Chapter 99
Viewers 4k

♎️Chapter 99

ရန်ရှူးထန် -6


Warning: some sexual reference


ထိုညတွင် ဖုယွမ်ကျိုးတစ်ယောက်အိပ်မပျော်ခဲ့ဘဲ ရန်ရှူးထန်အကြောင်းကိုသာတွေးနေမိပြီး အိပ်ရာပေါ်တွင်လူးလှိမ့်နေခဲ့ရသည်။ ရန်ရှူးထန်ကမူ အိပ်မက်ပင်မမက်ဘဲ အိပ်ပျော်သွားခဲ့လေ၏။


သူသည် အထက်တန်းကျောင်းမှ ရန်ရှူးထန်ကို အိပ်မက်မက်ခဲ့၏။ အနှီသူက ကျောင်းဝတ်စုံကိုဝတ်ထားခဲ့ပြီး မျက်ခုံးကောင်းကောင်းဖြင့် ကြည်လင်သည့်မျက်လုံးတစ်စုံကိုပိုင်ဆိုင်ထားကာ အလံတင်သည့်စင်ရှေ့တွင် မတ်တပ်ရပ်နေခဲ့သည်။ ဆရာနှင့်ကျောင်းသားများအရှေ့တွင် စကားပြောနေခဲ့ပြီး အင်မတန်ချောမောခန့်ညားနေခဲ့လေ၏။


နွေရာသီဖြစ်၍ ရာသီဥတုက အလွန်တရာမှပူပြင်းလှသည်။ လူတိုင်းက အတန်းထဲမှမလည်ပတ်တော့သည့် လေအေးပေးစက်ကိုဝေဖန်နေကြသော်လည်း ရန်ရှူးထန်တစ်ယောက်တည်းသာ တိတ်ဆိတ်စွာဖြင့် လေ့ကျင့်ခန်းကို ခေါင်းငုံ့ရေးနေခဲ့လေ၏။ ထိုသူ၏ ကျောကိုမတ်ထားပြီး တည်ကြည်လေးနက်သည့်မျက်နှာဖြင့်စာရေးနေသော ဘေးတိုက်ပုံရိပ်မှာ အင်မတန်ကြည့်ကောင်းနေလေသည်။

ထိုသူ၏အခြမ်းတွင် အချိန်ကနှေးကွေးနေပုံရပြီး နေရောင်အောက်တွင် ဖုန်မှုန်လေးများက လေနှင့်အတူ ဖြည်းညှင်းစွာမျောလွင့်နေလေသည်။.


ငယ်ရွယ်စဥ်မှ ကြီးရင့်သည်အထိ အနှီသူ၏မျက်နှာထားမှ အလွန်အမင်းပြောင်းလဲသွားခဲ့ခြင်းမရှိပေ။ သို့သော်လည်း ဖုယွမ်ကျိုးကမူ အနှီသူထုတ်မပြခဲ့ဖူးသည့်အခြမ်းကို အများအပြားမြင်တွေ့ခဲ့ဖူးသည်။ ထိုသူပြုံးပျော်နေသည့်အခါ၊ ထိုသူရှက်သွားတိုင်း နီရဲသွားသည့်မျက်နှာ၊ စိတ်လှုပ်ရှားစရာကောင်းခဲ့သည့်ထိုည။


ရန်ရှူးထန်၏လည်ပင်းတလျှောက် ချွေးစက်လေးများစီးကျလာခဲ့လင့်ကစား ထိုသူ၏ အေးစက်သောမျက်ခုံးနှင့်မျက်လုံးများကမူ ရမ္မက်သည်းထန်သည့်အပူရှိန်ကြောင့် တွန့်ချိုးနေခဲ့သည်။ ထို့အပြင် ထိုသူက သူ့နာမည်ကိုပြင်းပြစွာဖြင့်ခေါ်နေခဲ့၏....


"!"


ဖုယွမ်ကျိုး တမဟုတ်ချင်း အိပ်ရာမှလန့်နိုးလာခဲ့သည်။ မျက်နှာကိုအုပ်ထားရင်း အိပ်ရာပေါ်တွင်ခဏမျှထိုင်နေပြီးသည့်နောက် အိပ်ချင်စိတ်လည်းပျောက်သွားရလေရာ ကုတင်ပေါ်မှထလိုက်ပြီး အဝတ်အစားလဲဝတ်လိုက်လေသည်။


.....မကောင်းတော့ဘူး။


နောက်တနေ့တွင် တုမန်က ဖုယွမ်ကျိုးကို WeChat မှတဆင့် ပြိုင်ပွဲနေ့မှ ဓာတ်ပုံများကိုပို့လာခဲ့ပြီး ကျောင်းမှလည်းထိုပုံများကို တရားဝင်ဝက်ဘ်ဆိုက်တွင်တင်ပေးထားခဲ့သည်။


"ကျေးဇူးပဲ...ဟီးရိုးကြီးရယ်~"

 တုမန်က သူ့အားကျေးဇူးတင်စကားပြောလာခဲ့သည်။ 

"နင်ဘယ်မှာစားချင်လဲ...ငါ့ကိုပြော...ငါလိုက်ကျွေးမယ်..."


"Milennium ဟိုတယ်..." 

ဖုယွမ်ကျိုးက ပြန်ပြောလိုက်လေသည်။


"ဈေးကြီးတာတော့မရဘူးနော်..." 

တုမန်က စိတ်ဆိုးသွားလေသည်။ ဖုယွမ်ကျိုးက နောက်နေမှန်းလည်း သူမသိနေလေ၏။ 

"ဒါနဲ့...နင့်မှာ စားသောက်တာထက် ပိုအရေးကြီးတာရှိမယ်လို့တော့ငါထင်တယ်...ရန်ရှူးထန်ရဲ့မွေးနေ့ကရောက်တော့မယ်နော်..နင်လည်းသိတယ်မလား..."


ဖုယွမ်ကျိုးမှာ လုံးဝမသိထားသောကြောင့် တောင့်တင်းသွားခဲ့လေသည်။ သူ ယခင်က ရန်ရှူးထန်ကိုမုန်းနေခဲ့သောကြောင့် တဖက်လူ၏မွေးနေ့ကိုမှတ်မထားခဲ့ပေ။ ယခုတော့ မေးပင်မမေးကြည့်ရသေးခင် တုမန်က သူ့အားအချိန်မီသတိပေးလာခဲ့သည်။


"နင်အစီအစဥ်ဆွဲလိုက်ဦး..ညစာစားချိန်မှ ငါ့ကိုဖုန်းဆက်လိုက်..."


တုမန်က ထိုသူ၏မွေးနေ့အ​ကြောင်းကိုပြောလာမှ ဖုယွမ်ကျိုးမှာ ရန်ရှူးထန်ကိုပေးသင့်သည့် မွေးနေ့လက်ဆောင်အကြောင်းကို စဥ်းစားမိလိုက်သည်။

သူဘာမှမလုပ်ပေးရသေးပေ။ ရန်ရှူးထန်ကသူ့အားဂရုစိုက်ပေးခဲ့သောကြောင့် ဤတကြိမ်မွေးနေ့တွင် လ​က်ဆောင်ပြန်ပေးသင့်သည်။


သူတို့နှစ်ယောက်က စစ်တုရင်ပြိုင်ပွဲတွင် သိကျွမ်းခဲ့ကြခြင်းဖြစ်၍ စစ်တုရင်ဘုတ်တစ်ခုပေးရန် တွေးမိလိုက်သည်။ ထိုသူ၏မွေးနေ့တွင် လက်ဆောင်ဘူးဖြင့် ကျောင်းကိုသွားခဲ့သည်။ ဤသည်မှာ သူ့ဘက်မှ ရန်ရှူးထန်ကို ပထမဆုံးအကြိမ်သွားရှာခဲ့ခြင်းပင်။


သူသည်ကား လက်ဆောင်အကြောင်းသာတွေးနေခဲ့ပြီး ကျောင်းကိုရောက်သည့်တိုင် ရန်ရှူးထန်ကို ကြိုမပြောထားမိမှန်းသတိရသွားခဲ့ပြီး ချက်ချင်းမက်ဆေ့ချ်ပို့လိုက်လေသည်။ 

"မင်းကျောင်းမှာလား..."


မကြာခင် သူကစာပြန်လာခဲ့သည်။ "အင်း...အတန်းအပြင်ကိုထွက်လာပြီ..."


"မင်းက အတန်းထဲမှာလည်း ဖုန်းဆော့တာပဲလား..." 

ဖုယွမ်ကျိုးမှာ အမြင်မှားသွားသလိုပင်ခံစားလိုက်ရ၏။


"မဆော့ပါဘူး.." 

ရန်ရှူးထန်က စာပြန်ရိုက်လာလေသည်။ 

"မင်းရဲ့မက်ဆေ့ချ်ကိုပဲ အထူးအသိပေးချက် ပေးထားထားလို့ပါ..."


ဖုယွမ်ကျိုး၏နှုတ်ခမ်းထောင့်များက မြောက်တက်သွားပြီး သတိထားလိုက်မိသည်နှင့် ချက်ချင်းပြန်တည်လိုက်သည်၊၊ တယောက်ယောက်သူ့အား ကြည့်နေမည်ကိုစိုးရိမ်သည့်အလား မျက်လုံးကစားလိုက်သေး၏။


"မင်းအတန်းကဘယ်မှာလဲ...ငါလာခဲ့မယ်လေ..."


ရန်ရှူးထန်က သူလာရသည့်အကြောင်းအရင်းကိုမမေးခဲ့ပေ။ သူနှင့်မျက်နှာချင်းဆိုင်ပြီး စကားပြောချင်နေပုံရသည်။ ထိုသူသည် ဖုယွမ်ကျိုးလမ်းပျောက်သွားမည်ကို စိုးရိမ်နေသောကြောင့် နေရာကို အသေးစိတ်ပြောပြလာခဲ့သည်။


စာသင်ဆောင်များက ကျောင်းဂိတ်ပေါက်နှင့် ဝေးလွန်းသည်။ ဖုယွမ်ကျိုး လှေကားမှဆင်းလာသည်နှင့် အတန်းဆင်းသည့်ဘဲလ်သံကိုကြားလိုက်ရသည်။ အခြားသူများကပြေးထွက်လာကြကာ သူသည်ကား လူအုပ်အတိုင်း အနောက်မှလိုက်သွားခဲ့ပြီး ရန်ရှူးထန်ပြောသည့်အတန်းရှိရာသို့ ရောက်လာခဲ့သည်။ ကျောင်းသားအားလုံးနီးပါး ထွက်သွားပြီးသည့်အခါ ရန်ရှူးထန်တစ်ယောက်တည်းသာ အင်မတန်လှသည့်မိန်းကလေးတစ်ယောက်နှင့် စကားပြောရင်း ကျန်နေခဲ့လေသည်။


တရုတ်စာပေဌာနက ပန်းပွင့်လေးများလား။


အခြားမိန်းက​လေးများက ဘယ်လိုပုံစံရှိကြမှန်း သူမသိခဲ့စေကာမူ ဖုယွမ်ကျိုး၏မသိစိတ်ကမူ ထိုမိန်းကလေးကို ပန်းပွင့်လေးဖြစ်မည်ဟု ကောက်ချက်ချလိုက်လေသည်။


သူမက ရန်ရှူးထန်နှင့် အရေးကြီးသလိုစကားပြောနေပြီး အသံမှာလည်းတိုးနေသေးသည ဖုယွမ်ကျိုးအနေဖြင့် သေချာမကြားရသည့်အပြင် နားထောင်ရန်လည်းစိတ်မပါသောကြောင့် အတန်းထဲသို့မဝင်သွားသေးဘဲ အတန်းတံခါးမှတဆင့်ချောင်းကြည့်နေလိုက်သည်၊၊ ဘူးကိုကိုင်ထားရင်း ရန်ရှူးထန်ကိုစောင့်နေစဥ် သူ့နှလုံးသားက အနည်းငယ်ချဥ်စူးနေလေသည်။


"ဒါကတော့...."


မိန်းကလေး၏ စကား တစ်ဝက်အရောက်မှာပင် ရန်ရှူးထန်ကခေါင်းယမ်းကာ ငြင်းလိုက်လေသည်။ 


"ဆောရီး...ငါအရေးတကြီးလုပ်စရာရှိသေးလို့...နောက်မှပြောကြရအောင်..."


ရန်ရှူးထန်က ကျောပိုးအိတ်ကိုလွယ်ကာ အတန်းထဲမှထွက်လာသည်နှင့် ခပ်သုတ်သုတ်လျှောက်လာပြီး ဖုယွမ်ကျိုးကိုမြင်သည့်အခါ ရပ်သွားလေသည်။ 


"ဆောရီး...စောင့်နေလိုက်ရလား..."


ဖုယွမ်ကျိုးက သူဝမ်းနည်းနေပုံကို ထိုလူမဆန်သူအား မပြချင်သောကြောင့် ခေါင်းယမ်းပြီးပြန်ဖြေလိုက်သည်။ 


"မဟုတ်ပါဘူး...အခုလေးတင်ရောက်တာပါ..."


"သွားကြမယ်လေ..." 

ရန်ရှူးထန်က မျက်လုံးထဲမှအပြုံးများကို ဖော်ထုတ်လာပြီး နူးညံ့စွာဖြင့်ပြောလာခဲ့သည်။ ဖုယွမ်ကျိုးက သူ့ထံ ပထမဆုံးအရင်ရောက်လာခဲ့သောကြောင့် ပျော်ရွှင်နေပုံပင်။ 

"ဘာလို့ ငါ့ဆီလာတာလဲ..."


"ဒီနေ့က မင်းမွေးနေ့လေ..." 

ဖုယွမ်ကျိုးက ရန်ရှူးထန် သူ့ကိုအရင်မပြောခဲ့သည့်အကြောင်းကိုတွေးမိပြီး ပြောလိုက်လေသည်။ 

"မွေးနေ့မှာပျော်ရွှင်ပါစေ...ဒီမှာမင်းအတွက်လက်ဆောင်..." 


သူက လက်ဆောင်ဘူးကိုကမ်းပေးလိုက်၏။


"မင်းကငါ့မွေးနေ့ကိုသိနေတယ်ပေါ့..." 

ရန်ရှူးထန်၏မျက်လုံးလေးများက ရီဝေသွားခဲ့သည်။

 "ငါ့ကိုလည်းလက်ဆောင်ပေးချင်သေးတယ်"


"မလိုချင်ဘူးလား..." 

ဖုယွမ်ကျိုးက ရန်ရှူးထန် အခြားမိန်းကလေးတစ်ယောက်နှင့်စကားပြောနေခဲ့သည့်အတွက် စိတ်ခုနေဆဲဖြစ်ပြီး ထိုမိန်းကလေးက သာမန်နှင့်ကွဲထွက်နေသေးသည်။ သူသည်ကား တွေးလေစိတ်တိုလေဖြစ်လာကာ လက်ဆောင်ဘူးကိုပြန်ဆွဲယူသွားလေသည်။ 

"မလိုချင်ရင် ပြန်ပေးတော့..."


"အဲဒီလိုမဟုတ်ပါဘူး..ငါအရမ်းအံ့ဩသွားရုံပါ...မင်းဆီကနေလက်ဆောင်ရမယ်လို့လည်း ငါမထင်ထားခဲ့ဘူးလေ..."


ရန်ရှူးထန်က သူ့လက်ကိုကိုင်ထားပြီး မျက်ဝန်းတစ်စုံမှာလည်း ပျော်ရွှင်မှုများဖြင့်လွှမ်းခြုံထားလေ၏။ 


"ငါကဘယ်လိုလုပ်မလိုချင်ဘဲနေမလဲ..ကျေးဇူးပဲကွာ...ငါအရမ်းပျော်တာပဲ..."


ထိုသူ၏ အင်မတန်ကျေနပ်ပြုံးရွှင်နေသည့်မျက်နှာကြောင့် ဖုယွမ်ကျိုးမှာ စိတ်ပြေသွားခဲ့သည်။ ဖုယွမ်ကျိုးက ပြုံးတုံ့တုံ့ဖြင့် အနှီသူကိုလက်ဆောင်ဘူးအားကမ်းပေးလိုက်သည်။


 "ဒါက စစ်တုရင်ဘုတ်ပြား...ငါတို့နှစ်ယောက်က ဒါကြောင့်သိခဲ့ကြတာလေ...ဒီတော့ ငါမင်းကို တစ်ဆက်ပေးမယ်...ငါတို့ထပ်ဆော့လို့ရတာပေါ့..."


"ငါကောင်းကောင်းတန်ဖိုးထားပါ့မယ်..."


ဖုယွမ်ကျိုးနှင့်မတူဘဲ ရန်ရှူးထန်က ၎င်းကို တယုတယပွေ့ဖက်ထားခဲ့သည်။ ထိုသူ၏မျက်ခုံးနှင့်မျက်လုံးများပေါ်မှ ပျော်ရွှင်မှုမှာ ဖုံးဖိထား၍မရနိုင်အောင်မြင်နိုင်နေလေသည်။


ဖုယွမ်ကျိုးက အနှီသူကို စက္ကန့်အနည်းငယ်ကြာအောင်စိုက်ကြည့်နေပြီးမှ လုံးဝထိန်းမထားနိုင်တော့သောကြောင့် ထုတ်မေးလိုက်ရတော့သည်။ 


"မင်း...ညနေကျရင်လုပ်စရာရှိလား..."


"ရှိတယ်..." 

ရန်ရှူးထန်က ခေါင်းညိတ်ပြသည်။ 

"ငါ့သူငယ်ချင်းတွေက မွေးနေ့ပါတီလုပ်မှာ..."


"Oh..." 

ဖုယွမ်ကျိုး စိတ်ပျက်သွားသည့်မျက်နှာထားမျိုး မပြလိုက်မိပေ။ 

"ဒါဆိုလည်းငါသွားနှင့်ပြီ..."


"မင်း..." 

ရန်ရှူးထန်က ရဲဆေးတင်ပြီး ထုတ်မေးလာရှာသည်။ 

"မင်းရောလာခဲ့ပါလား..."


"မလာတော့ဘူး..." 

ဖုယွမ်ကျိုးက ခေါင်းခါပြသည်။ 

"ငါပျင်းနေလို့..."


ရန်ရှူးထန်မှာ စိတ်မကောင်းဖြစ်သွားပုံရသော်လည်း သူ့ကိုမဆွဲထားဘဲ ကျေးဇူးတင်သည့်အကြောင်းသာပြောလာလေသည်။ 

"ဒီနေ့ ငါ့ဆီကိုလာခဲ့ပေးတဲ့အတွက်ရော ဒီလိုအမှတ်ရစရာလက်ဆောင်လေးပါပေးတဲ့အတွက်ပါကျေးဇူးတင်ပါတယ်..."


"ဒါဆို ငါသွားတော့မယ်..."


"အိုကေ...ဘိုင်..."


ဖုယွမ်ကျိုးက သွားခါနီးမှ တုမန်ပြောခဲ့သည့်စကားကို ရုတ်တရက်အမှတ်ရသွားခဲ့သည်။ 


ရှေ့တိုးသင့်တဲ့အချိန်မှာ ရှေ့တိုးလိုက်...သူများနောက်ပါသွားမှ နောင်တရနေမယ်။


သူ ရန်ရှူးထန်ဘက်ကို ချက်ချင်းပြန်လှည့်လိုက်၏။ 


"မင်း ငါ့အိမ်လိုက်လည်ချင်လား.."


ရန်ရှူးထန်က မှင်သက်သွားကာ ဖုယွမ်ကျိုးကမူ ရှက်သွားရလေသည်။ 

"မွေးနေ့ပါတီပြီးရင်..ငါ့အိမ်ကိုလာချင်တဲ့အခါလာနေပေါ့..."


ထိုအခါမှ ရန်ရှူးထန် ချက်ချင်းအသိစိတ်ပြန်ဝင်လာကာ ချက်ချင်းခေါင်းညိတ်ပြလာလေသည်။ 

"ငါစောစောပြန်လာခဲ့မယ်..."


"ရတယ်...မင်းပြီးတဲ့အချိန်လာခဲ့လို့ရတယ်..တိုက်ခန်းက အချိန်သတ်မှတ်ထားတာမျိုးမရှိဘူး.." 

ဖုယွမ်ကျိုးက ခပ်တိုးတိုးသာရှင်းပြလိုက်လေသည်။


ရန်ရှူးထန်ကိုစောင့်နေသည့်အချိန်အတွင်း ဖုယွမ်ကျိုးမှာ စိတ်လှုပ်ရှားနေခဲ့ရသည်။ အရင်ဆုံး အိမ်ကိုသန့်ရှင်းရေးလုပ်သည်။ ပြီးသည့်နောက် အပြင်ထွက်ပြီး သရေစာနှင့်ဘီယာများဝယ်သည်။ နောက်ဆုံး၌ ပစ္စည်းစင်တစ်ခုနားတွင်အချိန်အကြာကြီးဝေ့လည်ကြောင်ပတ်လုပ်နေပြီးမှ မလုံမလဲဖြင့်လှည့်ပတ်ကြည့်ကာ ချောဆီဘူးနှင့်ကွန်ဒုံးများကို ဈေးဝယ်ခြင်းတောင်းထဲသို့ပစ်ထည့်လိုက်လေသည်။


သူသည်ကား ထိုပစ္စည်းနှစ်ခုကို စိတ်အလိုအရဝယ်လာခဲ့၏။ တိုက်ခန်းကိုပြန်ရောက်သည့်အခါ လက်နှစ်ဖက်လုံးကိုဖြတ်ပစ်ချင်သည်အထိ နောင်တရသွားခဲ့သော်လည်း ခေါင်းအုံးအောက်ထဲသို့ထိုးထည့်ကာ ဝှက်ထားလိုက်လေသည်။


ရန်ရှူးထန် ရောက်လာလေပြီ။ သူရောက်လာချိန်တွင် ည၏ချမ်းစိမ့်မှုတို့နှင့်အတူ အရက်နံ့ဖျော့ဖျော့လေးကိုပါသယ်ဆောင်လာခဲ့၏။


"အစောကြီးပြီးသွားပြီလား..."


ဖုယွမ်ကျိုးမှာ ထိုသူကိုမြင်သည့်အခါ ပြင်ဆင်ထားသမျှကိုပင်မေ့သွားခဲ့ပြီး ရှက်ရွံ့မှုကြောင့် အသံပင်မတည်ငြိမ်တော့ပေ။


သို့ထိတိုင် ရန်ရှူးထန်၏စကားတစ်ခွန်းက သူ၏ကြိုးစားယူထားရသောတည်ငြိမ်မှုလေးကိုဖျက်ဆီးပစ်လိုက်သည်။


"ငါမင်းကိုအစောကြီးတွေ့ချင်လာလို့.."


"...." 

ဖုယွမ်ကျိုးက အနှီသူကိုလှည့်ကြည့်လာပြီး အသက်ကိုခပ်ပြင်းပြင်းရှူလိုက်သည်။ အကြမ်းပတမ်းလှုပ်ခတ်နေသောနှလုံးခုန်နှုန်းကို အကောင်းဆုံးကြိုးစားကာထိန်းထားရင်း နောက်တခေါက်ပြန်လှည့်ကြည့်လိုက်၏။ 

"မင်းသောက်လာတာလား..."


"ငြင်းလို့မှမရတာကွာ..." 

ရန်ရှူးထန်က ဖြေရှင်းပြလာလေသည်။ 

"မင်းအရက်နံ့ကိုမကြိုက်လို့လား..."


"ရပါတယ်...မဖြစ်မနေပဲဟာ..." 

ဖုယွမ်ကျိုးသည် အတန်းထဲမှမိန်းကလေးကို ရုတ်ချည်းသတိရသွားသောကြောင့် မေးကြည့်လိုက်သည်။ 


"သူရောလာလား..."


ရန်ရှူးထန်: "ဘယ်သူလဲ..."


"အတန်းထဲမှာ မင်းနဲ့စကားပြောနေခဲ့တဲ့ကောင်မလေး.."


"မလာပါဘူး...သူကငါတို့ဌာနကမှမဟုတ်တာ..."


"သူကတရုတ်စာပေဌာနကမလား..."


"မင်းရောသူ့ကိုသိလား.."


ရန်ရှူးထန်၏တုံ့ပြန်မေးခွန်းအရ အဆိုပါမိန်းကလေးမှာ တရုတ်စာပေဌာနမှဖြစ်နေသည်မှာ သေချာသွားလေပြီ။ သူမသည်ကား ဌာန၏ပန်းပွင့်လေးဖြစ်ထိုက်ပါပေ၏။ ဖုယွမ်ကျိုးမှာ ပိုပြီး ချဥ်စုပ်စုပ်ဖြစ်လာသောကြောင့် ခေါင်းငုံ့ကာပြောလိုက်သည်။ 


"ငါလည်းသူ့ကိုမသိပါဘူး..မင်းကိုလိုက်နေတယ်လို့ပဲကြားတာ..."


ရန်ရှူးထန်က အနည်းငယ်လေးအံ့ဩသွားလေသည်။


 "ဘယ်သူပြောတာလဲ..."


"ဘယ်သူပြောတာလဲကိုအရင်ထား...ဟုတ်လား...မဟုတ်လားပဲပြော.."


"ဘယ်ဟုတ်ပါ့မလဲ..." 

ရန်ရှူးထန်ကခေါင်းယမ်းပြလာသည်။ 


"သူ့မှာကောင်လေးရှိတယ်...အဖွဲ့တူနေလို့ စကားပြောနေရတာ...အတန်းမှာ သုသေသနတင်ပြချက်တွေအတွက် ဟောပြောပွဲသွားရသေးတယ်လေ..."


ထိုသူကမလိမ်ခဲ့ပေ။ ဖုယွမ်ကျိုးက သူ့အားယုံကြည်ခဲ့သောကြောင့် ခဏတွင်းချင်း သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူအခုလေးတင်ပြောလိုက်မိသည့်စကားတို့ကို ပြန်အမှတ်ရလိုက်၏။ 


ငါဘယ်လိုစကားတွေပြောလိုက်တာလဲ...သံသယဝင်သွားတော့မှာပဲ။


ရန်ရှူးထန်၏စကားပြောသံက ပျော့ပျောင်းနေသော်လည်း စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်မထားနိုင်ပေ။


"ငါကမင်းကိုပဲသဘောကျတာပါ..ဖုယွမ်ကျိုး...ငါကမင်းတစ်ယောက်တည်းရဲ့နောက်ကိုပဲလိုက်ချင်တာပါ..."


"...."


ဤအခိုက်အတန့်လေးမှာပင် ဖုယွမ်ကျိုးသည် သူ့နှလုံးသားထဲမှ တစုံတရာက လဲပြိုသွားသလိုခံစားမိလိုက်သည်။


သူရန်ရှူးထန်ကိုချစ်မိသွားခဲ့ပြီမှာ သေချာသည်။


သူအတိတ်က သေလောက်အောင်မုန်းတီးနေခဲ့သောရန်သူမှာ ယခုတော့ သူသဘောကျနေရသူဖြစ်လာခဲ့ပြီ။


"သောက်ချင်သေးလား..."


သူသည် တဖက်လှည့်ပြီး ဝယ်လာသည့်ဘီယာများကိုချပေးလိုက်သည်။ ပြီးနောက် ရန်ရှူးထန်၏မျက်လုံးများထဲသို့ ငေးကြည့်ရင်း တစ်လုံးချင်းပြောလိုက်လေ၏။


"မင်းကြိုက်တဲ့အချိန်သောက်လို့ရတယ်..."


"ငါ့ကိုလည်းကြိုက်တာလုပ်လို့ရတယ်..."


"....."


ရန်ရှူးထန်က ချက်ချင်းခေါင်းမော့လိုက်သည့်အခါ သူ့မျက်လုံးများနှင့်ဆုံတွေ့သွားခဲ့သည်။ ထိုသူ၏ တောက်လောင်နေသောမျက်လုံးများက ဖုယွမ်ကျိုး၏နှလုံးသားကို တုန်ယင်စေပြီး ထိန်းချုပ်ရခက်စေလေသည်။


နောက်ပိုင်းကိစ္စများက ရူးကြောင်ကြောင်နိုင်သော်လည်း ဆီလျော်ပါသည်။ ဖုယွမ်ကျိုး နောင်တအရဆုံးမှာ ခေါင်းအုံးအောက်ထဲတွင်ထိုးထည့်ထားခဲ့ရသည့် ပစ္စည်းများကိုထုတ်သုံးလိုက်ရခြင်းပင်။ သူမိန်းမောနေသည့်အချိန်အတွင်း ဧည့်ခန်းနှင့်အိပ်ခန်းကြားမှ အကွာအဝေးမှာ ရှည်လျားလွန်းနေခဲ့ပြီး သူ့အနေဖြင့် တစ်စက္ကန့်လေးမျှပင် မဖြုန်းတီးလိုခဲ့ပေ။


ညတာက အလျင်အမြန်ကုန်ဆုံးသွားခဲ့သည်။ နောက်တစ်နေ့နံနက် ဖုယွမ်ကျိုးသည် အိပ်မက်မှနိုးထလာခဲ့ပြီး ရန်ရှူးထန်၏ မျက်ဝန်းများနှင့်ဆုံတွေ့လိုက်ရသည်။ ဤတကြိမ်တွင်မူ ရန်ရှူးထန်က သူ့ထက်အရင်စောနိုးနေခဲ့၏။


"မောနင်း.." 

ရန်ရှူးထန်သည် မျက်လုံးထဲရှိသိမ်မွေ့သောအလင်းတန်းများကိုဆန့်ထုတ်ရင်း သူ့ပါးကိုဖွဖွလေးတို့ထိလာခဲ့သည်။


"မောနင်း..." 

ဖုယွမ်ကျိုးသည်ကား လည်ချောင်းနာနေ၍ အက်ကွဲနေလေသည်။


"ကိုယ်ရေထည့်ပေးမယ်..."


ရန်ရှူးထန်သည် အိပ်ရာမှထကာ သူ့အတွက် ရေနွေးနွေးလေးတစ်ခွက်ကိုယူလာပေးခဲ့သည်။ ဖုယွမ်ကျိုးက အိပ်ရာကိုမှီထားရင်း သောက်လိုက်၏။ သူသောက်ပြီးသွားမှ ရန်ရှူးထန်ကမေးလာခဲ့လေသည်။ 


"ဘာစားချင်လဲ...ကိုယ်လုပ်ပေးမယ်.."


"အဆင်ပြေတာသာလုပ်လိုက်..."


- မူးပြီးတဲ့နောက် ရန်သူတော်နဲ့ လိင်ဆက်ဆံရတဲ့အတွေ့အကြုံကဘယ်လိုရှိလဲ။


- ကျေးဇူးတင်ပါတယ်။ ကျွန်တော်အိမ်ပြန်ရောက်နေပါပြီ။ အခုလေးတင်အိပ်ရာကနိုးတာပါ။ ရာသီဥတုကကြည်လင်နေတယ်။ နေမင်းကြီးကလည်းတောက်ပတယ်။ အိပ်နေတဲ့ကျွန်တော့်ချစ်သူရဲ့မျက်နှာကလည်း သိပ်ကိုလှပပါတယ်။ ဘဝကြီးက ပြည့်စုံနေပါပြီ။


- နာမည်ပေးရမယ်ဆိုရင်...


- ငါ့ရန်သူတော်က ငါ့ရည်းစားဖြစ်လာတယ်။


♎️♎️♎️