Chapter 110
Viewers 20k

♎️Chapter 110

ရှန်းရှီကော -1 


ဘာသာပြန်သူမှာ ပြောစရာရှိပါတယ် ...

- ဒီအပိုင်းက ရှေ့ကအပိုင်း ယွိဖေးအချပ်ပိုနှင့်အဆက်စပ်မရှိပါ ...


- ဒီအပိုင်းက အပိုင်း 93 အချပ်ပို another life ရဲ့ အဆက်လို့ ဆိုရပါမယ် ...

***


ယွိဖေးနှင့်လမ်းခွဲပြီး လအနည်းငယ်အကြာမှ ဖုယွမ်ကျိုးမှာ လေးလံပြီးစိတ်ဓာတ်ကျစရာအခြေအနေမှ ရုန်းထွက်လာနိုင်ခဲ့၏။


သူနှင့်ယွိဖေးတို့၏ ဆက်ဆံရေးက တည်ငြိမ်ကောင်းမွန်ခဲ့သည်။ လမ်းခွဲရသည့်အဓိကအကြောင်းအရင်းမှာ သူ့အနေဖြင့်ယွိဖေးကို စိတ်ဒုက္ခမပေးချင်တော့သောကြောင့်ပင် ။ ယွိဖေးက နာမည်ကြီးသရုပ်ဆောင်တစ်ယောက်အနေဖြင့်ရပ်တည်နေပြီး သူမ၏အလုပ်အကိုင်တွင်လည်းအောင်မြင်မှုရနေပြီ။ သူ့ကိုချစ်သူအဖြစ်မလိုအပ်တော့သည်ဖြစ်ရာ လမ်းခွဲပြတ်စဲပြီးနောက်တွင်လည်း ပရိသတ်များ၏ပြစ်တင်ဝေဖန်မှုကို ခါးစည်းခံရစရာလည်းမလိုတော့ပေ။


သူလည်း နိုင်ငံခြားတွင်ပညာသင်နေရသောကြောင့် နှစ်ယောက်မှာ အနေဝေးကွာနေရသည်။ အနာဂတ်၌ တရုတ်ပြည်ကိုပြန်လာလျှင်ပင် ယွိဖေးက တစ်နှစ်ပတ်လုံး နိုင်ငံအနှံ့သို့လှည့်လည်ဖျော်ဖြေနေရနိုင်သည်။


ယွိဖေးဘက်မှ စတင်ဖွင့်ပြောလာမှုကြောင့် အစပိုင်းတွင်သူတို့နှစ်ယောက်အတူရှိခဲ့ကြသော်လည်း နှစ်နှစ်ခန့်အတူရှိလာကြပြီးသည့်အခါ ဖုယွမ်ကျိုးမှာ သူတို့နှစ်ယောက်၏ဆက်ဆံရေးတွင် နီးကပ်မှုရှိရန်မှာ အဓိကဟုထင်မြင်ခဲ့ပြီး လမ်းခွဲရချိန်တွင်လည်း သူ့အတွက်ခက်ခဲခဲ့ကာ ယခုအချိန်အထိ အနာမကျက်သေးပေ။


ဖုယွမ်ကျိုးက သူ၏သူငယ်ချင်းကောင်း ရှန်းရှီကောအပေါ် အလွန်အမင်းကျေးဇူးတင်နေမိလေ၏။ ရှန်းရှီကောက ထိုအတောအတွင်း သူ့အားအဖော်ပြုပေးနေခဲ့၍သာ စိတ်သက်သာရာရခဲ့ခြင်းဖြစ်သည် ။ ကံကောင်းထောက်မပြီး နိုင်ငံခြားတွင်စာသင်နိုင်ခဲ့သော်လည်း ရှန်းရှီကောက သူ့အနားတွင်ဆက်လက်ရှိပေးနေခဲ့သည်။


အင်တာနက်တွင် ပထမဆုံးအကြိမ်တွေ့ခဲ့ကြပြီး တဖြည်းဖြည်းနှင့် သူငယ်ချင်းများဖြစ်လာခဲ့ကြသည်။ နှစ်များစွာရင်းနှီးလာခဲ့ကြပြီး အစပိုင်း၌ အပေါ်ယံစည်းများထားခဲ့ကြသော်လည်း သူတို့နှစ်ယောက် အခင်အမင်မပျက်ခဲ့ကြပေ။ ဖုယွမ်ကျိုးအတွက် ရှန်းရှီကော၏အရေးပါမှုမှာ သူမွေးလာတည်းကရင်းနှီးလာခဲ့သော ငယ်သူငယ်ချင်း ရှဲ့လင်ထက်မနည်းပေ။


ရှန်းရှီကောထံမှ ပါတီပွဲဖိတ်စာရလာသည့်အချိန်၌ အနှီသူကိုစိတ်ပေါ့ပါးသွားစေရန် ဖုယွမ်ကျိုးက သွားမည်ဟုဆုံးဖြတ်လိုက်လေ၏။ ပါတီပွဲတွင် ချစ်သူအသစ်တစ်ယောက်ရနိုင်ရန် မမျှော်လင့်ထားခဲ့သော်လည်း စိတ်အပန်းဖြေနိုင်ရန်ကိုမူ စဥ်းစားထားလေ၏။


သူလာမည်ဟုပြောလိုက်သည့်အခါ ရှန်းရှီကောက ဝမ်းသာနေခဲ့သည်။ ထိုနေ့ညတွင် သူတို့နှစ်ယောက် ပါတီပွဲကိုအတူတက်ခဲ့ကြ၏။ ပါတီပွဲ၏အခမ်းအနားမှူးအမည်မှာ ယွိလျန်နဖြစ်ပြီး သူမသည်လည်း ရှန်းရှီကောလိုပင် ကပြားတစ်ယောက်ဖြစ်ကာ အနက်ရောင်ဆံနွယ်နှင့်မျက်လုံးပြာများဖြင့် ညို့အားကောင်းသောအလှလေးတစ်ယောက်ပင်ဖြစ်လေသည်။


ယွိလျန်နအမေနှင့် ရှန်းရှီကောတို့အမေမှာ နှစ်အတန်ကြာရင်းနှီးနေခဲ့ကြသောကြောင့် ယွိလျန်နနှင့်ရှန်းရှီကောတို့သည်လည်း နှစ်များစွာကြာအောင်ရင်းနှီးလာခဲ့ကြသည်။ သူတို့ကို သူငယ်ချင်းအရင်းများအဖြစ်သတ်မှတ်နိုင်သော်လည်း သူတို့ကြားတွင် ခံစားချက်များပေါက်ဖွားလာခြင်းမရှိခဲ့ပေ။ ယွိလျန်နမှာ မိန်းကလေးချင်းနှစ်သက်သူတစ်ယောက်ဖြစ်ပြီး သူမက အမျိုးသမီးများကိုသာသဘောကျလေသည်။ သို့ဖြစ်၍ သူမက ရှန်းရှီကောလို ထိပ်တန်းစာရင်းဝင်အမျိုးသားကို တစ်ဝက်မျှပင် စိတ်ဝင်စားမှုမရှိပေ။


ဖုယွမ်ကျိုးသည် ယွိလျန်နနှင့်ဆုံခဲ့ဖူးပြီး သူ့အမြင်တွင် သူမက နွေးထွေးပြီးကျက်သရေရှိသူတစ်ယောက်ဖြစ်ကာ ယခုအကြိမ်တွေ့သည့်အခါတွင်လည်း သူ့အမြင်ကမပြောင်းသွားသေးပေ။ သူဝင်လာသည်ကိုတွေ့သည်နှင့် ယွိလျန်နက ချက်ချင်းနှုတ်ဆက်လာပြီး သူမဘက်ကသာ အရင်စကားပြောလာခဲ့သည်။


လက်ရှိတွင် ရှန်းရှီကောမှာ အလွန်နာမည်ကြီးနေပြီး တခဏမျှဆွဲခေါ်ခံသွားရသည်။ ယွိလျန်နနှင့်ဖုယွမ်ကျိုးတို့နှစ်ယောက်တည်းသာ စကားပြောရင်းကျန်နေခဲ့ကြ၏။


ဖုယွမ်ကျိုးနှင့် ယွိလျန်နတို့မှာ ယခုမှသိကြသူများမဟုတ်ပေ။ သူမသည် ကော့တေးခွက်ကိုမြှောက်ပြီး သူ့အားစနောက်လာလေသည်။ 


"နင့်ကောင်မလေးနဲ့ပြတ်သွားပြီလို့ကြားတယ်..ဘယ်လိုလဲ...အခုထိစင်ဂယ်ပဲလား..."


ဖုယွမ်ကျိုးက ခေါင်းညိတ်ပြလိုက်ပြီး သူမကဆက်ပြောလာလေသည်။ 


"လိုက်ကြည့်လေ...သဘောကျလို့ဒိတ်ချင်တဲ့သူရှိရင်ပြော...ငါပြောပေးမယ်.."


ဖုယွမ်ကျိုး: "ကျေးဇူးပဲ...မလိုတော့ပါဘူး...လောလောဆယ် ကျွန်တော် ထပ်မချစ်ချင်သေးဘူး..."


"တကယ်ကြီးလား...အေးလေ...စင်ဂယ်ဖြစ်နေတော့လည်းကောင်းတာပါပဲ..." 

ယွိလျန်နက သူ့အား နှစ်သိမ့်ပေးသည့်အနေဖြင့်ပြုံးပြလာပြီး ရှန်ပိန်ခွက်ကိုကမ်းပေးလာသည်။ 

"ငါလည်းအခုစင်ဂယ်ပဲ...လွတ်လပ်မှုအရသာအတွက်..ခွက်ချင်းတိုက်လိုက်ရအောင်..."


 ဖုယွမ်ကျိုးကကမ်းပေးလာသည့်ခွက်ကို မော့လိုက်ပြီး ယွိလျန်နက အခြားခွက်များကိုပါ ဆက်တိုက်ကမ်းပေးလာသည်။ ပေးသမျှခွက်များကိုလိုက်သောက်ပြီးသည့်နောက် ဖုယွမ်ကျိုးမူးလာပြီး တကိုယ်လုံးပူလာသောကြောင့် လက်ယမ်းပြီးငြင်းလိုက်ရသည်။ 

"မသောက်တော့ဘူး...ဆက်သောက်ရင် ကျွန်တော်မူးသွားတော့မယ်..."


"နင်အရင်ကဒီလိုမဟုတ်ဘူး...ဒီနေ့ဘာတွေဖြစ်လာတာလဲ..."


ယွိလျန်နက သူ့စကားကိုမယုံသလို မျက်လုံးပင့်ပြလာသော်လည်း ဖုယွမ်ကျိုးမှာ တကယ်မသောက်နိုင်တော့သောကြောင့် သူမဘေးရှိဆိုဖာပေါ်တွင်ထိုင်ကာ မျက်ခုံးရိုးတို့ကိုနှိပ်နယ်နေမိသည်။ နဖူးပေါ်တွင် ချွေးစအနည်းငယ်စို့လာပြီး အသက်ရှူလည်းမြန်လာ၍ ရုတ်ချည်းမတ်တပ်ရပ်လိုက်မိသည်။


"ဘာလို့ဒီလောက်ပူရတာလဲ..."


"နေမကောင်းလို့လား..." 

ယွိလျန်နက အံ့အားသင့်သွားသည့်မျက်နှာမျိုးပြလာပြီး သူ့မျက်နှာကိုကြည့်ကာပြောလာ၏။ 

"ငါရှီ​ကောကိုခေါ်လိုက်မယ်...သူနင့်ကိုအနားယူဖို့ခေါ်သွားပေးလိမ့်မယ်..."


သူမက ဖုယွမ်ကျိုးကိုနှစ်သိမ့်ပေးလိုက်သော်လည်း တဖက်လှည့်သွားသည်နှင့် ထူးဆန်းစွာပြုံးလိုက်ပြီး ရှန်းရှီကောကိုလှမ်းခေါ်လိုက်သည်။


ဖုယွမ်ကျိုး နေမကောင်းသည့်အကြောင်းကြားလိုက်ရသည့်အခါ ရှန်းရှီကောက ခဏတွင်းချင်းပင် အခြားသူများကိုထားခဲ့ပြီး ဖုယွမ်ကျိုးအနားသို့​ပြေးလာလေသည်။ သူရောက်လာချိန်တွင် ဖုယွမ်ကျိုးက ဆိုဖာပေါ်တွင် ပုံပျက်ပန်းပျက်လဲနေပြီး အရက်မူးနေ၍လား၊ ဖျားနေ၍လားမသိ၊ သူ့မျက်နှာကရဲတွက်နေလေသည်။ သည့်အပြင် ထိုသူ၏မျက်လုံးများက အရည်ကြည်တစ်လွှာဖုံးအုပ်ခံထားရသည်။


ရှန်းရှီကောက သူ့အားထူပေးရန် ကိုယ်ကိုငုံ့ကိုင်းလိုက်ပြီး အနှီသူ၏ကျောကို ထိလိုက်ရုံရှိသေးစဥ် ဖုယွမ်ကျိုးက မထိန်းချုပ်ထားနိုင်တော့သည့်အမူအရာဖြင့် ခပ်တိုးတိုးပင့်သက်ရှိုက်လိုက်သည်။ သို့ထိတိုင် ရှန်းရှီကောကိုမှီထားပြီး ထိုသူကို အသံတိမ်တိမ်ဖြင့် ခေါ်လိုက်သည်။ 


"ရှီကော...ငါနေလို့မကောင်းဘူး.."


"မင်းဘာစားလိုက်တာလဲ..."


ရှန်းရှီကောက သူ့အားဖက်ထားလေသည်။ ပြီးနောက် မည်းမှောင်နေသည့်မျက်လုံးများဖြင့် ယွိလျန်နကို အေးစက်စက်လှမ်းကြည့်လိုက်၏။


"နင်မြင်လိုက်တာလား..."


ယွိလျန်နက ပြုံးကာ လက်ယမ်းပြသည်။ 


"ငါ့ကိုအဲဒီလိုလာကြည့်မနေနဲ့...သူကနင့်ရဲ့ဘေဘီလေးဆိုတာငါသိပါတယ်..ငါကသူ့ကိုဘာလုပ်ရမှာလဲ...ငါကအပျော်သက်သက်စနောက်လိုက်ရုံပါ...သူ့ခန္ဓာကိုယ်ကိုမထိခိုက်ပါဘူး..နင်သူ့ကိုဘာမှမလုပ်ချင်ရင် ရေများများတိုက်လိုက်..နင်အဲဒီလိုတော့မဖြစ်ချင်ဘူးမလား..."


သူမသည် အိတ်ထဲမှသော့တစ်ချောင်းကိုဆွဲထုတ်ပြီး ရှန်းရှီကောကိုပစ်ပေးလိုက်သည်။ 


"တတိယထပ်ကဒုတိယမြောက်အခန်း...အာမခံတယ်...ဘယ်သူမှနင်တို့ကိုမနှောင့်ယှက်စေရဘူး...ကျန်တာနင့်အပိုင်းပဲ..."


ရှန်းရှီကောက သော့ကို လက်ထဲတွင်သာကိုင်ထားခဲ့သည်။ သူ့မျက်နှာက အလွန်တရာအေးစက်နေပြီး စကားအပိုမပြောတော့ဘဲ ဖုယွမ်ကျိုးကို ခပ်ဝေးဝေးသာခေါ်သွားခဲ့လေသည်။ ယင်းကြောင့် ယွိလျန်နမှာ တုန်လှုပ်သွားရလေ၏။ နှစ်ချီပြီး ပြောဆိုဆက်ဆံခဲ့ကြရာတွင် ရှန်းရှီကော၏ ယခုလိုမျက်နှာမျိုးကို သူမတစ်ခါပင်မမြင်ခဲ့ဖူးချေ။ အနှီသူသည်ကား တကယ်စိတ်ဆိုးသွားပြီထင်၏။


"သူငါ့ကိုလက်စားပြန်ချေမှာများလား..." 

သူမသည်ကား တစ်ကိုယ်တည်း တီးတိုးရေရွတ်နေလေ၏။ 

"ငါကသူကောင်းဖို့အတွက် လုပ်ပေးလိုက်တာပဲကို..ဒီလိုအခြေအနေမှအခွင့်အရေးမယူရင် တသက်လုံးသူငယ်ချင်းလုပ်ကြမလို့လား..."


ရှန်းရှီကောကမူ ဖုယွမ်ကျိုးကို တတိယထပ်အထိခေါ်သွားပြီး ရိလျန်နပေးလိုက်သည့်သော့ဖြင့် တံခါးဖွင့်လိုက်သည်။ ထို့နောက် တံခါးက ၎င်းအလိုအလျောက်ပြန်ပိတ်သွားလေ၏။ အခန်းမှာတိတ်ဆိတ်နေပြီး သီးခြားကမ္ဘာတစ်ခုလိုပင်။


ယွိလျန်နပြောသလိုပင်၊ ယခုအချိန်က သူတို့နှစ်ယောက်တည်း၏သီးသန့်အချိန်ပင်။


"ရှီကော..."


ဖုယွမ်ကျိုးက ခေါင်းထဲတွင် ချာချာလည်နေခဲ့သည်။ ယခုလေးတင် ရှန်းရှီကောနှင့်ရိလျန်နတို့စကားပြောနေသံကိုကြားလိုက်ရသော်လည်း ဘာမှန်းသေချာမကြားရသလို သူ့ကိုဘယ်နေရာခေါ်လာမှန်းလည်းမသိပေ။ ရှန်းရှီကော သူ့အားအိပ်ရာပေါ်တွင် ချပေးသည်အထိ သူ့နာမည်ကို လေလုံးမကွဲဘဲခေါ်နေခဲ့သည်။


သူ့မျက်နှာတပြင်လုံးမှာ ချွေးများဖြင့်ရွှဲစိုနေခဲ့သည်။ ဆေးက သူ့ခန္ဓာကိုယ်အပူရှိန်ကိုမြင့်လာစေပြီး သူ့အသားအရေကပူပြင်းကာ ချွေးများဖြင့်စိုနေခဲ့သည်။ ပူလွန်းသောကြောင့်သည်းမခံနိုင်တော့ဘဲ အဝတ်အစားများကိုဆွဲချွတ်ရန်ကြိုးစားလေတော့၏။


"....." 


ရှန်းရှီကောက သူ့အား စက္ကန့်အနည်းငယ်ကြာအောင်စိုက်ကြည့်နေပြီးမှ ရေချိုးခန်းဘက်သို့လှည့်သွားလိုက်သည်။ ရေချိုးကန်ထဲသို့ရေဖြည့်ပြီး ရေခဲသေတ္တာထဲမှရေတစ်ဘူးကိုထုတ်ကာ ပြန်ထွက်လာခဲ့သည်။ ပြီးနောက် ဖုယွမ်ကျိုးကိုပေးလိုက်ပြီး တီးတိုးပြောလိုက်လေ၏။ 


"သောက်လိုက်..."


ဖုယွမ်ကျိုးက လှမ်းယူလိုက်သော်လည်း လက်များကတုန်နေလေသည်။ ရေဘူးက ​အိပ်ရာပေါ်ကျတော့မည်အထိဖြစ်သွားခဲ့ပြီး ရှန်းရှီကောက အချိန်မီလေးဖမ်းလိုက်နိုင်သောကြောင့်သာ အိပ်ရာကမစိုသွားခဲ့ခြင်းပင်။


သူကိုယ်တိုင်ရေမသောက်နိုင်မှန်းသေချာမှ ရှန်းရှီကောသူ့အားဘေးတွင်ထိုင်ကာ ရေတိုက်လိုက်ရသည်။ သို့သော် သူ့အထိအတွေ့မှ ပူနွေးမှုနှင့် အသက်ရှူသံများကြောင့် ဖုယွမ်ကျိုး ရေသောက်ချင်စိတ်မရှိတော့ပေ။ ရှန်းရှီကောခါးကိုဖက်ကာ လက်မောင်းကြားထဲတွင် သူ့မျက်နှာကိုအပ်ထားလိုက်ပြီး မှီတွယ်ထားရင်း မကျေမနပ်ဖြင့်ပြောလိုက်လေ၏။ 


"ငါနေလို့မကောင်းဘူး.."


"စိတ်အေးအေးထား...မကြာခင်သက်သာသွားမှာပါ.."


ရှန်းရှီကောက ရေဘူးကိုဘေးတွင်ထားလိုက်ရင်း သူ့မျက်လုံးများက တဖြည်းဖြည်းချင်း မည်းမှောင်လာရသည်။ ပြင်းပြသောခံစားချက်တို့က ပြေပျောက်မသွားနိုင်တော့ဘဲ အနှီသူ၏နဖူးပြင်ကို ဖွဖွလေးနမ်းလိုက်ပြီး တိုးညှင်းလှသည့်အသံဖြင့်ပြောလိုက်လေ၏။ 


"ကိုယ်မင်းကိုရေချိုးခန်းထဲခေါ်သွားပေးမယ်..."


သူက ဖုယွမ်ကျိုးကိုအိပ်ရာပေါ်မှချီပြီး ရေချိုးခန်းထဲသို့ခေါ်သွားလိုက်၏။ တံခါးပိတ်လိုက်ပြီးသည်နှင့် သူတို့နှစ်ယောက် အတော်ကြာသည်အထိထွက်မလာနိုင်တော့ပေ။ ညင်သာပြီးဒွိဟဖြစ်စေသည့် အသံအချို့သာထွက်လာခဲ့လေ၏။


ညတာမှာရှည်လွန်းလှသည်။ ဖုယွမ်ကျိုးမှာ နောက်ကျမှအိပ်ရာမှနိုးလာခဲ့၏။ အသိစိတ်ရေးရေးလေးသာရှိလျှင်ပင် တဖက်လူက ရှန်းရှီကောမှန်း သူအတပ်ပြောနိုင်သည်။ ယင်းက သူ့အားထိတ်လန့်သွားစေသည့်တိုင် ရှန်းရှီကောကသူ့အပေါ်အလွန်တရာ ညင်သာလှသောကြောင့် မငြင်းဆန်နိုင်ခဲ့ပေ။ သူသည် ရှန်းရှီကောကိုဖက်ထားခဲ့ပြီး ပိုမိုတောင်းဆိုနေခဲ့သည်။


သို့တစေ နောက်တနေ့အိပ်ရာမှလုံးဝနိုးလာသည့်အခါ ဖုယွမ်ကျိုး နောင်တရတော့သည်။ မနေ့ညက သူသောက်လိုက်သည့်ဝိုင်တွင် တစ်ခုခုပါနေမှန်းသိလင့်ကစား ဘာကြောင့်မှန်းမသိ၊ သူ့ကိုယ်သူမထိန်းချုပ်နိုင်ခဲ့ပေ။ သူဘာလို့ သူငယ်ချင်းနဲ့အိပ်လိုက်ရတာလဲ။ ဒါကဘာတွေလဲ။


သူနှင့်ရှန်းရှီကောတို့ ရှေ့လျှောက် အဆင်မပြေတော့မည်ကိုတွေးမိပြီး စိတ်ညစ်သွားရသည်။ ရှန်းရှီကောက မနိုးသေးသောကြောင့် သူ့အဝတ်အစားများကိုဝတ်ပြီးထွက်ပြေးချင်စိတ်ဖြစ်လာရ၏။ သို့သော်လည်း သူရေချိုးခန်းထဲရောက်သည်နှင့် သူ့အဝတ်အစားများကရေချိုးကန်ထဲတွင်နစ်နေပြီး စိုရွှဲနေပြီဖြစ်ရာ ဝတ်မရတော့ပေ။


ကော်ဇောပေါ်သို့ ခပ်ဖွဖွနင်းလာသည့်ခြေသံသည် သူ့အနောက်မှထွက်လာခဲ့၏။ ဖုယွမ်ကျိုးပင်လှည့်မကြည့်ရသေးခင် သန်မာသည့်လက်တစ်ဖက်ကသူ့အား သိုင်းဖက်လာခဲ့သည်။


နိုးလာကာစဖြစ်၍ ရှန်းရှီကောအသံကခပ်အက်အက်ဖြစ်နေသည်။ နားစည်အိမ်ကို ခပ်တိုးတိုးရိုက်ခတ်လာသည့်အသံက အလွန်တရာဆွဲဆောင်မှုရှိလေ၏။ 


"မောနင်း...ရှောင်ချီး..."


ဖုယွမ်ကျိုးမှာ ရှက်သွေးဖြာသွားရသည်။ သူ့တစ်ကိုယ်လုံးတောင့်တင်းနေပြီး လှုပ်ရှား၍မရတော့ပေ။ ရှန်းရှီကောကိုလည်းပြန်မကြည့်ရဲဘဲ ရှန်းရှီကောကသူ့အားလွှတ်ပေးလိုက်ပြီး ရေချိုးဝတ်ရုံ၏ခါးစည်းကြိုးကို အသေအချာချည်ပေးလိုက်ပြီးမှ သူသည်ကား နီရဲနေသည့်မျက်နှာဖြင့် လှည့်လိုက်လေ၏။


"မနေ့ကလေ...ငါတို့..."


သူသည်ကား စကားတစ်ခွန်းပြောရန်ပင် တုံ့ဆိုင်းနေရ၏။ အစက သူသေချာမမှတ်မိသည့်အတွက် ဖြစ်ပျက်ခဲ့သမျှကိုမေးမြန်းချင်ခဲ့သည်။ သို့သော် ရှန်းရှီကောမျက်လုံးနှင့်ဆုံသွားသည့်အခါ ပြောရမည့်စကားကိုမေ့သွားရလေ၏။ ထို့ကြောင့် မည်သည့်စကားကိုမှမပြောတော့ဘဲ ရှက်ရှက်နှင့်ခေါင်းငုံ့ထားလိုက်ရလေသည်။


"နာနေတဲ့နေရာရှိလား..."


ရှန်းရှီကောက မနေ့ကအကြောင်းကိုထုတ်မပြောဘဲ ဖုယွမ်ကျိုးခန္ဓာကိုယ်ကိုသာဂရုစိုက်နေခဲ့သည်။ ဖုယွမ်ကျိုးက ကျည်ဆံကိုကိုက်ကာ ထိုသူနှင့်စကားစမြည်ပြောပြီးသည့်နောက် ထုတ်မေးလိုက်လေတော့၏။ 


"ယွိလျန်န..ငါ့ကိုပေးတဲ့ဝိုင်က တစ်ခုခုပဲ...ငါမင်းနဲ့စကားပြောနေရာကနေ..တောင်းပန်ပါတယ်...ငါမင်းကို အတင်းလုပ်ခိုင်းမိသလိုဖြစ်သွားပြီ..."


"ဝိုင်အကြောင်းကိုတော့ ကိုယ်သူနဲ့စကားပြောကြည့်လိုက်ပါ့မယ်.." 

ရှန်းရှီကောမျက်လုံးထဲတွင် အေးစက်စက်အလင်းတဖြာက ဖျတ်ကနဲလက်သွားသည့်တိုင် ဖုယွမ်ကျိုးကိုကြည့်လာသည့်မျက်လုံးများကမူ နူးညံ့နေလေ၏။


"စိတ်ထဲမထားပါနဲ့...ကိုယ်ကမင်းကိုကူညီပေးရုံပါ...ကိုယ်ကပျော်တောင်ပျော်နေသေးတယ်..."


ထိုသူ၏စကားက လုပ်ပြောနေပုံမရသော​ကြောင့် ဖုယွမ်ကျိုးမှာ အူကြောင်ကြောင်ဖြစ်လာပြီး ​ပြောရမည့်စကားကိုပင်မေ့သွားခဲ့လေသည်။


"မင်းမနေ့ကဘယ်လိုနေလဲ..." 

ရှန်းရှီကောက မေးမြန်းလာခဲ့သည်။


ဖုယွမ်ကျိုးမျက်နှာက ရဲတွက်သွားခဲ့သည်။ သူတကယ်ရှက်နေမိ၏။ ရှန်းရှီကောက သူ့ကိုအမြဲအကဲခတ်နိုင်ခဲ့သော်လည်း ဤတခေါက်တွင် သူ့တုံ့ပြန်မှုကိုမြင်ပုံမရဘဲ ဆက်မေးနေခဲ့၏။ 

"မဆိုးဘူးဆိုရင် ကိုယ်တို့ဆက်လုပ်ကြမလား..."


ဖုယွမ်ကျိုးတွင် ပြန်ပြောစရာမကျန်တော့ပေ။ ရှန်းရှီကောက ထိုသိူ့ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပါချေ။ 


ဆက်လုပ်မယ်ဆိုတာက အိပ်ရာပေါ်ကပါတနာဆက်ဆံရေးမျိုးမလား။


"မင်း ယွိဖေးကြောင့် အခုထိစိတ်မကောင်းဖြစ်နေသေးမှန်း ကိုယ်နားလည်ပါတယ်..." 

ရှန်းရှီကောက ဝမ်းနည်းနေသောအမူအရာဖြင့်ဆိုလာခဲ့၏။ 

"မင်းလိုချင်တာရှိရင် ပွင့်ပွင့်လင်းလင်းပြောပြီး ညှိယူလို့ရတယ်...ကိုယ်ကမင်းကိုပျော်အောင်လုပ်ပေးနိုင်မှာပါ..." 


သူက ဖုယွမ်ကျိုး၏လက်ကိုဆွဲယူပြီး လက်ချောင်းထိပ်လေးများကိုနမ်းရှိုက်လာခဲ့သည်။


 "မင်းမနေ့ညက အရမ်းပျော်နေခဲ့တာ ကိုယ်တွေ့ပါတယ်...ကိုယ်တို့ရဲ့ခန္ဓာကိုယ်တွေကလည်း လိုက်လျောညီထွေဖြစ်နေခဲ့တယ်လေ..."


ဖုယွမ်ကျိုးကမူ ရှန်းရှီကော၏တောင်းဆိုချက်ကိုငြင်းပယ်ခဲ့သည်။


ရှန်းရှီကောပြောသည့်အတိုင်း သူမနေ့ညက အလွန်ကောင်းနေခဲ့လျှင်ပင် လက်မခံနိုင်ပေ။ 


၎င်းက ယွိဖေးကိုရော ရှန်းရှီကောအပေါ်ပါ မလေးစားရာရောက်လေသည်။ သူသည်ကား သူငယ်ချင်းတစ်ယောက်အနေဖြင့် လက်မခံနိုင်ပါချေ။


♎️