Chapter 13
Viewers 4k

🌍Chapter 13




ပွေးကြီးက ၄င်း၏လက်သည်းဖြင့် မီးခြစ်ဆံထိပ်ကို ကုတ်ခြစ်လိုက်ရာ တောက်ပသောမီးဖွားများ ဖွာထွက်လာပြီး မီးခြစ်ဆံကမီးစတင်စွဲလာသည်။


ပွေးကြီးသည် ထိုမီးလောင်နေသောမီးခြစ်ဆံကို

မြေကြီးပေါ်ချလိုက်ပြီး ကြက်ဆင်အား လက်သည်းဖြင့်ထိုး၍ ထိုမီးခြစ်ဆံအပေါ်မှာထားကာ တဖြည်းဖြည်းချင်း ကင်လိုက်သည်။


တက္ကသိုလ်ကျောင်းသူက ဂူ၏ထောင့်ဆီပြေးသွားကာ စားဖိုမှူးအားစစ်ဆေးကြည့်လိုက်သည်။


"သူအဆင်ပြေသေးတယ်၊ မေ့နေရုံပဲ"


ထန်မော့နှင့် လီ၀မ်ကမူ လီပင်းအားဆွဲထူလိုက်သည်။


မေ့မြောနေသောစားဖိုမှူးမှလွဲ၍ ကျန်သောလူခြောက်ယောက်မှာ ပွေးကြီးနှင့်ဝေးရာကိုရွေ့၍ မြေပြင်ပေါ်၀ိုင်းထိုင်လိုက်ကြသည်။


သို့သော်လည်း ဤမြေအောက်ဂူမှာ ဘယ်လောက်ကြီးကြီး ဧရိယာမှာတစ်ခုတည်းပင်။ သူတို့ဘယ်လောက်​​ဝေး​ဝေးကိုပဲ သွားသွား မီးလောင်နေသော တဆစ်ဆစ်အသံတို့နှင့် ကြက်ဆီ၏အရသာရှိသော မွှေးရနံ့ကမူ ပျံ့လွင့်၍နေဆဲ။


မီးပုံပေါ်မှကြက်ဆင်သားမှဆီရည်များ တစက်စက်ကျလျက် ။ ထန်မော့သည် ဤမျှအရသာရှိသော 

ရနံ့အားတစ်ခါမှမရဖူးပေ။ ကြက်ဆင်မှာ ဘာဟင်းခတ်အမွှေးအကြိုင်မှမပါပဲ မီးခြစ်ဆံဖြင့် အဖြူထည်ကြီးကင်ထားသည့်တိုင် တမူထူးခြားသော အသားကင်၏ရနံ့က အားလုံး၏အနံ့ခံအာရုံကို နှိုးဆွနေခဲ့သည်။ 


မီးခြစ်ဆံ၏မီးတောက်ကလည်း ဂူအတွင်းအလင်းပြန်လျက် ကြက်ဆင်ကြီးအားပို၍  ရှင်းရှင်းလင်းလင်းမြင်ရစေသည်။ အဆီများတစက်စက်ကျနေသောအသား၊ အနည်းငယ်မီးကျွမ်းနေသည့်အရေခွံ၊ မီးတောက်ကြောင့် တဆစ်ဆစ်မြည်နေသော အရေခွံကြွပ်ရွသည့်အသံတို့က လူခုနှစ်ယောက်လုံးအား ကြက်ဆင်၏အရသာဘယ်လိုရှိမည်ကို မနေနိုင်ပဲ စိတ်ကူးယဉ်မိစေသည်။


အကုန်လုံးက တံတွေးအသာမြိုချမိကြသည်။


မီးခြစ်ဆံကအမှုန့်ဖြစ်သည်အထိလောင်သွားပြီးသည့်နောက် ကြက်ဆင်သားမှာလည်း လုံး၀ကျက်ပြီဖြစ်သည်။


ပွေးကြီး၏မျက်လုံးများမှာ တောက်ပစွာဖြင့် 

မြေကြီးပေါ်ထိုင်ချလိုက်သည်။ ချွန်မြသော သွားများနှင့် ၄င်း၏လက်သည်းတို့က ကြက်ဆင်ကိုလုယူရဲသည့် မည်သူ့ကိုမဆို ဆုတ်ဖြဲပစ်ရန်အသင့်။

ထန်မော့ကမူ ကြက်ဆင်ကို မြိန်ရည်ယှက်ရည်ကိုက်ဖဲ့နေသော ပွေးကြီးအား ထူးဆန်းသောအမူအယာဖြင့်ကြည့်နေလိုက်သည်။


"ငါဘယ်သူ့ကိုမှမပြောဖူးဘူး။ ဒါပေမယ့် မျက်နှာပြောင်ကောင်မလေးရဲ့ မီးခြစ်ဆံနဲ့ ကင်ထားတဲ့ ကြက်ဆင်က ကမ်ဘာပေါ်မှာအရသာအရှိဆုံးပဲ

ငါကြုံဖူးသမျှ ကျေးဇူးတော်နေ့တွေထဲမှာ ဒီနေ့ကအကောင်းဆုံးပဲဟေ့..."


ဧရာမပွေးကြီးမှာ ကြက်ဆင်ကိုအငမ်းမရ ကိုက်ဖဲ့စားသောက်နေကာ ဂူ၏ထောင့်မှ လူတစ်စု၏သွားရည်တမြားမြားအကြည့်တို့ကို လျစ်လျူရှူထားသည်။


ဒီလိုဖြစ်သွားပြီးမှတော့ ထန်မော့ကိုဘယ်သူမှအပြစ်မတင်နိုင်ကြ။


နိုးနေသောလူခြောက်ယောက်ထဲတွင် ထန်မော့၏ နည်းလမ်းကအလုပ်အဖြစ်ဆုံးပင်။ သူကမိမိ၏အ​ပေါစား စာအုပ်စွမ်းရည်ကိုသုံးဖို့ အတော်လေးကြိုးစားခဲ့ပါသေးသည်။ လောလောဆည်မှာ စွမ်းရည်တစ်ခုကိုသာစုမိသေးသည်မို့ ထိုတစ်ခုတည်းသော 

စွမ်းရည်လေးနှင့် လျပ်တပြက်တိုက်ခိုက်မှုကိုလည်း လုပ်ခဲ့သေးသည်။ သို့သော်လည်း သာ၍လျင်မြန်သော ပွေးကြီး၏တားဆီးခြင်းကိုခံလိုက်ရကာ

သူ၏မီးခြစ်ဆံမှာလည်း လုယူခံလိုက်ရပြီး ကြက်ဆင်အတွက် မီးဖိုသာဖြစ်သွားခဲ့သည်။


ပွေးကြီးက ကျေနပ်အားရစွာပြုံးနေစဉ်တွင် လူခြောက်ယောက်၏ အစာအိမ်များက ဂလူးဂလူး အသံများထွက်လျက်။


၄င်းကအင်မတန်စိတ်ကြည်နေပုံပေါ်၏။ ကြက်ဆင်၏ပေါင်တစ်ဖက်ကို အပြီးသတ်ပြီးသည်တွင် နောက်ပေါင်တစ်ချောင်းကိုဆွဲဖြုတ်၍ တစ်လုပ်အပြည့်ကိုက်ဆွဲကာပလုတ်ပလောင်းဖြင့်မေးလာသည်။


"ဆိုစမ်းပါဦး မင်းဆီမှာ မျက်နှာပြောင် ကောင်မလေးရဲ့ မီးခြစ်ဆံဘယ်လိုရှိနေတာတုန်း"


ထန်မော့ကမူရုတ်တရက်အမေးကြောင့် အနည်းငယ် လန့်သွားသော်လည်း စိတ်ငြိမ်ငြိမ်ထား၍သာ 

ပြန်ဖြေလိုက်သည်။


"မတိုင်ခင်က.. တစ်ခေါက်လောက်ဆုံဖူးရုံပါ" 


ပွေးကြီးက "အိုး"ဟုအသံပြုလိုက်ကာ


"အဲကောင်မလေး မီးရှို့ပြန်ပြီလား ဒါမှမဟုတ် လူတွေဘာတွေသတ်လိုက်သေးလား။ တကယ်တော့ က​လေးမ​လေးက လိမ္မာပြီး အလိုက်သိတဲ့ပုံလေးပါ။ 

မကောင်းတဲ့အကျင့်လေး မဆိုစလောက်ရှိနေလို့သာ။ မင်းရော သူကချစ်ဖို့ကောင်းတယ်လို့မထင်ဘူးလား"


ထန်မော့."..."


ဤသည်မှာ သေစေနိုင်သော မေးခွန်းကြီးဖြစ်သည်။


အသက်နှင့် သိက္ခာ တစ်ခုခုကိုသာ ကျိန်းသေပေါက်ရွေးရမည်ဆိုလျှင်ထန်မော့မှာ မျက်တောင်ပင်မခတ်ပဲ သိက္ခာကို စွန့်ပစ်လိုက်ရန်အသင့်ပင်။


"သူကချစ်ဖို့ကောင်းပါတယ်" 


ထန်မော့ မျက်နှာသေကြီးဖြင့် ပြောလိုက်သည်။


ပွေးကြီးကခေါင်းကိုငြိမ့်၍ 


"ဟုတ်တယ်၊ သူကငါ့လိုချစ်စရာလေးပဲ"


ထန်မော့"..."


လူခုနှစ်ယောက်"..."


ပျော်ရင်ပြီးတာပဲ...


ပွေးကြီးမှာ ကြက်ပေါင်နောက်တစ်ချောင်းအား အပြီးသတ်လိုက်ကာ အတောင်ပံများအလှည့်သို့ရောက်လာသည်။ ၄င်း၏ချွန်ထက်သောလက်ညွှန်းတို့က ကြက်တောင်ပံအား အလွန်လျင်မြန်သောနှုန်းဖြင့်ဆွဲဖြဲလိုက်သည်ကို ကြည့်ကာ ထန်မော့မျက်မှောင်ကျုံ့လိုက်သည်၊


သည်နှုန်းနှင့်သာဆိုလျှင် ပွေးကြီးသာ လူခုနှစ်ယောက်ကိုသတ်ချင်ရင် လွယ်လွယ်လေးပင်။

သို့ဆိုလျှင် အဘယ်ကြောင့် အချိန်ဆွဲနေရသနည်း။ တမင်ကစားနေခြင်းပေလော။


ပွေးကြီးကကြက်ဆင်အား တမြုံ့မြုံ့ဝါးနေစဉ်

ထန်မော့၏ဦးနှောက်က သတိအနေအထားဖြင့် တွေးတောနေခဲ့သည်။


ပွေးကြီးကမူ ပလုပ်ပလောင်းနှင့်ပြောလာပြန်သည်။


"ငါဒီတစ်ခေါက်တော့ မီးရဲ့မီးခြစ်ဆံအတွက် တကယ်ကျေးဇူးတင်တယ်ကွာ။ မင်းသိလား မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံတွေက ကြက်ဆင်ကိုမီးကင်ဖို့ အကောင်းဆုံးပဲလေ ဒါပေမယ့်အဲဒီ ကောင်မလေးက 

တစက်မှပြောလို့ဆိုလို့မကောင်းဘူးလေ။ သူ့မီးခြစ်ဆံတွေကိုမီးရှို့ဖို့သုံးရမှာဆိုပြီး ငါ့ကိုတစ်ချောင်းမှမပေးဘူး"


ထန်မော့က ပွေးကြီးအား သတိပေးလိုက်သည်။


"ခင်ဗျားပဲ လိမ္မာပြီး အလိုက်သိတဲ့က​လေးမ​လေးဆို"


ပွေးကြီးက ရူးသလိုလိုကြောင်သလိုလိုဖြင့် ခေါင်းကိုကုတ်လိုက်ကာ


"ငါပြောခဲ့တယ်လား မမှတ်မိဘူးရော်"


ထို့နောက်ပွေးကြီးကအလျင်အမြန်ပဲ စကားလမ်းကြောင်းပြောင်းလိုက်သည်။


"ငါ့အထင်တော့ မင်းဒီတစ်ခေါက် မျှော်စင်ကိုမတိုက်ခဲ့သင့်ဘူး။ မျက်နှာပြောင်လေးရဲ့မီးခြစ်ဆံက 

သိပ်ကောင်းတဲ့လက်နက်လေ။ ဒုတိယထပ်တို့ တတိယထပ်တို့ကို တိုက်တဲ့အခါ မင်းမှာဒီမီးခြစ်ဆံသာရှိနေရင် ဟိုပိုးကောင်တွေကို နည်းနည်းပါးပါးဖိန့်လို့ရတာပေါ့။ ဘာပဲဖြစ်ဖြစ် ငါကအရင်ကံကောင်းပြီးမင်းကိုတွေ့တာဆိုတော့ မီးရဲ့မီးခြစ်ဆံနဲ့ ကြက်ဆင်သားကို အရသာရှိရှိစားလိုက်ရတယ်။ အာ.. ငါတော့အနက်ရောင်မျှော်စင်ကို သိပ်ကျေးဇူးတင်တာပဲကွာ သိပ်ကောင်းတဲ့ကျေးဇူးတော်နေ့ပဲ"


ထန်မော့ကပွေးကြီးအား ဂရုတစိုက်ကြည့်နေစဉ် သူ၏လက်အား တစ်စုံတစ်ယောက်လာ၍ထိလိုက်သည်ကို ခံစားလိုက်ရသည်။ သူလှည့်ကြည့်လိုက်တော့ လော့ဖုန်းချန်းမှသူ့အား ပါးစပ်လှုပ်ရုံအမူအယာဖြင့် ပြောနေသည်ကိုတွေ့လိုက်ရသည်။


တစ်ခုခုများသိရမလား မေးကြည့်ကြည့်လိုက်ဟုပင်


ထန်မော့လည်းအစကတည်းက ဒီလိုတွေးထားပြီးသားမို့ ပွေးကြီးစိတ်အခြေအနေကောင်းနေသည်ကို အခွင့်ကောင်းယူရန်ဆုံးဖြတ်လိုက်သည်။ သူကပေါ့ပေါ့ပါးပါးလေသံဖြင့်ပင်


"ကျွန်တော်တို့က ပထမထပ်ကို အခုချိန်မတိုက်သင့်တာ ဘာကြောင့်လဲ"


ပွေးကြီးကစားသောက်နေရင်း ခေါင်းတငြိမ့်ငြိမ့်ပင်


"မင်းတို့ထဲကဘယ်နှစ်ယောက်ကများ အခု လောလောဆယ် စွမ်းရည်တွေနိုးထပြီးပြီမို့လဲ 

မင်းတို့ဒီအခြေအနေနဲ့  အနက်ရောင်မျှော်စင်ပထမထပ်ကို normal moodနဲ့ ၀င်တိုက်ရင် သေရုံအပြင်မရှိဘူးလေ။ မင်းတို့ဒီဂူထဲရောက်မလာရင်တောင် 

ဟိုအပေါ်ထပ်က တီကောင်ကမင်းတို့ကို မြိုချပစ်ဦးမှာ"


လော့ဖုန်းချန်းက အဓိကအချက်ကို ဖမ်းဆုပ်လိုက်ကာ


"စွမ်းရည်ဟုတ်လား ။ normal moodက​ရောဘာလဲ"


ပွေးကြီးကပြန်ဖြေလိုက်သည်။


"ဟုတ်တယ်လေ ။ မင်းတို့အခုပဲ စိတ်ပိုင်းဆိုင်ရာမသန်စွမ်းအဆင့်ကို ဆော့နေကြတာမဟုတ်ဘူးလား"


စိတ်ပိုင်းဆိုင်ရာမသန်စွမ်းကြသူများ "..."


ကြည့်ရတာ အနက်ရောင်မျှော်စင်က ပထမထပ်ကို စိတ်ပိုင်းဆိုင်ရာမသန်စွမ်းအဆင့်ဟု တကယ်ပဲပြောခဲ့ပုံပင်။


ကြက်ဆင်မှာတ၀က်တိတိစားသောက်ခံလိုက်ရပြီဖြစ်သည်။ ထန်မော့ကမြေပြင်ပေါ်မှ ကြက်ဆင်လက်ကျန်ကိုကြည့်လိုက်မိသည်။ တကယ်တော့ သူသည်မိမိစွမ်းရည်အကြောင်းကို သိချင်သေးသော်လည်း ဒါထက် ပိုအရေးကြီးတာရှိသေးသည်ဖြစ်၍ မေးလိုက်သည်။


"ဦး.. ပွေးကြီး..မျှော်စင်ကိုတိုက်ခိုက်တယ်ဆိုတာ ဘာကိုပြောတာလဲ"


"မျှော်စင်ကိုတိုက်ခိုက်တာက မျှော်စင်ကိုတိုက်ခိုက်တာပဲပေါ့။ မင်းတို့ကတကယ်တော့ အခု မျှော်စင်ကိုမတိုက်သင့်သေးဘူး။ အဲဒါကခိုး၀င်သူတစ်ယောက်က မျှော်စင်ကိုတိုက်ခိုက်နိုင်တဲ့ အဆင့်ကိုရုတ်တရက်ရောက်သွားလို့၊ မင်းတို့လည်းသူနဲ့အတူဂိမ်းထဲကို ဆွဲသွင်းခံလိုက်ရတာ။"


ထို့နောက်တွင် ပွေးကြီးကရုတ်တရက်ရပ်တန့်သွားက သူ၏လက်သည်းမှ ဆီများကိုလျက်လိုက်ကာ ။ 


"အိုး.. ပြောကာမှပဲ ငါအဲဒီခိုး၀င်သူကိုလည်းကျေးဇူးတင်သင့်တာပေါ့။ သူသာဂိမ်းကိုမဖွင့်ခဲ့ဘူးဆိုရင် မင်းလည်းဒီကိုရောက်လာမှာမဟုတ်ဘူးလေ။

မင်းသာရောက်မလာရင် ငါလည်းဒီအရသာရှိတဲ့ ကြက်ဆင်ကိုစားရမှာမဟုတ်ဘူး။ ဒါပေမယ့် သူကခိုး၀င်သူဆိုတော့..."


ထန်မော့က ရုတ်တရက်ဖြတ်မေးလိုက်သည်။


"ခိုး၀င်သူဆိုတာဘာလဲ" 


ပွေးကြီးက ရုတ်တရက်ခေါင်းမော့လာကာ သူ၏အနီရောင်မျက်လုံးသေးသေးလေးတို့မှာ တောက်ပနေသည်။


"ခိုး၀င်သူတွေဆိုတာ ဂိမ်းဆော့ပြီးနိုင်လာတဲ့သူမဟုတ်သလို အနက်ရောင်မျှော်စင်က ရွေးချယ်ခဲ့တဲ့သူတွေလည်းမဟုတ်ဘူး။ သူတို့က ရွံစရာကောင်းတဲ့ 

ကလိန်ကကျစ်ကောင်တွေ ငါတို့သာခိုး၀င်သူထဲကတစ်ကောင်လောက် ဖမ်းပြီးစားနိုင်လို့ကတော့ ပါဝါမြင့်တဲ့ စွမ်းရည်တစ်ခုခုတော့ ရပြီးသားပဲ မင်းသိလား။ ငါခိုး၀င်သူတွေကိုစားရတာအကြိုက်ဆုံးပဲ၊

သူတို့အသားက နူးညံ့ပြီး အရသာရှိချက်ပဲ၊ သူတို့ကိုယ်ထဲမှာ စွမ်းအားတစ်မျိုးမျိုးလည်းပါပြီးသား။

ခိုး၀င်သူတွေအကုန်လုံးက စွမ်းရည်နိုးထပြီးသား ကောင်တွေ"


လူခြောက်ယောက်ကတစ်ယောက်ကို တစ်ယောက်ကြည့်လိုက်မိသည်။ သူတို့ထဲကအငယ်ဆုံးဖြစ်တဲ့ အလယ်တန်းကျောင်းသူလေးကတောင် 'အနက်ရောင်မျှော်စင်ရဲ့ရွေးချယ်ခံရသူတွေ'ဆိုတာ

ပျောက်ကွယ်မသွားတဲ့သူတွေကိုဆိုလိုမှန်း နားလည်သည်။


ခေါင်းအနည်းကျိန်းလာသလိုခံစားမိသော်လည်း

ထန်မော့ကပွေးကြီးအား ထပ်မံမေးလိုက်သည်။


"ဒါဆိုခိုး၀င်သူတွေက အနက်ရောင်မျှော်စင်ထဲကို၀င်ဖို့ ဘာနည်းလမ်းတွေသုံးခဲ့တာလဲ"


ပွေးကြီး၏ ချွန်ထက်သောသွားများအချင်းချင်းပွတ်တိုက် မိခြင်းကြောင့် ကျယ်လောင်စူးရှသော 

တကျိကျိအသံများထွက်ပေါ်လာသည်။


"အနက်ရောင်မျှော်စင်ဂိမ်းထဲကို၀င်ဖို့ နည်းသုံးနည်းရှိတယ်။ အဲသုံးနည်းကိုလိုက်ပြီး ကစားသမားအမျိုးအစားလည်း သုံးမျိုးကွဲသွားတယ်။ တရား၀င်ကစားသမား၊ အရံကစားသမားနဲ့ ခိုး၀င်သူတဲ့။

တရား၀င်ကစားသမားတွေက ပေးထားတဲ့သုံးရက်အတွင်းမှာ အနက်ရောင်မျှော်စင်ရဲ့ဂိမ်းတစ်ခုခုကိုဆော့ပြီး နိုင်လာတဲ့ကောင်တွေ။ သူတို့ကိုအနက်ရောင်မျှော်စင်က တရား၀င်အသိအမှတ်ပြုထားတာ။ အရံကစားသမားတွေက အနက်ရောင်မျှော်စင်ဂိမ်းတွေကိုမဆော့ခဲ့ဘူး။ ဒါပေမယ့်အခြားဂိမ်းတစ်မျိုးမျိုးမှာနိုင်ထားပြီး တနည်းနည်းနဲ့အနက်ရောင်မျှော်စင်က အသိအမှတ်ပြုလိုက်တဲ့သူတွေ။

သူတို့ကအနက်ရောင်မျှော်စင်ရဲ့ဂိမ်းတစ်ခုခုကို နိုင်ပြီးရင် တရား၀င်ကစားသမားတွေဖြစ်လာမှာ။

ကဲ..ကျန်တာတော့ ငါ့အကြိုက်ဆုံး ခိုး၀င်သူတွေပေါ့.."


ပွေးကြီးက သွားရည်များကျလာပြီး


"ခိုး၀င်သူတွေက သုံးရက်အတွင်းမှာ အခြားကစားသမား တစ်ယောက်ယောက်ကို ရှင်းထုတ်ပစ်တဲ့ကောင်တွေ၊ ဂိမ်းကိုတရား၀င်မစခင်အထိ ကမ္ဘာပေါ်ကလူတိုင်းက ဖုံးကွယ်ထားတဲ့ကစားသမားတွေဖြစ်နေပြီးသားပဲ။ အဲဒီဖုံးကွယ်ကစားသမားတွေထဲက တစ်ယောက်ကိုထုတ်နိုင်ရင် မင်းကအနက်ရောင်မျှော်စင်ဂိမ်းထဲ ၀င်လို့ရပြီ။ ရှင်းထုတ်တဲ့နည်းလမ်းကတော့.."


ပွေးကြီးက သူ၏သေးငယ်သောမျက်လုံးနီနီတို့ကို အသာပင့်လျက်


"ဂိမ်းအမျိုးအစားနဲ့နည်းလမ်းတွေကို မကန့်သတ်ထားဘူးဆိုတော့..ကစားသမားတစ်ယောက်ကို 

သတ်လိုက်တာကလည်း ရှင်းထုတ်တဲ့နည်းလမ်းပဲလေ.."


ထန်မော့ကခဏမျှအေးခဲသွားပြီးနောက် ပြန်လည်တည်ငြိမ်သွားခဲ့သည်။


အလိုလိုပင် သူပထမဆုံး ဆုံခဲ့ဖူးသော ခိုး၀င်သူတစ်ယောက်အား ပြန်တွေးမိလိုက်သည်။


သူခိုး ရှန်စန်းခွန်။ ထန်မော့က အဲဒီသူခိုးကို သူ့လိုပဲဂိမ်းဆော့ပြီးနိုင်လာတယ်ထင်ခဲ့သည်ပင်။


စွမ်းရည်စာအုပ်ထဲမှာတော့ ရှန်စန်းခွန်ရဲ့နာမည် နောက်မှာ ခိုး၀င်သူလို့ရေးထားသည်။ ထန်မော့က ဒီစကားလုံးသုံးလုံးရဲ့ အဓိပ္ပာယ်ကိုနားမလည်သည်မို့ အများကြီးမတွေးပဲမေ့ထားလိုက်မိ​သော်လည်း ဤသို့ဖြစ်နေမည်ဟုမထင်ခဲ့​ချေ။


ပွေးကြီးကမူ ကြက်ဆင်၏ ရင်ပုံသားကို စတင်ကိုက်ဖဲ့လိုက်သည်။ သူကလေချဉ်တစ်ချက်တက်လိုက်ပြီး ပြောလာသည်။


"ကံမကောင်းတာက အဲဒီခိုး၀င်သူတွေက ငါ့ဆီရောက်မလာတော့ ငါမစားရတော့ဘူးပေါ့။ မျှော်စင်ရဲ့ဂိမ်းကို တစ်ခါတည်းပွင့်အောင်ဖွင့်နိုင်တဲ့ ခိုး၀င်သူသာဆို.. မင်းတို့စဉ်းစားကြည့်စမ်း..ဘယ်လောက်တောင်မှ အရည်ရွှမ်းပြီးအရသာရှိလိုက်မလဲ..ငါသူ့ကိုစားလိုက်တာနဲ့ စွမ်းအားတွေဘယ်လောက်တောင် တိုးလာလိုက်မလဲ"


ထို့နောက် ပွေးကြီးက ပူဆွေးနေဟန်ဖြင့် စိတ်မပါတပါဆက်ပြောလာသည်။


"တရား၀င်ကစားသမားတွေနဲ့ ခိုး၀င်သူတွေအကုန် စွမ်းရည်နိုးပြီးသား ကောင်တွေပဲ၊ အရံကစားသမားတွေကတော့ စွမ်းရည်နိုးထဖို့အတော်လေးခက်တယ်၊


အဲဒါကြောင့် ငါခိုး၀င်သူတွေကိုစားချင်တယ်လို့"


ဧရာမပွေးကြီးက တံတွေးကိုမြိုချလိုက်ပြန်သည်။


ထန်မော့နှင့်ကျန်လူများမှာ လူတစ်ယောက် တကျွတ်ကျွတ်ဝါးစားခံနေရမည့်ပုံကို စိတ်ကူးတောင်မယဉ်နိုင်။ သို့သော်လည်း ပွေးကြီးက မိမိတို့အား အနက်ရောင်မျှော်စင်ကမ္ဘာကြီး၏ အခြေခံစည်းမျဉ်းများကို ပြောပြခဲ့ခြင်းဖြစ်သည်။ ဤသည်မှာရှောင်လွှဲလို့ရမည့်ကိစ္စမျိုးမဟုတ်ချေ။


ကမ္ဘာကြီးပေါ်တွင်ကျန်ရှိနေသော လူပေါင်းသန်း၄၀၀တွင်တရား၀င်ကစားသမား၊ အရံကစားသမားနှင့် ခိုး၀င်သူဟူ၍ လူသုံးမျိုးသုံးစားရှိသည်။ အရံကစားသမားများက စွမ်းရည်ရှိချင်မှရှိကြမည်။ သို့သော် တရား၀င်ကစားသမားနှင့် ခိုး၀င်သူတို့ကမူ စွမ်းရည်နိုးထပြီးသူများပင်။ တရား၀င်ကစားသမားထန်မော့ကတော့ စွမ်းရည်စာအုပ်ကိုပိုင်ဆိုင်ထားပြီး၊ ခိုး၀င်သူရှန်စန်းခွန်ကတော့ ပစ္စည်းများသိုလှောင်နိုင်သော စွမ်းရည်ကိုရထားသည်။


ထန်မော့အနေနှင့်ထိုလူသုံးမျိုးထဲတွင် မည်သည့်အမျိုးအစားက အ​ရေအတွက်ပိုများသလဲ မသိ​ချေ

တရား၀င်ကစားသမား နှင့် အရံကစားသမားတို့ထဲတွင် တစ်မျိုးမျိုးက အများဆုံးဖြစ်နိုင်ချေရှိကာ၊

ခိုး၀င်သူတွေအများကြီးရှိလိမ့်မည်လို့တော့ ထန်မော့မထင်ပေ။


ထိုသုံးရက်ထဲတွင် ကစားသမားများကိုရှင်းထုတ်နိုင်သည့် ခိုး၀င်သူများမှာ ၁၀သန်းထက်တော့မများနိုင်ပါ။


ထို့နောက် တရား၀င်ကစားသမားများသည်လည်း လူနည်းစုဖြစ်ကောင်းဖြစ်လောက်မည်ဟု ထန်မော့တွေးလိုက်မိသည်။ အဘယ်ကြောင့်ဆိုသော်

ဤလူခုနှစ်ယောက်ထဲ၌ပင် လေးယောက်က အနက်ရောင်မျှော်စင်ဂိမ်းကို တစ်ခါမှမဆော့ဖူးကြ၍ပင်


ပွေးကြီးက နောက်ဆုံးကျန်သော ကြက်ဆင်ရင်ပုံသား တစ်ဖတ်ကို ဝါးနေရင်း


"နှမြောစရာပဲကွာ.. မျှော်စင်ဂိမ်းကိုဖွင့်လိုက်တဲ့ 

ခိုး၀င်သူကို အပေါ်ကတစ်ကောင်ကောင် စားသွားပြီးလောက်ပြီ။ သူ ငါ့ဆီရောက်လာခဲ့သင့်တာ။ အဲလောက်အရသာရှိမယ့် ခိုး၀င်သူကွာ။ ငါသူ့ကိုစားချင်လိုက်တာ"


နောက်ဆုံးကျန်သော ကြက်ဆင်တစ်ဖတ်အား

အပြီးသတ်လိုက်ပြီးသည့်နောက် ပွေးကြီးက သူ့ဗိုက်ကိုသူ ပွတ်နေလိုက်သည်။ ကြက်ဆင်မီးကင်၏ မွှေးပျံ့သောရနံ့က လေထဲတွင်ကျန်ရစ်နေဆဲ။

လူခြောက်ယောက်မှာ ဆာလောင်ခြင်းကို နှစ်သိမ့်ဖို့ လေထဲမှ ကြက်ဆင်နံ့ကိုသာ အငမ်းမရ ရှူသွင်းနေကြသည်။


ပွေးကြီးလည်း အတူတူပင်၊ သူ၏အနီရောင် နှာခေါင်းကို ရှုံ့ပွရှုံ့ပွလုပ်ရင်း လေထဲသို့ တရှုံရှုံ့အနံ့ခံနေလေသည်။


လေထဲမှကြက်ဆင်နံ့က တဖြည်းဖြည်းပျောက်ကွယ်သွားချိန်တွင် ကျယ်လောင်ပြီး စူးရှ​သော က​လေးသံကို ထန်မော့နားထဲတွင် ကြားလိုက်ရသည်။


"တင်းတောင်~~'ချစ်စရာကောင်းတဲ့ ဦးပွေးကြီးအတွက် အရသာရှိတဲ့ကြက်ဆင်လေး ကင်ပေးလိုက်ရအောင်' အရံမစ်ရှင်ခွဲလေး အောင်မြင်သွားပါပြီ"


လူအုပ်ကစိတ်သက်သာရာရစွာ သက်ပြင်းကိုယ်စီချလိုက်ကြသည်။


ထိုစဉ်တွင် ကျယ်လောင်ပြီးဆိုးရွားသော ရယ်သံကြီးကို အားလုံးကြားလိုက်ကြရသည်။ ပွေးကြီးက၄င်း၏ မျက်လုံးနီနီတို့ဖြင့် လူခုနှစ်ယောက်အား အငမ်းမရကြည့်လာသည်။ 


၄င်းကတကိကိ ရယ်နေသည်။

ပွေးတစ်ကောင်က အဘယ်ကြောင့် ဤကဲ့သို့ထူးဆန်းသော ရယ်သံမျိုးပြုလုပ်နိုင်ရသလဲ နားမလည်တော့ပါချေ။


ထိုရယ်သံမှာ ဖန်ခွက်တစ်ခွက်ပေါ် ချွန်ထက်သော သံချောင်းတစ်ချောင်းဖြင့် ခြစ်နေသည်နှင့်တူကာ

အားလုံးက ကျက်သီးမွှေးညင်းများထသွားကြသည်။


ပွေးကြီးကစိတ်လှုပ်ရှားနေသောအသံကြီးဖြင့် အားရပါးရပြောလာသည်။ 


"ကြည့်စမ်း ဘယ်လိုအဖိုးတန်လေးကို ငါရှာတွေ့လိုက်တာလဲ။ အစောပိုင်းကကြက်ဆင်နံ့နဲ့ ဖုံးနေလို့ 

မသိလိုက်ဘူး ဒီမှာ တရား၀င်ကစားသမား၂ယောက်၊

အရံကစားသမား၄ယောက်နဲ့ ခိုး၀င်သူတစ်ယောက်လည်း ရှိနေတာပဲ ဟမ်။ အနက်ရောင်မျှော်စင် ဒီနေ့ကျမှ ငါ့အပေါ်ဘာလို့အရမ်းကောင်းနေတာလဲ

ဟား ဟား ။ ဒီခိုး၀င်သူကိုတော့ ငါကျိန်းသေစားပစ်မယ် သိပ်ကောင်းတဲ့ ကျေးဇူးတော်နေ့ပဲဟေ့"


"တင်းတောင်~~ ဒုတိယမြောက်အရံမစ်ရှင်ခွဲလေးကတော့ 'သောက်ကျိုးနဲ ခိုး၀င်သူကိုရှာစမ်း'ပဲဖြစ်ပါတယ်"


.


ချစ်စရာကောင်းတဲ့ဦးပွေးကြီး : မျှော်စင်ကိုဖွင့်လိုက်တဲ့ ခိုး၀င်သူကိုစားလို့မရဘူးလားဟင်။ စားချင်တယ်လို့ 


ဖူ၀မ်သော် : [ကြီးမားသောစစ်ဘွတ်ဖိနပ်ကြီးဖြင့် ကြွက်လိုသတ္တဝါကိုဖိနင်းလျက်] ဘာပြောလိုက်တယ်


ချစ်စရာပွေးလေး : [တုန်ယင်နေသော အီမိုဂျီ]


စာ​ရေးသူ: ဖူ၀မ်သော်က ကျိန်းသေပေါက် လူသတ်သမားမဟုတ်ဘူးဆိုတာ အားလုံးသိကြတယ်ဟုတ်၊

ဒါဆို သူဘယ်လိုလုပ် ခိုး၀င်သူဖြစ်လာလဲဆိုတာ ခန့်မှန်းကြည့်ကြလေ...


🪩