♎️Chapter 98
ရန်ရှူးထန် -5
ရန်ရှူးထန်ကသူ့ကို ရုန်းမရအောင်ဖက်ထားခဲ့သည်။ ဖုယွမ်ကျိုးမှာ ကြိုးစားနေသည့်တိုင် မရသောကြောင့်မျက်မှောင်ကြုတ်လိုက်သည်။
"လွှတ်စမ်း..."
"ငါတောင်းပန်ပါတယ်..."
ရန်ရှူးထန်က သူ့အား ကြားရရုံအသံဖြင့်တောင်းပန်လာပြီး လွှတ်မပေးပေ။
"စိတ်မဆိုးပါနဲ့..."
ဖုယွမ်ကျိုးက အေးစက်စွာဖြင့်တုံ့ပြန်လိုက်၏။
"ငါစိတ်မဆိုးဘူး..."
လူကိုပဲကန်ချင်နေတာ...
ရန်ရှူးထန်သည် သူ၏ခက်ထန်လှသောစကားကိုကြားလိုက်ရပြီး လွှတ်ပေးလိုက်ကာ တောင်းပန်လာပြန်သည်။ ဖုယွမ်ကျိုးက အေးစက်စက်မျက်နှာဖြင့် သူ့အင်္ကျီကိုရိုက်လိုက်ပြီး စိတ်ဆိုးနေပုံမပြတော့ပေ။ စကားလည်းမပြောတော့သလို ထွက်မသွားဘဲဆက်ရပ်နေခဲ့သည်။
"ငါ့အမှားပါ..."
ရန်ရှူးထန်က မြေကြီးကိုသာငုံ့ကြည့်နေလေသည်။
"ငါ့အတွက်လည်းပထမဆုံးအကြိမ်ပဲ...ဆိုတော့...ငါ့ကိုယ်ငါလည်းယုံကြည်ချက်မရှိသေးဘူး...အဲဒီညက...မင်းအဆင်ပြေရဲ့လား..."
မေးရဲသေးတယ်။ ဖုယွမ်ကျိုးမှာ အစပိုင်းတွင်ဒေါသထွက်နေသေးသော်လည်း ရန်ရှူးထန်အမေးကြောင့် ရှက်သွားခဲ့ရပြီး မျက်နှာမှာပူထူလာခဲ့သည်။ ယခုလိုနေရာတွင် ယခုလိုမေးခွန်းကိုမေးရဲသည်အထိ ထိုသူကမရှက်တတ်ပုံပင်။
တကယ်တမ်းတော့ သူလည်းခံစားရကောင်းခဲ့သည်။ မဟုတ်လျှင် ထိုနေ့ညက ရန်ရှူးထန်အနား၌ အကြာကြီးကပ်နေမိမည်မဟုတ်ပေ။ သို့ထိတိုင် နောက်ဆက်တွဲအခြေအနေကဆိုးရွားသွားခဲ့ပြီး ရန်ရှူးထန်ကလည်းပထမဆုံးဖြစ်နေသောကြောင့် သူ့အတွက်အရှုံးမရှိပေ။
သေချာပေါက်ပင် ဖုယွမ်ကျိုးအတွက်
သတ်ပစ်မည်ဟု ခြိမ်းခြောက်လာလျှင်ပင် အဆိုပါစကားမျိုးကိုထုတ်ပြောရန် မဖြစ်နိုင်ပေ။ ထို့ကြောင့် ဘာမှမတုံ့ပြန်ဘဲ ခပ်မဆိတ်နေလိုက်လေသည်။
"ငါကတော့ပထမဆုံးအကြိမ်ကို မင်းနဲ့ဖြတ်သန်းလိုက်ရလို့ပျော်တယ်..."
ရန်ရှူးထန်ကမူ ကြံဖန်ပြီးဂုဏ်ယူနေလေ၏။
"မင်းလည်းငါနဲ့ပထမဆုံးဆိုတော့..."
"မင်းပြောလို့ပြီးပြီလား..."
ဖုယွမ်ကျိုးမှာ ရှက်လွန်း၍ တစ်မျက်နှာလုံးရဲပတောင်းခတ်နေပြီး ဆက်နားမထောင်နိုင်တော့လေရာ ဖြတ်ပြောလိုက်ရတော့သည်။
ရန်ရှူးထန်က သူစကားများမိပြီမှန်းသဘောပေါက်လိုက်၍ ရှက်သွားပြီး ထိုညကအကြောင်းကိုဆက်မပြောတော့ပေ။
"မင်းငါ့ကိုအရင်ကအကြောင်းတွေဘာလို့ပြောတာလဲလို့ မေးဖူးတယ်နော်...ငါအိမ်ပြန်ရောက်တော့အကြာကြီးစဥ်းစားမိတယ်...မင်းပြောတာမှန်တယ်...ငါ့ခံစားချက်တွေကိုဖုံးကွယ်မထားသင့်ဘူး..."
"ငါမင်းကိုသဘောကျတယ်..ယွမ်ကျိုး..ငါတကယ်ပြောတာပါ..."
"အခုကစပြီးတော့...မင်းငါ့ကိုအဖြေပြန်မပေးမချင်း ငါမင်းကိုလိုက်မယ်..."
ထိုနောက်ပိုင်းစကားများကို ဖုယွမ်ကျိုးလည်းမမှတ်မိတော့ပေ။ ရန်ရှူးထန်၏စကားများကြောင့် သူရှော့ခ်ရသွားခဲ့ပြီး စိတ်နှင့်လူမကပ်ဘဲ တိုက်ခန်းကိုပြန်ရောက်လာခဲ့သည်။
ရန်ရှူးထန်က သူ့ကိုလိုက်မယ်။ လာနောက်နေတာလား။
သို့ထိတိုင် ဆိုးရွားလှသည့်အခြေအနေကတကယ်ဖြစ်လာခဲ့သည်။ ဖုယွမ်ကျိုးမှာ ရန်ရှူးထန် ဘာလုပ်ချင်နေမှန်းမသိသလို ခန့်မှန်းနိုင်ခဲ့ခြင်းလည်းမရှိပေ။
ရန်ရှူးထန်က ခပ်သွက်သွက်လှုပ်ရှားလာပြီး ဖုယွမ်ကျိုးပင်ခန့်မှန်းစရာမလိုခဲ့ဘဲ ထင်ထားခဲ့သည့်အတိုင်းဖြစ်လာခဲ့သည်။
ထိုနေ့တည်းက ဖုယွမ်ကျိုး၏ကျောင်းမှလူများမှာ အရိပ်တွေ့သည်နှင့်မှတ်မိသွားကြသည်။ ရန်ရှူးထန်က အခြားဌာနတစ်ခုမှ ကြီးမြတ်သည့်နတ်ဘုရားဖြစ်ပြီး အင်မတန်နာမည်ကြီးသည်။ စာတော်ရုံမက ရုပ်လည်းချောသေးသည်။ အတန်းဖော်များမှာ အွန်လိုင်းမှ ရိုက်ရှာလိုက်ရုံဖြင့် သူ့အကြောင်းသိသွားခဲ့ကြသည်။ ထို့အပြင် ထိုသူက သာမန်ရုပ်ရည်မျိုးမဟုတ်သောကြောင့် မြင်သည်နှင့်ချက်ချင်းမှတ်မိသွားစေနိုင်၏။
ရန်ရှူးထန်က ဖုယွမ်ကျိုးကိုလာရှာခြင်းဖြစ်ကြောင်း သူတို့အားလုံးသိကြသည်။ ဖုယွမ်ကျိုးသည်လည်း ကျောင်းတွင်နာမည်ကြီးသူဖြစ်ပြီး လူချောလေးနှစ်ယောက်တွဲလျှောက်လာသည်နှင့် မျက်မှန်းတန်းချင်စရာဖြစ်နေပြီး သူတို့နှစ်ယောက်ပေါ်လာသည်နှင့် သတိထားမိသူများက ပိုများလာတတ်သည်။
အတန်းတက်၊ ထမင်းစား၊ အပြင်ထွက်လည်ကြတိုင်း ရန်ရှူးထန်က မကြာခဏပေါ်လာတတ်လေသည်။ ထိုသူ၏အချိန်ဇယားကိုလေ့လာထားသူက အနှီလူမှာ အားလပ်ချိန်တိုင်း ဖုယွမ်ကျိုးအားလာရှာတတ်သည်ဟုပြောခဲ့သည်။ ဖုယွမ်ကျိုးအတန်းတက်နေလျှင် ထိုသူက အတူလာထိုင်နေတတ်သည်။
ဒါကဘယ်လိုအခြေအနေကြီးလဲ။
ပြဿနာကိုမီးခွက်ထွန်းရှာတတ်သူတစ်ယောက်ဆိုလျှင် ရန်ရှူးထန်ကို ဖုယွမ်ကျိုးထံ မကြာခဏရောက်လာတတ်သည့်အကြောင်းအရင်းကိုသွားမေးခဲ့ဖူးသည်။ သို့သော်လည်း ရန်ရှူးထန်ကသူနှင့်မရင်းနှီးသောကြောင့် ထိုသူကိုအေးစက်စက်ဖြင့်ဆက်ဆံပြီး တစ်ကြိမ်မေးလည်းမဖြေ၊ နှစ်ကြိမ်မေးလည်းမဖြေသည့်အခါ ထိုသူမှာရှက်လာရပြီး ဖုယွမ်ကျိုးကိုသွားနှောင့်ယှက်ပြန်သည်။
"မင်းတို့နှစ်ယောက်ကဘာတွေလဲ..."
"အထက်တန်းကျောင်းတုန်းက အတန်းဖော်တွေ..."
ဖုယွမ်ကျိုးကလည်းပြန်ဖြေလိုက်သည်။
"သာမန်အတန်းဖော်တွေကလည်း ဒီလောက်တောင်ရင်းနှီးကြတာလား..."
ထိုသူကပြုံးပြလာလေ၏။
"သူကမင်းကိုလိုက်နေတာမလား..."
ဖုယွမ်ကျိုး: "....မင်းမျက်စိကန်းနေတာလား..."
"သူကတကယ်ကြီးဖြစ်နေတာနော်...မင်းဘာလို့မစဥ်းစားကြည့်တာလဲ..."
ဖုယွမ်ကျိုး: "သေလိုက်..."
ဖုယွမ်ကျိုးက အနာဂတ်ကိုကြိုမြင်နေသလိုတုံ့ပြန်လိုက်၏။ မကြာခဏမေးခံလာရသည့်အခါ ဖုယွမ်ကျိုးလည်း စပြီးမလုံမလဲဖြစ်လာတော့သည်။ ရန်ရှူးထန်ကသူ့အား ပုံမှန်ထက်ပိုကာ လာရှာခဲ့ခြင်းမရှိပေ။ သူလည်းအလုပ်များနေခဲ့သည်။ နှစ်ရက်သုံးရက်နေမှသာ ပုံမှန်လာရှာတတ်လေ၏။ တကယ်ကြီးသိသာနေတာလား။
သို့တစေ ရန်ရှူးထန်က ခါတိုင်းထက်ပိုသွက်လာခဲ့သည်မှာအမှန်ပင်။ သူ့ကို နေ့တိုင်းမက်ဆေ့ချ်ပို့ပြီး အစားအသောက်များလည်းယူလာပေးတတ်သည်။ အနှီသူသည်ကား တကယ်ကိုသူနှင့်ရင်းနှီးလာအောင်ကြိုးစားနေလေ၏။
၎င်းကိုနားလည်သွားသည့်အခါ ဖုယွမ်ကျိုးလည်း တစ်ခုခုပြောသင့်သည်ဟု သဘောပေါက်လိုက်သည်။ နောက်တကြိမ် ရန်ရှူးထန်ရောက်လာသည့်အချိန်တွင် ပြောလိုက်ရတော့၏။
"နောက်ဆိုရင် ငါ့ဆီကိုအမြဲတမ်းမလာနဲ့တော့..."
ရန်ရှူးထန်သည်ကား အနည်းငယ်မှင်သက်သွားကာ မေးလိုက်လေသည်။
"ငါမင်းကိုနှောင့်ယှက်နေသလိုဖြစ်သွားလို့လား..."
"အဲဒီလိုလည်းမဟုတ်ပါဘူး..."
ဖုယွမ်ကျိုးက ခပ်တိုးတိုးရေရွတ်လိုက်သည်။ အမှန်တော့ ရန်ရှူးထန်မှာ ရှေ့တိုးရမည့်အချိန်နှင့်နောက်ဆုတ်ရမည့်အချိန်ကို ကောင်းကောင်းသိပြီး အဆုံးအထိလုပ်နိုင်ခဲ့သည်။ လူများကိုလည်းမနှောင့်ယှက်ခဲ့ဘဲ အထင်လွဲမှုကိုဖြေရှင်းပြီးသည့်နောက်ပိုင်း သူလည်းရန်ရှူးထန်အပေါ်ကို စိတ်ယိုင်လာခဲ့သည်။ ထိုသူက သူ့အားအကူအညီပေးခဲ့သည့်အခါ သူ့စိတ်ကပျော့ပျောင်းလာပြီး မထင်မှတ်ထားသည့်အချိန်အတွင်း တဖက်လူကို ဖြည်းဖြည်းချင်းလက်ခံနေခဲ့မိပြီ။
"မင်းငါ့ကိုရှာနေတာကို မြင်တဲ့လူတွေရှိတယ်.."
နောက်ဆုံးတော့ သူရန်ရှူးထန်ကိုပြောလိုက်ရသည်။
"သူတို့ကငါ့ကိုမေးနေကြတယ်...ငါလည်းမပြောပြတတ်တော့ဘူး..."
သူပြောလိုက်သည့်စကားကြောင့် ရန်ရှူးထန်က ခေတ္တမျှတိတ်ဆိတ်သွားကာ နားလည်နိုင်သည့်ပုံစံဖြင့်ပြန်မေးလာခဲ့လေသည်။
"ဒါဆို ကျောင်းအပြင်မှာပဲတွေ့ကြမလား..."
"....."
ဖုယွမ်ကျိုး တိတ်ဆိတ်သွားလေသည်။
"တစ်ပတ်မှာတစ်ရက်ပဲလေ"
ရန်ရှူးထန်က ကြိုးစားပြီးညှိနှိုင်းနေရှာသည်။
"....."
"နှစ်ပတ်ဆိုရင်ရော"
ထိုသူ၏အသံက ပိုပြီးသတိကြီးလာသလိုပင်။
"နေတော့..."
ဖုယွမ်ကျိုးမှာ သူမေးလိုက်သည့်မေးခွန်းကြောင့် သည်းမခံနိုင်တော့ဘဲ စိတ်လျှော့လိုက်ရတော့သည်။ သည်းမခံနိုင်ရခြင်းမှာလည်း နေရာတကာ အတင်းလိုက်ပြောနေသူများကိုသာ။
ငိုးထဲမှ..ဘယ်သူကဂရုစိုက်နေလို့လဲ...
"ငါဘာမှမပြောခဲ့ဘူးလို့ပဲသဘောထားလိုက်တော့..."
"ကျေးဇူးပဲ..."
ရန်ရှူးထန်က သူ့အား ကျေးဇူးပင်တင်လာသေးသည်။ ခပ်ရေးရေးမျှပြုံးနေသောကြောင့် ပျော်နေသည်မှာ အသေအချာပင်။ ထိုသူ၏အပြုံးကိုမြင်လိုက်ရသည့်အခါ ဖုယွမ်ကျိုးမှာ တခဏမျှတောင့်တင်းသွားခဲ့သည်။ သူ့နှလုံးသားက သိမ့်ခနဲလှုပ်ရှားသွားပြီး ခပ်မြန်မြန်ပင်အကြည့်လွှဲလိုက်ရတော့၏။
ကျောင်းမှလူများမှာ ရန်ရှူးထန်ကို မြင်ဖူးနေကြပြီး အနှီသူကချောမောသည့်အကြောင်း ချီးကျုးနေခဲ့ကြသည်ကို ဖုယွမ်ကျိုးမှာ အမြဲကြားနေခဲ့ရကာ အထက်တန်းကျောင်းတုန်းကနှင့်အတူတူပါလားဟုပင် တွေးမိသွားခဲ့သေး၏။
နောက်ထပ်ရက်အနည်းငယ်ကြာသည့်အခါ အတန်းပြီးသည်နှင့် တုမန်ကဖုယွမ်ကျိုးထံရောက်လာပြီး အကူအညီတောင်းလာခဲ့သည်။
"သူရဲကောင်းကြီး...ငါ့ကိုကူညီပါဦး..."
"ဘာလဲ..."
သူမရောက်လာ၍ ဖုယွမ်ကျိုးမှာ အနည်းငယ် မလုံမလဲဖြစ်လာခဲ့သည်။ သူ့ကို တုမန်ကအမြဲလာရှာခဲ့သော်လည်း သူကမူ သူမကို တမင်တကာရှောင်ဖယ်နေခဲ့သည်။ ဤတကြိမ်တွင်လည်း သူရှောင်နေမိသည့်တိုင် သူမကအရေးကြီးနေသည့်အတိုင်း အကူအညီတောင်းလာသောကြောင့် ပုံမှန်အတိုင်းပြန်မေးလိုက်သည်။
"နင်လည်းသိပါတယ်...ငါက ကျောင်းက ပွဲကျင်းပရေးကော်မတီအဖွဲ့ဝင်လေ...စနေ့နေ့မနက်ကျရင် အခြားကျောင်းနဲ့စကားရည်လုပွဲလုပ်မှာမလို့ ငါတို့သွားရမှာ..."
တုမန်: "ဒီပွဲအတွက် ဓာတ်ပုံရိုက်ပေးဖို့လူကိုလည်းရှာထားပြီးပြီ...ဒါပေမဲ့ မနေ့က အလုပ်ကိစ္စပေါ်လာလို့ဆိုပြီး အဲဒီလူကမလာနိုင်တော့ဘူး...နင်ကဓာတ်ပုံရိုက်တာကျွမ်းတယ်လေ..ငါ့ကို အားရင်လာကူညီပါလား..."
"အင်း...ရတယ်လေ...ငါအားပါတယ်..."
"နင်ကသဘောကောင်းမယ်ဆိုတာ ငါသိနေတယ်!"
တုမန်သည်လည်း ပျော်ရွှင်နေပြီး ပုခုံးကို စိတ်ရှိလက်ရှိရိုက်ပုတ်လာလေ၏။
"ကျေးဇူးပဲဟာ...ငါနင့်ကိုပဲအပ်ထားလိုက်တော့မယ်...နောက်မှနင့်ကိုညစာလိုက်ကျွေးတော့မယ်!"
ဖုယွမ်ကျိုးသည်ကား သူငယ်ချင်းတစ်ယောက်ကိုကူညီသည်ဟု သဘောထားရုံမှလွဲပြီး အခြားအတွေးမတွေးမိပေ။ ကင်မရာကိုထုတ်လိုက်ပြီး ပွဲကျင်းပသည့်နေရာသို့ထွက်သွားခဲ့သည်။ သူက ခပ်စောစောရောက်သွားခဲ့သောကြောင့် တုမန်နှင့်အခြားသူများ အလုပ်လုပ်နေပုံကို အရင်ဓာတ်ပုံရိုက်ချင်ခဲ့သည်။ အချိန်ကပ်လာသည့်အခါ လူကပိုများလာခဲ့၏၊ မထင်မှတ်ဘဲ ပွဲကိုလာကြည့်ကြသူများက အတော်လေးများပြားနေခဲ့သည်။
"တကယ်တော့...ရန်ရှူးထန်ကိုလာကြည့်တဲ့လူတွေကအများကြီးပဲလေ..."
တုမန်က သူ့အားပြောပြလာလေသည်။
"သူတို့က ဘေးအခန်းတစ်ခန်းမှာပြင်ဆင်နေကြတယ်..."
ဖုယွမ်ကျိုးမှာ တဒင်္ဂမျှတောင့်ခဲသွားခဲ့သည်။ ရန်ရှူးထန်ပါ လာမည်ဟု သူသတင်းမကြားခဲ့မိပေ။
"ဟယ်...နင်မသိဘူးလား..."
တုမန်ကသူ့အား အဓိပ္ပါယ်တစ်မျိုးဖြင့် ဆတ်ခနဲလှမ်းကြည့်သည်။
"သူ့ကြောင့်မလို့ နင်ဒီကိုလာဖို့သဘောတူလိုက်တယ်လို့ ငါကထင်နေတာ..."
"ငါလာတာသူနဲ့ဘာဆိုင်လို့လဲ..."
ဖုယွမ်ကျိုးက ပုံမှန်အတိုင်းပြောလိုက်သော်လည်း မဆိုသလောက်လေး စိတ်တိုနေမိသည်။
ရန်ရှူးထန်က ဒီနေ့ပြိုင်ပွဲမှာဝင်ပြိုင်မယ့်အကြောင်းကို ဘာလို့မပြောတာလဲ။
"အေးတိအေးစက်လုပ်မနေဘဲ သူ့ကိုအားပေးလိုက်ဦး..."
တုမန်က သတိပေးလာလေသည်။
"ငါကအဲဒီလိုလူမျိုးလား..."
"မဟုတ်ရပါဘူးရှင်...သူရဲကောင်းကြီး...ကျွန်မတို့ကို ဓာတ်ပုံရိုက်ပေးပါဦး..."
အခမ်းအနားစတင်သည်နှင့် မကြာမီမှာပင် ပြိုင်ပွဲဝင်များက ခန်းမထဲသို့ဝင်လာခဲ့ကြသည်။ ရန်ရှူးထန်က ဝင်သည့်အခါ လူအုပ်ကြားထဲမှဖုယွမ်ကျိုးကို ဖျတ်ခနဲမြင်လိုက်ရ၏။ သူ့ကိုမြင်လိုက်သည့်အခါ ထိုသူ၏မျက်လုံးနက်တစ်စုံမှာ အနည်းငယ်တောက်ပသွားခဲ့ပြီး အရှေ့တက်လာကာ သူ့အား စိတ်လိုလက်ရနှုတ်ဆက်လာလေ၏။
"မင်းလည်းပြိုင်ပွဲကိုလာတာလား..."
ဖုယွမ်ကျိုးက နှာခေါင်းရှုံ့လေသည်။
"ငါလာလို့မရဘူးလား..."
"ငါကမထင်ထားခဲ့မိလို့ပါ..."
ရန်ရှူးထန်က ခေါင်းခါပြသည်။
"ငါကမင်းနေ့လည်အထိ အိပ်နေမယ်ထင်လို့လေ..."
ဖုယွမ်ကျိုးမှာ ရုတ်တရက် အရှက်ရသွားမိလေ၏။ ရန်ရှူးထန်က သူအိပ်ရာမှမထနိုင်ဟုထင်ပြီး ပြိုင်ပွဲအကြောင်းကို မပြောခဲ့ခြင်းပေလား။သူ့အနေဖြင့် ပိတ်ရက်တွင် လုပ်စရာအလုပ်မရှိတတ်သည်မှာ မှန်ပြီး နေ့လည်အထိ အိပ်နေတတ်သည့်တိုင် အားလပ်နေချိန်တွင် အိပ်ရာထဲ၌လှဲနေစရာအကြောင်းမရှိပေ။
သူက အခဲမကျေစွာဖြင့် သူ့ကိုယ်သူခုခံကာကွယ်လိုက်လေသည်။
"မင်းကငါ့ကိုဘယ်လိုထင်နေတာလဲ...အလုပ်ရှိရင်တော့ အိပ်ရာကထရမှာပေါ့ဟ..."
"သိပါတယ်.."
ရန်ရှူးထန်ကတုံ့ပြန်လိုက်ပြီး ဖုယွမ်ကျိုးလက်ထဲမှကင်မရာကိုကြည့်ကာ ခန့်မှန်းလိုက်လေသည်။
"မင်းဒီကိုလာတာ ဓာတ်ပုံရိုက်ပေးဖို့မလား..."
"ဟုတ်တယ်...တုမန်ကငါ့ကိုအကူအညီတောင်းထားလို့..."
ဖုယွမ်ကျိုးကပြန်ဖြေလိုက်၏။
"....."
ရန်ရှူးထန်က တုမန်ကိုတစ်ချက်လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောလာပေ။
"မင်းပြိုင်ပွဲကိုဝင်ပြိုင်မယ့်အကြောင်း ငါ့ကိုမပြောထားတော့ ငါမသိလိုက်ရဘူး..."
ဖုယွမ်ကျိုးက စောဒကတက်လိုက်လေသည်။
"ဒီနေ့တော့ ငါတို့ကရန်သူတွေပဲ...ငါမင်းကိုအားမပေးနိုင်ဘူး..."
ရန်ရှူးထန်က မှင်သက်သွားပြီး သူ့အားမေးလာလေသည်။
"ငါဒီနေ့ ပြိုင်ပွဲဝင်ပြိုင်မှာလို့ပြောထားခဲ့ရင် မင်းငါ့ကိုအားပေးမှာလား..."
"....."
ဖုယွမ်ကျိုး နင်သွားလေသည်။ ထိုသူက ပြိုင်ပွဲတွင် တကယ်ဝင်ပြိုင်ပြီး လူကိုပါချောင်ပိတ်မိအောင်လုပ်လိုက်သေးသည်။
"ငါပြိုင်တာကိုလာကြည့်ရအောင် အိပ်ရာကနေ အစောကြီးထလာမှာလား..."
ရန်ရှူးထန်က ထပ်မေးလာပြန်သည်။
"ငါပြိုင်တာက မင်းအတွက်အရေးမကြီးဘူးမလား..."
"စကားများလိုက်တာ...ကိုယ်ဟာကိုယ်စဥ်းစားကြည့်ပါလား..."
ဖုယွမ်ကျိုးက သူ့အကြောင်းသူသိနေခဲ့၏။ ရန်ရှူးထန်သာ ပြိုင်ပွဲတွင်ဝင်ပြိုင်မှန်းကြိုသိထားခဲ့ပါက သူ သေချာပေါက်လာကြည့်မည်ပင်။ ထိုအတွက်ကြောင့်ပင် သူက ရန်ရှူးထန်နှင့်ပတ်သတ်လာလျှင် ပိုသိချင်လာခဲ့ပြီး သူ့ခံစားချက်ကိုပိုပြီးရှင်းလင်းလာစေချင်ခဲ့သည်။
"ငါသွားပြိုင်တော့မယ်.."
ရန်ရှူးထန်က သူ့ဆံပင်ကိုလှမ်းထိလာလေသည်။
"မင်းလည်းသေချာကြည့်နေနော်..."
ဖုယွမ်ကျိုးက သူ့လက်ကိုရိုက်ထုတ်ကာ မသိသလိုလုပ်နေလေသည်။
ပြိုင်ပွဲစတင်လေပြီ။ ပြိုင်ပွဲဝင်များက ကျရာထိုင်ခုံတွင်အသီးသီးနေရာယူလိုက်ကြ၏။ ဖုယွမ်ကျိုးက စင်ပေါ်ရှိပြိုင်ပွဲဝင်များကို ဓာတ်ပုံလှမ်းရိုက်လိုက်သည်။ ရန်ရှူးထန်က အဓိကကျသည့်နေရာတွင်ထိုင်နေလေသည်။ ယနေ့တွင် အနက်ရောင်ကုတ်ကို စတိုင်တကျဝတ်ဆင်ထားပြီး ထက်မြက်တည်ငြိမ်သည့်အသွင်ကို ပိုမိုပေါ်လွင်နေစေလေသည်။
ရန်ရှူးထန်က သုံးကြိမ်မြောက်တွင် ဝင်ပြိုင်ခဲ့သည်။ သူ့အလှည့်တွင် အင်မတန်တည်ငြိမ်နေပြီး စကားအခွန်းတိုင်းမှာလည်းတိကျပြတ်သားကာ မေးခွန်းများမှာလည်း ဖြေရခက်ခဲစေလေသည်။ ပရိသတ်များက လက်ခုပ်ဩဘာပေးကြပြီး ဖုယွမ်ကျိုးပင် မနေနိုင်တော့ဘဲ အနှီသူကို ဓာတ်ရုံအနည်းငယ်ခန့်လှမ်းရိုက်မိသွားလေသည်။ သူဓာတ်ပုံရိုက်နေစဥ်မှာပင် သူ့ဘေးမှတယောက်က ခပ်တိုးတိုးဖြင့် ရန်ရှူးထန်အကြောင်းကိုပြောနေသည်ကိုကြားလိုက်ရသည်။
"ရန်ရှူးထန်က အရမ်းတော်တာပဲ..."
"သူ့မှာကောင်မလေးရှိလား..."
"မရှိဘူး...သဘောကျနေတဲ့လူရှိတယ်လို့တော့ကြားတယ်..."
"ဘယ်သူလဲ..."
ဖုယွမ်ကျိုး၏လက်တို့မှာ ဆတ်ခနဲခါသွားပြီး ရလိုက်သည့်ဓာတ်ပုံမှာလည်း ဝါးသွားခဲ့သည်။ ထို့နောက် စိတ်တည်ငြိမ်အောင် သူ့ကိုယ်သူသတိပေးလိုက်၏။
"ငါလည်းမသိဘူး..ကျောင်းကဖြစ်ဖို့များတယ်..ရန်ရှူးထန်ကသူ့နောက်လိုက်နေပေမဲ့ သူကတော့ငြင်းနေတုန်းပဲ..."
"ဂျီးများလွန်းနေတာပဲမလား..ရန်ရှူးထန်ကိုတောင်မကြိုက်ဘူးဆိုတော့..."
"ဒါတော့ ငါလည်းမသိဘူးလေ..အခြားအကြောင်းပြချက်ရှိမှာပေါ့...ဒါနဲ့ နင်ကြားမိလား...ငါတို့တရုတ်စာပေဌာနက ကျောင်းရဲ့ပန်းပွင့်လေးလည်း ရန်ရှူးထန်နောက်ကိုလိုက်နေတယ်တဲ့...ဟုတ်မဟုတ်တော့ မသိဘူး..."
ဖုယွမ်ကျိုးမှာ ဒိတ်ခနဲရင်ခုန်သွားပြီး အာရုံထွေပြားသွားခဲ့သည်၊၊ သူဆက်နားထောင်ချင်သေးသော်လည်း စကားပြောနေသူနှစ်ယောက်၏အသံက ဗလုံးဗထွေးဖြစ်လာပြီး မကြာခင်မှာပင်ရပ်သွားကြတော့သည်။ ထိုသူတို့က ဘာမှဆက်မပြောကြတော့သည့်တိုင် ဖုယွမ်ကျိုးက အာရုံစိုက်နားထောင်နေပြီး ပွဲပြီးချိန်အထိ ဆက်လက်စဥ်းစားနေမိသည်။ သို့ဖြစ်၍ သူ
အလုပ်လုပ်နေစဥ်တလျှောက်လုံး အာရုံပျံ့လွင့်နေခဲ့လေသည်။
နောက်ဆုံးတွင် စကားရည်လုပွဲ၌ ရန်ရှူးထန်ကအနိုင်ရသွားခဲ့သည်။ သူက အကောင်းဆုံးစကားပြောနိုင်စွမ်းရှိသူဖြစ်သည်မှာ အံ့ဩစရာမရှိတော့ပေ။ အခြားကျောင်းမှလူများမှာ အုတ်အော်သောင်းတင်းဖြစ်နေကြပြီး တုမန်နှင့်ကျန်လူများလည်းတက်ကြွနေကြလေသည်။ တစ်ဖက်ကျောင်း၏ရှုံးနိမ့်မှုကိုပင် မသနားကြတော့ပေ။
ပြိုင်ပွဲပြီးဆုံးသွားသည့်အခါ ပရိသတ်လည်းကျဲသွားခဲ့ပြီး တုမန်ကဖုယွမ်ကျိုးထံရောက်လာခဲ့သည်။
"ဓာတ်ပုံတွေရော"
ဖုယွမ်ကျိုးက ကင်မရာထိုးပေးပြီး သူမကိုကိုယ်တိုင်ကြည့်ခိုင်းလိုက်သည်။ တုမန်သည် တစ်ပုံချင်းစီကြည့်နေရာမှ သူမမျက်နှာမှာ မည်းသထက်မည်းလာခဲ့သည်။
"နင်ရိုက်ထားတဲ့ဓာတ်ပုံတွေကိုနင်ကြည့်ပြီးပြီလား..."
"?"
ဖုယွမ်ကျိုး ကင်မရာကိုပြန်ဆွဲယူပြီး အခုလေးတင်ရိုက်ထားသည့်ဓာတ်ပုံများကို ပြန်စစ်ကြည့်လိုက်သည်။ ရှုထောင့်ရော အလင်းအမှောင်ပါ ပြဿနာမရှိဘဲ ကြည်လင်ပြတ်သားနေလေသည်။
"ငါပြောချင်တာ..."
တုမန်က သူ့ကိုဖျတ်ကနဲကြည့်လာသည်။
"ဘာလို့ ဆယ်ပုံမှာ ခုနစ်ပုံလောက်က ရန်ရှူးထန်ပုံတွေဖြစ်နေတာလဲလို့.."
ခုနစ်ပုံမကလျှင်ပင် ဆယ်ပုံ၌ လေးပုံ၊ ငါးပုံလောက်က ရန်ရှူးထန်ပုံများသာ။
"...."
ဖုယွမ်ကျိုးမျက်နှာက ရဲခနဲဖြစ်သွားခဲ့သည်။ ဒါက ရန်ရှူးထန်ကိုရိုက်ထားသမျှပုံက "ပုံကောင်း" လေးတွေချည်းပဲ။ သူဘာလို့အရမ်းတွေသဘောကျနေမိတာလဲ။
သူ၏ဓာတ်ပုံရိုက်စကေးက တဖက်ကမ်းခတ်ကျွမ်းကျင်နေ၍ အခြားဓာတ်ပုံများကလည်း ပုံကောင်းလေးများဖြစ်နေပြီး နံရံတွင်ကပ်ကာပြထားရန်အတွက် လုံလောက်သည်ထက်ပင်ပိုနေသေးသည်။ တုမန်ကကျေနပ်နေဆဲဖြစ်ပြီး ကင်မရာကိုဘေးဖယ်ကာ သူ့အားပြုံးပြလာလေသည်။
"နောက်မှ နင်သီးသန့်သိမ်းထားဖို့ ပုံတွေပို့ပေးမယ်..."
"ဘာကိုသီးသန့်သိမ်းထားရမှာလဲ.."
ဖုယွမ်ကျိုးမှာ ရှက်ပြီးဒေါသထွက်လာ၍ မြေကြီးကွဲသည်အထိ ဆောင့်နင်းပစ်ချင်လာလေသည်။
"အဓိပ္ပါယ်မရှိတာတွေမပြောစမ်းနဲ့!"
"ငါ့ရှေ့မှာ လာမစွာနဲ့..."
တုမန်က သူ့ပုခုံးကိုပုတ်လိုက်ပြီး အတည်ပေါက်နောက်လာလေသည်။
"ဝန်ခံလိုက်စမ်းပါ..နင့်ဘက်ကအရင် ခြေလှမ်းလိုက်...သူများနောက်ပါသွားမှ နောင်တရနေမယ်နော်..."
♎️