Chapter 14
Viewers 4k

🌍Chapter 14




"အဲဒီခိုး၀င်သူတွေက သောက်ရမ်းအနံ့ဆိုးတာ။ အနက်ရောင်မျှော်စင်ကခိုး၀င်သူတွေကို အမုန်းဆုံးပဲငါတို့သာခိုး၀င်သူတစ်ကောင်ကိုစားနိုင်ရင် ထီဆုအကြီးကြီးပေါက်သလိုပဲ။ ခွန်အားတွေလည်းတိုးပြီး

အနက်ရောင်မျှော်စင်ကလည်းငါတို့ကို 

ဆုကြေးတွေပေးဦးမှာ။ ပြီးတော့ခိုး၀င်သူတွေရဲ့အသားကလည်း အရသာရှိသလားမမေးနဲ့ ငါဒါကိုဘယ်သူ့မှတောင်မပြောဖူးဘူး။"


ဧရာမပွေးကြီးက မျက်လုံးများကိုမှေးကျဉ်းလိုက်ရင်း ကြက်ဆင်၏အရိုးများကို အမှုန့်ဖြစ်သည်အထိဖိနင်းလိုက်သည်။


"မင်းတို့်ထဲမှာ ရွံစရာခိုး၀င်သူတစ်ကောင်ရှိနေတယ်

အဲကောင်ကို ငါ့ကိုထုတ်ပေး တကျွတ်ကျွတ်မြည်အောင်ကို ဝါးပစ်မယ်"


ပွေးကြီးကတဖြည်းဖြည်းနီးကပ်လာခဲ့သည်။ ထိုစဉ်စားဖိုမှူးနိုးလာပြီး ဧရာမပွေးကြီး၏ ချွန်ထက်သော လက်သည်းများကိုမြင်သော် အလန့်တကြားအော်လိုက်သည်။ ဧရာမပွေးကြီးမှာ ၄င်းအနီးတွင်ကျယ်လောင်သော မာန်ဖီသန်ကြီးပြုလိုက်ကာ စားဖိုမှူးမှာ ထိတ်လန့်မှုကြောင့် နောက်တစ်ကြိမ်မေ့လဲလုနီးပါးပင်။


ထန်မော့ ယခင်ကမီးခြစ်ဆံကြီးရှိနေခဲ့သော မိမိ၏လက်ကောက်၀တ်ကိုထိလိုက်သည်။ ပွေးကြီး၏စကားအရ ထိုအစွမ်းထက်သောမီးခြစ်ဆံမှာ

ထန်မော့ မျှော်စင်ဒုတိယထပ်ကိုရောက်သည်အထိ ကောင်းကောင်းအသုံး၀င်နိုင်သည်။ 


ဤသည်မှာ ထိုမီးခြစ်ဆံသည်ပထမထပ်ကိုတိုက်ခိုက်ရာတွင်လည်း သုံးနိုင်သည်ပင်။ ထန်မော့သည် မီးခြစ်ဆီကြီး၏ စွမ်းအားအကုန်လုံးကို မသုံးလိုက်ရသလိုခံစားရသည်။ သူက ၄င်းကိုတချိန်လုံး တုတ်လိုသာ ဝေ့ယမ်းနေခဲ့ခြင်းပင်။


သူသာအချိန်နည်းနည်းပိုရခဲ့လျှင် မီးခြစ်ဆံအသုံးပြုပုံကို နားလည်ကာ ဒီထက်ပိုကောင်းသော ရလဒ်တစ်ခုရကောင်းရခဲ့လိမ့်မည်။


အနက်ရောင်မျှော်စင်ကို ဘာလို့အခုအချိန်ကြီး 

တိုက်ခိုင်းရတာလဲကွာ...


အနက်ရောင်မျှော်စင်၏ပထမထပ်ကိုဖွင့်လိုက်သော

ခိုး၀င်သူ၏အမည်က ထန်မော့၏ခေါင်းထဲပေါ်လာခဲ့သည်။ သို့သော်ထိုလူကိုသူအပြစ်တော့မတင်ပါ။ 


ထန်မော့ တည်ငြိမ်စွာမေးလိုက်သည်။


"ခိုး၀င်သူကဘယ်သူလဲ ကျွန်တော်တို့သူ့ကိုဘယ်လိုရှာပြီး ခင်များကိုပေးရမှာလဲ"


လီ၀မ်နှင့်လင်းရှောင် ကမျက်လုံးများပြူးသွားပြီး

ထန်မော့အားကြည့်လိုက်ကြသည်။


လော့ဖုန်းချန်းမှာလည်းသူ့ကိုကြည့်လာပေမယ့် ဘာမှတော့မပြောပေ။


ကျောင်းသူဖန်းယု၀မ်ကတော့ ထန်မော့အားကြောင်တောင်တောင်ကြည့်နေကာ သူဘာကိုဆိုလိုချင်လဲဆိုတာ နားလည်ဖို့ကြိုးစားနေပုံပင်။


လင်းရှောင်ကမနေနိုင်တော့ပဲ 


"ကျွန်မတို့တကယ်ကြီး အဲဒီလူကိုထုတ်ပေးမလို့လားပွေးကြီးက အဲဒီလူကို စား..ပစ်မယ်လို့ ပြောခဲ့တယ်လေ"


ထန်မော့ကသူမကိုအေးစက်စွာကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။


"ဒါဆိုမင်း အဲဒီခိုး၀င်သူနေရာကိုအစား၀င်ပြီး ညစာအဖြစ်ခံမလား"


လင်းရှောင်လည်းအေးခဲသွားတော့သည်။


ထိုစဉ်လော့ဖုန်းချန်း၏နူးညံ့သောအသံက၀င်ပြောလာသည်။


"ခိုး၀င်သူတွေက လူသတ်သမားတွေပဲ၊ သူတို့ကိုလူသတ်ဖို့တွန်းအားပေးခံရတာလည်း ဖြစ်နိုင်သလို

ကိုယ့်ကိုယ်ကိုခုခံရင်းမတော်တဆသတ်မိတာလည်း ဖြစ်နိုင်တယ်။ ငါတို့ဥပဒေအရဆို အဲဒီလိုလူတွေက 

သေဒဏ်ကျမှာတော့မဟုတ်ဘူး။ ဒါပေမယ့်အနက်ရောင်မျှော်စင်ကတော့ ခိုး၀င်သူတွေကိုမုန်းလို့ သေစေချင်တယ်။ ငါတို့ကခိုး၀င်သူကိုရှာပေးရုံပဲ၊ အဲဒီနောက်ပိုင်းကတော့ သူ့ဘာသူဘာဖြစ်ဖြစ်ငါတို့နဲ့ မဆိုင်ဘူး"


လီပင်းလည်းအမူအယာပြောင်းလဲသွားပြီး ထောက်ခံကာ ခေါင်းငြိမ့်လိုက်သည်၊


"ဟုတ်တယ်.. ငါတို့ကခိုး၀င်သူကိုရှာပေးရုံပဲ"


ပွေးကြီးက အလွန်ရုပ်ဆိုးစွာပြုံးလိုက်သည်။


"ခိုး၀င်သူက ဘယ်သူဆိုတာ ငါဘယ်လိုလုပ်သိမှာလဲ

ငါ့ရဲ့လှိုဏ်ဂူကလည်းအရမ်းကြီးမနေဘူး မင်းတို့အကုန်လုံးကလည်းဒီမှာလာစုနေတယ်။ ခိုး၀င်သူရဲ့အနံ့က ဂူတစ်ခုလုံးဖုံးနေတယ် ဘယ်သူလဲဆိုတာငါမသိဘူး။ အကယ်၍မင်းတို့သာရှာမတွေ့ရင်တော့ ငါမင်းတို့ကောင်တွေကို တစ်ယောက်ချင်းစီ အလှည့်ကျစားလိုက်မှာပေါ့။ ဘာပဲဖြစ်ဖြစ် ငါကခိုး၀င်သူကိုရှာတွေ့ဦးမှာပဲ" 


ဧရာမပွေးကြီးကထန်မော့ကိုကြည့်လိုက်သည်။


"အိုး.. ဟုတ်သားပဲ မင်းကမျက်နှာပြောင် ကောင်မလေးနဲ့လည်း သိတယ်။ ငါ့ကိုလည်းမီးခြစ်ဆံကြီးငှားသေးတယ်ဆိုတော့ မင်းကိုနောက်ဆုံးကျမှစားမယ်"


ထန်မော့မှာ ဤမဟာအထူးခံစားခွင့်ကြီးကို ဘယ်လိုမှမတုန့်ပြန်ခဲ့ပါ။ 


ပွေးကြီးက ထန်မော့၏မျက်နှာသေကိုကြည့်ပြီး ကျယ်လောင်စွာရယ်မောလိုက်သည်။ ထို့နောက်၄င်းမှာ ထောင့်တစ်နေရာဆီပြေးသွားက စတင်တူးတော့သည်။ ၄င်းမှာ သူ၏လှိုဏ်ဂူကိုပို၍ကျယ်၀န်းလာအောင် လုပ်ချင်ပုံရသည်။ တွင်းနှစ်တွင်းတူးပြီးသည့်နောက် ပွေးကြီးကနောက်ကိုလှည့်ကြည့်ကာ


"နှစ်မိနစ်တောင်ရှိပြီ၊ မင်းတို့ကောင်တွေ ခိုး၀င်သူကိုတွေ့ပြီလား"


ပွေးကြီး၏စကားကိုကြားလိုက်ရလျှင် လူတိုင်းကဇောချွေးများပြန်သွားကြသည်။


လီပင်းကလူတိုင်းကိုကြည့်လိုက်ကာ သူ့အံကိုကြိတ်လိုက်ပြီး


"ငါထပ်မေးမယ်။ အဲဒီသုံးရက်အတွင်းမှာ လူသတ်ထားမိကြသေးလား"


သဘာ၀ကျစွာပင် အကုန်လုံးခေါင်းခါလာသည်။


"ဒီလိုဖြစ်မယ်လို့ ထင်သားပဲ"


ဤဂူထဲသို့ရောက်လာကတည်းက ထိုအ​နောက်တိုင်း၀တ်စုံ ၀တ်ထားသူမှာ ခေါင်းဆောင်လိုဖြစ်နေခဲ့ကာ အခုလည်းအတူတူပင်။ လီပင်းကစိတ်ကိုလျှော့လိုက်ကာ


"ပွေးကြီးပြောသွားတဲ့အတိုင်းပဲ ။ခိုး၀င်သူတွေက ပေးထားတဲ့ သုံးရက်အတွင်းမှာ တခြားတစ်ယောက်ယောက်ကို သတ်ထားမိတဲ့သူတဲ့။ ပြီးတော့အဲဒီခိုး၀င်သူမှာစွမ်းရည်လည်းရှိပြီးတော့ အနံ့လည်းနံလိမ့်မယ်။ ဒါပေမယ့်ငါကတော့ ဘာအနံ့မှမရဘူး။ မင်းတို့ရောရလား"


လင်းရှောင်ကခေါင်းကိုယမ်းလျက် ငြင်းလိုက်သည်။


"ဟင့်အင်း။ ကျွန်မကအမြဲအနံ့ခံကောင်းတဲ့အထဲပါတယ်။ ဒါပေမယ့်အခု ရွံ့နံ့ကလွဲ တခြားဘာနံ့မှမရဘူး။"


အကုန်လုံးက ငြင်းလာတော့ လီပင်း၏အမူအယာကခက်ထန်လာသည်။


"ဒါဆို အဲဒီအနံ့ကလူတွေအနံ့ခံနိုင်တာမျိုး မဟုတ်လောက်ဘူး။ သူတို့တွေပဲအနံ့ခံနိုင်တာထင်တယ်။

သောက်ပဲ ဒီလိုဆိုမှာတော့ ငါတို့ခိုး၀င်သူကိုဘယ်လိုရှာကြမလဲ"


လော့ဖုန်းချန်းကပြောလာသည်။

"ခိုး၀င်သူတွေကတစ်ယောက်ယောက်ကို သတ်ဖူးတယ်၊ ပြီးတော့သူတို့မှာစွမ်းရည်ရှိတယ်"


စားဖိုးမှူက အကြာကြီးမေ့မြောနေခဲ့ပြီး ပွေးကြီး၏စကားများကို နားမထောင်နိုင်လိုက်။ထို့ကြောင့် သူကဘာကိုမှနားမလည်ပဲ အူလည်လည်ဖြစ်နေသည်။


"လူသတ်တာ စွမ်းရည်ဟုတ်လား နေပါဦး။ ဘာတွေဖြစ်နေတာလဲ"


သို့သော် သူ့အားရှင်းပြနေဖို့အချိန်မရှိပေ။


"လူသတ်ဖူးတယ်။ စွမ်းရည်ရှိတယ်ဆိုတော့ ဘာလုပ်ရမှာလဲ"


လီပင်းကရေရွတ်နေရင်းမှ ရုတ်တရက်ထန်မော့အားလှည့်ကြည့်လာကာ


"မင်းမှာစွမ်းရည်ရှိတယ်"


ထန်မော့မှာမီးခြစ်ဆံကိုလေထဲက ဆွဲထုတ်ခဲ့ခြင်းဖြစ်ကာ ၄င်းမှာစွမ်းရည်မရှိသော သာမာန်လူတစ်ယောက် လုပ်နိုင်သည့်အရာမျိုးမဟုတ်ပေ။


လီ၀မ်ကထန်မော့အားကူညီကာပြောပေးလိုက်သည်။


"ပွေးကြီးက တရား၀င်ကစားသမားနှစ်ယောက်၊ 

အရံကစားသမားလေးယောက်နဲ့ ခိုး၀င်သူတစ်ယောက်ရှိတယ်လို့ ပြောခဲ့တယ်လေ။ တရား၀င်ကစားသမားတွေက အနက်ရောင်မျှော်စင်ဂိမ်းကို ကစားပြီး အနက်ရောင်မျှော်စင်ကလည်းတရား၀င် အသိအမှတ်ပြုထားတာ။ ထန်မော့ကတရား၀င်ကစားသမားဖြစ်နိုင်တာပဲ။ သူကပွေးကြီးပြောတဲ့မျက်နှာပြောင်လေးဆိုလား အဲဒီဟာနဲ့လည်းသိတယ်။ သူကအနက်ရောင်မျှော်စင်ရဲ့ ဂိမ်းကိုဆော့ပြီးနိုင်လာလို့ ဒါမျိုးတွေသိနေတာပေါ့"


ထန်မော့လည်း၀င်၍အတည်ပြုလိုက်သည်။


"ကျွန်တော်အနက်ရောင်မျှော်စင်ရဲ့ဂိမ်းကိုကစားခဲ့တယ်။ ပွေးကြီးပြောပုံအရဆို ကျွန်တော်ကတရား၀င်ကစားသမားပဲ"


လီပင်းကခေါင်းကိုခါလိုက်ကာ ပြောလာသည်။


"ဒီမတိုင်ခင်လေး မင်းအနက်ရောင်မျှော်စင်ဂိမ်းတစ်ခုခုကို ဆော့ဖူးသွားတာလည်းဖြစ်နိုင်တာပဲလေ၊ ဒါပေမယ့်မင်းက အဲဒီသုံးရက်အတွင်းမှာ ဂိမ်းဆော့ဖူးတယ်ဆိုတာ ဘယ်သူကအာမခံနိုင်မှာလဲ။ ကမ္ဘာကြီးအွန်လိုင်းပေါ်တက်လာပြီလို့ ကြေညာတာ လေးရက်တောင်ရှိသွားပြီ။ မင်းကအဲဒီသုံးရက်အတွင်းမှာ လူမသတ်ဘူးဆိုတာရော လေးရက်မြောက်နေ့မှာမှ ဂိမ်းကိုဆော့ခဲ့တာမဟုတ်ဘူးဆိုတာကိုရော ဘယ်သူကအာမခံလို့ရမှာလဲ"


ထန်မော့က ထိုစွဲချက်များမှာ ရယ်စရာကောင်းသည်ဟုခံစားရကာ ပြန်ပြောရန်ပြင်နေစဉ် လော့ဖုန်းချန်းက အရင်ဦးသွားခဲ့သည်။


"သူကတရား၀င်ကစားသမားပါ။ အနက်ရောင်မျှော်စင်က ခိုး၀င်သူတွေကိုမုန်းပြီး သူတို့အသားက အရသာရှိတယ်လို့လည်းပြောသေးတယ်။ အကယ်၍ သူသာခိုး၀င်သူဆို ပွေးကြီးပြောတဲ့ မျက်နှာပြောင် သတ္တဝါနဲ့တွေ့ကတည်းက အစားခံရပြီးသေလောက်ပြီ။ မီးခြစ်ဆံလည်းရလာမှာမဟုတ်ဘူး။"


ထန်မော့က အံ့ဩစွာဖြင့် လော့ဖုန်းချန်းကိုကြည့်လိုက်စဉ် တဖက်လူကလည်းသူ့အားပြန်ကြည့်လာသည်။


သူတို့နှစ်ဦးထပ်၍ဘာမှမပြောတော့သလို 

ကျန်လူများကလည်းနားလည်သွားကြသည်။


လီပင်းက ဆက်ပြောလာ၏


"အဓိပ္ပာယ်ရှိတယ်။ ၉၀ရာခိုင်နှုန်းလောက်ကတော့ မင်းကတရား၀င်ကစားသမားလို့ယူဆလို့ရတယ်။ ကျန်တဲ့၁၀ရာခိုင်နှုန်းအရ မင်းကခိုး၀င်သူဖြစ်နိုင်နေတုန်းပဲ။ ဒါပေမယ့် မင်းသာခိုး၀င်သူဆိုလည်း မင်းရဲ့

အနံ့ဘယ်လိုဖုံးရမှန်းမသိပဲ မျက်နှာပြောင်ကောင်ဆီမှာစားခံရပြီးလောက်ပြီ"


ထို့နောက်လီပင်းက လူခုနှစ်ယောက်၏ အလယ်သို့ထွက်ကာ အတည်အတံ့အမူအယာဖြင့်


"အခုငါလည်း၀န်ခံမယ် ငါကကျန်တဲ့တရား၀င်ကစားသမားပဲ။


ထန်မော့ကအံ့ဩသွားသည်။


လီပင်းကမချိပြုံးပြုံးလျက် ညလက်ကိုမြှောက်ကာ


"ငါ့စွမ်းရည်ကအရမ်းမကောင်းတော့ သေချာပြောမပြချင်ဘူး။ အခုအခြေအနေနဲ့ဆိုရင်တော့ 

အသုံးမ၀င်တာသေချာတယ်။ ဒါပေမယ့်ငါသူ့ရဲ့ စွမ်းအားကိုဖယ်ပြီး အဖြစ်သဘောကိုတော့ပြလို့ရတယ်"


စွမ်းရည်ဟူသည်မှာ လူတစ်ဦး၏လျှို့၀ှတ်ချက်ပင်ဖြစ်ကာ ပြောမပြချင်ဘူးဆိုတာ သဘာ၀ကျပေသည်။ လီပင်းကငုတ်တုတ်ထိုင်ချလိုက်ပြီး 

မြေကြီးပေါ်တွင် လက်ညှိုးဖြင့် စက်၀ိုင်းတစ်၀ိုင်းကိုဆွဲလိုက်သည်။ ပြေပြေပြစ်ပြစ်နှင့် အလွန်လုံး၀န်းသော စက်၀ိုင်းပုံတစ်ခုက မြေကြီးပေါ်တွင်ပေါ်လာခဲ့သည်။ စ၀ိုင်းသည့်နေရာမှဆုံးသည့်နေရာထိတိုင် 

တွန့်သွားတာ နေရာမကျတာတစ်နေရာမှာမရှိချေ။


ဤသည်မှာမည်သည့်အထောက်အကူပစ္စည်းမှမပါပဲ

လက်ချည်းသက်သက်ဆွဲထားသော စက်၀ိုင်းတစ်ခုဟု မယုံနိုင်စဖွယ်ပင်။


လင်းရှောင်ကစက်၀ိုင်းကိုကြည့်လျက်


"၀ိုင်းနေရောပဲ။ ရှင့်ရဲ့စွမ်းရည်က အထောက်အကူပစ္စည်းမပါပဲ လက်ဗလာနဲ့ စက်၀ိုင်းတွေဆွဲနိုင်တာလား"


ဒါဖြင့် ဘယ်လိုစွမ်းရည်ကြီးလဲဟ...


ထန်မော့ကမျက်မှောင်ကျုံ့လိုက်ကာ


"စက်၀ိုင်းကတော့၀ိုင်းပါရဲ့၊ ဒါပေမယ့်ဒါကခင်များမှာ စွမ်းရည်ရှိတယ်လို့ ဘယ်လိုပြောနိုင်မှာလဲ

ခင်များက ဒီအတိုင်းစက်၀ိုင်းတွေဆွဲတာ တော်တဲ့သူလည်း ဖြစ်နိုင်တာပဲ"


"ဒါဆိုထပ်ကြည့်လိုက်ဦး"


လီပင်းကပြောလိုက်သည်။ သူကသူ၏လက်ချောင်းဖြင့် ပထမစက်၀ိုင်းပုံ၏ဘေးတွင် နောက်တစ်၀ိုင်းထပ်ဆွဲလိုက်သည်။ ဤသည်မှအလွန်သေသပ်လှပသော စက်၀ိုင်းတစ်ခုပင် ။ ထန်မော့အနီးကပ်ကြည့်လိုက်မိသည်။


"အာ ဒီစက်၀ိုင်းလည်းအရင်တစ်ခုနဲ့အရွယ်အစားအတူတူပဲ"


လင်းရှောင်ကမင်သက်စွာဆိုလိုက်သည်။


လီပင်းကမချိပြုံးဖြင့် 


"ငါ့စွမ်းရည်အကြောင်း အသေးစိတ်ကြီးတော့မပြောချင်ဘူးကွာ၊ ဒါပေမယ့်ငါ့မှာစွမ်းရည်ရှိတယ်ဆိုတာကိုယုံပြီလား။ ငါလည်းတရား၀င်ကစားသမားပါ"


"ရှင့်..ရှင့်မှာစွမ်းရည်ရှိတယ်ဆိုမှတော့၊ ခိုး၀င်သူလည်းဖြစ်နိုင်တာပဲ "


ကျောင်းသူလေးဖန်းယု၀မ်က လင်းရှောင်နောက်မှာ၀င်ပုန်းရင်း ကြောက်ကြောက်လန့်လန့်ဖြင့်ပြောလာသည်။


"ငါသာခိုး၀င်သူဆိုမှတော့ ရှေ့ထွက်ပြီး တရား၀င်ကစားသမားလို့ ၀န်ခံနေမှာတောင်မဟုတ်ဘူး။

ကလေးမရဲ့ခိုး၀င်သူသာဆိုလူကြားထဲပုန်းနေပြီး 

သူ့မှာစွမ်းရည်ရှိနေတယ်ဆိုတာတောင် ၀န်ခံမှာမဟုတ်ဘူး။ ဒီမှာရှိတဲ့လူခုနှစ်ယောက်ထဲမှာ 

သူကစိတ်အချရဆုံးပဲ၊"


လီပင်းကထန်မော့အားလက်ညှိုးထိုးပြလိုက်သည်။


"သူက တကယ့်တရား၀င်ကစားသမားပဲ၊ ပွေးကြီးက အရံကစားသမားတွေလည်း စွမ်းရည်ရှိနိုင်ပေမယ့် ဖြစ်နိုင်ချေနည်းလွန်းတယ်ပြောတယ်၊ ဒီတော့ဒီထဲမှာနောက်ထပ်စွမ်းရည်ရှိတဲ့ သူတစ်ယောက်ယောက်သာရှိရင် အဲဒီလူက ခိုး၀င်သူဖြစ်ဖို့ ငါးဆယ်ရာခိုင်နှုန်းအလားအလာရှိတယ်"


လီပင်းကဂရုတစိုက်ရှင်းပြလာသည်။


"ဒီလိုအခြေအနေမှာ ရှေ့ထွက်ပြီး ငါ့မှာစွမ်းရည်ရှိတဲ့အကြောင်း ၀န်ခံခဲ့တာ၊ ငါကခိုး၀င်သူမဟုတ်လို့ပဲပေါ့"


လီ၀မ်ကထန်မော့၏ဘေးကနေဖြတ်ပြောလိုက်သည်။


"ခင်များက ဒါကိုကြိုတွေးပြီး ၀န်ခံတာလည်းဖြစ်နိုင်တာပဲ"


လီပင်းကပြန်ပြောသည်။


"နောက်ထပ်သုံးယောက်မြောက် စွမ်းရည်ရှိတဲ့သူပေါ်လာရင်အဲဒီလူကဘယ်လိုပဲဖြစ်ဖြစ် ခိုး၀င်သူပဲ၊ 

ငါဘာလိုဒီလိုပြောနိုင်တာလဲဆိုတော့ ငါသုံးရက်အတွင်းလူတစ်ယောက်မှမသတ်ခဲ့သလို၊

ငါအနက်ရောင်မျှော်စင်ဂိမ်းကိုဆော့ခဲ့တယ်ဆိုတာကိုလည်း ပြောပြနိုင်လို့ပဲ၊ ဒီညီအစ်ကိုကလည်းတရား၀င်ကစားသမားဆိုတော့ တတိယမြောက်စွမ်းရည်ရှိတဲ့သူက ဘယ်သူပဲဖြစ်ဖြစ် ကျိန်းသေခိုး၀င်သူပဲ၊"


"ကျွန်တော်ခင်များကိုယုံတယ်" 


ထန်မော့ကပြောလိုက်သည်။


လီပင်းမှာတည်ငြိမ်ပုံပေါ်သော်လည်း သေချာကြည့်လျှင် သူ၏နှုတ်ခမ်းများမှာတုန်ရီနေခဲ့သည်ကို 

တွေ့ရလိမ့်မည်။ ထန်မော့ပြောလိုက်သည်ကို ကြားလိုက်နှင့် ပျော်ရွှင်မှုကြောင့် တုန်လှုပ်သွားကာ

ထန်မော့ဘေးကိုချက်ချင်းပြေးသွားလိုက်သည်။


"ကျေးဇူးပါပဲ ညီအစ်ကိုရာ။ ငါကတကယ့်ကို တရား၀င်ကစားသမားပါ။ မင်းဆန္ဒရှိရင်ငါဆော့ခဲ့တဲ့ဂိမ်းနဲ့ ဘယ်လိုနိုင်ခဲ့လဲဆိုတာကိုပါပြောပြလို့ရတယ်"


ထန်မော့ကပြုံး၍ ခေါင်းကိုခါလိုက်ကာ။


"ခင်များတစ်ယောက်တည်းပြောပြစရာမလိုပါဘူး၊

ကျွန်တော်တို့အားလုံးပြောရမှာ"


မှုန်းဝါးဝါးအလင်းရောင်သာရှိသော လှိုဏ်ဂူကြီးထဲတွင် ပွေးကြီးက လေကလေးတချွန်ချွန့်ဖြင့် မြေပြင်ကိုတစိုက်မတ်မတ်တူးနေလေသည်။


လူခုနှစ်ယောက်ကမူစုေ၀းထိုင်ရင်း လွန်ခဲ့သောသုံးရက်အတွင်း ဘာလုပ်ခဲ့ကြသည်ကို အသေးစိတ်ဆွေးနွေးနေကြသည်။


လော့ဖုန်းချန်းက အားလုံး၏မျက်နှာကို ဂရုတစိုက်ကြည့်ကာ


"လူသတ်တဲ့အထဲမှာမှ ကျွန်တော်သုံးမျိုးခွဲထားတယ်။"


"ပထမအမျိုးအစားက မတော်တဆသတ်မိတာ၊

ဒါကယေဘုယျအဖြစ်အများဆုံး လူသတ်မှုတွေပဲ၊

အဖြစ်အပျက်တွေကြောင့် လူတွေကစိတ်မတည်မငြိမ်ဖြစ်လာကြတယ်...သူတို့ကစိတ်လွတ်သွားတဲ့အချိန် လူတစ်ယောက်ကို မထင်မှတ်ပဲသတ်လိုက်မိတာ ဒါမှမဟုတ် ကိုယ့်ကိုယ်ခုခံကာကွယ်ရင်း လက်လွန်ပြီးသတ်မိတာ၊ တမင်ရည်ရွယ်ပြီးသတ်တာမျိုးမဟုတ်ဘူး။ ခိုး၀င်သူကသာအဲဒီလိုလူမျိုးဆိုရင် သူတို့ကသူတို့ကိုယ်သူတို့ အပြစ်ရှိသလိုခံစားရပြီး မလုံမလဲဖြစ်နေလိမ့်မယ်..."


လီ၀မ်ကရုတ်တရက်ထပြောလိုက်သည်


"အာ ဒါကိုဘာလိုစောစောကမပြောတာလဲ။ ကြာတောင်ကြာသွားပြီ အခုကျမှ ဒီလူတွေရဲ့ တုန့်ပြန်မှုတွေအပြုအမူတွေကို ဘယ်လိုလုပ်မှတ်မိတော့မှာလဲ"


ထန်မော့က၀င်ပြောလိုက်သည်။


"ကျွန်တော်မှတ်မိတယ်၊ အဲဒီအချိန်တုန်းကအကုန်လုံးမျက်နှာကပုံမှန်ပဲ၊ ဘယ်သူမှစိုးရိမ်တကြီးဖြစ်မနေဘူး"


လော့ဖုန်းချန်းက ထန်မော့အားကြည့်လိုက်ကာ ထောက်ခံလိုက်သည်။။



"သူပြောတာမှန်တယ်"


ဒီဂူထဲသို့ရောက်လာပြီးကတည်းက ထန်မော့တစ်ချက်မှ သတိမလွတ်ခဲ့ပေ။ သူသည် ကိုငကြောင်နှင့်အတူလည်း 1vs1ဂိမ်းကိုကြုံဖူးပြီးဖြစ်ရာ ဤမရင်းနှီးသော သူစိမ်းများအပေါ်ပို၍ပင်မယုံကြည်နိုင်ပေ။


လော့ဖုန်းချန်းကထပ်ပြောလိုက်သည်။


"ဒါကြောင့်မို့လို့ ဒီလူခုနှစ်ယောက်ထဲမှာရှိနေတဲ့ ခိုး၀င်သူက မတော်တဆလူသတ်မိထားတာမဟုတ်ဘူး။

သူတို့ကိုယ်သူတို့ လူသတ်တယ်ဆိုတာရှင်းရှင်းလင်းလင်းကြီးကို သိပြီးသတ်ခဲ့တာ၊ ဒီတော့ဒုတိယတစ်မျိုးက ရည်ရွယ်ချက်ရှိရှိသတ်တဲ့လူသတ်မှုပဲ၊ ဒီလိုလူမျိုးက ကိုယ်စိတ်ကျေနပ်ဖို့ လူသတ်တာလိုအပ်လို့ကိုသတ်တာမျိုးပေါ့၊"


လူတိုင်းကမိမိလည်ပင်းကို ပြန်ထိကြည့်ပြီး ကြက်သီးများထသွားကြသည်။


ထိုကဲ့သို့လူသတ်သမားများမှာ အများကြီးမရှိနိုင်တဲ့ 

စိတ္တဇ ကွင်းဆက်လူသတ်သမားများပင် မဟုတ်ပေလော။


သို့သော်လည်းထန်မော့ကမျက်မှောင်ကျုံ့လိုက်သည်။


ထိုစဉ် လော့ဖုန်းချန်က အပြီးသတ်ဆက်ပြောလာသည်ကို ကြားလိုက်ရသည်။


"ဒါပေမယ့်ကျွန်တော့်အထင်တော့ ကျွန်တော်တို့အထဲကခိုး၀င်သူက တတိယအမျိုးအစားဖြစ်မယ်လို့ ယူဆတယ်။ သူတို့ကရည်ရွယ်ချက်ရှိရှိလူသတ်ခဲ့တာဆိုပေမယ့် သွေးဆာနေလို့ စိတ်ကြောင်နေလို့်မဟုတ်ဘူး။ သူတို့ကိုယ်သူတို့လူသတ်ခဲ့မှန်းသိတယ်၊ ဒါပေမယ့် အဲဒီလိုသတ်ခဲ့လို့ အပြစ်ရှိတယ်လို့မထင်ဘူး။

သူတို့မှာသတ်ရတဲ့အကြောင်းပြချက်ရှိတယ်။ အဲဒီလိုလူမျိုးက သူတို့လုပ်ခဲ့တာပေါ်သွားရင်တောင်  ထွေထွေထူးထူးတုန့်ပြန်မှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ဘာလုပ်ခဲ့လဲဆိုတာရယ် ဘာကြောင့်လုပ်ခဲ့လဲ ဆိုတာရယ်ဆိုတာကို သူတို့ကိုယ်သူတို့သိပြီးသားမို့လို့"


လီ၀မ်ကတံတွေးအသာမြိုချလိုက်ကာ


"ကျွန်တော်လည်း ကျွန်တော်တို့ထဲမှာတော့စိတ္တဇလူသတ်သမားတွေဘာတွေ မရှိလောက်ဘူးထင်တာပဲ"


လင်းရှောင်လည်း ကြောက်ကြောက်လန့်လန့်ပင်


"ဖြစ်နိုင်တယ် ၊ ကျွန်မလည်းတတိယအမျိုးအစားလို့ပဲထင်တယ်"


ထန်မော့က လော့ဖုန်းချန်းပြောသမျှကို တိတ်တိတ်လေးသာနားထောင်နေခဲ့သည်။ ယခုတွင်သူကပြုံးလျက် လော့ဖုန်းချန်းထံလျှောက်သွားလိုက်ကာ မေးလိုက်သည်။


"ခင်များရဲ့စကားတွေကသိပ်အဓိပ္ပာယ်ရှိပါတယ်၊

ဒါပေမယ့် ကျွန်တော်တို့အဓိကအကြောင်းအရာကို ပြန်သွားရအောင် ဒီတော့ခင်များကအရင်စရအောင် ၊

လူကြီးမင်းလော့ ဒီသုံးရက်အတွင်းခင်များ ဘာလုပ်ခဲ့တယ်ဆိုတာ အသေးစိတ်ပြောပြပေးနိုင်မလား။

ခင်များကတကယ်ပဲ ဂိမ်းရေးတဲ့သူလား ဘယ်မှာအလုပ်လုပ်တာလဲ"


လော့ဖုန်းချန်းကမူခေါင်းကိုမော့လျက် မိမိရှေ့မှ ဆံပင်အနက်ရောင်နှင့်လူငယ်လေး၏ မျက်လုံးများကို စိုက်ကြည့်လိုက်မိသည်။


ထန်မော့၏အမူအယာမှာ မာရေကျောရေဖြစ်မနေသော်လည်း သူ၏မျက်လုံးများထဲတွင်တော့ သံသယနှင့်မေးခွန်း အနည်းငယ်ကိုတွေ့နိုင်သည်။


လူနှစ်ဦးမှာအတော်ကြာကြာစိုက်ကြည့်နေမိကြသည်။


ထို့နောက်တွင်တော့ လော့ဖုန်းချန်းမှာသူ၏အိတ်ကပ်ထဲမှာ တံဆိပ်ပြားကိုထုတ်ယူလျက် ကမ်းပေးလိုက်တော့သည်။


"အဲဒီသုံးရက်မှာ ငါအနက်ရောင်မျှော်စင်အကြောင်း လေ့လာနေခဲ့တာ၊ ငါကရှန်ဟိုင်းအနက်ရောင်မျှော်စင် သုတေသနအဖွဲ့Aရဲ့တရား၀င်ခေါင်းဆောင် 

လော့ဖုန်းချန်းပဲ"


.


စာရေးသူမှာ ပြောစရာရှိတယ်။


သေချာရင် လောင်းကြေးထပ်ကြပါစို့ ~~


အနက်ရောင်မျှော်စင်လောင်းကစားရုံရဲ့ ဒီနေ့အတွက် ဉာဏ်စမ်းပဟေဋိလေးကတော့ ...

: ဘယ်သူက ခိုး၀င်သူလဲ?


ခိုး၀င်သူ ဖြစ်နိုင်ချေရှိသူများ...


ထန်မော့[၀တ္ထု၏အဓိကဇာတ်ကောင်]:

ဖြစ်နိုင်ချေ  : 10000000000.5

(မိတ်ဆွေ ဒီကောင်လေးကို တကယ်ပဲအနိုင်ကျင့်ချင်လို့လား?)


လော့ဖုန်းချန်း[သံသယရှိတဲ့အနက်မျှော်စင်ရဲ့

သုတေသန ပညာရှင်] 

ဖြစ်နိုင်ချေ  : 1.9


လီပင်း[တရား၀င်ကစားသမားပါလို့ပြောနေတဲ့

suit၀တ်ထားတဲ့လူကြီးလူကောင်း]

ဖြစ်နိုင်နိုင်ချေ  : 2.1


လီ၀မ်[ရူးတူးတူးပေါတောတောနဲ့

သဘောမနောကောင်းချမ်းသာတဲ့ဒုတိယမျိုးဆက်၊ 

ကံကောင်းချက်ကတော့ ကားမှောက်တာတောင် အသက်မထွက်ခဲ့ဘူးလေ]

ဖြစ်နိုင်ချေ  : 1.5


ဖန်းယု၀မ်[လက်ထဲမှာဓာတ်မီးကိုင်ထားတဲ့ 

၁၅နှစ်အရွယ်ကျောင်းသူလေး၊ 

စကားနည်းလွန်းလို့ရှိနေမှန်းတောင်မေ့]

ဖြစ်နိုင်ချေ  : 1.9


လင်းရှောင်[ဂိမ်းတွေဆော့ရတာကြိုက်တဲ့

တက္ကသိုလ်ကျောင်းသူ၊ 

သတ္တိလေးတော့ရှိရှာသား]

ဖြစ်နိုင်ချေ  : 1.8


စားဖိုမှူး[စာရေးသူကတောင်သူ့နာမည်ကိုမေ့သွားပြီ၊

ရှိနေမှန်းတောင်မေ့၊ 

တချိန်လုံးအိပ်နေတဲ့လူထွားကြီး]

ဖြစ်နိုင်ချေ  : 1.7


ကဲ လောင်းကြေးလေးစလိုက်ရအောင်~~

အခွင့်အရေးကိုလက်မလွတ်စေနဲ့နော် ~~~


🪩