👥️Chapter 39
ညပိုင်းရောက်သည့်အခါ ယန်အန်းယု ဟိုတယ်သို့ ပြန်ကာ အနားယူရင်း ယန်ကျွယ့်နှင့် video call ပြောနေလိုက်သည်။
“ကော ကျွန်တော် coco ကို သတိရလို့ ...”
သူက မျက်တောင်တဖျတ်ဖျတ်ခတ်ကာ ပြောလိုက်၏။
လတ်တလော၌ သူသည် C မြို့၌ ရိုက်ကူးရေး လုပ်နေရကာ ချီစန်းနှင့် ထန်းကော်သည်လည်း သူနှင့်အတူ လိုက်လာခဲ့ရသည့်အတွက် အိမ်တွင် ထိုခွေးပေါက်လေးကို စောင့်ရှောက်ပေးနိုင်မည့်သူ မကျန်ရစ်ခဲ့ချေ။ ထို့ကြောင့် ယန်အန်းယုသည် သူ၏ ချစ်လှစွာသော ခွေးပေါက်လေးအား ယန်ကျွယ့်ထံသို့သာ မျက်ရည်စက်လက်ဖြင့် ယုံကြည်အပ်နှံခဲ့ရတော့သည်။
“မင်း ...”
ဥက္ကဌယန်မှာ ရင်ဘက်တစ်ခုလုံး နာကျင်သွားရတော့သည်။
“ယန်အန်းယု .. မင်း အခုမှ ငါနဲ့ စကားလေး တစ်ခွန်းနှစ်ခွန်းပဲ ပြောရသေးတာကို အဲဒီ့ ခွေးကို သတိရနေပြန်ပြီပေါ့ ဟုတ်လား ပြီးခဲ့တဲ့ နှစ်ရက်ကပဲ မင်းကို ဓာတ်ပုံတွေ အများကြီး ပို့ထားတာကို ...”
“နှစ်ရက်တောင်လေ တိတိကျကျ ပြောရရင် သုံးရက်နဲ့ နေ့တစ်ပိုင်းတောင် ရှိသွားပြီ အရမ်း အရမ်းကို ကြာနေပြီ ကောရဲ့ သူ့ကို ထပ်ပြီး သတိရနေပြန်ပြီ သိရဲ့လား ကော လုပ်ပါ မြန်မြန်လေး ခေါ်လာပေးပါ ကျွန်တော် သူ့ကို တွေ့ချင်လို့ ...”
“အဲဒါက မင်းရဲ့ခွေးဆိုတာ သေချာရဲ့လား မင်းရဲ့ သားတော့ မဟုတ်ပါဘူးနော် ...”
ယန်ကျွယ့်က မျက်လုံးများကိုသာ လှိမ့်ပြလိုက်သည်။ သို့သော် သူက ယန်အန်းယုကို ဆက်ပြီး စကားနာ မထိုးတော့ဘဲ ကင်မရာအရှေ့မှ ထသွားကာ အချိန် တစ်ခဏမျှ အကြာတွင် coco ကို ပွေ့ချီလျက် ပြန်ရောက်လာခဲ့သည်။
“အယ် ...”
ယန်အန်းယုက ကြောင်အသွားကာ coco ကို ခြုံပေးထားသည့် စောင်ကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီဟာက ...”
ယန်ကျွယ့်က ဟွန့်ခနဲ နှာမှုတ်လိုက်၏။ စိတ်ထဲတွင်မူ တိတ်တိတ်လေး ကျေနပ်သွားရပေသည်။
“ဟုတ်တယ် ယီချန်းယန်ရဲ့ ပုံပါတဲ့ စောင် ...”
“ဘယ် .. ဘယ်လိုလုပ် ...”
“မင်း ... ဒီ fanboy လေးကတော့ ...”
ယန်ကျွယ့်က ပျက်ယွင်းနေသည့် မျက်နှာထားဖြင့် ပြောလိုက်သည်။
“လက်စသတ်တော့ မင်းက ငါ မသိအောင် အိမ်မှာ ယီချန်းယန်ရဲ့ merch တွေ အများကြီး ဖွက်ထားတာပေါ့လေ ပိုစတာတွေ မဂ္ဂဇင်းတွေ ရေခွက်တွေ ပဝါတွေတင် မကဘူး ဒီစောင်တောင် ပါလိုက်သေးတယ် ငါ အကုန် ရှာတွေ့သွားပြီကွ ...”
“...”
ယန်အန်းယုမှာ ပါးစပ်အဟောင်းသား ဖြစ်သွားကာ စိတ်ထဲတွင်လည်း နေရခက်သွား၏။
“တကယ်တမ်းတော့ .. ဒီခွေးကလည်း ယီချန်းယန်ကို ကြိုက်တဲ့ပုံပဲ သူက မင်းဗီရိုကို ဖွင့် ဒီစောင်ကို ဆွဲထုတ်လာပြီး ဆက်တိုက် လျှာနဲ့ လျက်နေတာလေ ...”
ယန်အန်းယု “...”
မတော်တဆ ဖော်ထုတ်လိုက်တဲ့သူက coco ဖြစ်နေမယ်လို့ တကယ်ကို ထင်မထားမိဘူး ...
“ငါ ဒါတွေအကုန်လုံးကို သိမ်းသွားမယ် ..."
မျက်နှာချိုသွေး၍ မရနိုင်သည့် ဘက်မလိုက်တတ်သူ ယန်ကျွယ့်က ခြိမ်းခြောက်လိုက်သည်။ ထိုစကား ပြောနေသည့် သူ့ပုံစံမှာ အိုင်ဒေါနောက် လိုက်သည့် သားသမီး၏ လုပ်ရပ်များကို အကြီးအကျယ် ကန့်ကွက်သော စည်းကမ်းတင်းကြပ်သည့် မိဘတစ်ဦးအလားပင်။
“ကော .. မလုပ်ပါနဲ့ ကျေးဇူးပြုပြီးတော့ ...”
ယန်အန်းယုက အသနားခံလိုက်သည်။
ယန်ကျွယ့်က သူ့ကို လျစ်လျူရှုထားပြီး coco ၏ ခေါင်းကိုသာ ပုတ်ပေးနေလိုက်သည်။
ဒီကောင်လေးကို ယီချန်းယန်နဲ့ ယန်အန်းယု နှစ်ယောက်ပေါင်းပြီး မွေးထားကြတာ ဆိုပေမယ့် တော်တော်လေးကို နာခံတတ်ပြီး ငြိမ်ငြိမ်သက်သက် နေတတ်သားပဲ ..
ယန်ကျွယ့်က coco ကမှ အမြင်ကြည်စရာ ကောင်းသေးသည်ဟု ခံစားမိနေခဲ့သည်။
သို့သော် ယန်အန်းယုမှာမူ ပျာယာခတ်နေတော့၏။
“ဒါဆို ဒီလိုဆိုရင်ရော ကော .. ကျွန်တော် ကောကို နွော်ရှီရဲ့ photocard တစ်ခု ပို့ပေးမယ်လေ သူကိုယ်တိုင် လက်မှတ်ထိုးပေးထားတဲ့ limited edition နော် မူရင်း မဟုတ်တဲ့ မိတ္တူကိုတောင် အသည်းအသန် လိုက်လုနေကြတဲ့ ပရိသတ်တွေ အများကြီးပဲ ..."
ယန်ကျွယ့်၏ အကြည့်တို့ အနည်းငယ် အရောင်ပြောင်းလဲသွားသော်လည်း သူက ခေါင်းကို ယမ်းပြလိုက်ဆဲပင်။
“တစ်ခုတည်းနဲ့ မရဘူး ...”
ယန်အန်းယု “...”
ဤသို့ဖြင့် နေ့ရက်တစ်ရက် ကုန်လွန်သွားပြန်တော့သည်။
*****
နေ့လည်ပိုင်းအချိန် .. ယန်အန်းယု၏ နားနေခန်းထဲ၌ ...
ချီစန်းနှင့် ထန်းကော်အပြင် စုချင်ကျားနှင့် သူမ၏ မန်နေဂျာ ကျိုးကျဲလည်း ရှိနေသည့်အတွက် အခန်းထဲရှိ လေထုအခြေအနေမှာ လွန်စွာ သက်ဝင်လှုပ်ရှားနေပေသည်။
အားလပ်ချိန် ယူပြီးသည့်နောက် စုချင်ကျားသည် ယန်အန်းယုနှင့်အတူ ဇာတ်ညွှန်းလေ့ကျင့်ရန် သူ့နေရာသို့ ရောက်နေခြင်းပင်။ အချိန်ကို အလဟဿ မဖြုန်းတီးတတ်သည့် သူမ၏ အကျင့်စရိုက်ကြောင့် များမကြာမီတွင် ယန်အန်းယုနှင့် အဖွဲ့ကျသွားကာ နှစ်ယောက်အတူတူ ဂိမ်းဆော့သည်အထိ ရင်းနှီးသွားကြသည်။
“အိုက်ယား ဒီအဆင့်ကိုပဲ နောက်တစ်ခါ ရှုံးသွားပြန်ပြီ ရှောင်ယု ငါ့ကို ကူဦး ...”
စုချင်ကျားက စူးရှနက်မှောင်သည့် မျက်ခုံးတန်းတို့ကို တွန့်ကျုံ့ကာ ဖုန်းကို ယန်အန်းယု၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
“တစ်ချက် ကြည့်ကြည့်မယ်လေ ...”
ယန်အန်းယုက တောက်ပနေသည့် အကြည့်များနှင့်အတူ ထိုအဆင့်ကို လက်ချောင်းများအား အကြိမ်အနည်းငယ်ခန့် လှုပ်ယမ်းရင်း အပြီးသတ်အနိုင်ယူလိုက်သည်။
“ဘုရားရေ ရှောင်ယု မင်းက တကယ်ကို ဆရာကြီးပဲ .. အခုကစပြီး မင်းက ငါ့အိုင်ဒေါပဲ ...”
စုချင်ကျားက လေးစားအားကျမှု အပြည့်ဖြင့် ပြောလိုက်သည်။
ယန်အန်းယု၏ မျက်ခုံးတို့ မသိမသာ ပင့်တက်သွား၏။
အလုပ်အတူတွဲလုပ်ရတဲ့ စီနီယာအစ်မကြီးနဲ့ တအား ရင်းနှီးလွန်းနေတာက သိပ်ပြီး ကောင်းတဲ့ကိစ္စ မဟုတ်သလိုပဲနော် ...
မန်နေဂျာ ကျိုးကျဲက နဖူးကို လက်ဖြင့် ဖိနှိပ်ထားရင်း ဝင်ပြောလိုက်သည်။
“မစ္စတာယန် ဒီအရူးမက တအားကို အပူအပင်ကင်းတော့ တစ်ခါတစ်လေမှာ တော်တော်လေးကို ပြဿနာရှာတတ်တယ်လို့လည်း ပြောလို့ရပါတယ် ပေါက်ကရတွေလည်း ပြောတတ်တော့ .. သူမရဲ့ စကားတွေကို သေချာ လိုက်နားထောင်မနေဘဲ ဒီတိုင်းသာ လျစ်လျူရှုထားလိုက်ပါ ...”
“ဟွန့် .. ကျိုးကျဲ .. ကျဲက တအားကို ရက်စက်တာပဲ ...”
စုချင်ကျားက ဝမ်းနည်းလေဟန်ဖြင့် စောဒကတက်လိုက်သည်။
“တော်တော့ ...”
၎င်းကို မြင်လိုက်သည့် ထန်းကော်က ဘေးနားရှိ ချီစန်းဘက်သို့ လှည့်ကာ ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
“ချီကော ကျွန်တော့်အထင်တော့လေ ကျိုးကျဲက ကောနဲ့ တော်တော်လေးကို တူတယ်နော် ...”
ချီစန်းက သူ့ကို စိတ်မပါလက်မပါဖြင့် ပြန်တုန့်ပြန်လိုက်သည်။
“အင်း ...”
ထန်းကော် “...”
ဟေး .. စကားလေးတောင် ကောင်းကောင်း ပြောလို့ မရဘူးလားဟ ...
“ရှောင်ယု မင်းမှာ စီနီယာယီနဲ့ တွဲရိုက်စရာ အရေးကြီးဇာတ်ဝင်ခန်းတွေ ကျန်သေးတယ် မဟုတ်လား .. သေချာပေါက်ကို ဆက်တိုက် ကြိုးစားနေရဦးမှာပဲ ...”
စုချင်ကျားက အားရပါးရပြုံးကာ အားပေးလိုက်သည်။
ဘုရားရေ အမြဲအေးစက်နေတဲ့မျက်နှာထားနဲ့ အောက်ပုဂ္ဂိုလ်ရယ် မျက်နှာနှစ်ဖက်နဲ့ နှာဘူးကောင် အထက်ပုဂ္ဂိုလ်ရယ်ကို ရှေးခေတ်နောက်ခံ အရမ်းအရမ်းကို စိတ်ထိခိုက်ဝမ်းနည်းစရာ ဇာတ်ကြောင်းနဲ့ တွဲပေးထားတော့ ... တကယ်ကို ရင်ထဲ ထိရှသွားရပြီ ...
“အင်း ...”
ယန်အန်းယုက ခေါင်းငြိမ့်ပြလိုက်သည်။ စိတ်ထဲတွင်မူ သူမ၏ အကြည့်များမှာ အခြား ရိုက်ကွင်းတစ်ခု၌ သူနှင့် ယီချန်းယန် အတူတူ ရိုက်ကူးရစဉ်က ကုရှင်း၏ အကြည့်များနှင့် များစွာ ဆင်တူလှသည်ဟု မသိမသာ ခံစားမိနေခဲ့၏။ သူမ၏ မျက်ဝန်းထဲတွင် အနည်းငယ် ထူးဆန်းလှသည့် အရိပ်အငွေ့များကို မြင်နေရပေသည်။
ဒေါက် ... ဒေါက် ...
ထိုစဉ် တံခါးခေါက်သံ ကြားလိုက်ရသည့်အတွက် ချီစန်းက တံခါးကို သွားဖွင့်ပေးလိုက်သည်။ တံခါးကို ဖွင့်လိုက်သည့်အခါ အခန်းဝတွင် ပြုံးကာ ရပ်နေသော လီယဲ့ကို တွေ့လိုက်ရ၏။ ထို့နောက် တစ်စက္ကန့်ခန့် အကြာတွင် အားလုံး ကြိုတွေးထားသည့်အတိုင်း ယီချန်းယန်လည်း ရောက်ရှိလာခဲ့လေသည်။
စုချင်ကျားက ချက်ခြင်း မတ်တပ်ထရပ်ကာ ကျိုးကျဲနှင့်အတူ ရေးကြီးသုတ်ပျာဖြင့် ပြန်သွားသည်။ တစ်ချိန်တည်းမှာပင် ထန်းကော်ကလည်း ချီစန်းကို ဆွဲခေါ်၍ ပါးနပ်စွာဖြင့် အပြင်ထွက်သွားကြ၏။
“အေးအေးဆေးဆေး စကားပြောကြပါ ...”
လီယဲ့ကလည်း အလျင်အမြန် ပြန်ထွက်သွားလေသည်။ သူ့ပုံစံမှာ ထိုသူနှစ်ဦးအကြားတွင် တတိယဘီး လုံးဝ မဖြစ်လိုသည့်ဟန်ပင်။
မျက်စိတစ်မှိတ်အတွင်းမှာပင် အခန်းတစ်ခုလုံး ဗလာကျင်းသွားတော့သည်။
ယန်အန်းယုမှာလည်း ထိုဖြစ်ရပ်ကြောင့် ကြောင်အသွားရ၏။ သူက ယီချန်းယန်ကို မော့ကြည့်လိုက်ကာ နှုတ်ခမ်းတို့ ပွင့်ဟသွားသော်ငြား မည်ကဲ့သို့ စကားစရမည်မှန်း မသိ၍ အခက်တွေ့နေမိသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ရိုက်ကူးရေးကိုသာ ခပ်သွက်သွက် ဆောင်ရွက်နေရသည့်အတွက် သူတို့နှစ်ဦးအကြားတွင် စကားပြောရန် အချိန်မရှိခဲ့ချေ။ ယန်အန်းယုသည်လည်း ယီချန်းယန်ကို နေ့တိုင်း တွေ့ရသည့်အတွက် ပျော်ရွှင်မိသည့်စိတ်နှင့် သူနှင့်အတူ သရုပ်ဆောင်ရသည့်အခါ နာကျင်သည့် ခံစားချက်အကြား လွန်ဆွဲနေခဲ့ရသည်။
“ကိုယ့်ကို ဒီရက်ပိုင်းထဲမှာ ခဏခဏကို ဆူပူကြိမ်းမောင်းနေတာနော် ဘယ်လိုမျိုး ပြန်ပြီး လျော်ကြေးပေးမယ်လို့ စဉ်းစားထားလဲ ...”
ယီချန်းယန်၏ စကားများသည် ယန်အန်းယုကို အမြဲ အံ့အားသင့်စေပေသည်။ သူက ခေါင်းကို ဆတ်ခနဲ ငုံ့ချကာ ခပ်တိုးတိုး ပြောလိုက်သည်။
“ကျွန်တော် နောက်တစ်ခါ ညစာ ထပ်ကျွေး ...”
ထိုစဉ် ယီချန်းယန်က သူ့အနားသို့ ရုတ်တရက် တိုးလာကာ သူ့နှုတ်ခမ်းကိုပင် လက်ညှိုးဖြင့် ဖိထားလိုက်သေးသည်။
ယန်အန်းယုက အကြောင်သားဖြင့် ခြေတစ်လှမ်း နောက်ဆုတ်မိလိုက်၏။ သူ့စိတ်များမှာလည်း များစွာ ထွေပြားနေတော့သည်။
ယီချန်းယန်ကို သဘောကျမိနေပြီဟု သူ့ကိုယ်သူ ဆန်းစစ်မိကတည်းက ယန်အန်းယုသည် အမြဲ စိတ်ရှုပ်နေခဲ့ရသည်။ ဤသည်မှာ သူ့အဖို့ ယောကျာ်းတစ်ဦးကို သဘောကျမိသည့် ပထမဆုံးအကြိမ်လည်း ဖြစ်ပေသည်။
သူတို့နှစ်ဦးသည် အလွန်နေရခက်လှသည့် “အိမ်ထောင်ဖက်” ဟူသော ခေါင်းစဉ်အတွင်းတွင် ရှိနေကာ ယီချန်းယန်၏ သူ့အပေါ် သဘောထားမှာလည်း များစွာ ဝေဝါးလှသည်။ တစ်ခါတစ်ရံတွင် ထိုအမျိုးသား၏ အဓိပ္ပါယ် မသဲကွဲသည့် အပြောအဆို၊ အပြုအမူများက ယန်အန်းယု၏ ခံစားချက်ကို လွှမ်းမိုးကာ ရိုလာကိုစတာ စီးရသည့်အလား ရင်တလှပ်လှပ် ဖြစ်စေခဲ့သည်။
ယန်အန်းယုသည် ယခင်က မည်သူ့ကိုမှ သဘောမကျခဲ့ဖူးသည့်အတွက် ဤကဲ့သို့သော အခြေအနေမျိုးနှင့် မရင်းနှီးလှချေ။
သူ၏ ပျာယာခတ်နေသော အကြည့်တို့ကို သတိပြုမိသွားသည့် ယီချန်းယန်က သူ့ကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“ဘဲသားဟင်း ထပ်ပြီး ဝယ်ကျွေးဖို့တော့ မလိုတော့ပါဘူး ...”
ယန်အန်းယုက ခပ်တိုးတိုး ပြန်ပြောလိုက်သည်။
“အင်း ...”
အစပိုင်းတွင် သူသည် ယီချန်းယန်၏ မိတ်ဆွေဖြစ်ခွင့်ရလျှင်ပင် ကျေနပ်ပါပြီဟု တွေးခဲ့မိသော်ငြား ယခုမူ အတွေးပြောင်းသွားကာ တစ်ဖက်လူနှင့် ဘဝအဆုံးအထိ အတူတူ ရှိလိုလာသည်။
မူလကိုယ်၏ သရုပ်မှန်အပေါ် မှီခိုခြင်း မဟုတ်ဘဲ ... မူလကိုယ်၏ အရာမှန်သမျှနှင့် ပတ်သက်ဆက်နွယ်ခြင်း မရှိဘဲ လက်ရှိ ယန်အန်းယုအနေဖြင့်သာ ထိုသူ့နံဘေးတွင် ထာဝရ အဖော်ပြုပေးလိုပေသည်။
လက်တို့ကို တင်းတင်းဆုပ်ကာ ယန်အန်းယုသည် သတ္တိကို ဖျစ်ညှစ်ထုတ်လျက် မေးလိုက်သည်။
“ယီချန်းယန် ခင်ဗျား ...”
ထိုအခိုက်အတန့်လေး၌ ယီချန်းယန်၏ ဖုန်းမှ မြည်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
သူနှင့်အတူ ယန်အန်းယုကလည်း ဖုန်းမျက်နှာပြင်ကို ဖျတ်ခနဲ ခိုးကြည့်လိုက်၏။ “ကျန်းကျီချမ်” ဟူသော အမည်ကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူ့စိတ်ထဲတွင် မြောက်များစွာသော ကိစ္စရပ်များကို ပြန်လည်ကာ မှတ်မိသွားပြီး မျက်ဝန်းအရောင်များလည်း ချက်ခြင်း မှေးမှိန်သွားတော့သည်။
ဟုတ်သားပဲ ကျန်းကျီချမ်ကလည်း ယီချန်းယန်ကို အများကြီး သဘောကျနေတာပဲဟာ ဒီနှစ်အတွင်းမှာ အဲဒီ့တစ်ယောက်က အစွမ်းကုန် ကြိုးစားပြီးကို ပိုးပန်းနေခဲ့တာလေ သူနဲ့ ယီချန်းယန်က ပွဲဦးထွက်တာလည်း အတူတူ ပြီးတော့ ဒီလောကထဲမှာ သူငယ်ချင်း ဖြစ်လာကြတာလည်း နှစ်တွေ အကြာကြီး ရှိနေပြီ ပြောရရင် ငါနဲ့စာရင် ကျန်းကျီချမ်ကမှ ယီချန်းယန်ကို ပိုပြီး နားလည်ပေးနိုင်တော့ .. သူတို့နှစ်ယောက်က ပိုပြီး လိုက်ဖက်မယ် ထင်တယ် ...
ယီချန်းယန်ရဲ့ လက်တွဲဖော်က ကျန်းကျီချမ် မဟုတ်ဘဲ ဒီလောကထဲက မဟုတ်တဲ့ အပြင်လူတစ်ယောက်ယောက်ဆိုလည်း အဆင်ပြေတာပဲလေ ပြောရရင် အပြင်လူဆိုတော့ ငါ့လိုမျိုး အထိအခိုက် မခံတဲ့ အလုပ်အကိုင်မျိုးလည်း ရှိမှာ မဟုတ်ဘူး ဒါဆို ယီချန်းယန်အတွက်လည်း ဘာမှ ဆိုးဆိုးရွားရွား သက်ရောက်မှုတွေ ရှိလာမှာ မဟုတ်တော့ဘူးလေ ...
နောက်တစ်ကြိမ် စဉ်းစားကြည့်ပြီးနောက် ယန်အန်းယုသည် ဆုံးဖြတ်ချက် အသစ်တစ်ခုကို ချလိုက်တော့သည်။
“သောင်ရှင်း” ရိုက်ကူးရေး ပြီးသွားရင် ယီချန်းယန်နဲ့ ကွာရှင်းဖို့ ယန်ကျွယ့်ကို တိုင်ပင်လိုက်တော့မယ် .. မူလကိုယ်က ဒီလို ကို့ရို့ကားယား လက်ထပ်မှုကြီးနဲ့ ယီချန်းယန်ကို ချည်နှောင်ထားချင်ခဲ့ပေမယ့် ငါကတော့ မလုပ်ချင်ဘူး ...
သူ့ရှေ့မှာပင် ယီချန်းယန်က ကျန်းကျီချမ်၏ ဖုန်းကို ချလိုက်သည်။
“မကိုင်ဘူးလား ...”
သူ့စိတ်ထဲ ဇဝေဇဝါ ဖြစ်သွား၏။
“ပြီးမှ ပြန်ခေါ်လိုက်တော့မယ် စောစောက မင်း ဘာမေးမလို့လဲ ...”
ယီချန်းယန်က သူ့ကို မျက်လုံးချင်းဆုံကာ မေးလိုက်သည်။
“ဘာ .. ဘာမှ မဟုတ်ပါဘူး ...”
ယန်အန်းယုက နေရခက်စွာဖြင့် ပြုံးပြလိုက်၏။
“လျော်ကြေးအကြောင်း မေးချင်လို့ပါ ... ကျွန်တော့်ကို အားမနာနဲ့နော် ကျွန်တော် တတ်နိုင်တာဆိုရင် အကောင်းဆုံးဖြစ်အောင် လုပ်ပေးပါ့မယ် ...”
“ဒါဆို သဘောတူစာချုပ် လုပ်ထားလိုက်ရအောင် ...”
ယီချန်းယန်ကလည်း တစ်ခုခုကို စိတ်ပျက်သွားဟန်ဖြင့် ခပ်ပေါ့ပေါ့ ပြောလိုက်သည်။
“မင်းက ကောင်းကောင်း သရုပ်ဆောင်နိုင်ခဲ့ပါတယ် ကျန်တာတွေကို လိုက်ပြီး အတွေးလွန်မနေနဲ့ ...”
ယန်အန်းယု “အင်း ...”
နောက်တစ်နေ့တွင် ရိုက်ကူးရေးအဖွဲ့သည် “အကျဉ်းထောင်ထဲမှ ဇာတ်ဝင်ခန်း” ကို ရိုက်ကူးရန် ပြင်ဆင်လိုက်ကြသည်။
တော်ဝင်အကျဉ်းထောင်မှာ အေးစက်ကာ မှောင်မည်းလှ၏။ ထောင်သားများသည် မြေပြင်တွင် ဖြန့်ခင်းထားသည့် ကောက်ရိုးပေါ်၌ အုပ်စုလိုက် ပြုံတိုးကာ ထိုင်နေကြကာ ဆိုးရွားလှသည့် ညှီစို့စို့ ပုပ်သိုးသိုး အနံ့ကလည်း သူတို့၏ အနံ့ခံအာရုံကို အချိန်ပြည့် တိုက်ခိုက်နေခဲ့သည်။ သေဒဏ်ကျ အကျဉ်းသားများ၏ ငိုကြွေးမြည်တမ်းသံများနှင့်အတူ ကြွက်များ၏ တကျွီကျွီ မြည်သံများကိုလည်း ပတ်ဝန်းကျင်ကို လွှမ်းခြုံထားသည်။
ယန်အန်းယု တစ်ဖြစ်လဲ လောရွှင်ရှင်းကို ထောင့်ဆုံးအခန်းထဲတွင် ချုပ်နှောင်ထား၏။ အတွင်းဘက်ဆုံး စစ်ဆေးရေးအခန်းထဲ၌ အကွက်ချ ချောက်တွန်းခြင်းကို ခံလိုက်ရသည့် လောရွှင်ရှင်းသည် သွေးစတို့ဖြင့် ပေကျံနေသည့် အဖြူရောင် အတွင်းဝတ်စုံတစ်ခုတည်းကိုသာ ဝတ်ဆင်ထားခဲ့ရသည်။
လောရွှင်ရှင်းက ခေါင်းကို ငိုက်စိုက်ချထား၏။ ရက်ပေါင်းများစွာ နှိပ်စက်ညှင်းပန်းခံထားရပြီးနောက် သူသည် တစ်ကိုယ်လုံး ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်ကာ မောပန်းနွမ်းနယ်လာပြီး မည်သို့သော နှိပ်စက်မှုမျိုးကိုမှ ထပ်မံကာ ခံနိုင်စွမ်း မရှိတော့ချေ။
များမကြာမီ .. သူ့အနားသို့ ချဉ်းကပ်လာသည့် ခြေသံများကို ပြတ်ပြတ်သားသား ကြားလိုက်ရကာ မုယွင်ရွှင်းကို မြင်လိုက်ရ၏။ ထိုသူသည် ဘရိုကိတ်ဝတ်ရုံကို ဝတ်ဆင်ထားဆဲ ဖြစ်ကာ ယခင်အတိုင်း လှပနေဆဲ ဖြစ်သော်ငြား သူ့ခန္ဓာကိုယ်တစ်ခုလုံးမှာမူ အေးစက်ခက်ထန်လှသည့် အငွေ့အသက်တို့ဖြင့် ပြည့်နှက်နေပေသည်။
“ဖြန်း ...”
သူက ကြာပွတ်ကို အားမာန်အပြည့်ဖြင့် လွှဲယမ်းလိုက်သည်။ ဤရိုက်ချက်တစ်ချက်ကပင်လျှင် သတိလစ်နေသည့် လောရွှင်ရှင်းကို နိုးထလာစေနိုင်သည်အထိ အားပြင်းလှပေသည်။
လောရွှင်ရှင်းက သူ့ကို မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်လိုက်၏။
မုယွင်ရွှင်းက ကောက်ကျစ်စွာဖြင့် ပြုံးရင်း သူ့အဝတ်များအားလုံးကို ဆုတ်ဖြဲလိုက်သည်။ အေးစက်လှသည့် လက်ချောင်းထိပ်များက ယန်အန်းယု၏ ရင်ဘက်မှတစ်ဆင့် ဖြူလွလွ လည်တိုင် ထို့နောက် မေးရိုးအထိ စုန်တက်လာကာ သူ့မျက်နှာကို တင်းကြပ်စွာ ဖျစ်ညှစ်ထားလိုက်သည်။
“ဒီလောက် အကြာကြီး နှိပ်စက်ခံထားရတာတောင် မင်းရဲ့ အကြည့်တွေက ဒီအတိုင်း ဖြစ်နေလိမ့်ဦးမယ်လို့ တကယ်ကို ထင်မထားမိဘူး ...”
မုယွင်ရွှင်းက အံကို တင်းတင်းကြိတ်လျက် အေးစက်စွာဖြင့် ပြောလိုက်သည်။
“ဒါက ငါ့ကို တော်တော်လေး စိတ်မသက်မသာ ဖြစ်စေတယ် ...”
👥️