Chapter 15
Viewers 7k

🌍Chapter 15




ထန်မော့က လော့ဖုန်းချန်း၏တံဆိပ်ပြားကို အံ့ဩစွာယူ၍ကြည့်လိုက်သည်။


ဤသည်မှာငွေရောင်တောက်နေသော သတ္တုပြားတစ်ခုဖြစ်ကာ ထိပ်ဘက်တွင်လျှပ်စစ်ချစ်ပ်ပြားတစ်ခုပါရှိသည်။ ဓာတ်ပုံတော့မပါပေ။ ထိုကဒ်၏ဘေးဘက်တွင် စာကြောင်းသုံးကြောင်းခန့်ကိုသာ ရိုးရိုးရှင်းရှင်းဖော်ပြထားသည်။


[အမည် - လော့ဖုန်းချန်း]


[အုပ်စု - ရှန်ဟိုင်းအဖွဲ့A]


[ရာထူး - ခေါင်းဆောင် ]


ထန်မော့ကဒ်ကိုသေချာကြည့်ရှုပြီးနောက် ကျန်လူများကိုလည်း ကြည့်ရှုနိုင်စေရန်ကမ်းပေးလိုက်သည်။ ဤသို့ဖြင့်လူခြောက်ယောက်မှာ တစ်လှည့်စီကဒ်ကို စစ်ဆေးကြပြီးမှ လော့ဖုန်းချန်းထံပြန်ရောက်လာသည်။


"ငါ့တို့ကို ဂိမ်းရေးတဲ့သူလို့ ဘာလို့လိမ်ခဲ့တာလဲ"


လီပင်းကမေးလိုက်သည်။


လော့ဖုန်းချန်းကကဒ်ကို သူ၏အိတ်ထဲပြန်ထည့်လိုက်ကာ


"လူတိုင်းမှာလျှို့၀ှက်ချက်ရှိတာပဲ၊ ခင်များရဲ့စွမ်းရည်ကို ခင်များဖုံးကွယ်ထားခဲ့သလိုပဲလေ။ ခင်များအတွက် ခင်များရဲ့စွမ်းရည်ကအရေးကြီးသလို၊ ကျွန်တော့်အတွက်လည်း ဒါကအရေးကြီးတဲ့လျှို့၀ှက်ချက်ပဲ။ ခုမှတွေ့ဖူးတဲ့သူတိုင်းကို လျှောက်ပြောမနေချင်ဘူး။ ကျွန်တော်ပြောချင်တာကို သဘောပေါက်ရဲ့လား"


ထို့နောက်ဘေးပတ်လည်ရှိ လူခြောက်ယောက်လုံးအား ကြည့်လိုက်ကာ


"ကျွန်တော့်ရဲ့သရုပ်မှန်နဲ့ ပါတ်သတ်ပြီး ခင်များတို့စိတ်ပူနေစရာမလိုဘူး။ ခင်များတို့သိတဲ့အတိုင်း 

မျှော်စင်ကိုတိုက်ခိုက်တဲ့ဂိမ်းက ရုတ်တရက်ကြီးကြေညာပြီး သုံးမိနစ်အတွင်း ကျွန်တော်တို့တွေဒီနေရာကို ဆွဲခေါ်ခံရတာ။ သုံးမိနစ်အတွင်းမှာတော့ 

သုတေသနပညာရှင်အဖြစ်ဟန်ဆောင်ဖို့ တံဆိပ်ပြားအတုတစ်ခုလုပ်ဖို့ကို ကျွန်တော့်မှာအချိန်မရဘူး"


လင်းရှောင်က တစ်ခုခုကိုတွေးမိပုံပေါ်ကာ ပြောရန်ပါးစပ်ဟရုံသာရှိသေးသော်လည်း သူမကိုကြည့်၍

လော့ဖုန်းချန်းကပင် ဦးစွာဖြတ်ပြောလိုက်သည်။


"အချိန်တိုအတွင်း ကဒ်တစ်ကဒ်အတုလုပ်နိုင်တဲ့ စွမ်းရည်လည်းငါ့မှာမရှိဘူး။ အကယ်၍ရှိတယ်ဆိုရင်တောင် ဂိမ်းရေးတဲ့သူလို့ပြောပြီးမှတော့ ဒီလိုကဒ်မျိုးလုပ်ပြီး ငါ့ကိုယ်ငါအခက်တွေ့အောင်လုပ်နေစရာတောင်မလိုဘူး။ အဲဒီအစား ငါ့ကိုယ်ငါဂိမ်းရေးတဲ့သူလို့ သေချာအောင်ပဲအဲဒါနဲ့ဆိုင်တဲ့ကဒ်ကိုပဲလုပ်လိုက်မှာပေါ့။ အဲလိုဆိုရင် ငါ့ကိုသံသ၀င်ကြဦးမယ်ထင်လား ဂိမ်းရေးတဲ့သူလို့လုံး၀တောင်ယုံသွားဦးမယ်"


လော့ဖုန်းချန်းက လူတိုင်း၏ပါးစပ်ကိုတချက်ထဲ ပိတ်ချလိုက်သည်။


ထို့နောက်တွင်သူက ထန်မော့အားလှည့်ကြည့်လိုက်သည်။ ထန်မော့မှာအမူအယာမဲ့စွာပင် သူ့အားတည်တည်ငြိမ်ငြိမ်ကြည့်နေခဲ့သည်။ သို့သော်ထန်မော့၏ထိုအကြည့်ထံတွင် တစ်ခုခုကိုသို၀ှက်ထားသလိုပင်။


လော့ဖုန်းချန်ကဆက်ပြောလာသည်။


"ငါကအနက်ရောင်မျှော်စင်ရဲ့သုတေသနပညာရှင်ဆိုတာကိုတော့ သံသယမ၀င်နဲ့။ အနက်ရောင်မျှော်စင်တွေရုတ်တရက်ပေါ်လာတာ နှစ်၀က်တောင်ရှိသွားပြီ။ မျှော်စင်နဲ့ပတ်သက်တဲ့ သုတေသနပညာရှင်တွေကို လူထုရှေ့ချမပြပဲ လျှို့၀ှက်ထားတာ မင်းတို့လည်းအသိပဲ။ ငါကအဲဒီသုံးရက်အတွင်း ရှန်ဟိုင်းဗဟိုသုတေသနစင်တာမှာ တချိန်လုံးရှိနေခဲ့တာ၊ လူတစ်ယောက်ကိုသတ်ဖို့မပြောနဲ့၊ ပြီးတော့.."


လော့ဖုန်းချန်းက သူ၏အိတ်ကဒ်ထဲသို့ လက်နှိုက်လိုက်ကာ ဆက်ပြောလိုက်သည်။


"ငါသာတစ်ယောက်ယောက်ကို အမှန်တကယ်သတ်ချင်တယ်ဆိုရင်လည်း အကြောင်းပြချက်ခိုင်ခိုင်လုံလုံသာရှိရင် ငါ့လက်နဲ့တောင်သတ်နေစရာမလိုဘူး။ 

ငါ့ကိုယ်စားဖြေရှင်းပေးမယ့်သူရှိပြီးသား။ အနက်ရောင်မျှော်စင်ရဲ့သုတေသနပညာရှင်အဖြစ် လူအများကြီးနဲ့ စည်းမျဉ်းတွေက ငါ့ကိုတင်းတင်းကြပ်ကြပ်ကာကွယ်ပေးထားပြီးသား။ ဘယ်သူကမှငါ့ကိုအန္တရာယ်မပြုနိုင်သလို ငါကလည်းဘယ်သူ့ကိုမှမသတ်ဘူး"


လူတစ်စုက လော့ဖုန်းချန်၏စကားများကြောင့် အနည်းငယ်တုန်ရီသွားကြသော်လည်း ထန်မော့ကမူတိတ်ဆိတ်စွာကြည့်နေဆဲပင်။


သူလော့ဖုန်းချန်းပြောချင်တာကိုနားလည်သည်၊

မတိုင်ခင်ကလည်းအင်တာနက်ပေါ်မှာ ဂျူတီကုတ်အဖြူများဖြင့် အနက်ရောင်မျှော်စင်အနီးတွင် 

၀င်ထွက်နေကြသူများအကြောင်း အတော်ဆွေးနွေးလိုက်ကြသေးသည်။ ၄င်းတို့မှာ အစိုးရထံမှတရား၀င်

ကာကွယ်ခံထားရသူတို့ ဖြစ်ကာရာထူးလည်း

မြင့်ကြသည်။ အနက်ရောင်မျှော်စင်၏ပါတ်ပါတ်လည်တွင် စူးစမ်းကာသတင်းယူ၍ သီးသန့်နေရာတွင် သုတေသနစမ်းသပ်ချက်များပြုလုပ်ကြသူများပင်။


အနက်ရောင်မျှော်စင်များ စတင်ပေါ်ပေါက်လာ

သည်မှာ မြင့်မားသောတောင်ထိပ်၊ တောနက်ကြီး၏အလယ်၊ သမုဒ္ဒရာရေပြင်ပေါ်တွင်သာမက

မြို့ကြီးများ၏ဗဟိုအထိ နေရာအစုံဖြစ်သည်။ သုတေသနစခန်းများမှာ မျှော်စင်များ၏အနီးအနားတွင်တည်ထားသည် ဖြစ်သည့်အလျှောက် မိမိတို့ဤနေရာတွင်သုတေသနပြုလုပ်နေကြောင်းအတိအလင်းကြေညာထားသကဲ့သို့ပင်။ ထို့ကြောင့်လည်း လုံခြုံရေးမှာအလွန်တင်းကြပ်လှသည်။ အင်တာနက်ပေါ်တွင်လည်း ဤအကြောင်းအရာနှင့်ပါတ်သတ်ပြီး ဆွေးနွေးမှုများရံဖန်ရံခါထွက်ပေါ်လာတတ်သော်လည်း တရား၀င်အတည်ပြုချက်တစ်ခုကိုမှ 

ထုတ်ပြန်သည်ကိုမကြားဖူးခဲ့ချေ။


ထန်မော့သည် လော့ဖုန်းချန်းမှာအမှန်တကယ်ကို အနက်ရောင်မျှော်စင်သုတေသနပညာရှင်ဟု ယုံကြည်ပါသည်။ 


သူအားသုံးပြီး လော့ဖုန်းချန်း၏ ထိုတံဆိပ်ပြားကို ချိုးကြည့်ရန်ကြိုးစားခဲ့သေးသည်။ သို့သော် ထိုတံဆိပ်ပြားမှာ မည်သည့်သတ္တုမျိုးဖြင့် ပြုလုပ်ထားသည်မသိ။


ထန်မော့မှာ ကားတစ်စီးကိုတောင် လက်ဗလာဖြင့်မနိုင်သည်အထိ သန်မာလာပြီးတိုင် ထိုကဒ်ကို မချိုးနိုင်ခဲ့ချေ။ ထို့ကြောင့်ပင် ၄င်းကဒ်မှာ အမှန်ပင်အရေးပါသော ကဒ်တစ်ကဒ်ပင်ဖြစ်လိမ့်မည်။


လော့ဖုန်းချန်းပြောခဲ့သလိုမျိုး စွမ်းရည်ဖြင့် ထိုကဲ့သို့ကဒ်တစ်ကဒ်အား ဖန်တီးဖို့မဖြစ်နိုင်ပေ။ ထို့အပြင်ကို အနက်ရောင်မျှော်စင်၏ သုတေသနပညာရှင် ဟူသောခေါင်းစဉ်မှာ အလွန်လူမျက်စိကျစရာကောင်းလွန်းသည်။ ခိုး၀င်သူသာဆိုလျှင် ထိုကဲ့သို့ မျက်စိကျစရာကောင်းသည့် သရုပ်မှန်ကိုထုတ်ဖော်မည်မဟုတ်ပေ။


စားဖိုမှူးနှင့် အလယ်တန်းကျောင်းသူက၏ အမူအယာမှာ ယခုတိုင်ဗလာဖြစ်နေဆဲဆိုရင်တောင် ကျန်တဲ့သူတွေကတော့ လော့ဖုန်းချန်းကိုယုံကြည်သွားခဲ့ပြီဖြစ်သည်။


ထို့ကဲ့သို့လူမျိုးကသာ လူတစ်ယောက်ကိုသတ်ချင်ပါက အမှန်တကယ်ကို ကိုယ်တိုင်သတ်စရာလိုမည်မဟုတ်ပေ။ ထို့ကြောင့် လော့ဖုန်းချန်းမှာ ခိုး၀င်သူဖြစ်နိုင်ချေ နည်းလွန်းသည်။


ယခုတွင် တရား၀င်ကစားသမားဟုယူဆထားသော

ထန်မော့နှင့်လီပင်းမှလွဲ၍ လူတိုင်းက ထိုသုံးရက်အတွင်း ဘာတွေလုပ်ခဲ့သည်ကို အချင်းချင်းထုတ်ပြောရမှာဖြစ်သည်။ ထို့နောင် လင်းရှောင်၏အလှည့်သို့ရောက်လာသည်။


"အနက်ရောင်မျှော်စင်က ကမ္ဘာကြီးအွန်လိုင်းပေါ် တက်လာပြီလို့ကြေညာတဲ့အချိန် ကျွန်မအတန်းထဲမှာ။ ဘာအတန်းပါလိမ့်... အိုး ဟုတ်သားပဲ အဲတုန်းက ၁၅ရက် ဗုဒ္ဓဟူးနေ့လေ၊ ဗုဒ္ဓဟူးနေ့အတွက် ပထမဆုံးအတန်းချိန်နှစ်ချိန်က သင်္ချာပဲ။ အနက်ရောင်မျှော်စင်ဆီက ရုတ်တရက် ကြေညာသံထွက်လာတော့ ကျွန်မတို့အတန်းတောင် မပြီးလိုက်ဘူး။ အကုန်လုံးက အဆောင်ကိုပြန်ကုန်ပြီး ကျောင်းကလည်း မကြောက်ကြဖို့ တရား၀င်ထုတ်ပြန်ချက်ကို စိတ်ငြိမ်ငြိမ်နဲ့စောင့်ဖို့ပြောတယ်"


လင်းရှောင်က ဂရုတစိုက်နှင့်ပြန်လည် စဉ်းစားရင်းပြောနေခြင်းဖြစ်သည်။


"တကယ်တော့ ကျွန်မကအနက်ရောင်မျှော်စင်ရဲ့ 

ဖန်လို့တောင်ပြောလို့ရတယ်။ ကျွန်မကရှင်သန်ရာဂိမ်းတွေဆော့ရတာကြိုက်တယ်လေ။ လက်ရှိပေါ်ပျူလာဖြစ်သမျှဂိမ်းတွေအကုန် ကျွန်မဆော့ဖူးတယ်။ 

အနက်ရောင်မျှော်စင်ပတ်သတ်ပြီး ကျွန်မထွေထွေထူးထူးမစိုးရိမ်သလို ဂရုလည်းမစိုက်ခဲ့ဘူး။

အဆောင်ကိုပြန်ရောက်တော့ သူငယ်ချင်းတွေနဲ့တောင် မျှော်စင်အကြောင်း စကားတွေအများကြီးပြောဖြစ်သေးတယ်။ ညနေစောင်းတဲ့အထိထင်တယ် 

ကျောင်းကလည်း အဲဒီသုံးရက်အတွင်း ဘာအတန်းမှမဖွင့်ဘူးလေ။ ကျွန်မအဆောင်မှာပဲအကြာကြီးနေခဲ့ရတာ။ ကန်တင်းတွေလည်းအဲဒီသုံးရက်အတွင်း 

ဘာတစ်ခုမှကိုမဖွင့်တာ။ ကျွန်မအဆောင်ကိုပဲ ပါဆယ်ယူပြီးစားတယ်၊ ဒီတော့အဆောင်မှာပဲ တချိန်လုံးရှိနေခဲ့တာ။"


လီပင်းကမေးလိုက်သည်။


"ဒါပဲလား"


လင်းရှောင်အနည်းငယ်စဉ်းစားလိုက်ပြီးနောက် ခေါင်းခါလိုက်သည်။


"အဆောင်ကအခန်းဖော်လေးယောက်လုံးက ရှန်ဟိုင်းဇာတိတွေလေ၊ ကျွန်မအဖေကကျ ဆုံးသွားတာကြာပြီ။ အ​မေက နန်ကျင်းကို အလုပ်ကိစ္စနဲ့ခရီးထွက်နေတယ်။ အခန်းဖော်တွေအကုန် အိမ်ကိုပြန်ကုန်ကြတော့ အဆောင်မှာ ကျွန်မတစ်ယောက်တည်း ကျန်ခဲ့တာ။ အဲဒီနေ့မနက်က ကျွန်မအိပ်ယာကထတယ်။ 

သွားတိုက်တယ်။ အနက်ရောင်မျှော်စင်နောက်ထပ်ကြေညာတာတွေကိုလည်း ကြားလိုက်ပေမယ့် ဘယ်လိုမှမ​နေဘူးရယ်။ အဲဒီနောက် ကျွန်မဂိမ်းဆော့ဖို့ ကွန်ပျူတာကို ဖွင့်လိုက်ပေမယ့် အင်တာနက်ပျက်နေတာကို တွေ့လိုက်ရတယ်။အဲဒါကြောင့် ကျွန်မဘေးခန်းကို မေးမလို့သွားတော့ ဘယ်သူမှမရှိတော့တာကို တွေ့လိုက်ရတာပဲ"


အမြဲတက်ကြွကာ သတ္တိရှိပုံပေါ်သော တက္ကသိုလ်ကျောင်းသူမှာ ယခုမူအကြောက်တရားအနည်းငယ်ကို ပြသလာသည်။ သူမကတံတွေးကိုမြိုချလိုက်ကာ 

တည်ငြိမ်အောင်ကြိုးစားလိုက်သည်


"ကျွန်မအဲဒီသုံးရက်အတွင်း အဆောင်မှာပဲ ဂိမ်းဆော့နေခဲ့တာ၊ ဘယ်သူ့ကိုမှလည်း မသတ်ခဲ့ပါဘူး။ ကျွန်မခိုး၀င်သူလည်းမဟုတ်ပါဘူး။ လူတွေပျောက်သွားတာကို တွေ့တော့ ကျွန်မနန်ကျင်းကိုသွားပြီးအမေ့ကိုသွားရှာချင်ခဲ့တာ။ ဒါပေမယ့်ရှန်ဟိုင်းကနေတောင် မထွက်ရသေးခင် ကျွန်မဒီဂိမ်းထဲကိုရောက်လာတာပဲ။

ကျွန်မကိုယုံပါ။ ကျွန်မကခိုး၀င်သူလုံး၀မဟုတ်ပါဘူးရှင်"


လီပင်းကခေါင်းကိုငြိမ့်လျက် ထန်မော့နှင့်လော့ဖုန်းချန်းအား ကြည့်လိုက်သည်။ သူတို့လည်းငြင်းပယ်ပုံမပေါ်ပေ။


ချမ်းသာတဲ့ဒုတိယမျိုးဆက်သခင်လေး လီ၀မ်မှာ ထန်မော့အားကြည့်လိုက်ကာ အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး သတ္တိမွေးလိုက်သည်၊


ထို့နောက်သူကပြောလာသည်။


"အဲဒီသုံးရက်ရဲ့ပထမဆုံးနေ့မှာ ကျွန်တော်နန်ကျင်းက သူငယ်ချင်းကိုသွားရှာပြီး အပျော်အပါးလေးတွေရှာကြတယ်။ နောက်နေ့ကျလည်းအတူတူပဲ။ ဒါပေမယ့် ကလပ်မှာ ပိုအချိန်ဖြုန်းဖြစ်တာပေါ့။ နောက်နေ့ညကျ ကျွန်တော့်ကို အဖေကအိမ်ပြန်ဖို့ ဖုန်းဆက်ပြောတယ်။ ကျွန်တော်လည်း အရမ်းမူးနေပြီဆိုတော့ 

မပြန်ဖြစ်ဘူး အဲဒီမှာပဲအိပ်ဖြစ်သွားတယ်။ နောက်နေ့မနက်မှ ရှန်ဟိုင်းကိုပြန်မောင်းလာတာ။ အဲနောက်မှာ ကားအက်ဆီးဒင့်ဖြစ်တယ်။ ကျွန်တော်နိုးတာတော့ထန်မော့နဲ့ဆုံတယ်။ ထန်မော့က အခြားကားပေါ်က 

ဒရိုင်ဘာတွေပျောက်သွားလို့ ကားတွေဆင့်တိုက်ကုန်တာလို့ ပြောပြတယ်။ ကျွန်တော်ခိုး၀င်သူမဟုတ်ဘူး။ ဘယ်သူ့ကိုမှလည်းမသတ်ဖူးဘူး။"


အကုန်လုံးကထန်မော့အားကြည့်လိုက်ကြသည်။


ထန်မော့ကရှင်းပြလာသည်။


"သူ့ကိုပထမဆုံးတွေ့တုန်းက သူကားမှောက်နေတာလေ။အဲဒီရှေ့ပိုင်းဘာတွေဖြစ်ခဲ့လဲ ကျွန်တော်မသိဘူး"


လီပင်းကမျက်မှောင်ကျုံ့လျက်


"မင်းဒီလောက်လေးပဲပြောလို့မရဘူးလေ။ ပိုပြီးအသေးစိတ်ကျကျပြောပါလား"


လီ၀မ်ကသနားစဖွယ်မျက်နှာဖြင့် အနည်းငယ်တွေးတောလိုက်ကာ


"ကျွန်တော်ပြောချင်ပါတယ်။ ဒါပေမဲ့ အဲဒီသုံးရက်လုံးက အရက်သောက်တာ၊ သူငယ်ချင်းတွေနဲ့ပျော်ပါးတာအပြင် တခြားဘာထွေထွေထူးထူးမှမလုပ်ခဲ့ဘူးလေ။ ကျွန်တော်တို့ဘယ်လိုပျော်ပါးကြတာလဲတော့ မမေးနဲ့ဗျာ။ပုံမှန်လည်း ဒီလိုအရက်သောက်လိုက် ကလပ်တက်လိုက်ပဲ။ သောက်တာအပြင်ကို တခြားဘာမှ​ထွေ​ထွေထူးထူး တောင်ပြောစရာမရှိဘူးထင်တာပဲ။ ဪ..ရှိတော့ရှိသေးတယ်။ ကျွန်တော့်သူငယ်ချင်းတွေက နာမည်ကြီးမင်းသမီးတွေကို သူတို့နဲ့ပျော်ဖို့တော့ ခေါ်လာကြတယ်။"


အကုန်လုံးက သူ၏စကားကို နားထောင်ချင်ကြတော့ပုံ မပေါ်။ လင်းရှောင်ကမူ သူ့အားရွံရှာသောမျက်လုံးများဖြင့် ကြည့်လိုက်သညိ။


လီ၀မ်ကအပြစ်ကင်းစင်သောမျက်နှာဖြင့်


"ဟေး.. ကျွန်တော်ပြောပါရစေဦး။ ပျော်တယ်ဆိုတာက.."


လီ၀မ်ပြောနေတုန်းမှာ လင်းရှောင်က ဘာမှမသိသော စားဖိုမှူးအား အခြေအနေကိုရှင်းပြလိုက်သည်။

စားဖိုမှူးကမူလက်ရှိအခြေအနေကို နားလည်သွားချိန်တွင် ပို၍ပင်ကြောက်လန့်သွားတော့သည်။ အကုန်လုံးကသူ့အားကြည့်လာချ်ိန်တွင်


"ငါ..ငါ..ကစာဖိုးမှူးတစ်ယောက်လေ။ ဒါပေမဲ့ လွန်ခဲ့တဲ့နှစ်၀က်လောက်ကတည်းက အနက်ရောင်မျှော်စင်တွေရုတ်တရက်ပေါ်လာတော့ ငါ့သူ​ဌေးက ကြောက်ပြီး ထွက်ပြေးသွားတယ်။ ငါလည်းအလုပ်လက်မဲ့ဖြစ်သွားတယ်။ အဲဒီနောက် ပိုက်ဆံရဖို့ ပါဆယ်တွေရောင်းပေးတယ်။ အဲဒီသုံးရက်တုန်းကလည်း ငါdeliveryပို့နေခဲ့တာ။ ဒါပေမယ့် အနက်ရောင်မျှော်စင်ကိစ္စတွေကြောင့် အလုပ်တွေပိတ်ကုန်တော့ ခါတိုင်းလောက်မရောင်းရဘူးပေါ့ကွာ။ ငါပို့ရမယ့်စာရင်းမှာလည်းလူနည်းနည်းလေးရယ်။ ငါပါဆယ်ပို့ဖို့သွားတော့ လမ်းမှာလူတွေပျောက်ကုန်တာတွေ့ပြီး ငါလည်းကြောက်ပြီးအိမ်ကိုပြန်ပြေးလာလိုက်တာပဲ။"


"ပိုပြီးရှင်းရှင်းလင်းလင်းပြောပြလို့ရမလား" 


လီပင်းကမေးလိုက်သည်။


စာဖိုမှူးက အလွန်စိတ်ဖိစီးလျက် နဖူးမှချွေးများကို ပွတ်လိုက်လိုက်ပြီး


"ငါထင်တာ.. ဪ ဟုတ်သားပဲ။ ငါလူကုံထံရပ်ကွက်နှစ်ခုကို ပါဆယ်ပို့ပေးရသေးတယ်။

ကျင်းဂန်ဘုရားကျောင်းရဲ့ဘေးမှာပဲ။ အဲဒီကအစောင့်တွေက စက်ဘီးတွေကို၀င်လို့မရဘူးတဲ့။ ငါပါဆယ်ပို့ဖို့အထဲကိုလမ်းလျှောက်လိုက်ရတယ်။

နောက်တစ်ခုက ပြည်သူ့ရင်ပြင်နားမှာ။ နောက်ထပ်.. ငါဘာဆက်ပြောရမလဲ။ မင်းဘာသိချင်သေးလဲ ငါအကုန်ပြောပြမယ် ငါဘယ်သူ့ကိုမှမသတ်ခဲ့ဘူး ငါခိုး၀င်သူမဟုတ်ပါဘူးကွာ"


စားဖိုမှူးကအလွန်စိုးရိမ်နေပုံဖြင့် လူတိုင်းကို ကြည့်နေခဲ့သည်။ ထန်မော့ကစားဖိုမှူးအားတစ်ချက်ကြည့်ကာ ကျောင်းသူလေးရှေ့ကိုလျှောက်သွားလိုက်သည်။


ဖန်းယု၀မ်မှာ လင်းရှောင်နောက်တွင်ပုန်းကွယ်ပြီး လူတိုင်းကိုကြောက်လန့်တကြားကြည့်နေခဲ့သည်။


လင်းရှောင်ကသူမကို အားပေးလိုက်သည်။


"မကြောက်နဲ့၀မ်၀မ်။ အဲဒီသုံးရက်အတွင်း ဘာလုပ်ခဲ့လဲဆိုတာသာ ပြောပြလိုက်။ ခိုး၀င်သူအစစ်ကပေါ်လာမှာပါ"


လင်ရှောင်က လီပင်းနှင့်လီ၀မ်အားတစ်ချက်မျှကြည့်လိုက်ပြီး ညင်သာစွာပြောလိုက်သည်။


"ဒီတိုင်းပြောပြလိုက်ပါ"


ကျောင်းသူလေးကခေါင်းငြိမ့်ကာ အလွန်တိုးသောအသံဖြင့်ပြောလာသည်။


"သူ့လိုပဲသမီးလည်းခိုး၀င်သူမဟုတ်ပါဘူး။ ဘယ်သူ့ကိုမှလည်းမသတ်ခဲ့ပါဘူး။ ဒီအစ်မလိုပဲ သမီးတို့ကျောင်းတွေကပိတ်ထားတော့ ကျောင်းကိုမသွားရဘူးလေ။ မိဘတွေကပြန်လာခေါ်ပြီး အိမ်မှာပဲနေတယ်။ အဖေကအလုပ်သွားတယ်။ အမေကတော့အလုပ်သွားစရာမလိုဘူးတဲ့ သမီးနဲ့ပဲနေမယ်လို့ပြောတယ်။ အမေကသမီးအတန်းထဲမှာ စာမလုပ်နိုင်မှာစိုးလို့ စာပိုကြိုးစားဖို့ပြောတယ်။ အမေကအိမ်မှာစာသင်ပေးတယ် ။ မနက်၇နာရီကနေ ၁၁နာရီထိ 

ဘာသာစကားနဲ့သင်္ချာကိုလုပ်ရတယ်။ ပြီးတော့တစ်ရေးအိပ်ပြီးနေ့လည် ၂နာရီလောက်မှာ အင်္ဂလိပ်လုပ်တယ်။ ညနေခြောက်နာရီမှာကျ အမေကအိမ်စာတွေကူလုပ်ပေးတယ်။ ပြီးတော့.."


ကလေးမလေး၏မျက်လုံးတွေကနီရဲသွားသည်၊

"ပြီးတော့ သုံးရက်မြောက်နေ့မှာ အမေပျောက်သွားတယ်။ သမီးဘာမှမသိလိုက်ဘူး ဒီတိုင်းပျောက်သွားတာ."


လင်းရှောင်က ကလေးမလေး၏ လက်ကိုဆုပ်ကိုင်ကာ နှစ်သိမ့်ပေးလိုက်သည်။


သူမမှာအတော်ကြာကြာရှိုက်သံထွက်နေပြီး မျက်မှာလည်းဖြူဖျော့လျက် အသံလည်းပြာနေ၏။


"အမေပျောက်မသွားခင်ညက သမီးကိုပြောခဲ့သေးတယ်။ မကြောက်နဲ့တဲ့။ သမီးအဆင်ပြေရင်သူလည်းအဆင်ပြေတယ်တဲ့။ အခုတော့..အမေမရှိတော့ဘူး"


သူမကထိန်းမထားနိုင်ပဲငိုတော့သည်။


လူခုနှစ်ယောက်ထဲမှာ နှစ်ယောက်တည်းသာရှိတဲ့မိန်းကလေးတွေဖြစ်တာကြောင့် လင်းရှောင်ကသာ သူမအားဖက်၍နှစ်သိမ့်ပေးနေလိုက်သည်။


လီပင်းကမိန်းကလေးနှစ်ယောက်ကို ကြည့်ပြီးမျက်မှောင်ကျုံ့မိသည်။ သူကတစ်ခုခုပြောချင်ပုံပေါ်သော်လည်း ပြောမထွက်ပေ။ ထန်မော့ကပြောလာသည်။


"လီပင်း ခင်များအလှည့်ပဲ"


လီပင်းကခေါင်းငြိမ့်ကမိမိအတွေ့အကြုံကို စပြောတော့သည်။


"ငါကPRကုမ္ပဏီမှာအလုပ်လုပ်ပြီး Marketingနဲ့ Planingပိုင်းကိုတာ၀န်ယူရတာ။ အနက်ရောင်မျှော်စင် ကိစ္စတွေဖြစ်လာတော့လည်း ကုမ္ပဏီကနားရက်မရှိတော့ပဲ ငါတို့တွေအလုပ်ကိုရက်ဆက်သွားရတယ်။ ငါကအနက်ရောင်မျှော်စင်တွေကိုမကြိုက်တဲ့ဘက်ကပဲ။ အဲဒါတွေကိုပြန်ပျောက်သွားစေချင်တာ။

ငါတို့အလုပ်မှာ projectကြီးကြီးမားမားတစ်ခုနဲ့နဲ့ပတ်သက်ပြီး အကြီးအကျယ်ဆွေးနွေးကြသေးတယ်။ 

ဒါပေမယ့်ငါ့သူ​ဌေးကလက်မခံခဲ့ဘူး။ ငါလည်းစိတ်ဓာတ်ကျပြီးအလုပ်တွေပဲ ဆက်လုပ်နေတာ။

နောက်ရက်ကျအနက်ရောင်မျှော်စင်ဂိမ်းထဲဆွဲသွင်း 

ခံလိုက်ရတာပဲ။ အဲဂိမ်းကဘယ်လိုခေါ်လဲဆိုတော.."


လီပင်းကရုတ်တရက်ရပ်တန့်သွားပြီးမှ ထူးဆန်းတဲ့အမူအယာနှင့်ဆက်ပြောလာသည်။


"' ဒီလောက်ချစ်စရာကောင်းတဲ့သိုးကလေးကို ဘာလို့စားချင်နေရတာလဲ တဲ့ "


လူတိုင်း"..."


လီပင်းကထန်မော့အားကြည့်လိုက်တာ


"မင်းလည်းနားလည်မှာပါ။ ငါရုတ်တရက်ကြီး 

ဘာမှန်းမသိတဲ့နေရာတစ်ခုကိုရောက်သွားတာ။ ငါဘာမှတောင်မလုပ်နိုင်ဘူး။ ဂိမ်းစပြီလို့ကြေညာပြီးတော့ အနက်ရောင်မျှော်စင်က ထူးထူးဆန်းဆန်းဂိမ်းရဲ့စည်းကမ်းတွေကိုလည်း ပြောပြသေးတယ်။ 

ငါနဲ့အတူတခြားသူစိမ်းသုံးယောက်လည်းပါတယ်။

ငါတို့အထဲကိုရောက်သွားတာနဲ့ သိုးလို၀တ်စုံတွေ၀တ်ပြီးသားကြီးဖြစ်နေတာ။ အဲဒါပြီးတော့အနက်ရောင်မျှောင်စင်က ငါကသိုးတွေတဲ့၊ ပြီးတော့မြေခွေးတစ်ကောင်နဲ့ ၀င်္ကပါထဲမှာ ပုန်းတမ်းလိုက်တမ်းဆော့ရမှာတဲ့။ မိသွားရင်အစားခံရမှာလို့ပြောတယ်။ ငါတို့အစားမခံရခင်မှာ ၀င်္ကပါရဲ့အဆုံးက ဥကိုရှာရမှာတဲ့။ အဲဒါကဂိမ်းကိုနိုင်ဖို့တစ်ခုတည်းသောနည်းလမ်းတဲ့လေ"


ဂိမ်းကအတော်ကို ကလေးကလားဆန်လွန်းသည်မို့

လီပင်းကခေါင်းကိုငုံ့ကာ ဆက်ပြောလိုက်သည်


"ငါတို့လေးယောက်လည်း ၀င်္ကပါထဲကို၀င်တဲ့အခါလူခွဲသွားဖို့သဘောတူလိုက်တယ်။ မြေခွေးကတစ်ကောင်ပဲရှိတာဆိုတော့ ငါ့တို့မှာ အသက်ရှင်နိုင်ချေပိုများတယ်လေ။ နောက်တော့ ငါလူနှစ်ယောက်အော်သံနဲ့ သူတို့အစားခံလိုက်ရပြီလို့ကြေညာသံကြားလိုက်ရတယ်။ ငါလည်းအမြန်ပြေးတာပေါ့။ ဒါပေမယ့်၀င်္ကပါရဲ့အဆုံးကိုမရှာနိုင်ဘူး။ ငါလည်းကြောက်လန့်ပြီး မြေခွေးကလည်းငါနဲ့အရမ်းနီးနေပြီ။

အဲဒီအချိန်မှာပဲ အနက်ရောင်မျှော်စင်က ဂိမ်းပြီးသွားပြီးလို့ကြေညာတယ်။ ငါ့ရဲ့ကျန်တဲ့အသင်းဖော်တစ်ယောက်က ဥကိုရှာတွေ့သွားတာတဲ့။ ငါ့မှာတော့ ဘာတွေဖြစ်နေမှန်းတောင်မသိလိုက်ဘူး။ ငါဂိမ်းကိုနိုင်သွားပြီး ကုမ္ပဏီကိုပြန်ရောက်လာတယ်။ ငါအခြားလူတွေကိုဒီအကြောင်းတွေပြောပြချင်ခဲ့တာ။ ဒါပေမယ့်ဘာလို့လဲမသိ။ လုံး၀ပြောမထွက်ဘူး။ အလုပ်ကလူတွေက ငါအိပ်ရာထနောက်ကျလို့ အလုပ်နောက်ကျတယ်ပဲထင်နေတယ်။ ဒါပေမယ့်ငါ့မှာရှင်းပြလို့မရဘူး။ ငါလည်းကြောက်ပြီးအလုပ်မသွားတော့ပဲ 

နယ်ကငါ့အိမ်ကိုပြန်မလို့ပဲ။ ဒါပေမယ့်နောက်နေ့ကျ ငါတောင်အိမ်မပြန်ရသေးဘူး။ လူတွေအကုန်ပျောက်ကုန်ကြတာ။"


လီပင်းကထန်မော့အားကြည့်လိုက်သည်။


"မင်းရောအတူတူပဲလား ငါဒါတွေကိုဘယ်သူ့ကိုမှပြောလို့မရခဲ့ဘူး"


ထန်မော့ကမူခေါင်းခါလျက်


"ကျွန်တော့်ဂိမ်းပြီးပြီးချင်းမှာပဲ လူတွေပျောက်ကုန်ကြတာ"


လီပင်းကစိုးရိမ်တကြီးပင်


"ငါတကယ်ကို တရား၀င်ကစားသမားပါ"


လော့ဖုန်းချန်း၏ရေသေလိုတည်ငြိမ်သောအသံက ကြားဖြတ်၀င်ပြောလာသည်


"အခုနကကျွန်တော်မပြောလိုက်ရသေးတာတစ်ခု ကျန်ခဲ့လို့။ မတော်တဆလူသတ်မိထားတဲ့သူတွေက မလုံမလဲဖြစ်နေသလိုမျိုး တစ်ယောက်ယောက်ကို သတ်မိထားတဲ့ဘယ်လိုလူသတ်သမားမျိုးမဆို

သူတို့သတ်တဲ့အကြောင်းကိုပြောနေတဲ့အချိန်မှာ 

ပုံမှန်မဟုတ်တဲ့ အမူအယာလေးတွေ လုပ်ကိုလုပ်မိကြတယ်။"


လော့ဖုန်းချန်း၏စကားကြောင့် လီပင်းမျက်နှာပျက်လျက်


"မင်းစကားကဘာသဘောလဲ။ ငါကတကယ်ကိုတရား၀င်ကစားသမားကွ ခိုး၀င်သူမဟုတ်ဘူး ခိုး၀င်သူကကျိန်းသေပေါက်.."


"သူ ခင်များကိုပြောနေတာမဟုတ်ဘူး" 


ထန်မော့ကဖြတ်ပြောလိုက်တော့သည်။


လော့ဖုန်းချန်းက ထန်မော့အားကြည့်လျက် ဆက်ပြောလာသည်။


"လူသတ်သမားဟာ ပွေးကြီးက ခိုး၀င်သူတွေက ဘာ​တွေလဲ ဘာကြောင့်ဖြစ်လာတာလဲဆိုတာကို ပြောတဲ့အချိန်မှာ ထူးထူးခြားခြားကိုတုန့်ပြန်လိမ့်မယ်။ အမျိုးအစားနှစ်မျိုးကလွဲလို့ပေါ့။ ပထမတစ်မျိုးက စိတ္တဇလူသတ်သမား။ လူသတ်တာကမှားနေတယ်မထင်တဲ့လူမျိုးနဲ့ နောက်တစ်မျိုးက ကိုယ့်ကိုယ်သူလူသတ်တယ်လို့ မခံယူထားတဲ့လူသတ်သမားမျိုး။ 

သူတို့ကတအားကိုငယ်ရွယ် မိုက်မဲလွန်းတော့ သူတို့ကိုသူတို့ဘာလုပ်မိသလဲဆိုတာကို သေချာနားမလည်တဲ့သူမျိုးပေါ့။ ဒီတော့ဒီလိုလူမျိုးက သူတို့သတ်တာပေါ်သွားရင်လည်း ထွေထွေထူးထူးတုန့်ပြန်မှာမဟုတ်ဘူး"


ထန်မော့ကခေါင်းကိုအသာငြိမ့်လိုက်ကာ


"တကယ်တော့ မင်းပါးစပ်ကိုဟပြီး ဘာမှမပြောခင်ကတည်းက သံသယ၀င်နေခဲ့တာ။ ဒါပေမယ့်ငါက မင်းမဖြစ်ပါစေနဲ့လို့ မျှော်လင့်နေခဲ့သေးတယ်"


အရပ်မြင့်မြင့်နှင့်ချောမောသောအမျိုးသားက  မိန်းကလေးနှစ်ဦးရှေ့သို့လျှောက်သွားကာ ကျောင်းသူကလေးမလေးကို ခေါင်းအသာငုံ့၍ကြည့်လိုက်သည်။


"မင်းပထမဆုံးပြောလိုက်တဲ့စကားကိုက မင်းရဲ့သရုပ်မှန်ကိုဖော်ပြပြီးသားပဲ။ ဒါပေမယ့်လည်းမင်းက ခုမှ၁၅နှစ်ပဲရှိသေးတယ်။ မင်းဘယ်သူ့ကိုသတ်ခဲ့တာလဲ။ ဘာလို့လဲ"


လီပင်းကရုတ်တရက်အော်လိုက်မိပြီး


"ဟုတ်တယ်၊ ဟုတ်သားပဲ...သူကခိုး၀င်သူ ငါအခုမှပဲတွေးမိတော့တယ်"


လင်းရှောင်လည်းလန့်သွားပြီး ကလေးမလေး၏ လက်ကိုချက်ချင်းလွှတ်လိုက်ကာ အ​ဝေးသို့ရွေ့သွားတော့သည်။


ကလေးမလေး၏မျက်နှာမှာ မျက်ရည်များဖြင့်ပေပွလျက် နောက်သို့ကြောက်လန့်တကြားဆုတ်လိုက်သည်။


"မလုပ်ခဲ့ဘူး သ..သမီးမသတ်ခဲ့ပါဘူး သမီး.."


"မင်းကခိုး၀င်သူပဲ" 


ထန်မော့ကအခိုင်အမာကို ဆိုလိုက်​လေသည်။


.


စာရေးသူမှာ ပြောစရာရှိတယ်။


ထန်ထန် (သကြားမှုန်):အမှန်တရားတစ်ခုပဲရှိတယ် မင်းကမြေခွေးပဲ၊ အကုန်လုံးပဲ ကျွန်တော်နဲ့အတူ voteပေးကြပါ၊ ဒီဉာဏ်စမ်းပဟေဋိရဲ့ အဖြေကတော့...ဖန်းယု၀မ်ပဲဖြစ်ပါတယ်


ဖူ၀မ်သော်: ငါဘယ်တော့မှထွက်လာရမှာလဲ

ထွက်လာချင်တယ် ထွက်လာချင်တယ်

ထွက်လာချင်တယ်လို့


🪩