♎️Chapter 106
ယွိဖေး -1
စာရေးသူတွင် ပြောစရာရှိပါသည်။
၁။ သာမန်ကမ္ဘာရှုထောင့်၊ ဖုယွမ်ကျိုး အထက်တန်းကျောင်းတွင်ပြန်လည်မွေးဖွားလာခဲ့။
၂။ ယွိဖေးက လိင်ပြောင်းလဲထားသော်လည်း ယခင်ဘဝကအတိုင်း နှစ်ယောက်သားဒိတ်နေကြဆဲ။
၃။ ရှန်းရှီကော လိုင်းမတက်သေးပါ။
"မင်းတို့ မတွေ့ရတာအရမ်းကြာနေပြီဆိုတော့...တစ်ယောက်နဲ့တစ်ယောက်မှတ်မိကြသေးရဲ့လား...ဒါက ရှောင်ဖေး...အန်တီယွိရဲ့သားလေးလေ...ရှောင်လင်ရဲ့ဝမ်းကွဲပေါ့..မင်းတို့ငယ်ငယ်ကအတူကစားခဲ့ကြတာ...ရှောင်ဖေး...ဒါကရှောင်ကျိုးလေ...မှတ်မိသေးလား..."
"ဒါပေါ့..."
ယွိဖေးက လှပသောမျက်လုံးများကို တွန့်ကွေးရင်းပြုံးပြလာသည်။ ယင်းတို့၏အောက်မှ မှဲ့နီလေးကလှုပ်ရှားနေသယောင်ပင်။ အနှီသူ၏အသံမှာ ကြည်လင်ပြီးနားထောင်ကောင်းလေသည်။
"ယွမ်ကျိုး...မတွေ့ရတာကြာပြီနော်..."
"....."
ဖုယွမ်ကျိုးကပြန်မပြောမိဘဲ ယွိဖေးကိုသာကြည့်နေလိုက်မိသည်။ သူ့မျက်လုံးများက အေးခဲနေခဲ့ပြီး မတုံ့ပြန်လိုက်မိပေ။ သူ့အမေကတွန်းလိုက်မှ ခုံပေါ်မှပြုတ်ကျတော့မည့်အထိယိုင်သွားပြီး အသိပြန်ဝင်လာခဲ့လေသည်။
မတိုင်ခင်က ဖုယွမ်ကျိုးသည် အထက်တန်းကျောင်းသားအရွယ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အကြောင်းအရင်းကိုသေချာမသိရသော်လည်း သူ ပြန်လည်မွေးဖွားသည့်အကြောင်းကို ဖုယွမ်ကျိုး တည်တည်ငြိမ်ငြိမ်ပင်လက်ခံခဲ့သည်။
ယနေ့မတိုင်ခင် ရေခြားမြေခြားရောက်နေသော သူ့ကောင်မလေးယွိဖေးက တရုတ်ပြည်ပြန်ရောက်လာတော့မည်ဟု အကြောင်းကြားလာသောကြောင့် လေဆိပ်တွင်သွားကြိုခဲ့ကြသည်။ ယခုတော့ သူတွေ့လိုက်ရသည့် သူ့ကောင်မလေးဆိုသူမှာ ယောကျ်ားရင့်မာကြီးတစ်ယောက်ဖြစ်နေလေ၏။
"ဘာဖြစ်တာလဲ...ရှောင်ကျိုး...မျက်နှာလည်းမကောင်းပါလား...နေမကောင်းလို့လား..."
ဖုယွမ်ကျိုးက ချွေးစေးများပြန်နေပြီး မျက်နှာမှာလည်းဖြူဖတ်ဖြူရော်ဖြစ်နေမှန်း မာမားဖုကသတိထားမိသွားခဲ့ပြီး ချက်ချင်းမေးမြန်းလာခဲ့သည်။ ဖုယွမ်ကျိုးမှာ မူးဝေနေကာ နဖူးကိုအုပ်ကိုင်ထားရင်း ခေါင်းယမ်းပြလိုက်ရလေ၏။ ပြန်လည်မွေးဖွားလာပြီးနောက် သူနှင့်အတူ နှစ်များစွာရှိလာခဲ့သည့် သူ၏ကောင်မလေးမှာ ယခုတော့ယောကျ်ားတစ်ယောက်ဖြစ်နေခဲ့သည်။ မျှော်လင့်မထားခဲ့သည့်ဖြစ်ရပ်မှာ အိပ်မက်ဆိုးတစ်ခုလိုပင်။ ဖုယွမ်ကျိုး၏ခန္ဓာကိုယ်က သန်မာနေသေးသောကြောင့်သာ မေ့လဲမသွားသေးခြင်းဖြစ်လေသည်။
သူမယုံကြည်ချင်သော်လည်း သူ့အရှေ့တွင် အနှီသူကလူအကောင်လိုက်ရပ်နေခဲ့၏။ အတိတ်က ချစ်စရာကောင်းပြီးရှက်တတ်သောကောင်မလေးက ယခုတော့ လူချောလေးတစ်ယောက်ဖြစ်သွားခဲ့ပြီ။ သူ့ထက်အရပ်ပိုရှည်ပြီး ပိုလည်းကြည့်ကောင်းသည်။ တတိယခြေထောက်ဆိုလျှင် သူ့ထက်ပင်ပိုကြီးနိုင်သေး၏။
ကိုယ်တွင်းအင်္ဂါများမှာ ရောထွေးကုန်ပြီထင်သည်။ အောင့်သက်သက်ဖြင့် ဆန့်ထုတ်ထားသောယွိဖေး၏လက်ကိုကြည့်ရင်း ဖုယွမ်ကျိုးမှာ မကိုင်ရဲပေ။ လက်ချောင်းလေးဖြင့်သာတို့လိုက်ပြီး နေမကောင်းဟု အကြောင်းပြလိုက်သည်။ ထို့နောက် ကားထဲဝင်ထိုင်နေပြီး ပြန်လည်ဆုံတွေ့ကြသည့်အထိမ်းအမှတ်ညစာကိုပင် မစားလိုက်ရချေ။
ရှောင်ဖေးက ဘယ်လိုလုပ် ယောကျ်ားလေးဖြစ်သွားရတာလဲ။ ဖုယွမ်ကျိုးမှာ စောင်ထဲတွင်ကွေးနေရင်း ခေါင်းခြောက်နေရလေတော့၏။
သူပြန်လည်မွေးဖွားလာခြင်းက အကြောင်းပြစရာမရှိသလို ယွိဖေးက ယောကျ်ားလေးဖြစ်သွားရသည့်အတွက်လည်း အကြောင်းရင်းမရှိပေ။ ယင်းသည်ကား သိပ္ပံပညာဖြင့်ပင် ဖြေရှင်းရခက်သည့်ကိစ္စဖြစ်နေလေသည်။ ဖီးလစ်က ယောကျ်ားလေးတစ်ယောက်အဖြစ်မွေးဖွားလာပြီး မိန်းကလေးဖြစ်ရန် ကံပါလာသည်ဟုပြောလျှင် အားလုံးကသူ့ကို ရူးနေသည်ဟု ထင်သွားကြလိမ့်မည်။
အကြောင်းမှာမူ သူက သူ့ချစ်သူကောင်မလေး ယောကျ်ားလေးတစ်ယောက်ဖြစ်သွားခဲ့သည့် အမှန်တရားကို လတ်တလောတွင် လက်မခံနိုင်ခြင်းပင်။ ဖုယွမ်ကျိုးက ရှဲ့လင်အိမ်ကိုပင် ရက်ပိုင်းခန့်မသွားတော့ပေ။ ထိုသူနှင့်ယွိဖေးတို့က ဝမ်းကွဲမောင်နှမများဖြစ်သောကြောင့် ယွိဖေးကထိုသူအိမ်တွင်နေ နေလေသည်။
အဆိုပါအခြေအနေက ရက်ပိုင်းမျှကြာသည်အထိ ဖြစ်နေခဲ့သည်။ ယွိဖေးက ဖုယွမ်ကျိုးအိပ်ခန်းရှေ့အထိ အရင်ရောက်လာခဲ့ပြီး ဖုယွမ်ကျိုး၏အိပ်ခန်းတံခါးကိုလာခေါက်ခဲ့သည်။
ဖုယွမ်ကျိုးသည်ကား ထပ်ပြီး ပုန်းနေရန်မဖြစ်နိုင်တော့သောကြောင့် ကျည်ဆံကိုက်ကာ တံခါးဖွင့်ပေးလိုက်ရသည်။ ယွိဖေးက အခန်းအပြင်တွင် စိတ်ပျက်လက်ပျက်နှင့်ရပ်နေသည်ကိုမြင်လိုက်ရသည့်အခါ သူကြောင်အသွားမိလေ၏။ ခဏတွင်းချင်း သူ့နှလုံးသားထဲ၌ စိတ်ဖိစီးမှုများဖြင့်တင်းကျပ်လာရသည်။ သူယွိဖေးဘက်တွင် တစ်ခုခုဖြစ်နေသည်ဟု မထင်ခဲ့မိပါချေ။
"ငါပြန်လာတည်းက မင်းငါ့ကိုမကြိုဆိုသလိုပဲ...ရှောင်တောင်ရှောင်နေလိုက်သေးတယ်..."
ယွိဖေး အပြုံးကခါးသက်သက်။
"ငါအမှားတစ်ခုခုလုပ်မိလို့လား..."
"ငါမင်းကိုမကြိုဆိုခဲ့လို့လား...!"
ဖုယွမ်ကျိုးက ရှင်းပြရန်စိတ်လောနေခဲ့ပြီး တစ်ချိန်တည်းမှာပင် နောင်တရသွားခဲ့သည်။ တကယ်တမ်းတွင် သူ ရှောင်ဖေးအား ကူညီပေးခဲ့သည့်တိုင် ထိုသူ၏ခံစားချက်ကိုမူ သတိမပြုလိုက်မိပေ။ သူ့ဘက်မှတုံ့ပြန်မှုကိုမြင်ပြီး ရှောင်ဖေး စိတ်မသက်မသာဖြစ်သွားလိမ့်မည်ပင်။ သူက လျစ်လျူရှုထားမိသည်မလား။
ရှောင်ဖေးက လိင်မတူတော့သော်လည်း ရှောင်ဖေးဖြစ်နေဆဲပင်။ ချစ်သူမဟုတ်တော့လျှင်ပင် သူ့ညီပင်ဖြစ်သောကြောင့် ထိုသူကို ပိုပြီးဂရုစိုက်ပေးသင့်သည်။
"တောင်းပန်ပါတယ်...ငါဒီရက်ပိုင်းထဲမှာ နေလို့သိပ်မကောင်းလို့ပါ...ဒါပေမဲ့ အခုပိုပြီး သက်သာလာပါပြီ..."
ဖုယွမ်ကျိုးက သူ့စိတ်ရင်းအမှန်ကိုဖော်ပြနိုင်ရန် ရှောင်ဖေးမျက်လုံးထဲသို့ တည့်တည့်ကြည့်လိုက်သည်။ သူအခုကြည့်နေရသည့်မျက်နှာက ယခင်ဘဝကနှင့်တထပ်တည်းပင်။ သူသည်ကား အနည်းငယ်ခန့် သတိလက်လွတ်ဖြစ်သွားခဲ့ကာ မကြာခင်မှာပင် သူ့ကိုယ်သူပြန်ထိန်းလိုက်နိုင်သည်။
"ပြန်လည်ကြိုဆိုပါတယ်..ရှောင်ဖေး..မင်းကိုထပ်တွေ့ရလို့ဝမ်းသာပါတယ်..."
"တကယ်လား"
သူ့စကားကြောင့် ယွိဖေးက ပြန်လည်ပြုံးရွှင်လာလေသည်။
"မင်းငါ့ကိုမမုန်းသွားသရွေ့တော့...ငါစိတ်အေးပါတယ်..."
မျက်နှာအမူအရာမှာ ယခင်အတိုင်းမပြောင်းမလဲဖြစ်နေသေးသော်လည်း ပိုလှပပြီး နူးညံ့နေလေသည်။ ယောကျ်ားလေးတစ်ယောက်တွင်ရှိသင့်သည့် ချောမောခန့်ညားမှုအစား ထိုသူမှာ ဆွဲဆောင်မှုရှိစွာဖြင့် လှပနေခြင်းဖြစ်လေသည်။ ယွိဖေး၏အလွန်တရာမှ ညို့အားပြင်းသည့်အပြုံးကြောင့် ဖုယွမ်ကျိုးမှာ ခေါင်းကိုခါယမ်းလိုက်မိလေသည်။ သူ့နှလုံးက မထိန်းသိမ်းနိုင်လောက်အောင် အရိုင်းဆန်စွာဖြင့်ခုန်ပေါက်နေခဲ့ပြီ။ ထိုသူက သူနှင့်အတူ နှစ်ပေါင်းများစွာ အတူရှိလာခဲ့သူပင်။
ငါဖြည်းဖြည်းချင်းကျော်လွှားသွားနိုင်မှဖြစ်မယ်။
အကြီးမားဆုံး စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲကြီးနှင့်ကြုံတွေ့လိုက်ရပြီးနောက် ဖုယွမ်ကျိုး အတတ်နိုင်ဆုံးကြိုးစားပြီး ယွိဖေးနှင့်ဆက်ဆံရေးကိုပြောင်းလဲရန်ကြိုးစားကြည့်ခဲ့သည်။ ယွိဖေးကို သူ့ညီလေးအဖြစ် ဆက်ဆံပေးခဲ့သည်။
မကြာမီမှာပင် သူတို့နှစ်ဦးမှာ စတွေ့စဥ်က စိမ်းသက်နေမှုကိုဖျက်ဆီးလိုက်နိုင်ပြီး တဖန်ပြန်လည်ရင်းနှီးလာကြ၏။ ယွိဖေးက သူ့ထက်ငယ်သည့်တိုင် ယခင်ကအတိုင်း သူ့အား "ကျိုးအာ" ဟုခေါ်ရသည်ကို အတော်လေးနှစ်သက်နေဆဲ။
ယွိဖေးထံမှ အဆိုပါခေါ်သံမျိုးကိုကြားရသည့်အခါ ဖုယွမ်ကျိုးမှာ ငိုင်သွားရပြန်၏။ ထို့နောက် သူ၏မူလစိတ်အခြေအနေကိုပြောင်းလဲရန်မှာ အတော်လေးခက်ခဲသည်ဟု လက်ခံလိုက်ရလေတော့သည်။
ယွိဖေးသည်လည်း အမှတ် ၁ အလယ်တန်းကျောင်းတွင် ပညာသင်နေခဲ့ပြီး ဖုယွမ်ကျိုးထက် တစ်တန်းသာငယ်နေခဲ့သည်။ ထိုသူသည်ကား အထက်တန်းကျောင်းတွင် လူသစ်လေးသာဖြစ်နေလေ၏။ သို့သော်လည်း ယွိဖေးမှာ နေရာအစုံတွင်ထူးချွန်ပြီး သိမ်မွေ့ကာ ရန်လိုတတ်ခြင်းမရှိသောကြောင့် လူချစ်လူခင်ပေါများသည်။ ယောကျ်ားလေးရော မိန်းကလေးများပါ သူ့အားနှစ်သက်ကြသော်လည်း ထိုသူကမူ ဖုယွမ်ကျိုးကိုသာ အခင်မင်ဆုံးဖြစ်နေလေသည်။
ထိုနေ့က နေ့လည်စာနားချိန်တွင် ဖုယွမ်ကျိုးက အားကစားကွင်းထဲသို့ဖြတ်သွားသည့်အခိုက် ယွိဖေးက အခြားကောင်လေးများနှင့် ဘတ်စဘောကစားနေသည်ကိုမြင်လိုက်ရသည်။ သူသည်လည်း စိတ်ဝင်စားသွားသောကြောင့် ရပ်ကြည့်နေလိုက်မိလေ၏။
ယွိဖေးက ကောင်းကောင်းကစားနိုင်ပြီး သူ့လောက်မဆိုးပေ။ ယင်းကြောင့် ဖုယွမ်ကျိုးမှာ အခက်တွေ့သွားရလေ၏။ ထို့အပြင် ယခင်ကဆိုလျှင် ရှောင်ဖေးက ဘတ်စကတ်ဘောအကြောင်း သိသူမဟုတ်။ လိင်ပြောင်းလဲသွားသည်နှင့် ယခင်ကသိခဲ့ဖူးသူဖြစ်သည့်တိုင် အတော်လေးကွဲပြားသွားသလိုပင်။
ကစားကြပြီးနောက် ယွိဖေးက ပွဲစဥ်တဝက်မှာပင်အနိုင်ရသွားပြီး ကစားဖော်များနှင့် လက်ဝါးချင်းရိုက်ကာ အောင်ပွဲခံနေလေသည်။ ပြီးနောက် ဘေးတွင်ရပ်ကြည့်နေသော ဖုယွမ်ကျိုးကိုမြင်လိုက်သည်နှင့် ထိုသူ၏မျက်လုံးများက တမဟုတ်ချင်းတောက်ပသွားခဲ့သည်။ သူသည်ကား ဘောလုံးကို ကစားဖော်များထံပစ်ပြေးလိုက်ကာ ဖုယွမ်ကျိုးထံသို့လျှောက်လာရင်း ပြုံးကာပြောလိုက်လေသည်။
"ကျိုးအာ...ငါကစားတာကိုလာကြည့်တာလား..."
"မင်းကစားတာအရမ်းကောင်းတယ်..မင်းကတော်သားပဲ..."
ဖုယွမ်ကျိုးက ဖြတ်သွားသည့်အကြောင်းကိုမပြောလိုက်ဘဲ ယွိဖေးကစားသည်ကိုပင်ကြည့်နေခဲ့လေ၏။
"တကယ်လား..."
ယွိဖေးကမျက်မှောင်ကြုတ်လိုက်၏။ ယခုလေးတင် ကွင်းဘေးတွင်ထိုင်အားပေးနေသူများရှိသော်လည်း ဖုယွမ်ကျိုး၏ ရိုးရှင်းသောချီးကျုးမှုလေးလောက် ပျော်စရာမကောင်းခဲ့ပေ။
"ငါသွားရတော့မယ်..."
ဖုယွမ်ကျိုး လက်ထဲမှ ပလက်စတစ်အိတ်ကိုမြှောက်ပြလိုက်သည်။
"ငါရေထွက်ဝယ်တာ...ပြန်သွားရဦးမှာ..."
ယွိဖေး: "ငါလည်းပြန်လိုက်ခဲ့မယ်..."
"ဟမ် နောက်တစ်ပွဲမကစားတော့ဘူးလား..."
ကစားဖော်တစ်ယောက်က လှမ်းမေးလာခြင်းပင်။
"စကားများမနေနဲ့တော့...သွားကြမယ်..."
ယွိဖေးကပြုံးကာ သူ့အိတ်များကိုကောက်ကိုင်ရင်း ဖုယွမ်ကျိုးကိုပြုံးပြလိုက်သည်။
"ငါမင်းရဲ့အတန်းမှာ ခဏလောက်ဝင်ထိုင်နေလို့ရလား..."
"ရတယ်လေ..."
ဖုယွမ်ကျိုးက ပုံမှန်အတိုင်း တုံ့ပြန်လိုက်၏။ ယွိဖေးကသူနှင့် စစ်တုရင်ကစားရန် မကြာခဏရောက်လာတတ်ပြီး အတန်းကလည်း သူတို့နှစ်ယောက်က ခင်မင်ကြကြောင်းသိထားကြလေ၏။ အားလုံးက ယွိဖေးကို ဖုယွမ်ကျိုး၏အမြှီးလေးဟု ဝိုင်းစတတ်ကြပြီး အနှီသူကလည်း သူဘယ်သွားသွားအမြဲလိုက်လာတတ်လေသည်။
ယွိဖေးကလည်း အဆိုပါစနောက်မှုကို စိတ်ဆိုးသည့်ပုံစံမပြပေ။ ဖုယွမ်ကျိုးအနောက်ကို လိုက်ကပ်နေရသည့်အတွက် ကျေနပ်ကြောင်းကိုပင် ဝန်ခံလာလိုက်သေးသည်။
"ဘယ်အချိန်တွေ့ကြမလဲ..."
ယွိဖေးသည် ဖုယွမ်ကျိုးအတန်းထဲသို့ရောက်လာပြီး လူတိုင်းကလည်း ထူးဆန်းသလိုတုံ့ပြန်ခြင်းမရှိကြပေ။ တုမန်ကဖုယွမ်ကျိုးဝယ်လာပေးသည့် ရေဘူးကိုလှမ်းယူပြီး သိချင်စိတ်ဖြင့်မေးလိုက်လေသည်။
"ငါတို့ကအုပ်ကြီးနဲ့ယွမ်ကျိုးကိုပဲ ငယ်သူငယ်ချင်းတွေလို့ထင်ထားခဲ့ကြတာ...နင်ကရော..."
ယွိဖေး: "ရှဲ့လင်နဲ့ငါကဝမ်းကွဲ...ငါတို့သုံးယောက်က ငယ်ငယ်တည်းက အတူကစားလာခဲ့ကြတာ.."
"အာ...ဟုတ်လား..."
အားလုံး အံ့ဩသွားခဲ့ကြသည်။
"နင်တို့ညီအစ်ကိုတွေက တကယ်မတူတာပဲ..."
အမှန်ပင် ယွိဖေးနှင့်ရှဲ့လင်တို့နှစ်ယောက်လုံး ထူးချွန်ကြသည်မှာ သံသယဖြစ်စရာမရှိသော်လည်း နှစ်ယောက်လုံးက ကွဲပြားခြားနားကြသည်။ အများစုက သူတို့နှစ်ယောက်ကို သွေးနီးသည်ဟုပင် မထင်မှတ်ထားခဲ့ကြချေ။
"အားလုံးက ဒီအတိုင်းပြောကြတာပဲ..."
ယွိဖေးက တဖန်ပြောလာပြန်၏။
"ငါ့ဝမ်းကွဲအစ်ကိုနဲ့ငါက အရမ်းကွာခြားတယ်...ဒါပေမဲ့ ငါနဲ့ယွမ်ကျိုးကတော့ အတော်လေးတူကြတယ်လို့ထင်တယ်..."
ရှဲ့လင်နှင့်ယွိဖေးတို့မှာ ညီအစ်ကိုများဖြစ်နေလျှင်ပင် အချင်းချင်းကမရင်းနှီးပေ။ ကျောင်းတွင် ယွိဖေးက ဖုယွမ်ကျိုးနှင့်သာနီးကပ်နေခဲ့သည်။
"ငါငါးနှစ်အရွယ်လောက်က နိုင်ငံခြားထွက်သွားရတယ်..ငါ့အတွက် အစပိုင်းနေ့ရက်တွေကတော့ ခက်ခဲကြမ်းတမ်းနေခဲ့တာပဲ..."
ယွိဖေး: "ငါနေတဲ့နေရာမှာ တရုတ်လူမျိုးတွေက လူနည်းစုပဲနေကြတာလေ...ရပ်ကွက်ထဲမှာက နိုင်ငံခြားသားတွေနဲ့ပဲပြည့်နေတာ...အဲဒီတုန်းက ငါ့အင်္ဂလိပ်စကားပြောက အရမ်းဆိုးတာလေ...အဲဒီတော့ ငါသူတို့နဲ့မကစားနိုင်ဘူး..ငါအမြဲတမ်းတစ်ယောက်တည်းဖြစ်ခဲ့ရတာ...အရမ်းအထီးကျန်တာပဲ..."
"ငါသူ့ကိုအရမ်းသတိရနေခဲ့ရတာ...ငါတနေ့ တရုတ်ပြည်ကိုပြန်ရောက်ရင်...သူ့ကိုဘယ်တော့မှထားမသွားတော့ဘူးလို့တောင် တွေးထားခဲ့သေးတယ်..."
"......"
ဖုယွမ်ကျိုးနှလုံးသားက ပြင်းပြင်းထန်ထန်လှုပ်ခတ်သွားခဲ့သည်။ ယခင်ဘဝကလည်း ရှောင်ဖေးက ယခုလိုစကားမျိုးပြောခဲ့ဖူး၏။ တဖန်ပြန်ကြားရသည့်အခါ နာကျင်နေရဆဲပင်။ ရှောင်ဖေးက ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ သူတို့နှစ်ယောက်လုံး အပြန်အလှန်လွမ်းဆွတ်ခဲ့ရသည်။ သူငယ်ချင်း သို့မဟုတ် ညီအစ်ကိုများဖြစ်နေလျှင်ပင် သူ့အနေဖြင့် ရှောင်ဖေးကိုဂရုစိုက်ပေးရလိမ့်မည်။
ထိုနေ့နောက်ပိုင်း ဖုယွမ်ကျိုးနှင့်ယွိဖေးတို့သည် ပိုရင်းနှီးလာပြီး သူ့ဘက်မှလည်း ယွိဖေးကို နေရာတိုင်းတွင်ဂရုစိုက်ပေးခဲ့သည်။ သူ့မိဘများက ၎င်းကိုတွေ့မြင်ကြရသည့်အခါ စိတ်ပေါ့ပါးသွားခဲ့ကြလေ၏။ အံ့အားသင့်ခဲ့ကြရသည်မှာ ဖုယွမ်ကျိုးက ယခုလိုဂရုစိုက်တတ်သည့်အခြမ်းကို တော်ရုံထုတ်မပြတတ်သောကြောင့်ဖြစ်ပြီး စိတ်ပေါ့ပါးသွားကြရသည်မှာ ထိုကလေးက တကယ်အရွယ်ရောက်လာပြီဟုခံစားရသောကြောင့်ဖြစ်လေသည်။
♎️