Chapter 80
Viewers 11k

Volume 3 : အမြန်ရထား

Chapter 80 (4 of Hearts – အမြန်ရထား ၁၃၊ ဒုတိယသေဆုံးမှု) 

နံပါတ် 6 ရထားတွဲကိစ္စ ပြေလည်သွားပြီ။

ဒါကို အတည်ပြုဖို့အတွက် ယွီဟန်ကျန်းက လျှိုယွီမင်ကိုခေါ်ပြီး ရှူဖျင်က မနက်အစောကြီးမှာ လီကျယ်မင်၏ အင်ဆူလင်ကို ခိုးယူဖို့ အခန်း 2 ထဲကို ဝင်ခဲ့သလားလို့ မေးခဲ့သည်။ လျှိုယွီမင်သည် ခဏတာ စိတ်ပူနေသော်လည်း သူ ဖုံးကွယ်၍မရတော့တာကိုသိပြီး ခေါင်းငြိမ့်ရပေမည်။ "အင်း၊ ရှူဖျင်က တံခါးဖွင့်ပြီး လီကျယ်မင်ရဲ့အိတ်ထဲက တစ်ခုခုယူသွားတာကို ငါမြင်ခဲ့တယ်..."

ယွီဟန်ကျန်းက မေးလိုက်သည်။ "အိတ်ထဲက ပစ္စည်းတွေ ယူသွားတာကလွဲရင် လီကျယ်မင်ရဲ့ အိပ်ရာကို သူမထိခဲ့သလား။"

လျှိုယွီမင်က အလွန်သေချာသည်။ "မထိဘူး၊ သူမက ခရီးဆောင်သေတ္တာထဲက အိတ်ကို ယူလိုက်ပြီး အိတ်ကို ပြန်ထားလိုက်တယ်။"

ယွီဟန်ကျန်းက မေးလိုက်သည်။ "မစ္စစ်မိန်ကကော။ အခန်း 2 ကို သူမသွားလား။"

လျှိုယွီမင်သည် ခဏလောက် တိတ်ဆိတ်နေပြီး ခေါင်းငြိမ့်ခဲ့သည်။ "အင်း။"

"သူမ ဘာလုပ်တယ်ဆိုတာ ခင်ဗျားမြင်ခဲ့လား။"

လျှိုယွီမင်သည် အသက်ပြင်းပြင်းရှူရင်း သူ့အသံက အနည်းငယ်တုန်နေသည်။ "အရမ်းမှောင်နေတော့ သူမဘာတွေလုပ်နေလဲ ငါမမြင်လိုက်ဘူး။ သူမလုပ်နေတဲ့ အသံတွေကို အခြေခံပြီး သူမက လီကျယ်မင်ရဲ့ စောင်နဲ့ အဝတ်တွေကို ဖွင့်ပြီး လီကျယ်မင်ရဲ့ ခန္ဓာကိုယ်ပေါ်က တစ်ခုခုကို ရှာနေပုံရတယ်…"

ဤသက်သေခံချက်သည် လီကျယ်မင်ကို မစ္စစ်မိန်ကသတ်တာဖြစ်ကြောင်း ဆုံးဖြတ်ရန် လုံလောက်ပါသည်။

ယွီဟန်ကျန်းက ကျန့်ဝေ့ကော်ကို ထပ်ခေါ်သည်။ ဒီလောင်းကစားသမားသည် မနေ့ညက စာရွက်ကို မျိုချပြီး အိပ်ပျော်သွားတာကြောင့် စိတ်သက်သာရာ ရသွားနိုင်သည်။ နောက်ဆက်တွဲ လှုပ်ရှားမှုတွေ သူမကြားခဲ့ရဘူး။ ဘေးအခန်းက နျိုတဖန်လည်း ဘာမှ မကြားရဘူးလို့ ပြောသည်။

လျှိုယွီမင်နှင့် ရှူဖျင်တို့သည် လီကျယ်မင်ကို မစ္စစ်မိန်က သတ်ပစ်ခဲ့တယ်ဆိုသော မျက်မြင်သက်သေများဖြစ်သည်။ ဆေးထိုးအပ်ပေါ်ရှိ လက်ဗွေရာများနှင့် အင်ဆူလင်တို့သည် ရုပ်ပိုင်းဆိုင်ရာ သက်သေဖြစ်သည်။ ယွီဟန်ကျန်းသည် ရှူဖျင်ပါဝင်နေတာကို သိပေမဲ့ ဝန်ခံချက်တစ်ခုရှိခဲ့ပြီး ရှူဖျင်က မစ္စစ်မိန်အတွက် အင်ဆူလင်ကို ဝယ်ခဲ့တာလို့ အခိုင်အမာပြောခဲ့သည်။ မစ္စစ်မိန်၏ အစီအစဉ်ကို သူမ မသိသဖြင့် ရဲများက သူ့းမကို ဖမ်းဆီးရန် နည်းလမ်း မရှိပေ။

သူက အားလုံးကို သူတို့အခန်းဆီ ပြန်သွားခိုင်းပြီး ယွီဟန်ကျန်းသည် တွေးတောနေရင်း မျက်မှောင်ကြုတ်သွားသည်။

ရှောက်လုံက နူးညံ့စွာ မေးလိုက်သည်။ "ဒီကိစ္စအတွက် ကျွန်တော်တို့ ဘယ်လိုရွေးချယ်ရမလဲ။ ဒေါ်လေးဖျင်ကိုလည်း ဖမ်းရမှာလား။"

စိတ်ခံစားမှုအမြင်အရ ရှောက်လုံသည် ရှူဖျင်ကို မဖမ်းချင်ပါ။ သူမသည် လီကျယ်မင်ကြောင့် ဆိုးဆိုးရွားရွား နာကျင်ခြင်းကို ခံခဲ့ရပြီး မစ္စစ်မိန်က နောက်ဆုံးအခိုက်အတန့်တွင် ရှူဖျင်ကို ကာကွယ်ခဲ့ပြီး ကိုယ်တိုင်ကိုယ်ကျ အပြစ်ခံယူခဲ့တာကို ပြောစရာပင်မလိုပေ။ သို့သော် ရည်မှန်းချက် ရှုထောင့်မှကြည့်လျှင် ရှူဖျင်က အရာအားလုံးကို စီစဉ်ပေးသူဖြစ်သည်။

ယွီဟန်ကျန်းက အသံတိုးတိုးဖြင့် ‌ပြန်ဖြေသည်။ "ရှူဖျင်က ကြံရာပါတစ်ယောက်ဆိုတာ ကိုယ်တို့သိပေမဲ့ ရုပ်ပိုင်းဆိုင်ရာ သက်သေမပြနိုင်ဘူး။ မျက်မြင်သက်သေများစွာရဲ့ ထွက်ဆိုချက်က သူမအတွက် အခွင့်ကောင်းလည်းဖြစ်တယ်။ ယွိရှင်းရှင်းက သူမရဲ့အရိပ်ကိုသာမြင်ရပြီး သူမနားကပ်ကိုရှာနေတာလို့ ရှင်းပြနိုင်တယ်။ ကျန့်ဝေ့ကော်က သူမနဲ့ မစ္စစ်မိန် စကားပြောနေတာကို ကြားပြီး ရှူဖျင်က မစ္စစ်မိန်ကို အင်ဆူလင်ပေးတာလို့ ရှင်းပြနိုင်တယ်။ သူမက အခန်း 2 ကို သွားခဲ့ပေမဲ့ မတိုက်ခိုက်ခဲ့ဘူးဆိုတာ လျှိုယွီမင်က သက်သေပြခဲ့တယ်။"

ဆက်စပ်နေသော ဤသက်သေခံချက်များသည် ရှူဖျင်က ညသန်းခေါင်တွင် လီကျယ်မင်၏အင်ဆူလင်ကို ခိုးယူသွားကြောင်း သက်သေပြနိုင်သည်။ လူသတ်သမားကတော့ မစ္စစ်မိန်ဖြစ်သည်။

ရှောက်လုံက တွေးဆသည်။ "အဖွဲ့ခေါင်းဆောင်ယွီ၊ ဒါက မစ္စစ်မိန်ကို ဖမ်းဖို့ပဲလိုတယ်လို့ ဆိုလိုတာလား။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "လီကျယ်မင် သေဆုံးခြင်းကို တိုက်ရိုက်ပို့ဆောင်ပေးသူက ဒီနေရာမှာ ရှိနေတယ်။ ကိုယ်တို့ဖမ်းရမဲ့လူသတ်သမားက သူမပဲဖြစ်ရမယ်။"

ရှောက်လုံက သက်ပြင်းချကာ ပြုံးပြလိုက်သည်။ "ခင်ဗျားက ဒေါ်လေးဖျင်ကို ဖမ်းမယ်လို့ ထင်ခဲ့တာ။"

"ရှူဖျင်က လူသတ်သမားဆိုတဲ့ သက်သေအထောက်အထားမရှိဘူး။ မစ္စစ်မိန်က ထက်မြက်သူတစ်ယောက်ဖြစ်ပြီး ရှူဖျင်ကို အင်ဆူလင်ခိုးယူဖို့ လမ်းညွှန်ပေးသူဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လူများစွာက သူမလုပ်ရပ်ကို တွေ့ရှိခဲ့တာကြောင့်ပဲ။ သူမမှာ အကြောင်းပြချက်မရှိရင် ညသန်းခေါင်မှာ ဘာလို့ဒီလောက်ကြာအောင် အပြင်ထွက်နေရတာလဲဆိုတာ ရှင်းပြဖို့ ခက်လိမ့်မယ်။ အင်ဆူလင်ကို တိတ်တဆိတ်ခိုးယူခြင်းက အပေါက်အားလုံးကိုဖြည့်ဖို့ အကောင်းဆုံးအကြောင်းရင်းပဲ။"

ယွီဟန်ကျန်းက ထပ်ပေါင်းပြောသည်။ "လီကျယ်မင်လို လူယုတ်မာအတွက် အသက်နှစ်ချောင်းဆုံးရှုံးလိုက်ရတာက မတန်ဘူးလို့ ကိုယ်လည်းခံစားရတယ်။"

ရှောက်လုံက သဘောတူသည်။ "ဒါဆို ကျွန်တော်တို့ ရှူဖျင်ကို လွတ်လိုက်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် လုံလောက်တဲ့သက်သေမရှိတာကြောင့် သူမကို ဖမ်းလို့မရဘူး။ မစ္စစ်မိန်က အရာအားလုံးကို တာဝန်ယူပြီး တောင့်ခံဖို့ ဆုံးဖြတ်ခဲ့တာဆိုတော့… အဘွားအိုရဲ့ မသေခင် နောက်ဆုံးဆန္ဒကို ကျွန်တော်တို့ ဖြည့်ဆည်းပေးသင့်တယ်။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။

တစ်ချိန်တည်းမှာပင် လူနှစ်ယောက်ရှေ့ရှိ လေးထောင့်ဘောင်များပေါ်တွင် သတိပေးချက်တစ်ခု ပေါ်လာသည်။

[နံပါတ် 6 ရထားတွဲပေါ်မှာ လီကျယ်မင်ကို သတ်ခဲ့သော လူသတ်သမားက အေ- အဘွားအိုမိန်၊ ဘီ- ရှူဖျင်၊ စီ- နျိုတဖန်၊ ဒီ- ကျန့်ဝေ့ကော်၊ အီး- လျှိုယွီမင်။ ကျေးဇူးပြု၍ လူသတ်သမားကို ရွေးပြီး နံပါတ် 9 ရထားတွဲ၏ လုံခြုံရေးအခန်းတွင် လူသတ်သမားကို သော့ခတ်ထားပါ။ ရထားဆိုက်တာကို စောင့်ပြီး လူသတ်သမားကို ရဲလက်အပ်လိုက်ပါ။]

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က ရွေးချယ်စရာအေကို အတူတကွ ရွေးချယ်ခဲ့သည်။ 4 of Hearts ကို ရှင်းလင်းရန် ဤရွေးချယ်မှုသည် လူသတ်မှုတွင် ပါဝင်ပတ်သက်သူအားလုံးကို ဖမ်းရန် မလိုအပ်ကြောင်း သက်သေပြခဲ့သည်။ သတ်သောသူကို ဖမ်းရင် လုံလောက်ပါပြီ။

လူနှစ်ယောက် ရုံးခန်းထဲက ထွက်လာပြီး အခန်း 1 ထဲကို ဝင်လိုက်သည်။ မစ္စစ်မိန်က ထုပ်ပိုးနေခဲ့သည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က ဝင်လာတာကို တွေ့လိုက်ရသဖြင့် ခရီးသည်များသည် သူတို့အတွက် စင်္ကြံကို သတိရှိရှိ ဖယ်ပေးလိုက်ကြသည်။ 

ယွီဟန်ကျန်းက တိုးလျသော အသံဖြင့် တောင်းဆိုလိုက်သည်။ "ဒေါ်လေးမိန်၊ ကျွန်တော်တို့နဲ့ လိုက်ခဲ့ပါ။"

ဒေါ်လေးမိန်က သူတို့ကို ကြည့်သည်။ "ငါ့ကို နှစ်မိနစ်လောက်စောင့်ပေးပါ။ ငါ့မှာ စာရင်းရှင်းစရာတစ်ခုရှိလို့။"

သူမသည် အိတ်ထဲက အစားအစာတွေကို အခန်း 1 မှ ကျန်သောလူများကို ခွဲဝေပေးပြီး အိတ်ကပ်ထဲက ဓာတ်ပုံကို ရှူဖျင်ကို ပေးရင်း ရှူဖျင်၏လက်ကို ညင်သာစွာ လက်ဆွဲနှုတ်ဆက်လိုက်သည်။ ဒီအဘွားအို ထွက်သွားတော့မယ်ဆိုတာ သိလိုက်ရတော့ ရှူဖျင်၏ မျက်လုံးတွေမှာ မျက်ရည်တွေ ပြည့်လျှံနေခဲ့သည်။

မစ္စစ်မိန်က ပြုံးလိုက်သည်။ "အဆင်ပြေပါတယ်၊ နင့်သမီးက နေကောင်းလာမှာပါ၊ နင် ကောင်းကောင်းနေရမယ်နော်။ နင်က အခု အသက် 60 ပဲရှိသေးပြီး ငါတွေ့ဖူးသမျှထဲမှာ အလှဆုံးအဘွားအိုပဲ။ အနည်းဆုံး အနှစ် 80 လောက်နေဖို့ လုံလောက်တယ် နင်သိလား။"

ရှူဖျင်က ငိုနေရင်း ခေါင်းငြိမ့်လိုက်သည်။

လျှိုယွီမင်သည် မျက်ရည်များကို ထိန်းထားရင်း ပြတင်းပေါက်ဘက်ကို လှည့်ကြည့်လိုက်သည်။ အခြားလူတွေက ဘာဖြစ်နေမှန်း မသိဘဲ မေးလိုက်သည်။ "အစ်မမိန်က ဘာဖြစ်တာလဲ။ ရထားစောင့်တွေက ဘာလို့ သူမကို ခေါ်သွားတာလဲ။"

"အစ်မမိန်လား။"

အစ်မမိန်က လူအုပ်ကို လက်ဝှေ့ယမ်းပြီး ပြုံးပြသည်။ "အဆင်ပြေပါတယ်။ ငါ့ခြေထောက်တွေ မကောင်းလို့ အစောင့်နှစ်ယောက်က ငါ့ကို ကျယ်ဝန်းတဲ့နေရာမှာ ခဏလောက် အနားယူခွင့်ပေးတာပါ။"

သူမက လှည့်ပြီး ယွီဟန်ကျန်းနှင့် ရှောက်လုံတို့ကို ပြောလိုက်သည်။ "သွားကြရအောင်။"

ရှောက်လုံက သူမကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ အခြားသူတွေက သူ့ကို တားချင်ပေမဲ့ မစ္စစ်မိန်က တားလိုက်သည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့က သူမအား နံပါတ် 9 ရထားတွဲ၏ လုံခြုံရေးအခန်းသို့ ခေါ်ဆောင်သွားကြသည်။

သူမနောက်တွင် သက်ကြီးရွယ်အိုအုပ်စုက သူမထွက်ခွာသွားတာကို စောင့်ကြည့်နေသည်။ အဘွားအို၏ကျောပြင်သည် တုန်ခါနေသော်လည်း ခြေလှမ်းတိုင်းက ခိုင်မာတည်ငြိမ်သည်။ ဒါတွေအားလုံး အဆုံးသတ်သွားပြီဆိုတာ သူမသိတာကြောင့်ဖြစ်သည်။ ရှူဖျင်၊ ရှူရှောင်မုန်နှင့် လီမော့တို့အားလုံးက ဘဝသစ်ကို စတင်ကြမည်ဖြစ်သည်။ သူမအတွက်ကတော့ အမြဲတမ်းသေလမ်းပဲ ရှိပေလိမ့်မည်။ အရိုးကင်ဆာဖြင့် ဆေးရုံတွင် သေဆုံးခြင်းနှင့် ကွပ်မျက်သည့်နေရာ၌ ပစ်သတ်ခံရခြင်းက ကွာခြားမှု မရှိပေ။

ပြတ်ပြတ်သားသားပြောရလျှင် ပစ်သတ်ခံရတာက ပိုလွယ်သည်။ အရိုးကင်ဆာလူနာများအတွက် ဓာတုကုထုံးသည် အလွန်နာကျင်နိုင်ကြောင်း ဆရာဝန်က ပြောသည်။ သူမသည် နာကျင်မှုကို ကြောက်၏။

ပြတင်းပေါက် အပြင်ဘက်တွင် နေရောင်က တောက်ပနေသည်။ မစ္စစ်မိန်သည် အဲဒါကို စိုက်ကြည့်ရင်း နောက်ဆုံးမှာတော့ သူမ၏မျက်နှာထက်၌ စိတ်သက်သာရာရစေသော အပြုံးတစ်ခု ပေါ်လာသည်။

***

နံပါတ် 6 ရထားတွဲတွင် မစ္စစ်မိန် ထွက်ခွာသွားပြီး ခရီးသွားအဖွဲ့တစ်ခုလုံး၏ အငွေ့အသက်မှာ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် မစ္စစ်မိန်ကို ခေါ်ဆောင်သွားသောအခါတွင် သက်ကြီးရွယ်အိုများသည် စကားမပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေကြပြီး သူတို့က ဆက်လက်၍ လီကျန်မင်၏ အလောင်းကို ပြန်ယူသွားကြသည်။

ရထားပေါ်ရှိ အလောင်းက ခရီးသည်များကို ထိခိုက်နိုင်သည်ဟု တွဲစောင့်က ပြောသည်။ အမှုကိုဖြေရှင်းပြီးကတည်းက လီကျယ်မင်၏ရုပ်အလောင်းကို ယာယီသိုလှောင်ရန်အတွက် နံပါတ် 9 ရထားတွဲသို့ ရွှေ့ပြောင်းထားသင့်သည်။ ရဲတွေက သူ့ကို နောက်ဘူတာမှာ သယ်သွားလိမ့်မည်။

ရထားတွဲစောင့်က ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သည်။ ရထားဆိုက်ရောက်သည်နှင့် အလောင်း၊ လူသတ်သမားနှင့် သံသယရှိသူအားလုံးကို ရဲများက ခေါ်ဆောင်သွားမည်ဖြစ်သည်။

မူလက လျှို့ဝှက်ခန်းပုံစံများသည် ရထားဂိတ်သို့ရောက်ပြီးနောက် ရဲများရောက်လာမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် ၎င်းတို့ထဲမှ တာဝန်ပြီးဆုံးသွားရုံသာဖြစ်သည်။ ထို့နောက် ပထမအမှုကို ယနေ့ညနေပိုင်းတွင် ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

အရာအားလုံး ပြေလည်သွားသောအခါ နေ့လယ်စာစားချိန်ဖြစ်သည်။ သက်ကြီးရွယ်အိုအုပ်စုသည် စတင်စားကြသော်လည်း လူတိုင်းက စားချင်စိတ်မရှိကြပေ။

မော့ကျားရန်သည် နောက်ဆုံးတွင် နံပါတ် 4 ရထားသို့ ပြန်ပြေးလာနိုင်ခဲ့သည်။ ယခင်က ရထားတံခါးကို သော့ခတ်ထားပြီး သူမ အပြင်သို့ မထွက်နိုင်ပေ။ သူမအခန်းထဲမှာ စိတ်ရှုပ်နေပြီး သူမချစ်သူဆီ စာတိုတွေ ပို့နေခဲ့သည်။ အလောင်းကို သယ်ယူသွားပြီး ရထားတွဲကို ပြန်ဖွင့်လိုက်သည်။

ကျိုးကျန့်သည် သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး အလွန်အေးစက်နေတာကို တွေ့လိုက်ရသည်။ သူက ချက်ချင်းပဲ သူမကို ညင်သာစွာ နှစ်သိမ့်ပေးသည်။ "အဆင်ပြေပါတယ်။ မကြောက်ပါနဲ့။"

ယွဲ့ရှောင်ချွမ်က သူမ၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရပြီး စိတ်ပူသွားသည်။ "ဘာဖြစ်တာလဲ။"
 
မော့ကျားရန်က သူမအသံကို လျှော့လိုက်ပြီး ရှင်းပြသည်။ "နံပါတ် 6 ရထားတွဲပေါ်မှာ အဘိုးအိုတစ်ယောက် သေသွားတယ်။ အခုပဲ အစောင့်တွေက သူ့အလောင်းကို ဖယ်ထုတ်လိုက်တာ။ သက်ကြီးရွယ်အိုအုပ်စုရဲ့ စကားကို နားထောင်ကြည့်ရသလောက်ကတော့ ဒီအဘိုးအိုက နှလုံးဖောက်ပြီး သေဆုံးသွားတာဖြစ်မယ်…"

လီကျယ်မင် သေဆုံးရခြင်းအကြောင်းအရင်းကို ဖြစ်ရပ်နှင့်ပတ်သက်သည့် လူအနည်းငယ်ကသာ သိသည်။ အခြားသူတွေကတော့ စိတ်ရှုပ်ထွေးနေဆဲဖြစ်ပြီး လီကျယ်မင်က နှလုံးဖောက်တယ်လို့ ဆိုကြသည်။ ထို့ကြောင့် မော့ကျားရန် ကြားဖူးသောဗားရှင်းမှာ အဘိုးအိုတစ်ဦးက ရုတ်တရက် နှလုံးဖောက်ပြီး သေဆုံးသွားခြင်းဖြစ်သည်။

ယွဲ့ရှောင်ချွမ်က မေးသည်။ "‌နှလုံး‌ဖောက်တာလား။"

မော့ကျားရန်က ရုပ်ဆိုးသောအမူအရာနဲ့ ခေါင်းငြိမ့်ပြသည်။ "ထင်တာပဲ။ အဘိုးအိုက နှလုံးသွေးကြောကျဉ်းရောဂါနဲ့ stent ခွဲစိတ်မှု ခံယူထားတယ်လို့ ကြားတယ်။"

ယွဲ့ရှောင်ချွမ်က ခွဲခြမ်းစိတ်ဖြာသည်။ "အဲဒါက နှလုံးသွေးကြောတွေ ရုတ်တရက် ပေါက်ပြဲသွားနိုင်တယ်။"

ဆေးကျောင်းသူ နှစ်ယောက်သည် ဘေးအခန်းက အဘိုးအို သေဆုံးရခြင်း အကြောင်းရင်းကို အမှန်တကယ် ခွဲခြမ်းစိတ်ဖြာခဲ့သည်။

ကျိုးချွမ်က သူတို့ကို နှောင့်ယှက်လိုက်သည်။ "အသက် 60၊ 70 အရွယ် လူတစ်ယောက်က ခရီးသွားစဉ် မတော်တဆမှုတစ်ခုဖြစ်တာ အဆန်းမဟုတ်ပါဘူး။ ဒီအကြောင်းမပြောနဲ့တော့၊ ညစာအရင်စားရအောင်။"

မော့ကျားရန်လည်း ဒီကိစ္စကို ဆက်မပြောချင်တော့ဘဲ ခေါင်းငြိမ့်လိုက်သည်။ "မနက်က ဒီလိုမျိုး ကြုံရတာ ငါကံဆိုးတာပဲ။ ငါ ရေချိုးဖို့လည်း အချိန်မရှိသလို၊ မနက်စာစားဖို့လည်း အချိန်မရှိခဲ့ဘူး။ ဆာလို့သေတော့မယ်…"

ကျိုးကျန့်က သူမလက်ကိုကိုင်ပြီး နှစ်သိမ့်ပေးသည်။ "ငါ မင်းအပေါ် မှားခဲ့တာပါ။ နေ့လယ်စာ ငါမင်းကို ကောင်းကောင်းကျွေးမယ်။"

လူလေးယောက်သည် စားသောက်ဆိုင်သို့ ထွက်ခွာကြပြီး ဈေးကြီးသော ဟင်းအမယ်ပေါင်းများစွာကို မှာယူကြပြီး အရသာရှိသောဟင်းကို စားကြသည်။ 8F မှ ကျင်းဝေ့ကွမ်းသည် နံပါတ် 6 ရထားတွဲဆီသို့ ပြေးရန် အစပြုကာ ရှောက်လုံကို မေးခဲ့သည်။ "နံပါတ် 6 ရထားတွဲမှာ မတော်တဆမှုတစ်ခု ဖြစ်ခဲ့တယ်လို့ ကျွန်တော်ကြားတယ်။ ကျွန်တော်က ဆရာဝန်ပါ။ ခင်ဗျားတို့ အကူအညီလိုသေးလား။"

ဆရာဝန် NPC သည် အချိန်အတော်ကြာ ပျင်းနေပုံရပြီး နောက်ဆုံးတွင် သည်းမခံနိုင်တော့ပေ။ သူ့အကူအညီလိုအပ်လားလို့ မေးဖို့ သူက ပြေးလာခဲ့သည်။

ရှောက်လုံက ပြုံးလိုက်သည်။ "မလိုပါဘူး၊ ကိစ္စက ဖြေရှင်းလို့ပြီးသွားပြီ။"

ကျင်းဝေ့‌ကွမ်းက သူ့ခေါင်းနောက်ကို ကုတ်လိုက်ပြီး အနည်းငယ်ရှက်သွားသည်။ "ခင်ဗျားတို့ တကယ်အကူအညီမလိုဘူးလား။"

ယွီဟန်ကျန်းက တွေးလိုက်သည်။ 'ပရော်ဖက်ဆာရှောက်က မင်းထက်စာရင် အများကြီးပိုကျွမ်းကျင်တယ်။ သူက နေရာမှာတင် တိုက်ရိုက် အလောင်းကို စစ်ဆေးပြီး သေဆုံးရတဲ့အကြောင်းရင်းကို ဆုံးဖြတ်ခဲ့တာ။'

သူက ပြောလိုက်သည်။ "ကျေးဇူးတင်ပါတယ်၊ မလိုအပ်ပါဘူး။"

ကျင်းဝေ့ကွမ်းက 'အိုး' ဟု အသံပြုပြီး နံပါတ် 4 ရထားတွဲသို့ ပြန်လှည့်သွားကာ စားရန် ခေါက်ဆွဲခြောက်ကို ဆက်လက် ချက်ပြုတ်ခဲ့သည်။

နေ့လယ်က ဘာမှမဖြစ်ခဲ့ဘူး။ နံပါတ် 6 ရထားတွဲ ခရီးသည်များသည် သူတို့၏အခန်းများမှ မထွက်ခဲ့ကြဘဲ စင်္ကြံမှာ ဗလာဖြစ်နေသည်။ ယွီဟန်ကျန်းက ပျော်ရွှင်စွာ ရှောက်လုံနှင့်အတူ အေးအေးဆေးဆေး နေ့လယ်စာစားဖို့ နံပါတ် 4 ရထားတွဲကို သွားခဲ့သည်။

ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ "နံပါတ် 6 ရထားတွဲကိစ္စက ပြေလည်သွားပေမဲ့ နံပါတ် 4 ရထားတွဲမှာ လူတွေအများကြီးရှိနေတုန်းပဲ။ သူတို့က ရိုးရှင်းတဲ့ ဇာတ်ကွက်ဇာတ်ကောင်တွေ မဖြစ်နိုင်ဘူး။ ကိုယ့်မှာ ဆိုးရွားတဲ့ ခံစားချက်တွေ ရှိတယ်… သေတဲ့သူတွေ ပိုများလာနိုင်တယ်။"

"နောက်တစ်ယောက်က နံပါတ် 4 ရထားတွဲပေါ်မှာ ဖြစ်လိမ့်မယ်လို့ ခင်ဗျားဆိုလိုတာလား။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "စုံတွဲနှစ်တွဲက အခုလောလောဆယ် လုံးဝ အသုံးမဝင်ဘူး။ မိန်းကလေးသူငယ်ချင်းငါးယောက်အုပ်စုက ရှူဖျင်ရဲ့သမီး ရှူရှောင်မုန်နဲ့ ဆက်စပ်မှုရှိပြီး ရှူရှောင်မုန်နဲ့ ပတ်သက်တဲ့သဲလွန်စတွေကို ကိုယ်တို့ကို ချောချောမွေ့မွေ့ပြောကြခဲ့တယ်။ ဒါပေမဲ့ ကိုယ့်အထင်တော့… သူတို့အခန်းကဏ္ဍက ဒီလောက်မနည်းနိုင်ဘူး။ မပြီးသေးတာလည်း ဖြစ်နိုင်တယ်။"

ရှောက်လုံက ယွီဟန်ကျန်းနှင့် သဘောတူခဲ့သည်။ "နောက်ထပ်က ကျွန်တော်တို့ နံပါတ် 4 ရထားတွဲကို အာရုံစိုက်ရမယ်။" အရင်က သူလုပ်ခဲ့သော သွားရောက်မည့်စာရင်းကို သေချာရှင်းပြီး ပြောသည်။ "နံပါတ် 4 ရထားတွဲမှာ ဂိတ်ဆုံးကိုသွားမဲ့ လူ 12 ယောက်ပဲရှိတယ်။ စုံတွဲအဖွဲ့၊ ဒေါက်တာကျင်းဝေ့ကွမ်း၊ မိန်းကလေးသူငယ်ချင်းငါးယောက်နဲ့ တစ်ဦးချင်းလူနှစ်ယောက်တို့က ဖျော်ဖြေပွဲကို သွားကြမှာ။"

ယွီဟန်ကျန်းက သူ့ကို သတိပေးသည်။ "ဒီည 9 နာရီ 40 မှာ ရထားက ဘူတာရုံမှာ ရပ်လိမ့်မယ်။ ဇာတ်ကောင်အသစ်တွေ တက်လာနိုင်တယ်။"

ရှောက်လုံက ခေါင်းငြိမ့်လိုက်သည်။ "အင်း၊ ကျွန်တော် သေချာအာရုံစိုက်ထားလိုက်မယ်။"

နေ့လယ်ခင်းမှာ ဘာမှဖြစ်မလာသလို ညစာစားချိန်မှာလည်း မူမမှန်တာမတွေ့ဘူး။

ရထား၏ LCD ဖန်သားပြင်ပေါ်ရှိ နာရီသည် ည 9:20 သို့ ပြောင်းသွားသည့်တိုင်အောင် ရင်းနှီးသော အသံလွှင့်သံကို ကြားလိုက်ရသည်။

နူးညံ့သိမ်မွေ့သောအသံက ဖြည်းညှင်းစွာပြောသည်။ "ခရီးသည်များ၊ ရထားက ချန်ကျိုးဘူတာကို 10 မိနစ်အတွင်းရောက်ရှိပါမယ်။ ဆင်းရမဲ့ခရီးသည်တွေအားလုံး ကိုယ့်ခရီးဆောင်အိတ်ကို ကြိုတင်ပြင်ဆင်ပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေကို ဂရုစိုက်ပါ။ ကျေးဇူးပြု၍ ညာဘက်တံခါးမှဆင်းပါ။ ရထားက ချန်ကျိုးဘူတာမှာ 15 မိနစ်ကြာရပ်နားမှာဖြစ်ပါတယ်။ စင်္ကြံပေါ်မှာရှိနေစဉ် အချိန်ကို အာရုံစိုက်ပါ။ သာယာသောခရီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။"

ထုတ်လွှင့်မှုအပြီးတွင် ခရီးသည်များသည် သူတို့၏အိတ်များကို စတင်ထုပ်ပိုးကြပြီး ယွီဟန်ကျန်းလည်း နံပါတ် 6 ရထားတွဲပေါ်သို့ ပြန်လာခဲ့သည်။

9:30 တွင် KP-7311 ရထားသည် ဘူတာရုံတွင် အချိန်မီရပ်သွားသဖြင့် ရထားက ဟွန်းသံတီးခဲ့သည်။

တွဲစောင့်ထံမှ အကြောင်းကြားစာကို လက်ခံရရှိသော ရဲအရာရှိများသည် ဘူတာရုံတွင် ကြိုတင်စောင့်ဆိုင်းနေကြသည်။ သေဆုံးသူ၏ အလောင်းကို ယူဆောင်ကာ လက်ထိပ်ခတ်ထားသည့် အဘွားအိုမိန်အား စုံစမ်းရန် ခရီးသွားအဖွဲ့မှ အဖွဲ့ဝင်အားလုံးကို ပြန်လည်ခေါ်ဆောင်ခဲ့သည်။

ရဲအရာရှိက ယွီဟန်ကျန်းနှင့် ရှောက်လုံတို့ကို လက်ဆွဲနှုတ်ဆက်ရန် ရောက်လာသည်။ "စုံစမ်းမှုမှာ ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။"

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် ယဉ်ကျေးစွာ သူတို့နှင့်အတူ လွှဲပြောင်းပေးအပ်ခြင်းကို အပြီးသတ်ခဲ့သည်။

ရဲများ ထွက်သွားတာနဲ့ တံခါးများပွင့်လာပြီး ခရီးသည်များက ဆင်းဖို့ စည်းစနစ်တကျ တန်းစီနေသည်။ ကလေး ယွိရှင်းရှင်းသည် ရှောက်လုံထံသို့ လာ၍ သိချင်စွာ မေးလိုက်သည်။ "ဦးဦး၊ နံပါတ် 6 ရထားတွဲပေါ်က သူခိုးကို ဖမ်းမိသွားပြီလား။"

ရှောက်လုံက ပြုံးလိုက်သည်။ "သူခိုးကို ဦးဦးတို့ ဖမ်းလိုက်ပြီ။"

ယွိရှင်းရှင်းက ဝမ်းသာအားရ လက်ပြနှုတ်ဆက်လိုက်သည်။ "ဦးဦး နှုတ်ဆက်ပါတယ်။"

ရှောက်လုံက ကလေး၏ခေါင်းကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ "နှုတ်ဆက်ပါတယ်။"

မိသားစုငါးဦး ထွက်သွားပြီး ဖြတ်သွားဖြတ်လာခရီးသည် အများအပြားလည်း ဘူတာရုံမှ ဆင်းလာခဲ့သည်။

ရှောက်လုံသည် ရထားပေါ်တက်ရန် စောင့်နေသည့် လူလေးဦးကို တွေ့ရှိခဲ့သည်။ suit နှင့် စကတ်ဝတ်ထားသော ပရော်ဖက်ရှင်နယ် အမျိုးသမီးတစ်ဦး၊ ရိုးရိုးရှင်းရှင်း ဝတ်ဆင်ထားသော တက္ကသိုလ် ကျောင်းသူနှစ်ဦးနှင့် ခရီးသွားအိတ်တစ်လုံးနှင့်အတူ ကြည်လင်သောမျက်လုံးများဖြင့် လူငယ်တစ်ဦးတို့ ရှိနေသည်။

ရှောက်လုံက လက်မှတ်တွေကို စစ်ဆေးပြီး မေးသည်။ "မင်းက ဖျော်ဖြေပွဲကြည့်ဖို့ လမြို့ကို သွားမှာလား။"

ပရော်ဖက်ရှင်နယ်အမျိုးသမီးက ပေါ့ပါးစွာ ပြန်ဖြေသည်။ "ကျွန်မက အစည်းအဝေးသွားမှာ။"

ကျောင်းသူအမျိုးသမီးနှစ်ယောက်က ခေါင်းယမ်းသည်။ "ကျွန်မတို့က ခရီးတစ်ခု သွားမှာ။"

ဆယ်ကျော်သက်က အံ့သြသွားသည်။ "ခင်ဗျားက ဖျော်ဖြေပွဲအကြောင်း သိတာလား။ လော့ယန်က ကျွန်တော့်နတ်ဘုရားမပဲ။" သူ ဒီလောက်ပြောဖို့ မရည်ရွယ်ခဲ့ပုံရသည်။ သူက ခေါင်းနောက်ကို ကုတ်လိုက်ပြီး ရှက်သွေးဖြာနေသည်။ "နှစ်အတော်ကြာအောင် ကျွန်တော် သူမသီချင်းတွေကို နားထောင်ရတာ ကြိုက်တယ်။ ဒါကိုဝယ်ဖို့ ကျွန်တော် လအတော်ကြာ ပိုက်ဆံစုခဲ့တာ။ အစ်ကို၊ ခင်ဗျားလည်း နတ်ဘုရားမလော့ယန်ကို ကြိုက်လား။"

ရှောက်လုံက အဆိုတော်အကြောင်းမကြားဘဲ ပြုံးလိုက်သည်။ "ငါက သီချင်းတွေ သိပ်နားမထောင်ဘူး၊ ဒါပေမယ့် သူမဖျော်ဖြေပွဲကိုသွားဖို့ ရထားပေါ်မှာ လိုက်လာတဲ့လူတွေ အများကြီးရှိတယ်။"

ဆယ်ကျော်သက်က အလွန်စိတ်လှုပ်ရှားသွားသည်။ "ဟုတ်လား။ သဘောထားတိုက်ဆိုင်တဲ့သူတွေ အများကြီးရှိတာပဲ။ ကျွန်တော့်နတ်ဘုရားမင တကယ်ကို ချစ်စရာကောင်းတယ်။"

ရှောက်လုံသည် လက်မှတ်ကို တိတ်တဆိတ်စစ်ဆေးပြီး သူ့နာမည် ရွှီကျွင်းခိုင်ကို အထူးအာရုံစိုက်ခဲ့သည်။

လူလေးယောက်က ရထားပေါ်တက်ပြီး ကျိုးကျန့်၏အဖွဲ့လည်း ရောက်လာသည်။ "ဟယ်လို၊ နံပါတ် 6 ရထားပေါ်က သက်ကြီးရွယ်အို ခရီးသွားအဖွဲ့ ဆင်းသွားတာ တွေ့လိုက်ရတယ်။ ကုတင်အလွတ်တွေ အများကြီးရှိမှာပေါ့။ အိပ်ခန်းပါရထားတွဲကို သွားဖို့ ပြောင်းလဲမှုလုပ်လို့ရလား။"

ရှောက်လုံက ယွီဟန်ကျန်းဘက်လှည့်ပြီး မေးလိုက်သည်။ "ခင်ဗျားမှာ ကုတင်လွတ်ဘယ်နှစ်လုံးရှိလဲ။"

"အခုလေးတင် အစည်းအဝေးတက်မဲ့ တက္ကသိုလ်ပရော်ဖက်ဆာအဖွဲ့တစ်ဖွဲ့က တက်သွားကြပြီ။ ရထားတွဲ 1 နဲ့ 2 က လူအများအပြားလည်း သူတို့နေရာတွေကို ပြောင်းလဲခဲ့တယ်လို့ တွဲစောင့်ကပြောတယ်။ လောလောဆယ်… ကုတင်တစ်လုံးပဲ လွတ်ပြီး မော့ကျားရန်နဲ့ ဆန့်ကျင်ဘက်မှာရှိတယ်။"

ကျိုးကျန့်၏ မျက်လုံးများ တောက်ပလာသည်။ "ကောင်းပြီ၊ စျေးနှုန်းအပြောင်းအလဲကို ပြုလုပ်ပြီး အဲဒီကုတင်ကို ကျွန်တော်တို့ပြောင်းမယ်။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်ပြီး ရွှေဒင်္ဂါးကို လက်ခံလိုက်တယ်။

15 မိနစ်က မြန်မြန်ဆန်ဆန် ကုန်သွားသည်။ လူနှစ်ယောက်က ရထားပေါ်ပြန်တက်လာပြီး ကျိုးချွမ်က သူ့ချစ်သူ ယွဲ့ရှောင်ချွမ်၏ ခရီးဆောင်အိတ်ကို သယ်သွားပေးသည်။ ကျိုးကျန့်ကလည်း မော့ကျားရန်ကို သေတ္တာတစ်လုံးသယ်ဖို့ ကူညီပေးပြီး လူလေးယောက်က စကားစမြည်ပြောရင်း နံပါတ် 6 ရထားတွဲဆီကို လျှောက်သွားသည်။

ယွဲ့ရှောင်ချွမ်က သူမ၏ချစ်သူကို ကြည့်လိုက်သည်။ "ငါ ကောင်းကောင်းအိပ်နိုင်တာကြောင့် မာကျောကျောထိုင်ခုံမှာ အိပ်ရင်လည်း ငါ့အတွက် အရေးမကြီးပါဘူး။ ဒါမှမဟုတ် ငါတို့ အလှည့်ကျနေကြမလား။ ငါ ညဉ့်နက်သန်းခေါင်အထိ အိပ်ပြီးရင် နင်နဲ့နေရာပြောင်းလိုက်မယ်လေ။"

ကျိုးချွမ်က သူမကို ညင်သာစွာ ကြည့်လိုက်သည်။ "မင်းက မိန်းကလေးပဲ။ အလှည့်ကျနေစရာ မလိုဘူး။ ကောင်းကောင်းအနားယူပါ။"

မော့ကျားရမ်က ဒါကိုကြားပြီး ကျိုးကျန့်ကို ကြည့်လိုက်သည်။ "နင် အလှည့်ကျနေချင်လား။"

ကျိုးကျန့်က ချက်ချင်း မတ်မတ်ရပ်လိုက်သည်။ "မလိုဘူး၊ မလိုဘူး၊ မလိုဘူး၊ အိပ်ခန်းပါရထားက မင်းတို့နှစ်ယောက်ကို ပေးတာ။ ငါ့အစ်ကိုနဲ့ ငါက ဂရုစိုက်စရာမလိုဘဲ မာကျောကျောထိုင်ခုံမှာ အိပ်လို့ရတယ်။"

ဒါတောင်မှ မော့ကျားရန်က မပျော်သေးဘူး။ "နောက်တစ်ခါ လက်မှတ်တွေ ကြိုဝယ်ဖို့ မမေ့နဲ့နော်၊ အဲဒါဆို နင် ဒုက္ခခံဖို့မလိုဘူး။"

ကျိုးကျန့်၏ မျက်နှာက ချော့မြူနေ၏။ "အင်း၊ ငါချရေးထားပါ့မယ်။"

သူတို့က သူတို့ချစ်သူတွေကို နံပါတ် 6 ရထားတွဲဆီ ခေါ်သွားပြီး ညီအစ်ကိုတွေက စကားနည်းနည်းပြောကာ လှည့်ထွက်သွားခဲ့သည်။

မော့ကျားရန်နှင့် ယွဲ့ရှောင်ချွမ်တို့က သူတို့၏ ခရီးဆောင်အိတ်များကို ဘေးဖယ်ခဲ့ကြသည်။ အချိန်ကစောသေးပြီး အိပ်မပျော်ကြဘူး။ သူတို့က စကားများများမပြောကြဘဲ ဖုန်းဖြင့်သာ ကစားနေကြသည်။

ယွီဟန်ကျန်းက သူတို့ကို ထူးဆန်းသောအကြည့်ပေးလိုက်သည်။

မိန်းကလေးနှစ်ဦးသည် နံပါတ် 6 အိပ်ခန်းပါရထားတွဲပေါ်တွင် လိုက်ပါလာခဲ့သည်။ ဒါဆို မတော်တဆမှုကြုံရမည့်သူက ယောင်္ကျားလေးနှစ်ယောက်ထဲက တစ်ယောက်လား။

***

နံပါတ် 4 ရထားတွဲတွင် ညီအစ်ကို ကျိုးချွမ်နှင့် ကျိုးကျန့်တို့က အတူထိုင်ကြသည်။ ကျင်းဝေ့ကွမ်းသည် 8D နှင့် 8F ထိုင်ခုံနှစ်ခုတွင် ထိုင်ကာ အလွန်ကျယ်ဝန်းသည်။

ရထားပေါ် တက်လာသော ဆယ်ကျော်သက်ကောင်လေး ရွှီကျွင်းခိုင်သည် မိန်းကလေးသူငယ်ချင်းများအဖွဲ့၏ အထက်တွင် ထိုင်နေသည်။ ငါးယောက်အဖွဲ့ကလည်း ဖျော်ဖြေပွဲသွားနေကြတာကိုမြင်တော့ ရွှီကျွင်းခိုင်က သူတို့နဲ့ချက်ချင်းစကားပြောဆိုခဲ့ပြီး ဒီကောင်လေး၏ ပရောပရည်လုပ်နည်းက ပထမတန်းစားပါပဲ။ နတ်ဘုရားမ၏ ပွဲဦးထွက်အယ်လ်ဘမ်အကြောင်းကနေ သူမ၏ မကြာသေးမီက အယ်လ်ဘမ်အထိ ပြောဆိုခဲ့ကြသည်။ သူတို့တွေ စကားများများပြောလေ၊ ပိုအသက်ဝင်လေလေပါပဲ။ များမကြာမီ သူတို့က WeChat တွင် အချင်းချင်း ပေါင်းထည့်ခဲ့ကြသည်။

ရှောက်လုံက သူတို့၏ ဆွေးနွေးချက်များကို နားထောင်ရန် နားရွက်စွင့်လိုက်သည်။

ရွှီကျွင်းခိုင်နှင့် မိန်းကလေးများသည် 10 နာရီတွင် အသံလွှင့်သည်အထိ အတူတူ စကားပြောခဲ့ကြသည်။ "ခရီးသည်များ ညဉ့်နက်ပါပြီ။ ရထားမီးပိတ်ပါတော့မယ်။ အမြန်ဆုံးအနားယူပါ။ ကောင်းသောညပါ…"

ရှောက်လုံ၏ နားထဲတွင် ရင်းနှီးသော သတိပေးချက်ကို ကြားလိုက်ရသည်။ "ရထားစောင့်တွေအားလုံး အနားယူဖို့ နံပါတ် 9 ရထားတွဲပေါ် အမြန်ဆုံးပြန်လာပါ။"

စိန်ခေါ်သူများသည် တစ်ရက်တည်း ဒီအမှုကို မဖြေရှင်းနိုင်ရင် လီကျယ်မင်၏အလောင်းက နံပါတ် 9 ရထားတွဲပေါ်မှာ ကျန်ခဲ့ပြီး တစ်ညတာ အလောင်းနဲ့ အိပ်ဖို့ လိုပါလိမ့်မည်။ ကံကောင်းထောက်မစွာ သူတို့သည် အမှုကို အမြန်ဖြေရှင်းခဲ့၏။ နံပါတ် 6 ရထားတွဲအမှုက ပြီးသွားပေမဲ့ ရှင်းလင်းရေးသတိပေးချက်ကို သူတို့မတွေ့ခဲ့ရဘူး။ ဆိုလိုတာက တစ်ခုခုဖြစ်လာဦးမည်။

ရှောက်လုံနှင့် ယွီဟန်ကျန်းတို့က အိပ်မပျော်ချေ။ သူတို့နှစ်ယောက် စကားစမြည်ပြောရင်း အပေါ်ကုတင်နှင့် အောက်ကုတင်ပေါ်တွင် အိပ်ကြသည်။

ယွီဟန်ကျန်း: "အိပ်ခန်းပါရထားတွဲကို ပြောင်းသွားတဲ့ ယွဲ့ရှောင်ချွမ်နဲ့ မော့ကျားရန်တို့က ဘာမှထူးခြားတာမရှိဘူး။ ဖုန်းထဲမှာ တီဗီဇာတ်လမ်းတွဲတွေ ကြည့်နေပြီး 10 နာရီမှာ အိပ်ပျော်သွားတယ်။ အခြားရထားတွဲက ပြောင်းလာတဲ့ ခရီးသည်းတွေနဲ့ ခရီးသည်အသစ်တွေအားလုံးက အစည်းအဝေးသွားကြတာ။ ကိုယ် သူတို့ကို သံသယမရှိဘူး။"

ရှောက်လုံက ထပ်ပေါင်းပြောသည်။ "ကျွန်တော့်မှာ ပိုပြီးထင်ထင်ပေါ်ပေါ်ရှိတဲ့ ရွှီကျွင်းခိုင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်ရှိတယ်။ သူက ဖျော်ဖြေပွဲကိုသွားတာဖြစ်ပြီး မိန်းကလေးအဖွဲ့နဲ့ စကားစမြည်ပြောနေတယ်။ ဒီကောင်လေးက မိန်းကလေးတွေကြားမှာ အရမ်းရေပန်းစားပြီး မိန်းကလေးသူငယ်ချင်းအဖွဲ့ကို ရယ်မောစေခဲ့တယ်။ အခြားခရီးသည်တွေက မူမမှန်တာမျိုးမရှိဘူး။"

ယွီဟန်ကျန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ "ကံမကောင်းစွာပဲ ကိုယ်တို့က သွားလာခြင်းကို ကန့်သတ်ခံထားရတယ်။ နံပါတ် 9 ရထားတွဲကနေ ထွက်သွားလို့မရဘူး။ အရင်အိပ်ရအောင်၊ မနက်ဖြန်မှ ကိုယ်တို့ စကားများများပြောလို့ရတယ်။"

ရှောက်လုံက ပြုံးလိုက်သည်။ "အင်း၊ ကောင်းသောညပါ အဖွဲ့ခေါင်းဆောင်ယွီ"

ယွီဟန်ကျန်း၏အသံက တိုးသွားသည်။ "ကောင်းသောညပါ။"

***

နောက်နေ့မနက်မှာ ရင်းနှီးသောနှိုးစက်ကြောင့် လူနှစ်ယောက် နိုးလာသည်။

ရေချိုးပြီး မနက်စာစားပြီးနောက် နံပါတ် 6 ရထားတွဲကို သူတို့ အမြန်ပြေးကြသည်။ ဒီရထားပေါ်မှာ အရာအားလုံးက ပုံမှန်ပါပဲ။ မော့ကျားရန်နှင့် ယွဲ့ရှောင်ချွမ်တို့က မျက်နှာများကို အတူတူ ဆေးကြောကြသည်။ ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ပြီး နံပါတ် 4 ရထားတွဲဆီသို့ ဦးတည်သွားကြသည်။

နံပါတ် 4 ရထားတွဲက အလွန်ငြိမ်သက်နေပုံရသည်။ ရှောက်လုံ လှည့်ကြည့်လိုက်တော့ မျက်နှာဆေးဖို့ တန်းစီနေသော လူတချို့ကို တွေ့လိုက်ရသည်။ အမျိုးသမီး သူငယ်ချင်းငါးယောက်က အိပ်နေဆဲဖြစ်ပြီး နိုးမလာသေးပေ။ ရွှီကျွင်းခိုင်သည် အိမ်သာတံခါးဝတွင် စောင့်ဆိုင်းနေပြီး သူ့နောက်တွင် လူများစွာ တန်းစီနေသည်။

ရထား၏အဆုံးရှိ အိမ်သာနှစ်လုံးတွင် မီးနီပြထားပြီး ၎င်းတို့ကို နေရာယူထားကြောင်း ပြသထားသည်။

မနက်အစောကြီးဆိုတော့ လူတော်တော်များများ အိမ်သာသွားကြသည်။ အိမ်သာတက်ဖို့ တန်းစီတာက ပုံမှန်ပါပဲ။ ဘယ်ဘက်အိမ်သာက တစ်ယောက်ပြီးတစ်ယောက် အဆက်မပြတ်ဝင်လိုက်ထွက်လိုက်ဖြစ်ပြီး အိမ်သာထဲဝင်သွားသည့်သူတိုင်း ဆီးသွားချင်တာဖြစ်နိုင်‌တာကြောင့် တစ်မိနစ်ထက် မပိုဘူး။

ညာဘက်အိမ်သာကတော့...

ပြီးခဲ့သော 10 မိနစ်အတွင်း ၎င်းကို အပိုင်စီးထားသော အခြေအနေတွင် ရှိနေခဲ့သည်။

ရွှီကျွင်းခိုင်သည် ညာဘက်ခြမ်းတွင် တန်းစီနေပြီး အနည်းငယ် စိတ်မရှည်တော့ပေ။ ဆယ်ကျော်သက်လေးသည် အိမ်သာတံခါးကို ညင်သာစွာခေါက်သည်။ "သူငယ်ချင်း၊ မင်းမြန်မြန်လုပ်လို့မရဘူးလား။ ငါအိမ်သာတက်ချင်နေပြီ။"

အတွင်းမှ အသံထွက်မလာပေ။ ရွှီကျွင်းခိုင်က တံခါးကို ဆက်ခေါက်သည်။ "မင်း ဗိုက်မကောင်းတာလား။ မြန်မြန်လုပ်ပါ၊ အပြင်မှာ စောင့်နေတဲ့သူတွေ အများကြီးပဲ။"

ရှောက်လုံက ရုတ်တရက် အံ့အားသင့်သွားပြီး ယွီဟန်ကျန်းကို ပြန်ကြည့်လိုက်သည်။ တစ်ခုခုမှားနေပြီ။ ယွီဟန်ကျန်း၏ စူးရှသော မျက်လုံးများက ရထားတွဲပေါ်ကို ဖြတ်သွားသည်။ ရှစ်တန်းက ညီအစ်ကိုတွေ ပျောက်နေ၏။

ရှောက်လုံသည် ချက်ချင်းပင် ရထား‌စောင့်၏ ရုံးခန်းသို့ သွားခဲ့သည်။ သူက အံဆွဲကို ဆွဲဖွင့်လိုက်တော့ သော့နေရာရွှေ့သွားတာကို သူ့မျက်လုံးများက စိတ်အားထက်သန်စွာ တွေ့လိုက်ရသည်။ အိမ်သာသော့ကတော့ အခုထိရှိနေဆဲပါပဲ။ ရှောက်လုံ မနေ့ညက ထွက်သွားတုန်းက သော့အသွားများသည် ဘယ်ဘက်ကိုရောက်နေပေမဲ့ အခု ညာဘက်ကို မျက်နှာမူနေသည်။

သူက သော့ကို ကောက်ကိုင်လိုက်ပြီး အိမ်သာကို ဖွင့်ဖို့ လှည့်လိုက်သည်။ ယွီဟန်ကျန်းက လမ်းကို တိုက်ရိုက်ရှင်းလင်းခဲ့သည်။ "နံပါတ် 6 ရထားတွဲပေါ်မှာ အိမ်သာသွားတက်ကြပါ။ ဒီအိမ်သာ ပျက်သွားတာဖြစ်မယ်။ စစ်ဆေးကြည့်ရဦးမယ်။"

အနီးနားရှိ တန်းစီနေသော လူများအားလုံးက သူ့နောက်မှ ထွက်သွားခဲ့သည်။ ထို့နောက် ရှောက်လုံသည် သန့်စင်ခန်းတံခါးကိုဖွင့်ရန် သော့ကိုအသုံးပြုခဲ့သည်။

သန့်စင်ခန်းတစ်ခုလုံး သွေးများအိုင်နေသည်။ ကျိုးချွမ်သည် မြေပြင်ပေါ်မှာ တစ်ဝက်တစ်ပျက် လဲလျောင်းနေပြီး အဝတ်အစားများက ရှုပ်ပွနေကာ သူ့တစ်ကိုယ်လုံး အေးစက်တောင့်တင်းနေသည်။

သူ၏သေဆုံးမှုက အလွန်စိတ်မချမ်းမြေ့စရာကောင်းသည်။ သူသည် ဓားဖြင့်အကြိမ်ကြိမ် ထိုးခံခဲ့ရပြီး အရေပြားမှာ နဂိုအတိုင်းမရှိသလောက်ဖြစ်သည်။ သော့ချက်ကတော့ သူ့ညီလေးကို တိုက်ရိုက်ဖြတ်ပြီး အမှိုက်ပုံးထဲ ပစ်ခဲ့သည်။ သာမန်အဖြူရောင် မျက်နှာသုတ်ပုဝါတစ်ထည်က သူ့ပါးစပ်ကိုဆို့ပြီး တစ်ဖက်လူက သူ့ကို တကယ်သတ်ခဲ့တာကို မယုံနိုင်လောက်သော မျက်လုံးတွေနဲ့ စိုက်ကြည့်နေခဲ့သည်။

ရှောက်လုံနှင့် ယွီဟန်ကျန်းတို့သည် အေးစက်သော အသက်ရှုသံကို ထုတ်လိုက်သည်။

သေဆုံးသွားသော လီကျယ်မင်၏ မျက်နှာသည် အလှဆုံး အိပ်မက်ထဲတွင် သေဆုံးသွားသကဲ့သို့ တည်ငြိမ်နေခဲ့သည်။ တစ်ဖက်တွင် ကျိုးချွမ်၏ သေဆုံးမှုသည် ရက်စက်ကြမ်းကြုတ်လှသည်။ သူခံစားခဲ့ရသော နာကျင်မှုက ညှဉ်းပန်းနှိပ်စက်မှုထက် မနည်းဘဲ သင်းကွပ်ခံခဲ့ရသည်။

#TK