♎️Chapter 100
ယွမ်ယဲ့-1
စာရေးဆရာတွင်ပြောစရာရှိပါသည်။
၁။ သာမန်ကမ္ဘာရှုထောင့်မှကြည့်ခြင်း။ ABO မဟုတ်သောနောက်ခံကမ္ဘာ၊ ဖုယွမ်ကျိုး ပြန်လည်မွေးဖွားလာခြင်းမရှိသေး။
၂။ ယွိဖေးက မိန်းကလေးဖြစ်ပြီး ဖုယွမ်ကျိုးနှင့်မဒိတ်ရသေးပါ။
၃။ ယွမ်ယဲ့က လက်ဒဏ်ရာရခြင်းမရှိသေးဘဲ ပရိုဖက်ရှင်နယ်ကစားသမားအဖြစ် ဆက်ရှိနေသေးသည်။
၄။ ဖုယွမ်ကျိုးသည် ရှန်းရှီကောနှင့်မတွေ့ရသေးဘဲ တရုတ်ပြည်ရှိတက္ကသိုလ်တွင် ပညာသင်နေသည်။
"မင်းဘာပြောလိုက်တာလဲ..."
ဖုယွမ်ကျိုးမှာ နားကြားလွဲသွားသည်ဟု ထင်လိုက်မိပြီး ယွမ်ယဲ့ကိုပြန်မေးလိုက်လေ၏။
"ထပ်ပြောစမ်းပါဦး..."
"ငါအတည်ပြောနေတာ.."
ယွမ်ယဲ့မျက်နှာက အလေးအနက်ဖြစ်နေပြီး ယခုလေးတင်ပြောလိုက်သည့်စကားကို ထပ်ပြောလာခဲ့သည်။
"ငါ့ကောင်လေးအဖြစ်ဟန်ဆောင်ပေးပါ..."
ထို မတော်တဆမှုက ညစာစားပွဲတွင်ဖြစ်ပျက်ခဲ့သည်။
ယွမ်ယဲ့အမေက ကျောင်းသားဟောင်းများတွေ့ဆုံပွဲကိုရောက်လာခဲ့ပြီး ယွမ်ယဲ့ကိုပါအတူခေါ်လာခဲ့သည်။ ပါတီတွင် သူမမိတ်ဆွေဟောင်း၏သမီးဖြစ်သူနှင့် ဆုံခဲ့ရသည်။
သူမသည်ကား အင်မတန်လှပပြီး ယွမ်ယဲ့နှင့်အရွယ်တူပင်။ သူမကမိန်းမလှလေးဖြစ်သောကြောင့် မိန်းကလေးကိုချီးကျုးနေပြီး ယွမ်ယဲ့ကိုလည်း သူမနှင့်ပိုရင်းနှီးအောင်ကြိုးစားရန် သတိပေးခဲ့သေးသည်။
"သူကငါ့ကို အဲဒီကောင်မလေးနဲ့ ညစာအတူစားခိုင်းနေတယ်..."
ယွမ်ယဲ့သည်ကား အားကိုးရာမဲ့နေသလိုပင်။
"ဘလိုင်းဒိတ်လို့သာ ဒဲ့ပြောလိုက်ပါတော့လား...ငါကတော့မသွားချင်ဘူး..မသွားရင်လည်း ငါ့အမေကစိတ်ချမ်းသာမှာမဟုတ်ဘူး..သူကငါ့ကိုပြောသေးတယ်...အိမ်ကိုခွေးတစ်ကောင်တောင်ခေါ်မလာဖူးဘူးတဲ့...ဒီတော့ ငါအဆင်သင့်ဖြစ်တဲ့အချိန် လူကောင်းတစ်ယောက်နဲ့တွေ့ရင် ခေါ်သွားပေးရတော့မှာ...ငါ့အသက်ကအခုမှ နှစ်ဆယ်ပဲရှိသေးတာကို ဘာတွေဆန္ဒစောနေလဲမသိပါဘူးကွာ..ပြောလို့လည်းမရဘူး..အဲဒီတော့ မင်းငါနဲ့လိုက်ခဲ့ပေး..."
"ခဏလေး...အဲဒါနဲ့ မင်းငါ့ကို ရည်းစားလိုဟန်ဆောင်ခိုင်းတာနဲ့ဘာဆိုင်လို့လဲ..."
ဖုယွမ်ကျိုးမှာ ခဏတဖြုတ်ခန့် နားမလည်နိုင်တော့သလိုဖြစ်နေပြီး ယွမ်ယဲ့စကားကို ဖြတ်ပြောလိုက်သည်။
"ကောင်မလေးက ငါ့ကိုသဘောကျသွားမှာကြောက်တယ်...ပြီးတော့ မင်းလည်း ငါ့အကြောင်းသိပါတယ်.."
ယွမ်ယဲ့ကပြုံးပြလာလေသည်။
"အောင်မြင်ကျော်ကြားတဲ့ e-sport ကစားသမားတစ်ယောက်က လစဥ်ဝင်ငွေအပြင် ကြောငြာကမ်းလှမ်းတာတွေနဲ့ဆိုရင် တစ်နှစ်ကိုဝင်ငွေဆယ်သန်းရှိတယ်...ငါ့မှာပိုက်ဆံတယ်...မိသားစုကလည်းချမ်းသာတယ်...ငါ့မှာဆိုးသွမ်းတဲ့အချက်တွေလည်းမရှိဘူး..ရုပ်လေးလည်းချောတယ်..."
ထိုသူသည် ဖုယွမ်ကျိုးလက်ကိုလှမ်းကိုင်ကာ သူ့မျက်နှာကိုထိစေပြီး ပြုံးဖြီးဖြီးဖြင့်မေးလာခဲ့သည်။
"ငါ့ရုပ်ကချောတယ်မလား..."
ဖုယွမ်ကျိုး: "မင်းသောက်ရေးမပါတာတွေထပ်ပြောမယ်ဆိုရင် ငါသွားတော့မယ်..."
"....ပြီးတော့ရှိသေးတယ်..."
ယွမ်ယဲ့က အလျင်အမြန်ထပ်ဖြည့်ပြောလာလေ၏။
"သူငါ့ကိုစိတ်မဝင်စားတော့အောင် နည်းလမ်းရှာမှဖြစ်မယ်...အလွယ်ကူဆုံးနဲ့အထိရောက်ဆုံးနည်းလမ်းကတော့ ငါ့မှာရည်းစားရှိပါတယ်ဆိုပြီး မောင်းထုတ်လိုက်တာပဲ..."
"ဒါဆိုလည်း စိတ်မဝင်စားတော့အောင် မိန်းကလေးသူငယ်ချင်းတစ်ယောက်ရှာပြီး ဟန်ဆောင်လိုက်ကြကွာ..ရပြီမဟုတ်ဘူးလား..."
ယွမ်ယဲ့က ခေါင်းခါလာပြန်၏။
"ငါ့မှာသာ ကောင်မလေးတစ်ယောက်ရှိရင် ငါ့အိမ်ကိုပြောပြီး စင်ဂယ်ယောင်ဆောင်နေတော့မလား...အဓိပ္ပါယ်မှမရှိတော့တာ...ငါ့ပုံစံနဲ့လည်းမကိုက်သလိုထင်ရတယ်လေ..ဒါပေမဲ့ ယောကျ်ားလေးဆိုရင် ရှင်းပြလို့ရတယ်...အိမ်ကိုပြောပြီး အငြင်းပွားနေစရာမလိုတော့ဘူး..."
"....."
"မင်းက ငါ့အချစ်ဆုံးသူငယ်ချင်းလေ...အဲဒါကြောင့် မင်းဆီကိုချက်ချင်းလာပြီး အကူအညီတောင်းတာ...မင်းလည်းစင်ဂယ်ပဲမလား..."
ယွမ်ယဲ့က ဖုယွမ်ကျိုးလက်ကိုလှုပ်ခါလိုက်သည်။
"လုပ်ပါ...ကော...ငါမင်းကို ကော လို့ခေါ်မယ်လေ...ငါ့ကိုဒီတစ်ခေါက်ပဲကူညီပါကွာ...နော်"
"....."
ဖုယွမ်ကျိုးက စိတ်မရှည်စွာဖြင့်သက်ပြင်းချလေသည်။
"မင်းငါ့ကိုဒီလိုမျိုး သစ္စာဖောက်တော့မယ်ပေါ့"
"မင်းနောက်ပိုင်းဘာလုပ်ချင်လဲ...ငါ့ကိုပြော...ငါအကုန်ဖြည့်ဆည်းပေးမယ်..."
ယွမ်ယဲ့ကား သူ့ကိုဖက်တွယ်ထားပြီး အသာအယာလှုပ်ယမ်းကာ နားရွက်နားကိုကပ်၍တီးတိုးပြောလိုက်လေ၏။
"မင်းငါ့ကိုဒီတစ်ခါပဲကူညီပါ..."
သူ၏ချစ်လှစွာသောသူငယ်ချင်းကောင်းက အကူအညီတောင်းလာသည်ဖြစ်ရာ ဖုယွမ်ကျိုးမှာမနေသာတော့ပေ။သို့သော်လည်း မေးခွန်းတစ်ခုနှင့်ပတ်သတ်၍ စိုးရိမ်နေမိဆဲဖြစ်သည်။
"ငါဂရုမစိုက်ဘူး..သူလည်းငါ့ကိုသိမှာမဟုတ်ဘူး...ဒါပေမဲ့ မင်းကဂေးဆိုပြီး ဟန်ဆောင်လိုက်လို့ သူကအိမ်ကိုသွားပြန်ပြောနေရင် ဘယ်လိုလုပ်မလဲ..."
"အဆင်ပြေပါတယ်...ငါသူ့ကိုကျောင်းသားဟောင်းတွေ့ဆုံပွဲမှာ တွေ့ခဲ့တုန်းက သဘောကောင်းပါတယ်..အနည်းဆုံးတော့ သူလည်းငါ့လို ပြဿနာရှာတဲ့ကောင်မျိုးကို ကြိုက်မှာမဟုတ်ပါဘူး..."
ယွမ်ယဲ့မျက်လုံးတို့မှာ အရောင်တဖိတ်ဖိတ်လက်နေ၏။
"မင်းလည်းအဲဒီလိုပဲထင်တယ်မလား..."
"အေး..."
ဖုယွမ်ကျိုးမှာ ဝမ်းနည်းပက်လက်။
"ငါသေသာသေလိုက်ချင်တော့တယ်..."
"မင်းငါ့ကိုချစ်တယ်ဆိုတာ ငါသိသားပဲ..."
ယွမ်ယဲ့ကား အပျော်ကြီးပျော်နေလေပြီ။
တွေ့ကြသည့်နေ့တွင် ယွမ်ယဲ့က ဖုယွမ်ကျိုးကိုခေါ်သွားခဲ့သည်၊၊ သူတို့သည် သီးသန့်အခန်းတစ်ခန်းကိုငှားချင်ခဲ့ကြ၏။ လက်ရှိတွင် ယွမ်ယဲ့က နာမည်ရနေသူတစ်ယောက်ဖြစ်၍ လူကြားထဲကို အလွယ်တကူထွက်သွား၍မရပေ။
ဖုယွမ်ကျိုးသည်ကား သီးသန့်ခန်းထဲတွင်ထိုင်နေသောမိန်းကလေးတစ်ယောက်ကို လှမ်းတွေ့လိုက်၏။ သူမတွင် သိမ်မွေ့သည့်အလှရှိပြီး မုန့်ရှစ်ရှူး ဆိုသည့်အမည်မှာလည်း တမျိုးချစ်စရာကောင်းနေလေသည်။
"ဟယ်လို...."
မုန့်ရှစ်ရှူးက ခေါင်းညိတ်ပြီးပြုံးပြလာ၏။
"ဟယ်လို...ငါတို့ထပ်တွေ့ကြပြန်ပြီနော်..."
ယွမ်ယဲ့သည်လည်း ပြုံးပြလိုက်ပြီး သုံးယောက်သားဝိုင်းထိုင်လိုက်ကြသည်။ မိန်းကလေးကမျက်နှာချင်းဆိုင်တွင်ထိုင်ပြီး ယွမ်ယဲ့နှင့်ဖုယွမ်ကျိုးတို့က စုံတွဲဟန်ဆောင်ထားသောကြောင့် သရုပ်ဆောင်မှုကိုပိုပြီးပုံပေါ်လာစေရန် နှစ်ယောက်အတူထိုင်နေကြ၏။
"ရှင့်သူငယ်ချင်းလား.."
မုန့်ရှစ်ရှူးက နှစ်လိုဖွယ်အပြုံးဖြင့် ဖုယွမ်ကျိုးကို စူးစမ်းသလိုကြည့်နေလေသည်။
"ငါဒီနေ့လာခဲ့တာက မင်းကိုပွင့်ပွင့်လင်းလင်းပြောထားစရာရှိလို့..."
ယွမ်ယဲ့က ဖုယွမ်ကျိုးပုခုံးကိုလက်တင်လိုက်၏။
"သူ့နာမည်ကဖုယွမ်ကျိုးတဲ့...ငါ့ကောင်လေးလေ..."
"ဟယ်လို..."
ဖုယွမ်ကျိုးမှာ ရှက်နေမိသော်လည်း သူငယ်ချင်းတစ်ယောက်အနေဖြင့် ယနေ့တွင်တော့ ယွမ်ယဲ့ထံမှ အဖက်ခံလိုက်သည်။ မရုန်းသည့်အပြင် ခေါင်းကိုပါမှီထားလိုက်သေးသည်။
မုန့်ရှစ်ရှူးမှာ အတော်အတန်သဘောထားပြည့်ဝပြီး ပညာတတ်တစ်ယောက်မှန်းသိသာပေသည်။ လိင်တူစုံတွဲကို ဗြုန်းစားကြီးမြင်လိုက်ရသည့်တိုင် သူမ၏လှပသည့်မျက်နှာလေးက ပြဿနာတစုံတရာမရှိခဲ့ဘဲ အံ့အားသင့်သွားမှုလေးသာပေါ်လာခဲ့သည်။
"တကယ်ကြီးလား..."
"ဒါပေါ့...တကယ်လေ..."
ယွမ်ယဲ့က မျက်နှာတချက်မပျက်ဘဲဆက်ပြောလိုက်လေ၏။
"ငါတို့မနှစ်က နောက်ဆုံးထုတ်ပြောခဲ့ကြတာ..."
"ကောင်းတာပဲ..."
မုန့်ရှီရူက သူတို့ကိုအားပေးစကားပြောလာခဲ့သည်။ ထို့နောက် စားပွဲထိုးကအထဲဝင်လာသည့်အခါ အမှာအတွက်မေးမြန်းလာ၍ သူတို့ကအမျိုးသမီးကို ဦးစားပေးသည့်ပုံစံပြလိုက်သည်။ ထို့ကြောင့် မုန့်ရှစ်ရှူးက အရင်မှာပြီး သူတို့ကို မီနူးစာအုပ်ကမ်းပေးလေသည်။
ယွမ်ယဲ့သည်ကား မတိုင်ခင်ကရောက်ဖူးနေသလို စာအုပ်ကိုစကေးကျစွာဖြင့်လှန်လေသည်။
"ပုစွန်မှာရအောင်..ဒီကပုစွန်ကအရမ်းလတ်တာ...အရှင်တွေချည်းပဲ..."
သူက ဖုယွမ်ကျိုးကို သဘာဝတကျလေးသာဆက်ဆံနေလေ၏။
"မင်းက ပုစွန်အရမ်းကြိုက်တယ်မလား..."
"ဒါဆိုမင်းက သိုးသားစွပ်ပြုတ်တစ်ပွဲလောက်မှာလိုက်...ဒီပွဲ..."
ဖုယွမ်ကျိုးက သူ့ဘက်ကိုယိမ်းကာ စာရွက်ပေါ်မှဟင်းပွဲကို လက်ညိုးထိုးပြလိုက်သည်။
"ကိုယ်မှာတော့မလို့ကို..."
ယွမ်ယဲ့က သူ့အားပြုံးပြလိုက်လေ၏။
"မင်းက ကိုယ့်အကြိုက်ကိုသိသေးတာပဲ..."
သူတို့သည်ကား နှစ်အတန်ကြာ ခင်မင်ရင်းနှီးလာခဲ့ကြပြီး တစ်ယောက်အကြိုက်ကိုလည်း တစ်ယောက်ကသိနေကြလေပြီ။ စားပွဲထိုးထွက်သွားသည့်အခါ မုန့်ရှစ်ရှူးက မျက်တောင်လေးခတ်ကာ အားကျသလိုဆိုလာခဲ့သည်။
"ရှင်တို့က အချစ်မှာပျော်ဝင်နေကြတာပဲ..."
"ငါတို့က..."
ဖုယွမ်ကျိုးသည် မသိစိတ်အလျောက် ငြင်းတော့မည်အလုပ်မှ ယွမ်ယဲ့ သူ့ကိုခုံအောက်မှတဆင့် လက်ကိုဖျစ်ညှစ်လိုက်မှ အချိန်မီလေးသတိဝင်သွားပြီး ပြောင်းပြောလိုက်ရပြန်သည်။
"ဒီလိုပါပဲ..."
"သူကရှက်နေတာ..."
ယွမ်ယဲ့ကပြုံးပြလာခဲ့သည်။
ဖုယွမ်ကျိုးသည် မျက်လုံးလှန်မိလုနီးပါးဖြစ်သွားလင့်ကစား ယွမ်ယဲ့ကသူ့လက်ကို အားပြင်းပြင်းနှင့်ဆွဲဆိတ်လာသည်။ မုန့်ရှစ်ရှူးက မျက်ခုံးလေးများကိုတွန့်ကွေးကာ သူတို့အကြောင်းကိုစိတ်ဝင်စားနေပုံရ၏။
"ရှင်တို့ရဲ့အချစ်ဇာတ်လမ်းလေးကိုပြောပြပါလား..."
"စိတ်ဝင်စားဖို့ကောင်းပါတယ်.."
ယွမ်ယဲ့က သူ့နှုတ်ခမ်းတို့ကို ချိတ်ကောက်သဖွယ်တွန့်ကွေးထားရင်း ပြောပြလိုက်လေသည်။
"ငါကသူ့ကို အထက်တန်းကျောင်းတည်းကသိလာခဲ့တာ...စားပွဲတစ်လုံးတည်းမှာပဲအတူထိုင်ခဲ့ကြတာလေ...တကယ်တော့ ငါတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အစပိုင်းမှာ အရမ်းဆိုးရွားခဲ့တယ်...တစ်ယောက်နဲ့တစ်ယောက်မုန်းခဲ့ကြတာ...ငါသူ့ကိုကြည့်မရဖြစ်နေတုန်းကဆိုရင်လေ...ဒီကောင် တော်တော်သရုပ်ဆောင်ကောင်းတာပဲလို့တောင်ထင်လိုက်သေးတယ်..."
"သရုပ်ဆောင်နေတာမင်းလေ..."
ဖုယွမ်ကျိုးက သူ့ကို ဆတ်ခနဲလှမ်းကြည့်လိုက်သည်။
"မင်းငါ့စာရွက်ကို စားပွဲပေါ်ဆောင့်ချသွားတာ...ငါမှတ်မိသေးတယ်...တမင်တကာ မင်းအဆင့်ကို ငါမြင်အောင်ပြသွားတာလေ...မင်းကစာမလုပ်ဘူးဆိုပြီးတောင်ပြောသွားသေးတယ်..မင်းဘယ်လောက်လုပ်လုပ် စာမေးပွဲမကျရုံလောက်ကိုများ...ငါလေ မင်းစာရွက်ကိုဖြဲပြီး မင်းပါးစပ်ထဲကိုထိုးထည့်ပစ်လိုက်ချင်တာ...အဲဒါမှ မင်းဝါးစားနိုင်အောင်..."
သူသည်ကား ချက်ကျလက်ကျကိုရှင်းပြလိုက်ခြင်းပါပေ။
"ငါစာကျက်မိတာငါ့အပြစ်လား..."
ယွမ်ယဲ့က အပြစ်မရှိသည့်မျက်နှာလေးလုပ်ပြီး မေးလာခဲ့သည်။
"မဟုတ်တော့ ငါ့အပြစ်လား..."
ဖုယွမ်ကျိုးက ကြင်ကြင်နာနာလေးပြုံးပြနေသော်လည်း ဖော်ရွေမှုမရှိပေ။
"အိုကေ....အိုကေ...ငါ့အပြစ်ပါ..."
ယွမ်ယဲ့က ကူကယ်ရာမဲ့စွာပြုံးကာ သူ့ဆံပင်လေးများကိုထိုးဖွပြီး မုန့်ရှစ်ရှူးကို အရင်ကအကြောင်းများအား ဆက်ပြောပြလိုက်လေသည်။
"နောက်တော့...ငါတို့ကျောင်းမှာ ဘတ်စကတ်ဘောပြိုင်ကြတယ်လေ...နှစ်ယောက်လုံးအရွေးခံရတယ်...ဒါနဲ့ ဖိုင်နယ်ပွဲအထိအတူဆော့ရဖို့ဖြစ်လာတာပေါ့..ဖြစ်ချင်တော့ ငါကသူနဲ့မကစားချင်ဘူးလေ...ဒါနဲ့ လေ့ကျင့်တဲ့နေရာကိုတမင်မသွားဘဲ အင်တာနက်ကဖေးမှာ ဂိမ်းသွားဆော့နေလိုက်တယ်...မထင်ထားဘူး...ဒီကောင်ကရောက်ချလာပြီး ငါ့ကိုရိုက်တော့တာပဲ..."
"ဒါဆို ပိုဆိုးသွားကြရောလား..."
မုန့်ရှစ်ရှူးကမေးလာလေ၏။
ယွမ်ယဲ့: "မဟုတ်ဘူး...အဆင့်တက်သွားတာ...သူငါ့ဆီကိုရောက်လာတဲ့အချိန်မှာ ငါကအရမ်းအရေးကြီးတဲ့ အသင်းနဲ့တိုက်နေရတာ..သူကလည်းအဲဒီအချိန်မှာ အရမ်းစိတ်ဆိုးနေတာ...ဒါပေမဲ့ သူက အသင်းလိုက်တိုက်ခိုက်ရင် အရေးကြီးတယ်ဆိုတာသိပါတယ်...အဲဒါကြောင့် ပြီးတဲ့အထိထိုင်စောင့်နေပြီး အကြံဉာဏ်တောင်ပေးနေသေးတာ..."
"ဂိမ်းဆော့လို့လည်းပြီးရော သူ့ဆီကနေ သေမလိုဖြစ်တဲ့အထိအရိုက်ခံရတော့တာပဲ...ဒါပေမဲ့ ငါကတော့စိတ်မဆိုးပါဘူး...သူစိတ်ဆိုးနေတဲ့အချိန် အရမ်းချစ်စရာကောင်းတာပဲလို့တောင်တွေးလိုက်သေးတယ်..."
နူးညံ့သည့်အပြုံးလေးက သူ၏မျက်ခုံးနှင့်မျက်လုံးအကြားတွင်ပေါ်လာခဲ့ပြီး အသည်းယားနေသည့်ပုံစံဖြင့် ဖုယွမ်ကျိုး၏မျက်နှာကိုဖျစ်ညှစ်လိုက်သေးသည်။
"မင်းတကယ်ချစ်စရာကောင်းတယ်..."
"ဘာကိုချစ်စရာကောင်းတာလဲ..."
ဖုယွမ်ကျိုးမှာ ယွမ်ယဲ့က သရုပ်ဆောင်ချောမွေ့မှုကြောင့် အတုအယောင်နှင့် ယုတ္တိမရှိသည့်စကားများကိုပင် အမှန်ဖြစ်သည်အထိပြောနိုင်သောကြောင့် မျက်နှာပူလာရလေ၏။
မုန့်ရှစ်ရှူးက နူးညံ့စွာဖြင့်ပြုံးပြလာလေသည်။
"ဒါကို နောက်ဆက်တွဲလို့ပြောလို့ရလား..."
ယွမ်ယဲ့: "ဒါပေါ့..ငါတို့ကသူငယ်ချင်းတွေအရင်ဖြစ်ခဲ့တယ်..ပြီးတော့ ဆက်ဆံရေးကတိုးတက်လာတာပဲ...အစကတော့ ငါလည်းသူနဲ့ပတ်သတ်ပြီးသဘောကျတာမရှိခဲ့ဘူး..နောက်ပိုင်းကြာလာတော့လည်း သူကလူကောင်းဆိုတာကိုသိလာရတယ်...သူကရေကူးလည်းတော်တယ်...ဂိမ်းကစားလည်းတော်တယ်..ဓာတ်ပုံရိုက်တာ..စစ်တုရင်ကစားတာ..တောင်တက်တာ...အားလုံးပဲ...စိတ်ထားလည်းကောင်းတယ်..ငါသူ့ကိုဘာလို့အရင်ကမုန်းခဲ့မိတာလည်းတောင် နားမလည်နိုင်ခဲ့ဘူး..."
"ငါသူ့ကိုသဘောကျသွားခဲ့တာက အထက်တန်းတတိယနှစ်မှာလေ...မကြောက်ပါနဲ့..စတာပါ...ငါကအထက်တန်းမှာ အရမ်းဆိုးတယ်..ငါ့ကိုကြည့်မရတဲ့လူတွေလည်းအများကြီးပဲ...တစ်ခါကျတော့ ငါ့ကိုသင်ခန်းစာပေးဖို့ဆိုပြီး လူတစ်အုပ်ကငါ့ရှေ့ကိုလာပိတ်တယ်..သူကမြင်သွားတော့ ငါ့ရှေ့ကိုချက်ချင်းပြေးဝင်လာတော့တာပဲ.."
"အဲဒီအချိန်မှာပဲ ငါသူ့ကိုလုံးဝကြွေဆင်းသွားတာ..ငါ့အထင်ကတော့ သူတော်တော်ဆိုးတာပဲပေါ့..ငါသူ့ကိုလုံးဝသဘောကျသွားရတဲ့အထိ တမင်လုပ်တယ်ဆိုပြီးတော့လေ..."
ယွမ်ယဲ့က မေးထောက်ကာ ဖုယွမ်ကျိုးကိုပြုံးရင်းလှည့်ကြည့်လာလေ၏။
"မင်းရောဘယ်လိုထင်လဲ.."
ဤပုံစံက သရုပ်ဆောင်နေသည်ဟုပင်မထင်ရလောက်သည်အထိ နူးညံ့လွန်းနေပြီး ဖုယွမ်ကျိုးကို ခံစားချက်များအား ထုတ်ပြနေသည်ဟုပင် အထင်မှားလာစေခဲ့သည်။ အဆိုပါသက်ရောက်မှုက သူ့ကိုရင်ခုန်လာစေခဲ့၏။
စားသောက်ပြီးကြသည့်အခါ မုန့်ရှစ်ရှူးနှင့်ဖုယွမ်ကျိုးတို့သည် WeChat အကောင့်ကိုလဲလှယ်ခဲ့ကြသည်။ သူမသည် ဖုယွမ်ကျိုးနှင့်သိခွင့်ရသည့်အပြင် သူတို့အကြောင်းကိုပါနားထောင်လိုက်ရသောကြောင့် အင်မတန်ပျော်ရွှင်နေလေ၏။
"သူ့ပရိုဖိုင်ပုံက လှသားပဲ.."
သူမထွက်သွားမှ ဖုယွမ်ကျိုးက သူမ၏ WeChat ပရိုဖိုင်ပုံကိုကြည့်လိုက်မိ၏။ ရှုခင်းပုံလေးဖြစ်ပြီး ရင်သပ်ရှုမောဖွယ်ပင်။
"မင်းကသူ့ကိုလှတယ်လို့မထင်ဘူးပေါ့.."
ယွမ်ယဲ့ကသူ့ကိုငေးကြည့်ရင်းပြောလိုက်လေ၏။
"မင်းအခုထိ ရှိုးမှာ မြောနေတုန်းပဲလား..."
ဖုယွမ်ကျိုးက ထိုသူ၏မနာလိုဖြစ်နေသည့် လေသံကိုနားထောင်ပြီး ကျောကိုပုတ်ပေးလိုက်သည်။
"နိုးထလိုက်တော့..."
ယွမ်ယဲ့က ပြုံးလိုက်သည့်တိုင် ပျော်နေပုံမရပေ။
ဖုယွမ်ကျိုး: "ငါ့အတွက်တော့ သူကလှပါတယ်...မင်းဘာလို့သူနဲ့မတွဲကြည့်တာလဲ..."
ယွမ်ယဲ့: "စိတ်မဝင်စားလို့..ပြီးတော့ ငါကအစွဲအလန်းကြီးတယ်လေ..."
♎️