🌍Chapter 6
အံ့ဩဖွယ်ရာသဲလွန်စကြီးကိုပေးပြီးနောက်မှာ မျက်နှာပြောင်မိန်းကလေးက ခုန်ဆွခုန်ဆွနဲ့ထွက်သွားပြန်သည်။
ထန်မော့မှာ အသက်ပြင်းပြင်းရှူလိုက်ကာ ကလေးအရွယ်မိန်းကလေးတစ်ဦးအား သတ်ပစ်ချင်စိတ်ကို ထိန်းချုပ်ထားလိုက်ရသည်။
ယခုက နေ့အချိန်ဖြစ်၍ နတ်ဆိုးလည်းပျောက်ကွယ်သွားပြီဖြစ်ရာ နတ်သားအသင်းအတွက်ကောင်းကောင်း လှုပ်ရှားလို့ရချိန်ဖြစ်သည်။ ဤထူးဆန်းသောနေရာတွင် နှစ်ရက်တောင်ကုန်ဆုံးခဲ့ပြီးဖြစ်ရာ နှစ်ဦးသားမှာအရမ်းလည်း ကြောက်မနေကြတော့ချေ။
သူတို့ရာဘာတုတ်ကို ကိုင်လျက်ပင် မီးလောင်သွားသော စာအုပ်စင်ထံသို့ လျှောက်သွားလိုက်ကြသည်။
ထန်မော့ကထိုင်ချလိုက်ကာ ပြာများသာကျန်သည်အထိ လောင်ကျွမ်းသွားသော စာအုပ်စင်ကို သေချာကြည့်ရှုလိုက်သည်။
တတိယထပ်တွင် စာအုပ်စင် ၂၃စင်ခန့်ရှိကာ ယခုလောင်သွားသောစာအုပ်စင်မှာ ကောင်တာမှရေလျှင် ၉စင်မြောက်ဖြစ်သည်။
ဤသည်မှာ အမျိုးအစား၁ စာအုပ်စင်ဖြစ်ပြီး ၄င်းတွင် ခရီးသွားရာဇ၀င် ပထ၀ီ၀င်နှင့် ဘာသာရေးနှင့်ဆိုင်သောစာအုပ်တချို့ကိုထားရှိခဲ့သည်။ အခုတော့သူတို့တွေအကုန်ပြာမှုန်တွေဖြစ်သွားချေပြီ။ သစ်သားစာအုပ်စင်မှာ ကြမ်းပြင်ပေါ်၌မီးသွေးခဲများ
သဏ္ဍာန်ဖြစ်နေကာ စာအုပ်များကမူ အဖြူအနက်ပြာမှုန်များအဖြစ်နှင့် လှဲလျောင်းနေကြသည်။
ထန်မော့က လက်ကိုဆန့်လျက် ပြာမှုန်အနက်များအား ထိကြည့်လိုက်သည်။
"ပူမနေဘူး"
ကိုငကြောင်က ထန်မော့အားကြည့်လာကာ
"မပူဘူး ဟုတ်လား"
ထန်မော့ကခေါင်းငြိမ့်လိုက်သည်။
"ကလေးသံက ပြောသွားတယ်လေ။ စာအုပ်စင်ကတစ်ညလုံးမီးရှို့ခံရတာဆိုတော့ မပူတော့ဘူးဆိုတာဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ မူလအချိန်စီးဆင်းနှုန်းနဲ့တွက်ကြည့်ရင် နာရီ၀က်လောက်ပဲရှိသေးတာ။ စာအုပ်ရေ ၁၀၀၀၀လောက်ရှိတဲ့ စာအုပ်စင်ကြီးတစ်ခုလုံး တစ်နာရီအတွင်းမှာအကုန်မီးရှို့ခံလိုက်ရတာထားဦး။ လူသားတွေရဲ့ပုံမှန်သီအိုရီအရဆို လုံး၀မဖြစ်နိုင်ဘူး"
ကိုငကြောင်ကမူ ဒီလောက်သိသာနေတာကြီးကိုဟူသော အမူအယာဖြင့်
" နတ်ဆိုးကမီးရှို့သွားတာလေ၊ ဒါပေါ့ သိပ္ပံနည်းကျရှင်းပြလို့ဘယ်ရမလဲ"
သူတို့ထံဖြစ်ပျက်နေသည်များမှာ လူသားတို့၏လက်ရှိသိပ္ပံပညာဖြင့်ပင် လိုက်မမှီနိုင်အောင်အပြောကျယ်လွန်းနေသည်။ ဒါနှင့်ပတ်သက်ပြီးအသေးစိတ်တွေးပူနေဖို့ အချိန်လည်းမရှိတော့။
ကိုငကြောင်ကသိသိသာသာကိုပင် စာအုပ်ကိုတွေ့ရှိရေး၌သာ အလွန်စိတ်နှစ်ထားပုံရသည်။ သူတံတွေးကိုအသာမြိုချလိုက်ပြီး
"အဲဒီကောင်မလေးပြောခဲ့တာ နတ်သားတွေက
သူပျောက်သွားတဲ့စာအုပ်ကို သိတယ်ဆို။ ထန်မော့မင်းစဉ်းစားမိတာလေး ဘာလေးမရှိဘူးလား"
ထို့နောက် ကိုငကြောင်ကခဏမျှ ရပ်တန့်သွားကာ ဆက်ပြောလိုက်သည်။
"ငါဖတ်ဖူးတာတွေကများလွန်းတယ်။ ငါဒီမှာတစ်နှစ်လောက်စာဖတ်လာတာဆိုတော့ ဘယ်စာအုပ်လဲအသေအချာမစဉ်းစားတတ်ဘူး"
ထန်မော့တည်ငြိမ်စွာပင်
"ကျွန်တော်ကဒီတတိယထပ်ကို ရှင်းလင်းရေးအတွက် တာ၀န်ယူခဲ့ရတာ။ ကျွန်တော်သိတဲ့စာအုပ်တွေက ခင်ဗျားဖတ်ဖူးတာထက်တောင်များသေးတယ်"
ကိုငကြောင်က သူ့အားစိုက်ကြည့်ကာ ဇောချွေးများပြန်လာသည်။
"ဒါဆိုငါတို့ဘယ်လိုလုပ်ကြမလဲ။ ဒါဒုတိယနေ့လေ"
ထန်မော့ကပြန်မဖြေပဲ စာအုပ်ပြာပုံကို လှည့်ပတ်၍ကြည့်လိုက်သည်။
ကိုငကြောင်ကမူ ဆက်၍တတွတ်တွတ်ပြောနေဆဲ။
မျက်နှာပြောင်မိန်းကလေးရောက်လာပြီး ပြောခဲ့သည်တို့ကို မှတ်မိနေသော်လဲ ဘာကိုဆိုလိုမှန်း
ဘယ်လိုအဓိပ္ပာယ်ကောက်ရမှန်းလည်းမသိ။ ကိုငကြောင်က စိတ်လှုပ်ရှားလာပြီး အော်ဟစ်လိုက်သည်။
"ထန်မော့ ငါတို့ဘယ်လိုလုပ်ကြမလဲလို့"
"စိတ်မပူပါနဲ့"
ထန်မော့က စာအုပ်ပြာများဘေးတွင် ငုတ်တုတ်ထိုင်လျက် ကိုငကြောင်အား မော့ကြည့်လိုက်သည်။
ပြတင်းပေါက်အပြင်ဘက်မှ တိုး၀င်လာသော နေရောင်က သူ၏မျက်နှာပေါ်တွင်ဖြာကျနေ၏။
သူကအသာအယာပြုံးလျက် ပြောလိုက်သည်။
"အခုပိုအရေးကြီးတာက နတ်ဆိုးက
ဘာလို့ဒီစာအုပ်စင်ကိုမီးရှို့ခဲ့သလဲဆိုတာပဲ"
ကိုငကြောင်က ရုတ်တရက်အေးခဲသွားမိသည်။
စာအုပ်စင်စုစုပေါင်း ၂၃စင်ရှိသည်။ ထို့ကြောင့်တွက်ချက်ကြည့်လျှင် နတ်ဆိုးက သူရှာနေသောစာအုပ်ကို မီးရှို့နိုင်မည့်အခွင့်အရေးမှာ ၃အချိုး၂၃ ရာခိုင်နှုန်းသာဖြစ်နိုင်ချေရှိ၏။ အဲဒါကလည်း နတ်သားကစာအုပ်ကိုရှာမတွေ့ခင်အထိသာ။
ကိုငကြောင်ကဒါကိုစဉ်းစားကာ ရှင်းပြလာသည်။
"ကလေးကပြောခဲ့တယ်မလား။ နတ်ဆိုးကဘယ်စာအုပ်စင်မှာ စာအုပ်ကို၀ှက်ထားမိလဲမမှတ်မိဘူးလို့လေ အဲဒါကြောင့်သူကြုံရာစာအုပ်စင်ကိုမီးရှို့လိုက်တာနေမှာ"
"ဖြစ်နိုင်ပါတယ်"
ကိုငကြောင်က လက်ကိုခါယမ်းလိုက်ကာ
"ငါတို့ မြန်မြန်လုပ်မှဖြစ်မယ်။ မဟုတ်ရင်ငါတို့တော့သွားပြီ။ ငါ မကြာသေးခင်ကဖတ်ခဲ့တဲ့စာအုပ်တွေက ဒီစင်က.."
ကိုငကြောင်၏အမူအယာမှာပို၍ ရုပ်ဆိုးလာပြီး
"လောင်သွားတဲ့စာအုပ်စင်ရောပဲ၊ ထန်မော့ မင်းရော"
ထန်မော့ကထရပ်လိုက်သည်။
"ကျွန်တော်က စာအုပ်ပေါင်းများစွာကို နေ့တိုင်းကြည့်ရှုနေရတာ။ အရင်ဆုံးအမျိုးအစားခွဲမှဖြစ်မယ်"
ဤကိုငကြောင်၏အမူအယာကအနည်းငယ် လျော့သွားတော့သည်။ သူက သူ၏ဘေးမှစာအုပ်စင်နှင့်
ကြမ်းပြင်ပေါ်မှပြာမှုန်များကိုကြည့်လိုက်သည်။
မျက်နှာပြောင်မိန်းကလေးပြောခဲ့သည်တို့ကို ပြန်တွေးမိလျှင် စိတ်မပူပဲမနေနိုင်ပေ။
သာမာန်အားဖြင့် ဒီလိုဆန်းကြယ်တဲ့ဖြစ်ရပ်နဲ့ သရဲလိုလိုဘာလိုလိုဟာတွေကို ကြုံခဲ့ရတဲ့ ဘယ်သူမဆို
စိတ်ကနည်းနည်းလေးလွတ်သွားလောက်တယ်ဆိုတာ ပုံမှန်ပါပင်။
ထန်မော့က ကြမ်းပြင်ပေါ်မှ ပြာမှုန်များကိုထိတွေ့နေရင်း စိတ်လှုပ်ရှားနေပုံဖြင့် ဂဏာမငြိမ်စွာလမ်းလျှောက်နေသော ကိုငကြောင်အားစိုက်ကြည့်လိုက်သည်။
သူကရုတ်တရက် တစုံတခုကိုသတိရလျက် ပြောလိုက်သည်။
"မကြာသေးခင်က ကျွန်တော်စာအုပ်စင်တစ်ခုကို ပြင်ခဲ့သေးတယ်။
လွန်ခဲ့တဲ့သုံးရက်လောက်က ထင်တယ်။ ဥက္ကဋ္ဌက ကျွန်တော့်ကို Hအမျိုးအစား စာအုပ်တွေကို သက်သက်ခွဲခိုင်းလို့လေ"
ကိုငကြောင်၏ ဂဏာမငြိမ်သောခြေလှမ်းတို့က ချက်ချင်းရပ်သွားကာ ထန်မော့အား ကြည့်လာသည်။
"သုံးရက်လောက်တုန်းက ဟုတ်လား ဒါဆိုဒီနားမှာပဲရှိမှာပေါ့.."
သို့ဖြင့်နှစ်ယောက်သား H အမျိုးအစားစာအုပ်စင်ထံသို့ လျှောက်သွားလိုက်ကြသည်။
သို့သော်စာအုပ်စင်ကိုကြည့်မိသည်နှင့် နှစ်ယောက်စလုံး အေးခဲမိသွားသည်။
"ဒီမှာ စာအုပ်ပေါင်း ၁၂၀၀၀ကျော်တောင်ရှိတာပဲ "
ထန်မော့ကရေတွက်ကြည့်ကာပြောလိုက်သည်။
ကိုငကြောင်က တည်ငြိမ်စွာပင်
"ဘယ်လိုမျိုးဆို စာအုပ်ကိုရှာတွေ့တယ်ခေါ်တာလဲ။
ငါတို့စာအုပ်စင်ကစာအုပ်တွေအကုန်လုံးကို ဆွဲထုတ်ကြည့်ပြီး မှန်တဲ့တစ်ခုထွက်လာတဲ့အခါ ရှာတွေ့တယ်လို့သတ်မှတ်လို့ရလား"
ဂိမ်း၏စည်းမျဉ်းများက ထိုသို့မပြောခဲ့ပေ။ နတ်သားကနေ့ဘက်တွင်သဲလွန်စရနိုင်ကာ နတ်ဆိုးက ညဘက်တွင်သာအုပ်စင်ကို မီးရှို့နိုင်သည်ဟုသာ ဆိုခဲ့သည်။ သူတို့သာ မျက်နှာပြောင်မိန်းကလေး၏ စာအုပ်ကိုရှာတွေ့လျှင် ဂိမ်းကပြီးသွားပြီလား စာအုပ်စင်ကနေ မှန်တဲ့စာအုပ်ကို ဆွဲထုတ်လိုက်တာနဲ့ အောင်မြင်ပြီလား မသိနိုင်ချေ။
ထန်မော့က ဒါကိုမစဉ်စားတော့။
" ကျွန်တော်တို့အမြန်လုပ်ရင် ဒီစာအုပ်တွ အကုန်လုံး ၂နာရီအတွင်း ဆွဲထုတ်ဖို့မှီလောက်မှာပါ"
ထို့နောက် သူပြောသလိုပင် လုပ်လိုက်ကြသည်။
သူတို့ကလူချင်းခွဲကာ တစ်ဖက်စီကာစာအုပ်တွေကို ကိုယ်စီတာ၀န်ယူလိုက်ကြသည်။ အချိန်ကလျင်မြန်စွာပဲကုန်သွားခဲ့သည်၊
ထန်မော့ ချင်မင်းဆက်၏စာအုပ်တွေကို ဆွဲထုတ်နေတုန်းမှာပင် ညအချိန်ကရောက်လာခဲ့သည်။ သူကနောက်ထပ်နည်းနည်းလောက်ဆွဲထုတ် ချင်သေးသော်လည်း စာအုပ်များက ဆွဲယူ၍မရတော့သည်ကို တွေ့လိုက်ရသည်။
အမှောင်ထဲတွင် ကိုငကြောင်က ကြောက်လန့်တကြားပြောလာသည်။
"ငါစာအုပ်တွေဆွဲထုတ်လို့မရတော့ဘူး..."
ထန်မော့လည်းခပ်တိုးတိုးရေရွတ်လိုက်သည်။
"ကျွန်တော်ရောပဲ"
ထို့နောက်နှစ်ဦးသားမှာ ကောင်တာဆီသို့ပြန်လာကာ
စားပွဲပေါ် မီးလင်းနိုင်သော တစ်ခုတည်းသော အရာဖြစ်သည့် မီးအိမ်အိုကြီးကို ဖွင့်လိုက်တော့သည်။
မီးရောင်မှိန်မှိန်အောက်တွင် ထန်မော့နှင့် ကိုငကြောင်မှာ ကောင်တာကိုမှီလျက် အမှောင်ထဲမှ Hအမျိုးအစား စာအုပ်စင်ကို စိုက်ကြည့်နေကြသည်။
အမှောင်ထုထဲတွင် ဘာမဆိုမြင်နိုင်ရန်ခဲယဉ်းလှသော်လည်း နှစ်နာရီအတွင်းတွင် စာအုပ်စင်တစ်ခုက
မီးလောင်တော့မည်ကို သူတို့သိနေခဲ့ပြီ။ မီးထတောက်သည်နှင့် စာကြည့်တိုက်တစ်ခုလုံးကို ရှင်းရှင်းလင်းလင်းမြင်ရသည်အထိ လောင်ကျွမ်းလိမ့်မည်။
ဤကဲ့သို့စိတ်ဖိစီးဖွယ်အချိန်များမှာ ကုန်ခဲလွန်းနေသလို ခံစားရသည်။
ကိုငကြောင်၏မျက်လုံးများမှာ အလွန်နီရဲနေကာ
သုံးရက်ခန့်မအိပ်ထားရသော အိမ်ခြေရာမဲ့တစ်ဦးနှင့်တူနေ၏။ ခြောက်သွေ့ကွဲ့အက်နေသောနှုတ်ခမ်း၊ ဘုတ်သိုက်ဆံပင်နှင့် သူ၏တစ်ကိုယ်လုံးတွင် လက်သည်းသေချာညှပ်ထားသော လက်များကသာသန့်ရှင်းနေခဲ့သည်။
ဒုတိယညမှာ ၂၃နာရီ ၅၂မိနစ်တွင်ရောက်လာပြီး
၁နာရီ ၅၂မိနစ်တွင်မူ နေ့သည်တဖန်ပြန်ရောက်လာ လိမ့်မည်။ နာရီလက်တံက သုညသို့ရောက်ရှိသည်တွင် စာကြည့်တိုက်ထဲမှာနာရီသံကပဲ့တင်ထပ်လာခဲ့ပြန်သည်။
"ငါတို့ တစ်ယောက်နဲ့ တစ်ယောက်သိတာ တစ်နှစ်လောက်ရှိပြီပေါ့"
ကိုငကြောင်က နာရီသံကြောင့် ရုတ်တရက်လန့်သွားသည်။
ထို့နောက်အတော်လေးကြာမှ မီးရောင်မှိန်မှိန်အောက်တွင် ခေါင်းကိုငုံ့ရင်း တစ်ခုခုစဉ်းစားနေပုံပေါ်ကာ ဖြည်းညင်းစွာပြောလာခဲ့သည်။
"ဒါက ရက်သုံးဆယ်တောင်မဟုတ်ဘူး။ တစ်နှစ်တောင်"
ထန်မော့ကအမှောင်ထဲကိုကြည့်နေဆဲပင်။ ထို့နောက်သူကပြုံးလိုက်ကာ
"ခင်ဗျားရဲ့ စာကြည့်တိုက်ကဒ်က တစ်နှစ်ပဲခံတော့မှာ၊ ဒါပေမယ့်အခုအခြေအနေကိုကြည့်ရတာတော့
လိုတော့မယ်မထင်ပါဘူး။ ဒါပေမယ့်လည်း
ခင်ဗျား တတိယထပ်ကဘာသာရေးစာအုပ်တွေ အကုန်မဖတ်ခဲ့ရတာနှမြောစရာအကောင်းသားနော်"
"ငါနှစ်ရက်အတွင်းတောင်အပြီးဖတ်နိုင်တယ်"
"နှမြောစရာပဲ"
ထို့နောက် လူနှစ်ယောက်ကြား ထပ်မံတိတ်ဆိတ်သွားခဲ့သည်။
အတော်လေးကြာပြီးမှ ကိုငကြောင်ထံမှ
အသံထပ်ထွက်လာသည်။
"မင်းတို့ ငါ့နောက်ကွယ်မှာ ငါ့ကိုငကြောင်လို့ ခေါ်နေတာငါသိပါတယ်။ ဒီကမ္ဘာကြီးပေါ်မှာ သိပ္ပံနည်းကျရှင်းပြလို့မရတဲ့ ထူးဆန်တာတွေတပုံကြီးပဲ။ မင်းကငါရူးနေတယ်ထင်ပြီး ငါပြောတာတွေကိုမယုံခဲ့ဘူးမလား
ဒါပေမယ့်အခုငါတို့ကြုံနေရတာတွေကိုပဲ ပြန်ကြည့်ကြည့် သိပ္ပံနည်းလမ်းကျရဲ့လား"
ထန်မော့က ခဏမျှတိတ်ဆိတ်နေခဲ့ပြီးနောက်...
"မထင်ပါဘူး"
ကိုငကြောင်ကခေါင်းငြိမ့်လျက်ထပ်ပြောပြန်သည်။
"ဟုတ်တယ်မလား ဘုရားသခင်တကယ်ရောက်လာပြီ။ ဘုရားသခင်ရဲ့ခေတ်သစ်တစ်ခု တကယ်ရောက်လာခဲ့ပြီ။ ငါတို့ရဲ့ ပရောဟိတ်တွေ၊ ဘုန်းတော်ကြီးတွေက ငါတို့ကိုမစွန့်ပစ်ခဲ့ကြဘူး။ ကမ္ဘာကြီးကိုရောက်လာတဲ့ အနက်ရောင်မျှော်စင်တွေက ဘုရားသခင်ရဲ့ တမန်တော်တွေပဲ။ မင်းနဲ့ငါနဲ့ကရွေးချယ်ခံလိုက်ရတာ။ ဂျီးဆပ်(Jesus) ခေတ်ရော၊ ဗုဒ္ဓခေတ်ရောကုန်ခဲ့ပြီ။ အခုအနတ်ရောင်မျှော်စင်ခေတ်ပဲ။ ငါတို့မှာ တမန်တော်ဆယ့်နှစ်ယောက်ထဲက
နှစ်ယောက်ဖြစ်လာခွင့်ရဖို့ အခွင့်အရေးရှိနေပြီ။
ပြီးရင်ငါတို့ ဘုရားသခင်ရဲ့ကြင်နာမှုကိုခံစားရမှာ..."
ထန်မော့ကပြုံးလိုက်ကာ
"ဟုတ်လား ဒါပေမယ့် ခင်ဗျားဘာလို့ကြောက်နေတဲ့ပုံပေါက်နေရတာလဲ"
ကိုငကြောင် "..."
သူတိူ့ကသေခြင်းတရားအကြောင်းပြောနေခဲ့ကြတာ...
အကယ်၍ ကိုငကြောင်ကသာ အနက်ရောင်မျှော်စင်ဟာ ဘုရင်သခင်လို့ယုံကြည်တယ်ဆိုရင် ဘာလို့တက်ကြွမနေပဲ ကြောက်နေရတာလဲ...
လူနှစ်ဦးမှာ ထပ်မံ၍စကားမဆိုကြတော့။ ညအချိန်မှာအရမ်းမရှည်ခဲ့။ ညအချိန်ကုန်ခါနီး ဆယ်မိနစ်အလိုတွင် အုန်းခနဲပေါက်ကွဲသံဖြင့် မီးကထတောက်လာသည်။ မျက်နှာကျက်အဖြူပေါ်တွင် မီးအနီရောင်တို့က ရောင်ပြန်ဟပ်နေခဲ့သည်။
ထန်မော့၏မျက်၀န်းတို့ကကျဉ်းမြောင်းသွားခဲ့သည်။
ကိုငကြောင်က အတုန်တုန်အယင်ယင်ဖြင့် ထရပ်လိုက်ကာ
"အဲဒါ Hစာအုပ်စင် လောင်သွားတာ
Hစာအုပ်စင်လောင်သွားပြီ"
တတိယနေ့တွင် မျက်နှာပြောင်မိန်းကလေးက စာအုပ်စင်များကြားမှပေါ်လာခဲ့ကာ ဤတစ်ကြိမ်တွင်တော့ အနက်ရောင်စကပ်ကို၀တ်ထားခဲ့သည်။
သူမကကျောင်းလွယ်အိတ်ကိုလည်းလွယ်မထားချေ။
ထိုအစား စားဖွယ်မျိုးစုံပါသည့် ခြင်းတောင်းတစ်ခုကိုသာ ဆွဲလာလေသည်။ သူမက မီးလောင်ထားသော စာအုပ်စင်နှစ်ခုကို တစ်ချက်လေးပင်ကြည့်ပဲ ထန်မော့နှင့်ကိုငကြောင်ထံ ပြေးလာခဲ့သည်။
ထို့နောက်ဒေါသတကြီးဖြင့် စကားဆိုလာ၏။
"ဘယ်မှာလဲ သမီးရဲ့စာအုပ်"
ထန်မော့ကဖြေရမည့်အစား ပြန်ပေးလိုက်သည်။
"မင်းဒီနေ့ကျောင်းသွားစရာမလိုဘူးပေါ့"
သူမ၏မျက်နှာပြောင်ကြောင့် အမူအယာကိုခန့်မှန်း၍မရသော်လည်း ၀မ်းသာအားရဖြစ်နေသောအသံဖြင့် ပြန်ဖြေလာသည်။
"ဒီနေ့က ဆောင်းဦးပိတ်ရက်လေ သမီးကဆောင်းဦးပိတ်ရက်တွေကိုအချစ်ဆုံးပဲ သိုးလေးတွေ၊ ယုန်ဖြူလေးတွေ၊ သားပိုက်ကောင်တွေအများကြီးပဲပြီးတော့ သူတို့က ကြီးတယ်"
မျက်နှာပြောင်မိန်းကလေးမှာ သူမ၏လက်ကလေးများကိုဆန့်ကာ မည်မျှကြီးမားကြောင်း ဖော်ကြရန်ကြိုးစားနေသည်။
"သိုးလေးတွေရဲ့ ခြေထောက်စားလို့အကောင်းဆုံးပဲ သိလား ယုန်ဖြူလေးရဲ့မျက်လုံးတွေက
ဂျယ်လီလိုပဲ၊ သားပိုက်ကောင်တွေကတော့စားရခက်တယ်။ ဒါပေမယ့် အမေကတော့ကြိုက်တယ်။
အမေ့အတွက်တစ်ကောင်လောက် ကူဖမ်းပေးရမယ်"
ကိုငကြောင်ကမူ မျက်နှာပြောင်မိန်းကလေး၏ စကားကိုကြားကာ ကြောက်လွန်းလို့ ဖြူဖျော့နေချေပြီ။
ထန်မော့ကသူ့အားလှည့်ကြည့်လိုက်တာ
"အကိုချန် ခင်ဗျားကိုကြည့်ရတာ
သိပ်မခြေအနေမကောင်းပုံပဲ"
ကိုငကြောင်ကပြန်မေးလာသည်။
"မင်းရောမကြောက်ဘူးလား။ နတ်ဆိုးက နေ့ဘက်မှာ ငါတို့ဘာလုပ်နေလဲဆိုတာသိနေတယ်။ အဲဒါကြောင့် မနေ့ကငါတို့ရှာနေတဲ့ Hစာအုပ်စင်ကိုတမင်မီးရှို့လိုက်တာ။ ကံကောင်းလို့ ရှာနေတဲ့စာအုပ်က အဲဒီမှာမရှိလို့ပေါ့။ မဟုတ်ရင်တော့ ငါတို့သွားပြီ"
ကလေးမလေး၏လေသံက ချက်ချင်းပြောင်းသွားသည်။
"သမီးစာအုပ်"
ထန်မော့သူမကိုကြည့်၍ မေးလိုက်၏။
"ဒီနေ့ရော စာအုပ်အကြောင်း မှတ်မိတာလေးဘာလေးရှိသေးလား"
ဒီတစ်ကြိမ်တော့ မျက်နှာပြောင်လေးမှာ သူမ၏မူပိုင်
'မျက်နှာပြောင်မိန်းကလေး၏ အထင်သေးခြင်းသဲလွန်စ'ကို မသုံးတော့ပဲ သူမ၏မျက်နှာပြောင်ကြီးမှ မျက်လုံးကို တိုက်ရိုက်ဖော်လိုက်ကာ ထန်မော့အား အရူးလား ဟူသော အမူအယာဖြင့် တိုက်ရိုက်ကြည့်လာခဲ့သည်။
"နတ်သားကလည်း ဘာလို့နတ်ဆိုးလိုမျိုးတုံးနေရတာလဲ။ သမီးသိပါတယ်၊ တကယ်တော့ အစ်ကိုကြီးလည်း သမီးစားအုပ်ကိုလိုချင်နေတာမလား
အဲဒီမကောင်းတဲ့ နတ်ဆိုးကစာအုပ်ကိုသိတယ်။ စာအုပ်ကအများကြီးအဖိုးတန်တယ်ဆိုတာလည်း
သိတယ်။ အမေကသမီးအတွက်မွေးနေ့လက်ဆောင် ၀ယ်ပေးတဲ့စာအုပ်မှန်းသိလို့ တမင်သက်သက်ခိုးသွားတာ။ သူက အမေ၀ယ်ပေးထားမှန်း ပျောက်သွားရင်အမေစိတ်ဆိုးမယ်မှန်းသိလို့ကို ခိုးသွားတာ။ အစ်ကိုကြီးက သမီးစာအုပ်ကိုမရှာပေးတော့ဘူးလား"
မိန်းကလေးက ရုတ်တရက် အလွန်ကြီးမားသောမီးခြစ်ဆံကြီးကို သူမခြင်းထဲမှဆွဲထုတ်လိုက်သည်။
"အစ်ကိုကသမီးစာအုပ်ကိုမရှာပေးချင်ဘူးပေါ့"
"တင်းတောင်~~နတ်သားက
တတိယမြောက်သဲလွန်စဖြစ်တဲ့
'ငါ့စာအုပ်ကိုမရှာပေးနိုင်ရင် သေရမယ်ဆိုတဲ့' သဲလွန်စကိုရရှိသွားပါပြီ"
မိန်းကလေးငယ်က ခြင်းတောင်းကို ဒေါသတကြီးပစ်ပေါက်လိုက်ကာ သူမလက်ထဲတွင်တော့ သူမခေါင်းလောက်ရှိသည့် မီးခြစ်ဆံကြီးကိုကိုင်ထားသည်။
ထို့နောက် ထန်မော့နှင့် ကိုငကြောင်ထံသို့ လျှောက်လာခဲ့သည်။
ထန်မော့ တည်ငြိမ်စွာဖြင့် သူမနီးကပ်လာသည်ကို စောင့်ကာ
ထူးဆန်းသောလေသံဖြင့်တစ်စုံတစ်ခုကိုပြောလိုက်သည်။
" ငါကလေးတွေကိုမကြိုက်ဘူး။ အထူးသဖြင့် စကားနားမထောင်ပဲ ကလန်ကဆန်လုပ်တတ်တဲ့ ကလေးမျိုးကိုပေါ့"
ကလေးမလေးမှာ သူမခြေထောက်တွေရုတ်ချည်း အဖြတ်ခံလိုက်ရသလိုမျိုး တုန့်ခနဲ ရပ်တန့်သွားခဲ့သည်။
ထို့နောက်သူမကအလျင်စလိုပြောလာသည်။
"ဟင့်အင်း၊ သမီးမကောင်းတာ ဘာမှမလုပ်ခဲ့ပါဘူး၊
ဘယ်သူကသမီးကိုဆိုးသွမ်းတယ်ပြောတာလဲ
သမီးက လိမ္မာပြီးအလိုက်သိတဲ့ ကလေးလေးပါ..."
ထန်မော့ကပြန်မဖြေပေ။
ကိုငကြောင်က သူ့အားတုန်လှုပ်စွာကြည့်လာခဲ့သည်။
"ထန်မော့"
သူကဘာလို့ အဲဒီမိစ္ဆာလေးကိုရန်သွားစနေရတာလဲ
ကလေးမလေးကမူ ဆယ်ကြိမ်လောက်ထိ ထပ်ကာထပ်ကာပြန်ပြောနေခဲ့သည်။
"သမီးဘာမကောင်းတာမှမလုပ်ဘူး သမီးကလိမ္မာတဲ့ကလေးလေး"
ထို့နောက်သူမကခေါင်းကိုတဖန်မော့လာပြီး မီးခြစ်ဆံကိုမြှောက်လျက် ပြောလာပြန်သည်။
"အစ်ကိုကြီး သမီးစာအုပ်ကိုမရှာပေးဘူးလား"
ထန်မော့ကပြန်မဖြေပဲ စာအုပ်စင်တစ်ခုထံလျှောက်သွားလိုက်သည်။ Gအမျိုးအစားစာအုပ်စင်မှ စာအုပ်တစ်အုပ်ကိုဆွဲထုတ်လိုက်ကာ ကလေးမလေးအားလှည့်ကြည့်လိုက်သည်။
"ဟုတ်တယ်လေ၊ မင်းကဘာမကောင်းတာမှ မလုပ်ပါဘူး။ မင်းက မီးရှို့ရတာကြိုက်ပြီး ၊ လူတွေသတ်ရုံလေးပဲ"
ကလေးမလေးကမလုံမလဲဖြင့် မီးခြစ်ဆံကြီးအား သူမနောက်ကျောတွင် ကပြာကယာ၀ှက်လိုက်လေသည်။
ထန်မော့ကသူ၏လက်ထဲမှ 'မယန်းလူမျိုးများ ပျောက်ကွယ်သွားရခြင်းနောက်ကွယ်က လျှို့၀ှက်ချက်၊' ခေါင်းစဉ်ဖြင့်စာအုပ်ကိုလှုပ်ခါပြလျက် မေးလိုက်လေသည်။
"ဒါမင်းရှာနေတဲ့စာအုပ်လား"
------------------------------------------
စာရေးသူမှာ ပြောစရာရှိတယ်။
မျက်နှာပြောင်မိန်းကလေး" သမီးက လိမ္မာပြီး
စကားနားထောင်တဲ့ကလေးလေးပါနော်။ သမီးကမီးရှို့ချင်ရှို့ပြီး လူသတ်ချင်သတ်မယ်။ ဒါပေမယ့်လိမ္မာတဲ့ကလေးလေးပဲ"
🪩