Chapter 7
Viewers 2k

🌍Chapter 7




"အား.. သမီးစာအုပ် "


က​လေးမ​လေးက လူသားတစ်ဦးမမီနိုင်တဲ့ အမြန်နှုန်းနဲ့ ထန်မော့လက်ထဲကစာအုပ်ကိုဆွဲလုလိုက်ကာ သူမရင်ဘတ်တွင်ပိုက်ထားလိုက်သည်။ သူမ၏ညာလက်တွင် မီးခြစ်ဆံကြီးကိုကိုင်ထားပြီး ဘယ်ဘက်တွင်မူ စာအုပ်ကိုပိုက်လျက်။ မျက်နှာပြောင်မိန်းကလေးမှာ ထိုစာအုပ်အား သူမပျောက်သွားသောစာအုပ်မှန်းအတည်ပြုပြီးသည်နှင့် စာအုပ်စင်များအကြားပြေးသွားတာ ထိုင်ဖတ်လိုက်တော့သည်။


"အ​မေကသမီးကို ဒီစာအုပ်ကစာတွေ မေးမယ်ပြောထားတယ်။ သမီးအခုဖတ်မှရမယ်"


ကျယ်၀န်းပြီးတိတ်ဆိတ်သောစာကြည့်တိုက်ထဲတွင် မျက်နှာပြောင်မိန်းကလေး၏ စာဖတ်သံကအလွန်ကျယ်လောင်နေသည်။


ကိုငကြောင်၏မျက်နှာမှာ ဖြူဖျော့လျက် လက်ထဲတွင်စာအုပ်ကိုကိုင်ကာ စာဖတ်နေသော မျက်နှာပြောင်မိန်းကလေးအား ကြည့်နေခဲ့သည်။ သူ၏ဆံပင်တို့မှာလဲ ရေထဲမှထွက်လာသူလို  ဇောချွေးများဖြင့် စေးကပ်နေခဲ့သည်။


သူကထန်မော့ကိုကြည့်၍ မချိပြုံးပြုံးကာ


"စာအုပ်ကအဲဒီစာအုပ်ဖြစ်နေခဲ့တာကိုး။ မင်းဘယ်အချိန်ကတည်းကသိနေခဲ့တာလဲ"


ထန်မော့သည် ရာဘာတုတ်ကိုကိုင်ထားသော ကိုငကြောင်၏ညာဘက်လက်ကိုကြည့်လိုက်သည်။

သူ၏လက်ခုံပေါ်မှ အဖြူရောင်နတ်သားအမှတ်အသားမှာ အနက်ရောင် နတ်ဆိုးတောင်ပံပုံစံပြောင်းသွားသည်ကို တပါတည်းတွေ့လိုက်ရ၏။


ထန်မော့ အသံကတည်ငြိမ်လျက်


"ခင်ဗျားကိုစတွေ့လိုက်ကတည်းကပဲ"


ကိုငကြောင်၏မျက်လုံးများမှ မယုံနိုင်မှုကြောင့် ပြူးကျယ်ကာ


"ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"


စာအုပ်ကိုသဲကြီးမဲကြီးထိုင်ဖတ်နေသော ကလေးငယ်မှာတော့ မည်သည့်ဆူညံသံကိုမှကြားပုံမပေါ်။ ဂိမ်းလည်းပြီးဆုံး သွားခဲ့ပြီမို့ ထန်မော့နှင့်ကိုငကြောင် နှစ်ယောက်သားက စာဖတ်ရန်လုပ်ပေးထားသော စားပွဲနှင့်ခုံများဆီ သွားကာထိုင်ချလိုက်ကြသည်။


ထန်မော့သည် အ၀ေးမှ မျက်နှာပြောင်မိန်းကလေးအားကြည့်လိုက်သည်။ စာကြည့်တိုက်တစ်ခုလုံး၌ ဤကဲ့သို့ကိုးရိုးကားယား အခြေအနေတွင် စာဖတ်ရန်စိတ်အားထက်သန်နေသူ သူမတစ်ယောက်သာရှိလိမ့်မည်။ ကိုငကြောင်လည်းအနည်းငယ် တည်ငြိမ်သွားခဲ့ပြီဖြစ်ကာ အစောကကြောက်လန့်မှုတွေမရှိတော့။ သူကထန်မော့ရှေ့တွင်ထိုင်ကာ အမှန်ကိုပြောရန်ပြင်လိုက်သည်။


"ငါမင်းကို ဒီဂိမ်းထဲကို ဆွဲခေါ်ခဲ့တာ"


ထန်မော့ကအနည်းငယ်အံ့ဩသွားပုံပင်။


ကိုငကြောင်ကဆက်ပြောလိုက်သည်။


"ငါစာကြည့်တိုက်ထဲကို ၀င်လာမိတာက မတော်တဆပဲ။ မင်းမရောက်လာခင် ငါအရင်၀င်လာမိတာ။ မင်းသိပါတယ် ငါတို့လိုအလုပ်လက်မဲ့တွေက စာကြည့်တိုက်မှာကလွဲ အချိန်ဖြုန်းစရာမရှိဘူးလေ။ စာကြည့်တိုက်ပိတ်ချိန်ရောက်တာနဲ့ အစောင့်တွေက

ငါတို့ကိုရှာပြီးနှင်ထုတ်ရော။ ဒါပေမယ့်အစောင့်တွေလည်း ပေါ့လျော့မိတဲ့အခါတွေရှိတယ်မလား။ 

စာကြည့်တိုက်က အနက်ရောင်မျှော်စင်နဲ့လည်း အတော်နီးတယ်လေ။ 'ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာတာ' ကြေညာပြီးနောက်ပိုင်း ငါကစာကြည့်ကနေ မျှော်စင်ကို ဘာတွေများထူးဆန်းမလဲ နည်းနည်းပါးပါးကြည့်ချင်ခဲ့တာကွာ။ နောက်ပြီးတတိယမြောက်နေ့မှာ ငါစာဖတ်နေတုန်း အနက်ရောင်မျှော်စင်ကငါ့ကိုတစ်ခုခုပြောလာတော့တာပဲ။"


ကိုငကြောင်က ခေါင်းမော့ပြီး ထန်မော့အားအတည်အတန့်ကြည့်လိုက်သည်။

သူက ထန်မော့အား နတ်ဘုရားတစ်ပါးကို ကြည့်နေသလိုမျိုးကို ထူးထူးဆန်းဆန်းကြီးကြည့်လာခြင်းဖြစ်သည်။


"သူကငါ့ကို ဂိမ်းစတော့မယ်လို့ပြောတယ်"


ထို့နောက်ကိုငကြောင်က လေထဲကိုငေးမောနေလိုက်သည်။


"ငါကရွေးချယ်ခံလိုက်ရတာ"


ထန်မော့ဘာမှမပြောလိုက်တော့။


စာကြည့်တိုက်ကလူတွေအကုန်လုံး ကိုငကြောင်မှာ တကယ်ရူးနေတာမဟုတ်ပဲ၊ ဘာသာရေးအစွန်းရောက်နေတာမှန်းသိကြသည်။


ခဏမျှကြာပြီနောက် ကိုငကြောင်က ပြန်လည်တည်ငြိမ်သွားပုံဖြင့်


"ငါကျတဲ့ ဂိမ်းက 1 vs 1ဂိမ်းပဲ။ ဆိုတော့ငါတစ်ယောက်တည်းဆော့လို့မရဘူးလေ။ ငါစာကြည့်တိုက်ကနေထွက်ပြီး ငါနဲ့အတူဆော့မယ့်သူတစ်ယောက်လောက်ရှာဖို့ကြိုးစား ပါသေးတယ်။ အဲဒီအချိန်မှာမင်းရောက်လာတာပဲ။ ရောက်လာကတည်းကကို မင်းမှန်းသိတယ်။ ပြီးတော့မင်းငါ့ကိုရှာတွေ့သွားအောင် တမင်အသံပေးခဲ့တာ။ ဒါပေမယ့် ငါအရမ်းကိုမှားတဲ့ ဆုံးဖြတ်ချက်ကိုချခဲ့တယ်ဆိုတာ ငါအခုသိသွားပြီ"


ထန်မော့ကသူ့အား မေးလိုက်သည်။


"ဂိမ်းရှုံးတဲ့အတွက်အပြစ်ဒဏ်ကဘာလဲ

ထုတ်ပယ်ခံရမယ်ဆိုတာက​​ရော ..."


ကိုငကြောင်ကခေါင်းကိုခါလိုက်ကာ


"ငါမသိဘူး။ သူဘာမှမပြောခဲ့ဘူး။ မင်းကြားရတဲ့ကြေညာချက်က ငါကြားရတာနဲ့အတူတူပဲလေ၊ အဲဒီထက်ပိုပြီးဘာမှကိုမသိရတာ၊ သူပြောတာက ငါ့ပြိုင်ဘက်ကို ငါကိုယ်တိုင်ရွေးရမယ် ၊ ပြီးတော့ဂိမ်းရဲ့ပုံစံကမင်းအပေါ်မူတည်တယ် ဘာညာပဲပြောခဲ့တာ။ မျှတတယ် ဟုတ်။ ဂိမ်းမစမချင်း ငါကစာအုပ်ရှာရမယ့် ဂိမ်းမှန်းတောင်မသိခဲ့ဘူး။ မင်းကစာကြည့်တိုက်မှူးမို့လို့ သင့်တော်တဲ့ဂိမ်းကိုပြင်ဆင်ပေးတာဖြစ်မယ်၊" 


ထို့နောက် ကိုငကြောင်ကတန့်သွားကာ ထန်မော့အား နက်နက်နဲနဲကြည့်လာခဲ့သည်။


"မင်းငါနတ်ဆိုးဆိုတာဘယ်လိုသိသွားတာလဲ"


တကယ်တော့ ရိုးရိုးလေးပင်


"ခင်ဗျားက ကြောင်နေတာလည်းမဟုတ်ဘူး။ ရူးနေတာလည်းမဟုတ်ဘူး။ ခင်ဗျားစာကြည့်တိုက်ထဲခိုး၀င်လာတဲ့ အကြောင်းပြချက်ကမခိုင်လုံတဲ့အပြင်

ကျွန်တော်စတွေ့ကတည်းက ခင်ဗျားတချိန်လုံး ကြောက်လန့်နေတာလေ။ အစ်ကိုချန် ခင်ဗျားက ဘာသာရေးအပေါ် အတော်ယုံကြည်တဲ့လူပါ။ အနက်ရောင်မျှော်စင်ကို ဘုရားသခင်လို့ပြောခဲ့သူက သုံးရက်အကြာမှာ မျှော်စင်ဆီကနေဂိမ်းဆော့ဖို့ရွေးချယ်ခံရလိုက်ရတယ်။ ခင်ဗျားကြောက်နေရမှာလည်းမဟုတ်ဘူး။ လန့်နေရမှာလဲမဟုတ်ဘူး။ ခင်ဗျားပျော်နေသင့်တာ"


ကိုငကြောင်လက်ထဲမှ ရာဘာတုတ်က စိတ်ပျက်လက်ပျက်ဖြင့်ကြမ်းပြင်ပေါ် ပြုတ်ကျသွားခဲ့သည်။


"အဲလိုကိုး.."


ထန်မော့က ဆက်ပြောလိုက်သည်။


"ကျွန်တော်သံသယ၀င်ခဲ့ရုံသက်သက်ပါပဲ။ ခင်ဗျားတုန့်ပြန်မှုဘယ်လိုဖြစ်သင့်တယ်ဆိုတာ ကျွန်တော်လည်းသေချာခဲ့တာမဟုတ်ဘူး"


"ဒါဆို ငါမှန်းမင်းဘယ်လိုသိသွားတာလဲ"


"ဘာလို့ဆို ဂိမ်းကမျှတတယ်လေ"


ကိုငကြောင်က ထန်မော့အား နားမလည်စွာကြည့်လာသည်။


ထန်မော့သည် သူ၏လက်ခုံပေါ်မှ နတ်သား အမှတ်အသားကို ပွတ်သပ်လိုက်သည်။


"ကျွန်တော်ကဂိမ်းဆော့ရတာကြိုက်တဲ့သူ။ကျွန်တော်မကြာခဏဆော့တဲ့ ဂိမ်းတစ်ခုက ကမ္ဘာပေါ်မှ မျှတမှုအရှိဆုံး ကဒ်ဂိမ်းလို့ပြောလို့ရတယ်။

အဲဒီဂိမ်းထဲမှာ အရည်အချင်းက ကံကောင်းခြင်းထက် ပိုအားကြီးတယ်။ တချို့ဂိမ်းတွေကကျ ဘယ်လောက်တော်တော် ကံမကောင်းရင်မရတာတွေလည်း ရှိပါတယ်။ ဒါပေမယ့်လည်း ဒီလိုဂိမ်းတွေမှာ 

တစ်ဖက်နဲ့တစ်ဖက် တစ်နည်းနဲ့တစ်နည်း ကျိန်းသေမျှတမှုရှိနေပြီးသားပဲ။


အဆုံးမှာတော့ ကံကောင်းခြင်းဟာလည်း ခင်ဗျားရဲ့အရည်အချင်းတစ်မျိုးပဲလေ။ ပြောချင်တာက တစ်ဖက်နဲ့တစ်ဖက်က သူ့နည်းသူ့ဟန်နဲ့ မျှတနေပြီးသား။ လူတစ်ယောက်က သူ့ဘာသူ ကံကောင်းချင်ကောင်းမယ် ကံဆိုးချင်ဆိုးမယ် ဒါကသူ့အပိုင်း။ 

ဂိမ်းကတော့ မျှတပါတယ်"


ကိုငကြောင်ကတော့နားလည်ပုံမပေါ်

"အဲဒါက ငါတို့ဂိမ်းနဲ့ဘာဆိုင်လို့လဲ"


ထန်မော့က သူ့အားကြည့်လာပြီး


"ခင်ဗျားက ဒီဂိမ်း အရမ်းကိုမမျှတဘူးလို့ မခံစားမိဘူးလား"


"ဘယ်လို"


"ဂိမ်းမှာ စည်းကမ်းချက်သုံးခုပဲရှိတယ်။ ပထမ အကြမ်းဖက်မှုကိုတားမြစ်ထားတယ်။ အဲဒီစကားမှာလည်း သူ့အဓိပ္ပာယ်နဲ့သူရှိပြီးသား။ ထားတော့ ပြီးမှရှင်းပြမယ်။ ဒုတိယ နတ်သားကနေ့အချိန်မှာ သဲလွန်စရမယ်။ တတိယ နတ်ဆိုးက ညဘက်မှ 

စာအုပ်စင်တစ်စင်ကိုမီးရှို့လို့ရတယ်။ နတ်သားက စာအုပ်ပေါင်းသောင်းချီကျော်တဲ့အထဲက စာအုပ်တစ်အုပ်ကိုရှာရမှာ။ သူ့အတွက်ဂိမ်းက အရမ်းခက်လွန်းတယ်။ နတ်ဆိုးမှာကျတော့ 3အချိုး23ရာခိုင်နှုန်းအထိ နိုင်ဖို့အခွင့်အရေးရှိနေပြီးသား။"


ကိုငကြောင်က ရုတ်ချည်းနားလည်သွားကာ

"မင်းပြောတာက နတ်သားအတွက် ဂိမ်းကမမျှတဘူးလို့ဆိုလိုတာလား"


"မဟုတ်ဘူး" 


ထန်မော့က ပြုံးလျက်ခေါင်းခါလိုက်သည်။


"နတ်ဆိုးအတွက် မမျှတတာ"


ကိုငကြောင် အေးခဲသွားခဲ့သည်။


"နတ်သားတွေအတွက် ခက်ခဲပေမယ့် ဂိမ်းကိုဖြေရှင်းနည်းရှိတယ်လေ။ သူကသဲလွန်စတွေကိုသုံးပြီး 

စာအုပ်ကိုရှာရုံပဲ။ ဒါပေမယ့်နတ်ဆိုးအတွက်ကျ 

လုပ်စရာတစ်ခုပဲရှိတယ်။ စာအုပ်စင်ကိုမီးရှို့ဖို့ပဲ။

သူက စာအုပ်ဘယ်မှာရှိတယ်ဆိုတာ သဲလွန်စလည်းမရဘူး။ ဒီတော့ဂိမ်းကဒီလိုဖြစ်လာတယ်။ 

နတ်သားက ပုစ္ဆာတစ်ခုကိုဖြေရှင်းနေချိန်မှာ၊ နတ်ဆိုးက ဘာမှန်းမသိပဲ လောင်းကြေးထပ်နေရတာမျိုးလေ။ နတ်သားကက ဂိမ်းကိုနိုင်ဖို့ ကံကောင်းခြင်းရယ် အရည်အချင်းရယ်ကို သုံးနိုင်နေချိန်မှာ၊ နတ်ဆိုးကတော့ကံကောင်းခြင်းတစ်ခုတည်းကိုပဲ အားထားနိုင်တယ်။


ကိုငကြောင်ကပြန်ငြင်းလိုက်သည်။


"ဒါပေမယ့်နတ်သားစာအုပ်ကို ရှာတွေ့နိုင်ချေက

နတ်ဆိုးစာအုပ်ကိုမီးရှို့နိုင်ချေထက်နည်းတယ်လေ"


"ဒါကဒီလိုပြောလို့ရတယ် ဂိမ်းစတာနဲ့ ကံကောင်းခြင်းက ဂိမ်းကိုနိုင်နိုင်တဲ့ခွန်အားတစ်ခုဖြစ်လာတယ်။

နတ်ဆိုးက စာအုပ်ကိုမီးမရှို့နိုင်ရင် သူမှာနိုင်နိုင်ချေနဲ့ခွန်အားက သုညပဲ။ နတ်သားလည်းသိပ်တော့မကွာပါဘူး။ ဂိမ်းကအစကတည်းက အကြမ်းဖက်မှုကိုတားမြစ်ထားတယ်ဆိုတော့ နတ်ဆိုးကသဲလွန်စလုယူနိုင်တဲ့ ဖြစ်နိုင်ချေကလည်း သုညပဲ။ ဒါဆို နတ်ဆိုးက သဲလွန်စကိုအခြားတနည်းနဲ့ရှာမှရမယ်။"


ကိုငကြောင်၏မျက်နှာက ဖြူဖျော့သွားကာ ဘာမှမပြောနိုင်တော့။ သူကသက်ပြင်းချကာလေးလေးပင်ပင်ကြီး ရယ်လိုက်မိတော့သည်။


"ငါလည်းဂိမ်းလေးဘာလေးဆော့ခဲ့သင့်တယ်။

ထန်မော့ မင်းပြောတဲ့ Bridgeဂိမ်းဆိုလား ဆိုးတော့မဆိုးပုံပဲ၊ နောက်ကျ ငါလည်းအဲဂိမ်းဆော့ရမယ်။"


"အခွင့်အရေးရရင် ကျွန်တော်ခင်ဗျားကိုသင်ပေးပါ့မယ်"


ကိုငကြောင် ပြုံးကာ ခေါင်းငြိမ့်လိုက်သည်။


ထန်မော့ကမျက်လုံးကိုမှေးကျဉ်းလိုက်ပြီး


"အကယ်၍ ကျွန်တော့်ရဲ့ပြိုင်ဘက်ကသာ သူသာဖြစ်မယ်ဆို ဂိမ်းရဲ့ရလဒ်ကတမျိုးပြောင်းချင်ပြောင်းသွားနိုင်တယ်"


"ဘယ်သူ့ကိုပြောတာလဲ"


ထန်မော့ကပြုံးလျက်


" ကျွန်တော်နဲ့ ဂိမ်းအတူဆော့တဲ့ သူငယ်ချင်းပါ။ 

သူကအရမ်းတော်တာ။ သူသာဆို အခုလိုဖြစ်လာနိုင်တာတွေကိုကြိုတွေးပြီး ကျွန်တော့်ကို ပိပိရိရိလိမ်သွားမှာ အနည်းဆုံးတော့ ခင်ဗျားလုပ်သလို အမှားမျိုးတွေ လုပ်ခဲ့မှာမဟုတ်ဘူး"


ကိုငကြောင်ကနည်းနည်းမှ ရှက်ရွံ့သွားပုံမပေါ်ပေ။

ထိုအစား သူကအလွန် လေးစားရိုကျိုးနေဟန်ဖြင့်


"ငါဘာအမှားတွေများလုပ်မိခဲ့တာလဲ ငါကတော့ငါသရုပ်ဆောင်တာ အဆင်ပြေတယ်ပဲထင်ခဲ့တာ။

မင်းငါ့ကိုတွေ့တဲ့အခါတစ်ခုခုကိုရိပ်မိသွားမှာစိုးလို့ ကြောက်ချင်ယောင်ဆောင်နေခဲ့တာရယ်။ နောက်ပိုင်းကျ ငါစကားကိုတတ်နိုင်သလောက် မပြောပဲနေလိုက်တယ်၊ စကားနည်းလေ အမှားနည်းလေလို့တွက်ပြီးတော့လေ။ ပြီးတော့ငါမင်းပြောသလိုပဲလိုက်လုပ်တော့တာ"


"ဒါပေမယ့်ခင်ဗျားပေါ့လျော့နေတုန်းပဲ၊ ဥပမာ- ကျွန်တော်က စာကြည့်တိုက်ထဲမှာ ကျွန်တော်တို့ နှစ်ယောက်အပြင်မရှိဘူး။ နတ်ဆိုးကလည်း ဘယ်မှာလည်းမသိဘူးလို့ပြောတုန်းက ခင်ဗျားက သူပုန်းနေတယ်လို့ပြန်ပြောခဲ့တယ်လေ။ နတ်သားအသင်းမှာ ခင်ဗျားနဲ့ကျွန်တော်နှစ်ယောက်ရှိတယ်ဆိုရင် 

နတ်ဆိုးအသင်းမှာလည်း လူနှစ်ယောက်ရှိလိမ့်မယ်လို့ ခင်ဗျားက ယေဘုယျကျကျတောင်မတွေးတော့ပဲ 'သူတို့'အစား 'သူ'လို့တိုက်ရိုက်သုံးခဲ့တယ်။"


ကိုငကြောင်က 


"ငါရုတ်တရက်ကြီး မင်းဆော့တဲ့ Bridgeဂိမ်းကိုအရမ်းတွေဆော့ချင်လာပြီ"


"ကျွန်တော်တွေးတာက ပထမညမှာကတည်းက ခင်ဗျားကို ဖော်မလို့ပဲ၊ ဒါပေမယ့်စာအုပ်စင်က တကယ်ကြီးမီးလောင်သွားမယ်မထင်ထားဘူး

ဒါကြောင့်ခင်ဗျားမှာ အသင်းဖော်ရှိသေးတယ်ထင်သွားတာ။ ဒါပေမယ့် ဒါကလည်းမဖြစ်နိုင်ပြန်ဘူး။

နတ်ဆိုးအသင်းမှာ နှစ်ယောက်ရှိပြီး နတ်သားအသင်းမှာတစ်ယောက်တည်းရှိတယ်ဆိုရင် ဂိမ်းကမမျှတပဲဖြစ်သွားလိမ့်မယ်"


အနက်ရောင်မျှော်စင်ကသာ လူနှစ်ယောက်ပေါင်းမှ ထန်မော့ရဲ့ပြိုင်ဘက်ဖြစ်နိုင်မယ်လို့ မ​တွေးမိသ၍​ပေါ့...


ထန်မော့ကချောင်းအသာဟန့်လိုက်ပြီး 

ဒီစကားတွေကိုတော့ထုတ်မပြောလိုက်တော့ချေ။


"ဒါကြောင့်ကျွန်တော် ဒုတိယနေ့မှာပြန်တွေးကြည့်တယ်။ ခင်ဗျားကိုမီးရှို့ဖို့ ဘယ်သူကူညီနေတာလဲဆိုတာကိုပေါ့။ ဒီနေရာမှာ ဖြစ်နိုင်တဲ့အဖြေနှစ်ခုရှိတယ်။ ပထမတစ်ခုက ခင်ဗျားတွေးလိုက်ရုံလေးနဲ့ စာအုပ်တစ်စင်မီးလောင်သွားတယ်။ ခင်ဗျားက မီးရှို့ပေးဖို့ တခြားတစ်ယောက်ယောက်ကိုမလိုဘူး။

ဒုတိယဖြစ်နိုင်ချေက တစ်ယောက်ယောက်ကမီးရှို့ဖို့ ခင်ဗျားကိုကူပေးနေတာ။ ကျွန်တော်တို့နှစ်ယောက်ရယ် အဲဒီမိန်းကလေးရယ်ပဲစာကြည့်တိုက်ထဲမှာရှိတာ။ ဒီတော့အနက်ရောင်မျှော်စင်ကလွဲလို့ သူတစ်ဦးတည်းကသာ ခင်ဗျားကိုမီးရှို့ဖို့ကူညီပေးနိုင်တဲ့သူပဲ"


ကိုငကြောင်ကပြောလာသည်။


"ငါက သူငါ့ကိုမီးကူရှို့ပေးမယ်ဆိုတာတောင် မသိခဲ့ဘူး"


"ဒါကတော့နားလည်လို့ရပါတယ်။ အဲဒီက​လေးမလေးက စာဖတ်ရတာအရမ်းမုန်းတယ်ဆိုတာကိုမမေ့လိုက်နဲ့။ ခင်ဗျားသာစာအုပ်တွေကိုမီးရှို့ချင်တယ်ဆို 

သူကလိုလိုချင်ချင်ကိုကူညီပေးမှာ။ ဒီတော့အကြောင်းပြချက်ကခိုင်လုံပြီးသား။ နောက်တစ်ခုရှိသေးတာက ဒီကိုလာတော့ သူ့ရဲ့ဆံပင်ပုံစံပြောင်းနေတာပဲ။ အဖျားမှာ မီးလောင်ထားတဲ့ ပုံပေါက်နေတယ်။ ဒီတော့ စာအုပ်စင်ကိုမီးရှို့်နေရင်း မတော်တဆလောင်သွားတာပဲဖြစ်ရမယ်"


ကိုငကြောင်က သူ့ထိုင်ခုံပေါ်ပျော့ခွေကျသွားသည်။


"ငါအရှုံးကို၀န်ခံပါတယ် ကွာ"


ထန်မော့ကတကယ်တော့ ဆက်ပြောချင်သေးတာဖြစ်သည်။ သို့သော် ကိုငကြောင်၏အမူအယာကိုမြင်တော့ ခေါင်းကိုခါလိုက်ကာ ပြုံးရုံပြုံးလိုက်တော့သည်။


ကိုငကြောင်လုံး၀သတိမထားမိသော အရာများလည်းရှိသေးသည်။ ဥပမာ-ထန်မော့က လိမ်ပြီး ကိုငကြောင်အား Hစာအုပ်စင်ကို မီးရှို့မိအောင်လုပ်ခဲ့ခြင်းပင်။ နောက်တစ်ခုကတော့ မျက်နှာပြောင်မိန်းကလေးပေးခဲ့သော သဲလွန်စသုံးခုတွင်ကို နတ်ဆိုးက ကိုငကြောင်ဆိုတာ ပေါ်နေပြီသားပင်ဖြစ်သည်။


သဲလွန်စသုံးခုက အဓိပ္ပာယ်မရှိဘူးလို့ထင်ရပေမယ့် စေ့စေ့စပ်စပ်တွေးကြည့်လျှင် အဓိကအချက်များကိုသာ ထောက်ပြထားတာဖြစ်သည်။


တစ်အချက်။ နတ်ဆိုးက လိမ်ရတာကြိုက်သည်။


ဒီတော့ နတ်ဆိုးကဟန်ဆောင်ပြီး နတ်သား၏ဘေးမှာပုန်းနေဖို့ ဖြစ်နိုင်ချေအများကြီး ရှိသည်။


နှစ်အချက်။ နတ်သားက စာအုပ်ကိုသိသည်။


ဒီသဲလွန်စ​တွေက အသုံးမ၀င်ဘူးဟုထင်ရသည်။ ဘာလို့ဆို ထန်မော့ကစာအုပ်တွေအများကြီးကိုသိတာ​ကြောင့်ပင်။ သူမကြာသေးခင်ကဖတ်ထားတာတွေကို ရေကြည့်ရင်တောင် အနည်းဆုံး ရာကျော်လောက်ရှိမည်။


တတိယ။ နတ်ဆိုးလည်း စာအုပ်ကိုသိသည်။


ဆိုလိုသည်မှာ သူတို့ရှာနေတဲ့ စာအုပ်ကိုထန်မော့ရော ကိုငကြောင်ရော ရင်းရင်းနှီးနှီးသိနေတဲ့သဘောပင်


သို့သော်လည်း ဖြစ်နိုင်ချေကိုမှန်းဆဖို့ အလွန်နည်း​နေဆဲ၊ ကိုငကြောင်က စာကြည့်တိုက်တွင်စာဖတ်လာသည်မှာ တစ်နှစ်ကျော်လေပြီ။ ဒီတော့ ကိုငကြောင်နှင့် ထန်မော့ နှစ်ယောက်လုံးသိနိုင်သည့်စာအုပ်မှာ စုစုပေါင်း တစ်ထောင်ကျော်တော့ရှိသည်။ 

သို့သော် ဤဂိမ်း၏ ခက်ခဲမှုအဆင့်မှာ သည်လောက်တော့ မမြင့်နိုင်။ ဂိမ်းကိုအောင်မြင်ဖို့အခွင့်အရေးမရှိနိုင်ဘူးဆိုလျှင် ကစားသမားနှစ်ဦးလုံး ထုတ်ပယ်ခံရလိမ့်မည်။ ဒါကြောင့် အဖြေမှာ ထန်မော့နှင့် ကိုငကြောင် နှစ်ယောက်လုံးစဉ်းစားမိနိုင်သည့် တစ်ခုခုသာဖြစ်ရမည်။


ထန်မော့ အရင်ဆုံးတွေးမိသည်မှာ 'မယန်းလူမျိုးစု ပျောက်ကွယ်သွားခြင်း နောက်ကွယ်ကလျှို့၀ှတ်ချက်'ပင်။


ဤသည်မှာ အနက်ရောင်မျှော်စင်ကိစ္စရပ်များ 

မဖြစ်လာခင် ထန်မော့နှင့် ကိုငကြောင် နှစ်ယောက်လုံး ဆွေးနွေးခဲ့ဖူးသော စာအုပ်ပင်။ အကယ်၍ နှစ်ယောက်လုံးကိုသာ ဘယ်စာအုပ်ကိ အမှတ်မိဆုံးလဲမေးလျှင် ဤစာအုပ်ကို ကျိန်းသေပေါက်ရွေးလိမ့်မည်။


ပြောရရင် ကိုငကြောင်လည်း လုံး၀ကိုငတုံးမဟုတ်ပေ။ သူက ကြောက်ချင်ယောင်ဆောင်ရကောင်းမှန်းသိခဲ့ပြီး သင့်တော်လျောက်ပတ်အောင်ပြုမူနိုင်မှုဖြင့်ပင်ပြောနိုင်သည်။


ထန်မော့ကတွေးလိုက်သည်။ အကယ်၍ ဒီနေရာမှာ Victorသာဆို အစကနေအဆုံးအထိ ထန်မော့ သံသယ၀င်ဖို့အခွင့်အရေးတောင်ရလိုက်မှာ မဟုတ်ဘူးလို့။ Victorက ကျိန်းသေပေါက် သူ့ကိုယ်သူ ကိုငကြောင်လိုမျိုး အားနည်းချင်ယောင်ဆောင်မှာမဟုတ်။ ကိုငကြောင်ရဲ့ အပြုအမူတွေက ထန်မော့က သူ့ကိုသတိမပြုမိစေပဲ အမှားနည်းစေရန်ရည်ရွယ်ခဲ့ခြင်း။ သို့သော် သူက ထန်မော့၏တကယ့်အတွေးကိုမခန့်မှန်းမိတော့ပဲ လမ်းချော်သွားခဲ့သည်။


Victorသာဆို ဘယ်လိုလုပ်မှာလဲ


တချိန်တည်းမှာပဲ ဝေးကွာတဲ့မြို့ပြတစ်နေရာမှာ

စစ်ယူနီဖောင်းကို၀တ်ဆင်ထားပြီး အရပ်မြင့်ပြီး ခန့်ညားတဲ့ အမျိုးသားတစ်ဦးဟာ အစည်းအ​​ဝေးခန်းထဲသို့ ၀င်သွားခဲ့သည်။ ထို့နောက်စားပွဲရှည်ကြီး၏ ထောင့်စွန်းမှ ခုံတစ်နေရာတွင်၀င်ထိုင်လိုက်သည်။


ရှေ့ဆုံးမှ ပရိုဂျက်တာနဲ့အတူ ရှင်းပြနေသော သိပ္ပံပညာရှင်များကိုကြည့်နေသည့် သူ့မျက်လုံးများမှာ သိမ်းငှက်လိုစူးရှနေလျက်၊


"လွန်ခဲ့တဲ့ သုံးရက်လောက်အထိ အနက်ရောင်မျှော်စင်တွေဟာ ပုံရိပ်ယောင်ပဲဖြစ်နေသေးတယ်။

ဒါကို အမျိုးအစားA ထင်ယောင်ထင်မှားဖြစ်မှုလို့ပဲ ခေါ်ကြပါစို့။ ဒီခြောက်လအတွင်း ကျွန်တော်တို့ 

အနက်ရောင်မျှော်စင်တွေနဲ့ပါတ်သတ်ပြီး စမ်းသပ်မှုတွေအများကြီးလုပ်ခဲ့တယ်။"


အစည်းအ​ဝေးခန်းထဲတွင် သိပ္ပံပညာရှင်တွေက 

အပြင်းအထန်ဆွေးနွေး၊ ငြင်းခုံနေကြသည်။ အဆုံးတွင်တော့ အခန်းမှအမြင့်ဆုံးပြောရေးဆိုခွင့်ရှိသူက

ပြောလာသည်။ 


"ဒီနေ့ကသုံးရက်မြောက်နေ့ပဲ၊ ခင်ဗျားတို့ရဲ့ နောက်ဆုံးကောက်ချက်ချမှုကဘာလဲ"


အားလုံးပါးစပ်ပိတ်သွားကြသည်။


ဖူဝမ်သော်သည် ဒီနေရာတွင်အနိမ့်ဆုံးဖြစ်သည်မို့ ပြတင်းပေါက်အပြင်ဘက်သို့သာ အကြည့်ပို့နေလိုက်သည်။


မှောင်မဲနေသော ကောင်းကင်ကြီးပေါ်တွင် ကြီးမားချွန်ထက်နေသော အနက်ရောင်မျှော်စင်ကြီးက 

ပေကျင်းမြို့ကြီး၏ လူဦးရေ 21.72သန်းပေါ်တွင် တွဲလွဲခိုနေခဲ့သည်။


ဤသည်မှာ ၂၀၁၇ နို၀င်ဘာ ၁၈ရက်နေ့၏ ၃နာရီ ၄၂မိနစ်တွင်ဖြစ်​လေသည်။


--------------


စာကြည့်တိုက်ထဲတွင်...


ကိုငကြောင်ကသူ၏ခုံတွင်ထိုင်နေရင်းအထိတ်တလန့်ဖြင့်ချွေးများပြန်နေချေပြီ။ သူရင်တုန်ပန်းတုန်ဖြစ်နေရခြင်းမှာ ဂိမ်းထဲတွင်ရှူံး၍ ဖယ်ထုတ်ခံရခြင်းက ဘာကိုဆိုလိုသည်ကို မသိနိုင်၍ပင်။ ဒါက ဒီတိုင်းဂိမ်းရှုံးရုံလေးပဲလည်းဖြစ်နိုင်သလို ဒီထက်ပိုတာလည်းဖြစ်နိုင်သည်။


ထိုအချိန်တွင် စာအုပ်စင်များကြားထဲမှ ထွက်လာသော ခြေသံများကိုကြားလိုက်ရသည်။


မျက်နှာပြောင်မိန်းကလေးက စာအုပ်ကိုပိုက်လျက် ထန်မော့ဆီသို့ပြေးလာလေသည်။ သူမ၏ဆံပင်နှစ်ဖက်က လေထဲတွင်ယမ်းခါနေပြီး ပျော်ရွှင်နေသည်မှာ အသိသာကြီးပင်။ သူမကထန်မော့အား မီးခြစ်ဆံကြီးကိုကမ်းပေးလာခဲ့သည်။


"အစ်ကိုကြီးက နတ်သားလေးပဲ။ အစ်ကိုကြီးက သမီးစာအုပ်ကိုရှာပေးမှတော့ သမီးကအစ်ကိုကြီးကို ဒီဟာပေးမယ်"


ထန်မော့ကသူ့လက်ထဲမှ မီးခြစ်ဆံကြီးကိုကြည့်ကာ

ရယ်ရအခက် ငိုရအခက်ပင်။ သူကမနေနိုင်စွာမေးလိုက်သည်။


"မင်းက မီးခြစ်ဆံတွေရောင်းတဲ့ က​လေးလား"


မျက်တောင်တခတ်အတွင်းမှာ က​လေးမ​လေး၏ မျက်နှာပြောင်ကြီးမှ တစ်ခုခုကဖယ်ရှားလိုက်သလိုဖြစ်ကာ မျက်နှာတ၀က်ပေါ်လာခဲ့သည်။ ထိုမိန်းကလေး၏ ကြီးမားပြီး ငါးသေတစ်ကောင်လို 

မျက်လုံးမဲမဲ၀ိုင်း၀ိုင်းကြီးကိုကြည့်ကာ ထန်မော့အနည်းငယ်တွန့်သွားမိသည်။


ဒီထူးဆန်းသောပြောင်းလဲမှုကြီးကြောင့် သူအသက်ရှူတောင်ရပ်သွားတော့မတက်ပင်။ ထိုငါးသေလိုမျက်လုံးတွေက ထန်မော့အား အလွန်မကျေမနပ်ဟန်ဖြင့်စိုက်ကြည့်ကာ


"ဦးလေးကြီးက တကယ်ကို အသိဉာဏ်မဖွံ့ဖြိုးသေးဘူးပဲ။ ဒီလောက်ချစ်စရာကောင်းတဲ့ မီးခြစ်ဆံရောင်းတဲ့သူမျိုးမြင်ဖူးလား"


ထန်မော့မှာ ချက်ချင်းပင် အစ်ကိုကြီးကနေ ဦးလေးကြီးအဖြစ်ပြောင်းသွားချေပြီ။ "..."


သူကမကျေနပ်တာနဲ့ပဲ သူ့(ထန်မော့)ကိုစိုက်ကြည့်ဖို့

မျက်နှာပြောင်ကြီးကိုတ၀က်ဖွင့်ပြတယ်ပေါ့


----------------


စာရေးသူမှာ ပြောစရာရှိတယ်။


မျက်နှာပြောင်မိန်းကလေး "ရှင်ပဲမီးခြစ်ဆံရောင်း!

ရှင်တို့တစ်မိသားစုလုံးပဲမီးခြစ်ဆံရောင်း"


ထန်မော့" ငါ့မိသားစုမှာငါတစ်ယောက်ပဲရှိလို့ စိတ်မကောင်းပါဘူး ^_^ "


မိသားစုဝင်ဖြစ်ဖို့ကြံနေသော ဖူ၀မ်သော်"..."



🪩