Chapter 107
Viewers 20k

♎️Chapter 107

ယွိဖေး -2



ထိုညတွင် ဖုယွမ်ကျိုးသည် ယွိဖေးကိုအိမ်စာကူလုပ်ပေးရန် ထိုသူ၏အခန်းထဲသို့လာခဲ့လေသည်။ အိမ်စာလုပ်ရန်စာဆိုသော်လည်း ထိုသူ၏အဆင့်များက အတော်လေးကောင်းနေသေး၏။ အဓိကအားဖြင့် သင်ခန်းစာများအကြောင်းကို ဆွေးနွေးကြရန်သာဖြစ်လေသည်။


အဆင့်များက ကွာခြားနေသော်လည်း ယွိဖေးနှင့်အတူစာကျက်လျှင် ယခင်ကသိထားခဲ့သမျှကို ပြန်လည်ဖော်ထုတ်နိုင်လိမ့်မည်။ ဖုယွမ်ကျိုးက သူနှင့်အတူ စာကျက်ခြင်းက အကျိုးအမြတ်များလိမ့်မည်ဟု ယူဆထား၏။


အဖြေလွှာတစ်ရွက်ပြီးသွားသည့်နောက် ဖုယွမ်ကျိုးက ဖုန်းထုတ်ကြည့်လိုက်ပြီး ညနက်နေပြီဖြစ်ကြောင်းသိသွားရကာ ကျောပိုးအိတ်ထဲသို့ ပစ္စည်းများထည့်ရင်း သွားရန်ပြင်လိုက်သည်။ 


"ငါရှဲ့လင်ကို နှုတ်ဆက်ပြီးသွားတော့မယ်..မင်းလည်းစောစောအိပ်တော့...စောစောအိပ်နော်...ဖုန်းကြည့်မနေနဲ့တော့..."


"ငါမသိရသေးတဲ့မေးခွန်းတစ်ခုရှိသေးတယ်..." 

ယွိဖေးကရုတ်တရက်မေးလာခဲ့သည်။


"ဘာလဲ..."


ဖုယွမ်ကျိုးမှာ တံခါးကိုပင်ဖွင့်ထားပြီးဖြစ်နေသော်လည်း သူ့စကားကြောင့် ပြန်လှည့်လာပြီး စားပွဲခုံတွင်ဝင်ထိုင်ရပြန်သည်။


"စာနဲ့ပတ်သတ်တဲ့မေးခွန်းမဟုတ်ဘူး...ဘဝနဲ့ပတ်သတ်တာ.."

 ယွိဖေးက စားပွဲခုံတွင်ထိုင်နေသည်။ ဘောပင်ကိုလှည့်နေသည့်လက်ချောင်းလေးများကရပ်သွားခဲ့ပြီး ဖုယွမ်ကျိုးကို မော့ကြည့်လာသည်။ 

"ငါစဥ်းစားနေတာ...လူတစ်ယောက်ကိုနမ်းရတဲ့ခံစားချက်ကဘယ်လိုများလဲလို့..."


"....."


"ငါက ရည်းစားလည်းမထားဖူးတော့ အတွေ့အကြုံလည်းမရှိဘူးလေ..." 

ယွိဖေးအသံက တိုးညှင်းနေလေ၏။ 

"အားယွမ်ရော...ကြုံဖူးလား..."


"အဲဒါက..."


အစကမူ ဤမေးခွန်းမျိုးက အတော်လေးမသင့်လျော်သလိုခံစားမိပြီး ဖုယွမ်ကျိုးမှာ ရင်တုန်သွားခဲ့ရကာ ယွိဖေးက လက်ရှိတွင်ယောကျ်ားလေးတစ်ယောက်ဖြစ်ကြောင်း သူ့ကိုယ်သူသတိပေးလိုက်ရသည်။ ထိုသူကလည်းသူ့အား စိတ်ဝင်စားမည်မဟုတ်ပေ။ သို့ထိတိုင် သူသည်ကား သိချင်နေဆဲဖြစ်သောကြောင့် အသေအချာပြန်ဖြေပေးလိုက်၏။ 


"အဲဒါက ပြောဖို့အဆင်မပြေဘူး..."


ယွိဖေးက ဘောပင်အားလှည့်ကစားနေသည်ကိုရပ်လိုက်သောကြောင့် လက်ချောင်းကြားမှဘောပင်က စားပွဲခုံပေါ်သို့ပြုတ်ကျသွားခဲ့သည်။ 


"မင်းကြုံဖူးပြီးပြီလား...ဘယ်သူနဲ့လဲ..."


"....."


ဖုယွမ်ကျိုးမှာ မင်းတစ်ယောက်တည်းပါဟု အဖြေမပေးနိုင်ပေ။


သူလည်းစကားမပြောသလို ယွိဖေးကလည်းသူ့အား တိတ်ဆိတ်စွာဖြင့်ကြည့်နေခဲ့သည်။ ဖုယွမ်ကျိုး၏မျက်လုံးတို့က မသိလိုက်ခင်မှာပင် အောက်ဘက်သို့တရွေ့ရွေ့ဆင်းသွားခဲ့ပြီး ယွိဖေး၏နှုတ်ခမ်းထက်သို့ရောက်သွားခဲ့သည်။ ၎င်းတို့က နီရဲစိုရွှမ်းနေပြီး အလွန်နူးညံ့ပုံရသည်။ အသားအရည်မှာ အလွန်တရာမှဖွေးဥနေကာ မည်းနက်သည့်နေရာဟူ၍ မျက်လုံးနှင့်ဆံပင်များသာရှိလေသည်။ နတ်သမီးပုံပြင်များထဲမှ စနိုးဝှိုက်လေးလိုပင်။ သို့သော် လိုအပ်သည်ထက်ပိုသောဆွဲဆောင်မှုဟုပြောရမည်ထက် သွေးစုပ်ဖုတ်ကောင်တစ်ကောင်လို လှပမှုမျိုးပင်။


နောက်ဆုံး၌ သွေးရောင်နီမြန်းနေသောနှုတ်ခမ်းလွှာတို့ကပွင့်ဟလာကာ သူ့နာမည်ကိုတိုးလျစွာဖြင့်ခေါ်လာခဲ့၏။


 "ကျိုးအာ?"


ထိုအခါမှပင် ဖုယွမ်ကျိုးတစ်ယောက် အသိစိတ်ပြန်လည်လာသည်။ သူ့ပါးနှစ်ဖက်လုံး ခြစ်ခြစ်တောက်ပူနေ၏။ 


"ငါပြောလို့မရဘူး...နောက်ကျရင်မင်းသဘောပေါက်သွားပါလိမ့်မယ်...မင်းကိုသဘောကျနေတဲ့လူတွေလည်းအများကြီးရှိလာမှာ...အဲဒီအခါကျရင်..." တခြားကောင်မလေးတွေနဲ့ ဒိတ်နိုင်လိမ့်မယ်....


အဆုံးသတ်ခါနီးမှ ဖုယွမ်ကျိုးမှာ ဆက်မပြောနိုင်တော့ပေ။ နောင်အနာဂတ်တွင် ယွိဖေးကအခြားသူများနှင့် တွဲနေသည်ကိုစဥ်းစားကြည့်လိုက်သည်နှင့် သူစိတ်ကျဥ်းကျပ်လာရသည်။ ယင်းက ယွိဖေးအပေါ်ရှိနေသော သူ၏အတ္တကြီးမှုသာဖြစ်ကြောင်း သူကိုယ်တိုင်သိထားသော်လည်း မလိုအပ်တော့ပေ။ သူတို့နှစ်ယောက်က ချစ်သူများမဟုတ်သောကြောင့် ယွိဖေး၏ကိုယ်ရေးကိုယ်တာကို ဝင်စွက်ဖက်ရန် သူ့ထံတွင်အခွင့်အရေးမရှိ။


ထိုသို့တွေးထားခဲ့သည့်တိုင် ယွိဖေးကအတွေ့အကြုံမရှိကြောင်း ပြောလာသည့်အခါ ဖုယွမ်ကျိုးမှာ အလိုလိုပျော်ရွှင်သွားမိလေသည်။


ယွိဖေးကပြုံးပြီးခေါင်းခါသည်။ 


"ငါက ငါသဘောကျတဲ့လူကိုပဲနမ်းချင်တာ..." 


ပြီးနောက် အနှီသူ၏မျက်လုံးများက ဖုယွမ်ကျိုး၏နှုတ်ခမ်းများပေါ်ရောက်လာပြီး တိုးလျစွာပြောလာခဲ့လေ၏။ 

"မင်းရော ငါအဲဒီနေ့အထိ စောင့်နိုင်တယ်ထင်လား...ငါသဘောကျနေတဲ့လူကရော ငါ့ကိုပြန်သဘောကျမယ်ထင်လား..."


ဖုယွမ်ကျိုးမှာ အိမ်ဘယ်လိုပြန်ရောက်လာမှန်းမသိတော့သလို ဘယ်လိုအိပ်ပျော်သွားမှန်းလည်းမသိလိုက်ပေ။ ထိုညက အိပ်မက်က အင်မတန်ပြတ်သားနေခဲ့သည်ကိုသာမှတ်မိနေခဲ့သည်။


အိပ်မက်ထဲတွင် သူနှင့်ရှောင်ဖေးတို့က ချစ်သူများဖြစ်နေကြသည်။ ရှောင်ဖေးက အလွန်တရာမှလှပနေသော်လည်း ဖုယွမ်ကျိုးလက်ကိုကိုင်ထားသည့် သူမလက်များက တဖြည်းဖြည်းနှင့်ရှည်သွယ်လာခဲ့သည်။ အစက သူမသည်သူ့ထက်ခေါင်းတစ်လုံးစာပုသော်လည်း ယခုတော့ သူ့ထက် အရပ်ပိုရှည်နေခဲ့သည်။ လက်ချောင်းတို့က ယှက်ဖြာထားဆဲ။ အိပ်မက်ထဲမှဖုယွမ်ကျိုးမှာ လုံးဝသတိမထားမိသေးဘဲ ယောကျ်ားလေးအဖြစ်ပြောင်းလဲသွားပြီးသော ယွိဖေးနှင့် လမ်းလျှောက်နေခဲ့သည်။


ယွိဖေးက ပြတင်းပေါက်အရှေ့တွင်ပိတ်ရပ်ပြီး သူ့လက်တို့ကို ခါးတဝိုက်တွင်ရစ်ပတ်လာခဲ့သည်။ ခေါင်းငုံ့ရင်း သူ့အား နူးညံ့လှသဘ့်အသံဖြင့်ပြောလာခဲ့၏။


"နမ်းတယ်ဆိုတာကဘယ်လိုမျိုးလဲ...ကိုယ်သိချင်တယ်...ကျိုးအာ...ကိုယ့်ကိုနမ်းပါ..."


"!"


ခဏတွင်းချင်း ဖုယွမ်ကျိုးတစ်ယောက် အိပ်မက်မှလန့်နိုးလာခဲ့သည်။ ရှက်ရွံ့မှုကြောင့် သူ့မျက်နှာတစ်ပြင်လုံးရဲတွက်နေ၏။ အိပ်မက်ထဲတွင် ယောကျ်ားလေးဗားရှင်း ယွိဖေးက သူ့အားနမ်းခဲ့လေသည်။


သူ့အနေဖြင့် ဘယ်လိုလုပ်ပြီး ယောကျ်ားလေးဖြစ်နေသည့် ရှောင်ဖေးအပေါ် မသင့်လျော်သည့်အတွေးမျိုးရှိနေရသည်မသိပါချေ။ ပြီးခဲ့သောည၌ ရှောင်ဖေးသူ့အားပြောလိုက်သည့်စကားက အထင်လွဲစရာဖြစ်နေသောကြောင့် ယခုလိုအိပ်မက်မျိုးမက်မိခြင်းဖြစ်နိုင်သည်။


၎င်းက လက်မခံနိုင်စရာပင်။ ရှောင်ဖေးနှင့်သူက ပြတ်စဲသွားခဲ့ပြီ။ ရှောင်ဖေး သူ့အပေါ် ပြောသမျှလုပ်သမျှတိုင်းအား အထင်လွဲနေ၍မဖြစ်ပေ။ သူတို့ဘဝတလျှောက်လုံးကို သူငယ်ချင်းများအဖြစ် ဖြတ်သန်းသွားနိုင်မည်ဆိုလျှင် လုံလောက်နေပြီ။ 


နောက်ပိုင်းတွင် ယွိဖေးက ထိုညကစကားခေါင်းစဥ်ကိုပင် ကြိမ်ဖန်များစွာဆွဲယူခဲ့သည်။ ထိုစကားစလာတိုင်း ဖုယွမ်ကျိုးက ရည်ရွယ်ချက်ရှိစွာဖြင့် စကားလမ်းကြောင်းလွှဲတတ်၏။ မြွေတစ်ကောင်၏လျှာနှယ် အဓိပ္ပါယ်နှစ်ခွဖြစ်စေမည့် မည်သည့်သေးငယ်သောစကားကိုမဆို ရှောင်လွှဲနိုင်မှဖြစ်မည်။


အတန်းထဲမှ လူတစ်ယောက်က ဖုယွမ်ကျိုးနှင့်ယွိဖေးတို့က အမြဲအတူရှိတတ်ကြကြောင်း၊ ယွိဖေးက ထုတ်မပြောသေးသည့်အကြောင်းပြောလာလျှင်ပင် ဖုယွမ်ကျိုးက အထင်လွဲမခံရစေရန် သူတို့သည် သူငယ်ချင်းသာဖြစ်ကြောင်း၊ ယွိဖေးကသူ့ညီလေးသာဖြစ်ကြောင်း အသည်းအသန်ပြန်ရှင်းပြတတ်လေသည်။


ထိုအချိန်မျိုးတွင် ယွိဖေးကပြုံးနေသော်လည်း မျက်လုံးထဲမှ စိတ်ပျက်အားငယ်မှုတို့ကို မျက်လွှာချကာ ဖုံးကွယ်နေတတ်၏။


ထိုအခြေအနေက ယွိဖေးမှ ဖုယွမ်ကျိုးကိုခေါ်ပြီး အရက်သွားသောက်သည့်ညအထိ ဆက်လက်ဖြစ်နေခဲ့လေသည်။


ဆောင်းရာသီ ကျောင်းပိတ်ရက်တွင် အတန်းဖော်တစ်ယောက်က မွေးနေ့ပါတီကျင်းပရန်စီစဥ်ထားခဲ့သည်။ လူတိုင်းက ပါတီရောက်သည့်အခိုက်တွင် ညစာစားပြီးသည်နှင့် ကေတီဗွီအထိသွားပြီး ဘီယာလည်းသောက်ဖြစ်ခဲ့ကြသည်။


ထိုနေ့သည် ဖုယွမ်ကျိုးအတွက် ကံအဆိုးဆုံးဖြစ်ခဲ့ပြီး သောက်ပြီး ခပ်ထွေထွေဖြစ်သည်အထိ အဆင်ပြေနေခဲ့သေးသည်။ ယွိဖေးက သူ့အား အကြိမ်ရေမနည်းဖုန်းခေါ်နေခဲ့ပြီး နောက်ဆုံးမှ တုမန်က ဖုန်းကိုင်ကာ ဖုယွမ်ကျိုးတစ်ယောက်မူးနေပြီဖြစ်ကြောင်း ပြောပြလိုက်သည်။ ထိုအခါမှ ယွိဖေးကိုယ်တိုင် ကေတီဗွီအထိရောက်လာပြီး ဖုယွမ်ကျိုးကို လာခေါ်သွားတော့၏။


"နင်ကအရမ်းဂရုစိုက်ပေးတတ်တာပဲ..." 


ယွိဖေးက အရက်မူးသမားဖုယွမ်ကျိုးကို ဆွဲထူပြီး သူ့လက်မောင်းပေါ်တွင်မှီခိုင်းထားသည်ကိုမြင်ရသည့်အခါ တုမန်ကပြောလိုက်လေသည်။


 "လမ်းမှာဂရုစိုက်သွားဦး.."


"စီနီယာ...ကျွန်တော်တစ်ခုလောက်မေးချင်လို့..." 

လူကိုပွေ့ထားပြီးသည့်တိုင် ယွိဖေးက ချက်ချင်းထွက်မသွားသေးပေ။

 "ကျိုးအာက အခုတစ်ကိုယ်တည်းသမားဆိုတော့လေ...သူအရင်ကတွဲဖူးတဲ့သူရှိလား..."


"မသိဘူး...ငါတော့သူပြောတာကိုမကြားဖူးဘူး..." 

ခဏမျှစဥ်းစားနေခဲ့ပြီးသည့်နောက် တုမန်ကပြန်ဖြေလိုက်သည်။

 "အထက်တန်းကျောင်းမှာမရှိတာတော့သေချာတယ်...ငါလည်းအရင်ကမသိခဲ့ဘူးလေ..နင့်အစ်ကိုကိုမေးကြည့်ရင်တော့ သိလောက်တယ်..."


ယွိဖေးကပြုံးပြလိုက်လေ၏။ 

"ဟုတ်ကဲ့...ကျေးဇူးပါပဲ...အစ်မတု...ဆောရီးပါ...ဒီတစ်ခေါက်တော့ ပြန်မပို့ပေးနိုင်တော့ဘူး...အစ်မလည်းလမ်းမှာဂရုစိုက်သွားပါ..."


သူ့စကားကြောင့် တုမန်ကပြုံးရယ်လာ၏။ 

"ငါ့ကိုစိတ်မပူနဲ့..ဒီလိုမျိုးမကြည့်စမ်းပါနဲ့...ငါကတိုက်ကွမ်ဒိုမှာ ခါးပတ်အနက်ရထားတာနော်...ငါးယောက်လောက်ကအသာလေးနိုင်တယ်..."


သူမကိုနှုတ်ဆက်လိုက်ပြီးသည့်အခါ ယွိဖေးက ဖုယွမ်ကျိုးကို ဆိုဖာအနောက်ခုံသို့တင်လိုက်သည်။ ဖုယွမ်ကျိုးကိုဖက်ထားလိုက်ပြီး ထိုသူ သက်သောင့်သက်သာရှိအောင် ထိုင်နေသည့်အနေအထားကိုပြင်ပေးလိုက်၏။ 


ဖုယွမ်ကျိုး၏ အိပ်ပျော်နေသောမျက်နှာကိုငုံ့ကြည့်ရင်း ယွိဖေးသည် အနှီသူ၏ဆံပင်ကို အနောက်သို့ဖွဖွလေးသပ်တင်ပေးလိုက်ကာ သူတစ်ယောက်တည်းတီးတိုးမေးလိုက်မိသည်။


"မင်းဘယ်သူ့ကိုနမ်းခဲ့ဖူးလဲ..."


"ရှောင်ဖေးလား..."


ထိုအခိုက်အတန့်လေးမှာပင် ဖုယွမ်ကျိုးနိုးလာခဲ့သည်။ သူ့မျက်နှာက ရဲတွက်နေပြီး စကားပြောလိုက်သံမှာ မပီမသ၊ ဗလုံးဗထွေးနှင့်တိုးလျနေခဲ့သည်။ သူသည်ကား ယွိဖေးကို ရီဝေသည့်မျက်လုံးဖြင့်ကြည့်နေရင်း အရည်ကြည်တစ်လွှာဖုံးအုပ်ထားသေးသည်။ ၎င်းတို့အထဲမှ သိမ်မွေ့သည့်အလင်းရောင်က ဒွိဟဖြစ်နေသလို ခံစားချက်ကိုဖော်ထုတ်နေသယောင်။


"နိုးလာပြီလား..." 

ယွိဖေးက ထိုသူ၏မျက်နှာကိုကိုင်လိုက်၏။ အနှီသူသာ ယခုလေးတင်ပြောလိုက်သည့်စကားကိုကြားသွားပါက ဘယ်လိုဖြစ်သွားမလဲဟုသိချင်သွားရပြီး အေးအေးလူလူပင်မေးလိုက်ချေသည်။ 

"ခေါင်းကိုက်နေသေးလား..."


"....."


ဖုယွမ်ကျိုး ခေါင်းယမ်းပြလိုက်သည်။ စက္ကန့်အနည်းငယ်အထိ ခပ်ထွေထွေဖြစ်နေသောကြောင့် ယွိဖေးလက်မောင်းကိုပင်မှီထားလိုက်ရပြီး ဖက်ထားရင်းပြောလိုက်လေသည်။ 

"ဆောရီး...မင်းကိုလာခေါ်ခိုင်းလိုက်မိတယ်...ငါကမင်းရဲ့ကောင်လေးသာဆိုတယ်...အသုံးမကျပါဘူး..."


"ကောင်လေး?" 

ယွိဖေးမှာ မှင်သက်သွားရလေ၏။ သူကြားလိုက်ရသည့်စကားကိုပင် မယုံနိုင်တော့၍ ထပ်မေးလိုက်ရသည်။ 

"အားယွမ်...ထပ်ပြောပေးပါဦး...ကိုယ့်ကိုဘယ်လိုပြောလိုက်တာလဲ..."


"ကောင်လေး.." 

ဖုယွမ်ကျိုးအသံက ဂုဏ်ယူနေသလိုပင်။ 

"မင်းဝန်မခံချင်သေးဘူးလား..."


"မဟုတ်ပါဘူး...ကိုယ်အရမ်းအံ့ဩသွားလို့ပါ..."

 ယွိဖေးမှာ စကားပင်ပြန်မပြောနိုင်ပေ။ သူ့မျက်လုံးထဲမှ ပျော်ရွှင်ကျေနပ်မှုတို့မှာ အပြင်ဘက်ကိုပင်လျှံကျလာတော့မည်အထိဖြစ်နေပြီး အသံပင်တုန်ယင်နေလေ၏။ 

"ကျိုးအာရော...ကိုယ့်ကိုသဘောကျလား..."


"သဘောကျတာပေါ့..." 

ဖုယွမ်ကျိုးမှာ ယောင်ဝါးဝါးဖြင့်ပြောပြီး ခဏအကြာ၌ ယွိဖေးလက်မောင်းပေါ်တွင်အိပ်ပျော်သွားလေတော့သည်။


တက္ကစီက ဖုယွမ်ကျိုးဗီလာရှေ့တွင်ရပ်သွားခဲ့သည်။ ယွိဖေးသည် မူးနေသောဖုယွမ်ကျိုးကို အိမ်ထဲမှတဆင့် အိပ်ခန်းထဲရောက်သည်အထိ တလျှောက်လုံးသယ်သွားခဲ့၏။ ထို့နောက် ဖုယွမ်ကျိုး၏ဖိနပ်နှင့် ကုတ်အင်္ကျီကိုချွတ်ပေးပြီး ကုတင်ပေါ်တွင်လှဲနိုင်အောင်ကူညီပေးလိုက်သည်။ ပြီးနောက် ရေချိုးခန်းထဲမှ တဘတ်နှင့်ရေနွေးကိုယူလာကာ ဖုယွမ်ကျိုးမျက်နှာကို ညင်ညင်သာသာသုတ်ပေးလေသည်။


သုတ်ပေးပြီးခဏအကြာတွင် ဖုယွမ်ကျိုး အိပ်နေရာမှထလာပြီး ယွိဖေးကိုမျက်လုံးအပြူးသားဖြင့်ကြည့်နေကာ လေးတိလေးကန်ဖြင့်ပြောလာလေသည်။ 


"ရှောင်ဖေး...မင်းဘာလို့ဒီလောက်တောင်အရပ်ရှည်လာရတာလဲ..."


"နိုင်ငံခြားမှာနေတုန်းက..." 

ယွိဖေးက ပြုံးလိုက်ပြီး သူ့မျက်နှာပေါ်မှကျန်နေသေးသောရေများကိုသုတ်လိုက်ကာ မေးခွန်းကိုထူးဆန်းသလို ခံစားရခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။ 

"နှစ်တွေကြာနေပြီဆိုတော့ ကိုယ်လည်း အရပ်ရှည်လာမှာပေါ့..."


ရှင်းပြလိုက်ပြီး အကျိုးအကြောင်းသင့်သွား၍လားတော့မသိ၊ ဖုယွမ်ကျိုးကမူ ငြိမ်ကျသွားလေပြီ။ ယွိဖေးက အနှီသူရေချိုးရန်အတွက် ရေကန်ကို ရေနွေးဖြည့်လိုက်ပြီး သူ့အားရေချိုးခိုင်းလေသည်။ ဖုယွမ်ကျိုးကမူ အိပ်ရာထဲတွင်ပင်ငုတ်တုပ်ထိုင်နေပြီး မျက်လုံးပင်မဖွင့်ပေ။ ယွိဖေးကပြုံးရင်း သူ့ဆံပင်ကိုထိုးဖွကာမေးလိုက်လေသည်။ 


"ဘာဖြစ်လို့လဲ..."


သူသည်ကား ဖုယွမ်ကျိုးကိုသူချစ်နေမိတည်းက သူအမူးပြေသည်အထိစောင့်ပြီး ဒိတ်အကြောင်းပြောချင်နေဆဲပင်။


"ငါမင်းကိုနမ်းချင်တယ်.."


မထင်မှတ်ဘဲ ယွမ်ယွမ်က သူပိုပြီးရင်ခုန်သွားစေမည့်စကားမျိုးကိုပြောလာခဲ့သည်။


"အခုတော့...ငါအရက်နံ့တွေနံနေတယ်...ငါနမ်းလိုက်ရင် မင်းငါ့ကိုမုန်းသွားလိမ့်မယ်..." 

ဖုယွမ်ကျိုးသည် တဒင်္ဂမျှတုံ့ဆိုင်းနေပြီးနောက် အိပ်ရာထဲမှလူးလိမ့်ထကာ ရေချိုးခန်းထဲသို့ဝင်သွားလေ၏။

 "ငါရေချိုးလိုက်တာကောင်းမယ်..."


"ရပါတယ်...ကိစ္စမရှိဘူး...ကိုယ်လည်းမင်းကိုနမ်းချင်တယ်လေ..." 

ယွိဖေးနှလုံးသားက အရည်ပျော်ကျသွားတော့မည်။ သူသည် ဖုယွမ်ကျိုးကိုလက်မောင်းထဲတွင်ပွေ့ဖက်ကာ ခေါင်းငုံ့ပြီး သူကြာရှည်စောင့်ဆိုင်းနေခဲ့ရသောနှုတ်ခမ်းနှစ်လွှာကို နမ်းရှိုက်လိုက်လေသည်။



♎️