Chapter 81
Viewers 11k

Volume 3 : အမြန်ရထား


Chapter 81 (4 of Hearts – အမြန်ရထား ၁၄၊ သေဆုံးရခြင်းအကြောင်းရင်း) 

ယွီဟန်ကျန်းသည် မှုခင်းရဲအရာရှိတစ်ဦးဖြစ်ပြီး ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခံထားရသော လူသေများကို မြင်တွေ့ရသည်မှာ သာမာန်ဖြစ်သည်။ သူသည် အိမ်သာတံခါးကို အမြန်ပိတ်လိုက်ပြီး ခရီးသည်များ၏ မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။ ထို့နောက် ရှောက်လုံ၏နားထဲကို တိုးတိုးလေးပြောလိုက်သည်။ "ကျိုးချွမ်သေဆုံးမှုက ရက်စက်လွန်းပြီး ဒီကိစ္စရဲ့ သက်ရောက်မှုကို ချဲ့ကားလို့မရဘူး။ ရထားပေါ်ကလူတွေ ထိတ်လန့်နေရင် ကိုယ်တို့ရဲ့ စုံစမ်းစစ်ဆေးမှုကို ထိခိုက်နိုင်တယ်။ ပထမဆုံး အိမ်သာပျက်သွားတယ်လို့ ခရီးသည်တွေကို ပြောပြပြီး သူတို့စိတ်တည်ငြိမ်အောင် အခြားရထားတွဲမှာ အိမ်သာသွားတတ်ခိုင်းသင့်တယ်။"

ရှောက်လုံက ခေါင်းငြိမ့်ပြပြီး ရထားတွဲဆီသို့ ပြန်လှည့်လာခဲ့သည်။ သူက ပြုံးပြီးပြောသည်။ "ခရီးသည်တွေအတွက် အရမ်းစိတ်မကောင်းပေမဲ့ ငါတို့ရဲ့ နံပါတ် 4 ရထားတွဲက အိမ်သာနှစ်လုံးစလုံး ပျက်သွားပြီး ခေတ္တအသုံးမပြုနိုင်ပါဘူး။ အိမ်သာက ရေတွေလည်း ရပ်သွားပါပြီ။ မျက်နှာသစ်ပြီး အိမ်သာသွားချင်ရင်တော့ နံပါတ် 3 ရထားတွဲနဲ့ နံပါတ် 6 ရထားတွဲကို သွားလို့ရပါတယ်။"

နေရာတိုင်းမှ ညည်းညူမှုများရှိခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ အိမ်သာက ဘယ်လိုလုပ်ပျက်သွားရတာလဲ။"

"ဟမ်။ ငါအခုလေးတင် ညာဘက်အိမ်သာကို သုံးခဲ့တာ။ အဆင်ပြေပါတယ်"

"ငါမျက်နှာသစ်တုန်းက ရေရှိပါတယ်။"

ရွှီကျွင်းခိုင်၏ အမူအရာ ပြောင်းသွားသည်။ "Shit၊ မနက်စောစော အိပ်ရာထပြီး တန်းစီးပြီးရင်း တန်းစီနေတာ အိမ်သာပျက်နဲ့လာတိုးနေတယ်။ ပြင်ဖို့ ဘယ်လောက်ကြာမှာလဲ။"

ရှောက်လုံက သူ့ကို ပြောခဲ့သည်။ "နံပါတ် 6 ရထားတွဲကိုသွားဖို့ အကြံပြုပါတယ်။ အိပ်ခန်းပါရထားတွဲက လူနည်းပါတယ်။"

ဒါကိုကြားတာနဲ့ အိမ်သာတက်ဖို့ တန်းစီနေသောလူများက နှေးလွန်းလျှင် ဘောင်းဘီထဲ အပေါ့စွန့်မိမှာစိုး၍ နံပါတ် 6 ရထားတွဲကို အမြန်ပြေးသွားကြသည်။

ရှောက်လုံ၏ မျက်လုံးများသည် ရထားပေါ်ကို ဝေ့ကြည့်လိုက်သည်။ 15 တန်းမှာ မိန်းကလေးသူငယ်ချင်းအုပ်စုက အိပ်နေဆဲဖြစ်သည်။ သန်မာသော ပရော်ဖက်ရှင်နယ် အမျိုးသမီးနှင့် မနေ့ညက တက်လာသော တက္ကသိုလ်ကျောင်းသူနှစ်ယောက်က မထသေးဘူး။ ရှစ်တန်းတွင် ကျင်းဝေ့ကွမ်းသည် ပြတင်းပေါက်မှာ မှုန်ကုပ်ကုပ် အိပ်ပျော်နေသည်။ နံနက် 7:30 အချိန်တွင် ခရီးသည်အများစုသည် မနိုးကြသေးဘဲ လူများစွာ၏ အာရုံကို စွဲဆောင်ခြင်းမရှိပေ။ ရှောက်လုံက စိတ်သက်သာရာ ရသွားသည်။

ထိုအချိန်တွင် ကျိုးချွမ်၏ညီ ကျိုးကျန့်သည် နံပါတ် 3 ရထားတွဲမှ ပြန်လာခဲ့သည်။ သူ့လက်ထဲမှာ အပူခွက်တစ်ခွက်ကို ကိုင်ထားပြီး အိမ်သာကို ဖြတ်သွားသောအခါ အံ့ဩသည့်အမူအရာနဲ့ မျက်မှောင်ကြုတ်လိုက်သည်။ "ဘာလို့ ထူးထူးဆန်းဆန်း အနံ့ရနေတာလဲ။ အစားအသောက်ဆိုးတွေကို ဘယ်သူယူလာတာလဲ။"

ယွီဟန်ကျန်း ဝင်သွားပြီးနောက် သော့ခတ်ထားသည့် ဘယ်ဘက်အိမ်သာဖြစ်သည်။ ကျိုးကျန့် မော့ကြည့်လိုက်တော့ တံခါးပေါ်က မီးနီကို မြင်လိုက်ရတော့ သူ့ထိုင်ခုံကို ပြန်သွားလိုက်သည်။ သူထိုင်ရာနားက ရှောက်လုံကိုတွေ့ပြီး မေးလိုက်သည်။ "အစောင့်၊ အိမ်သာထဲကနေ ထူးဆန်းတဲ့အနံ့တစ်ခုထွက်လာပုံပဲ။ ကောင်းကောင်းမသန့်ရှင်းထားဘူးလား။"

ရှောက်လုံက ပြုံးပြီး ရှင်းပြသည်။ "အိမ်သာပျက်သွားပြီး အနံ့တွေ ထွက်လာတာ။ အဲဒါကို တတ်နိုင်သမျှ အမြန်ဆုံး ဖြေရှင်းပေးပါ့မယ်။"

"ပျက်သွားတာလား။" ကျိုးကျန့်က တိုးတိုးပြောလိုက်သည်။ "ဘယ်ဘက်မှာရှိတဲ့ အိမ်သာက ဘာလို့မဖွင့်တာလဲလို့ တွေးနေတာ။"

8A က သူ့ထိုင်ခုံသို့ ပြန်သွားကာ မနက်စာစားရန် ကျောပိုးအိတ်ထဲမှ မုန့်နှင့် နို့ကို အေးအေးဆေးဆေး ထုတ်ယူတာကို ကြည့်ပြီး ရှောက်လုံက သူ့အနားသို့သွားကာ တိုးတိုးပြောလိုက်သည်။ "မင်းအစ်ကိုဘယ်မှာလဲ။ ငါသူ့ကို ဘာလို့မတွေ့ရတာလဲ။"

ကျိုးကျန့်က ခေါင်းယမ်းလိုက်သည်။ "ကျွန်တော်မသိဘူး။ မနက်အိပ်ရာကနိုးတော့ အစ်ကို မရှိတော့ဘူး။ သူ့ချစ်သူကိုရှာဖို့ နံပါတ် 6 ရထားတွဲကို သွားတာဖြစ်မယ်။"

ရှောက်လုံက မေးခွန်းထုတ်သည်။ "မနေ့ညက စင်္ကြံဘက်မှာ မင်းထိုင်နေတာကို ငါမှတ်မိတယ်။ အခုဘာလို့ ပြတင်းပေါက်မှာ ထိုင်နေတာလဲ။"

"ကျွန်တော် ပြတင်းပေါက်မှာ အိပ်ရတာကြိုက်တယ်။ မနေ့ညက မီးပိတ်သွားတော့ ကျွန်တော် အစ်ကိုနဲ့ နေရာပြောင်းလိုက်တာ။ ကျွန်တော်က အထဲမှာထိုင်ပြီး အစ်ကိုက အပြင်မှာထိုင်ခဲ့တာ။"

ရှောက်လုံက ခေါင်းငြိမ့်ပြီး မေးသည်။ "မနေ့ညက မင်း ကောင်းကောင်း အိပ်ပျော်ရဲ့လား။ ညဉ့်နက်သန်းခေါင်မှာ နိုးလာသေးလား။"

ကျိုးကျန့်က အစောင့်သည် အပြောင်းအလဲအတွက် စိတ်ပူနေတယ်လို့ ထင်ပြီး ပြုံးလိုက်သည်။ "မနေ့ည 11 နာရီလောက်မှာ စားပွဲပေါ်လဲလျောင်းပြီး အိပ်ပျော်သွားတယ်။ အိပ်ရတာ အဆင်မပြေသလို လည်ပင်းလည်း တောင့်တင်းနေတာပဲ။" သူက လည်ပင်းကိုကိုင်ပြီး ပွတ်သပ်လိုက်သည်။ "ဒါပေမဲ့ ကျွန်တော့်ရဲ့အိပ်စက်မှုအရည်အသွေးက ကောင်းပါတယ်။ ဟားဟား၊ မိုးလင်းတဲ့အထိ အိပ်ခဲ့တာ။"

ရှောက်လုံက တွေးဆသည်။ "မင်းအစ်ကိုကကော။ ညဉ့်နက်သန်းခေါင်မှာ နိုးလာသေးလား။"

"ကျွန်တော်မသိဘူး။ မနက် 7 နာရီမှာ ကျွန်တော် အိပ်ရာတော့ သူ့ထိုင်ခုံမှာ မရှိတော့ဘူး။ ယွဲ့ရှောင်ချွမ်ကိုရှာဖို့ နံပါတ် 6 ရထားတွဲကို သူသွားတာထင်တယ်။ ကျွန်တော်က မျက်နှာသစ်ဖို့ လူမရှိတာကို အခွင့်ကောင်းယူလိုက်တာ။ ပြီးတော့ ရေနွေးခွက်ယူဖို့ နံပါတ် 3 ရထားတွဲကို သွားခဲ့တယ်။"

ရှောက်လုံက ပေါ့ပေါ့ပါးပါး မေးဟန်ပြုသည်။ "ယွဲ့ရှောင်ချွမ်အပေါ် မင်းအစ်ကိုရဲ့ ခံစားချက်က ဘယ်လိုရှိလဲ။"

"အရမ်းကောင်းတယ်။ တစ်ယောက်နဲ့တစ်ယောက် သိတာ နှစ်နှစ်ကျော်ပြီး အားလပ်ရက်တိုင်း ခရီးထွက်ကြတယ်။ အစ်ကိုက ကျွန်တော်နဲ့မတူဘဲ မိန်းကလေးတွေကို ချော့တတ်တယ်။ ကျွန်တော့်ရဲ့ပါးစပ်က အတော့ ကျွန်တော့်ချစ်သူကို ဘယ်တော့မှ ချော့လို့မရဘူး။ ကျွန်တော်က အမြဲတမ်း သူမကို ဒုက္ခပေးနေမိတယ်။" သူက ခေါင်းကိုက်ပြီး လက်တစ်ဖက်ဖြင့် နားထင်ကိုထိလိုက်သည်။ ထို့နောက် သံသယစိတ်ဖြင့် ရုတ်တရက် သူ့ခေါင်းကို မော့လိုက်သည်။ "ကျွန်တော့်အစ်ကိုနဲ့ပတ်သက်ပြီး ခင်ဗျား ဘာလိုချင်လို့လဲ။"

"ဘာမှမဟုတ်ဘူး။" ရှောက်လုံက တည်ငြိမ်စွာ ပြုံးလိုက်သည်။ "မင်းအရင်စားနှင့်ပါ။ အခြေအနေကို နားလည်သဘောပေါက်ဖို့ နောက်မှ ငါမင်းကိုရှာနိုင်ပါတယ်။ ကျေးဇူးပြုပြီး အဲဒီအချိန်မှာ ပူးပေါင်းဆောင်ရွက်ပေးပါ။"

ကျိုးကျန့်သည် ထူးဆန်းသောအမူအရာရှိနေပေမဲ့ ရှောက်လုံထွက်သွားပြီးနောက် သူ့ပေါင်မုန့်ကို ဝါးနေလိုက်သည်။

ရှောက်လုံက တွေးနေခဲ့သည်။ 'မြန်မြန်စားထားပါ။ မဟုတ်ရင် မင်းအစ်ကိုရဲ့ ကြေကွဲဖွယ်ရာသေဆုံးမှုကို မင်းမြင်ပြီးတာနဲ့ မင်းက ရက်အတော်ကြာအောင် ဘာမှစားနိုင်မှာမဟုတ်ဘူး။'

***

နံပါတ် 6 ရထားတွဲတွင်

အိပ်ခန်းပါရထားတွဲပေါ်တွင် လူအနည်းငယ်သာရှိသည်။ ယွဲ့ရှောင်ချွမ်နှင့် မော့ကျားရန်တို့သည် အိမ်သာသို့သွားနေသည့် လူတစ်စုကို တွေ့လိုက်သောအခါတွင် မျက်နှာကို ရေသစ်နေကြသည်။ မော့ကျားရန်က မနေနိုင်ဘဲ တွေးတောလိုက်သည်။ "အခြားရထားတွဲကလူတွေ အိမ်သာသုံးဖို့ ဘယ်လိုလုပ်ရောက်လာတာလဲ။"

ယွဲ့ရှောင်ချွမ်က သူမနှင့် ဘာမှမဆိုင်ကြောင်း ပြသသော အမူအရာဖြင့် ပြောလိုက်သည်။ "တန်းစီနေတဲ့ လူတွေ ပိုများနေလို့ ဖြစ်နိုင်တယ်။"

ရွှီကျွင်းခိုင်က ကူကယ်ရာမဲ့ ရှင်းပြသည်။ "နံပါတ် 4 ရထားတွဲထဲက အိမ်သာက ပျက်သွားပြီး ရေတွေလည်း ရပ်သွားတယ်။ ငါတို့လည်း မတတ်နိုင်ဘူး။"

မော့ကျားရန်က မျက်မှောင်ကြုတ်ပြီး နံပါတ် 4 ရထားတွဲဆီသို့ ထမင်းစားရထားတွဲကနေဖြတ်ကာ လျှောက်သွားသည်။ သူမသည် ရှစ်တန်းတွင်ရပ်ပြီး ကျိုးကျန့်ကိုကြည့်ကာ မေးသည်။ "နင်မျက်နှာသစ်ပြီးပြီလား။ နင့်ရထားတွဲပေါ်ကရေတွေ ရပ်သွားပြီလို့ ငါကြားတယ်။"

ကျိုးကျန့်က စိုးရိမ်ကြောင့်ကြစွာ ပြုံးလိုက်သည်။ "ငါမျက်နှာသစ်ပြီးပြီ။ မျက်နှာသစ်ဖို့ မနက်စောစောထတော့ ရေကျန်သေးတယ်။" သူ့အိတ်ထဲက မုန့်နဲ့ နို့ကို ယူလိုက်ပြီး သူ့ချစ်သူကို ပေးလိုက်သည်။ "မနက်စာစားလေ။ ငါ မင်းအတွက် အသားညှပ်ပေါင်မုန့်ဝယ်ခဲ့တယ်။"

မော့ကျားရန်က ခေါင်းငြိမ့်ပြီး သူ့ဘေးမှာ ဝင်ထိုင်လိုက်သည်။ သူမလက်ထဲက မုန့်ကိုယူကာ ဘာမှမပြောဘဲ စားလိုက်သည်။

ကျိုးကျန့်က မေးသည်။ "ငါ့အစ်ကိုက ယွဲ့ရှောင်ချွမ်နဲ့ရှိနေတာလား။"

မော့ကျားရန်က ရှုပ်ထွေးနေသော အမူအရာဖြင့် မုန့်စားရင်း မျက်ခုံးပင့်လိုက်သည်။ "မဟုတ်ဘူး။ ငါ အခုလေးတင် ရှောင်ချွမ်နဲ့အတူ မျက်နှာသစ်ခဲ့တာ။"

"သူက နံပါတ် 6 ရထားတွဲပေါ်မှာ မဟုတ်ဘူးလား။"

မော့ကျားရန်က သေချာစွာ ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး။"

ကျိုးကျန့်သည် တစ်စုံတစ်ခု မူမမှန်သည်ကို သဘောပေါက်ပြီး အစောင့်ကို လှည့်ကြည့်လိုက်ရာ အစောင့်သည် သန့်စင်ခန်းထဲသို့ ရောက်သွားတာကို တွေ့လိုက်ရသည်။ မော့ကျားရန်က ဆိုသည်။ "သူ အိမ်သာသုံးဖို့ အခြားရထားတွဲကို သွားတာဖြစ်နိုင်ပါတယ်။"

ကျိုးကျန့်က ကျိုးကြောင်းဆီလျော်သည်ဟု ထင်ကာ ၎င်းအတွက် စိတ်မပူခဲ့ပေ။

ရှောက်လုံသည် အိမ်သာဆီသို့သွားကာ တံခါးကို ညင်သာစွာခေါက်လိုက်သည်။ "အဖွဲ့ခေါင်းဆောင်ယွီ"

ယွီဟန်ကျန်းက တံခါးကိုဖွင့်ပြီး သူ့ကို ဝင်ခွင့်ပြုလိုက်သည်။

ဤရထားအိမ်သာသည် အလွန်ကျယ်ဝန်း၏။ ၎င်းသည် နှစ်စတုရန်းမီတာဝန်းကျင် ကျယ်ဝန်းပြီး အိမ်သာအပြင် ရေဆေးကန်ငယ်တစ်ခုလည်း ရှိသည်။ စိမ်းလန်းသောအပင်များကို နံရံတွင်ချိတ်ဆွဲထားပြီး အိမ်သာတွင် ရေမွှေးတချို့နှင့်အတူ လေအေးပေးစက်များပါရှိသည်။ ပတ်ဝန်းကျင်သည် တန်ဖိုးကြီးကြယ်ငါးပွင့်ဟိုတယ်၏ အိမ်သာနှင့် ယှဉ်လုနီးပါးဖြစ်သည်။

သို့သော် လက်ရှိအိမ်သာက ရှုပ်ပွနေသည်။ ကြမ်းပြင်တွင် သွေးခြောက်များဖြင့် ဖုံးလွှမ်းနေချိန်မှာ ကျိုးချွမ်သည် အိမ်သာပေါ်တွင် တစ်ဝက်ခန့် လဲလျောင်းနေသည်။ ဤကျဉ်းမြောင်းသောနေရာသည် သွေးများနှင့်ပြည့်နေပြီး အလောင်းမှာ ထူးဆန်းသောအနံ့ရှိသည်။

ယွီဟန်ကျန်းက ကျိုးချွမ်၏ရင်ဘတ်ကို ညွှန်ပြသည်။ "ပရော်ဖက်ဆာရှောက် ကြည့်လိုက်ပါ။ သေစေတဲ့ဒဏ်ရာက ရင်ဘတ်ကဓားဒဏ်ရာလို့ မင်းထင်လား။"

ရှောက်လုံသည် အေးဆေးတည်ငြိမ်စွာ မျက်နှာဖုံးနှင့် လက်အိတ်ကို ဝတ်ဆင်ကာ ကျိုးချွမ်၏ ခန္ဓာကိုယ်ကို သေချာစစ်ဆေးခဲ့သည်။

ကျိုးချွမ်၏သေဆုံးမှုက သနားစရာကောင်းလှသည်။ ရှောက်လုံက ဓားဒဏ်ရာတွေကို ရေတွက်ပြီး ပြောခဲ့သည်။ ‌"သေဆုံးသူမှာ ဓားဒဏ်ရာ စုစုပေါင်း အချက် 30 ရှိတယ်။ ဓားဒဏ်ရာက အရမ်းနက်ရှိုင်းပြီး ဒဏ်ရာက ပြင်းထန်တယ်။ တည်နေရာရှုထောင့်ကနေကြည့်ရင် ဘယ်ဘက်ခန်းကို ထိုးဖောက်ထားသင့်တယ်။" သူက ဒဏ်ရာခြောက်နေသောနေရာကို ထိဖို့လက်လှမ်းပြီး ပြောသည်။ "အခြားဒဏ်ရာတွေက ကြွက်သားအလွှာထဲကို ပြတ်တောက်သွားပြီး အရေးကြီးတဲ့ သွေးကြောတွေကို မဖြတ်လိုက်ဘူး။ ဒါကြောင့် သွေးထွက်နှုန်းက မများဘူး။ သေဆုံးသွားသူက မသေဆုံးခင် ဓားနဲ့ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး နှလုံးကို ဓားနဲ့ထိုးတာက နောက်ဆုံးအကြိမ်ပဲ။"

ယွီဟန်ကျန်းက သူ့မေးစေ့ကို ထိပြီး ကျိုးချွမ်၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာတွေကို ကြည့်ပြီး ခွဲခြမ်းစိတ်ဖြာသည်။ "တစ်နည်းအားဖြင့်ပြောရရင် လူသတ်သမားက သူ့ကို ပထမဆုံး ကြိုးနဲ့ချည်ပြီး သူ့ခန္ဓာကိုယ်ကို ဓားနဲ့ စိတ်ရှည်ရှည် လှီးဖြတ်ပြီး သူ့ကို နာကျင်ညှဉ်းပန်း နှိပ်စက်ခဲ့တယ်။ လုံလောက်တဲ့ နှိပ်စက်မှု ခံရပြီးတာနဲ့ နှလုံးကို ဓားနဲ့ထိုးခံခဲ့ရတာလား။"

"ဟုတ်တယ်။" ရှောက်လုံသည် ဝမ်းဗိုက်ရှိ ဒဏ်ရာများစွာကို လက်ညှိုးထိုးပြပြီး ဆက်လက်၍ "ဒီဒဏ်ရာတွေက အပေါ်ယံအလွှာအထိသာဖြစ်ပြီး ဝမ်းဗိုက်ကို မထိဘူး။ သူက အရင်ဆုံး ဓားနဲ့ထိုးသတ်ခံလိုက်ရရင် ဒီလိုမျိုး အပေါ်ယံဓားရာတွေကို ဆက်လုပ်ဖို့မလိုဘူး။ ဒါ့အပြင် ဓားဒဏ်ရာ 29 ချက်က အတွင်းအင်္ဂါတွေနဲ့ ကြီးမားတဲ့သွေးကြောတွေကို မထိခဲ့ဘူး။ လူသတ်သမားပ အရမ်းစိတ်ရှည်သည်းခံပြီး လူ့ခန္ဓာကိုယ်ရဲ့ ခန္ဓာဗေဒကို ကောင်းကောင်းနားလည်သဘောပေါက်တယ်။ ဓားဒဏ်ရာ 29 ချက် ဒဏ်ရာပေးပြီး နောက်ဆုံး ထိုးသတ်လိုက်တာ။"

"…" ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ ဤဒဏ်ရာများ ဖြန့်ကျက်မှုသည် ရှုပ်ထွေးနေနိုင်သော်လည်း အတိမ်အနက်က တူညီကြောင်း သူတွေ့ရှိခဲ့သည်။ ရှောက်လုံ ပြောသည့်အတိုင်းပါပဲ။ ၎င်းတို့အားလုံးသည် အပေါ်ယံတွင် ရှိနေကြပြီး အတွင်းအင်္ဂါများနှင့် သွေးကြောများကို မထိခဲ့ဘူး။ ဒီဒဏ်ရာတွေက အလွန်နာကျင်စေပေမဲ့ လူကိုမသတ်နိုင်ဘူး။

နှလုံးကို လျင်မြန်စွာ ထိုးလိုက်သော ဓားချက်ကသာ ကျိုးချွမ်ကို သတ်ပစ်ခဲ့သည်။

ရှောက်လုံသည် ကျိုးချွမ်၏ ဦးခေါင်းကိုလှည့်ရန် သူ၏ညာလက်ကို အသုံးပြုခဲ့သည်။ "အဖွဲ့ခေါင်းဆောင်ယွီ၊ သူ့ပါးတွေ သိသိသာသာ ရောင်နေတာကို ခင်ဗျားတွေ့လား။ သူ့မျက်နှာမှာလည်း လက်ရာတွေရှိတယ်။ တစ်ဖက်လူက သူ့ကို ပါးရိုက်ခဲ့မှန်း သိသာတယ်။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "အသိမိတ်ဆွေတစ်ယောက်က ပြစ်မှုကျူးလွန်ခဲ့တာဖြစ်နိုင်ပြီး အဲဒါက သူ့ကို အံ့ဩသွားစေပုံပဲ။ ဒါ့အပြင် ယောင်္ကျားတွေက များသောအားဖြင့် လူတွေကို သူတို့ခြေထောက်နဲ့ ကန်တာ၊ မျက်နှာကို ထိုးတာပဲလုပ်တာ။ ပါးရိုက်တာက မိန်းမနဲ့ ပိုတူတယ်။"

ရှောက်လုံက သဘောတူသည်။ "အဲဒီဟာက အဖြတ်ခံထားရတယ်ဆိုတော့… အချစ်အတွက် သတ်တာများလား။"

"သူစိတ်ပျက်အောင် လုပ်ခဲ့တဲ့ မိန်းမ ဒါမှမဟုတ် သူဖောက်ပြန်ခဲ့တာကို တွေ့ရှိပြီး သူမက ဒေါသထွက်ပြီး သတ်ပစ်ခဲ့တာ ဖြစ်နိုင်တယ်။"

ရှောက်လုံက ခန္ဓာကိုယ်ကို အနီးကပ်ကြည့်သည်။ "အဖွဲ့ခေါင်းဆောင်ယွီ၊ ကျွန်တော့်ကို ကူညီပေးပါဦး။"

သူတို့နှစ်ယောက်က အလောင်းကို လှန်ကြည့်လိုက်တော့ လက်ကောက်ဝတ်နဲ့ ခြေကျင်းဝတ်များမှာ ထင်ရှားသော ဒဏ်ရာတွေ တွေ့ရသည်။

"သေဆုံးသူရဲ့ လက်ခြေတွေကို ပါးလွှာပြီး ပျော့ပြောင်းတဲ့ကြိုးနဲ့ ချည်နှောင်ထားတယ်။ သူ့ခန္ဓာကိုယ်ပေါ်က ဒဏ်ရာတွေကို အခြေခံပြီး တစ်နာရီကျော်ကြာ ချည်နှောင်ထားလောက်တယ်။ သူ့လက်တွေ ခြေတွေကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားတာကြောင့် သွေးလည်ပတ်မှုကို ထိခိုက်စေတယ်။"

ယွီဟန်ကျန်းက လေးလေးနက်နက် ပြောသည်။ "သူ့လက်တွေ ခြေတွေကို ကြိုးနဲ့ချည်ပြီး သူ့ပါးစပ်ကို အဝတ်နဲ့ ဆို့ထားလို့ ရုန်းကန်လို့ မရတော့သလို အော်ဟစ်အကူအညီတောင်းလို့ မရဘူး။ အိမ်သာက ရထားတွဲနဲ့ အနည်းငယ်အကွာအဝေးမှာရှိပြီး အတွင်းကအသံကို အိပ်ပျော်နေတဲ့ ခရီးသည်တွေက မကြားနိုင်ဘူး။ သူသေဆုံးချိန်က ညဉ့်နက်လောက်ပြီ။"

ရှောက်လုံက တွေးဆသည်။ "ဒါပေမဲ့ လူသတ်သမားက မိန်းမဆိုရင် ကျိုးချွမ်က အရပ် 1.8 မီတာရှိတဲ့ လူငယ်တစ်ယောက်ပါ။ သန့်စင်ခန်းထဲမှာ မိန်းမတစ်ယောက်က သူ့ကို ဘယ်လိုလုပ် လွယ်လွယ်နဲ့ ချည်နှောင်နိုင်မှာလဲ။ ကျိုးချွမ်က အသင့်မဖြစ်ဘဲ ကြိုးချည်ခံထားရရင်တောင် ရုန်းကန်ရင် သူ လွတ်မြောက်နိုင်မှာ မဟုတ်ဘူးလား။"

ယွီဟန်ကျန်းက ကိုယ်တစ်ဝက်ကို ဆောင့်ကြောင့်ထိုင်ချပြီး မြေပြင်ပေါ်ရှိ အမည်မသိ အရည်များကို ဆင်ခြင်ကာ ကြည့်လိုက်သည်။

ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီ၏ အကြည့်နောက်သို့ လိုက်ကာ သွေးနှင့်ရောနေသော အဖြူရောင်အရည်ကို တွေ့လိုက်ရသည်။ သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။ "ဒီဟာက…"

သူတို့က ယောင်္ကျားတွေဖြစ်ပြီး ဒါကို မြင်မြင်ချင်း သိနိုင်သည်။

ယွီဟန်ကျန်းက ခန့်မှန်းသည်။ "မိန်းမတစ်ယောက်က သူ့ကို သန့်စင်ခန်းထဲလာခိုင်းပြီး bondage ဂိမ်းကစားခိုင်းတယ်ဆိုရင်ကော။"

ရှောက်လုံသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ချည်နှောင်ခံထားရသည့် အရာများကို လှည့်ကြည့်လိုက်ရာ ရုတ်တရက် အံ့သြသွားသည်။ "သူက ဆန္ဒအလျောက် ချည်နှောင်ခံခဲ့တာလို့ အဖွဲ့ခေါင်းဆောင်ယွီဆိုလိုတာလား။ တစ်ဖက်လူက အိမ်သာထဲမှာ လုပ်ဖို့ အဆိုပြုခဲ့တာပေါ့…"

ယွီဟန်ကျန်း၏ မျက်နှာက အလွန်လေးနက်လာသည်။ "ဟုတ်တယ်၊ တချို့လူတွေက ဒီလို ဝါသနာပါကြတယ်။"

ရှောက်လုံက ခေါင်းငြိမ့်ပြရင်း ရှုပ်ထွေးသွားသည်။ "ကျွန်တော်ကြားခဲ့ဖူးတာကို အခြေခံပြီး စိတ်ပိုင်းဆိုင်ရာအရ သူက နာကျင်မှုမှာသာယာသူဖြစ်နိုင်တယ်။"

ယွီဟန်ကျန်းက တိုးတိုးပြောသည်။ "ကျိုးချွမ်က စိတ်လိုလက်ရ ကြိုးချည်ခံပြီး တစ်ဖက်လူက သူအားအနည်းဆုံးအချိန်ကို အခွင့်ကောင်းယူပြီး သူ့ပါးစပ်ထဲကို အဝတ်ထည့်ထားလို့ အကူအညီတောင်းဖို့ မခေါ်နိုင်ဘူး။ နောက်တော့ သူက ပါးရိုက်ခံရပြီး ဓားနဲ့ဖြတ်ခဲ့ရတယ်… ဒါက အဖြစ်အပျက်ကို ရှင်းပြနိုင်တယ်။"

ရှောက်လုံသည် အဖွဲ့ခေါင်းဆောင်ယွီမှဖော်ပြသည့် မြင်ကွင်းကို တွေးပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အမွေးများ ထောင်တက်လာတာကို ခံစားလိုက်ရသည်။

အဖွဲ့ခေါင်းဆောင်ယွီ၏ ထင်မြင်ယူဆချက်က အလွန်သင့်လျော်ပါသည်။ မဟုတ်လျှင် ကျိုးချွမ်က အရပ် 1.8 မီတာရှိသော လူငယ်တစ်ယောက်ဖြစ်ပြီး မိန်းမတစ်ယောက်က သူ့ကို ဘယ်လို အနိုင်ယူပြီး သတ်နိုင်မှာလဲ။ အချိန်မတိုင်ခင် သူထိတ်လန့်သွားရင်တောင် သူ့ပတ်ဝန်းကျင်က လူတွေ၏ အာရုံစိုက်မှုကို မစွဲဆောင်ဘဲ လူငယ်ကို ‌သန့်စင်ခန်းထဲ ဆွဲသွင်းဖို့က အလွန်ခက်ခဲသည်။

ဖြစ်နိုင်ခြေတစ်ခုပဲရှိခဲ့သည်။ ကျိုးချွမ်က သန့်စင်ခန်းထဲသို့ တက်ကြွစွာ လျှောက်သွားခဲ့ခြင်းဖြစ်သည်။

သန့်စင်ခန်းထဲမှာ သူရုန်းကန်နေရင် မိန်းမနှစ်ယောက်ဆိုရင်တောင် သူ့ကို တစ်ချိန်တည်း အနိုင်ယူနိုင်မှာ မဟုတ်ဘူး။ သူ့ဆန္ဒအရ ချည်နှောင်ဖို့ ဆန္ဒရှိတာဆိုရင် သူသည် အခွင့်အရေးကို ဆုံးရှုံးခဲ့ပြီး လွတ်မြောက်ရန် မတတ်နိုင်သော ထောင်ချောက်ထဲသို့ ခုန်ဆင်းသွားသော သားကောင်ကဲ့သို့ ဖြစ်ခဲ့သည်။

ရှောက်လုံသည် ကျိုးချွမ်၏ ခန္ဓာကိုယ်ကို ကြည့်ပြီး မျက်ခုံးအနည်းငယ် ရှုံ့သွားသည်။

သူတကယ်နောင်တရပြီး အသက်မရှင်နိုင်ခဲ့ဘူး။

ဒီကျိုးချွမ်သည် ဝတ်ကောင်းစားလှဝတ်ပြီး ယဉ်ကျေးကာ ပညာတတ်ပုံပေါက်သည်။ သူ့ချစ်သူကိုလည်း သနားညှာတာပြီး စာနာတတ်သူဖြစ်သည်။ သူ့မှာ ဒီလိုအရသာမျိုးရှိတာကို မမြင်ရဘူး။

ယွီဟန်ကျန်းနှင့် ရှောက်လုံတို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာများက ရုပ်ဆိုးနေကြသည်။

ရှောက်လုံက သေသေချာချာ စဉ်းစားပြီး ပြောသည်။ "လက်ရှိမှာ အသိမိတ်ဆွေတစ်ယောက်က ပြစ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်နိုင်တယ်။ သူ့ကိုသတ်တဲ့လူက သူနဲ့ စိတ်ပိုင်းဆိုင်ရာ ငြင်းခုံမှုတွေရှိသင့်ပြီး လူသတ်သမားဟာ လူ့ခန္ဓာဗေဒကို နားလည်မှုတချို့ရှိတယ်။ သူ့ချစ်သူက ဆရာဝန်ဖြစ်ဖို့ ကျောင်းတက်နေပြီး မော့ကျားရန်က သူနာပြုတစ်ယောက်ပဲ။"

ယွီဟန်ကျန်းက ခေါင်းငြိမ့်လိုက်သည်။ "နံပါတ် 6 ရထားတွဲကိုပြောင်းသွားတဲ့မိန်းကလေးနှစ်ယောက်က အရမ်းသံသယဖြစ်စရာကောင်းတယ်။"

ရှောက်လုံသည် အသေးစိတ်အချက်အလတ်တစ်ခုကို မမှတ်မိမီ သေချာစဉ်းစားခဲ့သည်။ "အဲဒီတုန်းက မော့ကျားရန်နဲ့ ကျိုးကျန့်တို့က အိပ်ခန်းပါရထားတွဲလက်မှတ်မဝယ်ထားလို့ ငြင်းခုံခဲ့ကြတာကို မှတ်မိတယ်။ ရထားတွဲတစ်ခုလုံး တုန်လှုပ်သွားပြီး ကျိုးချွမ်က မော့ကျားရန်ကို 'ရန်ရန်'လို့ခေါ်ပြီး စွဲဆောင်ဖို့ ကြိုးစားခဲ့တယ်။ ကိုယ့်ညီချစ်သူနဲ့ စကားပြောတဲ့အခါ ဒီနာမည်က အရမ်းရင်းနှီးလွန်းတယ်မဟုတ်ဘူးလား။"

ယွီဟန်ကျန်းက မျက်မှောင်ကြုတ်လိုက်သည်။ "ကျိုးချွမ်နဲ့ မော့ကျားရန်က ပတ်သက်မှုရှိခဲ့တာလား။ သူ့ချစ်သူ ယွဲ့ရှောင်ချွမ်က ဖောက်ပြန်ခံရမှန်း တွေ့ရှိသွားပြီး သူမ ဒေါသကို ဖြေဖျောက်ဖို့ သူ့ကို သတ်ခဲ့တာလား။"

အိမ်သာထဲတွင် ခေတ္တတိတ်ဆိတ်သွား၏။

အပေါ်ယံမှာတော့ ဒီလိုမျိုးဖြစ်နိုင်သည်။ သို့သော် ဤအကြောင်းပြချက်သည် ရိုးရှင်းလွန်းပြီး Hearts လျှို့ဝှက်ခန်းပုံစံနှင့် မတူပါ။

ရှောက်လုံက ထပ်ပေါင်းပြောသည်။ "ကျွန်တော် ကျိုးကျန့်ကို မေးကြည့်တော့ မနေ့ညက မိုးလင်းတဲ့အထိ သူအိပ်နေတာ။ ညဉ့်နက်သန်းခေါင်မှာ သူအိပ်ရာကမထဘဲ မနက်နိုးလာတော့ သူ့အစ်ကိုကို မတွေ့ဘူး။ သူ့အစ်ကိုက သူ့ချစ်သူကိုရှာဖို့ ထွက်သွားတယ်လို့ သူထင်ခဲ့တာ။ သူက သဘာဝကျပြီး အေးဆေးတည်ငြိမ်ပြီးတော့ အပြစ်ရှိတဲ့ပုံမပေါ်ဘူး။ သူ မသိတာလည်း ဖြစ်နိုင်သလို သရုပ်ဆောင်တာလည်း ဖြစ်နိုင်တယ်။"

"အင်း၊ Hearts လျှို့ဝှက်ခန်းက တွင်းတွေနဲ့ ပြည့်နေပြီး ကိုယ်တို့ ခံစားချက်အရ ကောက်ချက်ချလို့မရဘူး။" ယွီဟန်ကျန်းက ပြောလိုက်သည်။ "ကိုယ်တို့ အလောင်းကို အိမ်သာထဲမှာ သော့ခတ်ပြီး သွေးနံ့ကို ဖုံးဖို့ လေသန့်စက်တွေ သုံးမယ်။ အဲဒီနောက် နံပါတ် 4 ရထားတွဲနဲ့ နံပါတ် 6 ရထားတွဲမှာ ခရီးသည်တွေကို သေသေချာချာ မေးခွန်းထုတ်မယ်။"

"ကောင်းပြီ။" ရှောက်လုံက ခေါင်းငြိမ့်လိုက်ပြီး ကျိုးချွမ်၏ ပြူးကျယ်သော မျက်လုံးများကို လှည့်ကြည့်လိုက်သည်။ သူ့ရင်ထဲ အနည်းငယ် တင်းမာလာသည်။

လူသတ်သမားသည် သူ့အပေါ် ဒီလိုမျိုးရက်စက်ကြမ်းကြုတ်စွာ ညှင်းပန်းနှိပ်စက်ခြင်းကြောင့် ဘယ်လိုအမုန်းတရားမျိုး ဖြစ်စေခဲ့တာလဲ။

𝗧𝗞: 𝗕𝗼𝗻𝗱𝗮𝗴𝗲 = ကာမသာယာမှုအတွက် ကြိုးဖြင့် တုပ်နှောင်သည့်အလေ့အထ။
𝗠𝗮𝘀𝗼𝗰𝗵𝗶𝘀𝘁 = သူတစ်ပါးကို နှိပ်စက်ညှဉ်းပန်းခြင်း (သို့) မိမိကိုယ်ကို နှိပ်စက်ညှဉ်းပန်းခံခြင်းဖြင့် ကာမဆန္ဒသာယာသူ။
 
#TK