Chapter 19
Viewers 2k

🌍Chapter 19



ည၏အမှောင်ထုတွင် လမ်းဘေး၀ဲယာမှ စတိုးဆိုင် စားသောက်ဆိုင်တချို့ဆီမှ မီးများလင်းနေကြဆဲ။

ထန်မော့လျှောက်လာရင်း KFCဆိုင်ရှေ့ကလည်းဖြတ်လာခဲ့သည်။ ဆိုင်အတွင်းစားပွဲပေါ်တွင် ပျော့တွဲနေသောအာလူးချောင်းကြော်များနှင့် အချဉ်ရည်တချို့ရှိနေဆဲ။ တချိန်ကနာမည်ကြီး Fast food စားသောက်ဆိုင်တွင် ယခုမည်သူမျှမရှိကြတော့။


မြို့လယ်သို့ရောက်လာလေ သူပိုသတိထားမိလေဖြစ်သည်။


သူတွေ့ရသောလူများကတဖြည်းဖြည်းပိုတိုးလာသည်။ ထန်မော့သည် အားကစား၀တ်စုံကို၀တ်ထားပြီး လူမရှိသော စတိုးဆိုင်မှ မုန့်များနှင့်ခေါက်ဆွဲခြောက်များ ယူနေသောမိန်းကလေးကိုတွေ့လိုက်ရသည်။ သူမက ထန်မော့ကိုတွေ့လိုက်ရ၍ အံ့ဩသွားပုံမပေါ်။ ထိုအစား သူ့အားရန်လိုစွာတစ်ချက်ကြည့်၍ ရေဘူးနှင့် အခြားစားစရာများကိုရှာရန်အတွင်းဘက်သို့၀င်သွားခဲ့သည်။


ထန်မော့ကိုယ်တိုင်လည်း ဓာတ်မီး ရေနှင့် စားစရာများပါသော လွယ်အိတ်လေးလေးကြီးကိုလွယ်ထားခဲ့သည်ပင်။


လမ်းတစ်လျှောက်တွင် ရေနှင့်စားစရာများကိုရှာဖွေနေသော နောက်ထပ်လူများကိုတွေ့ရသည်။ 

ဖြတ်သွားသမျှလူတိုင်းကို ရန်လိုစွာကြည့်နေကြသော လူစုတချို့လည်းရှိသည်ပင်။ အများစုမှာ ခြောက်ကပ်နေပြီဖြစ်သောသွေးများပေကျံလျက်

တချို့မှာလည်းဒဏ်ရာရထားကြသည်။ ၄င်းတို့က လမ်းဘေးတစ်နေရာတွင်လဲရင်း ဒဏ်ရာကိုကိုင်လျက် ညည်းညူနေကြသည်။


အနက်ရောင်မျှော်စင်ကိစ္စများစပေါ်လာကတည်းက ရှန်ဟိုင်းကိုစွန့်ခွာသွားကြသူများလည်းရှိသည်ပင်။

ခန်မှန်းချေအရ ရှန်ဟိုင်းမြို့လယ်ခေါင်ရှိ လက်ရှိလူဦးရေမှာ စတုရန်းမီတာ တစ်ခုစီတိုင်းတွင် 

လူလေးယောက်ခန့် ရှိမည်ဟု ထန်မော့တွက်ဆလိုက်သည်။


ဤသည်မှာ လူတို့၏ပုံမှန်ညစာစားနေကျအချိန်မို့ အများစုမှာလည်း စားသောက်နေကြသည်သာ


ထန်မော့အနေနှင့်ကတော့ အနက်ရောင်မျှော်စင်ကိစ္စတွေအပြီး သူ၏ခံနိုင်ရည်နှင့် ခွန်အားမှာသိသိသာသာတိုးလာပြီးနောက် ဆာလောင်သည့်ဒဏ်ကို သိပ်မခံစားရတော့ပေ။


မည်သည်ကိုမှမစားမသောက်ရသည်မှာ တစ်ရက်နှင့်တစ်ညရှိသွားပြီးသည့်တိုင် သူနည်းနည်းမှကို ဆာလောင်သလိုမခံစားရ။


ရှီပေ့အလယ်တန်းကျောင်းမှာ ရှန်ဟိုင်းတွင်နာမည်ကြီးကျောင်းဖြစ်သော်လည်း ထန်မော့ကတော့မသိပေ။ သို့သော်လည်း လမ်းဘေးတွင် စားသောက်နေကြသောလူနှစ်ဦးကို မေးမြန်းရမည့်အစား

လူမရှိတော့သော သတင်းစာဆိုင်သို့သွားကာ ရှန်ဟိုင်း၏မြေပုံအပြည့်အစုံကိုသာ ရှာဖွေလိုက်သည်။


"ကျင်းအန်ခရိုင်..ရှီပေ့အလယ်တန်းကျောင်း.. 

ဒီမှာပဲ"


ထန်မော့သည် သူ၏လွယ်အိတ်ကိုပြန်လွယ်၍ ခရီးကိုဆက်လိုက်တော့သည်။


ထိုစဉ်တွင် ကြည်လင်ပြီးကျယ်လောင်ကာ ရွှင်မြူးနေသော ကလေးငယ်၏အသံကိုကြားလိုက်ရပြန်သည်၊


"တင်းတောင်~~အမေရိကခရိုင် ၃ ရဲ့တရား၀င်ကစားသမား ရစ်ချက် ၀ဲလ် က အနက်ရောင်မျှော်စင်ရဲ့ပထမထပ်ကို ဖွင့်လှစ်လိုက်ပါပြီ။ အမေရိကန် ကစားသမားအားလုံး သုံးမိနစ်အတွင်းမှာ အနက်ရောင်မျှော်စင်ကိုတိုက်ခိုက်ကြပါ"


ထန်မော့ရပ်တန့်သွားကာ စားသောက်နေကြသူနှစ်ဦးလည်း လေပေါ်မှ အနက်ရောင်မျှော်စင်ကြီးကိုမော့ကြည့်လိုက်ကြသည်။ ထန်မော့ကမူနောက်သို့လှည့်လျက် သတင်းစာဆိုင်၏ နံရံမှ နာရီအားလှမ်းကြည့်လိုက်သည်။


[19:18]


"ဂိမ်းကစားချိန်က ၆နာရီက​နေ ၁၈နာရီအထိပဲ။တရုတ်ပြည်ရဲ့ ဂိမ်းကစားချိန်ကတော့လောလောဆည်ပြီးသွားပြီ။ အမေရိကန်အတွက်ကျတော့ ၁၃နာရီအချိန်ကွာခြားချက်ရှိတယ်။ ဒီတော့ဂိမ်းကစားချိန်က နိုင်ငံတော်စံချိန်နဲ့လိုက်ပြီးကွာသွားတာလား။ ဒါပေမယ့် အဲလိုပြောရအောင်လည်း ကြေညာတာကိုတော့ တစ်ကမ္ဘာလုံးကို ကြေညာတယ်ဆိုတော့.."


ထန်မော့ဆက်၍လျှောက်လိုက်သည်။


ဤတစ်ကြိမ်ကြေညာသည်မှာ ခိုး၀င်သူဖူ၀မ်သော်မျှော်စင်ပထမထပ်ကိုဖွင့်လိုက်တုန်းကနှင့်လည်းမတူပေ။ ထိုလူတုန်းကလိုသုံးကြိမ်တိတိမကြေညာပဲ 

တစ်ကြိမ်တည်းနှင့် ရပ်သွားခဲ့သည်။


ပြီးတော့ဤတစ်ကြိမ်ဂိမ်းကိုဖွင့်လိုက်သည်မှာ 

တရုတ်ကစားသမားမဟုတ်သည့် အမေရိကန်ကစားသမားဖြစ်သည်။ ထန်မော့ကလျှောက်လာရင်းလမ်းဘေးတစ်နေရာမှ သွေးထွက်လွန်ကာသေခါနီးဖြစ်နေသော အဘိုးကြီးတစ်ယောက်ကိုလည်း ဖြတ်ကျော်လာခဲ့သည်။


သူကျင်းအန်ခရိုင်သို့အ၀င်တွင် ၁၁နာရီထိုးပြီဖြစ်သည်။ ထိုနေရာတွင် ကားများတစ်စီးနှင့်တစ်စီးလမ်းမရှိအောင်ထပ်နေပြီး ထန်မော့မှာ ထိုကားများအ​ပေါ်က​နေကျော်တက်ကာ ဖြတ်ဖြတ်၍သွားနေရသည်။ထို့ကြောင့်သူ၏ခရီးသွားသည့်အမြန်နှုန်းမှာလည်း လျော့ကျသွားရသည်။ ထို့ပြင်သူက ဦးတည်ရာလည်းလွဲသွားသေးသည်။ သူကျင်းအန်းခရိုင်သို့ရောက်ရောက်ချင်းတွင် စူးရှ​သောကလေးသံကကြေညာလာသည်။


"တင်းတောင်~~အမေရိကန် ခရိုင်၂ တရား၀င်ကစားသမား မေရီဗန်ဒါစန်က အနက်ရောင်မျှော်စင်ပထမထပ်ကို အောင်မြင်စွာရှင်းလင်းလိုက်ပါပြီ။"


ထန်မော့အံ့ဩပြီး မျက်ခုံးပင့်မိသွားရသည်။


ဂိမ်းကိုစဖွင့်တဲ့တစ်ယောက်လည်းမဟုတ်ပါလား


"တင်းတောင်~~၂၀၁၇ခုနှစ် နို၀င်ဘာ ၁၉ရက်နေ့,

ကမ္ဘာပေါ်မှ စုစုပေါင်းကစားသမားနှစ်ဦးက အနက်ရောင်မျှော်စင်ရဲ့ပထမထပ်ကို ရှင်းလင်းလိုက်ပါပြီ။

ကျန်ရှိနေတဲ့ ၄၁၆.၂၃သန်းသောကစားသမားများ,

ကျေးဇူးပြုပြီးအနက်ရောင်မျှော်စင်ကိုတိုက်ခိုက်ကြပါ​"


ထန်မော့၏ခြေလှမ်းတို့တဖြည်းဖြည်းနှေးကွေးသွားကာ လေထဲမှာ သုံးထောင့်ပုံအနက်ရောင်အရိပ်ကြီးကို မော့ကြည့်လိုက်သည်။


မနေ့ကလေးတွင် ဂိမ်းထဲ၀င်သွားသော ကစားသမားစုစုပေါင်း သန်း၄၉၀ရှိတယ်လို့ကြေညာတာ သူကောင်းကောင်းမှတ်မိနေသေးသည်။


အခုချက်ချင်းကြီးသန်း၈၀ကျော်တောင်လျော့သွားပြီလား...


ဒါကတရုတ်နဲ့အမေရိကန်ကမျှော်စင်ပထမထပ်ကို ရှင်းလိုက်တာနဲ့များဆိုင်သည်လား။ သို့တည်းမဟုတ် ကစားသမားတွေသေတာက တခြားအကြောင်းပြချက်များရှိသေးသည်လား။ 


သန်း၈၀ကျော်ကဒီလောက်မြန်မြန်ကြီးသေသွားရတယ်..


ထန်မော့လမ်းဆက်လျှောက်နေသည့်တိုင် မျက်နှာအမူအယာ လုံး၀ကောင်းမနေတော့ပေ။ လမ်းဘေးမီးတိုင်များက တဖျတ်ဖျတ်ဖြစ်နေကာ ထန်မော့သည် အိတ်ထဲမှ ဓာတ်မီးကိုထုတ်ယူပြီး မြေပုံအားထိုး၍ကြည့်လိုက်သည်။


လမ်းတလျှောက်လုံးအသံနည်းနည်းမှမထွက်ပဲ 

တစိုက်မတ်မတ်လျှောက်လာခဲ့သည်။ လမ်းချိုးတစ်ခုကိုကွေ့ပြီးနောက် ကျောင်းရှိသည်ဖြည်းဖြည်းမောင်း ဟူသော ဆိုင်း တချို့အား တွေ့လိုက်ရသည်တွင် သူကျောင်းအနီးသို့ရောက်လာပြီကို သိလိုက်သည်။


ခရက်..


ဖန်ကွဲစတစ်ခုအားနင်းမိလိုက်သည်မို့ ထန်မော့ငုံ့ကြည့်လိုက်သည်တွင် မြေပြင်ပေါ်၌ဖန်ကွဲစများ အနှံ့ပြန့်ကျဲနေသည်ကိုတွေ့လိုက်ရသည်။ ထန်မော့အပေါ်သို့ထပ်၍မော့ကြည့်လိုက်ပြန်သည်။ သူ၏ခေါင်းပေါ်မှ လမ်းမီးတိုင်မှာ မီးသီးမှာကွဲနေပြီး ထိုမှဖန်ကွဲစများကျနေပုံပေါက်သည်။


၎င်းမှာ ပထမဆုံးကွဲနေသော လမ်ဘေးမီးတိုင်ဖြစ်သည်။


ထန်မော့သည် ကျောင်းဂိတ်၏အ၀င်၀လမ်းအား မမှိတ်မသုန်ကြည့်လိုက်မိသည်။


အမှောင်ထဲတွင် အလင်းရောင်မှိန်မှိန်နှစ်ခုသာရှိသည်။ လမ်းတစ်လျှောက်တွင်လည်း ဖန်ကွဲစများဆက်တိုက်ပြန့်ကြဲလျက်ပင်။ ည၏လေပြည်အေးက လမ်းဘေးတစ်ဖက်တစ်ချက်ဆီမှ အပင်များကိုတိုးဝေ့ပြီး တရှဲရှဲမြည်နေစေသည်။ အပင်နှစ်ပင်၏အနက်ရောင်အရိပ်မှာ အမှောင်ထဲတွင် ပုန်းအောင်းနေသော တ​စ္ဆေနှစ်ကောင်လိုပင်။

ထန်မော့အမူအယာမဲ့စွာပင် ထိုဖန်ကွဲစများအပေါ် နင်း၍ လျှောက်လိုက်သည်။


လေအေးက သူ့ဂျက်ကက်၏အနားသားများကို တိုးဝှေ့လျက် တဖြတ်ဖြတ်လှုပ်ခါနေသည်။ သူ၏မျက်လုံးများမှာ ပကတိတည်ငြိမ်လျက် ဘာကိုမှ သတိမထားမိသလိုပင်။



ရုတ်တရက် ထန်မော့ခြေကိုကြွလျက် ဘယ်ဘက်သို့်နှစ်လှမ်းလှမ်းလိုက်သည်။ သူမကြာသေးခင်လေးတင် နင်းမိခဲ့သောနေရာတွင် လက်ညှိုးတစ်ချောင်းစာခန့်ရှည်လျားသော သံတစ်ချောင်းကလျင်မြန်စွာထွက်ပေါ်လာသည်၊ နင်းများနင်းမိလိုက်လျှင် သူ၏ခြေဖဝါးအထိထုတ်ချင်းဖောက်၀င်သွားမည်မှာ ပြောစရာတောင်မလို​ချေ။


ထန်မော့ခေါင်းကိုမော့လျက် ပတ်၀န်းကျင်အား သတိအနေအထားဖြင့်ကြည့်လိုက်သည်။


အလွန်စောသည့်မနက်ပိုင်းသာဖြစ်သေးသည်မို့ 

ညလေအေးတို့ကတိုက်ခတ်နေဆဲပင်။ အနီးအနားတွင်မူ လူတစ်ဦးမှရှိမနေသယောင်ထင်ရသည်။

ထန်မော့ရှေ့သို့ဆက်၍လျှောက်လိုက်သည်။

ရုတ်တရက်ပေါ်လာသော မှော်သံချောင်းရှည်ကို နောက်ထပ် နှစ်ခေါက်ခန့်ရှောင်ရှားလိုက်ရသေးသည်။ ထိုထဲကတစ်ချောင်းဆိုလျှင် သူ၏မျက်နှာရှေ့ကိုတောင် ပျံသန်းလာခဲ့သေးသည်။ 

သူသာသတိမထားနေခဲ့ဘူး ဆိုလျှင်ထိုသံချောင်းက သူ၏မျက်လုံးကိုဖောက်၀င်သွားလိမ့်မည်။ ကံကောင်းတာက သူကသတိကြီးသူမို့ ရှောင်နိုင်ခြင်းပင်။


ဤထူးခြားသောဖြစ်ရပ်များမှာ သူကျောင်းနှင့်တဖြည်းဖြည်း နီးကပ်လာသောအခါမှကြုံတွေ့ရခြင်းဖြစ်ကြောင်းလည်း သတိထားမိလိုက်သည်။

ယခုတွင် သူကျောင်းနှင့်မီတာ၈၀ကျော်သာဝေးတော့သည်။


ခဏမျှတွန့်ဆုတ်ပြီးနောက် ထန်မော့ ကျောင်းထဲသို့၀င်၍စူးစမ်းရန် ဆုံးဖြတ်ချက်ချလိုက်သည်။


ဤတွင် အလွန်အထိန်တလန့်ဖြစ်နေဟန် အသံတစ်ခုကရုတ်တရက်ပင်


"မလာနဲ့"


အသံမှာ အနည်းငယ်စူးသော ကလေးငယ်တစ်ဦး၏အသံပင်။


ထန်မော့အလျင်အမြန်ပင်တုန့်ပြန်လိုက်သည်။


"မင်းကဒီကျောင်းကကျောင်းသားလား"


"မလာနဲ့ ခင်ဗျား ကဘယ်သူလဲ"


"ငါ့မှာမကောင်းတဲ့ရည်ရွယ်ချက်မရှိပါဘူး။ ငါဒီကိုကျောင်းသူတစ်ယောက်ရှာမလို့လာတာ။ သူကငါ့သူငယ်ချင်းရဲ့သမီးပါ"


ထန်မော့၏မျက်နှာရှေ့တွင် ပျံ၀ဲနေသော သံချောင်းကြီးမှာလည်း အားကုန်သွားသလိုမျိုး အောက်သို့ပြုတ်ကျသွားတော့သည်။ထန်မော့လည်းရှေ့သို့ဆက်လျှောက်လိုက်ပြီး ကျောင်းတံခါး၀ထံသို့ရောက်လာခဲ့သည်။ ထိုနေရာမှတဆင့်စူးစမ်းကြည့်ရာ အထဲတွင် မည်သူကိုမှမမြင်ရ။ အခုလေးတင်သူ့နဲ့စကားပြောနေသော ကျောင်းသားလေးကိုပင်မတွေ့ရပေ


ထန်မော့ကမျက်မှောင်ကျုံ့လိုက်မိကာ ခပ်ကျယ်ကျယ်အော်မေးလိုက်သည်။


"မင်းဘယ်မှာလဲ"


ကောင်လေးကမူ ခေါင်းမာမာနှင့်မေးနေဆဲ။


"ခင်..ခင်ဗျားက လူဆိုးမဟုတ်ဘူးလား"


"မဟုတ်ဘူး၊ မင်းတို့ဒုက္ခရောက်နေတာလား။

အကူအညီလိုလား ငါ့မှာစားစရာနဲ့ရေပါတယ်"


"ကျွန်..ကျွန်တော်က ဂိတ်စောင့်ရုံးထဲမှာ ခင်ဗျား အစာနဲ့ရေကိုအပြင်မှာချခဲ့ ၀င်လာဖို့တော့မကြိုးစားနဲ့"


ထန်မော့လည်းသူ၏လွယ်အိတ်ထဲမှ ရေတစ်ဘူးနှင့် ဘီစကစ်တစ်ထုပ်အား ထုတ်ယူလိုက်ကာ အစောင့်ရုံးခန်းဆီသို့လျှောက်သွားလိုက်သည်။ သို့သော်သူ၏ဖြည်းညင်းသောခြေလှမ်းများက လမ်းတစ်၀က်ခန့်တွင်ရပ်လို့သွားသည်။


ကောင်လေးကမေးလာသည်။


"ခင်ဗျား.. ဘာလို့မလာတာလဲ"


ထန်မော့ပြုံးလိုက်ပြီး ဆက်သွားလိုက်သည်။


ကောင်ငယ်လေးအသံတိတ်သွားတော့ ပါတ်၀န်းကျင်မှာလည်း လေတိုးသံမှအပအလွန်တိတ်ဆိတ်နေတော့သည်။ ထန်မော့ကိုယ်တိုင်လည်း လမ်းကိုသာအမြန်လျှောက်ကာ စကားတစ်ခွန်းမှမဆိုပေ။ ဂိတ်စောင့်ရုံးခန်း၏တံခါး၀သို့ ရောက်သည်နှင့် ထန်မော့သူ၏ခြေလှမ်းအားအရှိန်မြှင့်လိုက်သည်။ သူသည်ဘေးတံခါးထံအမြန်ရွေ့လျားလိုက်ပြီး မှန်တံခါးကိုခွဲလိုက်ပြီး လျင်မြန်သောအရှိန်ဖြင့် အခန်းအတွင်းသို့ခုန်၀င်လိုက်တော့သည်။


မှန်ကွဲစများကပြန့်ကျဲနေပြီး ထန်မော့အလျင်အမြန်ထရပ်လိုက်သည်။ 


သို့သော်သူရှေ့သို့ဆက်လျှောက်ဖို့ခြေတစ်လှမ်းသာလှမ်းလိုက်မိကာ နောက်သို့ချက်ချင်းပြန်ဆုတ်လိုက်ရသည်။

ယခုလေးတင်သူနင်းလိုက်သောနေရာမှ ကြမ်းပြင်မှာ တမဟုတ်ချင်းပြိုကျသွားပြီး ခုနှစ်မီတာရှစ်မီတာခန့်နက်သော တွင်းပေါက်ကြီးတစ်ခုတမဟုတ်ချင်း ပေါ်လာခဲ့သည်။ တွင်း၏အောက်ခြေတွင် ချွန်ထက်သော ဓားများကို အပေါ်သို့ထောင်၍စိုက်ထားသည်။


"ဆရာ သူသိသွားပြီ ဆရာ ကျွန်တော့်ကိုကယ်ပါဦး"


သာမာန်သံချွန်များက​တော့ ထန်မော့အရေပြားကို မထိုးဖောက်နိုင်ပေ။ သူ၏အလျင်မှာ သာမာန်လူများ

ထက်တောင် မြန်နေသေးသည်။ ၀တုတ်တုတ်ကောင်ငယ်လေးမှာ ထန်မော့အား မြင်သည်နှင့် အော်တော့သည်။ သူကထွက်ပြေးရန်ပြင်လိုက်သော်လည်း မလွတ်တော့။ ထန်မော့က၀တုတ်လေးအားလက်မောင်းကနေ လျှင်မြန်စွာဆွဲထားလိုက်သည်။


"မလှုပ်နဲ့ မင်းကဘယ်သူလဲ ဘာလိုချင်လို့လဲ"


အထိတ်တလန့်နှင့်အမျိုးသားအသံတစ်ခုက ထွက်လာခဲ့သည်။ ထန်မော့ မော်ကြည့်လိုက်သည်တွင် 

ရှပ်အင်္ကျီအဖြူနှင့် လူငယ်လေးတစ်ဦးအားတွေ့လိုက်ရသည်။ နီရဲနေသောမျက်နှာနှင့်ရှုပ်ပွနေသောဆံပင်ကိုကြည့်ရတာ အခုမှအိပ်ယာကနိုးလာပုံပင်။ ထိုသူက အစောင့်ရုံးခန်းထံပြေးလာသည်။


ထန်မော့ပြန်၍မေးလိုက်သည်။


"ခင်ဗျားတို့ လုပ်ပုံကရော ကျွန်တော့်ကိုသတ်ဖို့ကြိုးစားနေတာလား"


လူငယ်လေးက အထိတ်ထိတ်အလန့်လန့်ပင်


"သူ့ကိုအရင်ချပေးလိုက်ပါ၊ ဘာမှမလုပ်ပါနဲ့၊

ကျွန်တော်တို့ ခင်ဗျားလိုချင်တာဘာမဆိုပေးပါ့မယ်"


ထန်မော့လည်းတစ်ခုခုမှားနေတာကိုသတိထားမိလိုက်သည်။ သို့သော်သူမမေးလိုက်ရသေးခင် ရင်းနှီးနေသောအသံတစ်ခုကိုကြားလိုက်ရတော့သည်။


"ထန်မော့ မင်းလား မင်းရောက်လာပြီလား။ ဟေး ဟေး.. မစ္စတာလီ စိတ်မပူပါနဲ့ ။ သူကလူဆိုးမဟုတ်ပါဘူး၊ သူကထန်မော့လေ ၊ ကျွန်တော်ခဗျားတို့ကိုပြောပြောနေတဲ့ ကျွန်တော့်သူငယ်ချင်းဆိုတာ၊ 

သူကဒီကိုလာပြီး တစ်ယောက်ယောက်ကိုရှာချင်တာ၊

ဒါပေမယ့် ကျွန်တော်တို့လူချင်းကွဲသွားလို့၊ ဒါကြောင့်သူ့ကိုများတွေ့ရဦးမလားလို့ ကျွန်တော် ကျောင်းမှာလာစောင့်နေတာ၊"


ထန်မော့လည်းထိုလူအားကြည့်လိုက်မိတော့သည်။


"လီ၀မ်"


လီ၀မ်သည် ကျောင်းဆရာဖြစ်ဟန်တူသော လူနောက်ကနေတဆင့် ဂိတ်စောင့်ရုံးထဲသို့ ၀င်လာခဲ့သည်။ ၄င်း၏နောက်မှာတော့ အလယ်တန်းကျောင်းသားများဖြစ်ပုံပေါ်သော လူငယ်လေးယောက်ခန့်ရှိသည်။


ထန်မော့လည်းဆွဲထားသော ၀တုတ်လေးအား လွှတ်ပေးလိုက်သည်နှင့် ၄င်းမှာ သူ့ဆရာနောက်သို့ လုံးနေအောင်ပြေးသွားတော့သည်။


လီ၀မ်ကဆက်ပြောလာသည်။


"နောက်ဆုံးတော့မင်းရောက်လာပြီပေါ့၊ ငါဒီနေ့မျှော်စင်ဂိမ်းထဲကထွက်လာလာခြင်းမျက်လုံးကို ဖွင့်လိုက်တော့ ဒီလမ်းပေါ်ရောက်နေတာသိလိုက်ရရော။

ငါတို့ဂိမ်းထဲကိုမ၀င်ခင်က ဖုကျိုးနဲ့ ချန်းနဥ်ခရိုင်ကြားမှာပဲ ရှိသေးတာလေ။ ဂိမ်းထဲကလည်းထွက်လာရော ငါက ကျင်းအန်ကိုတန်းရောက်နေတာ။ အဲဒါနဲ့ငါလည်း ရှီပေ့ကျောင်းကိုအရင်သွားဦးမယ်တွေးလိုက်တာ။"


ထန်မော့က ယခုအချိန်အထိ သတိအနေအထားနှင့် သူ့ကိုကြည့်နေသေးသော ဆရာနှင့်တပည့်များအား တစ်ချက်ကြည့်လိုက်ကာ ထပ်မေးလိုက်သည်။


"မင်းဘယ်အချိန်ကရောက်တာလဲ"


"ခုနှစ်နာရီလောက်ကပဲ ဒီနားတစ်၀ိုက်က ငါသွားလာဖူးနေကြမို့  လမ်းကောင်းကောင်းသိတယ်လေ"


လီ၀မ် ကျောင်းဆရာနှင့် ကျောင်းသာလေးများက ဘာမှ၀င်မပြောသည်ကိုသတိထားမိတော့ အလျင်အမြန်မိတ်ဆက်ပေးလိုက်သည်။


"မစ္စတာလီ ဒါကထန်မော့ ကျွန်တော်ခင်ဗျားကိုပြောဖူးတဲ့ တစ်ယောက်လေ၊ သူကမကောင်းတဲ့သူမဟုတ်ပါဘူး။ ခိုး၀င်သူလည်းမဟုတ်လို့ စိတ်မပူပါနဲ့"


ကျောင်းဆရာ လီက ကျောင်းသားများကို သူ့ကိုယ်နှင့် ကွယ်ထားရန် ကြိုးစားလိုက်ပြီး ထန်မော့အား သိပ်မလိုလားစွာမေးလာခဲ့သည်။


"လီ၀မ်ပြောတော့၊ မင်းကတစ်ယောက်ယောက်ကို ရှာနေတာဆို၊ ဘယ်သူ့ကိုလဲ"


ထန်မော့လည်း လီ၀မ်ကသူ့ကိုခိုး၀င်သူလို့အထင်မှားမှာ စိုး၍ ရှင်းပြပေးနေတာကို ကြားလိုက်ပါသည်။

သူကမျက်ခုံးကိုပင့်လိုက်ကာ


"ကျွန်တော်ချန်ရှန်းရှန်းကို ရှာနေတာ၊ သူကပထမနှစ်ကဖြစ်လိမ့်မယ်"


"အာ.. ရှန်းရှန်း"


"မင်းက ရှန်းရှန်းကိုရှာနေတာလား"



🪩