်က ထန်မော့ထက် ပိုထွားကာ တောင့်တင်းသည်။ သူက စာအုပ်စင်ကြားထဲတွင်ပုန်းနေသော နတ်ဆိုးကိုရှာရလိမ့်မည်။ ထန်​မော့က​​တော့ စာကြည့်တိုက်၏ ပထမထပ်နှင့် ဒုတိယထပ်တို့ကို စစ်ဆေးရန်သွားမည်။


စစချင်းတွင် ကိုငကြောင်က ဒီလိုမျိုးတွေလုပ်ရဖို့ အရမ်းကြောက်နေခဲ့သည်။ သို့သော်ထန်မော့က သူ့ကို ပြောခဲ့သည်။


"အနက်ရောင်မျှော်စင်က အကြမ်းဖက်တာကို တားမြစ်ထားတယ်လေ"


သို့သော်လည်း ကိုငကြောင်က ကြောက်နေဆဲပင်။

သူက နတ်ဆိုးကိုသာရှာနေရသော်လည်း

သူ၏ခြေလှမ်းတိုင်းက တုန်ယင်နေပြီး ရာဘာတုတ်ကိုသာ အားကိုးတကြီးဆုပ်ကိုင်ထားလေသည်။


သို့သော် မိနစ်ပိုင်းအတွင်းမှာပင် ထန်မော့ပြန်ရောက်လာသည်။ သူကမျက်နှာမကောင်းစွာပင် 


"ကျွန်တော်အောက်ထပ်ကိုဆင်းလို့မရဘူး"


"အာ"


"တတိယထပ်က​နေ အောက်ထပ်ကိုဆင်းတဲ့နည်း 

နှစ်နည်းရှိတယ်။ ၀န်ထမ်းသုံးဓာတ်လှေကားနဲ့ ရိုးရိုးလှေကားလေ။ ကျွန်တော်လှေကားကနေဆင်းကြည့်သေးတယ်။ ဒါပေမယ့်မယ့်အ၀မှာ မမြင်ရတဲ့ အတားအဆီးတစ်ခုက ကျွန်တော့်ကိုဆက်သွားလို့မရအောင်တားထားတယ်။ ဓာတ်လှေကားကိုသွားကြည့်တော့လည်း အလုပ်မဖြစ်ဘူး။ ကျွန်တော်တို့အောက်ထပ်ကိုဆင်းလို့မရဘူး"


ကိုငကြောင်ကတွေးလိုက်ကာ


"ဒါဆို ငါတို့ တတိယထပ်မှာပဲနေလို့ရတာပေါ့။ အဲဒါဆို ငါတို့ရှာနေတဲ့စာအုပ်ကလည်း တတိယထပ်မှာပဲရှိတာပေါ့"


ထန်မော့လည်း ထိုသို့တွေးမိသည်သာ သို့သော်လည်း စာအုပ်ရှာဖွေခြင်း တတိယထပ်၌သာ ကန့်သတ်ထားလျှင်...


ကိုငကြောင်မှာ ရုတ်တရက်တစ်စုံတစ်ခုကို တွေးမိသွားပုံဖြင့် စိုးရိမ်တကြီးမေးလာသည်။


"တတိယထပ်မှာ စာအုပ်ဘယ်နှစင်ရှိတာလဲ?"


"၂၃ စင်"


ကိုငကြောင်မှာမျက်လုံးပြူးလျက်


"ဘာလို့အရမ်းနည်းတာလဲ"


ထန်မော့လည်း ကူကယ်ရာမဲ့စွာခံစားလိုက်ရသည်။


အဲဒါသူ့အကြံဖြစ်ခဲ့တာလား


လွန်ခဲ့တဲ့လအနည်းငယ်လောက်က ဥက္ကဋ္ဌ၀မ်မှာဘာစိတ်ကူးပေါက်သလဲမသိ။ 


သူကအနောက်တိုင်း စာကြည့်တိုက်များကို နည်းယူကာသူ၏ စာကြည့်တိုက်ကိုလည်း ပြောင်းလဲရမည်ဟုဆိုလာသည်။ ထို့နောက်သူက တတိယထပ်ကိုစပြီး  ပြောင်းလဲတော့သည်။ စုကျိုးမြို့တော်စာကြည့်တိုက်မှာ ဆယ်စုနှစ်တချို့ကြာခဲ့ပြီမို့ တခြားမြို့နယ်စာကြည့်တိုက်လေးများကဲ့သို့ပင် အပြင်အဆင်မှာ အနည်းငယ် ခေတ်နောက်ကျသောပုံစံတော့ရှိသည်။ ဥက္ကဋ္ဌ၀မ်က တတိယထပ်ကို စပြင်တော့ မူရင်း စာအုပ်စင်၁၀၀ လောက်နေရာမှာ 

ပိုကြီးပြီးတစ်ခုနဲ့တစ်ခု ဆက်နေသော စာအုပ်စင် ၂၃ခုအား အစားထိုးခဲ့သည်။


သို့သော်လည်း စာဖတ်သူတွေက စာအုပ်စင်ကြီးတွေက ရှာရ​ဖွေရမလွယ်ဘူးဟု စောဒကတက်ကြပြန်သဖြင့် နောင်နှစ်ထဲတွင် နဂိုစာအုပ်စင်ပုံစံအားပြန်ပြောင်းဖို့ လျာထားပြီးဖြစ်သည်။ သို့သော်လည်း 

အနာဂါတ်မှာ ဘာတွေဖြစ်လာမယ်ဆို ဘယ်သူကြိုသိနိုင်မည်နည်း။ လူတွေက ကောင်းကင်ကြီးကိုအစိုးမရပေ။ ယခုတွင်မူဥက္ကဋ္ဌ၀မ်မှာ စာအုပ်စင်များကို 

ပြန်လည်ပြောင်းလဲဖို့ အခွင့်အရေးတောင်ရပါ့မလားမသေချာတော့။


စာအုပ်ရှာဖွေခြင်းကို တတိယထပ်၌သာကန့်သတ်ထားသည်က ထန်မော့နဲ့ ကိုငကြောင်တို့အတွက် ကောင်းတော့ကောင်းသည်။ ထန်မော့ကိုယ်တိုင်ကလည်း နဂိုကတည်းက တတိယထပ်တွင် အလုပ်လုပ်ရတာများသည်။ ကိုငကြောင်ကလည်းသမိုင်းကြောင်းနဲ့ ဘာသာရေးဆိုင်ရာ စာအုပ်တွေဖတ်ရတာကြိုက်သောကြောင့် တတိယထပ်၌သာအနေများသူပင်။ ဒီတော့ နှစ်ယောက်စလုံးမှာ တတိယထပ်နှင့်သာပို၍ အကျွမ်းတ၀င်ရှိသည်။


သို့သော်လည်း စာအုပ်စင်အရေအတွက်နည်းလေ 

နတ်ဆိုးက စာအုပ်စင်တွေကို မြန်မြန်မီးရှို့ပစ်နိုင်ဖို့အခွင့်အရေများလေဖြစ်သည်။

မိမိတို့ရှာနေသောစာအုပ်ကို မတွေ့ခင် မီးရှို့တဲ့အထဲပါသွားဖို့အခွင့်အရေးလည်း များလေသည်။


နှစ်ဦးစလုံးမှာကိုယ်စီပူပန်နေကြစဉ် စာအုပ်စင်များကြားမှ ရင်းနှီးနေသော ခြေသံတစ်စုံအားထပ်မံကြားလိုက်ကြရသည်။ ထန်မော့သည် ထိုမျက်နှာပြောင်မိန်းကလေး ဘယ်ကနေဘယ်လိုရောက်လာသလဲလုံး၀မသိလိုက်ပါ။ မိန်းကလေးမှာ ထမင်းဇလုံလေးကိုကိုင်ထားပြီး သူမလည်ပင်းမှာတော့ ကလေးများအစာစားသည့်အခါ မပေအောင် ၀တ်ရသည့် ၀က်ရုပ်လေးနှင့် သွားရည်ခံကို ၀တ်ထားသည်။


"သမီး စာအုပ်ကိုရှာတွေ့ပြီလား"


ကိုငကြောင်ကာ စိတ်ဓာတ်ကျနေပုံဖြင့် ခေါင်းကိုခါလိုက်ကာ


"ငါတို့ကရှာတောင်မရှာရသေးဘူး"


မျက်နှာပြောင်မိန်းကလေးက စိတ်တိုစွာအော်တော့သည်။


"ရှာတောင်မရှာရသေးဘူးဟုတ်လား သမီးမှာတော့ နေ့လည်စာစားနေတုန်း ဆရာမမသိအောင် ခိုးထွက်လာရတာ၊ ပထမတစ်ရက်ကုန်တော့မယ်၊

ညနေခင်းအတန်းပြီးလို့ အိမ်ပြန်တဲ့အခါ အမေသိသွားရင် လုံး၀သွားပြီ သိရဲ့လား"


ထန်မော့က ဖြတ်မေးလိုက်သည်။


"မင်းမှာသဲလွန်စလေးဘာလေးရှိလား

ဥပမာ စာအုပ်ကဘာအကြောင်းအရာကို 

ရေးထားတာလဲဆိုတာလေ"


က​လေးမ​လေးက သူ့ဆံပင်နှစ်ဘက်လှုပ်ခါသည်အထိ ခေါင်းကိုယမ်းကာ


"သမီးမမှတ်မိဘူး"


ကိုငကြောင်က အလျင်အမြန်ပင်


"ဒါဆို မင်းကငါတို့ကို ဘာသဲလွန်စမှမပေးတော့ဘူးလား"


က​လေးငယ်က ရုတ်တရက်အသံပြုလိုက်သည်။


"အိုး ခုမှမှတ်မိတယ်၊ သမီးမနက်ကအခန်းထဲမှာ 

ဒီငှက်မွှေးလေး တွေ့ခဲ့တယ်၊ ဒါကနတ်ဆိုးကောင်ရဲ့ဟာလေ သမီးသိတယ် သမီးစာအုပ်ကိုဖျောက်လိုက်တာမဟုတ်ဘူး။အဲဒီ သောက် နတ်ဆိုးကခိုးသွားတာကိုး။ နတ်ဆိုးတွေက ငလိမ်ကောင်တွေပဲ သမီးနတ်ဆိုးတွေကိုအမုန်းဆုံးပဲ အဲဒီနတ်ဆိုးကောင်ကိုမိရင်တော့လားသူ့အတောင်ပံတွေကိုဆွဲဖြုတ်ပြီး 

ပေါက်ပေါက်ဆုပ်စက်ထဲထည့်ပြီးတော့ ပေါက်ပေါက်ဆုပ်လုပ်စားပစ်ဦးမယ်"


ထို့နောက်တွင်မူ က​လေးမ​လေးက ငှက်မွှေးကို 

ထန်မော့လက်ထဲထည့်ကာ ထွက်သွားပြန်လေသည်။


"တင်းတောင်~~ နတ်သားက နတ်ဆိုးရဲ့အမွှေးအတောင် သဲလွန်စကိုရရှိလိုက်ပါပြီ"


ထန်မော့"..."


ကိုငကြောင်"..."


ခဏမျှတိတ်ဆိတ်နေပြီးနောက် 

ထန်မော့က မသေချာစွာမေးလိုက်မိသည်။


"ဒါကြီးက သဲလွန်စ​ပေါ့"


ကိုငကြောင်လည်း နေရခက်သောအမူအယာဖြင့်ပင်


"ဒီ ငှက်မွှေးမှာ အခြားအစွမ်းတွေဘာတွေများရှိလို့များလား"


ထန်မော့က ငှက်မွှေးကိုယူကာ လေထဲမြောက်တင်လိုက်သည်။


ကြည့်ရတာတော့ ဘာအစွမ်းမှမရှိတဲ့ 

သာမာန်ငှက်မွှေးပါပဲ...


ထန်မော့က တစ်ခုခုများထူးခြားနေမလားလို့ မျိုးစုံအောင်စမ်းကြည့်ပေမယ့် ငှက်မွှေးကမူ သူ့ဘာသူငြိမ်နေဆဲ။ မသိလျှင် ထန်မော့အား 'ငတုံး'ဟုလှောင်ပြောင်နေသည့်နှယ်။


ထိုအချိန်တွင် စာကြည့်တိုက်တွင်း၌ ညအချိန်ကဲ့သို့ရုတ်ချည်းမှောင်မဲသွားခဲ့သည်။


ကိုငကြောင်လည်း လန့်ပြီးအော်လိုက်လေသည်။


စာကြည့်တိုက်အတွင်းရှိ တစ်စုံတစ်ခုကိုပင် မြင်ရဖို့ခက်ခဲသည်အထိမှောင်မဲနေကာ ထန်မော့ပင် အနည်းငယ်စိုးရိမ်မိသွားရသည်။ သူကကောင်တာ၏ဘေးတွင်ရပ်နေဆဲဖြစ်သည်မို့ စားပွဲပေါ်မှာ မီးအိမ်အဟောင်းကို စမ်း၍ဖွင့်လိုက်သည်။

အားနည်းသောအဝါရောင်မီးရောင်မှိန်မှိန်က ထန်မော့နှင့် ကိုငကြောင်တို့ ထိုင်နေသောနေရာလေးတစ်၀ိုက်ကိုသာ အနည်းငယ်မျှထွန်းလင်းစေသည်။


ထန်မော့သည် အမှောင်ထဲမှ စာအုပ်စင်များအား 

စိုက်ကြည့်လိုက်သည်။


မိမိကိုယ်ကိုတည်ငြိမ်အောင်ပြုလုပ်ကာ ထန်မော့ကတခြားမီးခလုတ်များကိုပါ ဖွင့်ကြည့်ရန်လက်လှမ်းလိုက်သည်။ သို့သော်အလုပ်မဖြစ်ပေ။ ကောင်တာမှ မီးအိမ်အိုကြီးတစ်ခုတည်းသာ ဖွင့်၍ရသည်။ 

လူနှစ်ယောက်က ကောင်တာကိုမှီလျက်ပင် ကြမ်းပြင်​ပေါ်တွင်ထိုင်ချလိုက်ကြသည်။


အဆုံးမဲ့သောအမှောင်ထုက ကြောက်ရွံ့မှုကို ပို၍တိုးပွားစေသည်။ သုံးထပ်ရှိသောစာကြည့်တိုက် တစ်ခုလုံးတွင် ဤကောင်တာ ပါတ်ပါတ်လည်လေးမှလွဲ၍ အလင်းရောင်မြူမှုန်တစ်စမျှပင်မရှိ။ သူတို့သာအပြင်သို့ခြေတစ်လှမ်းခန့်ထုတ်မိလျှင် အမှောင်ထုကြီး၏ဝါးမြိုမှုကိုခံရတော့မတက်ပင်။


"မင်းတစ်ခုခုများကြားလိုက်လား"


ကြောက်လန့်နေပြီဖြစ်သော ကိုငကြောင်က ထန်မော့နားပို၍တိုးကပ်လိုက်သည်၊


ထန်မော့၏ခေါင်းကအနည်းငယ်ထူပူသွားကာဂရုတစိုက်နားစွင့်ကြည့်လိုက်သည်။


"ဟင့်အင်း၊ ကျွန်တော်ဘာမှမကြားဘူး"


ကိုငကြောင်က တံတွေးမြိုချလိုက်ပြီး


"ဘာလို့ရုတ်တရက်ကြီးမှောင်သွားတာလဲ"


ထန်မော့က ကလေးသီချင်းသံက ကြေညာပေးခဲ့သည်ကို အခုထိမှတ်မိဆဲ 


" သုံးရက်နဲ့သုံးညစကားမပြောနဲ့ကွယ်၊

နတ်သားနဲ့နတ်ဆိုးက အလိုရှိနေတယ်~~

နတ်သားက နေ့ဘက်မှသဲလွန်စကိုယူပြီး

နတ်ဆိုးကြီးက ညဘက်မှာစာအုပ်စင်တစ်စင်ကို

မီးရှို့လိမ့်မယ်~~

နေ့နဲ့ညဂိမ်းလေးက 

စိတ်၀င်စားဖို့မကောင်းဘူးလားကွယ်~~"


ကိုငကြောင်ကမူ တွေးကြည့်ဖို့တောင် ထိတ်လန့်နေပြီဖြစ်သည်။


ထန်မော့က တည်ငြိမ်ရန်ကြိုးစားလိုက်ပြီး ပြောလိုက်သည်။


" အခုကနှစ်နာရီလေ"


"ဘာ"


"ဂိမ်းက ၁၇နာရီ ၅၂မိနစ်မှာစတယ်။ အခု ၁၉နာရီ ၆၈မိနစ်ရှိပြီ။ ဒီတော့ နှစ်နာရီဟာ တစ်ရက်ပဲ"


ကိုငကြောင်က ထိတ်လန့်သွားကာ 


"မင်းမှတ်ဉာဏ်ကဘာလို့ အရမ်းကောင်းနေတာလဲ"


ကိုငကြောင်ကမူ ထိုကလေးသီချင်းသံကို ၀ိုးတဝါးသာမှတ်မိသည်။ ထိုသီချင်းထဲတွင်အချိန်ကို ထည့်ပြောသွားပုံပင်။ သို့သော် သူအလွန်ကြောက်နေခဲ့သည်ဖြစ်ရာ သေချာနားမထောင်မိခဲ့။ မှတ်မိဖို့ဆိုတာ​ဝေးစွ။ 


ဒါပေမယ့် ထန်မော့ရဲ့မှတ်ဉာဏ်က ကောင်းလှချည်လား...


တကယ်တော့ ထန်မော့လည်း ကိုယ့်ဘာကိုယ်အံ့ဩနေမိတာပင်။ ရုတ်တရက်ကြီးသူ့ကိုယ်သူဒီလောက်ထိ မှတ်ဉာဏ်ကောင်းနေတာကို သတိထားမိလိုက်သည်။ ဥပမာပြောရရင်- မျက်နှာပြောင်မိန်းကလေးရဲ့ မစ်ကီမောက်လွယ်အိတ်လေးမှာ လေးကိုင်းလို သော့ချိတ်လေးချိတ်ထားပြီးတော့ သူ့လက်ထဲမှာ ပန်းရောင် သကြားလုံးတုတ်ထိုးလေးကိုင်ထားတာအထိကို မှတ်မိနေတာဖြစ်သည်။


ဘယ်တုန်းကစပြီး သူ့မှတ်ဉာဏ်ဒီလောက်ကောင်းသွားတာလဲ


သို့သော်လောလောဆယ် ဒါတွေတွေးနေဖို့အချိန်မရှိ။


ထန်မော့ကအလွန်တည်ငြိမ်စွာဖြင့် ဆက်ပြောလိုက်သည်။


"နှစ်နာရီက တစ်ရက်ပဲထားလိုက်တော့။ သီချင်းထဲမှာပြောသွားတာက သုံးရက်နဲ့ သုံးညစကားမပြောနဲ့တဲ့၊ ဒီတော့ အဲဒီမိန်းကလေးက သုံးရက်ကြာပြီးရင်သေမှာ။ အဲဒီတော့ ညအချိန်အတွက်လည်း နှစ်နာရီကြာမယ်လို့ယူဆရအောင်။ ညဘက်မှာ နတ်ဆိုးကရောက်လာပြီး စာအုပ်စင်တွေကိုမီးရှို့မှာ"


ထို့နောက်တွင် ထန်မော့နှင့် ကိုငကြောင်နှစ်ယောက်သား အမှောင်ထဲမှ စာအုပ်စင် ၂၃စင်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေခဲ့သည်၊


ဂိမ်းကတော့ အကြမ်းဖက်တာတွေဂိမ်းထဲမှာ ခွင့်မပြုထားဘူးလို့ပြောပေမယ့် အကြောက်တရားကတော့ရှိနေဆဲပင်။ သူတို့နှစ်ဦးသားမှ နည်းနည်းမှသတိမလွတ်ရဲပဲ ရာဘာတုတ်ကိုသာ အားကိုးရာလိုမျိုး တင်းတင်းဆုပ်ကိုင်ထားကြသည်။


သို့သော်လည်း တစ်နာရီနှင့် နာရီ၀က်ခန့် ကြာသွားသည့်တိုင် အမှောင်ထဲမှ လူတစ်ယောက်ကိုသော်လည်းကောင်း မီးလောင်နေသောစာအုပ်စင်ကိုသော်လည်းကောင်း မတွေ့ရသေးပါချေ။


ကိုငကြောင်ကမေးလာသည်။


"နတ်ဆိုးကတကယ်ရှိလို့လား"


ထန်မော့က နှုတ်ခမ်းကိုတင်းတင်းစေ့လျက် ကိုငကြောင့်ကိုကြည့်ကာ ပြန်ဖြေလိုက်သည်။


"ရှိမှကိုရမှာ"


"ဒါဆို သူဘာလို့စာအုပ်စင်ကို မီးမရှို့သေးတာလဲ"


ထန်မော့သည် ကောင်တာကိုမှီချလိုက်ကာ အဓိပ္ပာယ်ရှိရှိပြုံးလျက်ပြောလိုက်သည်။


"ကျွန်တော်လည်း သူဘာလို့ စာအုပ်စင်ကိုမီးမရှို့သေးတာလဲ သိချင်သား"


ကိုငကြောင်မှာ သူ့စကားအဓိပ္ပာယ်ကို နားလည်ပုံမပေါ်ပေ။ ထန်မော့သည် ရာဘာတုတ်ကို ခပ်တင်းတင်းဆုပ်ကိုင်လျက် ကိုငကြောင်အား နက်နဲစွာစိုက်ကြည့်နေသည်။


"အစ်ကိုချန် နတ်ဆိုးကဘာလို့စာအုပ်စင်ကိုမီးမရှို့သေးတာလို့ ထင်လဲ"


"အုန်း"


ကျယ်လောင်သော ပေါက်ကွဲသံကစာကြည့်တိုက်ထဲတွင်ပဲ့တင်ထပ်သွားသည်။


ထန်မော့၏ မျက်လုံး၀ိုင်း၀ိုင်းတို့က ပေါက်ကွဲမှုထွက်ပေါ်လာသောနေရာဆီသို့ အကြည့်ရောက်သွားသည်။

မီးတောက်တို့က စာအုပ်စင်တစ်ခုအား ဝါးမြိုနေသည်ကိုတွေ့လိုက်ရသည်။ စာကြည့်တိုက်ထဲမှ ကြီးမားသောမီးတောက်ကြီးမှာ အရာအားလုံးကို ဝါးမြိုပစ်တော့မလို ကြောက်မက်ဖွယ်ပင်။


ထန်မော့နှင့် ကိုငကြောင်တို့က သတိတရှိဖြင့် ငြိမ်ငြိမ်လေးစိုက်ကြည့်နေခဲ့ကြသည်။ သို့သော်လည်းမီးငြိမ်းသွားသည်အထိ အစနှင့်အဆုံးကို သက်ရှိတစ်စုံတစ်ဦး၏ အရိပ်ကိုသော်မျှ မတွေ့မြင်ခဲ့ရပေ။ 


ဒုတိယနေ့တွင် မျက်နှာပြောင်မိန်းကလေးက  သူမ၏မီးနီမောက်စ် ကျောပိုးအိတ်လေးနှင့်ထပ်၍ပေါ်လာခဲ့သည်။


"သမီးစာအုပ်ကို ခုထိရှာမတွေ့သေးဘူးလား။ အမေကဒီနေ့ ဦးပွေးကြီးဆီ အလည်သွားတယ်။ သမီးကသေချာလိမ်ထားနိုင်လို့ အမေက ခုထိစာအုပ်ပျောက်သွားတာကို မသိသေးဘူး။ ဒါပေမယ့် သမီးတစ်သက်လုံးဖုံးကွယ်ထားလို့မှ မရတာ။ အမေသိသွားတော့မယ်။ သမီးစာအုပ်ကိုဘယ်တော့မှ တွေ့မှာလဲ"


ထန်မော့၏မျက်နှာမှာဖြူဖျော့နေပြီး သူ၏နားထင်ကို လက်ချောင်းဖြင့် နှိပ်နယ်လိုက်မိသည်။


"ဒီနေ့ရောမင်းမှာ ငါတို့ကိုပေးစရာ သဲလွန်စရှိလား"


မိန်းကလေးမှာ အလွန်မကျေမနပ်ဖြင့်ပင်


"သမီးမမှတ်မိဘူးလို့ပြောပြီးပြီလေ သမီးမမှတ်မိဘူးဆိုမှတော့ မမှတ်မိလို့ပေါ့"


"ဒီနေ့ကဒုတိယရက်လေ" 


ထန်မော့က သတိပေးလိုက်သည်။


မိန်းကလေးမှာဘာမှပြောမလာပေ။ သို့သော် ထန်မော့က ထိုမိန်းကလေးသည် သူမ၏မမြင်ရသောမျက်နှာပြောင်ကြီးအောက်တွင် သူ့အားထူးဆန်းသောအကြည့်ဖြင့် ကြည့်နေမည်ကို အလိုလိုခံစား၍ရသည်။


သူမကပြောလာသည်။


"အစ်ကိုကြီးကနတ်သားလေ။ စာအုပ်တွေအများကြီးဖတ်ဖူးမှာပဲမဟုတ်ဘူးလား အစ်ကိုကြီးကစာအုပ်အကြောင်း သေချာပေါက်သိမှာပေါ့။ သမီးက​တော့ နတ်သမီးမဟုတ်ဘူး။ စာဖတ်ရတာလည်းမုန်းသေးတယ်။ သမီးမှာဘယ်လိုလုပ်စာအုပ်အကြောင်း

သဲလွန်စရှိမှာလဲ အစ်ကိုကြီးက ကိုယ့်ဘာကိုယ်သိနေရမှာမဟုတ်ဘူးလား"


"တင်းတောင်~~ နတ်သားဟာ မျက်နှာပြောင်မိန်းကလေးရဲ့ အထင်သေးခြင်းဆိုတဲ့ ဒုတိယသဲလွန်စကိုရရှိလိုက်ပါပြီ"


ထန်မော့"..."


---------------------------------------


စာရေးသူမှာပြောစရာရှိတယ်။


ထန်မော့ "ငါတကယ်ကြီး ဒီကောင်မလေးကို သတ်လို့မရတာလား"


🪩