Chapter 109
Viewers 20k

♎️Chapter 109

ယွိဖေး-4



ဖုယွမ်ကျိုးမှာ ယွိဖေး၏ အနမ်းဇာတ်ဝင်ခန်းအတွက် ရီဟာဇယ်လုပ်ပေးရန်တောင်းဆိုချက်ကို သတိလက်လွတ်ဖြင့်လက်ခံမိလိုက်သည်။


မလုပ်သင့်မှန်းသိနေသော်ငြား သူ့ထံတွင် နောက်ဆုံးချေပချက်တစ်ခုတော့ရလာနိုင်သည်။ လက်ရှိအခွင့်အရေးကိုအသုံးချပြီး ရှောင်ဖေးက အနမ်းဇာတ်ဝင်ခန်းနှင့်မသင့်တော်ကြောင်းပြောလိုက်မည်။ ပြီးနောက် ဒါရိုက်တာကို ဇာတ်ညွှန်းပြန်ပြင်ပေးရန် ရှောင်ဖေးကိုပြောခိုင်းလိုက်မည်။ ရှောင်ဖေးကအဆင်ပြေကြောင်းပြောထားပြီးဖြစ်သောကြောင့် သူလည်းသဘောတူလိုက်လေသည်။


အပြောကထင်သလောက်မလွယ်ပေ။ ဖုယွမ်ကျိုး ဇာတ်ညွှန်းကိုဖတ်ကြည့်လိုက်သည့်အခါ သူ့ကိုယ်သူ လူလိမ်တစ်ယောက်ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူက အနှီခံစားချက်ကို ဖယ်ထုတ်ပစ်ရန်ကြိုးစားပြီး ဇာတ်ညွှန်းကိုခပ်မြန်မြန်ဖတ်ကြည့်လိုက်သည်။ ယွိဖေးကသူ့ဘေးတွင်ထိုင်ကာ ဇာတ်လမ်းအကြောင်းကိုအသေးစိတ်ရှင်းပြနေလေ၏။


မူလ၌ ဖုယွမ်ကျိုးက  ရိုက်ကွင်းကို အမှတ် ၁ အလယ်တန်းကျောင်းတွင် တည်ထားခြင်းဖြစ်သောကြောင့် ယွိဖေးရိုက်မည့်ဇာတ်ကားက ကျောင်းဒရမ်မာအမျိုးအစားဖြစ်လိမ့်မည်ဟု ထင်ခဲ့သည်။ ဇာတ်ညွှန်းဖတ်ပြီးသည့်နောက်မှ ယင်းက သဘာဝလွန်ဇာတ်ကွက်များပါ ပါဝင်နေကြောင်းသိလိုက်ရလေ၏။ ဒုတိယဇာတ်ဆောင်နေရာမှ ယွိဖေးက ဗီလိန်နေရာတွင်ဝင်ရောက်သရုပ်ဆောင်ရမည်ဖြစ်လေသည်။ အနမ်းဇာတ်ဝင်ခန်းမှာ အဓိကဇာတ်ဆောင်မင်းသားကအရှုပ်အထွေးအတွင်းကျရောက်နေစဥ် ဇာတ်လိုက်မင်းသမီးက မင်းသားကိုကယ်ချင်နေ၏။ ဒုတိယဇာတ်ဆောင်မင်းသားက အဓိကဇာတ်ဆောင်ကိုလွှတ်ပေးမည်ဟုပြောသော်လည်း ဇာတ်လိုက်မင်းသမီးက အခြေအနေတစ်ခုကိုသဘောတူပေးခဲ့ရသည်။


ဇာတ်ကွက်ကိုဖတ်ကြည့်ပြီးသည့်အခါ ဖုယွမ်ကျိုးသည် ဇာတ်ညွှန်းကိုယူပြီး ယွိဖေးနှင့်သရုပ်ဆောင်ရန်ပြင်ခဲ့သည်။ ယွိဖေးက သူ့ကိုယ်သူအသင့်ပြင်ထားပြီးသားပင်။ ထိုသူက ခန့်မှန်းရခက်ပြီး အန္တရာယ်ရှိသည့်အပြုံးမျိုးဖြင့် ခပ်ဖွဖွပြုံးပြလာခဲ့လေသည်။


ရှောင်ဖေးသည်ကား အနှီဇာတ်ဝင်ခန်းနှင့် အင်မတန်သင့်လျော်လှပေ၏။


ဖုယွမ်ကျိုးမှာ ရင်တုန်ပန်းတုန်ဖြစ်လာရသည်။ ဇာတ်ကောင်တွင်နစ်မြုပ်နေပြီးသော ယွိဖေးမှာ အားကောင်းသည့်အရှိန်အဝါနှင့် ခန့်ညားနေပြီး သူ့အား ဒူးထောက်ကျသွားလောက်အောင် ဆွဲဆောင်နေလေသည်။ လူတိုင်းက အနှီသူကိုသရုပ်ဆောင်ဟုမထင်တော့ဘဲ တကယ့်အစစ်အမှန်လူတစ်ယောက်ဟုခံစားစေရသည်အထိ။


"ဘယ်လိုလဲ..." 

ယွိဖေးက သူ့အရှေ့တွင်ရပ်နေပြီး ငုံ့ကြည့်ကာ အပြုံးလေးဖြင့်မေးလာခဲ့လေသည်။ 

"ငါ့နောက်ကိုလိုက်မလား...သူသေတာကိုကြည့်နေမလား..."


ယင်းသည်ကား ဇာတ်ညွှန်းထဲမှစာသားဖြစ်ပြီး ယွိဖေးကစတင်ကာ သရုပ်ဆောင်နေပြီဖြစ်သည်။ ဖုယွမ်ကျိုးက ဇာတ်ညွှန်းကိုဖတ်ကာ ဇာတ်လိုက်မင်းသမီးအသံအတိုင်း အတတ်နိုင်ဆုံးတုပကာပြန်ပြောလိုက်၏။

 "ငါဒီလိုမျိုး ထွက်မသွားနိုင်ဘူး...ငါတို့ကသူငယ်ချင်းတွေလေ..."


"သူငယ်ချင်းလား" 

ယွိဖေးက ဖွဖွလေးပြုံးလာသည်။ ဖုယွမ်ကျိုး၏မေးစေ့ကိုပင့်လိုက်ပြီး သူ့မျက်လုံးထဲသို့စိုက်ကြည့်လာလေ၏။


"ငါကတော့ မင်းကိုတစ်ခါမှ သူငယ်ချင်းလို့မတွေးခဲ့ဖူးဘူး...မင်းတစ်​ယောက်တည်းကိုပဲ ငါအကြာကြီးစောင့်မျှော်နေခဲ့ရတာ...ငါမင်းဆီက ဘာဆင်ခြေမှမလိုချင်ဘူး...မင်းငါ့ကိုခံစားချက်ရှိနေတာငါသိတယ်...ငါအခြားလူကိုရွေးချယ်လိုက်တာတောင် မင်းမနာလိုဖြစ်နေခဲ့တာလေ...မင်းဘာလို့ မင်းရဲ့ခံစားချက်တွေကိုငြင်းပယ်နေရတာလဲ..."


ယင်းကဇာတ်ညွှန်းထဲတွင်မပါချေ။ ထိုစကားက ယွိဖေး သူ့ကိုပြောချင်နေသည့်စကားပင်ဖြစ်သည်။


သူ့နှလုံးသားက ဒုန်းဆိုင်းခုန်နေခဲ့၏။ သူသည် ရှက်နေခဲ့ပြီး ယွိဖေးမျက်လုံးကိုပင်မကြည့်ရဲတော့ပေ။ သူအကြည့်လွှဲလိုက်သော်လည်း သူ့စကားကိုအမြဲနားထောင်နေကျယွိဖေးက ဤတခေါက်တွင် သူ့ထံမှ မျက်လုံးမလွှဲသွားရအောင် ထိန်းချုပ်ထားခဲ့လေသည်။


သို့ရာတွင် ယွိဖေးမှ ဇာတ်ညွှန်းထဲမှစာသားကိုပြန်ပြောလာခဲ့၏။


"မင်းလိုချင်တာကို မင်းကိုယ်တိုင်ပဲဆုံးဖြတ်..."

 ထိုသူသည် ဖုယွမ်ကျိုး၏နှုတ်ခမ်းကို လက်ချောင်းထိပ်ဖျားလေးဖြင့်ပွတ်သပ်သွားခဲ့၏။ 

"လုပ်စမ်းပါ..မင်းလိုချင်တာကို စိတ်ရင်းနဲ့ပြလိုက်စမ်းပါ..."


ဒုတိယဇာတ်ဆောင်နေရာမှယွိဖေးက အကြံပေးချက်စွမ်းရည်ကိုသုံးကာ ဇာတ်လိုက်မင်းသမီးကိုနမ်းလိုက်၏။ အဆိုပါအခိုက်အတန့်လေးမှာပင် ဖုယွမ်ကျိုးသည် မှော်စွမ်းအားတစ်မျိုးက သူ့အားထိန်းချုပ်ထားသလိုခံစားလိုက်ရသည်။ သူ ယွိဖေးကို ကြောင်ကြည့်နေမိ၏။ မှိန်ဖျော့သည့်အလင်းရောင်အောက်တွင် သူ ခေါင်းကိုဖြည်းဖြည်းချင်းမော့လိုက်ရင်း အနှီသူ၏နှုတ်ခမ်းသားတို့ကိုနမ်းလိုက်လေသည်။


ယွိဖေးကသူ့ကိုပွေ့ဖက်ထားရင်း အိပ်ရာပေါ်အထိသွားလိုက်သည်။ သူကအိပ်ရာပေါ်တွင်ထိုင်ပြီး ဖုယွမ်ကျိုးကိုမူ ပေါင်ပေါ်တွင်တင်ထားလိုက်၏။ သူ၏လည်ဂုတ်ကိုကိုင်ထားရင်း အနှီသူကသူ့အား နမ်းရှိုက်နေခဲ့သည်။ အိပ်မက်ဟုထင်ရသော်လည်း တကယ်ကိုဖြစ်ပျက်နေခဲ့သည်။ 


ရှည်လျားကြာရှည်သည့်အနမ်းပြီးဆုံးသွားသည့်အခါ ယွိဖေးက ဖုယွမ်ကျိုး၏ မျက်ရည်ဝိုင်းနေသောမျက်လုံးတို့ကိုနမ်းလိုက်ပြီး မေးလိုက်လေ၏။ 


"ကိုယ်က နမ်းတဲ့အခန်းတွေနဲ့သင့်တော်လား..."


ဖုယွမ်ကျိုးသည်ကား မှုန်တေတေဖြင့်သာ ပြန်ကြည့်နေလိုက်၏။


ယွိဖေးက ချက်ချင်းပြုံးပြကာ သူ့အားချော့မြူလာလေသည်။


"အေးဆေးပေါ့..ကိုယ်ကစတာပါ...မင်းအနမ်းခန်းကိုမရိုက်စေချင်ရင်..ကိုယ်လည်းမရိုက်တော့ဘူး...ကိုယ်ကမင်းတစ်ယောက်တည်းကိုပဲနမ်းချင်တာပါ...ကျိုးအာ..."


ထိုနေ့ကစပြီး ဖုယွမ်ကျိုးမှာ ယွိဖေးအပေါ်ရှိသူ့ခံစားချက်များကို ဖုံးကွယ်မထားတော့ပေ။ သူ့အနေဖြင့် ယွိဖေးကို သဘောကျနေဆဲဖြစ်ပြီး လက်ရှိယွိဖေးက ယခင်ဘဝကထက်ပင် သူ့အားပိုပြီးစိတ်လှုပ်ရှားစေခဲ့သည်။


နှစ်ယောက်သား တွဲနေကြသည့်အကြောင်းကို တရားဝင်ဖော်ထုတ်ခြင်းမရှိသေးသော်လည်း ယွိဖေးနှင့်သူက အတူရှိနေကြပြီဖြစ်ကြောင်း အကျိုးအကြောင်းသင့်စွာလက်ခံခဲ့ကြသည်။ နှစ်ယောက်အတူရှိကြသည့်အချိတ်တိုင်း သူက ဖုယွမ်ကျိုးအနားတွင် မခွာတမ်းကပ်နေတတ်၏။ ဖုယွမ်ကျိုးပျော်နေလျှင် သူလည်းပျော်နေသည်။ ယွိဖေးနှင့်အတူရှိသွားရန်ဆုံးဖြတ်လိုက်ခြင်းက မှန်လားမှားလားပင် မသိတော့ချေ။


အနုပညာလောကတွင် ယွိဖေးက နာမည်ကြီးသထက်ကြီးလာခဲ့သည်။ သူပါဝင်ရိုက်ကူးထားသော တီဗွီဒရမ်မာဇာတ်လမ်းထွက်လာသည့်အခါ ဝေဖန်သံများပါ တွဲလျက်ထွက်ပေါ်လာခဲ့၏။ ယခုတော့ သူ့အနောက်ကိုလိုက်မည့်လူများက ပိုများလာခဲ့ပြီ။ သူ့အားနှစ်သက်ကြသူများလည်းရှိသလို မုန်းတီးနေကြသူများလည်း မနည်းလှပေ။ ဝေဖန်သံများက စဥ်ဆက်မပြတ်ထွက်ပေါ်နေခဲ့ပြီး ဖုယွမ်ကျိုးမှာ ထိုအကြောင်းကိုသိလိုက်ရသည့်အခါ ထမင်းစားပျက်သွားကာ အွန်လိုင်းပွဲများတွင် ဝင်ပါလေတော့သည်။


လူထုအမြင်က လူအများအပေါ် သက်ရောက်မှုရှိလေသည်။ ဖုယွမ်ကျိုးမှာ ယွိဖေးကိုစိတ်ပူနေရဆဲမှာပင် နောင်၌ သူနှင့်ယွိဖေးတို့တွဲနေသည့်အကြောင်း ကြေညာလိုက်သည်နှင့် မီဒီယာများဘက်မှ ဆက်တိုက်ထွက်လာမည့် တုံ့ပြန်မှုများကိုပါစိုးရိမ်မိသွားလေသည်။


အတော်လေးကြောက်စရာကောင်းမည့် ကိစ္စပင် ။ အနှီသူက သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး အိုင်ဒေါမဟုတ်သော်ငြား သူတို့၏ပတ်သတ်မှုက အနှီသူ၏အလုပ်အပေါ်တွင် ရိုက်ခတ်မှုရှိလာနိုင်သည်။ နာမည်ပျက်ရလောက်သည်အထိမဟုတ်သည့်တိုင် သူတို့၏ပတ်သတ်မှုက ယောကျ်ားလေးနှင့်မိန်းကလေးအကြားမှ အချစ်မျိုးမဟုတ်ပေ။


ယခင်ဘဝက ယွိဖေးမှာ မိန်းကလေးဖြစ်ခဲ့ပြီး နှစ်ယောက်တွဲရာတွင်လည်း ထူးဆန်းမှုမရှိ။ ယခုမူ သူတို့နှစ်ယောက်လုံးက ယောကျ်ားလေးများဖြစ်နေကြသည်။ လိင်တူလက်ထပ်ထိမ်းမြားမှုကို တရားဝင်ခွင့်ပြုပေးလိုက်လျှင်ပင် အချိန်တိုအတွင်း လူထုအမြင်ကိုပြောင်းလဲပေးရန်မဖြစ်နိုင်ပေ။ သူတို့နှစ်ယောက်တွဲနေသည်ကို မတော်တဆဖော်လိုက်မိသွားသည်နှင့် ယွိဖေးက ကြီးကြီးမားမားထိခိုက်သွားလိမ့်မည်။


အဆိုပါအတွေးကြောင့် ဖုယွမ်ကျိုးမှာ စိတ်ဖိစီးသွားရလေသည်။ သူနှင့်ယွိဖေး ဝေးနေကြသည်မှာ အကောင်းဆုံးမှန်းတွေးမိနေသော်လည်း သူတို့က အပြန်အလှန်ချစ်မြတ်နိုးနေကြပြီး ဝေးနေရပါက နာကျင်စရာများသာဖြစ်လာပေလိမ့်မည်။


ယွိဖေးက ဖုယွမ်ကျိုး စိုးရိမ်နေမှန်းသိလိုက်ပြီး အနှီသူအာရုံပြောင်းသွားစေရန် ရသစုံရှိုးရိုက်ကူးရေးကို လာကြည့်ရန်ဖိတ်လိုက်လေသည်။ ရသစုံရှိုးကို ထျန်းချန်တက္ကသိုလ်တွင်ရိုက်ကူးမည်ဖြစ်သောကြောင့် လာကြည့်ရန်အဆင်ပြေသည်။


ဖုယွမ်ကျိုးက ဖိတ်ကြားချက်ကိုလက်ခံပြီး ရိုက်ကူးမည့်နေ့တွင် အစောကြီးရောက်လာခဲ့သည်။ ရိုက်ကွင်းနေရာတွင်လူအုံနေပြီး ဝန်ထမ်းများက နေရာရအောင်ရှင်းလင်းနေရသည်။ ယွိဖေးကျေးဇူးကြောင့် ဖုယွမ်ကျိုးသည် မြင်ကွင်းရှင်းသည့် ရှေ့ဆုံးတန်းတွင်ကြည့်ခွင့်ရလိုက်၏။


ရသစုံရှိုးရိုက်ကူးသည့်အချိန်တွင် ဧည့်သည်များက ရုတ်ချည်းလူကွဲသွားကြပြီး ဟိုဟိုသည်သည်ကြည့်ကာ ပရိသတ်ရှိရာဘက်သို့လျှောက်လာလေ၏။ ပရိသတ်နှင့်အမေးအဖြေလုပ်ရန် စီစဥ်ထားကြပုံရသည်။


ရိုက်ကူးရေးစသည်နှင့် ဝန်ထမ်းအဖွဲ့က ဇာတ်ညွှန်းကိုပြောပြထားကြသည်။ ဧည့်သည်များက ကြိုတင်စီစဥ်ထားသည့်အတိုင်း လူခွဲလှုပ်ရှားကြသည်။ ဖုယွမ်ကျိုးရပ်နေသည့်နေရာက ယွိဖေးပရိသတ် အများစုရပ်နေသည့်နေရာပင်။ ယွိဖေးက သူရှိနေသည့်ဘက်ကိုလျှောက်လာပြီး ဖုယွမ်ကျိုးမြင်သည့်အခါ ပြုံးကာလက်ဝှေ့ယမ်းပြလိုက်သည်။ ပရိသတ်များက မသိသေးဘဲ စိတ်လှုပ်ရှားသွားကြပြီး ယွိဖေးကိုလက်ပြန်ပြလိုက်၏။


"လုပ်လိုက်တော့...လုပ်လိုက်..."


ရုတ်တရက် အနောက်မှလူငယ်လေးတစ်ယောက်က အရှေ့ကိုတွန်းခံလိုက်ရသောကြောင့် ပရိသတ်များက မကျေမနပ်ဖြစ်သွားကြသည်။ သို့သော်လည်း ထိုယောကျ်ားပျိုက လူအများ၏ အပြစ်တင်မှုကို ဂရုမစိုက်ဘဲ အရှေ့ရောက်အောင်ဆက်တွန်းနေ၏။ လူအုပ်ကြားမှ ဖုယွမ်ကျိုးမှာ ငြိမ်အောင်မရပ်နိုင်တော့ဘဲ ထိုလူကိုလှည့်ကြည့်လိုက်မိသည်။ ရုတ်ချည်းပင် ထိုသူက ပုံမှန်မဟုတ်သလိုခံစားလိုက်ရ၏။


ယွိဖေးပရိသတ်တွင် မိန်းကလေးများပြီး ယောကျ်ားလေးသိပ်မရှိတတ်ပေ။ ဖုယွမ်ကျိုးက မိန်းကလေးအုပ်ထဲတွင်ရပ်နေခြင်းဖြစ်ပြီး နောက်ထပ်ရောက်လာသူမှာလည်း ကြုံတောင့်ကြုံခဲ ယောကျ်ားလေးဖြစ်နေ၏။ ထိုသူသည် အိုင်ဒေါကိုတွေ့ရသည့်တိုင် စိတ်လှုပ်ရှားနေပုံမရပေ။ ထိုအစား အမျက်ဒေါသများကို မျက်လုံးထဲတွင်ထိန်းချုပ်ထားပြီး ဘောင်းဘီအိတ်ထဲသို့လက်နှိုက်ကာ တစ်ခုခုကိုရှာနေပုံရသည်။


ယွိဖေးက သူတို့အနားသို့ကပ်လာလေ ထိုသူ၏မျက်နှာက ပိုပြီး တင်းမာလာလေပင်။ ထိုယောကျ်ားပျိုးသည် စိတ်လှုပ်ရှားပြီး ပျာယာခတ်လာ၏။ ဖုယွမ်ကျိုး ထိုသူကိုကြည့်လေ၊ ထိုယောကျ်ားပျို၏အမူအရာက ပိုပျက်ယွင်းလာလေဖြစ်နေသည်။ သူသည်ကား ထိုယောကျ်ားပျိုအနေဖြင့် အရှေ့ကိုတက်မလာရသည့်ရည်ရွယ်ချက်ကို စတင်ပြီးသံသယဝင်လာမိလေ၏။


"ဟယ်လို..."


ယွိဖေးက ဖုယွမ်ကျိုးအရှေ့တွင်လာရပ်သည်။ သူ့မျက်နှာတွင် အပြုံးတစ်စကတွဲလွဲခိုနေ၏။ ထိုအချိန်မှာပင် ဖုယွမ်ကျိုးအနားမှလူက ရုတ်တရက် အိတ်ကပ်ထဲမှစပရေးဘူးကိုထုတ်ကာ ခလုတ်ကိုဖိချလိုက်သည်။


"သတိထား!"


ထိုအမျိုးသားသည် စပရေးကို ယွိဖေးထံသို့ချိန်ရွယ်ထားခြင်းဖြစ်လေ၏။ သို့ထိတိုင် ဖုယွမ်ကျိုးက အနှီသူကိုသတိထားကြည့်နေခဲ့သောကြောင့် ထိုသူလက်​မြှောက်လိုက်သည်နှင့် ဖုယွမ်ကျိုးက ထိုသူ၏လက်ကိုရိုက်ချလိုက်သည်။ စပရေးက ကြမ်းပြင်ပေါ်သို့ကျကွဲသွားပြီး ပုပ်အက်စူးရှသည့်အနံ့တစ်မျိုးထွက်လာခဲ့၏။


အနံ့ခံကြည့်ရုံဖြင့်ပင် ထိုယောကျ်ားပျို၏ ယွိဖေးအားတိုက်ခိုက်မည့်အကြံအစည်ကိုသိနိုင်လေသည်။ ဖုယွမ်ကျိုးကား ဒေါသထွက်သွားရကာ ထိုသူကို ကြမ်းပြင်ပေါ်သို့ချက်ချင်းလှဲချပြီး မရပ်မနားထိုးလိုက်လေ၏။ လုံခြုံရေးများက ချက်ချင်းရောက်လာကာ အနှီသူကိုဆွဲခေါ်သွားခဲ့ကြသည်။ ရုန်းရင်းဆန်ခတ်ဖြစ်သွားသောကြောင့် ရိုက်ကူးရေးကိုခဏနားလိုက်ရပြီး ယွိဖေးလည်း အရေးပေါ်စမ်းသပ်မှုလုပ်လိုက်ရကာ ခဏအနားယူလိုက်ရသည်။


ကံကောင်း၍ စပရေးဘူးထဲတွင်ထည့်ထားသည်က ငရုတ်ရည်များသာဖြစ်ပြီး ယွိဖေးမျက်နှာကိုလည်းစင်မသွားခဲ့ပေ။ ဖုယွမ်ကျိုးက အချိန်မီတားလိုက်နိုင်၍ ရိုက်ကူးရေးအဖွဲ့က သူ့အားကျေးဇူးတင်နေကြသည်။ သူ့ကျန်းမာရေးအတွက် ရိုးရှင်းသည့်ကျန်းမာရေးစမ်းသပ်မှုကိုပင် လုပ်ပေးခဲ့သေး၏။


"အဲဒီလူကဘယ်သူလဲ..."


ဖုယွမ်ကျိုး ဝန်ထမ်းတစ်ယောက်ကိုမေးကြည့်လိုက်သည်။ ဝန်ထမ်းများကလည်းမသိကြဘဲ ရဲလက်ထဲကိုသာအပ်လိုက်ကြလေ၏။ ထိုသူက ယွိဖေးကိုတိုက်ခိုက်ရသည့်အကြောင်းအား စစ်ဆေးနေကြဆဲပင်။


ထိုအချိန်မှာပင် ယွိဖေး၏လက်ထောက်တစ်ယောက်ကဝင်လာပြီး ယွိဖေးက သူ့ပရိသတ်ကို လူကိုယ်တိုင်ကျေးဇူးတင်ချင်နေသောကြောင့် လာခဲ့စေချင်ကြောင်း ပြောလာခဲ့၏။ ဖုယွမ်ကျိုးသည်လည်း ယွိဖေးကိုစိုးရိမ်နေသောကြောင့် လက်ထောက်အနောက်မှလိုက်လာပြီး သီးသန့်ပြင်ဆင်ပေးထားသောနားနေခန်းကို ရောက်လာခဲ့သည်။ သူအခန်းထဲသို့ရောက်သည်နှင့် ယွိဖေးကသူ့အား ပွေ့ဖက်လာလေသည်။


လက်ထောက်ကအပြင်ထွက်သွားပြီး တံခါးပိတ်သွားခဲ့သည်။ သူမသည် ဖုယွမ်ကျိုးကိုသိနေသော်လည်း မသိသလိုပင်ခေါ်လာခဲ့လေ၏။ ဖုယွမ်ကျိုးက ယွိဖေးသူ့အား သီးသန့်စကားပြောစရာရှိနေ၍ဖြစ်မည်ဟု ထင်ခဲ့သော်လည်း ယွိဖေးကသူ့အား ယခုလို တိုက်ရိုက်ဖက်လာလိမ့်မည်ဟု မထင်ထားခဲ့သောကြောင့် ထိတ်လန့်သွားခဲ့ရသည်။ တချိန်တည်းမှာပင် ယွိဖေးကို စပရေးစင်သွားခဲ့သည်ဟုထင်လိုက်မိသောကြောင့် ချက်ချင်းမေးလိုက်မိ၏။


 "ဘာလဲ...ဘာဖြစ်လို့လဲ..."


"ကိုယ်အဆင်ပြေပါတယ်..မင်းရော..ကျိုးအာ..." 

ယွိဖေးကသူ့အားဖက်ထားရင်း အသံခပ်နိမ့်နိမ့်ဖြင့်မေးလာခဲ့သည်။


"ငါလည်းအဆင်ပြေပါတယ်..." 

ဖုယွမ်ကျိုးသည် ယွိဖေး သူ့ကိုစိတ်ပူနေမှန်း သတိထားမိသောကြောင့် ကျောကိုပုတ်ကာနှစ်သိမ့်ပေးလိုက်လေသည်။ 

"မင်းလန့်သွားသေးလား..."


ယွိဖေးက အတန်ကြာသည်အထိတိတ်ဆိတ်နေပြီးနောက် လေးပင်စွာဖြင့် ခေါင်းခါလာသည်။ 

"ကိုယ်ကတော့ မင်းကိုပျော်အောင်ဆိုပြီး ဖိတ်လိုက်တာ...ဒီလိုဖြစ်လာမယ်လို့မထင်ထားခဲ့ဘူး..."


ဖုယွမ်ကျိုးမှာ သူတို့နှစ်ယောက်တွဲနေသည့်အကြောင်းကို ထုတ်မပြောခဲ့ဖူးပေ။ ယွိဖေးက သူစိတ်ပူနေရသည့်အကြောင်းအရင်းကိုသိနေခဲ့သည်။ သူဖုယွမ်ကျိုးကိုဖိတ်ခဲ့ခြင်းမှာ သူအလုပ်လုပ်နေသည့်ပုံကိုမြင်ပြီး စိတ်အေးသွားစေရန်သာဖြစ်သည်။


သို့ထိတိုင် အခြေအနေကပိုဆိုးသွားခဲ့သည်။ မတော်တဆမှုကြောင့် ထိုသူကိုပိုစိုးရိမ်စေခဲ့ပြီး သူဖွင့်ပြောလျှင်ပင် အငြင်းခံရနိုင်ချေမှာ ပိုများသွားခဲ့သည်။


ယွိဖေးနှလုံးသားက ရေအေးကန်ထဲတွင်စိမ်ခံထားရသလိုပင်။ သူ့အားတိုက်ခိုက်လိုက်သူကို မုန်းတီးပြီး ကြောက်ရွံ့နေမိသည်။ တိုက်ခိုက်ခံရခြင်းကိုကြောက်ရွံ့၍မဟုတ်။ ဖုယွမ်ကျိုးက သူနှင့် ပိုင်ပိုင်နိုင်နိုင်စည်းခြားလိုက်မည်ကိုပင်။


ထိုအခိုက် အံ့ဩဖွယ်ကောင်းစွာဖြင့် ဖုယွမ်ကျိုးကသူ့အားပြောလာခဲ့သည်မှာ...


 "ငါလည်းမင်းကိုသဘောကျတယ်..ရှောင်ဖေး..."


"....."


ယွိဖေးမှာ သူကြားလိုက်ရသည့်စကားကိုပင် မယုံနိုင်သည့်အလား မျက်တောင်လေးခတ်ကာ မှင်သက်နေလေသည်။


"ငါလည်းမင်းကိုသဘောကျနေခဲ့တယ်...ငါတွေဝေနေခဲ့တာက ငါ့ကြောင့် မင်း ဒုက္ခရောက်မှာစိုးလို့ပါ..."


ဖုယွမ်ကျိုးကသူ့အား ပြန်ဖက်ထားကာ လေးနက်တည်ငြိမ်သည့်အသံဖြင့်ပြောလာခဲ့သည်။


"ငါအခုတော့ သဘောပေါက်သွားပါပြီ...ငါမင်းဘေးနားမှာရှိနေချင်တယ်...ဘာတွေပဲဖြစ်လာလာ ငါတို့အတူရင်ဆိုင်လို့ရပါတယ်..မင်းကိုအမြဲကူညီပြီး ကာကွယ်ပေးနေမယ်...ငါတို့တွဲကြရအောင်..."


ထိုအခိုက်အတန့်လေးမှာပင် ယွိဖေးမှာ မျက်ရည်ဝိုင်းသွားခဲ့ရသည်။ သူသည်ကား ဖုယွမ်ကျိုးကိုခပ်တင်းတင်းဖက်ထားရင်း ပြင်းထန်သည့်ခံစားချက်တို့က သူ့နှလုံးသားကိုအပြည့်ဖုံးအုပ်ထားခဲ့သည်။ ပျော်ရွှင်မှုတို့ကြောင့် သူ့အသံမှာတုန်ယင်နေလေ၏။


"အိုကေ...တွဲကြမယ်..."


.........


နှစ်အနည်းငယ်ကြာပြီးနောက် တစ်ရက်၌ အောင်မြင်နေသောသရုပ်ဆောင်ယွိဖေးက Weibo တွင် လက်ထပ်မည့်သတင်းနှင့်အတူ တဖန်ပြန်ပေါ်လာခဲ့သည်။


လွန်ခဲ့သောနှစ်အနည်းငယ်က ရက်များတွင်လည်း သူကဂေးတစ်ယောက်ဖြစ်ကြောင်း Weibo တွင်ပို့စ်တင်ခဲ့သောကြောင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ဖူးပြီး သူ၏အချစ်ရေးကလည်း လူပြောများခဲ့သည်။ ထိုအကြိမ်က သူ့အနေဖြင့် Weibo တွင် ပထမဆုံးအကြိမ်ပို့စ်တင်ခဲ့ခြင်းဖြစ်ပြီး ယခုအကြိမ်ကမူ ဒုတိယမြောက်ဖြစ်ကာ ယခင်တခေါက်ကထက်ပင် ပိုပြီး ပွဲဆူသွားခဲ့သည်။


ဤတကြိမ်တွင် လက်ချင်းတွဲချိတ်ထားသည့်ပုံကို Weibo တွင်ပို့စ်တင်ခဲ့ပြီး သူနှင့်သူ့ချစ်သူ၏လက်တွင် လက်စွပ်ကိုယ်စီဝတ်ထားကြကာ စာကြောင်းတစ်ကြောင်းကိုလည်း ရေးထားခဲ့သည်။


"ငါတို့လက်ထပ်လိုက်ပြီ..."



♎️♎️♎️